ကြွေလွင့်မျက်ရည်
"သမီးရေ....ဒီကော်ဖီပန်ကန်လေးကို စားပွဲပေါ်သွားတင်ပေးပါကွယ်"
အို.....အဖြူ အိပ်မက်များမက်နေရော့သလား။ဒီလိုချိုသာတဲ့အသံလေးနဲ့ 'သမီးရေ....'ဆိုတဲ့အသံလေးမကြားခဲ့ရတာ ၆နှစ်ကျော်ခဲ့ပြီ။ကိုယ့်နားကိုမယုံကြည်နိုင်စွာ ကြောင်ရပ်နေရင်းမှ ဝဝဖိုင့်ဖိုင့်အမျိုးသမီးကြီးကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်။
"သမီး....."
နောက်တစ်ခါခေါ်သံကြောင့် သတိဝင်လာပြီး အန်တီကြီးဆီက ကော်ဖီခွက်ကို ယူကာ စားပွဲပေါ်သွားတင်ပေးလိုက်သည်။
"သမီး... မနေ့တည်းက အန်တီကြည့်နေတာ သမီးစကားပြောတာမတွေ့ရဘူး အန်တီကိုကြောက်နေလို့လား ဘာမှကြောက်စရာမလိုပါဘူးကွယ် "
"........"
အဖြူ ခေါင်အတွင်တွင်ခါရင်းလက်ပါ ရမ်းပြသည်။အန်တီကြီးက အနည်းငယ်နားလည်ဟန်ရှိသွားကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်......
"သြော်.....အန်တီနားလည်ပါပြီကွယ် ဘာမှအားမငယ်နဲ့ သမီး လူ့ဘဝဆိုတာအခက်အခဲတွေအများကြီးရှိတယ် ကြုံလာရတဲ့ပြသနာတွေအများကြီးရှိတယ် အကောင်းအဆိုးလောကဓံကို ငြင်းပယ်ခွင့်မရှိဘဲ လက်ခံကြရတယ်တစ်ချို့ကိစ္စတွေက ဝဋ်ကျွေးကြောင့်လည်း ခံကြရတယ် ဝဋ်ကျွေးကုန်တဲ့တစ်နေ့ လွတ်မြောက်ရာလမ်းကို လျှောက်လှမ်းခွင့်ရမှာပါ"
*အန်တီကြီးပြောတဲ့ဝဋ်ကျွေးကို အမြန်ဆုံးကုန်ချင်ပါပြီ*
"အန်တီသူဇာ ကျွန်တော်သွားတော့မယ်"
"သား မနက်စာပြင်ထားတယ်လေ"
"အပြင်မှာဘဲစားလိုက်တော့မယ်"
"ဟဲ့!သား.....ညကလည်း ပြန်မလာဘူး... ခုပြန်လာ၊ခုပြန်ထွက်နဲ့ နားပါအုံးလား သားရယ်"
မှိုင်း နာနာကျင်ကျင်ပဲ ပြုံးလိုက်သည်။
"............."
နောက်မှာ အန်တီသူဇာပြောနေတာတွေကို နားမထောင်တော့ဘဲ ထွက်လာခဲ့လိုက်သည်။ ခုချိန်မှာ ရှောင်နေတာအကောင်းဆုံးပါ။မလိုလားအပ်တဲ့ပြသနာတွေထပ်မဖြစ်တော့ဘူးပေါ့။
"အန်တီသူဇာ!!.....ဦးမှိုင်းညှို့ရှင်က ဘယ်သွားတာလဲ"
"ဘယ်သွားလဲ အန်တီသူဇာလည်းမသိပါဘူးကွယ် ညကလည်း ပြန်မအိပ်ဘူး"
"လွှာတို့ လာနေတာကိုမကြိုက်လို့လား"
"မဟုတ်ပါဘူးကွယ်"
"ဒါဆို လွှာကိုရှောင်နေတာနေမှာနော် အန်တီသူဇာ"
လွှာ စားပွဲမှာဝင်ထိုင်ကာ အဖြူထည့်ပေးသည့်ကော်ဖီကို ယူသောက်လိုက်သည်။
"မဟုတ်လောက်ပါဘူး သားက ဆက်ဆံရေးမကျဲပါဘူးကွယ် သူလည်းအလုပ်ကိစ္စရှိလို့နေမှာပါ"
ဒီတော့မှခေါင်းတညိမ့်ညိမ့်လုပ်နေကာ ကော်ဖီဆက်သောက်နေသည့် လွှာ...။
~~~~~~~~~
"အား.....ပျင်းလိုက်တာ "
တိမ်လွှာသည် ကုတင်ပေါ်မှာ လူးလှိမ့်ရင်းဖြင့် ဖုန်းလေးဖွင့်လိုက်ပိတ်လိုက်လုပ်နေသည်မှာ ဘယ်နှစ်ကြိမ်မှန်ပင်မသိတော့။မနက်ခင်းတည်းက အခန်းထဲကမထွက်ဘဲ ဂိမ်းဆော့နေခဲ့သည်။ နေ့လည်ပိုင်းကျပြန်တော့လည်း လိုင်းတက်ကာ ပျင်းပျင်းရှိ မီးစိမ်းနေတဲ့လူမှန်သမျှကို စနောက်နေခဲ့သည်။အခုတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိအောင်ကို ပျင်းရိနေမိသည်။
"လန်းသွားအောင် ရေချိုးရမယ်"
နေ့လည်ပိုင်းက ကိုကိုနဲ့ ဖုန်းပြောစဉ်ကကုမ္ပဏီက ပြသနာတွေရှင်းနေရသည်ဟု ဆိုသောကြောင့် အနှောက်အယှက်မပေးချင်တာနဲ့ ကိုကိုနဲ့အပြင်ထွက်လည်မယ့် တိမ်လွှာ့ စိတ်ကူးလေး ပျက်ပြယ်ခဲ့ရသည်။ဦးမှိုင်းညှို့ရှင်းကြီးကျပြန်တော့လည်း တစ်နေကုန်ကို အိမ်မကပ်တော့ လွှာ အပူကပ်ရမယ့်လူက မရှိပြန်။
အဖြူ့ကို အမျိုးမျိုးလုပ်ပေးခိုင်းထားတဲ့ စားစရာတွေလည်း အခန်းထဲမှာ ပွစာကျဲနေပြီ။ဘာမှလည်း စားချင်စိတ်မရှိတော့။
ရေချိုးပြီး တီရှပ်ပွပွလေးနှင့် ခပ်တိုတိုဘောင်းဘီကို ဖြစ်သလိုဝတ်ကာ ရေချိုစဉ်က ခပ်မြင့်မြင့်ထုံးဖွဲ့ထားသည့် ဆံထုံးကို မဖြည်တော့ဘဲ အောက်ထက်ကို လျင်မြန်စွာပြေးဆင်းလာခဲ့သည်။
"အဖြူ.....အလွှာဖြူရေ...."
"........."
အဖြူ့ဆီမှ တုံပြန်သံမကြားရသလို လူကလည်းပေါ်မလာနိုင်ပေ။
"မိရွှေကြာ!!"
"ဘာလို့ ဒီလောက်ထိခေါ်နေရတာလဲ အဖြူနဲ့ အန်တီသူဇာ လမ်းထိပ်ကစတိုးဆိုင်မှာ လိုအပ်တာတွေသွားဝယ်နေကြတယ်"
ဧည့်ခန်းက ဆိုဖာမှာစာအုပ်ထိုင်ဖတ်နေသောမှိုင်းညှို့မနေသာဘဲ ဝင်ပြောလိုက်ရသည်။
"ဟမ်! အဖြူက ဘာလို့လိုက်သွားတာလဲ"
"သူလည်း လိုအပ်တာရှိလို့နေမှာပေါ့"
"ဘာမှမရှိပါဘူး"
"မင်းသိမလား"
"သိတယ်"
မှိုင်းညှို့ ဘုကလအတွက်ဆက်မပြောတော့ဘဲစာအုပ်သာ ဆက်ဖတ်နေလိုက်သည်။
လွှာ စူပုတ်ပုတ်မျက်နှာထားနှင့် မှိုင်းညှို့နဲ့ မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ပြီး တံခါးဆီကို လှမ်းမျှော်ကြည့်နေမိသည်။
"မနက်ဖြန် Queen ကုမ္ပဏီမှာ အလုပ်လိုက်အပ်ပေးမယ် ၈နာရီမထိုးခင်သွားရမှာ ၇နာရီတည်းက ပြင်ဆင်ပြီးနေပါစေ"
"ဟမ်!!! အစောကြီးဘဲ"
"၇နာရီက စောတာလား....."
"အင်း....အရမ်းစောလွန်းတယ်"
"၇နာရီများသန်းခေါင်ပေါက်နေတယ် ထင်နေသလား...သူများတွေအလုပ်ကြိုးစားနေကြချိန် မင်းကအိပ်ကောင်းတုန်းပဲလား.... သူများအလုပ် လုပ်မယ်ဆို သူတို့သတ်မှတ်ထားတဲ့အချိန်ကို တလေးတစားနဲ့ဂရုစိုက်နေရမှာ နောက်ရက်တွေ ဒီထက်ပိုစောသွားရင်သွားရမှာ"
"မသွားဘူး! လုပ်လည်းမလုပ်ဘူး"
"ဒါဆို ဒီကိုဘာလာလုပ်တာလဲ"
"..........."
လွှာပြောစရာစကားမရှိ။ နောက်တော့မှပေကပ်ကပ်မျက်နှာထားဖြင့်......
"ကိုကိုနဲ့နီးအောင်လို့"
ဒီစကားက မှိုင်းညှို့၏ ရင်ဝကို တံချွန်ဖြင့် ထိုးနှက်သကဲ့သို့နာကျင်အောင့်သက်ရသည်။အရှုံးပေးထားတဲ့နှလုံးသားကို ထပ်ပြီး ဒူးထောက် လက်မမြှောက်ခိုင်းပါနဲ့တော့ကွာ။
မှိုင်းညှို့ မျက်ခုံးနှစ်ဖက်ကို ထိလုမတပ်ကွေးညွှတ်ထားပြီး တိမ်လွှာကို ခပ်စူးစူးစိုက်ကြည့်လာသည်ကို လွှာ မသိချင်ဟန်ဆောင်လိုက်သည်။
နှစ်ယောက်ကြားမှာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
"ဟယ်...သားနဲ့ သမီးက ဒီမှာထိုင်ပြီးဘာလုပ်နေကြတာလဲ"
"အဖြူ ငါ့အခန်းထဲက အမှိုက်ရှင်းပေးအုံး"
အန်တီသူဇာကိုအမေးကို တစ်ယောက်မှမဖြေဘဲ တိမ်လွှာက ထိုင်ရာမှ ထကာ အဖြူ့ကိုပြောပြီး အပေါ်တက်ရန်ပြင်လိုက်သည်။
"အဖြူ မအားသေးဘူး ညနေစာအတွက်ချက်ရအုံးမှာ"
"ဟာ! အဖြူက လွှာ့ ညီမနော် ရှင်တို့ခိုင်းစရာမလိုဘူး ခိုင်းချင်းခိုင်း လွှာပဲ ခိုင်းမယ် ဘယ်သူ့မှမခိုင်းရဘူး"
"မင်းညီမသာပြောတယ် ညီမတစ်ယောက်လိုရော ဆက်ဆံရဲ့လား မင်းက အိမ်ဖော်လိုဆက်ဆံနေမှတော့ တခြားသူတွေလည်း သူ့ကို အိမ်ဖော်ထင်ပြီး ခိုင်းချင်ခိုင်းမှာပေါ့"
"မရဘူး....လွှာ့ ညီမ လွှာပဲ ခိုင်းမယ် ဘယ်သူမှမခိုင်းရဘူး ခိုင်းတဲ့သူ လွှာနဲ့တွေ့မယ် လာ.... အဖြူ"
ဒေါ်သူဇာနဲ့ အဖြူကတော့ တစ်ယောက်တစ်ခွန်းအော်နေသူနှစ်ယောက် တစ်လှည့်ဆီကြည့်၍သာနေခဲ့ရသည်။တိမ်လွှာသည် အဖြူ့လက်ကို ဆွဲကာ အပေါ်ထပ်ကို ဒုန်းစိုင်းပြေးတက်ခဲ့သည်။
"ဒီအမှိုက်တွေအရင်ရှင်းလိုက် နောက်ခါ အပြင်တွေမထွက်နဲ့ ဘယ်သူခေါ်ခေါ်မလိုက်နဲ့ ငါ ခွင့်ပြုမှသာ ထွက်ရမှာ မဟုတ်ရင်နင့်ကို မန္တလေးအိမ်ပို့ပစ်မယ်"
မန္တလေးအိမ် ဆိုသည့် အသိကြီးက အဖြူ ခွန်အားတွေကို ဆုတ်ယူဆွဲနှုတ်ပစ်သလို အင်အားမဲ့ရသည်။ဘာပဲဖြစ်ဖြစ် မန္တလေးအိမ်မှာထက်စာရင် ဒီမှာက လုံခြုံမှုပိုရှိစေတယ်လို့ ခံစားရသည်။ ရောက်တာမကြာသေးပေမယ့် ဒီအိမ်မှာ နွေးထွေးတဲ့ ကြင်နာမှုတွေ အေးချမ်းတဲ့ မေတ္တာတွေ စုဝေးနေသည်ကို ခနတွင်းမှာပင်တွေ့မြင်ခဲ့ပါပြီ။ဒီအိမ်မှာပဲ အဖြူ ပိုပျော်မိသည်။
ထို့ကြောင့် မမလွှာ့ စကားကိုတသွေမတိမ်းနားထောင်နိုင်ရန်သာ ဆုံးဖြတ်ခဲ့သည်။
~~~~~~~~~
တိမ်ဖြူတိမ်ညိုတွေကြားမှ လမင်းကြီးက မရဲတရဲခေါင်းပြူထွက်နေခဲ့သည်။လမင်းကြီးဆီမှ အလင်းတန်းသဲ့သဲ့သည်လည်း သစ်ရွက်သစ်ခက်များကြမှ အဆောက်အအုံများကြား ခပ်စူစူးကျရောက်နေသည်။ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်းသာမြင်ခွင့်ရခဲ့မယ်ဆိုလျှင် လွတ်မောဖွယ်အတိသာ ဖြစ်ပေလိမ့်မယ်။
ဒီညတော့ အဖြူ စောစောနားနိုင်ခဲ့ပါပြီ။အလုပ်ပြီးစီးလျှင် အိပ်ယာတန်းဝင်တတ်သည့် အဖြူ့အကျင့်ကြောင့် စောနေသေးသော်လည်း အိပ်ယာထဲရောက်နေခဲ့ပြီ။
"သမီးနာမည်က အလွှာဖြူနော်"
"......."
"ဖြူလေးလို့ပဲ ခေါ်ပါမယ်"
"........."
အန်တီသူဇာပြောသမျှကို အဖြူခေါင်းညိမ့်ခေါင်းခါလုပ်နေခဲ့သည်။
အန်တီသူဇာက သက်ပြင်းဖွဖွချပြီး ထ သွားကာ ခေါင်းရင်းက စားပွဲလေးပေါ်မှ စာအုပ်နှင့်ဘောပင်လေးကို ယူလာသည်။
"ရော့! သမီး သမီးပြောချင်တာကို ဒီစာအုပ်လေးထဲမှာ ရေးပြီးပြော ပါးစပ်လှုပ်တာလေးတွေလည်း လေ့ကျင့်ကြည့်ပေါ့...သမီးက မွေးရာပါလား"
အဖြူ ခေါင်းရမ်းပြလိုက်သည်။
"အင်း.....မွေးရာပါမဟုတ်ရင် ပြန်ကုလို့ရတယ်လို့ ကြားဖူးတယ် သမီးကို ပြန်ကုမပေးကြဘူးလား"
*အဖြူ ဒီလိုဖြစ်တာကို ဝမ်းသာနေကြတာလေ*
"သမီး မျက်နှာက မီးလောင်ဒဏ်ရာက ဘယ်လိုဖြစ်ရတာလဲ"
ဒီတော့မှ အဖြူ ကိုယ့်မျက်နှာကို ပြန်စမ်းကြည့်မိသည်။ချောမွေ့ခြင်းမရှိတော့သည့် အဖြူ့မျက်နှာမှာကိုင်လိုက်သည်နှင့် အဖုအထစ်များကိုသာ ထိတွေ့နေရသည်။ကိုယ့်မျက်နှာကို မှန်ထဲပြန်မကြည့်ချင်လောက်အောင်ရွံရှာမိသည်။
"သမီးမဖြေချင်လည်းရပါတယ် လာ...အန်တီ ဆီလိမ်းပေးမယ် မိန်းကလေးဆိုတာ ကိုယ့်ဆံပင်ကိုတန်ဖိုးထားရတယ် မိန်းမတို့ ဘုန်း ဆံထုံး တဲ့ဆံပင်ကောင်းခြင်းကလည်း မိန်းမတို့ရဲ့ကောင်းခြင်းငါးဖြာမှာပါတယ်လေ သမီးဆံပင်လေးတွေက ပြောင်းဖူးမွှေးကျနေတာပဲ၊ဆီမရှိတော့ နီကြောင်ကြောင်နဲ့ ဖွာလန်ခြောက်ကပ်နေတာပဲ ဆီ မလိမ်းဘူးလား"
အဖြူခေါင်းခါပြလိုက်သည်။အဖြူ့မှာ ဘာအသုံးအဆောင်ပစ္စည်းမှ မရှိဘဲ။
အန်တီသူဇာက ခေါင်းရင်းစားပွဲပုလေးပေါ်က အုန်းဆီပုလင်းကို လှမ်းယူပြီး လက်ဖဝါးထဲထည့်၍ လက်နှစ်ဖက်ကို ပွတ်လိုက်ပြီးမှ အဖြူ့ ဆံပင်တွေကို လက်ဖြင့် ဖွဖွသပ်ပေးလာသည်။
အဖြူ အန်တီကြီးခေါင်းဖြီးပေးနေသည်ကို ငြိမ်သက်စွာ ခံယူရင်း နွေးထွေးသည့် မေတ္တာရင်ခွင်ကို ခိုလုံခွင့်ရသည့်အတွက် ပီတိမျက်ရည်တွေပင် စီကျလာခဲ့ရသည်။ပီတိမှ ဝမ်းနည်းမှုဆီကူးပြောင်းကာအားပါတရ ရှိုက်ငိုမိသည်။နွေးထွေးကြင်နာမှုတွေနဲ့ အဖြူကင်းကွာနေခဲ့တာ နှစ်အတော်ကြာပြီ။မိဘသဖွယ် ပြုမူပေးလာသော အန်တီကြီး၏ အပြုအမူတွေကြောင့် မားကို သတိရလာကာ ပို၍ ဝမ်းနည်းရသည်။ညံ့ဖျင်းလွန်းလှသည့်ကိုယ့်ကိုယ်ကို အားမရတော့။ရုန်းကြွချင်စိတ်တွေတဖွားဖွားပေါ်ပေါက်လာပေမယ့်လက်တွေ့မှာ လုပ်ဆောင်နိုင်စွမ်းမရှိခဲ့။အရာရာမှာနှိမ့်ကျညံ့ဖျင်းနေသူတစ်ယောက်သာဖြစ်နေခဲ့သည်။ဖိအားများရင်တွန်းကန်နိုင်တဲ့ စပရင်တစ်ခုလိုသာ ဖြစ်ချင်မိသည်။ ဒီဘဝက ရုန်းထွက်ကြည့်ချင်သည်။လောကကြီးနှင့်ဆက်သွယ်ချင်မိသည်။ မားနဲ့ပါး ရှိနေတဲ့နေရာကို တစ်ယောက်တည်းသွားချင်သည်။ သူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်ကျောင်းတက်ချင်သည်။ငယ်ဘဝအိပ်မက်တွေကို အကောင်အထည်ဖော်ချင်မိသည်။သို့သော ထိုစိတ်ကူးအိပ်မက်တို့သည် အဖြူ့ကို စွန့်ခွာပစ်ပယ်သွားကြသည်။
ဝဝဖိုင့်ဖိုင့် အသားဖြူဖြူနှင့် အန်တီသူဇာရဲ့ တုတ်တုတ်ထည်ထည်ခါးကြီးကိုဖက်ကာ ရင်ခွင်ထဲတိုးဝင်ရင်း ငိုကျွေးနေခဲ့မိသည်မှာအားကိုရာရှာတွေ့သွားသည့်အလား။
ဒေါ်သူဇာလည်း မပြောမဆို ရင်ခွင်ထဲတိုးဝင်ပြီး ငိုကျွေးလာသည့် ကလေးငယ်မှာ စိတ်ဒဏ်ရာအကြီးအကျယ်ရှိမည်ဆိုတာ သူမလေးရဲ့ အမူအရာ သွင်ပြင်လက္ခဏာ တွေကြည့်ရုံနဲ့ သိနိုင်ခဲ့သည်။အရွယ်နှင့်မလိုက်အောင် စိတ်ဒဏ်ရာရှိခဲ့သော ကလေးငယ်လေးကိုလည်း သမီးအရင်းလေးလို ချစ်ခင်ကာ လိုအပ်နေသည့် မေတ္တာဓာတ်ကို ပေးစွမ်းချင်သည်။
ဒေါ်သူဇာသည် လူမမယ်ကလေးငယ်လေးကို ဆုံးရှုံးခဲ့ရသူဖြစ်သောကြောင့် ကမ္ဘာပျက်သလိုခံစားခဲ့ရသည်။ ဆုံးရှုံးသွားသည့် ကလေးငယ်နေရာမှာ ဒဏ်ရာများစွာနှင့်ရောက်လာသည့် ကလေးမလေးကို အစားထိုးကာ ပိုပြီးဂရုစိုက်ကြင်နာမှုတွေပေးရန်အတွက် ဆုံးဖြတ်ခဲ့လိုက်သည်။
မိဘမဲ့သူတစ်ယောက်နှင့် သားသမီးဆုံးရှုံးဖူးသူကြားမှာ နွေးထွေးကြင်နာသည့် မေတ္တာအဟုန်က လောကကြီးကိုပင် ထိုးဖောက်လာတော့မည်ဆိုတာ........
~~~~~~~~~~
ဝေးကွာခဲ့ရတာကြာပြီဖြစ်သည့် စာအုပ်နှင့်ဘောပင်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ရှေ့က ဝရန်တာလေးဆီထွက်လာခဲ့မိသည်။ အန်တီကြီးလည်း နေ့ကပင်ပန်းထားသမျှ အတိုးချကာ အနားယူနေပြီ။
အဖြူခုရက်ပိုင်းမှ ညဘက်တွေဆို မျက်လုံးတွေကြောင်ကာ အိပ်မရ။ညဘက်တွေတစ်ယောက်တည်း ထ ထိုင်နေတတ်ခဲ့သည်က တစ်လနီးပါးလောက်ရှိလိမ့်မည်။
ဒီအိမ်မှာ သက်တောင့်သက်သာ နေရပေမယ့် အကျင့်ဖြစ်နေသည့် မျက်လုံးက မှိတ်လို့ပင်မရ။ ထို့ကြောင့်ပဲစိတ်ဖြေလက်ပျောက်ရှိအောင် အပြင်ကိုထွက်လာခဲ့သည်။
နှစ်ထပ်တိုက်အမြင့်ကြီးကို အိမ်ရှေ့မှာ ကျောက်စိမ်းပြားများကပ်ထားသည်။အပေါ်ထပ်မှာလည်း ဝရန်တာတစ်ထပ်ရှိသလို အောက်ထပ်မှာလည်း ရှေ့ကိုထွက်ထားသည့် ဝရန်တာပုံစံမျိုးလေးရှိနေသည်။အသားချောင်းသေးသေးလေးတွေကို စီတန်းကာ ကာရံထားပြီး နွယ်ပန်းပင်က ထိုတိုင်သေးသေးလေးတွေကို ရစ်ပတ်ထားသည်။အပေါ်မှတွဲလွဲချိတ်ထားသည့် သစ်ခွပန်းအိုးလေးတွေမှ ပွင့်နေသော ပန်ကလေးများလည်း လှပစွာတည်ရှိနေပြန်၏။ ဝရန်တာစောင့်စွန်းက ပန်းအိုးလေးတွေအနီးမှာတော့ ကြိမ်စားပွဲ၊ ကြိမ်ကုလားထိုင်လေးတွေပါရှိနေသည်။နေရာလေးက ကဗျာဆန်သလို လူ့စိတ်ကိုလည်း ကြည်းနူးစေသည်။ငြိမ်းအေးစေသည်။လန်းဆန်းစေသည်။ဝါးဖန့်ဖန့်မီလုံးလေးမှ အလင်းရောင်လေးများဖြာကျနေသည့် ကြိမ်စားပွဲလေးပေါ်မှာ စာအုပ်လေးကိုတင်ပြီး လက်နှစ်ဖက်ကိုဆန့်တန်းက ပတ်ဝန်ကျင်၏ လတ်ဆတ်သည့်လေအေးအေးလေးကိုရှူရှိုက်လိုက်ရတော့ စိတ်သစ်လူသစ်လိုနုပျိုစေခဲ့၏။
"""ကျေးဇူးတင်ပါတယ် အန်တီသူဇာ"""
*အို......လက်ရေးလေးတွေ သိပ်ပြီးမပြောင်းလဲသေးဘူးဘဲ*
စားမရေးရတာ ကြာခဲ့ပြီ။အဖြူသည် ဟိုးအရင်တည်းက လက်ရေးလေးတွေက ပုလဲလုံးလေးတွေ ကြိုးနှင့်သီကုံးထားသကဲ့သို့ ညီညာဝိုင်းစက်ကာ ဖြောင့်တန်းနေခဲ့သည်။
စ,စရေးချင်းမှာ အသားမကျသေးသည့် ဘောပင်ကိုင်တွယ်မှုကြောင့် လက်ဆစ်လေးများနာလာရသည်။တစ်လုံးနှစ်လုံးရေးပြီးလျှင်ပင် ညောင်းလာရ၏။
အဖြူ့စိတ်ထဲရှိနေသည့် နာမ်စားများ၊စကားလုံးများကို မနားတမ်းချရေးနေခဲ့သောကြောင့် တဖြည်းဖြည်း ကျင့်သားရလာကာ အရင်လိုလက်ရေးမျိုးလေးပြန်ရလာခဲ့သည်။
*မားရေ....ကျေးဇူးပါ*
ဗလာစာရွက်ရဲ့တစ်မျက်နှာမှာ 'မား'ဆိုသည့် စကားလုံးများနှင့် ဒေါ်သဇင်လှိုင်းခတ် ဆိုသည့် နာမည်လေးက ပြည့်နေခဲ့သည်။နောက်တစ်မျက်နှာမှာတော့ 'ပါး'ဆိုသည့်နာမ်စားတစ်ခုနှင့် ဦးနေဂုဏ်ရောင် ဆိုသည့် နာမည်က စာမျက်နှာအပြည့်။နောက်တစ်မျက်နှာမှာ 'ကြီးကြီးမြ' 'ဦး' 'အန်တီသူဇာ' ဆိုသည့် နာမည်လေးတွေပါ ရေးမိပြန်သည်။
အဖြူ့စိတ်ထဲ တွယ်တာစရာအဖြစ်သတ်မှတ်ထားသည့် စွဲထင်ကျန်ခဲ့သော နာမည်လေးတွေ....အားပါတရ ခေါ်ချင်မိသောကြောင့် စာရွက်ထဲမှာ ထပ်ခါထပ်ခါ ချရေးနေခဲ့သည်။
ညက ရင့်လာခဲ့ပြီ။ သူမသည်လည်း ပင်ပန်းကာ စားပွဲပေါ်မှောက်လျက် အိပ်ပျော်သွားခဲ့ရသည်။
ဝါဖန့်ဖန့်လျှပ်စစ်မီးရောင်က သဘာဝရဲ့ လရောင်ကို ဝါးမြိုထားကာ အနိုင်ယူပြီး မင်းမူနေခဲ့ပြီး သူမ၏ပြေပြစ်မှုမရှိသောမျက်နှာထက်မှာ ဖြာကျလျက်.......။
~~~~~~~~
မှိုင်းညှို့ တရေးနိုးပြီး ရေသောက်ဆင်းလာခဲ့တော့ ဝရန်တာဘက်ထွက်သည့်တံခါးက ပွင့်လျက်ဖြစ်နေသည်ကို မြင်သွားသည်။
"အန်တီသူဇာ မေ့ကျန်ခဲ့တယ်ထင်တယ်"
တီးတိုးရေရွတ်လိုက်ပြီး တံခါးရွက်များဆွဲပိတ်လိုက်သည်။ပြီးမှ တစ်စုံတစ်ရာရှိနေသည်ကို သတိထားမိကာ ပြန်ဖွင့်ပြီး ကြည့်လိုက်တော့ စားပွဲပေါ်မှာ မှောက်လျက်အိပ်ပျော်နေသော ကလေးမကို တွေ့လိုက်သည်။
တဖျတ်ဖျတ်လွန့်နေသော စာရွက်လေးတွေကို စိတ်ဝင်တစားယူကြည့်လိုက်မိတော့ မှိုင်းညှို့ မျက်လုံးတွေပင်ပြူးကျယ်သွားရသည်။
"ပါး.....ဦးနေဂုဏ်ရောင်"
"ဒေါ်သဇင်လှိုင်းခတ်"
တစ်ရွက်ချင်းစီလှန်ကြည့်မိရင်း တစ်ဆက်ဆက်တုန်ရီနေသောလက်များက စာရွက်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ဝမ်းသာသည်လား ဝမ်းနည်းသည်လည်းမသိသော ခံစားချက်ကြီးက ခံရခက်လှသည်။
("အန္တီ သူက... "
"အော်! သူက အန်တီအကိုရဲ့သမီးလေ မိဘမဲ့ ဖြစ်သွားတော့ အန်တီကပဲ သူ့ကို မွေးစားထားတာ အရမ်းအလိုက်သိပြီး လိမ္မာတဲ့ကလေးလေးပါကွယ် ဒါမို့
အချစ်ပိုရတာပေါ့ ဟင်း..ဟင်း...")
"အချစ်ပိုခဲ့တာ ဒီလိုမျိုးလား ဒေါ်လရိပ်"
ပြေပြစ်ခြင်းမရှိတော့သည့် အဖြူ့မျက်နှာထက်က မီးလောင်ဒဏ်ရာကို လက်နှင့်ဖွဖွပွတ်ရင်းဆိုလိုက်သည်။
"သနားစရာ ကလေးငယ်ရယ်"
စာအုပ်လေးကိုပိတ်လိုက်ပြီး သူမလေးကိုပွေ့ချီကာ ဖွင့်ထားသည့် ဒေါ်သူဇာအခန်းထဲကို ဝင်သွားပြီး ဒေါ်သူဇာဘေးက နေရာလွတ်မှာ အိပ်စေလိုက်သည်။ ဒီအချိန်ကြီး အမျိုးသမီးအခန်းထဲဝင်တာမသင့်တော့ပေမယ့် ကလေးငယ်ကိုအပြင်မှာတစ်ယောက်တည်းမထားခဲ့နိုင်သောကြောင့် ဘာကိုမှဂရုမစိုက်အားပေ။စောင်ပါးလေးတစ်ထည် ခြုံပေးထားခဲ့ပြီး အခန်းမီးပိတ်ကာ ပြန်ထွက်လာခဲ့သည်။
သူ့အိပ်ခန်းကိုပြန်ရောက်သည့်တိုင် ရှည်လျားသည့်အတွေးတို့ဖြင့် ထိုညက မှိုင်းညှို့တစ်ယောက် အိပ်စက်ခြင်းဆီသို့ မရောက်ရှိခဲ့ပါ။
~~~~~~~~
"ဒေါက်....ဒေါက်"
"လွှာ......!"
၆နာရီခွဲနေပြီဖြစ်တာကြောင့် မှိုင်းညှို့ ပြင်ဆင်ပြီးဖြစ်နေပြီ။မနေ့က ကြိုပြောထားသောကြောင့် တိမ်လွှာလည်း ပြင်ဆင်ပြီးလောက်ရောပေါ့။ကိုယ့်အတွေးနှင့်ကိုယ်ဟုတ်နေကာ အားလုံးအဆင်သင့်ဖြစ်မှ တိမ်လွှာကို လာခေါ်ရသည်။
သူခေါ်နေပေမယ့် တုံ့ပြန်သံမကြားရသောကြောင့် အနည်းငယ်ထိတ်လန့်မိသလိုရှိလာသည်။တံခါးကလည်းအထဲက လော့ခ် ချထားသောကြောင့် လှည့်မရ၊ဖွင့်မရ။ပူထူနေသော စိတ်က ဘာလုပ်လို့ ဘာကိုင်မှန်းမသိ။
ပြီးမှကိုယ့်အိမ်ပဲ ဟူသည့်အသိက ဝင်လာပြီးသော့ပြေးယူကာ ဖွင့်ဝင်ရသည်။
အထဲက မြင်ကွင်းကြောင့် သူ့ရဲ့ပူပင်နေသည့် စိတ်အစဉ်က ဒေါသလှိုင်းဆီကူးပြောင်းသွားသည်။
"တိမ်လွှာမို့မို့!!!!"
သူကသာ စိုးရိမ်တကြီးပြာယာခတ်နေသလောက် ကုတင်ပေါ်မှာ စောင်တွေနှင့်လုံးထွေးကာ သန်းခေါင်ပေါက်နေသော ကလေးမကြောင့် ဒေါသက ငယ်ထိပ်ရောက်ရပြီ။
"မာမီ! လွှာ အိပ်ချင်သေးတယ်"
"တိမ်လွှာ အခု ထ နော်"
"မာမီကလည်း လွှာ့စကားကိုနားမလည်ဘူးလား အိပ်ချင်သေးပါတယ်ဆိုမှ"
အိပ်မှုံစုံမွှားအသံဖြင့် သူမကပဲ ပြန်ဟောက်နေသောကြောင့် မှိုင်းညှို့စိတ်ပျက်မိရသည်။
"တိမ်လွှာ ငါက နင့်အမေမဟုတ်ဘူး သတိကပ်စမ်းပါ ထစမ်း...အခု ထ"
သြရှရှနှင့်အသံက မာမီအသံမဟုတ်တာကြောင့် လွှာ သတိထားနားထောင်ရင်းဖြင့် အသိဝင်လာသည်က ကိုယ့်အိမ်မှာ မဟုတ်ဘူးဆိုတာ....။လန့်ဖြတ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ နီးနီးကပ်ကပ်မြင်လိုက်ရတဲ့ မျက်နှာချောချောက မှုန်ဝါးဝါးဖြစ်နေရင်းမှ သဲသဲကွဲကွဲ မြင်လိုက်ရသည်။
"အမလေး!!"
တစ်ကိုယ်လုံး ဆက်ခနဲ့တုန်ကာ ကုန်းထ မိတော့ ငုံ့မိုးကြည့်နေသည့် မျက်နှာချောချောကိုခေါင်းနှင့် ဆောင့်တိုက်လိုက်မိပြန်သည်။
"ဟား............တိမ်လွှာမို့မို့"
မှိုင်းညှို့ မျက်နှာအုပ်ကာ ကြိတ်မနိုင်ခဲမရအသံကြီးဖြင့် အော်လိုက်တော့ လွှာမျက်လုံးပြူးသွားရပြန်၏။
~~~~~~~~~
လွှာ ရေမိုးချိုးပြင်ဆင်ပြီး အောက်ထက်ဆင်းလာတော့ မှိုင်းညှို့ လွှာ့ကိုတစ်ချက်မကြည့်ဘဲ ကားရှိရာကို လျှောက်သွားသည်။
တဂွီဂွီအော်မြည်နေသည့် ဗိုက်ကိုပွတ်သပ်ရင်းဖြင့် စူပုတ်ပုတ်မျက်နှာထားဖြင့် ခြေလေးဆောင့်ကာ လွှာ သူ့နောက်ကို မှီအောင်လိုက်ရပြန်သည်။ထမင်းစားခန်းမှာ ပြင်ဆင်ထားသည့် ဟင်းပွဲမျိုးစုံကိုအကြည့်ရောက်သွားပြီး မသိမသာတံတွေးမြိုချနေပြန်သည်။ဒါကိုပင်အလိုက်မသိသည့် ဟင်းနံ့လေးတွေးက မွှေးပျံ့လာနေသည်။မနက်စာ စားဖို့ ခွင့်လည်းမတောင်းရဲ.....ကြည်လင်မနေသည့်အခြေအနေမှာ မုန်တိုင်းထန်သွားနိုင်သောကြောင့် အသာငြိမ်နေရသည်။မှိုင်းညှို့ ဒေါသဖြစ်သည့်ပုံစံကို မမြင်ဘူးသလို မြင်လိုက်ရတော့ ကြောက်စိတ်က အသွေးအသားထဲထိပါ စိမ့်ဝင်နေ၏။
"တက်လေ"
ဒေါသသံမပါသောကြောင့် တိမ်လွှာ၏ ကျဉ်းကျပ်နေသည့်စိတ်ကလေးဖြေလျော့နိုင်ပေမယ့် တင်းမာနေသေးသည့်လေသံကြောင့် တစ်ဝက်လောက်သာ လျော့နေခဲ့သေးသည်။
အခုကျမှ သူမလုပ်သည့်ပုံစံနှင့် ယုန်သူငယ်မျက်နှာထားကြောင့် မှိုင်းညှို့ ကြာကြာတင်းမထားနိုင်ပါ။သူမအပေါ် တင်းကြပ်မယ်လို့ စိတ်ကူးမိတိုင်း မြင်ရလိုက်မျက်နှာလေးကြောင့် သူ့စိတ်တွေအရည်ပျော်ရစမြဲ။အရင်တည်းက အရှုံးပေးခဲ့ပြီးသားနှလုံးသားသည် သူမ ရှေ့ရောက်လျှင်ပဲ ထပ်ခါထပ်ခါ ရှုံးနိမ့်ရသည့်အတွက် ဖြေသိမ့်နိုင်စွမ်းမရှိတော့ပါ။သူမ မျက်နှာတစ်ချက်ညှိုးရင်ကို ကိုယ်ကမချိမဆန့်ခံစားရသောကြောင့် သူမအလိုကိုလိုက်ပေးမိရသည်။သူမချစ်သူဆီလျှောက်လှမ်းသွားမည့်လမ်းမှာ ကိုယ်က တံတားတစ်စင်းသဖွယ် လမ်းခင်းရပြန်၏။ကိုယ့်အပေါ်မှာ ပြုံးရွှင်သော မျက်နှာလေးဖြင့် လျှောက်လှမ်းသွားသည်ကို သူမအပြုံးကြောင့် ပျော်ရွှင်ရကာ နာကျင်မှုကိုမေ့ဖျောက်ထားနိုင်ခဲ့ပါပြီ။ကိုယ့်အချစ်က ပေးဆပ်ခြင်းလို့ ပြောရအောင်ထိလည်း ကိုယ်တို့ပတ်သတ်ခဲ့ဖူးတာမှမဟုတ်တာ။ မစခင်တည်းက ရှုံးနိမ့်ခဲ့ရတဲ့ ကိုယ်ဟာ အဝေးက ငေးကြည့်ခွင့်လေးသာရခဲ့တာပါ။
~~~~~~~~~~
ဒုတိယတစ်ကြိမ်ရောက်ရှိလာခဲ့သည့် Queen ကုမ္ပဏီသည်ပြောင်းလဲခြင်းမရှိပေမယ့် ခံစားချက်တွေတော့ပြောင်းလဲကုန်ပါပြီ။ပထမတစ်ခေါက်မှာ တက်ကြွသည့်ခြေလှမ်းတို့ဖြင့် လှမ်းဝင်ခဲ့သော်လည်း ခုတစ်ခေါက်မှာတော့ လေပေါ် လမ်းလျှောက်နေရသလို။ ခံစားချက်ကင်းလွတ်နေသဖြင့် တဂွက်ဂွက်မြည်နေသည့် ဖိနပ်သံကြောင့်သာ မဟုတ်လျှင် လမ်းလျှောက်နေသည်ဟုပင်သိနိုင်မည်မဟုတ်။သို့သော်လည်း ထုံးစံမပျက်သည့်ခြေလှမ်းတွေကတော့ သွက်လက်စွာ ရှေ့ဆုံးက ဦးဆောင်နေဆဲ။
သူပျော်ရင် ကိုယ်ပျော်တယ်ဆိုပေမယ့် ကိုယ်မဟုတ်တဲ့တခြားသူတစ်ယောက်နဲ့ပျော်နေတာကိုတော့ ကိုယ်မကြည်ဖြူနိုင်ဘူးလေ။ဒါပေမယ့် သူပျော်ရင်ကိုယ်ပျော်တာပေါ့....ဟာကွာ ဘာတွေလည်း ရှုတ်နေပါပြီ။
ကုမ္ပဏီထဲကိုသာ လှမ်းဝင်လာပေမယ့် တည်ငြိမ်မှုမရှိသေးတဲ့စိတ်အစဉ်က အမျိုးမျိုးပြောင်းလဲကာ ကိုယ့်စိတ်ကိုပင်မခန့်မှန်းတတ်လောက်အောင်ရှုတ်ထွေးများပြာလွန်းလှသည်။
"!!ကိုကို!!....."
ရှိုင်း မာကတ်တင်းဘက်ကို ပြန်စစ်ဆေးကြည့်နေစဉ် နားထဲစူးဝင်လာသည့် အသံဘေးကြောင့် လှည့်ကြည့်လိုက်မိတော့ ချစ်ရသူ babe။
"babe"
ရှိုင်းဆီကို ပြေးလာပြီး ရင်ခွင်ကြားတိုးဝင်ကာ လက်နှစ်ဖက်ကလည်း လွတ်ထွက်သွားမည့်အလား တွယ်နှောင်ထားသည်။ရှိုင်း ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ပြီး လွှာ လက်တွေကို ဖြုတ်ချရန်ပြင်လိုက်သည်။
"ဟင့်အင်"
သူ ဖြတ်ချလျှင်ပင် ပို၍ တင်းကြပ်စွာဖက်ထားသည့်သူမကြောင့် အနည်းငယ်စိတ်အိုက်မိရသည်။ဝန်ထမ်းတစ်ချို့ကလည်း သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြ၏။
"တိမ်လွှာ အိနြေ္ဒထိန်းစမ်းပါ"
"ဟင့်! .....ကိုကို လွှာကလေ ကိုကို့ကိုအရမ်းလွမ်းနေတာ "
"babe ဒီကို ဘယ်လိုရောက်လာတာလဲ"
"အဲ့ဒါကလေ..... မာမီက ကိုကိုနဲ့ လွှာကို ခွဲဖို့အတွက် စီစဉ်နေတာလေ ဒါနဲ့ပဲ ကိုကိုက အမရပူရသားပါလို့ ပြောလိုက်တော့ ချက်ချင်းရန်ကုန်ပို့တော့တာပဲ"
"ဟက်! လိမ်တယ်ပေါ့ ဟုတ်လား"
"ဟင်...လွှာမလိမ်ပါဘူး ကိုကို့ဇာတိက အမရပူရပဲလေ"
"ဟွန်း.....ဟုတ်ပါပြီ ဒီကိုရော ဘယ်လိုရောက်ဘာတာလဲ"
"အဲ့ဒါ....ဟို......."
ဖက်ထားသည့်လက်တွေ ဖယ်သွားပြီး နောက်ကလူကို လက်ညှိုးထိုးပြလိုက်မှ ရှိုင်း နောက်လူရိပ်ကိုသတိထားမိသည်။
မှိုင်းညှို့ ဒီအခြေအနေကြီးကိုရင်ဆိုင်ရမည်ဆိုတာ ကြိုသိထားပေမယ့် မျက်စိရှေ့မှာ မလွှဲသာမရှောင်သာ မြင်တွေ့လာပြန်တော့လည်း နှလုံးသားလေးက ခံနိုင်ရည်မဲ့ခဲ့ပါပြီ။ကြာကြာမကြည့်နိုင်သောကြောင့် ဝန်ထမ်းတွေအလုပ်လုပ်နေသည့်ဘက်ကိုသာ ကြည့်နေမိ၏။
"ကိုကြီး"
ရှိုင်း၏ ခေါ်သံကြောင့်နာကျင်မှုတွေမမြင်နိုင်အောင်ဖုံးကွယ်ပြီးပြုံးပြလိုက်ရပြန်သည်။အသက်မပါသည့်အပြုံးတို့ဖြင့်မျက်ဝန်းတွေထဲမှာဆွေးရီနေသည်ကို ရှိုင်းတစ်ယောက် သတိမထားမိဘဲနေမလား။
"မနေ့က အကိုပြောတဲ့ ဒီကုမ္ပဏီမှာ အလုပ်တစ်နေရာစာတောင်းတာသူအတွက်ပဲ"
"သြော်.......ရတယ်လေ ဒါပေမယ့် အလုပ်အတွက်အတွေ့အကြုံယူရအောင် မားကတ်တင်းမှာပဲ စလုပ်ရမှာနော် ....မမမိုး...... သူ့အတွက်နေရာစီစဉ်ပေးလိုက်ပါ နောက်မှ မင်းအခြေအနေကိုကြည့်ပြီး နေရာအပြောင်းအရွေ့စီစဉ်ကြတာပေါ့"
အလုပ်မဲ့ပတ်သတ်လာတော့ကိုကို့ မျက်နှာထားရော အပြောအဆိုပါပြောင်းလဲသွားသည့်အတွက် လွှာ သဘောမကျချင်တော့။ခုချိန်စိတ်ဆိုးရင်လည်း ကိုကိုက ချော့မှာမဟုတ်။ အလုပ်ချိန်ပြီးမှ စိတ်ကြိုက်ကို ကောက်တေးလုပ်ပစ်ရမယ်။
"ညီ ...ကိုကြီး ပြောစရာရှိတယ်"
"ကျွန်တော်လည်းမေးစရာရှိတယ်"
"နေအုံး....ကိုကိုနဲ့ ဦးမှိုင်းညှို့ရှင် က ဘယ်ချိန်က သိသွားကြတာလဲ"
ရှိုင်း ဘာမှမပြောမိဘဲ လွှာကိုတစ်လှည့် မှိုင်းညှို့ကိုတစ်လှည့်ကြည့်နေမိခဲ့သည်။မှိုင်းညှို့သည် လွှာ့ကို ဘုကြည့်ကြည့်လိုက်ပြီး.....
"မင်း သိစရာမလိုဘူး"
"လိုတယ်! လွှာ သိဖို့လိုတယ်လေ"
"............"
"ညီမလေး မမနဲ့လိုက်ခဲ့ပါ"
ကိုကိုတို့ပတ်သတ်မှုကိုပြောမပြခဲ့ဘဲ ထွက်သွားသည်ပိုလည်းမလိုမကျမိရသလို ကိုကို့အတွေးရေးမှူးဆို့သည့် အမကိုလည်း သဘောမကျ။ အလိုမကျမှုတွေစုပြုံကာ စူပုတ်ပုတ်မျက်နှာထားလေးဖြင့် အတွေးရေးမှူး မမနောက်ကိုသာ လိုက်ခဲ့ရတော့၏။
~~~~~~~~~~~~
မှိုင်းညှို့ တိတ်ဆိတ်နေသည့် အိမ်မှာ အခန်းတံခါးတွေလိုက်ဖွင့်ကြည့်ရင်း တစ်စုံတစ်ခုကို သဲကြီးမဲကြီး လိုက်ရှာနေ၏။မျက်နှာမှာလည်း စိုးရိမ်နေသည့်အရိပ်အယောင်က အထင်းသားပေါ်လွင်လာသည်။
"အန်တီသူဇာ....."
"ဟေ...သားဖြစ်လို့လဲ ဘာပျောက်လို့လဲ"
"ကလေး....ကလေးဘယ်မှာလဲ"
"ဘယ်က ကလေးလဲ သားရဲ့"
"ဟို.....ဟိုကလေးမလေး"
"ဖြူလေးကိုပြောတာလား "
မှိုင်းညှို့ ခေါင်းငြိမ့်ပြပြီး မျက်လုံးကလည်း လိုက်ရှာနေခဲ့သည်။
"ဖြူလေးကလေ ဒီနေ့မနက်ခင်းနိုးကတည်းက မျက်နှာမကောင်းဘူးကွယ် ငူငူငိုင်ငိုင်နဲ့ အရင်ရက်တွေက ဒီလိုမဟုတ်ပါဘူး ဒီကလေးမတစ်ခုခုဖြစ်နေပုံရတယ်"
"ကျွန်တော် သိတယ် အခုဘယ်မှာလဲ"
"ဟို........အန်တီသူဇာလည်း သူ့ကို ဒီတိုင်းလွှတ်ထားလိုက်တာ ဘယ်သွားမှန်းမသိဘူး"
ဒီနေ့က ဦးနေဂုဏ်ရောင်တို့ ဆုံးတာ ၆နှစ်ပြည့်သည့်နေ့မဟုတ်လား....။မှိုင်းညှို့သည် ဒီလိုနေ့မျိုးမှာ အဖြူ့စိတ်တွေ ဆောက်တည်ရာမဲ့နေနိုင်မည်ဆိုတာ ကိုယ်ချင်းစာမိသည်။စိတ်ထွက်ပေါက်ဖြစ်ရာတစ်စုံတစ်ခုကို ပြုလုပ်နိုင်သော်လည်း မှားယွင်းသည့် ထွက်ပေါက်ဆီကို မရောက်နိုင်အောင်တော့ တားဆီးရမည်။
တွေ့ပါပြီ။ အောက်ထပ်၏ဝရန်တာလေးမှာ ဒူးနှစ်ဖက်ပွေ့ဖက်ထားပြီး ဝရန်တာတိုင်လေးကိုခပ်လျောလျောမှီထိုင်နေသည်။မျက်ဝန်းအိမ်မှာ မျက်ရည်တွေပြည့်နေပေမယ့် စီးကျမလာဘဲ လှုပ်လီလှုပ်လဲ့ ခတ်နေသည်။တစ်နေရာတည်းကို စူးစိုက်ကြည့်နေသော မျက်ဝန်းတွေမှာ နာကျဉ်းရိပ်တွေတွေ့မြင်နေရသလို ဝမ်းနည်ကြေကွဲနေသည်ကိုလည်း အထင်းသားတွေ့မြင်နိုင်သည်။သူ ကြည့်နေစဉ်မှာပင် ခြေချောင်းတွေပါ ဖုံးအုပ်နေသည့် ဂါဝန်စကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့်လက်ကလေးမှာ တဖြေးဖြေးအားလျော့သွားပြီး ပါးစပ်ကလည်းတစ်စုံတစ်ရာရေရွတ်နေလျက် ခေါင်းလေးတစ်ဖက်ကိုစောင်းကျသွားသည်။
လျင်မြန်လှသည့် မှိုင်းညှို့ခြေလှမ်းတွေက သူမဘေးမှာရောက်သွားပြီး သူမနှင့်ယှဉ်ထိုင်လိုက်ပြီးသား ဖြစ်နေပြီ။ပြိုလဲကျသွားသည့် သူမ ခန္ဓာကိုယ်လေးသည် မှိုင်းညှို့ရင်ခွင်ကြားမှာ တအိအိပြိုလဲကျလာပြီး သူ့အင်္ကျီ စ ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ငိုကျွေးနေ၏
ထိတွေ့နေသည့်ခန္ဓာကိုယ်ဆီမှ ဝမ်းနည်းနာကျင်မှုတွေက သူ့ဆီကိုပါ ကူးစက်လာပြီး သူလည်း မျက်ရည်ကျရသည်။သူမခေါင်းလေးကို ဖွဖွပုတ်ပေးနေရင်း သူမ အားရအောင်ငိုစေလိုက်သည်။
အတော်ကြာမှ အဖြူ သူ့ရင်ခွင်ထဲက ရုန်းထွက်မိသည်။သူအနားရောက်လာသည်ဆိုသော အသိက အဖြူ့အတွက် အားကိုးရာရှာတွေ့မိသလို.....တပ်မက်မိသည့် မေတ္တာကို အလောတကြီးလိုချင်မိသောကြောင့် သူ့ရင်ခွင်ထဲရောက်သည်နှင့် အထိန်းအချုပ်မဲ့ငိုကျွေးမိခြင်းပင်။မျက်ရည်တွေကိုကမန်းကတမ်းသုတ်လိုက်ပြီး ထိုလူကြီးကိုသေချာကြည့်မိ၏။ သူ၏ မိုးပြာရောင် အင်္ကျီရင်ဘက်မှာလည်း အဖြူ့မျက်ရည်တွေ စိုရွဲနေသည်။အဖြူ အားနာသလိုလေးကြည့်မိတော့ သူက နွေးထွေးစွာ ပြုံးပြလာသည်။
တစ်စုံတစ်ယောက်ဆီမှ ပထမဆုံးအကြိမ်နွေးထွေးသည့်အပြုံးကို မြင်လိုက်ရသည့်အတွက် လှိုက်တက်လာသည့် ဝမ်းနည်းစိတ်ကြောင့် နောက်တစ်ကြိမ် ငိုမိပြန်၏။ဒီအခါ သူက အဖြူ့ခေါင်းကို ခပ်ဖိဖိအုပ်ကိုင်လာပြီး မျက်ရည်တွေသုတ်ပေးသည်။
"သမီး......သမီး မိဘတွေဆီသွားချင်လား"
အဖြူ မျက်ရည်တွေကြားက မျှော်လင့်ချက်မျက်နှာလေးကို မှိုင်းညှို့ မြင်တွေ့ရသည်။သူခပ်ဖွဖွလေးပြုံးလိုက်တော့ သူမက အလေးအနက်စဉ်းစားနေသလို.... ။ထို့နောက်မှာတော့ ထိတ်လန့်သည့်အသွင်ပြောင်းသွားသည်။
"ဘာဖြစ်လို့လဲ သမီး၊ သမီး သွားချင်နေတာ ဦး သိတယ် "
"""ကြောက်တယ်"""
ဘေးက ချထားသည့် စာအုပ်လေး ချရေးလိုက်သည့် စကားလုံးလေး နှစ်လုံးကြောင့် မှိုင်းညှို့ ရိပ်မိသလိုရှိလာသည်။
"ဘာမှမကြောက်ပါနဲ့ သမီးရဲ့ ပတ်ဝန်ကျင်ရဲ့ လှုပ်ရှားသက်ဝင်မှုတွေကိုလည်း မြင်တွေ့ရမယ် နူးညံ့တဲ့လေလေးတွေနဲ့လည်း ထိတွေ့ခွင့်ရမယ် သာယာလှပအေးချမ်းတဲ့နေရာတွေကိုလည်း ဦးလိုက်ပို့မယ်၊မြုံနေတဲ့အနာကို ပေါက်ထုတ်ပစ်မှ ထပ်ပြီးမနာတော့တာပေါ့... အိမ်ထဲမှာ ကျိတ်ငိုနေတာထက်စာရင် သမီးမိဘတွေရှိတဲ့နေရာမှာ ခံစားချက်ကို လွတ်လွတ်လပ်လပ်ဖွင့်ထုတ်ချလိုက်တော့မှ သမီး ထပ်ပြီးမခံစားရတော့မှာ၊မမေ့ဖျောက်နိုင်သေးရင်တောင် ဖြေသိမ့်နိုင်မှာလေ ၊သမီး ဒီလို ခံစားနေရမယ်ဆိုရင်သမီးရဲ့အနာဂတ်ပျောက်သွားနိုင်တယ်နော်"
"..........."
"ကဲ သွားမယ် "
အဖြူ့လက်ကို ဆွဲယူ ထ စေလိုက်တော့ စာအုပ်ထဲမှာ တစ်စုံတစ်ရာကို ကုန်းရေးနေပြန်သည်။
"""မမလွှာ မသိပါစေနဲ့နော် မမလွှာကိုကြောက်တယ်"""
"သြော်....ဦး နားလည်ပါပြီ..... သမီးမမလွှာက အလုပ်သွားတယ်"
ဒီတော့မှအဖြူသည် ပြုံးရွှင်စွာပင် ခေါင်းညိမ့်ပြလာတော့သည်။