book

Index 21

အပိုင်း(၂၁)

ကြွေလွင့်မျက်ရည်



ဆေးရုံVIPအခန်းထဲမှာ ဆေးပိုက်တန်းလန်းနှင့် လဲလျောင်းနေသည့် တိမ်လွှာအနား ဦးမိုးတိမ်တိုက် နှင့်ဒေါ်လရိပ်တို့ မျက်နှာမသာမယာနှင့်ရှိနေကြသည်။တစ်ခါတစ်ခါဒေါ်လရိပ်၏ မျက်စောင်းတစ်ချက်က ဦးမိုးတိမ်တိုက် ဆီ ဝေ့သွားတတ်၏။


ဦးမိုးတိမ်တိုက်သည်လည်း မငြိမ်ထိုင်မနေနိုင်ဘဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်းဖြင့် သမီးဖြစ်သူထံ မကြာခနကြည့်နေသည်။


"ဒါလား ရှင်ပေးတဲ့လက်ဆောင်က ကျွန်မသမီးလေးပါ ထိခိုက်ရပြီ ရှင် ဘယ်လိုတွေလုပ်နေတာလဲ"


"မင့်သမီးက အဲ့ဒီနေရာကို ဘာလို့ရောက်နေလဲ မင်းသိရဲ့လား....လုံးဝထင်မထားခဲ့ဘူး ....မိဘတွေရဲ့ကမ္ဘာရန်သူနဲ့မှ ချစ်သူဖြစ်ရတယ်လို့.... မိုက်လိုက်တဲ့သမီး..."


"ဘယ်လို....ဘယ်လို...ဘယ်သူနဲ့ချစ်သူဖြစ်တာ..."


"ဘာ! မင်းမသိဘူးလား... သမီးကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်နေတာလဲ မင်း ဘယ်လိုအမေလဲ....အေးပေါ့ မင်းက ဝိုင်းကောင်းကောင်းရဖို့အရေး၊သုံးဖို့ဖြုန်းဖို့အရေးပဲ သိတာကိုး...."


"ရှင်...တော်....ကျွန်မမေးတာနဲ့မဆိုင်ဘဲမပြောနဲ့"


"ပြောရမယ်...မင်း ဒါတွေပဲအာရုံစိုက်နေလို့ သမီး ဘယ်ခြေလှမ်းတွေ လှမ်းနေတယ်ဆိုတာ မသိရတာပေါ့...မင်းနဲနဲပါပါးမှသတိမထားမိဘူးလား ဟမ်...."


"ဘာကိုလဲ"


"သမီးရည်စားရနေတာကိုလေ"


"သိတယ်"


"ဘာ!!"


ဦးမိုးတိမ်တိုက် အသံသည် တင်းမာကာကျယ်လောင်နေ၏ မျက်နှာထက်မှာလည်း ဒေါသအရှိန်နှင့် နီရဲကာ တည်တည်တင်းတင်းကြီးနှင့်။နောက်တော့မှ ဆေးရုံမှာဆိုတာ သတိထားမိပြီး စိတ်လျော့လိုက်ဟန်ရှိသည်။


"ဘယ်သူလဲရော သိလား"


"သမီးပြောတာတော့ သူရိန်တဲ့၊အမရပူရမှာနေတာတဲ့ ဒါကြောင့် သမီးနဲ့အဲ့ကောင်လေးအဆက်အသွယ်ပျက်ဖို့ သမီးကို မှိုင်းညှို့ဆီပို့လိုက်တာ"


"အဲ့ဒါ မင်းရဲ့အမှားပဲ....လုံးဝကို မှားသွားတာ"


မငြိမ်မထိုင်သည့်အပြင် ခြေဟန်လက်ဟန်တွေနှင့်ပြောနေသည့် ဦးမိုးတိမ်တိုက်ကို ဒေါ်လရိပ် စိတ်ရှုပ်စွာဖြင့်မျက်စောင်းထိုးကာ ကြည့်လိုက်၏။ 


"......."


"သမီးက မင်းကိုလှလှပပလှည့်စားသွားခဲ့တာပဲ...မင်းမှိုင်းညှို့ဆီပို့လိုက်တာက သမီးနဲ့အဲ့အကောင်ကို ပိုနီးစပ်သွားခဲ့တာ...."


"ထားပါတော့ ...ကျွန်မ သိချင်တာက သမီးက အဲ့ဒီကိုဘာလို့ရောက်နေရတာလဲ"


"ဘာလို့လဲ ဟုတ်လား.....ရှိုင်ဝဠာထွဋ်ဆိုတဲ့ကောင်က သမီးချစ်သူတဲ့လေ....."


"ဘယ်လို သမီးပြောတာ...."


"ဒါကြောင့် သားသမီးယုံစုံလုံးကန်း ဆိုတာ...အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ"


ဦးမိုးတိမ်တိုက် ကြိတ်မနိုင်ခဲမရ အသံဖြင့်ပြောကာ တောက် တစ်ချက်ခေါက်လိုက်ပြီး သမီးဖြစ်သူ မျက်နှာကို တစ်ခဏကြည့်လိုက်ပြီး နံရံပေါ် လက်တင်ကာ မျက်နှာအပ်ထားပြန်သည်။သမီးအခြေအနေက ထူးခြားမှုမရှိသေး.....သတိမလည်သေးသ၍ စိတ်အေးနိုင်မည်မဟုတ်...။ ဒါ ဟိုကောင်ကြောင့်......ငါ့သမီးကို မြူဆွယ်လို့ ဖြစ်ရတာ ရှိုင်းဝဠာထွဋ် ငါ့ရဲ့ မကျေနပ်ချက်တွေ ပိုများလာလေလေ...မင်းအတွက်ပိုပြီး အန္တရာယ် ရှိလာလေလေပဲ သတိသာထားနေတော့ ။


"ဒါဆို ကျွန်မတို့ကိုရော သိသွားပြီလား"


"......"


ဘာကိုလဲ ဆိုသည့် အကြည့်ဖြင့် ဦးမိုးတိမ်တိုက်က လှည့်ကြည့်တော့ ဒေါ်လရိပ် သမီးအခြေအနေကိုတစ်ချက်ကြည့်ကာ ယောက်ျားဖြစ်သူအနား တိုးကပ်လိုက်သည်။


"သမီးနဲ့ ချစ်သူဖြစ်မှတော့ သမီးမိဘတွေကို သူစုံစမ်းမှာဘဲ ဒါဆို ကျွန်မတို့ ဘယ်သူဆိုတာ သူသိသွားလောက်သလား"


"မပြောတတ်ဘူး....လွန်ခဲ့တဲ့၆နှစ်က ဂုဏ်ရောင်တို့ သေဆုံးမှုကို ပြန်စုံစမ်းနေတယ်တဲ့ "


"ဘယ်လို သူ....သူသက်သေရသွားသလား"


ဒေါ်လရိပ်အသံမှာ ထိန်လန့်မှုကြောင့် တုန်ရီနေသည်။ဦးမိုတိမ်တိုက်လက်ကို ဆုပ်ကိုင်လိုက်သည့် သူမလက်တွေ အေးစက်၍သာနေ၏။

တည်ငြိမ်စွာပဲ ခေါင်းရမ်းပြလာတော့မှ အနည်းငယ်စိတ်အေးသွားဟန်ရှိသည်။အလုံးစုံတော့ စိတ်မအေးနိုင်သေး...။ ဟိုကောင်လေးက သူတို့ကို ရိပ်မိနေပြီမဟုတ်လား။


"သူ သိသွားတယ်လား"


"အင်း....cctvမှတ်တမ်းမှာ ကိုယ့်ပုံက ထင်ထင်ရှားရှားပဲ"


"ဒါဆို အကိုဂုဏ်ရောင်တို့ကို ရှင်သတ်တယ်ဆိုတာ သူ သိသွားပြီပေါ့"


ဦးမိုးတိမ်တိုက်က တည်ငြိမ်စွာ ရှိနေပေမယ့် ဒေါ်လရိပ်တုန်လှုပ်စွာမေးလိုက်သလို တစ်စုံတစ်ယောက်သည်လည်း အံသြ တုန်လှုပ်သွားရသည်ဆိုတာ....။


"မင်း...တိုးတိုးပြောစမ်းပါကွာ"


"ဒီအခန်းထဲမှာ ဘယ်သူမှ မကြားနိုင်ပါဘူး"


တစ်ခဏမျှ အခန်းထဲမှာ တိတ်ဆိတ်သွားခဲ့၏။အတွေးမတူနိုင်သည့် လူနှစ်ယောက်၏ စိတ်ထဲမှာ ထိန့်လန့်မှုတွေတော့ တူညီစွာရှိနေကြသည်။


"မာမီ"


"ဟင်"


တိတ်ဆိတ်သွားပြီးမှ တိုးလျလျလေးထွက်လာသည့် လွှာ့အသံကြောင့် "ကြားသွားပြီလား"ဆိုသည့် အတွေးမေးခွန်းနှင့်အတူ မျက်လုံးပြူးသွားကြရ၏။


"သမီး သတိရလာပြီလား ဘယ်လိုနေသေးလဲ ဘယ်နားနာနေလဲ သက်သာရဲ့လား"


စိုးရိမ်တကြီးမေးလိုက်သံတွေက ဂနာမငြ်ိမ်လှပါ။အသက်ရှူသံပြင်းပြင်းတွေက ရိုက်ခတ်ပါလာသောကြောင့်ပို၍ တုန်ရီနေဟန်ရှိသည်။


"သက်သာပါတယ် မာမီ.....သမီးကိုစိတ်မပူပါနဲ့"


"အေးပါကွယ် မလှုပ်သေးနဲ့နော် ဒက်ဒီ ဆရာဝန်သွားခေါ်လိုက်အုံးမယ် "


"မခေါ်ပါနဲ့ ဒက်ဒီ သမီးအိပ်ချင်သေးတယ် မာမီတို့လည်းနားတော့လေ"


"သမီး ဆေးရုံဆင်းရင် မာမီတို့နဲ့ ပြန်လိုက်ခဲ့နော်"


"ဘာဖြစ်လို့လဲ မာမီ"


"ဟို....."


ဒေါ်လရိပ် စကားမဆက်နိုင်ဘဲ ဦးမိုးတိမ်တိုက်ကို လှမ်းကြည့်လိုက်သည်။အကြည့်ဖြင့်စကားပြောနေကြသည့် မိဘတွေကို လွှာ အကဲခတ်ကြည့်ပြီး မသိမသာ သက်ပြင်ဖွဖွကို ခိုးချလိုက်၏။


"မာမီ နောက်မှ ပြောပါ သမီးအိပ်ချင်နေပြီ ညနက်နေပြီဆိုတော မာမီတိုလည်း အိပ်ကြတော့လေ"


"အေး..အေး..အေးပါကွယ်"


