book

Index 18

အပိုင်း(၁၈)

ကြွေလွင့်မျက်ရည်



ဝန်ထမ်းကောင်မလေးကို ပြန်နှုတ်ဆက်ရင်း အကြည့်ရောက်သွားသည်က အဖြူရောင်လည်စည်းအင်္ကျီလေးပေါ်အနက်ရောင်ကုတ်ထပ်ဝတ်ထားပြီး ဒူးအထက်စကပ်တိုလေးနှင့်အဖျားလိပ်ထားသည့်ဆံပင်အရှည်တွေကိုကပိုကရိုဖြန့်ချထားသည့်မိန်းကလေး၊ဘယ်နေရာ ဘယ်ရာထူးမှန်းတန်းသိနိုင်လောက်သည့် ခြေလှမ်းတွေဖြင့်စမတ်ကျစွာလျှောက်လာသည့် အတွေးရေးမှူးမလေး မိုးကိုလှမ်းမြင်လိုက်ရသည်။အလုပ်ကိစ္စအတွက်ဖုန်းပြောခဲ့ဖူးပေမယ့်အသံမဖမ်းမိခဲ့။ အခုတော့ မှိုင်းညှို့သူငယ်ချင်းတဲ့လား။


"ညှို့ ဘယ်က ဘယ်လို...."


"မိုး....နင်က....."


"ငါက MDရဲ့အတွင်းရေးမှူးပဲပေါ့ "


"ဒါက ဦးနေဂုဏ်ရောင်ရဲ့ကုမ္ပဏီမဟုတ်လား ဒါပေမယ့် CEO နာမည်က....."


မသိနားမလည်ခြင်းများစွာနှင့် စကားကိုဆုံးအောင်မပြောနိုင်သော်လည်း ထိုစကားတွေကို သိနှင့်သလိုပုံစံနှင့်မိုး ကပဲဖြတ်ပြောသည်။


"နင်က ကြိုချိန်းထားတဲ့ Green heartရဲ့ဥက္ကဌမဟုတ်လား.....လာ....ငါတို့ရုံးခန်းထဲသွားကြမယ်"


"ဘာတစ်ခုမှကိုနားမလည်တော့ဘူး.....ဟူး....."


မှိုင်းညှို့ လေးလေးပင်ပင်သက်ပြင်းချသံနှင့်အတူ ခြေလှမ်းကျဲကြီးတွေဖြင့်လျှောက်သွားသည့် မိုး နောက်ကို မှီအောင်လိုက်ရသည်။


~~~~~~~~~~~~


"မမမိုး ဒီစာရင်းတွေကို လက်မှတ်ထိုးပြီးပြီ၊ နောက် schedule တစ်ခုပြီးရင်ကျွန်တော်သွားစရာရှိတယ် အစည်းအဝေးကိုကျွန်တော်ပြန်လာမှလုပ်ကြတာပေါ့"


အခန်းထဲဝင်လာသည့်လူရိပ်ကိုမြင်သည်နှင့် တရစပ်ပြောချလိုက်သည့် ရှိုင်းထံမှ စကားများ......မိုး ဆိုတာလဲ အခန်းထဲကိုတံခါးမခေါက်ဘဲဝင်လာနေကြလေ။


"နောက် scheduleစပါပြီ......ဒါက Green Heartရဲ့ ဥက္ကဌ မှိုင်းညှို့ရှင်တဲ့"


"သြော်......ဟုတ်ကဲ့.... တွေ့ရတာဝမ်းသာပါတယ်ဗျ ကျွန်တော်က ရှိုင်းဝဠာထွဋ် ပါ"


မိုးစကားကြောင့် ဆက်ခနဲ့မော့လာပြီး မှိုင်းညှို့နဲ့ လက်ဆွဲနှုတ်ဆက်လာသည်။


"ထိုင်ပါအုံး....မမမိုး ကော်ဖီဖျော်ခဲ့ပေးပါနော်"


"ဟုတ်ကဲ့ MD"


မှိုင်းညှို့မှတ်မိတာပေါ့.....တောင်သမန်က ချစ်ငှက်မောင်နှံ......တိမ်လွှာရဲ့ချစ်သူ.....။အဝေးကမြင်ရသောကြောင့် သေချာမမြင်ရသည့်မျက်နှာသည် အရမ်းကိုနုငယ်နေသည်။မှိုင်းညှို့ထက်ငယ်အုံးမလားပဲ။ကျစ်လစ်သန်မာလှသည့်ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အရပ်အမောင်းက မေးရိုးကားသောမျက်နှာနှင့်လိုက်ဖက်ညီစွာဖြောင့်ဆင်းကာသန်မာထွားကျိုင်းလှသည်။ရှမ်းစပ်သလား တရုတ်သွေးနှောသလားမသိ မိန်းကလေးပင်အရှုံးပေးရလောက်အောင် ဖြူဝင်းနေသည်။အညိုရောင်လဲ့နေသည့် မျက်ဝန်းများက တစ်ချက်အကြည့်မှာ ညှို့ထက်အပြည့်ပါနေသယောင် ငေးခနဲ့ဖြစ်ရသည်။အများနှင့်မတူထူးဆန်းသည့်မျက်ဝန်းအိမ်လည်းပိုင်ဆိုင်ထားပြန်သည်။ခပ်ညိုညိုဆံပင်တွေကို နောက်လှန်ဖြီးထားပြီး နဖူးပေါ်မှာဆံစတစ်ချို့ခပ်စွေစွေဝဲကျနေသည်။တည်တင်းမထားသော်လည်း အပြုံးမရယ်မရှိသောမျက်နှာထားက လူကိုရှိန်စေနိုင်သည်။တစ်ခါတစ်ခါ ပေါ်ထွက်လာတတ်သည့် အရယ်အပြုံးကလည်း ညှို့ဓာတ်တစ်မျိုးပါနေပြန်သည်။


တိုက်ဆိုင်လှပါလား...ဘယ်လိုရေစက်ကြောင့်များလာဆုံတွေ့နေရပါလိမ့်။အလုပ်ကိစ္စအတွက်ကောင်းသောတွေ့ခြင်းပေမယ့် နှလုံးသားအတွက်တော့ ကောင်းသောတွေ့ခြင်းမဟုတ်နိုင်ပါ။အချစ်ဆိုတဲ့ ခံစားချက်ကို ဖြစ်တည်ဖို့ဘာတွေလိုအပ်နေသလဲ....ရုပ်ရည်လား...အဆင့်အတန်းလား..ဂုဏ်ရွှေငွေတွေလား အောင်မြင်မှုတွေလား ဂရုစိုက်မှုတွေလား....အလေးအနက်ထားခြင်းတွေလား......မှိုင်းညှို့အကဲခတ်ကြည့်မိသလောက် ရှိုင်းနဲ့မှိုင်းကွာခြားချက်က ဘယ်လောက်မှမရှိ။တိမ်လွှာ မျက်လုံးထဲ ဘာများကွားခြားနေသလဲ။ဒါတွေတစ်ခုမှမပါတဲ့ ဖြူစင်တဲ့သူ့အချစ်ကို လွှာ မမြင်နိုင်ခဲ့သည်လား။စွန့်လွှတ်ပြီးသားနှလုံးသားက ရှေ့မှာမြင်တွေ့လာရပြန်တော့လည်း အတ္တကြီးချင်မိသည်။


"ညှို့!!"


"ဟင်!"


ပခုံးကိုလာပုတ်လာသည့်လက်ကြောင့် ယောင်ယောင်နနဖြစ်ရပြန်သည်။အသက်၃၀ကျော်လူကြီးတစ်ယောက်ပေမယ့်နှလုံးသားကတော့နုနယ်ဆန်းသစ်နေဆဲပဲ....ခံစားနာကျင်တတ်တယ်...ဝန်တိုအပြစ်ဖွဲ့တတ်တယ်..... သို့ပေမယ့်......။


"ညှို့ ကော်ဖီသောက်လေ....တစ်နေကုန် MD မျက်နှာဘဲ ထိုင်ကြည့်နေတော့မှာလား"


"အင်...ဟင်...မဟုတ်ပါဘူး"


အဲ့လောက်ထိ ပုံပျက်နေတာလား။


ရှိုင်းက နောက်ထပ်ရောက်လာသည့် စာရင်းတွေကိုပြန်စစ်နေရင်း ရှေ့ကလူကို ဂရုမစိုက်မိပေမယ့် သူ့ကိုစိုက်ကြည့်နေသည်ကိုတော့ သတိထားမိသည်။မမမိုး ခနခနသတိပေးနိုင်သောကြောင့်သာ သူ့ဆီမှအကြည့်လွှဲလွှဲသွားတတ်သည်။မျက်နှာဆိုင်သာ ထိုင်နေကြသော်လည်း စကားပြောဆိုခြင်းမရှိကြဘဲ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်ကြသည်မှာ အချိန်တော်တော်ကြာလေပြီ။


"ကျွန်တော်တို့က The Queen အတွက် လိုအပ်သည့်အရာအစစကို ကူညီပေးသွားမှာပါ....နေရာထိုင်ခင်း၊အဝတ်အထည်နဲ့လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း လှူဒါန်းသွားမှာပါ....ဂေဟာကိုကျွန်တော်တို့အဖွဲ့လိုက်လာခဲ့မယ်ဆိုရင်အဆင်ပြေမလားဗျ"


"ဟုတ်ကဲ့!အဆင်ပြေတာပေါ့.... The Queen ကကြိုဆိုလျက်ပါ...ကျွန်တော်တို့ကိုအခုလိုအားတက်သရောကူညီပေးတဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာ...ဒါက ဖွင့်ပွဲဖိတ်စာပါ တစ်ဖွဲ့လုံးကိုလည်းဖိတ်ပါတယ်နော်"


"ဟုတ်ကဲ့...... "


ရှိုင်းကမ်းပေးလာသည့်ဖိတ်စာကဒ်လေးကို ကြည့်ရင်းပြုံးလိုက်ပြီးမှ စားပွဲပေါ်အသာလေးတင်ထားလိုက်သည်။


"ကျောင်းရဲ့အပြင်အဆင်တွေက အရမ်းကိုဆွဲဆောင်မှုရှိတယ် စိတ်ကူးကောင်းတယ်နော်....ဒီရက်ကိုရွေးလိုက်တာလည်း ဘယ်လိုစိတ်ကူးတွေများရှိနေလဲ သိခွင့်ရမလား"


ရှိုင်းထံမှ မချိပြုံးလေးဖြစ်ပေါ်လာသည်။


"ကောင်းခြင်းမဟုတ်တဲ့ အမှတ်တရနေ့ပေါ့ မေ့ပျောက်ထားချင်တဲ့နေ့ဆိုလည်းမမှာဘူးပေါ့ မေ့ချင်လျက်နဲ့ အမှတ်ရနေအောင်လို့ ဒီနေ့ကိုတမင်ရွေးလိုက်တာပါ"


ဖိတ်စာလေးကိုညွှန်ပြရင်းခပ်ဆွေးဆွေးထွက်ကျလာသည့်စကားတွေနောက်မှာ နာကျင်ကြေကွဲဖွယ် အတိတ်တစ်ခုရှိမည်ဆိုတာ မှိုင်းညှို့အကဲခတ်မိသည်။


"ကျွန်တော်သိချင်တာတစ်ခုမေးလိုရမလား"


ရှိုင်း ခေါင်းညိမ့်ပြလိုက်သည်။မိုး ကပါစိတ်ဝင်တစားနဲ့ ဘေးက ခုံမှာဝင်ထိုင်လာသည်။


"ဒီကုမ္ပဏီက အရင်က ဦးနေဂုဏ်ရောင်ဦးစီးတဲ့ရတနာမြိုင်ရဲ့ပိုင်ဆိုင်မှုတစ်ခုဆိုတာ ကျွန်တော်သိထားတယ် ခင်များက ရတနာမြိုင်နဲ့ ဘာတော်တာလဲ..... ကျွန်တော့်စကားရိုင်းသွားရင် ခွင့်လွှတ်ပါ"


ရှိုင်း မျက်မှောင်ကုပ်ကာ မှိုင်းညှို့ကို စူးစိုက်ကြည့်နေသည်။


"ခင်များက ဒီအကြောင်းကိုသိတယ်လား....မမမိုးနဲ့လည်းသိနေတယ်"


"ဟုတ်တယ် ဝဠာ.... မိုးနဲ့ ညှို့က ငယ်သူငယ်ချင်းတွေ"


"အင်း.....ဇာတ်လမ်းက စိတ်ဝင်စားစရာဘဲ ခင်များနဲ့ကျွန်တော်ကြားမှာ ကျွန်တော်တို့မသိနိုင်တဲ့ဆက်နွယ်မှုတစ်ခုရှိမှာဘဲ၊ ကျွန်တော် သိချင်မိတယ်၊ ကျွန်တော်တို့ အစဖော်ကြတာပေါ့ ဒါဆိုရင် ရတနာမြိုင်ရဲ့ပြသနာအရင်းအမြစ်ကိုသိနိုင်လိမ့်မယ်"


ရှိုင်းမစပ်စုစဖူး စပ်စုမိပြီ.....ရတနာမြိုင်ကလည်း ကိုယ့်အိမ်ကိုယ်ယာလိုဖြစ်နေပြီ....နောက်ကြောင်းတွေကလည်း တစ်ခုမှရိုးရှင်းမှုမရှိသောကြောင့် သူ သိရမှဖြစ်တော့မည်။


"အဲဒီတော့ခင်များကို ယုံကြည်စွာနဲ့ပဲ ကျွန်တော်ပြောပြမယ်"


"ရပါတယ် ကျွန်တော်နဲ့လည်း ဘာမှမဆိုင်ပေမယ့် ခင်မင်မှုတစ်ခုကြောင့် ဒီကုမ္ပဏီနဲ့ရင်းနှီးမှုရှိတယ်"


"ဟုတ်တယ် ဂေဟာဖွင့်ပွဲလုပ်မယ့်နေ့က ဦးနေဂုဏ်ရောင်တို့ ဆုံးတာ ၆နှစ်ပြည့်တဲ့နေ့ပဲ ရိုးရှင်းသလောက် ရှုပ်ထွေးတဲ့ သေဆုံးမှု.... နောက်ကွယ်မှာအကြောင်းတရားတစ်ခုရှိမယ်လို့ကျွန်တော်ယုံတယ် ခင်များသိချင်နေတဲ့ ကျွန်တော်ရဲ့ပတ်သတ်မှုကတော့ ဦးဂုဏ်က မိဘမဲ့ဖြစ်သွားတဲ့ကျွန်တော့်ကို မွေးစားခဲ့လို့ ဒီနေရာကိုရောက်ခဲ့ရတာပဲ"


ရှိုင်းပြောရင် မြင်ယောင်နေခဲ့သည်က ထိုနေ့က ကားတိုက်မှုမြင်ကွင်းများ။သက်ပြင်းရှည်ကြီးဖွဖွချလိုက်ပြီး မှိုင်းညှို့ကို လှမ်းကြည့်တော့ တွေးဆဆလေးနှင့်စကားသံတစ်ချို့ မှိုင်းညှို့ဆီမှ ထွက်ကျလာသည်။


"ဟိုးအတိတ်တစ်ခုမှာ ဦးနေဂုဏ်ရောင် ၊ဦးသိုက်ထွန်း ဒေါ်လရိပ်ရောင်နဲ့ ဒေါ်မိုးမြတ်ကြည် ဆိုတဲ့ သူငယ်ချင်းလေးယောက်အရမ်းချစ်ကြတယ်"


မှိုင်းညှို့စကားက ပုံပြင်တစ်ခုလိုဖြစ်နေသည်လားမသိ...ရှိုင်းနဲ့မိုး ခန္ဓာကိုယ်ကိုနေရာပြင်ထိုင်လိုက်ကြပြီး စိတ်ဝင်းတစားနားထောင်နေကြသည်။ရှိုင်းဝဠာနဲ့မိုးပုံစံက ပုံပြင်ပြောနေသည့်အနား မျက်ဝန်းဝိုင်းဝိုင်းလေးတွေနှင့်စိတ်ဝင်တစားနားထောင်နေကြသည့်ကလေးငယ်များအသွင်။


"ဦးဂုဏ်နဲ့ အန်တီလရိပ်က အမွှာတွေလေ...လေးယောက်သားကျောင်းတက်နေတုန်းအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေတဲ့ ....အန်တီလရိပ်က ဦးသိုက်ထွန်းဆိုတဲ့လူကို ကျိတ်သဘောကျနေတာ.... ဦးသိုက်ထွန်းမှာက သူတို့သူငယ်ချင်းထဲကမဟုတ်တဲ့ ဒေါ်မြနှစ်ဆိုတဲ့အမျိုးသမီးနဲ့ ချစ်သူဖြစ်နေတယ်လေ.... အန်တီလရိပ်က ဦးဂုဏ်ကိုပြန်တိုင်တယ်၊ သူကိုပြန်ချစ်ဖို့ပြောခိုင်းတယ်၊ အဲ့မှာပြသနာတွေစတော့တာပဲ ကိုယ်ကို့ပြန်ချစ်ပါလို့ အတင်းအကြပ်ခိုင်းလို့မှမရတာ၊ ပိုဆိုးတာက ဦးဂုဏ်က ဦးသိုက်ထွန်းဘက်ကပဲကာကွယ်ပဲနေတော့ မောင်နှမချင်းသွေးကွဲကုန်ကြရောပဲ......အဲ့ဒီနောက်မှာ ဦးသိုက်ထွန်းက ဒေါ်မြနှစ်ကို ခိုပြေးပါလေရော....တစ်ဖက်သတ်ဖြစ်နေတဲ့ ဒေါ်လရိပ် အကြီးအကျယ်ကမ္ဘာပျက်တော့တာပဲ.... ဒေါ်မိုးမြတ်ကြည် ကလည်းဒေါ်လရိပ်ဘက်ကနေပေးတယ်......အဲ့ဒီတည်းကသူငယ်ချင်းတွေ သွေးကွဲသွားကြပြီး အမုန်းတရားတွေနဲ့နေထိုင်ကြတယ်......ဒေါ်လရိပ်ကဒေါ်မြနှစ်ရဲ့မောင် ဦးမိုးတိမ်တိုက်နဲ့ ခိုးရာလိုက်ပြေးတော့ ဒေါ်လရိပ်မိခင်ဒေါ်ပန်းရမုံက သူသဘောမတူတဲ့ ယောက်ျာနဲ့ယူလို့ အမွေပြတ်ကြော်ငြာလိုက်တယ် တကယ်လည်း ဒေါ်လရိပ်ကိုအမွေမပေးခဲ့ဘူး"


"ဦးမိုးတိမ်တိုက်က ဒေါ်မြနှစ်ရဲ့မောင်!!!"


"ဟုတ်တယ် မင်းသိတယ်လား"


"ဦးသိုက်ထွန်းဆိုတာ ကျွန်တော့်အဖေ ! ဟွန်း.....တကယ့်ရေစက်ဆိုးပဲ ခင်များပြောတယ်နော် ဒေါ်လရိပ်ကိုအမွေမပေးခဲ့ဘူးဆိုတာ တကယ်မဟုတ်ဘူး ဦးဂုဏ်နဲ့ဒေါ်လရိပ်ကို အမွေတွေအချိုးတူပေးခဲ့တာပဲ ဒါပေမယ့်တခြားပိုင်ဆိုင်မှုတွေကိုတော့ အဖြူရောင်ကြိုးနာမည်နဲ့ လွှဲပြောင်းခဲ့တာ.....ဒေါ်လရိပ်က သူ့သမီးအတွက်မပေးခဲ့လို့ မကျေနပ်ခဲ့ဘူး....ကျွန်တော့်အဖေက အမွေလွှဲပြောင်းရေးစာချုပ်လုပ်ပေးခဲ့တယ်လေ အဖေသေတာလည်းလုံးဝကိုမရိုးသားဘူး အဖေဖြစ်ခဲ့တဲ့ accidentနဲ့ ဦးဂုဏ်တို့ ဖြစ်ခဲ့တဲ့ accidentက အတူတူပဲ အဲ့ဒီအချိန်မှာရှိနေခဲ့တဲ့ ကားကလည်း အတူတူပဲ....ဦးဂုဏ် မတော်တဆဖြစ်ခဲ့တာက မူကြိုကျောင်းအနားလေးမှာ.... ကျွန်တော် မူကြိုကျောင်းကိုဆက်သွယ်ခဲ့တယ် ဒီနေ့ချိန်းထားတယ် "


"ကျွန်တော်ပါ လိုက်ခဲ့မယ် "


"ရတာပေါ့"


ဂေဟာအတွက်ဆွေးနွေးရင်းမှ ရှေးဟောင်းနှောင်းဖြစ်တွေပြောဖြစ်ခဲ့ကြရင်း အတိတ်ကိုတူးဖော်သည့် ဆွေးနွေးပွဲလေးဖြစ်သွားရသည်။။


~~~~~~~


မှိုင်းညှို့နဲ့ရှိုင်း တက်ကြွသည့်ခြေလှမ်းများဖြင့် ကုမ္ပဏီထဲမှထွက်လာကြသည်။


"ကျွန်တော်တို့အတူသွားကြတာပေါ့"


"ကိုလေး ဘယ်သွားမှာလဲ"


"အပြင်သွားစရာရှိလို့.... ညီ ရတယ် ကိုယ့်ဘာသာပဲသွားလိုက်မယ် လိုက်မပို့နဲ့တော့နော်"


"မဟုတ်တာ.....ရပါတယ် ကျွန်တော်လိုက်ပို့မယ်လေ"


"ဧည့်သည်လည်းပါသေးတယ်ဆိုတော့ နေပါစေ သိပ်လည်းမကြာပါဘူး ဂေဟာအတွက်အသုံးပြုစာရင်းတွေလာပို့လိမ့်မယ် ညီ စစ်ကြည့်ထားလိုက် ကျွန်တော်ပြန်လာမှ လက်မှတ်ထိုးပေးမယ်"


"ဟုတ်ကဲ့ ကိုလေး..."


ရှိုင်း ယုံကြည်မယ်နော် ဆိုသည့်အကြည့်ဖြင့်ခေါင်းငြိမ့်ပြပြီးမှိုင်းညှို့နဲ့အတူ ထွက်လာခဲ့သည်။


ကျန်ခဲ့သူမှာတော့.......


~~~~~~~~~


"သူ ထွက်သွားပြီး အချိန်ဆွဲထားလိုက်ပါ"


"............."


"ဘယ်နေရာမှန်းတော့ အတိအကျပြောမသွားဘူး"


".................."


"ကားနံပါတ်ပို့လိုက်မယ် သူတို့သွားတဲ့နေရာကို အတိအကျပြန်ပြီးသတင်းပို့ပါ မရိပ်မိစေနဲ့နော် ကိုလေးက အရမ်းပါးနပ်တာ"


"................"


ဖုန်းချပြီး ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ကာ ကုမ္ပဏီထဲလှမ်းဝင်သွားသည့် လူတစ်ယောက်။


~~~~~~~~~~~


"ခင်များက ကျွန်တော့်ထက်အသက်ကြီးမယ်ထင်တယ် "


ရှိုင်း စကားစ,လိုက်တော့ မှိုင်းညှို့က ခပ်ပြုံးပြုံးနှင့်....


"ကျွန်တော်က ၃၃"


"ကျွန်တော်က ၂၆"


"ညီ " "ကိုကြီး"


ပြိုင်တူခေါ်လိုက်ကြပြီး ပြိုင်တူရယ်လိုက်မိကြသည်။


"ဒီလိုဆိုတော့ ပိုရင်းသွားတာပေါ့"


"ကိုကြီးနောက်မှာ ကားပါလာတယ်"


မှိုင်း အရှိန်လျော့ကာ လမ်းဘေးတိုးပေးလိုက်ပေမယ့် နောက်ကားက ကျော်မတက်ဘဲ ခပ်ကပ်ကပ်လေးမောင်းနေသည်။


"ကိုကြီး နေရာလဲရအောင်"


"ဟမ်!"


ရှိုင်း မောင်းသူနေရာဝင်ထိုင်လိုက်ပြီး မှိုင်းညှို့ ရှိုင်းနေရာကိုပြောင်းထိုင်လိုက်ပြီးကားထဲမှာတင်နေရာလဲလိုက်ကြသည်။သူတို့ကားရပ်နေသောကြောင့်နောက်ကားသည်လည်းခပ်လှမ်းလှမ်းမှာရပ်သွားသည်။ရှိုင်းသည် နောက်ကြည့်မှန်ထဲမှာ ပေါ်နေသည့် ကားကိုခပ်စူစူးကြည့်ပြီး စတီယာတိုင်ကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်ကာ အမြင့်ဆုံးအရှိန်နှင့်မောင်းထွက်ခဲ့လိုက်သည်။ရုတ်တရက်ငြိမ်သက်နေပြီးမှ လှစ်ခနဲ့ထွက်သွားသည့်ကားကြောင့် နောက်ကကားထဲမှလူသည်လည်းကြောင်ရပ်နေရာမှအမြန်မောင်းလိုက်ရသည်။


အသွားအလာအနည်းငယ်ရှင်းနေချိန်ဖြစ်သောကြောင့် လမ်းချိုးတစ်ခုနှင့်တစ်ခုကို အရှိန်မလျော့ဘဲ ကျွမ်းကျင်စွာမောင်းနှင်နေသည့် ရှိုင်းမှာ တုန်လှုပ်မှုမရှိပေမယ့် မှိုင်းညှို့တစ်ယောက်တော့ ဘုရားတ.နေရသည်။ကိုယ်တိုင်ကလည်း ဖြေးဖြေးမှန်မှန်သာ မောင်းသူဖြစ်ပြီး တစ်ခါမှလည်း ဒီလိုအမြန်နှုန်းနှင့်မစီးဖူးခဲ့သောကြောင့် မူးချင်ချင်ပင်ဖြစ်ရသည်။နောက်ကားစည်လည်း ဘယ်လမ်းချိုးမှာ မျက်ခြေပျက်သွားသည်မသိ ပါမလာတော့ပေ။


"ညီ မရတော့ဘူး..... ရပ်....ရပ်..."


"ဟမ်....ကိုကြီးဘာဖြစ်တာလဲ"


မှိုင်းသတိပေးသံကြားမှ ရှိုင်းသည် ကားကိုခပ်ဖြေးဖြေးလေးအရှိန်သတ်လိုက်ပြီး လှည့်ကြည့်မိသည်။


ပါးစပ်ကိုအုပ်ကာ ကားတံခါးကိုအတင်းဖွင့်ပြီး အပြင်ရောက်မှာ အန်ချလိုက်သည့် မှိုင်းညှို့ကြောင့်ရယ်ချင်မိသလို စိတ်မကောင်းလည်းဖြစ်မိသည်။ကားထဲမှ ဆင်းပြီး မှိုင်းညှို့ဆီလျှောက်သွားတော့ မျက်နှာတစ်ခုလုံးနီရဲကာ မောဟိုက်နေသည့်ပုံစံကြောင့် ပိုပြီးစိတ်မကောင်းဖြစ်ရသည်။


"ကျွန်တော်တောင်းပန်ပါတယ် ကိုကြီးရယ် ဒီလောက်ထိ ဖြစ်လိမ့်မယ်ထင်မထားဘူး"


မှိုင်းညှို့စကားပြန်မပြောနိုင်ဘဲ လက်ပြနေသည်၊ကားထဲမှ ရေဗူးကိုယူပြီးပေးလိုက်တော့ အငမ်းမရမော့သောက်နေပြန်သည်။


"ဟူး........."


မှိုင်းညှို့မျက်နှာပုံမှန်ဖြစ်သွားပြီဆိုမှ ရှိုင်းသက်ပြင်ချနိုင်သည်။


"ကျွန်တော်တို့လမ်းလျှောက်ကြတာပေါ့ လေကောင်လေသန့်လေးရအောင် လျှောက်နိုင်မယ်မို့လား"


မှိုင်းညှို့ ခေါင်းငိုက်စိုက်ကျနေရင်းမှ လက်မထောင်ပြသည်။


"တောင်းပန်ပါတယ် ထင်မထားဘူး ဒီလောက်ထိဖြစ်လိမ့်မယ်လို့"


"ဒီလောက်အမြန်နှုန်းနဲ့ကားကို ဘဝမှာဒီတစ်ကြိမ်ဘဲစီးဖူးလို့ရုတ်တရက်ရှော့ရသွားတာပါ...ဘာမှမဖြစ်တော့ဘူး အဆင်ပြေသွားပြီ"


"တကယ်အဆင်ပြေရဲ့လား..."


"ပြေတယ်....ပြေတယ်...."


"အဟွန်း...ဟွန်း.....ဟားဟား..."


အခုမှဘဲ စိတ်ပူတာလျော့ပြီး နှစ်ယောက်သာရယ်နိုင်ကြတော့သည်။စကားတပြောပြောနှင့်လျှောက်လာသောကြောင့် မူကြိုကျောင်းလေးဆီကိုလည်း ရောက်မှန်းမသိရောက်လာခဲ့ကြသည်။


~~~~~~~~~~~~


"ဘာအလိုရှိပါသလဲ ဆရာလေးတို့"


"ကျောင်းရှေ့က CCTVကိုစစ်ကြည့်ချင်လို့ပါ အရေးကြီးတဲ့အမှုတစ်ခုအတွက် သက်သေရှာရမှာမို့ပါ ကျွန်တော်တို့တာဝန်အရလုပ်ရတာပါ"


တကယ့် CIBက ပုံစံဖြင့် ပြောနေသော ရှိုင်းကိုကြည့်ကာမှိုင်းညှို့ပြုံးလိုက်သည်။ထွက်မလာခင်က ကုမ္ပဏီဝတ်စုံကိုဂျာကင်အပါးလေးနှင့်လဲဝတ်လာပြီး ဂျင်းပင်နီအကျပ်နှင့်ဆိုတော့ ပုံစံခပ်မိုက်မိုက်၊အပြောအဆိုက အမိန့်ဆန်ဆန်ကြောင့် ယုံကြည်နိုင်ဖွယ်ရာရှိသည်။ဘယ်ချိန်တည်းကပါလာမှန်းသည့်မသိသည့် CIB ကဒ်ပြားကိုထုတ်ပြလိုက်သောအခါ ဆရာမကြီးက သူတို့ကိုအလွယ်တကူဝင်ခွင့်ပေးသည်။


ကျောင်းအုပ်ဆရာမကြီးက သူ့တို့ကိုမယုံသလိုကြည့်နေသောကြောင့် ရှိုင်း ခေါင်းထဲပေါ်လာရာသာ ပြောချလိုက်သည်။CIB ကဒ်ပြားကလည်း အဖေဆီမှ အမွေရပစ္စည်းတစ်ခု။


"ဟုတ်ကဲ့ ကျွန်မနဲ့လိုက်ခဲ့ပါ"


~~~~~


"ကျွန်တော်တို့ကို လွန်ခဲ့တဲ့၆နှစ်က သောကြာနေ့မနက်၉နာရီ ကျောင်းရှေ့က cctvမှတ်တမ်းကိုပြန်ပြပေးပါ"


cctvအစောင့်က screenပေါ်ပုံရိပ်တွေကို အာရုံစိုက် လှုပ်ရှာနေသည်။သူတို့နှစ်ယောက်သည်လည်းမထိုင်အားဘဲ ကွန်ပြူတာ screenဆီကိုသာအာရုံစိုက်နေကြသည်။မှိုင်းညှို့က ခပ်လှမ်းလှမ်းမှ စာပွဲလေးကိုခပ်လျောလျောမှီပြီးလက်ပိုက်ကာကြည့်နေသည်။ရှိုင်းသည် စိတ်ကပဲ လောနေသောကြောင့်လား အငြိမ်မနေနိုင်ဘဲ အနီးကစားပွဲပေါ်လက်ထောက်ကာ ဝန်ထမ်းကို စိတ်မရှည်သလိုကြည့်နေမိသည်။


"တွေ့ပြီဆရာ"


cctvသမားက နေရာဖယ်ပေးလာသောကြောင့် ရှိုင်း သူ့နေရာမှာဝင်ထိုင်ရင်း ကွန်ပြူတာ screenဆီကအကြည့်မပျက်ခဲ့။မှိုင်းညှို့ပါ စိတ်ဝင်တစားနှင့်အနားကပ်ကြည့်လာသည်။


"တကယ်ပဲလား........"


မယုံကြည်နိုင်လို့မဟုတ်ပေမယ့် နှလုံးသားထဲကပါ တစ်ဆစ်ဆစ်နာကျင်လာရသည်က ဘာကြောင့်မှန်းမသိသောကြောင့် နာနာကျင်ကျင်နှင့်ဆိုလိုက်မိသည်။အခုဆိုအဖြစ်အပျက်နှစ်ခုမှာ ရန်သူက တစ်ယောက်တည်းပဲ....။screenပေါ်ကပုံရိပ်တို့ကို ကိုယ်တွေ့ကြုံလာရသည့်ရှိုင်းအတွက် ပိုပြီးထိတ်လန့်စေခဲ့သည်။နောက်တစ်ကြိမ် ထပ်ပြီး ခံစားလိုက်ရသလို ခံစားချက်က အသစ်ဖြစ်နေဆဲပင်။ကိုယ်တိုင်မသိလိုက်ချိန်မှာ မျက်ရည်ပင်ဝဲတက်လာခဲ့သည်။cctvထဲမှာ နောက်ကားကဝင်တိုက်လိုက်သည့်မြင်ကွင်းသည်ထင်ရှားစွာပေါ်နေပြီး နောက်ကားဆီမှ ဆင်းလာသည့် ဦးမိုးတိမ်တိုက်ကိုလည်း ထင်ရှားပြတ်သားစွာပင် မြင်တွေ့ရသည်။ဦးမိုးတိမ်တိုက် ဘယ်လိုမှငြင်းမရသည့်သက်သေတစ်ခုကို လယ်ဝယ်ရလိုက်ပါပြီ။


မှိုင်းညှို့သည်လည်း မျက်နှာပျက်နေခဲ့သည်။ဆွေးရီသည့်မျက်ဝန်းတွေကို မြင်နေရသည်။


"ဒီမှတ်တမ်းကို မင်မိုရီကဒ်ထဲထည့်ပေးပါ"


"ဟုတ်ကဲ့ ဆရာလေး"


~~~~~~


ကျောင်းထဲကထွက်လာသည့်ခြေလှမ်းတွေသည် အရင်ကထက်ပို၍ တက်ကြွနေခဲ့ကြသည်။


ရုတ်တရက် ရှိုင်းနောက်မှ လည်ပင်ကို ဖိညစ်ဖက်တွယ်လာသည့်လက်တစ်စုံ။ ရုန်းကန်လိုက်သည့် ရှိုင်းလက်ကို အမိအရဖမ်းဆုပ်ပြီး ဂျာကင်ဘေးအိတ်ထဲမှ မင်မိုရီကဒ်လေးကို ယူကာ ပြေးထွက်သွားသည်။ရုတ်တရက်အငိုက်တိုက်ခိုက်ခံရသောကြောင့် ပြန်ခုခံခွင့်မကြုံလိုက်ပေ။အဖြစ်အပျက်တွေကမြန်ဆန်လှသည်။


နှစ်ယောက်သားမတိုင်ပင်ဘဲ ထိုလူနောက်ကို ပြေးလိုက်ကြရသည်။


သူတို့ရပ်ထားသည့် ကား အနားအရောက်မှာ ထိုလူက စာရွက်တစ်ရွက်နှင့်ပစ္စည်းလေးတစ်ခုကို ချပြီး လှစ်လှစ်ပါအောင်ပြေးသွားသည်။


ပြေးသွားသည့်လူနောကို ဆက်မလိုက်ဘဲ စာရွက်ကို ဖြန်ကြည့်ကြသည်။အထဲမှာ ရှိုင်း၏ မင်မိရီကဒ်လေးက ကျိုးပဲ့ပျက်စီး နေပြီ။


"'လောကကြီးကိုစိတ်ကုန်နေပြီနဲ့တူတယ် ပါရမီဖြည့်ပေးဖို့လိုရင်ပြောပါ'.....ဘာစကားကြီးလဲ"


"ဟွန့်....ရှင်းနေတာပဲ...သူ့အကြောင်းတွေဖော်ထုတ်လို့ပေါ့"


"လာ......မှတ်တမ်းကိုပြန်သွားယူရအောင်"


နှစ်ယောက်သား မူကြိုကျောင်းပြန်လှည့်ခဲ့ကြပြန်သည်။ဒီတစ်ခါတော့ မှိုင်းညှို့ကပဲ ဦးအောင်..မောင်းသူနေရာမှဝင်ထိုင်လိုက်သောကြောင့် ရှိုင်ရယ်မိခဲ့ရသည်။


_____


"မရှိတော့ပါဘူး အခုလေးတင်ဖျက်ပစ်လိုက်တာ ပြစ်မှုမကင်းတဲ့ဖြစ်ရပ်မို့ဆရာမကြီးက ချက်ချင်းဖျက်ခိုင်းတားပါ"


"သွားပြီ!!!"


cctvအခန်းထဲဝင်လာကြပြီး ပြန်ရှာခိုင်းတော့မရှိတော့ဘူးတဲ့။ဒါမှ ကိစ္စကိုဆုံးရော....။


ခပ်လေးလေးခြေလှမ်းတွေနဲပဲ ပြန်ထွက်လာကြရပြန်သည်။


"ကိုကြီး ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ သက်သေရပြီးမှ ဂရုမစိုက်မိတဲ့ကျွန်တော့်ပေါ့လျော့မှုကြောင့်.... အခုတော့......"


"ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့ ညီရာ.....အမှန်တရားက ခါးတယ်တဲ့ ဒါပေမယ့် အမှန်တရားကမှ ချိုမြိန်နေတာပါ....တခြားသက်သေတွေရနိုင်အုံးမှာပါ တို့တွေကြိုးစားကြတာပေါ့ မင်းလိုအပ်သမျှ အကို ကူညီမယ်"


"ကျေးဇူးပဲ ကိုကြီး....."


"ညီ.....ဟိုမှာကြည့်လိုက်"


ရှိုင်း ပခုံးကို ခပ်ဆက်ဆက်လေးပုတ်ပြီး တစ်နေရာကို ညွှန်ပြလာသောကြောင့် မှိုင်းညှို့ ညွှန်ပြရာကို ရှိုင်း ကြည့်လိုက်မိပြီး နှစ်ယောက်သားပြုံးလိုက်ကြရသည်။


"သူတော်ကောင်း နတ်ကောင်း မ,ပါတယ်ကွာ"


ထို့နောက် သူတို့နှစ်ယောက်၏ ခြေလှမ်းများက ထိုနေရာဆီသို့.......။


~~~~~~~~~~


"ကိုလေး အရမ်းကြာတယ်နော် ဘာပြသနာရှိလို့လဲ ဒါမို့ ကျွန်တော်လိုက်ခဲ့ပါ့မယ်ပြောတာကို ကိုလေးမှ လက်မခံတာ ကိုလေး ဘာဖြစ်သွားသေးလဲ ဘယ်နားထိခိုက်သွားသေးလဲ"


ရှိုင်း ကုမ္ပဏီထဲလှမ်းဝင်သည်နှင့် စကားတွေတရစပ်ပြောကာ ရှိုင်းခြေလှမ်းတွေမှီအောင် လှမ်းလိုက်ရင်းပြောလာသည့် J။


"မင်းက ငါ့ကို ဘာဖြစ်စေချင်လို့လဲ ဟျောင့်!"


"ဗျာ! ဘာမှမဖြစ်စေချင်ပါဘူး ကိုလေးအရမ်းနောက်ကျနေတော့ ကျွန်တော်က စိတ်ပူလွန်သွားတာပါ"


VIPဓာတ်လှေကားထဲဝင်လာသည့်တိုင် J ဘက်က တိတ်ဆိတ်သွားပြန်သည်။ရှိုင်း မျက်လုံးထောင့်မှ စောင်းငဲ့ကြည့်ပြီး ပုံမှန်ပဲ နေလိုက်သည်။ခုနာကဖြစ်ခဲ့တဲ့ ပြသနာမှာJ ပယောဂမကင်းသည်ဟုပဲ ရှိုင်းစိတ်ထဲထင်နေမိသည်။တိတိကျကျဖော်ပြနိုင်ခြင်းတော့မရှိ။ သူတို့ထွက်သွားစဉ်က J တစ်ယောက်ပဲ စပ်စပ်စုစုမေးလာသည်မဟုတ်လား....။


"ကိုလေး ဂေဟာရဲ့တာဝန်ရှိသူရောက်လာတယ် စာရင်းတွေပေးခဲ့တယ် ကိုလေးပြန်စစ်ကြည့်ရအောင် စားပွဲမှာထားခဲ့တယ်၊ ဒီနေ့နေ့လည်စာအတွက်လည်း စီစဉ်ပေးထားတယ်"


"အွန်း....ကျေးဇူးပဲ ညီ ပင်ပန်းသွားပြီ"


"မပင်ပန်းပါဘူးဗျာ ကိုလေးအတွက်ပဲ အများကြီး လုပ်ပေးနိုင်သေးတယ်"


ရှိုင်း နှုတ်ခမ်းလှုပ်ရုံပြုံးလိုက်မိသည်။Jက သူ့ကို ရင်းရင်းနှီးနှီးပြောဆိုသလို ရုပ်ကြမ်းကြီးနဲ့နွဲ့သည့်အခါလည်းရှိသည်။စိတ်ပူလိုက်လျှင်လည်း မဆိုင်ရာတွေထိပါ တွေးတော ပူပန်ပေးတတ်သည်။ သူ့ရဲ့တစ်နာရီတစ်မိနစ်တစ်စက္ကန့်သော အချိန်လေးတွေကိုပင် လိုက်ပါဂရုစိုက်ပေးတတ်သည့်အခါလည်းရှိပြန်သည်။တစ်ခါတစ်လေ ရှိုင်းကို သူ့ချစ်သူရည်စားသဖွယ် စိတ်ဆိုးစိတ်ကောက်သည်လည်းရှိတတ်ပြန်သည်။တစ်ခါမှတော့ ကြမ်းတမ်းသည့်အသွင်သဏ္ဌာန်မပေါ်ပေါက်ဖူးပေ။အစကတော့ ညီလေးတစ်ယောက်ရလိုက်သလို ပျော်ရွှင်ရပေမယ့် ခုရက်ပိုင်း Jကို ပိုပြီး သံသယစိတ်ဝင်မိသည်။ဘယ်သူ့ကိုမှ အလွယ်မယုံကြည်တတ်မှုကြောင့်လည်းဖြစ်လိမ့်မည်ထင်သည်။


Jပြင်ပေးသည့်နေ့လည်စာကို စားရင်း စာရင်းတွေပြန်စ်ကြည့်ရသည်။ကဒ်က ပျက်စီးသွားပြီဖြစ်သောကြောင့် မှတ်ထားသည့်စာရင်းတွေအကုန်မမှတ်မိနိုင်တော့အခက်အခဲဖြစ်ရပြန်သည်။


"ကျစ်!...မမမိုး အရင်လကစာရင်းတွေပြန်ယူလာခဲ့ပေးပါ ဆေးဝါးကုမ္ပဏီရဲ့ ထုတ်လုပ်မှုမှတ်တမ်းပါယူခဲ့ပေး....ပြီးတော့ ဂေဟာအတွက် သစ်ကုမ္ပဏီက ထုတ်ယူထားတဲ့ စာရင်းပါယူခဲ့"


"ဝဠာ ဘာပြသနာရှိလို့လဲ"


"စာရင်းတွေက အလွဲကြီးကို လွဲနေတယ် သစ်စာရင်းကို ဘယ်သူလုပ်တာလဲ"


"J လုပ်ပေးတာ မမမိုးကဆေးဝါးထုတ်လုပ်ရေးစာရင်းပြန်စစ်နေလို့"


"အွန်း...ရပြီမမမိုးလုပ်စရာရှိတာလုပ်တော့ နေအုံး ခရီးသွားလုပ်ငန်းဘက်ကို အမှားအယွင်းမရှိအောင်ပြန်စစ်ကြည့်ပေးပါ အခုချိန်မှာအသေးအဖွဲ့ကိစ္စက အစ လုံးဝမလွှဲစေပါနဲ့တော့"


"ဟုတ်ကဲ့ MD"


စားပွဲပေါ်မှာ စာရင်းစာအုပ်များစွာနှင့်ခေါင်မဖော်နိုင်သည့် ရှိုင်းကို နောက်ကွယ်မှာ မဲ့ပြုံးတစ်ခုနှင့်စိုက်ကြည့်နေသည့် လူတစ်ယောက်။


"ရှိုင်းဝဠာထွဋ်က တော်ပြီးသားပါ စာရင်းတွေမွှေလိုက်နှောက်လိုက်ပါအုံး တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့

မင်မိုရီကဒ်ပျက်သွားတော့ သက်သေလည်းမရှိတော့သလို ကုမ္ပဏီပြသနာတွေလည်းတစ်သီတစ်တန်းကြီးရောက်လာပါလိမ့်မယ် ခံနိုင်ရည်ရှိပါစေဗျာ....ဟား...ဟား..."


ရှိုင်းနောက်ကွယ်မှ ကြံနေသည်က လူရင်းတစ်ယောက်မှန်းသာ ရှိုင်းသိခဲ့မယ်ဆိုရင်....။


~~~~~~~~~


"အဖြူ ဒီအထုပ်က နင့်အတွက်.... နင့်ရဲ့အရောင်အဆင်းမရှိတဲ့ မွဲတဲတဲအဝတ်တွေထပ်မဝတ်တော့နဲ့ ငါမဝတ်ချင်တဲ့အင်္ကျီတွေ နင်နဲ့တော်ရာယူဝတ်"


တိမ်လွှာ ယူလာသည့်ပိုနေတဲ့တစ်ထုပ်က အဖြူ့အတွက်တဲ့လား။ပျော်ပြီပေါ့....။အဖြူ့မှာက ငယ်ငယ်တည်းက အဝတ်အစားခပ်မွဲမွဲလေးတွေသာရှိပြီး ဖိနပ်ဆိုလည်း မန္တလေးရောက်တည်းက အိမ်ထဲအိမ်ပြင်မထွက်ရသောကြောင့် ခြေဗလာနှင့်သာနေခဲ့ရသည်။ခြံထဲဆင်းချိန်စီးသည့် ယင်းမာဖိနပ်အအိုကလေးတစ်ရံသည်လည်း အနားတွေဖွာလန်က သေးငယ်လွန်းသည့်အတွကိ စီးလိုက်တိုင်း သဲကြိုးပေါက်ရသည်။


ဒီအိမ်ကြီးကိုရောက်တော့ နွေးထွေးမှုလေးကို ခံစားရမိသည်။ပြုံးချိုစွာကြိုဆိုလာသည့်အဒေါ်ကြီးမျက်နှာမှာ

လည်း ခက်ထန်မာကျောမှုအလျဉ်းမရှိဘဲ အေးချမ်းလှသည်။အဖြူ့ကိုလည်း နွေးနွေးထွေးထွေးပြောဆိုဆက်ဆံသည်။'မဆွေနှင့်တော့ ကွာပါ့ 'ဟုပင် တွေးလိုက်ခဲ့မိသေး၏။မဆွေသိရင်တော့ သူမကို လာသတ်နေမလား......ဒီအိမ်ကြီးကိုရောက်လာရတာ လွတ်လပ်ပေါ့ပါးမှု ရှိသလို ခံစားရသည်။


"ငါရေချိုးပြီးပြန်ဆင်းခဲ့မယ် မနက်စာပြင်ထားပေး"


အဖြူခေါင်းညိမ့်ရင်း အဝတ်ထုပ်ကို အခန်းထဲသွားထားလိုက်၏။ညကတည်းက ဒေါ်သူဇာဆိုသည့်အမျိုးသမီးကြီးနှင့်အတူအိပ်ရသည်။ဒီအခန်းမှာပဲ အဖြူနေရမည်ဟု ဒေါ်သူဇာက မှာထားခဲ့သည်။အဝတ်ထုပ်လေးကိုနေရာတကျထားခဲ့ပြီး မမလွှာအတွက် မနက်စာပြင်ရန် မီးဖိုခန်းဆီ လျှောက်လာလိုက်သည်။


မှိုင်းညှို့ ကားရပ်ပြီးသည်နှင့် ကြားလိုက်ရသည့်အသံစာစာလေးကြောင့် နှုတ်ခမ်းထက်မှအပြုံးသည်နှလုံးသားဆီစီးဝင်သွားပြီး နာကျင်ရသည်။ညက အိမ်ပြန်မအိပ်သောကြောင့် သူမတို့ ဘယ်ချိန်ရောက်သည်ကို သူမသိ။ရှောင်နေသည်ဆိုလျှင်ပိုမှန်လိမ့်မည်။


rate now: