ကြွေလွင့်မျက်ရည်
မီးပွိုင့်ဆီမှ အနီရောင်ကိုပြောင်းသွားသည့်အတွက်မှိုင်းညှို့နှင့်အဖြူတို့ကားလေးသည်လည်း ငြိမ့်ခနဲ့ဖြင့်။
အိမ်ထဲအိမ်ပြင်မထွက်ရတာကြာခဲ့ဖြစ်သော အဖြူသည် ပတ်ဝန်းကျင်မြင်ကွင်းများကို အထူးအဆန်းသဖွယ် လိုက်လံငေးမောနေ၏။အဖြူ့မြင်ကွင်းထဲဝင်ရောက်လာခဲ့သည့် ဖွေးဖွေးလှုပ်နေသည့်စံပယ်ပန်းကုံးတို့ကို ဆွဲပြီး အော်ဟစ်ရောင်းချနေသည့် မိန်းကလေးတစ်ဦးဆီသို့.....။တစ်ချိန်က ကျောင်းသွားကျောင်းပြန် မီးပွိုင့်မိတိုင်း အန္တရာယ်ကြားမှာ တိုးဝေ့ပြီး ဝမ်းစာရှာနေကြသည့် ကလေးများကို အဖြူသနားကြည့်ကြည့်မိခဲ့သည်။ အခုလက်ရှိ အဖြူက သူတို့တွေနဲ့ပင်မထူးမခြားနားသည့် အဖြူသာ ဖြစ်နေခဲ့သည်။သူတို့တွေဟာ လွတ်လပ်စွာ ပျံသန်းခွင့်ရသည့် ငှက်ကလေးတွေဖြစ်သော်လည်း အဖြူကတော့ တောင်ပံကျိုးသည့် ငှက်တစ်ကောင်သာ ဖြစ်နေခဲ့၏။
အဖြူ့ကို အရိပ်ရိပ်တကြည့်ကြည့်ရှိလှသော မှိုင်းညှို့ အဖြူ့အကြည့်တွေကို လက်လှမ်းမီသလောက်အကဲခတ်ကြည့်ကာ ပန်းသည်မလေးကို လှမ်းခေါ်လိုက်သည်။
"အကို ဘာလိုချင် စံပယ်ပန်း၊ ဇွန်ပန်း၊ ရွှေပန်း၊ငွေပန်းအစုံရတယ်"
ပန်သည်လေးအမေးကို ပြန်မဖြေမိဘဲ အဖြူ့ဆီကို တစ်ဖန်အကဲခတ်ကြည့်လိုက်သည်။ပန်သည်မလေးက စံပယ်ကုံးများကို ညာဘက်ဖြင့် ကိုင်ထားပြီး တခြားပန်းများကို ဘယ်လက်ဖြင့်စုကိုင်ထားသည်။အဖြူ့အကြည့်တွေက ညာလက်က စံပယ်ကုံးတွေဆီသာ အကြည့်ရောက်နေသောကြောင့် မှိုင်းညှို့ စံပယ်ပန်းပဲ ဝယ်လိုက်သည်။
အစိမ်ရောင် ပြောင်းခဲ့ပြီး ဖြစ်သောကြောင့် ကားမောင်ထွက်လာခဲ့ပြီးမှ လက်ထဲက ပန်းကုံးကို အဖြူ့ဆီ လှမ်းပေးလိုက်သည်။
အဖြူ၏ ကြည်လင်းဝင်းပသွားသည့် မျက်နှာလေးမှာ ဆွေးရိပ်အနည်းငယ်သမ်းနေ၏။စံပယ်ကုံးလေးတွေကို မွှေးကြူရင်း ရနံ့လေးကို တရှိုက်မက်မက် ခံစားနေရင်းမှ ထိန်းမရသည့် မျက်ရည်က ပါးပြင်ထက်မှာ စီးကျလာပြန်သည်။တစ်ဆက်တည်းမှာ မြင်ယောင်လာသည်ကတစ်ပတ်လျိုထုံးဖွဲ့ထားသည့် ဆံထုံးကို ရစ်ခွေထားပြီး ဆံမြိတ်နှင့်အပြိုင် ဖြာချထားသည့် စံပယ်ပန်းကုံးတို့ကို ပန်ဆင်လျက် လပြည့်ဝန်းလို ရွှန်းမြမြမျက်နှာပိုင်ရှင် မား ကို ပြေးမြင်မိသည်။အေးမြသည့်အပြုံးလေးတစ်ပွင့်နှင့်ပင် စံပယ်နှင့်အလှချင်းပြိုင်နေခဲ့သည့် မား သည် ပန်းတကာ့ပန်းထဲမှာ စံပယ်ပန်းကိုအကြိုက်ဆုံးဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ဆေးခြယ်ခြင်းမရှိသည့် အရောင်အသွေးနှင့် ပျက်ပျယ်ခြင်းမရှိသော ထူးခြားသည့်မွှေးရနံ့ လေးက သူမတူအောင် စိတ်ကိုလန်းဆန်းစေသည်။
အဖြူလည်း စံပယ်ပန်းလေးတွေကို နှစ်သက်သည်။ပန်းကလေးတွေကို ယုယတတ်အောင် သင်ပေးခံရဖူးသည်။ပန်းတိုင်းလိုလိုရဲ့ မွှေးရနံ့ကို နှစ်သက်သော်လည်း နှင်းဆီ၏ ထုံသင်းသည့် ရနံ့ကိုတော့ အဖြူ ခံစားနိုင်ခြင်းမရှိ။ ပျို့တက်လာသည့် မွန်းကြပ်မှု နှင့်အတူ အသိအာရုံတွေကိုပါ ဝေဝါးစေသော ထိုရနံ့ကို အဖြူမုန်းသည်။စူးစူးဝါးဝါးပြင်းရှလာပြီဆိုင်လျှင် အသိစိတ်ပါ ပျောက်ခဲ့သည်အထိ ရှော့ရခဲ့ဖူးသည်။ထိုအချိန်တည်းက နှင်းဆီတွေရှိသည့်နေရာကို အဖြူ လှည့်ပင်မကြည့်ခဲ့။နှင်းဆီရှိရာကို လေတင်အရပ်မှာ ကြည့်ခဲ့ဖူးသည်လည်း ရှိခဲ့ဖူးသည်။အဘယ်ကြောင့်ဆို....အဖြူအကြိုက်ဆုံးပန်းက နှင်းဆီပဲ မဟုတ်လား။ထူးဆန်းလေစွ။ အကြိုက်ဆုံး ပန်းပွင့်၏ မွှေးရနံ့ ကိုမှ ခါးခါးသီးသီးမုန်းတီနေခဲ့မိတာ။
"ကလေး......ရောက်ပြီ"
အသိအာရုံကို ဆွဲခေါ်လိုက်သော အသံကြားမှ ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်သည်။ဦးမှိုင်းညှို့ရှင်ကကားတံခါးကိုအသင့်ဖွင့်ပေးလာသည့်အတွက် ဦးမင်းကို သတိရမိပြန်သည်။အဖြူကျောင်းပို့ ကျောင်းကြိုတွေမှာ တံခါးကိုကြိုတင်ဖွင့်ပေးသည်။ကျောပိုးအိတ်ကို ယူကာ စနစ်တကျထားပေးသည်။ နေရာတကျထိုင်ပြီးလျှင် ခါးပတ်ကို ကျကျနနပတ်ပေးသည်။လမ်းတစ်လျှောက် ပေါက်ပေါက်ဖောက်သလို အဖြူ့စကားသံတွေကို အာရုံစိုက်နားထောင်ပေးခဲ့သည်။အဖြူ ဂျီကျသမျှလိုက်လျောပေးသည်။ ထိုလူသားက အဖြူ့ကြောင့် လောကကြီးကို စွန့်ခွာသွားရသည်တဲ့လား.....။
"ဆင်းလေ...ကလေး"
ကမ်းပေးလာသည့် လက်တစ်စုံကို ဆုပ်ကိုင်လျက် သဘာဝလောကကြီးဆီပထမဆုံးအကြိမ်လှမ်းမိသည့်ခြေလှမ်းနှင့်အတူ ထိတွေ့လိုက်ရသည့် ပတ်ဝန်းကျင်လေးက နူးညံ့မှုတို့ကိုသယ်ဆောင်လာ၏။သို့သော် စိတ်၏ ခံစားချက်သည် ပတ်ဝန်းကျင်၏ အခြေအနေပေါ်တွင်လည်း များစွာမူတည်သည်။ တိုက်ခတ်နေသည့် လေလေးတွေက နူးညံ့ညင်သာသော်လည်း ရောက်ရှိနေသည့်နေရာကြောင့် သာယာမှုကိုတော့မပေးစွမ်းနိုင်ပါ။ ရောင်စုံအုတ်ဂူများကြား ဦးမှိုင်းညှို့ရှင် နောက်မှ တိတ်ဆိတ်စွာ လျှောက်လှမ်းလာခဲ့ရင်း ယှဉ်လျက်ရှိနေသည့် အုတ်ဂူဖြူဖြူနှစ်လုံးအနားတွေ ခြေလှမ်းတွေ ရပ်တန့်သွားခဲ့၏။
ထွင်းထုထားသည့် နာမည်စာလုံးများက အဖြူ ရင်ဝမှာ ဓာတ်လိုက်သလို ဆစ်ခနဲ့ နာကျင်ရသည်။လက်ထဲက စံပယ်ပန်းကို တွေတွေလေးကြည့်ပြီး မား၏ နာမည်လေးဘေးတွင် တင်ပေးလိုက်သည်။မား၏ နာမည်လေးကို လက်ချောင်းလေးများနှင့်အသာအယာ ထိတွေ့မိသည့်အခိုက် အသွေးအသားထဲထိ စိမ့်ဝင်စီးဆင်းနေသည့် မေတ္တာအနွေးဓာတ်ကို အခုချိန်ထိ ခံစားရရှိနေသလို...။ မိဘမေတ္တာကြီးမားပုံကို အဖြူ သိရှိနိုင်ခဲ့ပါပြီ။
ပါးနဲ့မားတို့အုတ်ဂူနှစ်လုံး၏ အလယ်မှာ ခြေစုံရပ်လျက် တစ်ဆက်ဆက်တုန်နေသည့် ခန္ဓာကိုယ်ကို ထိန်းထားနိုင်ခြင်းမရှိဘဲ ထိုင်ချလိုက်ရ၏။ လှုတ်လီခတ်နေသည့် မျက်ဝန်းအိမ်မှ မျက်ရည်တို့ကြောင့် ပတ်ဝန်ကျင်တစ်ခုလုံးအိတ်ဇောပိုက်က မီးခိုးတွေအဖြစ် ဝေဝေဝါးဝါး ပူပူလောင်လောင်။ ခပ်တင်းတင်းဆုပ်ကိုင်သည့်လက်တို့ကြောင့်သာ အသိရှိနေသော်လည်း ရင်ဘတ်ထဲမှာတော့ ဟာလာဟင်းဟင်းဖြင့်သာ။
ရှိုက်ငိုနေသော အဖြူ့ကို ကြည့်ရင်း မှိုင်းညှို့လည်း ထပ်တူဝမ်းနည်းရသည်။ ငိုပါ ကလေးမ.....ဒီနေ့ပဲ ပြီးဆုံးအောင် ငိုလိုက်ပါ.....မနက်ဖြန်တိုင်းမှာ ကလေးမရဲ့ မျက်ရည်တွေ အလကား မဆုံးရှုံးပါစေနဲ့တော့...ကိုယ် ကမ်းလိုက်တဲ့ လက်က ကားပေါ်က ဆင်းဖို့တင်မဟုတ်ခဲ့ဘူး.....မနက်ဖြန်များစွာဆီကို မင်းကိုခေါ်ဆောင်သွားဖို့ ကမ်းလိုက်တာပါ.........။
~~~~~~~~~~
ရှိုင်းသည် စံပယ်ပန်းကုံးလေးများဆွဲကာ ဦးနေဂုဏ်ရောင်တို့ အုတ်ဂူဆီကို လှမ်းလျှောက်လာခဲ့သည်။ဂေဟာဖွင့်ပွဲမတိုင်မှီ ဒီနေ့နှင့်သက်ဆိုင်သူတွေဆီကို လွမ်းဆွတ်တမ်းတခြင်းနှင့်အတူရောက်ရှိရောက်လာခဲ့သည်။
အနားအရောက်မှာ လတ်ဆတ်မွှေးပျံ့နေဆဲဖြစ်သည့် စံပယ်ပန်းကုံးလေးတွေကြောင့် ရှိုင်း အံ့အားသင့်သွားရသည်။
"ဒီကို ဘယ်သူလာသွားတာလဲ"
ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်တော့လည်း လူရိပ်လူယောင်ပင်မတွေ့ရ။အနည်းငယ်ထူးဆန်းနေသလို ဖြစ်နေသည်။
"ဦးဂုဏ်တို့ အသိမိတ်ဆွေတွေဆိုရင်လည်း ဒီလောက်နှစ်တွေကြာနေပြီ သတိတောင်ရပါအုံးမလားဘဲ ဒီလူအတွက်ဦးဂုဏ်တို့က အရေးပါနေလို့နေမှာပဲ....ဘယ်သူဖြစ်နိုင်မလဲ......"
ရှိုင်းသည် နှစ်စဉ်နှစ်တိုင်း ဒီနေ့မျိုးမှာ ဆွမ်းကပ်ပြီး ဒီနေရာကို ရောက်ဖြစ်အောင် ရောက်ခဲ့သည်။ ဒေါ်သဇင်လှိုင်းခတ် နှစ်သက်သည့် စံပယ်ပန်းလေးတွေလည်း ယူလာတတ်စမြဲ။ဒီနှစ်တော့ သူ့ထက်ဦးအောင် အရင်ရောက်ခဲ့သူ ရှိနေပြီ။
နေရာမှာတင်အတွေးနယ်ချဲ့နေရင်းဖြင့် မြင့်တက်လာသည့်အပူရှိန်ကြောင့် လှည့်ပြန်လာခဲ့တော့သည်။မတင်မကျဖြစ်နေသည့်စိတ်ကခနခန သမင်လည်ပြန်ကြည့်နေမိ၏။ဦးနှောက်ထဲမှာ ဘယ်သူ့မှကို စဉ်းစားမရခဲ့။
သုဿန်မှ တရိပ်ရိပ်ထွက်ခွာသွားသည့် ရှိုင်းကားလေး၏ ခပ်လှမ်းလှမ်းမှာ တလိမ့်ချင်းလိုက်ပါသွားခဲ့သည်က မှိုင်းညှို့တို့၏ ကားလေးပင်။
ငိုရတာမောပြီး အိပ်ပျော်သွားသည့်သူမလေးကို ကားပေါ်ပွေ့တင်နေစဉ် ရှိုင်းရောက်သည့်အတွက် မပြန်ဖြစ်သေးဘဲ ရပ်ကြည့်နေခဲ့ခြင်းပင်။ရှိုင်းကို ပြောပြဖို့ စိတ်ကူးရှိသော်လည်း အခြေအရမပြောဖြစ်သေး။နောက်ကွယ်က အမှန်တရားကို မဖော်ထုတ်နိုင်သေးသ၍ သူမအကြောင်းတွေကိုပေါက်ကြားသွားခဲ့လို့ ဦးမိုးတိမ်တိုက်တို့သာ သိသွားခဲ့လျှင် အားလုံးအတွက် အန္တရာယ်ရှိနိုင်သည်။အစီအစဉ်တွေလည်း ကပြောင်းကပြန်ဖြစ်နိုင်သည်။ထို့ကြောင့် သူမလေးကို သူ့အရိပ်မှာပဲ ရှင်သန်စေပြီး...... အရားအားလုံးကိုရင်ဆိုင်ရဲသူတစ်ယောက်ဖြစ်အောင် သင်ပြပေးရမည်ဟု မှိုင်းညှို့ ဆုံးဖြတ်ခဲ့လိုက်သည်။
~~~~~~~~~
"ရှင် ဒီရက်ပိုင်း ဘာတွေလုပ်နေတာလဲ အိမ်ကိုအချိန်မှန်ပြန်မလာဘူး"
ဦးမိုးတိမ်တိုက် အိမ်ထဲဝင်သည်နှင့်ဇနီးသည်ထံမှ စီးကြိုလာသည်က သံသယမေးခွန်းနှင့်အတူ။
"ကိုယ်တို့မိတ်ဆွေကြီးကို လက်ဆောင်ပေးဖို့ plan ချနေရတယ်ကွာ ပင်ပန်းလိုက်တာ"
ဇက်ကို လှည့်ချိုးကာ ဧည့်ခန်းက ဆိုဖာပေါ်ဝင်ထိုင်လိုက်တော့ ဒေါ်လရိပ်ပါ ဘေးမှာဝင်ထိုင်လိုက်သည်။သမီးနဲ့အဖြူကို တစ်နေရာပို့လိုက်တော် အိမ်မှာ ဆွေဆွေနဲ့သူမသာ ကျန်ခဲ့ရသည့်အတွက် ခြောက်ကပ်နေသည့် အိမ်မှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှ၏။ဦးမိုးတိမ်တိုက်ဆိုတာလည်း အကြောင်းပြချက်အမျိုးမျိုးဖြင့် အိမ်ကပ်သည်မရှိ။အခုလည်း ဘယ်လိုအကြောင်းပြချက်ပေးနိုင်အုံးမလဲ ပျင်းပျင်းရှိနားထောင်ကြည့်ရတာပေါ့။
"မိတ်ဆွေ...ဟုတ်လား..ဘယ်ကမိတ်ဆွေလဲ ဘယ်သူလဲ"
"ကိုယ်တို့ရဲ့ ချစ်ခင်ရပါသော မိတ်ဆွေပေါက်စ ပေါ့ကွာ"
"သြော်....ဟိုချာတိတ် ရှိုင်းဝဠာထွဋ် ဆိုတာ....ပြောပါအုံး ဘယ်လိုတွေ စီစဉ်ထားသလဲ"
"စောင့်ကြည့်နေပါ....သူရဲ့ဂုဏ်သိက္ခာ၊အရှက်တရား၊အောင်မြင်ကျော်ကြားမှုတွေ ဘာတစ်ခုမှ ကုန်းကောက်စရာမရှိအောင် တစ်ခနတည်းထဲနဲ့ ပြာကျသွားစေရမယ် ပိုးကောင်သေးသေးလေးက ကိုယ်တို့လိုတောဘုရင်ခြေင်္သေ့ကိုလာယှဉ်မှာတော့ လက်သည်းခွံ လေးနဲ့တောက်ချပေးရမှာပေါ့ ဘယ်လို ကျွမ်းပြန်ကျမလဲဆိုတာ သိစေရမယ်လေ.... ပိုင်ဆိုင်မှုတွေတော့ ထိလို့မဖြစ်ဘူး ....တော်ကြာ ကိုယ်တို့ရပိုင်ခွင့်တွေ လျော့နည်းကုန်မယ်"
"အဟင်း....ကြည့်ရတာပေါ့ ကျွန်မရဲ့ မောင်တော်ယောက်ျားဘာများစီစဉ်ထားသလဲဆိုတာ"
ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျေနပ်ပီတိဖြစ်နေကြသော လောဘသားတစ်ချို့၏ အကောက်ကြံမှုသည်.....။
~~~~~~~~
ရောင်စုံပူပေါင်းလေးတို့ဖြင့်အလှဆင်ထားပြီး ပန်းခတ်ပန်းနွယ်မျာဖြင့် ပုံဖော်ထားသည့် အဝင်ပေါက်လေးသည် လှပအသက်ဝင်လှသည်။အုတ်လမ်းကလေး၏ ဘေးဘက်တွေမှာ စိမ်းလဲ့နေသည့် မြက်ခင်းပြင်ကျယ်ကြီးဖြင့် ကြည့်မြင်လေရာသည် စိမ်းစို၍သာနေခဲ့၏။စိမ်းစိုနေသည့်မြက်ခင်းပြင်ကြီး၏ ထောင့်စွန်းလေးမှာ လှပစွာ ပုံဖော်ထားသည့် Queen စာတန်းလေး၏ အနုစိတ်လက်ရာက ကြွရွသေသပ်ကာ အသက်ဝင်လှပသည်။ မိုးပြာရောင်အခံနှင့် အဆောက်အဦးကြီးသည် ပတ်ဝန်းကျင်၏ စိမ်းစိုမှုနှင့်လိုက်ဖက်အောင် ခမ်းနားထည်ဝါစွာဖြင့် မြင့်မြင့်မားမားတည်ရှိနေ၏။
ကျွန်းလုံးတိုင်ကြီးများကို အနူအရွအလှအပများ ထုဆစ်ထားသည့် ပန်ပုလက်ရာသည် လွန်စွာ လက်ရာမြောက်လှကာ ထိုအရာများက လူတိုင်းစိတ်ကို ဆွဲဆောင်နေခဲ့ခြင်းပင်။ တစ်ကျောင်းလုံးမှာ ရေစိုခံကြမ်းခင်း၏ ဝင်းလက်တောက်ပြောင်နေသည့် လျှာထိုးကွက်အဆင်လေးသည် ကြည့်လိုက်သည်နှင့် သစ်သား၏ အရည်အသွေးနဲ့အပြည့်ကို ခံစားမှုရရှိစေ၏။တစ်ချို့နေရာလေးများတွင် V ချိုး ဖောင်းအရစ် ဖောင်းလိုင်းလေးများနှင့်ဖြစ်သည့်အတွက် ကြမ်းခင်းမျက်နှာပြင်အနားလန်လေးက ကလေးငယ်များ အလွယ်တကူ ခြေချော်မလဲစေရန်ပင်ဖြစ်သည်။
တစ်ကျောင်းလုံးမှာ သစ် အသားပေးဆောက်လုပ်ထားပြီး တည်တံ့ခိုင်မာတဲ့ ကျွန်းသားများဖြင့်သာ အသုံးပြုထားသည်။
အခန်းဖွဲ့စည်းပုံတို့သည်လည်း ကလေးငယ်တို့၏စိတ်ကြိုက် ကလေးသဘာဝအလျှောက် နေထိုင်ပျော်မွေ့စေရန် ရုပ်ပုံလေးများ၊ကစားစရာပစ္စည်းမျိုးစုံရှိနေသည့် အခန်းပေါင်းမြောက်မြားစွာတည်ရှိနေပြန်၏။အသက်အရွယ်အလိုက် လိုအပ်သည့်ပစ္စည်းမျိုးစုံ စရားစရာမျိုစုံ နေရာထိုင်ခင်းမျိုးစုံဖြင့် လိုနေသေးမရှိအောင် စီစဉ်ထားသည်မှာ စနစ်ကျလှသည်။စာသင်ခန်းများသည်လည်း ကလေးငယ်များ ပျော်မွေ့ရာ နေရာတစ်ခုဖြစ်အောင်ပင် စီစဉ်းထားသေး၏။
ရှုထောင့်မျိုးစုံမှ အကွက်စေ့အောင် စီစဉ်ထားသည့် ယနေ့ပွဲလေးသည်လည်း ဂုဏ်သရေရှိလူကြီးမင်းများနှင့်အတူ မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း၏ ခေါင်ဆောင်လူကြီးမင်းလည်း တက်ရောက်ဂုဏ်ပြုလာသည်။ ရောက်ရှိနေခဲ့သည့် ကလေးငယ်တစ်ချို့သည်လည်း ယနေ့အတွက် အပျော်ကြီးပျော်ရွှင်နေကြ၏။
ကျောင်း၏ ညာဘက်ထောင့်တွင် တည်ခင်းဧည့်ခံနေသည့် စားသောက်ပွဲကြီးလည်းရှိနေသည်။ရတနာမြိုင်၏ ခြံထွက်သီးနှံများကို စနစ်တကျချက်ပြုတ်ပြင်ဆင်နေကြသည့် နာမည်ကျော် စားဖိုမှူးကြီးများ၏ လက်ရာကို အကောင်းဆုံးသုံးဆောင်နိုင်ကြပါပြီ။နှင်းဆီလက်ဖက်ရည်နှင့် စပျစ်ကွတ်ကီးတို့က ယနေ့ပွဲ၏ အထူးခြားဆုံးသော စားဖွယ်များပင်ဖြစ်၏။
အနောက်တိုင်းဝတ်စုံကို သေသပ်ကျနစွာ ဝတ်ဆင်ထားပြီး မျက်ခုံးမွှေးထူးထူတန်းတန်းနှင့် ညှို့အားပြင်းသည့် မျက်ဝန်းညိုညိုတို့က ကွေးညွှတ်ထားသည့် နှုတ်ခမ်းထက်မှ အပြုံးတို့ကြောင့် ပို၍အသက်ဝင်ကာ ပို၍ ဆွဲဆောင်မှုရှိစေခဲ့သည်။ခြေလှမ်းတိုင်းကို တက်ကြွစွာလျှောက်လှမ်းလာသည့် ထိုသူကတော့ Queenဂေယာကို ဦးစီးတည်ထောင်သူ ရှိုင်းဝဠာထွဋ်ပင်ဖြစ်၏။
ရှိုင်းဘေးမှာတော့ ရတနာမြိုင်၏ မရှိမဖြစ်အရေးပါသူ မိသားစုဝင်တစ်ဦးအဖြစ် အများက သိထားကြသည့် ဒေါ်အေးမြဆိုသည့် အမျိုးသမီးပင်။ဒေါ်အေးမြသည်လည်း ချိုသာသော အပြုံးတို့ဖြင့် ဧည့်ပရိတ်သတ်များကိုလိုက်လံနှုတ်ဆက်နေခဲ့သည်။'ရတနာမြိုင်'သည် ဦးနေဂုဏ်ရောင်လက်ထက်ကတည်းက ထင်းရှားကျော်ကြားပြီး မြန်မာနိုင်ငံ၏ Top 10စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ယနေ့ထိပင် ယိုင်နဲ့ခြင်းမရှိဘဲ တည်ငြိမ်စွာရပ်တည်နိုင်ခဲ့ပြီး တဟုန်ထိုးတိုးတက်နေသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်၏။ထို့ကြောင့် မီဒီယာပေါင်းစုံက စိတ်ဝင်တစားရှိလှပြီး သတင်းယူဖို့ အားတက်သရောရှိနေကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးမှာတော့ လူထု၏ သြဘာလက်ခုပ်သံက မိုးယံထက် ဉာဏ်သွားတော့၏။ ဒီလက်ခုပ်သံတွေကို ဦးနေဂုဏ်ရောင်တို့ ကြားနိုင်လျှင် ပီတိဖြစ်နေနိုင်သည်ကိုတွေးကာ ရှိုင်း ကျိတ်ပြုံးရသည်။ဂေဟာ၏တာဝန်ရှိသူများ တစ်လှည့်စီ မိန့်ခွန်းပြောကြားပြီး ထူးကဲကောင်မွန်လှသည့် လက်ရာတို့ဖြင့် ဧည့်ခံပွဲဆီ ကူးပြောင်းခဲ့ကြသည်။
သီချင်းသံသာသာတို့ဖြင့် ပျော်ရွှင်ပြုံးရိပ်တို့ပြည့်နှက်နေသည့် ထိုပွဲ၏ ကွယ်ရာတစ်ရပ်မှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လျက် မီးဝင်းဝင်းတောက်နေသည့် ဒေါသမျက်လုံးတို့ဖြင့် စိုက်ကြည့်နေသူတစ်ယောက်ကိုတော့ မည်သူမှ သတိမထားမိကြပေ။မကြာမီပင် သာယာနာပျော်သံတွေပျောက်ကွယ်သွားတော့မည်ဆိုတာ ထိုလူက ကြိုသိနေခဲ့သည်။
ဒါကို ကြိုတင်မသိနိုင်သည့် လူတစ်စုကတော့ ပွဲကိုပျော်ပျော်ကြီးဆင်နွဲကြလျက်။
~~~~~
"ကိုကိုရေ........"
အဖြူရောင်ပွဲတက်ဝတ်စုံနှင့်ဂါဝန်ရှည်ကြီးကို မ, ကာ ရှိုင်းထံသို့ ဦးတည်လျှောက်လှမ်းလာသည့် လွှာ... ။သူမနောက်မှာတော့ အရယ်အပြုံးမရှိ ပျော်ရွှင်ခြင်းကိုမသိနိုင်သည့် မှိုင်းညှို့ရှင် တစ်ယောက် တည်ငြိမ်သည့်မျက်နှာထားဖြင့် အေးစက်စက်အကြည့်တို့ဖြင့်သာ လိုက်ပါလာခဲ့သည်။
"babe....၊ကိုကြီးရောပဲ... နောက်ကျတယ်နော်"
"ဟုတ်တယ် ဝဠာ ကိုယ့်ကိစ္စလေးနဲနဲရှိနေလို့ "
"ကိုကို လွှာ လှလား"
"လှပါ့ဗျာ....ကိုယ့် babeလေးက ဘာဝတ်ဝတ်လှပြီးသား"
"ဟွန့် ကိုကိုဖြေတာကြီးကလဲ ဘယ်လိုကြီးမှန်းမသိဘူး"
"ဗျာ! ကိုယ်က ဘယ်လိုဖြေရမှာလဲ"
"ကိုကို့ဆီက အဖြေကို ကြားချင်တာလေ လွှာက ပြောရမှာလား ...မသိတော့ဘူး ဗိုက်ဆာတယ် "
"ဟုတ်ပါပြီ စားစေဗျာ"
ကလေးလေးတစ်ယောက်လို ခုန်ပေါက်ကာမုန့်ပွဲတွေကို တစ်ပွဲချင်းလိုက်လံကြည့်ရှုပြီး နှစ်သက်ရာများကို ရွေထည့်နေသည်က ဝတ်စုံနှင့်မလိုက်စွာပင်။လူကြီးတစ်ယောက်လို ဝတ်စားဆင်ယင်မှုနှင့် ကလေးဆန်ဆန်ပြုပုံလေးတွေက ဘယ်လိုမှ သယဇာတမဖြစ်သော်လည်း ချစ်မိနေသူအဖို့တော့ အရာရာတိုင်းကို ချစ်လို့သာနေတော့၏။
"မင်...မစားနဲ့"
"ဘာလို့လဲ ....ကျွန်မကို တားနေစရာမလိုဘူး အားလုံးလည်း စားနေကြတာပဲ ကျွန်မတစ်ယောက်မှ မစားရတာလား"
"မစားနဲ့ဆို မစားနဲ့"
ဘယ်ကမှန်းမသိ၊ဘယ်သူမှန်းမသိတဲ့လူတစ်ယောက် လွှာ့လက်ထဲက မုန့်ပန်းကန်ကိုဆွဲလုလာသည်။လွှာ အံ့သြရသလို စိတ်လည်တိုမိကာ ပြန်အော်လိုက်သည်။
"စားမှာပဲ မနက်တည်းက ဘာမှမစားရသေးဘူး ဗိုက်ကဆာနေပြီ"
သေချာကြည့်မိမှ ဒီလူက ကိုကို့ရဲ့ လူယုံလိုလို၊ဒရိုင်ဘာလိုလို၊ညီလိုလိုနဲ့နေ,နေတဲ့ J ဆိုတဲ့လူ။
"မင်းစားချင်ရင် အပြင်မှာ ဝယ်ကျွေးမယ် ဒီမှာမစားနဲ့"
"ဟာ...ရှင်ဘယ်လိုလူလဲ ဒီမှာ စားစရာတွေဒီလောက်ပေါနေတာကို ဒီရောက်ပြီးမှ အပြင်ထွက်စားရအောင် ရူးနေတာမဟုတ်ဘူး ဒီလောက်ကောင်းတဲ့ စပရှယ်လက်ရာတွေကို မစားရရင် အာဂပါးစပ်လူဖြစ်ကျိုးဘယ်နှပ်မလဲလို့"
Jသည် ဦးမိုးတိမ်တိုက်နှင့် ကျောင်းအကွယ်မှာစကားပြောနေကြစဉ် ဦးမိုးတိမ်တိုက်က သူမကို မြင်လိုက်ရပြီး စားသောက်တန်းဘက်ကို လျှောက်သွားသောကြောင့် အထိတ်ထိတ်အပြာပြာဖြစ်ကာ ရတဲ့နည်းနဲ့ တားခိုင်းသည်။
("သူက ဘယ်လို ရောက်လာတာလဲ"
"ဘယ်သူလဲ boss"
"သူ့ကို တား.......၊ ရအောင် တားခဲ့ အဲ့ဒီအစားအသောက်တွေ သူ မစားစေနဲ့"
"ဟင်...ဘာဖြစ်လို့လဲ boss"
"ပြန်မေးမနေနဲ့ မြန်မြန်သွား"
"......"
"သွားတားပါလို့ သူက ငါ့သမီး တိမ်လွှာမို့မို့ အခုရပြီးလား ရတဲ့နည်းနဲ့ တားခဲ့ နဲနဲလေးမှမစားစေနဲ့")
"ဝုန်း.....ဒုန်း...."
"ခွမ်း......"
ပတ်ဝန်းကျင်အသံတွေကြောင့် သူမ လှည့်ငေးလိုက်စဉ် J သူမလက်ထဲက ပန်ကန်းကို ဆွဲလုပြီး သူမလက်ကို ဆွဲကာ နေရာမှ ပြေးထွက်လာခဲ့သည်။
"အား...ရှင်..ရှင် ဘာလုပ်တာလဲ "
"ငြိမ်ငြိမ်လိုက်ခဲ့ပါ အမိ၊ ခင်များကို အန္တကင်းရာခေါ်သွားမယ်"
"ဟင့်အင်....ကိုကို...ကိုကိုဘယ်မှာလဲ"
J ရုန်းကန်နေသည့် လွှာ့ကို ပွေ့ချီလိုက်ပြီးနေရာမှတစ်ချိုးတည်း လစ်ထွက်ခဲ့လိုက်သည်။Jကို ထုရိုက်အော်ဆဲရင်း လိုက်ပါလာသည့် သူမကို ကျောင်း၏ ထောင့်ကွယ်မှာရပ်ထားသည့် သူ့ကားထဲကိုထည့်ပေးလိုက်ပြီး ပါးစပ်ကို တိတ်နှင့်ကပ်ကာ ခြေထောက်တွေ လက်တွေကို ကြိုးဖြင့်တုပ်ထားလိုက်သည်။
"အရူးကောင်၊ ဆိုက်ကိုကောင်....အွန်း....အု....အု...."
'လွှတ်ပေး....လူယုတ်မာ အရိုင်းအဆိုင်းကောင်.....'
လွှာ စကားပြောချင်သော်ဘည်း မပီပြင်ခဲ့။စိတ်ထဲကသာ မေတ္တာပေါင်စုံပို့နေခဲ့သည်။
"ခွင့်လွှတ်ပါ အမိရယ် ကျုပ်လည်း တာဝန်အရမို့ပါ"
~~~~~~~~
ကျောင်း၏ ဘယ်ဘက်ထောင့်မှာ ဝရန်ပုံစံမျိုး အထပ်လေးရှိနေ၏ထိုနေရာအပေါ်မှစီးမိုး၍ကြည့်လျှင် ကျောင်းဝင်းတစ်ခုလုံးကို ခြုံငုံ၍တွေ့မြင်နိုင်သည်။ဧည့်သည်တစ်ချို့သည် ထိုနေရာမှ ရပ်လျက် လှပသည့် မြင်ကွင်းကို သဘောကျစွာ ငေးမောကြည့်ရှုနေကြသည်။ရှိုင်း ဧည့်ပရိတ်သတ်တို့၏ ကြည်နူးမှုအပျော်တို့ကိုတွေ့မြင်ရသည့်အခါ သူ့ထံပင်ကူးစက်လာပြီး မကြာခန ပြုံးခဲ့ရသည်။
"မေမေ..ဟိုးမှာတွေ့လား ကစားကွင်း ...ပြီးရင် အဲ့ဒီနေရာသွားကြမယ်နော် မေမေ လိုက်ပို့နော်"
"လိုက်ပို့မှာပေါ့ သားရဲ့ "
"ဟိုနေရာလေးက အေးချမ်းတယ်နော် ခုံတန်းလေးတွေနဲ့ ကလေးတွေစိတ်ပြေလက်ပြောက်ဖြစ်စေတာပေါ့"
"ကျောင်းရဲ့ဖွဲ့စည်းပုံ အပြင်အဆင်တွေက နိုင်ငံတကာနဲ့ကို ရင်ဘောင်တန်းနိုင်တယ် မြန်မာနိုင်ငံမှာ မိဘမဲ့ကလေးတွေပေါသလောက် မိဘမဲ့ကျောင်းတွေကျတော့ နည်းပါးလွန်းတယ် ဒီလိုကျောင်းမျိုး များများပေါ်ပေါက်လာနိုင်ဖို့ ဆုတောင်းရမှာပေါ့"
"ဆုတောင်းရုံတင်မဟုတ်ဘူး ကြိုးစားကြရမယ်လေ ဒီကျောင်းကို တည်ထောင်တဲ့ သူဌေးလေးက အရမ်းဉာဏ်ကောင်းတာပဲ.... အရမ်းလည်းတော်တယ် အားကျပါ့နော်"
"သူဌေးလေး ကျန်းမာပါစေဗျာ ဒီထက်မက လှူရေးတန်းရေးတွေလုပ်နိုင်ပါစေ"
တစ်ယောက်တစ်ခွန်း ပြောဆိုသံတွေ ၊ မေတ္တာပို့သံတွေကြားရပြန်တော့လည်း ပို၍ပင် ဝမ်းသာကြည်နူးရသည်။တစ်ဆက်တည်း စိတ်ထဲမှာ တမ်းတမိသည်က အဖေ၊ဦးဂုဏ်၊အန်တီသဇင်နဲ့ အဖြူရောင်ကြိုး....သူတို့လေးတွေရှိရင်လည်း ဘယ်လောက်များ ဂုဏ်ယူပီတိဖြစ်နေလိမ့်မလဲ။အဖြူရောင်လေးရေ ....ပူတူးလေး ...မင်းလေးအိပ်မက်ကို ကိုယ်ဖြည့်ဆည်းပေးနေပြီ။ မင်းလေး ဘယ်ရောက်နေသလဲ...တကယ်သာတမလွန်ကို ကူးပြောင်းသွားခဲ့ရင် ဒီကုသိုလ်နဲ့ ကိုယ်အမျှဝေပါတယ် မင်းလေး သာဓုခေါ်နိုင်ပါစေ။အကယ်လို့ အသက်ရှင်နေသေးတယ်ဆိုရင် ဒီသတင်းကို ကြည့်ရပြီး ရတနာမြိုင်ကို အမြန်ပြန်လာပါ..... ကိုယ့်ရဲ့ဘုရင်မလေးကို အမြဲတမ်းစောင့်ကြိုနေပါတယ်။
"မင်း အရမ်းတော်တယ် ဝဠာ....ငါဝယ်လိုက်တဲ့ ဒီမြေကွက်က ဘာစိုက်ပျိုးလို့မှ မကောင်းတဲ့မြေကွက်၊ ဒီလိုသာယာအေးချမ်းမှုလေးတွေဖြစ်လာပါ့မလာလို့တောင်စိတ်ပူခဲ့ရတာ အခုတော့ဖြင့်....ကိုယ့်မျက်လုံးကို မယုံနိုင်တော့ဘူး ဟား...ဟား..."
အန်ကယ်သွေး(ဦးလင်းသွေး)က ဘေးမှာလာရပ်ပြီး ပခုံးပုတ်ကာ ဝမ်းသာအားရပြောလာသည်ကို ရှိုင်း နှစ်ခြိုက်စွာ ပြုံးပြလိုက်သည်။
"congratulations ပါ ရှိုင်းဝဠာထွဋ် မင်းလုပ်နိုင်ခဲ့ပါပြီ ကျွန်တော်ထင်ထားတာထက်ကို အများကြီး perfect ဖြစ်တယ် function အရဘဲဖြစ်ဖြစ်၊ aestheticအရဘဲဖြစ်ဖြစ်ထင်ထားတာထက်ကို သာလွန်ခဲ့ပါတယ်၊ Design တစ်ခုက ပိုပြီးအ သေးစိတ်
ကျကျ ကြည့်ရူလေ လေ ပိုမိုကောင်းမွန်တဲ့ အရာက
ရှိနေတတ်တာပဲ၊ ပိုမိုကောင်းမွန်တဲ့ အရာက မင်းကိုစောင့်ကြိုနေပါတယ်၊ မင့်ရဲ့ဆန်းသစ် ပြောင်းလဲချင်တဲ့ စိတ်ကိုအပြည့်အဝယုံကြည်ထားဖို့လိုတယ် ....ဆက်ပြီးကြိုးစားထားပါ"
"ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ အခုလိုတက်ရောက်ဂုဏ်ပြုပေးတဲ့အတွက်လည်း ထပ်ပြီးကျေးဇူးတင်ပါတယ်"
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ခေါင်ဆောင်ဖြစ်သူ ရှိုင်း ပခုံးဖက်ကာ လာရောက်အားပေးစကားပြောလာသည်။ဒီနေ့အတွက် လုပ်ဆောင်မှုတွေကအရမ်း perfect ဖြစ်သည့်အတွက် ပို၍ပို၍ ဂုဏ်ယူပီတိဖြစ်ရပါသည်။
ရုတ်တရက် 'ဝုန်းခနဲ့'လဲပြိုသံနှင့်အတူ အထပ်မိုးလေးမှာ ရှိနေသည့် လူအများအပြား အလဲလဲအပြိုပြို နှင့် အောက်သို့ လွင့်ကျလာကြသည်။ခိုင်မာလှသည့် ကွန်ကရစ်တို့ဖြင့် ပြုလုပ်ထားသည့် အထပ်မိုးလေး သည် အက်ကြောင်းများ ထလာကာ ပြိုကျလေခြင်းပင်ဖြစ်၏။ကိုယ့်မျက်လုံးကိုပင် မယုံကြည်နိုင်လောက်အောင် အံ့သြမှုနှင့် ပါးစပ်အဟောင်းသား ဖြစ်နေချိန် လဲပြိုသူများဆီမှ အော်ဟစ်ညီးတွားသံများက နားထဲပဲ့တင်ထပ်လာခဲ့၏။
"အား......."
"အမလေး...ကယ်ပါ...."
"ကူညီကြပါအုံး ပိနေပြီ"
"မေမေရေ...... သားကိုကယ်ပါ....အီး...ဟီး..ဟီး...နာတယ် မေမေ...."
"သားရေ.....သားလေး....ဟင့်"
ကွန်ကရစ်အပြားအချပ်များပေါ် မှောက်လျက်ကျနေသူ၊ အပြားအချပ်ကြီးကြီးတွေပိနေသူ၊ နဖူးပေါက်ကာ သွေးသံတရဲရဲနှင့် ဖြစ်နေသူများ.... မြင်မကောင်းပင် ရှိနေခဲ့သည်။ရုတ်တရက်ဆန်သည့်ဖြစ်ရပ်မှာ မည်သူမှ လွတ်ရာကို အလွယ်တကူပြောင်းရွေ့နိုင်ခြင်းမရှိလေသောကြောင့် ပို၍ အထိခိုက်များရသည်။
"ရှိုင်းဝဠာ... ဒါက ဘယ်လိုဖြစ်ရတာလဲ"
ခုနာက ချီးကျူးစကားဆိုလာသော အင်ဂျင်နီယာအသင်းခေါင်းဆောင်ဆီမှ သံသယမေးခွန်း၊ မယုံကြည်သည့် စိတ်ပျက်ခြင်းအကြည့်များကို ရင်ဆိုင်လိုက်ရသည်။ ကိုယ်တိုင်ကလည်း ဘာဆိုဘာမှနားမလည်နိုင်တော့ပေ။
"မဟုတ်ဘူး...ဆရာ....မဟုတ်ဘူး"
"တော်ပြီ ရှိုင်းဝဠာ....ဒီလိုပုံစံမျိုးနဲ့ ကလေးတွေ အန္တရာယ်ကင်းကင်းနေနိုင်ပါတော့မလား....မင်းလုပ်ရပ်က မင်းရဲ့အကျိုးစီးပွား....မင်းရဲ့ဂုဏ်သိက္ခာတက်ဖို့ပဲ ကြည့်တာ နာမည်ကြီးချင်ရုံတစ်ခုနဲ့ ကြီးမြတ်တဲ့အလုပ်တစ်ခုကို ခုတုံးမလုပ်ပါနဲ့...ရှေ့ဆက်ပြီး မင်းနဲ့လက်တွဲဖို့ ဘယ်သူက ယုံကြည်နိုင်မှာလဲ....မင်းရဲ့အင်ဂျင်နီယာကတ်ကို သိမ်းလိုက်ပြီ "
"မဟုတ်ဘူး ဆရာ...မဟုတ်ဘူး...ဆရာဒီလိုလုပ်လို့မရဘူးလေ....ဒီပြသနာကို ကျွန်တော်ရအောင်ဖြေရှင်းမယ် ကျွန်တော့်ကို ယုံကြည်ပေးပါ...."
"......."
ဘယ်လိုမှ မယုံကြည်သလို အကြည့်တို့ဖြင့် လှည့်ပြန်သွားသည့် အင်ဂျင်နီယာအသင်းခေါင်ဆောင်၏ ကားနောက်ကို တောင်းပန်စကားတတွတ်တွတ်ဆိုရင်း အရူးတစ်ယောက်လို လိုက်ပါသွားမိ၏။ ကျောင်းဝင်းလေးထဲမှ တရိပ်ရိပ်ထွက်သွားသည့် ထိုကားကို မတားနိုင်သလို တောင်းပန်ခွင့်လည်း မရှိတော့။
"........."
ပူထူနေသည့် ဦးနှောက်က ခုချိန် ဘာမှစဉ်းစားမရနိုင်ခဲ့။နားထင်ကို လက်ဖြင့်ဖိရင်း accidence ဖြစ်သည့်နေရာကို ပြန်ရောက်လာခဲ့သည်။အန်ကယ်သွေးနဲ့ မှိုင်းညှို့က ကျောက်ချပ်များကြားက ဖိနေသူများကို ဆွဲထုတ်နေကြသည်။သူလည်း အမြန်သွားပြီး စိုးရိမ်ရသည့်သူများကို အမြန်ဆုံးဆေးရုံပို့နိုင်ရန် စီစဉ်ရသည်။
"ကယ်ပါ...ဆရာ...ကယ်ပေးပါ...ကျွန်မမှာသားလေးရှိသေးတယ် ကျွန်မသားလေးကို စိတ်မချဘူး....ဟင့်...ကျွန်မ....သား...သားလေး....."
"စိတ်ချပါ ဘာမှမဖြစ်စေရပါဘူး ကျွန်တော် တောင်းပန်ပါတယ်"
ရှိုင်းလက်ထဲမှာ ရှိနေသည့် အမျိုးသမီးက သား....ကို န,ရင်း သတိမေ့သွားသောကြောင့် ပြာယာခတ်ရကာ နီးရာလူနာတင်ကားပေါ်တင်ပေးပြီး အမြန်မောင်းခိုင်းရသည်။
ရုတ်တရက်ဆန်သည့်အဖြစ်အပျက်တွေက ဘယ်လိုမှ ယုံကြည်ဖွယ်မရှိ။တစ်ကျောင်းလုံးတွင် ဒီနေရာလေးတစ်ခုတင်သာ ဖြစ်ပျက်သွားခဲ့သည်ကပို၍ မယုံကြည်နိူင်စရာကောင်းလှ၏။ လူနာတွေ၏ ညည်းညူသံ၊တမ်းတသံတွေက စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ.....၊ သူကိုယ်တိုင်လည်း ထိုအသံတွေနောက်မှာ အင်အားတွေဖျော့ရော့ခဲ့ရသည်။
"ဆရာ...ဆရာ....ဟိုဘက်မှာ အစားအသောက်တွေက အဆိပ်ပါလို့တဲ့ အားလုံးအစာအဆိပ်သင့်နေကြတယ်"
"ဘာ!!"
လာခေါ်သည့် ဝန်ထမ်းကောင်လေးနောက်ကို အပြေးအလွှားလိုက်ကြည့်မိတော့ မြင်မကောင်းလောက်အောင် အဓိဌာန်ရုံမြင်ကွင်းက ချောက်ချားစေခဲ့၏။
ပါးစပ်ထဲမှာ အမြုပ်တစီစီဖြင့် လဲကျနေသူ
များ ....ပျို့အန်နေသူများ၊ တချို့က တွဲထူနေရပြီး တချို့သူများ မျက်ဖြူပင် လန်နေကြပြီ။အားအင်ဆုတ်လျော့နေသည့် ဖြူဖပ်ဖပ် ခန္ဓာကိုယ်တွေ အလဲလဲအပြိုပြိုဖြစ်နေလျက် ဆန့်တငင်ငင် ရှိနေကြသည်က သွေးပျက်ချောက်ချားဖွယ်ရာသာဖြစ်တော့၏။
"မမမိုး...."
"ဝဠာ.....ဘာလိုတွေဖြစ်ကုန်ရတာလဲ"
မမမိုး ပွေ့ထားသည့် လူတစ်ယောက်မှာပင် အသက်ပင်မရှိတော့ပေ။
ဘာမှမတွေးနိုင်အောင်ပင် ဆို့တက်လာသည့် ဝမ်းနည်းစိတ်က မျက်ရည်ပင် စီးကျခဲ့ရ၏။တချို့သူများက ရှိုင်းကို မကျေနပ်သည့်မျက်ဝန်းများ၊ဒေါသမျက်ဝန်းများဖြင့် ကြည့်နေကြသည်။အားလုံးအကြည့်တွေကို ရင်မဆိုင်ရဲလောက်အောင် ခေါင်းငုံ့ထားမိပြီး ရှက်ရွံ့မှု ၊သိမ်ငယ်မှူများပါ ပါဝင်လာရ၏။
"မကြည့်ပါနဲ့ ကျွန်တော်မလုပ်ဘူး....ဘာမှမလုပ်ဘူး...."
"........"
ဟာ......အား........ဘာတွေဖြစ်ကုန်ရတာလဲ ကံကြမ္မာကြီးရယ် ကျွန်တော်ဘာအမှားမှမလုပ်ခဲ့ပါဘူး။
လူနာတင်ကား အရေအတွက် မည်မျှရောက်လာသည်ပင် မခန့်မှန်းနိုင်လောက်အောင်များပြားနေခဲ့သည်။ကုမ္ပ၏ ဝန်ထမ်းတစ်ချို့လည်း အဆိပ်မိသည့်အထဲ ပါဝင်ကြသည့်အတွက် ကျန်သူများနှင့် လူနာများကိုတွဲပြီးဆေးရုံပို့ရသည်။ မည်သူမှ ရပ်နားမနေရအောင် အလုပ်ရှုတ်နေရပြီး အသက်ပင် ဖြောင့်ဖြောင့်မရှူနိုင်ကြ။အားလုံးသည်လည်း နားမလည်နိုင်ကြသည့် မျက်ဝန်းများဖြင့် ရပ်တည်မှုက အင်အားချိနဲ့နေကြသည်။
ရှိုင်း ရုတ်တရက် သတိရလိုက်သည်က လွှာ။သူမလည်း ဗိုက်ဆာနေပြီ ဟု ဆိုကာ စားသောက်တန်းဘက် ထွက်သွားသည်လေ။ အဆိပ်သင့်လူနာတွေထဲမှာ သူမကို မတွေ့ရ။ကားပေါ်ရောက်သွားသူများဆီ ပြန်လည်လိုက်ကြည့်တော့လည်း မတွေ့။
"ဘယ်မှာလဲ babe....မင်း ဘယ်မှာလဲ"
"ဝဠာ ဘာဖြစ်လို့လဲ"
"babe ဘယ်မှာလဲ မမမိုး....ခုနာက babeလည်း ဒီစားသောက်တန်းဘက်မှာ ရှိနေတယ် "
"မတွေ့မိပါဘူး ဝဠာရယ်"
"ဟာ....."
အစားအသောက်ဘက်မှာ လူများသော်လည်း အဆိပ်မိသည့်သူက တစ်ဝက်လောက်သာ ရှိနေ၏။ထို့ကြောင့် ပြန်လည် စစ်ဆေးကြည့်မိတော့ ကျန်တစ်ဝက်က အကောင်းပကတိအတိုင်း သာ ရှိနေကြသည်။
ဒါဆို ဘာက ဘယ်လိုမှားနေရတာလဲ......အဆောက်အအုံပြိုတဲ့ ကိစ္စကရော......ဒီကိစ္စက အတွင်းလူမရှိဘဲ ဘယ်လိုမှအကွက်မကျနိုင်ဘူး တစ်ယောက်ယောက်ရဲ့ လုပ်ကြံမှုဆိုတာ သေချာတယ် ...တောက်!!!......။
ကျောင်းဝင်းထဲမှာ သောကမီးများဖြင့် ပူလောင်တောက်နေသလောက် ကျောင်းဝင်းအပြင်ထောင့်ချိုးက ကားလေးထဲမှ လူတစ်ယောက်ကတော့ ကျေနပ်စွာဖြင့် တဟားဟားအော်ရယ်နေခဲ့၏။ထိုသူအတွက်တော့အခြေအနေတွေက ဟာသရုပ်ရှင်တစ်ခုလိုသာဖြစ်နေခဲ့၏။ရှိုင်း၏ သွေးဆုတ်ဖြူရော်နေသည့် မျက်နှာကို အားရစွာကြည့်ကာ အကြိမ်ကြိမ်ရယ်မောနေ၏။ တစ်ခါတစ်ခါ တင်းမာသွားသည့် မျက်နှာထားက ကားနောက်ခန်းမှာ မေ့မြောနေသည့် တိမ်လွှာဆီ အကြည့်ရောက်ကာ ရှူးရှူးရှရှဖြစ်ရပြန်သည်။ရယ်လိုက်ငိုလိုက်ဖြင့်အရူးတစ်ယောက်လို ကိုယ့်စိတ်အခြေအနေကို သတိမထားနိုင်သူက ဦးမိုးတိမ်တိုက် အပြင်ရှိပါအုံးမလား။
ကျောင်းဝင်းဆီနောက်တကြိမ်ပြန်ကြည့်ကာ ကားကိုဒုန်းစိုင်းမောင်ထွက်လာခဲ့သည်က ဆေးရုံဆီသို့။
>>>>>
ဦးလင်းသွေးကိုတော့ မှတ်မိကြတယ်မဟုတ်လား...ပျောက်နေတာကြာပြီဆိုတော့ မေ့နေမလားလို့ မေးကြည့်တာ😁