လွှာ နေရာပြင်ပြီးမျက်လုံးမှိတ်လိုက်ပေမယ့်အိပ်စက်ခြင်းဆီသို့ မရောက်ရှိနိုင်ခဲ့ပါ။အတွေးထဲဝင်ရောက်လာသည့် ဇာတ်လမ်းတစ်ပုဒ်က သူမ မျက်ရည်တွေကိုချူယူ၍နေခဲ့တော့၏။


~~~~~~~~


ရှိုင်း ဆေးရုံသွားပြီး လူနာတွေ၏ အခြေအနေကို သွားကြည့်မိတော့ နားနှင့်မဆန့်အောင် ဝေဖန်တိုက်ခိုက်မှုကို ကြားခဲ့ရသည်။မထင်မှတ်ထားသည့်အခြေအနေကို သူလည်း မကယ်နိုင်ခဲ့သလို ကိုယ်တိုင်လည်း ကယ်ရာမဲ့ခဲ့ပြီ။လူနာတွေ၏ ဆေးရုံစရိတ်အတွက် တာဝန်ယူပေးပြီး အစစအရာရာလိုနေသေးမရှိအောင် ဆောင်ရွက်ပေးခဲ့သည်။အကြိမ်ကြိမ်တောင်းပန်စကားဆိုမိသော်လည်း သူ့ကို ခွင့်မလွတ်နိုင်သည့် အကြည့်ရိုင်းများကို ရင်မဆိုင်ရဲစွာ ခေါင်းငုံ့၍သာ ပြန်ခဲ့ရသည်။ရုံးချုပ်တွင်ဘာပြသနာမှမရှိနေသော်လည်း Queenကုမ္ပဏီမှာတော့ အခြေအနေတွေရှုပ်ထွေးသည်ဟု မိုးက သတင်းပေးလာသောကြောင့် ဆေးရုံက အပြန်မှာ Queenဆီ လှည့်ခဲ့ရသည်။


ကုမ္ပဏီရှေ့တွင် ဆိုင်းဘုတ်များကိုင်ကာ အော်ဟစ်ကြွေးကြော်နေသည့် လူအုပ်စုကြောင့် မျက်လုံးပြူးသွားရ၏။အခြေအနေတွေက ဒီလောက်ထိ ရှုတ်ထွေးနေသည်တဲ့လား။မနေ့ညက သတင်းထဲမှာလည်း တော်တော်ပင် ပြန့်နှံ့နေခဲ့သည်။အခုလည်း မီဒီယာသမားတွေပါ ရောက်ရှိနေသောကြောင့် ခေါင်းနပန်းကြီးသွားရ၏။


လူနာတွေဘက်က မကျေနပ်သူများက တရားရုံးမှာပင် တရားစွဲဆိုထားသောကြောင့် တရားရုံးဆီပြေးရလိမ့်အုံးမည်။ဘာတွေ ဘယ်လိုမှားယွင်းသွားလို့ ဒီလောက်ထိ ပြသနာကြီးသွားသလဲ။တရားစွဲဆိုထားသူများက သူ့ကို ဘယ်လိုမှအလွတ်ပေးမည်မဟုတ်ကြောင်း ကြွေးကြော်ထားကြသည်။


"ကိုလေး ကုမ္ပဏီထဲဝင်မလား "


Jနဲ့ မမမိုးတို့ကတော့ သူ့အနားမှာရှိနေဆဲ။Queen၏ရှယ်ယာဝင်တွေက လူချင်းပင်လာမတွေ့တော့ဘဲ နှုတ်ထွက်သွားကြပြီ။အရင်က ရှယ်ဟာဝင်ခွင့်ရရေးတို့အရေးအော်ခဲ့သူများ အခုတော့ ရှိုင်းဝဠာကို ဖြုတ်ချရေး တို့အရေးဖြစ်ကြပြီ။ရတနာမြိုင်ရုံးချုပ်မှာတော့ သာမန်ဖြစ်ရပ်တစ်ခုလို ငြိမ်သက်နေခဲ့၏ မည်သူမှ ထကြွပုန်ကန်ခြင်းမရှိပေမယ့် သူ့ကိုမလိုလာတော့သည်ကိုတော့ သတိထားမိသည်။ ရှယ်ယာရှင်တွေလည်းအရင်လိုပဲ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နေကြဆဲ။ ထွက်သွားလျှင် ရရှိမည့် အကျိုးဆက်က မကောင်းနိုင်ဘဲ သိထားကြသည်ပဲလေ။ရတနာမြိုင်၏ အကျိုးခံစားခွင့်က နဲနဲနောနောမှမဟုတ်ဘဲ။


Queenဂေဟာ၏ တာဝန်ခံကုမ္ပဏီက Quuenကုမ္ပဏီဖြစ်တာကြောင့် Quuenကုမ္ပဏီတွင်သာ ပြသနာတွေရှုပ်ထွေးနေခဲ့၏။


"ကိုလေး...."


"အေး.."


ကုမ္ပဏီ ရှေ့ ချိုးဝင်လာသည့် သူ့ကားကို မြင်သည်နှင့် သတင်းထောက်တွေ ဝိုင်းအုံလာပြီး ဆန္ဒပြသူတွေ၏ ကြွေကြော်သံက ပို၍ ကျယ်လောက်လာတော့၏။


"ဆရာ...မေးခွန်းလေးတွေဖြေပေးပါအုံး"


"ဆရာ....ဂေဟာဖွင့်ပွဲကိစ္စက တမင်ကြိုတင်ကြံစည်ထားတာပဲလား"


"ဆရာ ဘာဖြစ်လို့ ခုလို လုပ်ရတာလဲ"


"....."


ရှိုင်း ဘာမှမဖြေဘဲ အားလုံးကို ကျောခိုင်းပြီး လှမ်းဝင်လိုက်ပေမယ့် နောက်ထပ်မေးခွန်းတစ်ခုကြောင့် ဆက်ခနဲ့ ပြန်လှည်လိုက်ချိန် သတင်းထောက်အားလုံးနှင့် ဆန္ဒပြသူများ နောက်သို့ အနည်ငယ်တွန့်ဆုတ်သွားကြ၏။


"ပြန်မေးလိုက်ပါ...."


မေးခွန်းမေးလိုက်သည့် သတင်းထောက်မက ဘေးပတ်ဝန်ကျင်ကို တစ်ချက်အကဲခတ်ပြီး သူ့မျက်နှာ စူးစိုက်ကြည့်လာပုံက ရဲရဲတင်းတင်းပင်။


"ရတနာမြိုင်ကုမ္ပဏီနာမည်ကို အလွဲသုံးစားလုပ်ပြီး သက်သက်အပုတ်ချချင်တာလားရှင့် ဒါမှမဟုတ် ရတနာမြိုင်ရဲ့ ပိုင်ဆိုင်မှုတွေကို လုပ်ချင်ရာ လုပ်လို့ရတဲ့အကြောင်းပြချင်တာလား၊ နာမည်ကြီးချင်ရုံသက်သက်နဲ့ ဒီဂေဟာကိုဖွင့်ဖို့ကြိုးစားခဲ့တာလား..... "


"နာမည်ကြီးချင်ရင် ရုပ်ရှင်မင်းသားလုပ်စားလေ ဖြစ်နိုင်ပါတယ် ဒီရုပ်နဲ့"


"လူတွေကို ဒုက္ခပေးပြီးတော့ နာမည်မကြီးချင်စမ်းပါနဲ့"


တစ်ပြန် အုံကြွလာသည့်အော်သံတွေ....။ဒီစကားတစ်ခွန်းကို ကြားဖူးပါတယ်....။ ပြသနာမဖြစ်ခင်အရင်တစ်ရက်က ရှိုင်း ကွန်ပြူတာအဟက်ခံရခဲ့သည်။ပြန်ရချိန်တွင် ပေါ်လာသည့် စကားတစ်ခွန်း.... နာမည်ကြီးချင်ရုံသက်သက်နဲ့ အပိုတွေလုပ်မနေနဲ့တဲ့ ။ 


"ဟွန့်...."


သူ့ရဲ့ အပြုံးတစ်ချက်ကြောင့် သတင်းထောက်မကစကားဆက်မလာတော့ဘဲ 'ဘယ်လိုလဲ'ဆိုသည့်ပုံစံဖြင့်ကြည့်လာသည်။


"ကျွန်တော် ဒီပြသနာအားလုံးကို ဖြေရှင်းမယ် အမှန်တရားခါးပါတယ် ဒါပေမယ့် အမှန်တရားက အမြဲတမ်းမှန်ကန်နေတာပါ၊ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်တယ် ကျွန်တော်က ဘယ်လိုလူစားလဲဆိုတာ ခင်များတို့အားလုံးကိုသက်သေပြမယ်....အဲ့ဒီအချိန်ရောက်ရင် ဒီနေရာ ဒီအချိန်မှာ အားလုံး..အားလုံး ပြန်ဆုံကြတာပေါ့ အခုတော့ အိမ်ပြန်ပြီး အေးအေးဆေးဆေးနားနေလိုက်ကြပါ ခင်များတို့ရဲ တန်ဖိုးရှိတဲ့အချိန်တွေကို နေပူကြီးထဲမှာ အလဟသ အဖြစ်မခံပါနဲ့..... ခင်များတို့ ဘာမှပူစရာမလိုအောင် အားလုံးရှင်းလင်းသည်အထိကျွန်တော်ပဲ တာဝန်ယူသွားမို့ပါ....အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ"


ရှိုင်း အပြုံးလေးနှင့်ပြောပြီးနောက်မှာ အားလုံးဆီမှ တိုးတိုးအသံများထွက်ပေါ်လာ၏။ နောက်တစ်ခါ သူ့အကျင့်အတိုင်း အာလုံးကို စေ့စေ့ကြည့်ကာ လှစ်ခနဲ့ပြုံးလိုက်ပြီး လှည့်ထွက်ခဲ့လိုက်သည်။


J ထိုအပြုံးကိုမြင်ပြီး ကြက်သီးဖိန်းဖိန်းထသွားရသည်။ဒီအပြုံးတွေကတစ်ဖက်သားကို လိပ်ပြာငယ်စေ၏။ပြသနာတွေရှုပ်ထွေးနေသည့်တိုင် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ဖြင့် ပြုံးနိုင်နေသည်ကိုက သူ မမှားဘူးဆိုသည့်သဘောသာ။ ရှိုင်းကို လှမ်းကြည့်နေသည့် လူတစ်ချို့သည်လည်း ဤသဘောကို နားလည်ခဲ့ကြသည်။


နားမလည်နိူင်သည့် လူတစ်ချို့မှ ထွက်ကျလာသည့် စကားသံက...ဒီလောက်ပြသနာကြီးနေတာ သူက အေးဆေးနေနိုင်သေးတယ်၊ ဘယ်လိုလူပါလိမ့် တဲ့။


~~~~~~~~~


"ကြီးမြ ကျွန်တော်ကို ယုံလား"


နေ့လည်က သတင်းကို ကြီးမြကြည့်နေသောကြောင့် 

ရှိုင်း ကော်ဖီဖျော်ရင်း လှမ်းမေးမိသည်။


"ဒီကိစ္စသွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ ကြီးမြ သိတာပေါ့ကွယ်"


"ဟုတ်တယ် ကျွန်တော်တို့က လုပ်ကြံသူကိုသိပေမယ့် သက်သေမရှိတာကြောင့် မဖော်ထုတ်နိုင်ဘူး... စိတ်ချပါ ကျွန်တော် ရအောင်ကို ဖော်ထုတ်ပြီး ထိုက်တန်တဲ့အကျိုးဆက်ကို ခံစားပေးရမယ်"


ခြံထောင့် တိုက်ပုလေးမှ အိမ်ဘက်ကူးလာသည့် J. ထိုစကားကြောင့် ခြေလှမ်းတွေတုံ့ခနဲ့ရပ်တန့်သွားရသည်။အိပ်ဝင်ပေါက်ရောက်နေပြီ ဖြစ်သည့်အတွက် ရှိုင်း J ကို မြင်လိုက်ရပြီး မသိမသာ ပြုံးလိုက်၏။


"ဒါကြောင့် သားကို ပြောပါတယ် အဲ့ဒီနေ့ကို မလုပ်ပါနဲ့လို့ ကံကောင်းတဲ့နေ့မဟုတ်ခဲ့ဘူး တစ်ရက်တည်းမှာဘဲ အဖြစ်အပျက်နှစ်ခုက တစ်ပြိုင်တည်းဖြစ်ခဲ့တာ...တကယ့်ပြဿဒါးရက်ပဲ ၆နှစ်ကြာလာခဲ့ပြီ ဒါလည်း ဆိုးရွားတဲ့ ပြသနာဖြစ်ခဲ့တာပဲ"


"မဆိုင်ပါဘူး ကြီးမြရယ်"


ကြီးမြက ရှေးဆန်သည့်လူကြီးပီပီ နေ့ရက်အစွဲရှိခဲ့သည်။ ဖွင့်ပွဲရက်ကို မရွေးခင် ကြီးမြကိုပြောပြတော့လည်း ခါးခါးသီးသီးငြင်းခဲ့သည်။သူက ဦးဂုဏ်တို့အတွက် ဝမ်းနည်းခဲ့ရသည့်နေ့ရက်ကို ကုသိုလ်ပြုပေးချင်သည့်အတွက် ရွေးချယ်ခဲ့ကြောင့် အကြောင်းပြချက် ခိုင်ခိုင်မာမာဖြင့် ပြောခဲ့တော့ ကြီးမြက ခွင့်မပြုချင်ဘဲ ခွင့်ပြုခဲ့လေသည်။


"ကြီးမြကတော့ ဆိုင်တယ်ထင်တာပဲ အဖြစ်အပျက်လည်း တူသလို...နောက်ကွယ်က....."


"J ဝင်လာလေ"


ကြီးမြစကားမဆက်ခင်မှာပင် ရှိုင်း J ကို အိမ်ထဲဝင်ရန်လှမ်းခေါ်လိုက်သည်။ ကြီးမြက အိပ်အဝင်ဝကိုနောက်ခိုင်းအနေအထားဖြင့် ထိုင်နေသောကြောင့် J လာသည်ကို မမြင်ရပေမယ့် တစောင်းအနေအထားဖြစ်နေသည့် သူကတော့ အိပ်ဝမှာတင် ရပ်နေသည့် J ကို မြင်ခဲ့ရသည်။


"သြော်....သားတို့ ထမင်းစားကြတော့မလား"


"ကျွန်တော် မစားသေးဘူး ကြီးမြ အခုမှကော်ဖီသောက်နေတာ မစားဖြစ်တော့ဘူး J အရင်စားနှင့်လိုက်ပါ"


"ဟို......ကျွန်တော်လည်း ကိုလေး စားပြီးမှ စားတော့မယ် အကြီးတွေထက် အရင်မစားချင်လို့ပါ"


"အဲ့လိုဆို သားဗိုက်ဆာနေမှာပေါ့"


"ရတယ်ကြီးမြ ကျွန်တော်မဆာသေးဘူး"


"တီ...တီ...တီ..."


ဧည့်ခန်းထဲထားနေကြ အိမ်ဖုန်းဝင်လာခဲ့သောကြောင့် အားလုံး စကားစပြတ်သွားပြီး ရှိုင်း ဖုန်းကိုင်လိုက်သည်။


"အဒေါ် တစ်ရက်လောက်ဖြစ်ဖြစ်လာခဲ့ပါလားဗျာ အဖေက အဒေါ်ကို မျှော်နေတာ အဖေ့ရဲ့နောက်ဆုံးအချိန်လေးကို အဒေါ်ကိုပဲ မေးနေတာ"


"........"


ရှိုင်း စကားမပြောနိုင်အောင်ပင် ဆွံ့အသွားခဲ့၏ ။အိမ်မှာ ဒီဖုန်းကို ကြီးမြပဲ ကိုင်နေကြဖြစ်သည့်အတွက်တစ်ဖက်လူမှာတော့ ကြီးမြအထင်နှင့် တောင်းပန်တိုးလျိုးကာ စကားတွေးတစ်သီတတန်းကြီးပြောနေသည်။


ကြီးမြက အိမ်နဲ့အဆက်အသွယ်ပြတ်သည်မရှိခဲ့သလို ပြသနာဖြစ်သည်ဆိုတာလည်း မကြားမိ။ဟိုဘက်က ပြန်လာဖို့ တောင်းပန်နေသည်မှာ ထူးဆန်း၍သာနေတော့၏။ ဘာမှမပြောခင် ဒီစကားကို တန်းပြောချလာသောကြောင့် အရင်တည်းက ပြောထားခဲ့တဲ့စကားများလည်း ရှိနိုင်သည်။ ဘာကြောင့်လဲ....ကြီးမြက ဘာဖြစ်လို့ အိမ်မပြန်ချင်ရတာလဲ။


"Hello "


"ဟုတ်ကဲ့ ကြီးမြ ပြန်လာပါလိမ့်မယ် တစ်ဖက်က အခြေအနေက ဘယ်လိုရှိလဲဗျ"


ကြီးမြ သူ့ဆီက ဖုန်းကို လှမ်းယူဖို့ ကြိုးစားသော်လည်း သူ လက်ကာပြလိုက်သည်။ 


"အဖေက လုံးဝအခြေအနေမကောင်းတော့ဘူး အဒေါ်ကိုပဲ တမ်းတနေတယ် ဒါ့ကြောင့် ကျုပ်တို့က အဒေါ်ကို ခေါ်ပေးတာပါ သူဌေး အဒေါ်ကို ကူပြောပေးပါဗျာ အဒေါ်က လုံးဝမအားလို့ ပြန်မလာနိုင်ဘူးပဲ ပြောနေတယ် တစ်ရက်လောက်ဖြစ်ဖြစ် သူဌေး ခွင့်ပြုပေးပါ"


"ရပါတယ်ဗျာ ကျွန်တော်မသိလိုက်လို့ပါ ခွင့်ပြုတာပေါ့"


"ဟုတ်ကဲ့ ကျေးဇူးကြီးလှပါ့ဗျာ"


သိလိုက်ပါပြီ။ သူ့မှာ ပြသနာတွေ တစ်ပုံကြီးရှိနေတာကြောင့် သူ့ကို စိတ်မချလို့ ရွာမပြန်ချင်မှန်း သိပါပြီ။ ကြီးမြ၏ နွေးထွေးသည့်မေတ္တာဓာတ်က အမေတစ်ယောက်၏ မေတ္တာမျိုး။ အမေမေတ္တာမရခဲ့ဖူးသည့်သူ့အတွက် အရမ်းကိုမျှော်လင့်တောင့်တနေခဲ့ရသည်။ထိုအရာကို ကြီးမြဆီက လက်ခံရရှိသည့်အတွက် ပျော်ရပါသည်။


"ကြီးမြရယ် ပြောတာမဟုတ်ဘူး...ကျွန်တော့်ကို ဘာမှစိတ်မပူနဲ့ မနက်ဖြန် ခရီးထွက်ဖို့ပဲ ပြင်ဆင်ထားလိုက် ကျွန်တော် အန်ကယ်သွေးကို လိုက်ပို့ခိုင်းပေးမယ်"


"မလိုပါဘူး သားရယ် သားကို တစ်ယောက်တည်း စိတ်မချနိုင်ပါဘူး ဟိုကို ငွေလွှဲပေးလိုက်မယ်လေ".


"ကြီးမြ အခုချိန်မှာ သူတို့လိုအပ်နေတာ ငွေမဟုတ်ဘူး မေတ္တာ.....နွေးထွေးတဲ့မေတ္တာကို မိဘ၊မောင်နှမတွေဆီကသာ ရရှိနိုင်တာပါ ဒါကို ကြီးမြသိရက်နဲ့ မျက်ကွယ်ပြုဖို့မသင့်ပါဘူး ကျွန်တော်က အဆင်ပြေပါတယ် ကျွန်တော်လုပ်ရပ်ကို ကျွန်တော်ဖြေရှင်းနိုင်တယ် ဒါကြောင့် ဘာမှမပူနဲ့. ကြီးမြ သွားနားတော့ မနက်ဖြန်မနက်စောစော ခရီးထွက်ဖို့ အားရှိနေရမယ် ကျွန်တော်လိုအပ်တာတွေ စီစဉ်ပေးလိုက်မယ်"


"ရပါတယ် သားရယ် မလိုပါဘူး"


"လိုပါတယ်ဗျာ အခုတော့ သွားနားတော့"


ကြီးမြကို သူမအခန်းဆီရောက်သည်အထိ တွန်းပို့ပေးလိုက်တော့ သူ့ကို ပြိုင်မငြင်းနိုင်သည့်ပုံစံဖြင့် ခေါင်းခါပြသည်။သူလည်း ပေါ့ပေါ့ပါးပါးပဲ ပြန်ပြုံးလိုက်မှ ကြီးမြ မျက်နှာထက်မှာ အပြုံးရေးရေးလေးဖြစ်ပေါ်လာခဲ့၏။


သူလည်း မိဘသဖွယ် ဖြစ်နေသည့် ကြီးမြ၏ အားပေးမှုကို လိုချင်မိသော်လည်း တစ်ဖက်က ကြီးမြ၏ ဆွေမျိုးသားချင်းဖြစ်တာကြောင့် သူကပဲ လက်လျော့ပေးလိုက်သည်။ကြီးမြသာ မသွားခဲ့လျှင် ဆွေမျိုးတွေကြားမှာ အကြီးအကျယ်သွေးကွဲနိုင်သည်။ဆွေမျိုးသားချင်းမရှိသည့် တစ်ကောက်ကြွက်ဘဝ၏ အထီးကျန်မှုကို ကိုယ်တွေ့ခံစားဖူးသည့်အတွက် ကြီးမြကိုတော့ သူ့လိုမခံစားစေချင်ပါ။ ကိုယ်တိုင်လည်း သိုက်သိုက်ဝန်းဝန်းရှိသည့် မိဘဆွေမျိုးတို့၏ မေတ္တာကို ခံစားဖူးချင်သည်။ အဖေ၊ အမေတို့နဲ့အတူ ဆိုးတိုင်ပင်၊ကောင်းတိုင်ပင် နေဖူးချင်မိသည်။


အဖေ...အဖေ ကျွန်တော့ကို လာပြီး အားပေးလှည့်ပါ ကျွန်တော် ခွန်အားတွေမဲ့နေခဲ့ပြီ။ ဒီပြသနာတွေကို ကျော်လွှားနိုင်ပါ့မလား။ကျွန်တော့်ကိုရင်ဆိုင်ဖို့ သတ္တိတွေလာပေးလှည့်ပါ...။ ကျွန်တော် ကျူးလွန်တဲ့အပြစ်အတွက် အဖေရှေ့နေလိုက်မပေးနိုင်ဘူးတဲ့ အခု ကျွန်တော်က ပြစ်မှုကျူးလွန်သူမဟုတ်ပါဘူး အဖေ ကျွန်တော့်ဘက်မှာပဲ ရှိပေးပါ....အဖေကျွန်တော်ကို ယုံလား.. ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို ယုံတယ်အဖေ ၊ အဖေအမြဲတမ်းကိုးကွယ်တဲ့ အမှန်တရား သားလည်းကိုးကွယ်တာပဲ ...အမြဲတမ်းအမှန်တရားဘက်မှာရှိနေတဲ့ အဖေလို ကျွန်တော်လည်း ရှိနေတာပဲ။ အဖေ...အဖေ့သား ဘယ်တော့မှ မတရားမှု မကျူးလွန်ဘူးဆိုတာ ရအောင် သက်သေပြမယ်။ ဒီလို သက်သေပြနိုင်ဖို့ အဖေ ကျွန်တော်ဘက်မှာရှိနေပေးမှရမှာဗျ။


~~~~~~~~~


"ဝဠာ၊ အန်ကယ်တို့ အစည်းအဝေးမတိုင်ခင် နာရီဝက် အချိန်ရသေးတယ် ခေါင်းဆောင်ဆီသွားရအောင်"


"ဟုတ် သွားကြတာပေါ့ အန်ကယ်"


ရတနာမြိုင်၏ လုပ်ငန်းစုတွေ ပုံမှန်လည်ပတ်နေသော်လည်း Queen ကုမ္ပဏီနှင့် ခြံလုပ်ငန်းကတော့ ရပ်ဆိုင်းခြင်းခံလိုက်ရ၏။အင်ဂျင်နီယာကတ်ပြားလည်း ဆုံးရှုးခဲ့သောကြောင့် ရှိုင်းမှာ တာဝန်အနည်းငယ့်ပေါ့နေဟန်ရှိသည်။Queenနှင့်ခြံလုပ်ငန်းအတွက် schedule နေရာများတွင် လစ်လပ်နေခဲ့၏ သို့သော် နားနေချိန်မရဘဲ ဖြစ်ခဲ့သည့်ပြသနာအတွက် ဖြေရင်းဖို့အချိန်ပေးရသည်။


မင်မိုရီကတ်ပျက်စီးသွားခဲ့ခြင်းကြောင့် သူ၏ လုပ်ငန်းစဉ်တစ်ချို့နှင့် စာရင်းဇယားတစ်ချို့ အစဖော်မရအောင်ပင် ပျက်စီးခဲ့ရသည်။ ထို့အတွက် အခုလို ပြသနာဖြစ်ချိန်အလွယ်တကူဖြေရှင်းနိုင်းခြင်းမရှိခဲ့ရပါ။


အရင်ဆုံး အင်ဂျင်နီယာအသင်းချုပ်ကို တောင်းပန်စာပို့ခဲ့ပေမယ့် ပယ်ချခံရလေသည်။မလျော့သောဇွဲနှင့် လူတွေ့ချိန်းသော်လည်း တုံ့ပြန်မှုမရှိ။ အသင်းချုပ်ကိုလည်း ရောက်ပေါင်းမနည်းခဲ့။သို့သော်လည်း အခြေအနေက ထူးခြားမလာ။အသင်းချုပ်ခေါင်းဆောင်က တွေ့ခွင့်ပင်မပေးခဲ့။


"မင်း ဘယ်လို သက်သေပြမှာလဲ ရှိုင်းဝဠာ မင်းကို တစ်ပတ်အချိန်ပေးမယ် ဒီတစ်ပတ်အတွင်း သက်သေမပြနိုင်ခဲ့ရင် တရားရင်ဆိုင်ဖို့ပဲ ရှိတော့တာပေါ့"


အပြန်လမ်းမှာ ကြားယောင်နေခဲ့သည့် အသင်းချုပ်မှူးထံမှ စကားသံက သူ့စိတ်ကို အနည်းငယ်ပေါ့ပါးစေခဲ့သည်။သက်သေသာရအောင်ရှာနိုင်ရင်အခြေအနေတွေကို ထိန်းနိုင်ပြီ။ နောက်ကွယ်က လုပ်ကြံသူကို ရိပ်မိနေခဲ့ပြီဖြစ်တာကြောင့် ဖော်ထုတ်နိုင်ဖို့သာ ကြိုးစားရတော့မည်။မလွဲနိုင်ပါ...ဒီကိစ္စမျိုး ဦးမိုးတိမ်တိုက်ပဲ လုပ်မည် ဆိုတာ သူ့စိတ်ထဲကနေ သတိပေးနေခဲ့သည်။


~~~~~~~~~


"အလွှာဖြူ ပစ္စည်းတွေသိမ်းထားပါ"


"မာမီ!....အဖြူထိုင်နေ"


ဒေါ်လရိပ် ခိုင်းစေချက်ကြောင့် အဖြူ ထ ရန်ပြင်လိုက်သော်လည်း မမလွှာစကားကိုပဲ နားထောင်ကာ ပြန်ထိုင်နေလိုက်သည်။ မန္တလေးကို ပြန်ကြမယ်တဲ့။ ဟင့်အင် အဖြူမလိုက်ချင်ပါ။ငရဲခန်းနဲ့တူတဲ့ အဲ့ဒီနေရာကြီးကို ပြန်မသွားလိုတော့ပေ။ မမလွှာကလည်း ပြန်ဖို့ငြင်းဆန်နေသည့်အတွက် အဖြူ အားတက်မိသည်။


"မာမီ သမီးကို အချိန်ပေးပါ အရင်ကလည်း မာမီလုပ်ချင်ရာ လုပ်ခဲ့တယ် ဒီတစ်ခါတော့ သမီးကို အချိန်နဲနဲပေးပါ သမီး ကိုကိုနဲ့အဆက်အသွယ်မလုပ်ပါဘူး သမီး သိပြီလေ ကိုကိုက မာမီတို့ရန်သူဆိုတာ သမီး သိရက်နဲ့တော့ မမိုက်ပါဘူး အရင်က သမီးမှ မသိခဲ့ပဲ ဒါကြောင့် မှားခဲ့တာပါ"


( " သမီး....ညည်းပြောတော့ ညည်းအကောင်က အမရပူရကပါ၊နာမည်ကသူရိန်ပါဆို ...ငါ့ကို ဘာမှနားမလည်ဘူးဆိုပြီး လိမ့်ချင်တိုင်းလိမ့်နေတာ အမိုက်မ.... သူက ညည်းရဲ့စည်းစိမ်တွေပေါ်တက်ထိုင်ပြီးအပိုင်စားယူနေတာ ဒါကို ညည်းက လက်ပိုက်ကြည့်နေနိုင်သလား....သမီး...သမီးရပိုင်ခွင့်ကို ဆုံးရှုံးခံနိုင်သလား"


"သမီးလုပ်တာ ပိုမလွယ်ဘူးလား ကိုကိုက သမီးပိုင်ဆိုင်ရမယ့် စည်းစိမ်တွေကို ထိန်းသိမ်းစောင့်ရှောက်နေတာဆိုတော့ ကိုကိုနဲ့လက်ထပ်လိုက်ရင် အဲ့ဒီပစ္စည်းတွေက အလိုလိုနေရင်းသမီးဆီရောက်လာမှာလေ"


"သမီးပြောသလို လွယ်နေရင် တားကိုမနေဘူး တစ်ခါတည်းပေးစားပစ်မှာ အခုက ညည်းအကောင်က ထိန်းသိမ်းထားတာပဲရှိတာ မပိုင်ဘူး တကယ့်ပိုင်ဆိုင်မှုက အဖြူရောင်ကြိုးနာမည်နဲ့ ဒါကိုရဖို့ အဖြူကို အသုံးချရအုံးမှာ စာချုပ်တွေက ဘယ်မှာနေလဲ ဘယ်သူမှမသိဘူး အဲ့ဒီအတွက် ရှိုင်းဝဠာထွဋ်ကို အသုံးချရမှာ နားလည်းစမ်းပါ သမီးရယ်.....အဖြူရောင်တို့မိသားစုက သမီးရပိုင်ခွင့်တွေအားလုံးကို လက်ဝါးကြီးအုပ်ထားကြတာ သမီးအကောင်ကလည်း ကြံရာပါအဖြစ်ပါသေးတယ် သမီးမတရားခံရတာကို ငြိမ်ခံနေမလား"


"သမီးမတရားခံရတာကြောင့် မာမီတို့က မတရားမှုကို ကျူးလွန်တာလား"


"ဘယ်လို သမီး"


"သြော်.....အဖြူ့ကိုမတရားအနိုင်ကျင့်နေတာကိုပြောတာပါ"


"သူ မာမီတို့ကိုကြောက်နေမှ မာမီတို့ကိုကြိုးဆွဲရာကို ရမှာလေ")


မာမီနဲ့ အငြင်းအခုံဖြစ်ခဲ့သည်ကို ပြန်လည် သတိရမိရင်း လိပ်ပြာမသန့်သလို ခံစားရတာကြောင့် အဖြူ့ကို ကရုဏာသက်စွာကြည့်မိခဲ့သည်။သို့သော်လည်း ထိုအကြည့်ကို ချက်ချင်းပြန်ရုတ်သိမ်းမိပြန်သည်။အခုချိန်လွှာ စိတ်အခြေအနေတွေမူမမှန်နိုင်သေးတာ သူမ အသိဆုံး။


"သမီးက အချိန်ယူပြီး ဘာလုပ်မှာလဲ"


"သမီး ကိုကို့ကို ချစ်ခဲ့တယ် ဒီအချစ်က လေးလေးနက်နက်ခံစားပြီးချစ်ခဲ့ရတာဒါကြောင့် ဖြတ်ဖို့လွယ်မှာမဟုတ်ဘူး မာမီတို့ သမီး နာကျင်ခံစားနေတာ ကြည့်ရက်နိုင်မလား တင်းလွန်းရင်ပြတ် တဲ့ မာမီတို့အတင်းချုပ်ထားကို သမီးက ရုန်းထွက်လိုက်မိရင် အခြေအနေတွေက မာမီတို့ဘက်မှာရှိနေမှာမဟုတ်ဘူး"


"သမီးပြောတာ မှန်ပါတယ် ဒါပေမယ့် မာမီသမီးကို စိတ်မချဘူး"


"လုံးဝစိတ်ချနေပါ မာမီ.... သမီးက မာမီ့သမီးပါ မာမီလောဘရှိသလို သမီးလည်း ရှိပါတယ် သမီး ဆက်မမိုက်ပါဘူး လိုအပ်ရင် မာမီတို့ကို သမီးကူညီပေးမယ်လေ"


"အမလေး မကူညီပါနဲ့...အဲ...ကူညီချင်တယ်ဆိုရင် သူနဲ့လုံးဝအဆက်အသွယ်မလုပ်ပါနဲ့"


"Ok မာမီ shake လိုက္ပါအုံး"


"ဟဲ့ ငါ့ကို ကလေးကလား လာမလုပ်နဲ့"


"သြော်....လုပ်ပါဆို မာမီကလည်း လက်ဝါးလေး ရိုက်ရမှာကို.... ဟာ..."


မာမီက သူမစကားကို အရေးမလုပ်ဘဲ ထ ထွက်သွားသည့်အတွက် လွှာ့ လက်တစ်ဖက် လေပေါ်မှာ တန့်နေ၏။


"လွှာတို့က ဖြန့်ပြီးသား ဒီလက်ကို အလွယ်လေး ပြန်မကွေးတတ်ဘူး လက်ရိုက်ပါအုံးအဖြူ"


အဖြူ့လက်ကို ပိုင်စိုးပိုင်နင်းဆွဲကိုင်ကာ လွှာ လက်ဝါးနှင့် လက်ဝါးချင်းထပ်ရိုက်လိုက်၏။ အဖြူ ခိုးပြုံးနေခဲ့သည်ကိုတော့ လွှာ မသိလိုက်ခဲ့ပါ။အဖြူ ပျော်ပါသည်။ ငရဲခန်းကို ပြန်မဝင်ရသည်ကိုက ပျော်စရာတစ်ခုပါ။


မမလွှာတို့ ပြောနေတာတွေကို အဖြူနားလည်သလိုလိုရှိနေပါသည်။မနေ့ညက TVသတင်းမှာ Queen မိဘမဲ့ဂေဟာ၏ သတင်းကို ကြည့်လိုက်ရသည်။မမလွှာဆီက ကြားဖူးခဲ့သည့် Queenဂေဟာအကြောင်းနှင့်၊ ရှိုင်းဝဠာထွဋ် ဆိုသည့်နာမည်က သူမနှင့်ငယ်စဉ်က တွေ့ခဲ့ဖူးသူဆိုတာ သိလိုက်ရသည်။ဒီဂေဟာက တစ်စုံတစ်ယောက်ကို ရည်ညွှန်းထားသူဆိုလျှင် ထိုညွှန်းဆိုထားသူက အဖြူများလား။


("အဖြူကလည်း သူတပါးကို လမ်းပြပေးနိုင်တဲ့လူ ဖြစ်ချင်တာ "


"အဖြူက တော်လိုက်တာ"


"ဒါပဲလေ အဖြူက ဘုရင်မ ပဲ"


"ဟုတ်ပါပြီ ကိုယ့်ရဲ့ ဘုင်မလေး"


"No no ဘုရင်မဆိုတာ တပါးတည်း ဘယ့်သူ့အတွက်မှ သီးသန့် မဟုတ်ဘူး အားလုံးအတွက် အားလုံးကို 

အကောင်းမွန်ဆုံးအရာတွေ ပေးစွမ်းနိုင်တဲ့ 

ဖန်ဆင်းရှင်")


ဆက်စပ်စဉ်းစားကြည့်လျှင် Queen ဆိုတဲ့နာမ်စားက အဖြူကိုပဲ ရည်ညွှန်းတာလား။ 


* အို....ရူးရူးမိုက်မိုက်မတွေးစမ်းနဲ့ အဖြူရယ် *


rate now: