ကြွေလွင့်မျက်ရည်
"သမီး!"
"ဟင့်"
ဒေါ်လရိပ် ခပ်ငေါက်ငေါက်အော်လိုက်တာကြောင့် လွှာ မျက်နှာလေးချကာ ငြိမ်သွားသည်။
"ဒါနဲ့ သမီးကောင်က ဘယ်ကလဲ"
တိမ်လွှာ ပြတင်းပေါက်မှ မြင်နေရသည့် မှိုင်းညို့ညို့ မန္တလေးတောင်ကြီးဆီကို ငေးမောရင်း လက်ခနဲ့ဖြစ်သွားရသည့် အတွေးလေးတစ်ခု။စိတ်ထဲမှာကျိတ်ကာပြုံးနေမိသော်လည်း အပြင်မှာ မျက်နှာငယ်လေးနှင့်သာ။
"ဟဲ့! ဘယ်ကလဲဆိုတာ ညည်းတောင်မသိဘူးလား"
"သိပါတယ် မာမီရဲ့ သူရိန်က အမရပူရကပါ"
"အဲ့တာကအရေးမကြီးဘူး မနက်ဖြန်ခရီးထွက်ဖို့ပြင်ဆင်ရမယ် အဖြူကို လွှတ်လိုက်မယ်"
"မာမီတကယ်ကြီးသွားရမှာလား"
"အေးပါဆိုကွယ် ညည်းကို ကျုပ်စိတ်မချဘူး အမရပူရနဲ့မန္တလေးဆိုတာ တစ်နေရာတည်း မဖြစ်ဘူး မဖြစ်ဘူး ရန်ကုန်ကို သွားကိုသွားရမယ်"
"မာမီသွားစေချင်ရင် သွားပါ့မယ် ဒါပေမယ့် မာမီလည်း သမီးအကြောင်းသိသားပဲ သမီးက ထမင်းတောင်သူများခူးကျွေးမှစားတာလေ အဲ့တော့ သမီးကိုဝေယျာဝစ္စလုပ်ပေးဖို့. အဖြူ့ကိုပါခေါ်သွားမယ်"
"မဖြစ်ဘူး သမီး.....အဖြူလိုက်လို့မဖြစ်ဘူး"
"ဘာလို့လဲ မာမီရဲ့ "
"အဖြူ့ကို....."
"ဘာလဲမာမီ"
"မဖြစ်ဘူးဆို မဖြစ်ဘူးပေါ့ကွယ် "
"ဒါဆိုလည်း....မသွားဘူးဆို မသွားဘူးပေါ့ကွယ်"
တိမ်လွှာလည်း ဒေါ်လရိပ်လေသံဖမ်းကာ ခပ်ရွှတ်ရွှတ်ပြောလိုက်သည်။
"သမီး!"
"မာမီ!"
"အဖြူ့ကို သမီးနဲ့မထည့်နိုင်ဘူး"
"အဖြူ့ကို သမီးအပါခေါ်မှာ"
"မရဘူး "
"မသွားဘူး"
"မိတိမ်လွှာ!"
"မာမီလရိပ်"
"ကျစ်....ငါ့စကားနားမထောင်ဘူး"
"ဟွန်း....သမီးစကားကို မလိုက်လျောဘူး"
"ညည်း ဘာဖြစ်နေတာလဲ လွှာ"
"မာမီ ဘာဖြစ်နေတာလဲ"
"ငါဖြစ်နေတာက အဖြူ့ကိုညည်းနဲ့လုံးဝမထည့်နိုင်ဘူး စိတ်မချဘူး မတော်လို့ ရတနာမြိုင်ကိုပြန်ရောက်သွားရင် ညည်းရပိုင်ခွင့်တွေ ဆုံးရှုံးမှာနော် လွှာ "
"ဒါတော့ စိတ်ချ မာမီ အဖြူဆိုတာ ဘယ်မှမသွားတတ်မလာတတ်တဲ့ ထုံပေပေကလေးမ အခုလည်း ဘယ်များထွက်ရလို့လဲ အိမ်ထဲမှာဘဲ နေပူမခံလေတိုက်မခံနဲ့ သမီးထက်တောင်ပိုပြီး နုဖပ်နေသေး...သမီးကမှအပြင်လျှောက်လည်လို့ အသားအရေပျက်စီးတဲ့အခါရှိသေး အဖြူများဖြင့် နေပူတစ်စက်ကလေးထိရတာမဟုတ်ဘူး"
"တော်ပြီ လွှာ ငါ နားတွေပူထူနေပြီ ညည်းစိတ်တိုင်းကျသာလုပ်တော့".
"ရေး.....!!"
"ဒါပေမယ့်နော် အဖြူ့ကိုသေချာထိန်းသိမ်းဖို့က သမီးတာဝန်ဖြစ်သွားပြီ "
"ဟုတ်ကဲ့ပါ မာမီရဲ့"
"ဟူး....နဲနဲမှကို စိတ်မချရဘူး"
ဒေါလရိပ် သက်ပြင်းဖွဖွချကာ အခန်းထဲကထွက်သွားသည်။ထိုမှ တိမ်လွှာ ကုတင်ပေါ် ခုန်ပေါက်ရင်းပျော်နေသည်။မာမီရဲ့ အကြံက လွှာနဲ့ကိုကိုကို ပိုပြီးနီးကပ်စေသော အကြံပဲ မဟုတ်လား။မာမီရွေ့တဲ့အကွက်ကို လွှာက တစ်ကွက်ပိုရွေ့ပေးလိုက်တာပါမာမီရယ်။ လိမ်မိတာ ခွင့်လွှတ်။မာမီကိုအရမ်းချစ်တယ်။
~~~~~~~~~~
အဝတ်လဲခန်းတွင် ဒေါ်လရိပ်၏ ပွဲတက်ဝတ်စုံကို မီးပူတိုက်နေသည့် အဖြူ။
"အလွှာဖြူ မမကြီးခေါ်နေတယ် မြန်မြန်လာခဲ့"
မဆွေပုံစံက အလောတကြီးဖြစ်နေသောကြောင့် အဖြူ ထလိုက်သွားလိုက်သည်။ဒေါ်လရိပ်အခန်းရှေ့ရောက်မှ မီးပူကို သတိရကာ တွေဝေသွားရသည်။အခန်းတံခါးက ဖွင့်ပြီးပြီဆိုတော့ သွားကြည့်ဖို့လည်း မဖြစ်ပြန်တော့။ရင်တထိတ်ထိတ်နှင့်သာ အခန်းထဲဝင်ခဲ့ရသည်။
"မနက်ဖြန် တိမ်လွှာနဲ့ လိုက်သွားရမယ် ဟိုမှာ တိမ်လွှာ့အတွက် လိုအပ်တာမှန်သမျှ အကုန်လုပ်ပေးရမယ်နော် ရုတ်ရုတ်အသံကြားတာနဲ့ အသက်ရှူဖို့မစဉ်းစားနဲ့ နောက်ပြီး....... "
ဒေါ်လရိပ်စကားကိုတစ်ဝက်နဲ့တင်ရပ်လိုက်ပြီး..'အခွင့်အရေးရပြီဆိုပြီး ရတနာမြိုင်အိမ်ဆီကိုခြေဦးလှည့်ဖို့မစဉ်းစားနဲ့' ဆိုသည့်စကားကို မပြောလိုက်တော့ပေ။သတိပေးလိုက်သလို ဖြစ်သွားမှာလည်းစိုးရိမ်ရသည်။
"ဟဲ့ ဘာနံံ့လဲ"
ခေါင်းငုံ့နေသော အဖြူ မျက်လုံးပြူးသွားကာ နေရာမှတစ်ချိုးတည်းလှည့်ထွက်ခဲ့သည်။ဒေါ်လရိပ်နှင့် မဆွေပါအပြေးလေးလိုက်လာကြသည်။
"ဟင်!"
ဒေါ်လရိပ်၏အင်္ကျီမှာ မီးပူရာ အပေါက်ကြီးက မြင်မကောင်းအောင်ရှိနေသည်။အဖြူကြောင်ကြည့်နေစဉ်မှာပင် ဒေါ်လရိပ်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ စွေ့စွေ့ခုန်သွားပြီး အနားကို စွေ့ကနဲ့ရောက်လာပြီး အဖြူ့လည်ပင်းကိုအားကုန်ညစ်သည်။
"အား.....အလွှာဖြူ.....လုပ်လိုက်ရင်အချိုးပြေတယ်ကိုမရှိဘူး....အခုကြည့်စမ်း!!....ဒီအင်္ကျီဘယ်လောက်အဖိုးတန်လဲနင်မသိဘူး မီးပူကိုပစ်စလတ်ခတ် နမော်နမဲ့ ထားခဲ့လို့ ခုတော့ဖြစ်ပြီ....မနက်ဖြန်ပါတီပွဲက အရေးကြီးပါတယ်လို့ နင့်ကို အကြိမ်ကြိမ်ပြောခဲ့တယ်... နင် ငါ့စကားကိုအလေးမထားတာလား....ငါ့စကားကိုနားမထောင်ဘူး ငါ့ကိုပြန်ပြီးကလန်ကဆန်လုပ်နေချင်တယ်ပေါ့ ဟုတ်လား.....သေစမ်း!..."
အဖြူ့လည်ပင်းကိုညစ်ကာ ဝေ့ရမ်းနေရင်းမှ အားပြင်းသော လွှဲရိုက်ချက်ကြောင့် အဖြူ တစ်ပတ်လည်ကာခွေလဲသွားရသည်။
*တောင်းပန်ပါတယ် အဖြူတမင်လုပ်တာမဟုတ်ပါဘူး*
လက်အုပ်လေးချီကာ ဒေါ်လရိပ်မကြားနိုင်သည့် စကားများပြောရင်း မျက်ရည်တွေသာ အတွေတွေစီးကျနေခဲ့သည်။ပြန်ပြောဖို့လည်းမဖြစ်နိုင်သလို အခုချိန်မှာ အဖြူဘာမှမတတ်နိုင်တော့ပေ။သတိမထားမိလိုက်တဲ့ ကိစ္စလေးတစ်ခုက ဒီလောက်ထိ ကြီးကျယ်သွားလိမ့်မည်ဆိုတာ ထင်မထားခဲ့ပါ။
ဒေါ်လရိပ်ခြေသလုံးကိုသာဖတ်ပြီး အမူအရာနှင့်တောင်းပန်ရုံသာရှိတော့သည်။
ဒေါ်လရိပ်သည် သူမ ခြေထောက်ကိုဖက်ကာ တောင်းပန်နေသည့် အဖြူ့လက်တွေကိုခပ်ကြမ်းကြမ်း ဖယ်ချပြီး ပေါ့ပါးလွန်းလှတဲ့ အဖြူ့ ခန္ဓာကိုယ်လေးကိုမ,ယူကာ စားပွဲပေါ်မျက်နှာ မှောက်တင်စေပြီး မီးပူကို အဆုံးထိ အပူမြှင့်ကာ အဖြူ့မျက်နှာပေါ် ပွတ်တိုက်လေသည်။
သွေးကြောင်းတို့ထောင်ထကာ နီရဲနေသည့် ဒေါ်လရိပ်မျက်နှာမှာ ဒေါသအလျှံတို့က လွန်စွာကြောက်မက်ဖွယ် ကောင်းလှသည်။စကားမဆိုနိုင်အောင်ပင်ဖြစ်နေပြီး သူမအသားတွေကလည်း တစ်ဆက်ဆက်တုန်နေသည်။အဖြူ့ကိုချုပ်ကိုင်ထားသည့် လက်တွေကလည်း ရုန်းမရ ကြွမရအောင်ပင်သန်မာနေခဲ့သည်။
အဖြူ့မျက်နှာနုနုကလေး မီးပူဒဏ်ကိုမခံနိုင်ကာ အရေများတွန့်လိပ်လာသည် စူစပ်ဖျင်းသည့် ဝေဒနာကအရိုးထဲ အသဲထဲခိုက်အောင် နာကျင်လှသည်။မျက်နှာစလေးများစီးကျလာစဉ် မီးပူနှင့်ထိမိပြီး ရှဲခနဲ့နေကာ ပို၍ပူလောင်သွားရသည်။အဖြူ့မျက်နှာ တစ်ခုလုံး မီးလောင်ဒဏ်ရာလို ဖြစ်သွားပြီးဆိုမှ အားရကျေနပ်သွားသည်လားပုံစံဖြင့် မီးပူကို ဖယ်ချလိုက်သည်။
ဒါပင် ကျေနပ်ပုံမပေါ်ဘဲ အဖြူ့ကို နောက်ကျောမှ ဆောင့်တွန်းလိုက်သောကြောင့် စားပွဲစောင်းနှင့်နဖူးက မိတ်ဆက်ရပြန်သည်။နဖူးမှစီးကျလာသည့် သွေးစက်များက မီးပူဒဏ်ရာများ စီးဝင်သွားခိုက် အသွေးအသားထဲထိ စိမ့်ဝင်သွားသော ဖော်ပြမရနိုင်သည့် ဝေဒနာဆိုးက နှိပ်စက်လှသည်။
အခုတော့အခန်းထဲမှာ တိတ်ဆိတ်ကာ အဖြူ့ရှိုက်သံသဲ့သဲ့သာ ကျန်ခဲ့လေသည်။
ဒေါ်လရိပ်သည် အောက်နှုတ်ခမ်းကို ဖိကိုက်ကာ ကျစ်ကျစ်ပါအောင်ဆုပ်ထားသည့် လက်က ခုချိန်ထိမဖြေရသေး။ ဒေါသအရှိန် အနည်းငယ်ပြေပျောက်ချိန် ကားတစ်စီးယူကာ အပြင်ကို ထွက်လာခဲ့သည်။မဟုတ်ရင် သူမလက်ချက်နှင့်အဖြူ အသက်ထွက်နိုင်သည်။အဖြူသေလို့မဖြစ်သေးဘူးလေ.....။သူမစောင့်ခဲ့ရသည့် နှစ်ကာလတစ်ခုထိ အဖြူအသက်ရှင်နေမှသူမတို့အစီအစဉ်တွေအောင်မြင်မည်မဟုတ်လား။
~~~~~~~~~~
ညက တစ်စ တစ်စ ရင့်လာပြီ။တစ်အိမ်လုံးအိပ်မောကျနေသောကြောင့် ခပ်တိုးတိုးထွက်ပေါ်နေသည့်ရှိုက်သံသဲ့စဲ့ကို ဘယ်သူမှမကြားနိုင်ခဲ့ပါ။မှောင်မဲတိတ်ဆိတ်နေသည့်အခန်းထဲတွင် ခပ်ကျုံ့ကျုံ့ထိုင်ကာဒူးနှစ်ဖက်မျက်နှာလေးအုပ်ကာ ငိုကျွေးနေသည့် သူမ....။
ညနေက ထမင်းပန်ကန်းတွေဆေးကျောပြီးချိန် ဦးမိုးတိမ်တိုက် သူမကို ဆွဲခေါ်ကာ မှောင်မဲလှသည့် ဒီစတိုခန်းတွင် သော့ခတ်ထားခဲ့သည်။တစ်ဂွီဂွီမြည်နေသည့် အစာအိမ်နှင့် တကျွီကျွီအော်နေကြသည့် ကြွက်များကြား အသိစိတ်ကင်းလွတ်နေသည့် သူမပုံစံက ဖျော့တော့ကာ လောကကြီးကို စိတ်ကုန်နေသည့် သဏ္ဌာန်ဆောင်နေသည်။ဖြူရော်နေသည့် နှုတ်ခမ်းလေးမှ တိုးညင်းစွာဆိုနေသည့်စကားက လေဟာနယ်ထဲကို မရောက်နိုင်ခဲ့ပေ။သူမစကားတွေကို ဘယ်သူ ကြားနိုင်မလဲ။သူမ ခံစားချက်ကို ဘယ်သူ့ကိုရင်ဖွင့်ရမလဲ။သူကို ဘယ်သူက အရေးတယူလုပ်ကာ အဖော်နေပေးမည်လဲ။
*မား......*
မား ရှိခဲ့ရင်တော့ အဖြူ့ကို အဖော်လုပ်ပေးမှာပေါ့....အဖြူ့စကားတွေနားထောင်ပေးမှာပေါ့....အဖြူ့ကို ဒီလို နာကျင်စေခဲ့မှာလည်းမဟုတ်ဘူး....။
*ဘုရင်မလေး!*
ဟုတ်တာပေါ့။ မား မရှိသည့်အချိန် အဖြူလိုပဲ ရွှေဝါရောင်ဆံပင်အကောက်လေးတွေနှင့် သရဖူလေးဆောင်းထားသည့် ဘုရင်မအရုပ်ကလေးက အဖြူ့စကားတွေနားထောင်ပေးခဲ့တယ်လေ။
အခုတော့ မား ရော ဘုရင်မလေးပါ အဖြူ့အနားမှာမရှိကြဘူး။
အခန်းထဲကို စူးဝင်လာသည့်အလင်းတန်းလေးတစ်ခုကြောင့် ထိုနေရာကို ထ သွားမိသည်။ခပ်သေးသေးအိတ်များစုထပ်ထားသည့် ကြားမှ လွတ်နေသည့် နေရာလေးတစ်ခုက ဝင်လာသည့် အလင်းတန်းကြောင့် သိလိုစိတ်ဖြင့် ထိုအိတ်များကို ရွေ့ကြည့်လိုက်သည်။အိတ်များရွေ့နေရင်း ခပ်လျော့လျော့လေးသာချည်နှောင်ထားသည့်ကြိုးစလေးပြေကျသွားသည့်အတွက် အထဲမှ အဖြူဖြူအမှုန့်များထွက်လာသည်။မျက်ခုံးနှစ်ဖက်ထိကပ်လုမတပ် မျက်မှောင်ကုပ်လိုက်မိရသည်။အဖြူသိတာပေါ့.......ပါးတို့ ဒီလိုပစ္စည်းတွေကို ကားကြီးနဲ့တင်ပြီးရဲစခန်းပို့လိုက်လို့ နောက်နေ့ အိမ်ကို သေနတ်နဲ့လူတွေရောက်လာတာ.....အဖြူ အရမ်းငယ်သေးလွန်းသည့်အတွက် ထိုအချိန်တွေကို ကောင်းကောင်းမမှတ်မိခဲ့။
အခုချိန်မှာ ကိုယ်တိုင်က depression ဝင်နေသည့်အတွက် ဘာကိုမှမတွေးတောနိုင်။လစ်ဟာနေသည့် မြင်ကွင်းကိုပဲ မော့ကြည့်လိုက်သည်။
*အို.....လှလိုက်တာ!*
နက်ပြာရောင် ကောင်းကင်ကြီးကို နောက်ခံပြုကာ ပြည့်ပြည့်ဝန်းဝန်း လမင်းကြီးနှင့် ဘေးမှာလည်း အဖော်အပေါင်းများစွာသော ကြယ်မှုန်လေးများက တလက်လက်။အဖြူဒီမြင်ကွင်မျိုး မကြည့်ရတာ ဘယ်လောက်တောင်ကြာပြီလဲ ...။
ဆင့်ထပ်ထားသည့် အိတ်တွေပေါ်မှာ အပေါ်သို့ရောက်အောင် တက်ကြည့်မိတော့ အိမ်အမိုးက ခပ်ပြေပြေလေးဖြစ်နေပြီး နေရာတကျထိုင်လို့ရနေသည်။
*ဒါ ဘယ်လိုနေရာမျိုးကြီးလဲ တစ်အိမ်လုံးကို ခြုံကြည့်ရင် ဒီနေရာကို ဘာလို့မမြင်နိုင်ရတာလဲ*
ဘာပဲဖြစ်ဖြစ် အခုတော့ ဒီနေရာလေးက အဖြူ့အတွက် စိတ်ထွက်ပေါက်တစ်ခုလိုဖြစ်လာသည်။ညစ်နေသည့်စိတ်တို့ကို ကောင်းကင်ကြီးရဲ့အလှကို ခံစားကြည့်ရင်း ဆေးကျောနိုင်သည်။အေးချမ်းလှသည့်ညအချိန်၏ ပတ်ဝန်းကျင်လေသည်လည်း လတ်ဆတ်အေးမြနေသည်။
ခပ်ဝေးဝေးဆီက မန္တလေးတောင်က လ၏အရောင်ဖြင့် မှုန်ဝါးဝါးမြင်ရသည်။ ပါး၊မား တို့နဲ့အတူ မန္တလေးပြေးတက်ခဲ့ရသည့်အချိန်လေးတစ်ခုကို လွတ်ဆွတ်ရသည်။ထိုအချိန်လေးကို အဖြူမေ့ထားခဲ့တာကြာပြီ။ အနှိပ်ခံဘဝမှာ မျက်ရည်တွေနှင့်သာ ဖြတ်သန်းရင်း ပျော်စရာ၊ကြည်နူးစရာများသည် အဖြူနှင့်မသတ်ဆိုင်သည့်အလား ပျောက်ကွယ်နေခဲ့သည်။အခုတော့ဖြင့် ထိုအချိန်က ကြည်နူးမှုတို့သည့် အဖြူ့၏စိတ်အာရုံကို ရိုက်ခတ်နေခဲ့သည်။
နွေကျောင်းပိတ်ရက် ပါး အလုပ်ကိစ္စဖြင့် မာနဲ့အဖြူပါ မန္တလေးကို လိုက်ခဲ့ကြသည်။ ပါး အလုပ်အားသည့်အချိန်တိုင်း အဖြူတို့ကို မန္တလေးတစ်ခွင် လိုက်ပို့သည်။မဟာမုနိမှာ ရွှေသင်္ကန်း ကပ်လှူကြသည်။ ငါးကလေးများ အစာလာဟပ်သည်ကို တစ်ခစ်ခစ်နှင့်သဘောကျနေသည့် အဖြူ့ကို ပါးနဲ့မားက ချစ်မဝတဲ့အကြောင်း စီးကာပတ်ကုံးပြောပြရင်း ကြည်နူးရသည်။ဦးပိန်တံတားကို ခြေရာချင်းထပ်အောင် လျှောက်ခဲ့ကြသည်။
ကုသိုလ်တော်ဘုရား၏ ကျောက်စာချပ်တွေကြားလမ်းကလေးတွင် မိသားစု ပျော်ရွှင်စွာ လျှောက်ခဲ့ကြဖူးသည်။မန္တလေးတောင်ကိုလည်း ပါးနဲ့မား လက်ဆွဲကာ မမောတမ်း တက်ခဲ့သည်။ရှေ့က ပြေးတက်သည်လည်းရှိသည်။ တစ်ခါတစ်ခါ ပါးနဲ့မားကို ယီးလေးခိုပြီး လိုက်ခဲ့သည်လည်းရှိခဲ့သည်။
စစ်ကိုင်းတောင်တစ်ခွင်နဲ့ မင်းကွန်းကိုလည်း ရောက်ခဲ့ကြသည်။ဆွမ်းဦးပုညရှင်စေတီတော် ရင်ပြင်နားက စကားပန်းတို့ကို ကောက်ယူနေကြသည့် မားနဲ့အဖြူကို ပါးက ဓာတ်ပုံပေးရင်းဖြင့် ပျော်ရွှင်ခဲ့ကြရသည်။မယ်နုအုတ်ကျောင်းနဲ့ ပုထိုးတော်ကြီးထိပါ ရောက်အောင်သွားခဲ့ကြပြန်သည်။
တစ်နေ့..........
အိမ်ပြန်လက်ဆောင်အဖြစ် မားနဲ့အဖြူ မန္တလေး၏ နာမည်ကြီး "မြင့်မြင့်ခင်" ထိုးမုန့်ကို မုန့်တိုက်တွင်ဝင်ဝယ်ကြသည်။မား လက်ကိုဆွဲကာ မား မနိုင်သည့်အထုပ်များ ကူဆွဲရင်း မုန့်တိုက်ထဲက ထွက်လာချိန် အဖြူသည် မြင်ကွင်းတစ်ခုကြောင့် လက်ထဲက အထုပ်များကို မား ဆီလွှဲပေးပြီး ထိုနေရာသို့ တစ်ရှိန်ထိုးပြေးလာခဲ့သည်။
"အန်တီကြီး....အန်တီကြီး သတိထားပါအုံး....မားရေ...မား လာပါအုံး ဒီမှာ အန်တီကြီး မူးလဲနေတာ"
အဖြူ မြင်လိုက်သည်က ရင်ဘတ်နဲ့နားထင်ကို ဖိကာတစ်အိအိခွေလဲကျသွားသည့် အမျိုးသမီး။အဖြူ ထိုအန်တီကြီး၏ ခေါင်းကို မ,ယူပြီး သူမ ပခုံးသေးသေးလေးကို မှီထားစေပြီး လက်သေးသေးလေးတွေဖြင့် ထိုအမျိုးသမီးကြီးကို လက်လှမ်းမှီသလောက် ပွေ့ဖက်ထားသည်။သတိလည်တစ်ချက် မလည်တစ်ချက်ဖြစ်နေသည့် အမျိုးသမီးကို တကြော်ကြော်အော်ခေါ်ပေးနေသည်။ အဖြူ့အသံကြားလျှင် ညည်းသံသဲ့သဲ့ ထွက်လာတတ်သည်။ထို့ကြောင့် သတိလည်စေရန်အကြိမ်ကြိမ် ခေါ်ပေးနေခဲ့သည်။
"သမီး ပေး မားဆီကို"
မားက ထိုအန်တီကြီးကို ပွေ့ချီလိုက်ပြီး အသင့်ပါလာသည့်ကားပေါ် တင်လိုက်သည်။အမျိုးသမီးကြီး ပုံစံက ပိန်ပိန်သေးသေး ညှိုးခြောက်ခြောက်အသားအရေနှင့် နွမ်းဖပ်ဖပ်လေးသာ။
အဖြူတို့ဆေးရုံရောက်သွားချိန် ဆရာဝန်များက လိုအပ်သည်များကို လုပ်ဆောင်နေသည်။မားနဲ့အဖြူလည်း လူနာရှင်အဖြစ် စောင့်နေပေးခဲ့ရသည်။လူနာက ဆေးသွင်းရသောကြောင့်ထိုနေ့က တစ်နေကုန်အဖြူတို့ ဆေးရုံမှာသာ ရှိနေခဲ့ရသည်။
ညနေစောင်းလေးတွင် ထိုအမျိုးသမီး၏ သား ဆိုသူမှာ အပြေးအလွှားရောက်လာခဲ့သည်။
"နှလုံးလေဟပ်တာပါ အဲ့ဒီနေရာတင်သတိမလည်ရင် လူနာက အသက်ဆုံးရှုံး ရနိုင်ပါတယ် ......"
လူကြီးတွေနှင့် ဆရာဝန်တွေပြောနေကြသည့်စကားဝိုင်းကိုအဖြူမပါပေမယ့် တစ်စွန်းတစ်စကြားနေရသည်။
"သူ့ကိုခေါ်ပေးနေတာကြောင့် သတိမလွတ်သွားတာပါ ဒီက သမီးလေးကိုပဲ ကျေးဇူးတင်ရမှာပေါ့"
အဖြူ့ဘက်လှည့်ပြီး ပြောလာသောကြောင့် ပြုံးပြလိုက်သည်။အဖြူထိုအမျိုးသမီးရင်ဘတ်ကို လက်ကလေးနှင်ဖိကာ တကြော်ကြော်အော်ခေါ်နေမိသည်ကမှန်သလား မှားသလား အဖြူမသိခဲ့။အခုတော့ ကျေးဇူးတင်စကားဆိုနေသည်။
"ကလေး!! ကျေးဇူးပါကွာ.... မင်းကြောင့်သာ မဟုတ်ရင် ကိုယ်အမေကို ဆုံးရှုံးရတော့မှာ ....အရမ်းကျေးဇူးတင်ပါတယ်"
အဖြူခေါင်းညိမ့်ပြခဲ့သည်။အဖြူက လူစိမ်းတွေနဲ့ဆို ကြောက်စိတ်ဝင်ကာ စကားမပြောရဲ။အနည်းငယ်ရင်းနှီးမှုတစ်ခုရှိသွားရင်တော့ မနားတမ်းစကားဖောင်ဖွဲ့ကာ ပြောတတ်သည်က အကျင့်တစ်ခုဖြစ်သည်။
"ကလေး ကိုယ့်ကိုကြောက်နေတာလား မကြောက်ပါနဲ့ကွ ကိုယ်က လူဆိုးမဟုတ်ပါဘူး"
ထိုလူကြီးပုံစံက အနည်ငယ်တော့ကြောက်ဖို့ကောင်းသည်။နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးတို့ဖြင့် ဆံပင်ရှည်ရှည်က မျက်နှာကို ဖုံးနေသည်။ချည်သားလက်ပြတ်ကိုဝတ်ထားသောကြောင့် လက်နှစ်ဖက်အပြည့်ဆွဲခြစ်ထားငည့် တက်တူးများကြောက်စရာရုပ်ပုံများနှင့်။
"ကလေး မင်းနာမည် ဘယ်လိုခေါ်လဲ"
အဖြူဘာမှပြန်မပြောမိဘဲ ထိူလူ့ပုံစံကိုသာ မျက်လုံးဝိုင်းဝိုင်းလေးဖြင့်ကြည့်နေခဲ့မိသည်။
"အဟင်း.....အားနာလိုက်တာကွယ် သမီးက လူ စိမ်းရင်သိပ်ပြီး စကားမပြောတတ်ဘူး.....ကလေးဖြစ်ပြီး သွက်သွက်လက်လက်မရှိတာလည်းမဟုတ်ဘူး သူနဲ့ရင်းနှီးပြီဆိုရင် အဲ့လူကို မွှေတော့တာပဲ... သမီးနာမည်က အဖြူရောင်ကြိုးပါ...."
အဖြူ့အစား မားကပဲ ဝင်ဖြေပေးသည်။
"ဟုတ်ကဲ့ ကျွန်တော်လည်း ကလေးက ချစ်စရာကောင်းလို့မေးကြည့်တာပါ... အရမ်းလည်းကျေးဇူးတင်တယ်ဗျာ ကျွန်တော့မှာက အမေတစ်ယောက်ဘဲရှိတော့တာ အမေက ခုရက်ပိုင်းတရှောင်ရှောင်ပဲ ခနခနလည်း နေမကောင်းဖြစ်တယ် မနေ့ကမှ ပြန်ပြီး ထူထူထောင်ထောင်ဖြစ်နေတာ ဒီနေ့ဆေးခန်းကို တစ်ခေါက်ပြန်လာပြရင်း အမေက ထိုးမုန့်စားချင်တယ်ဆိုလို့ဝင်ဝယ်ပေးရင်း ပြန်ထွက်လာတော့ အမေ့ကိုမတွေ့တာနဲ့ လိုက်ရှာလိုက်ရတာ.....သတင်းကြားတော့ အမေ့ကို ဆုံရှုံးလိုက်ရပြီဆိုပြီး ထူပူသွားတာ ကလေး ကြောင့်သာမဟုတ်ရင် ကျွန်တော် အမေ့ကို ဆုံးရှုံးရမှာဗျ"
"မင်းက သားလိမ္မာလေးပဲကွယ် မိဘကို ပြုစုလုပ်ကျွေးတာ အမွန်မြတ်ဆုံးအလုပ်တစ်ခု....မင်း...အမေပေါ်မှာ စိတ်မကွက်မိစေနဲ့ကွယ် မိခင်မေတ္တာက ကြီးမားလွန်းတော့ မေတ္တာစူးတတ်တယ်ကွဲ့"
"ဖခင်မေတ္တာလည်း ကြီးမားတာပါပဲ သဇင်ရယ်"
"မောင် ဘယ်က ဘယ်လို ရောက်လာတာလဲ"
"ဒီဆေးရုံက ဘယ်သူ့ဆေးရုံလဲဆိုတာ မေ့သွားပြီလားကွာ "
"sorryပါမောင်ရယ် ရုတ်တရက်ဆိုတော့ မေးလိုက်မိတာ"
"ပါး....."
အဖြူ ပါးဆီကို လက်လှမ်းလိုက်တော့ ပါးက အလိုက်သင့်ပွေ့လာသည်။
"ဘယ်လိုလဲ လူနာအခြေအနေ"
"ဘာမှစိုးရိမ်စရာမလိုတော့ဘူး ကောင်းသွားပြီ သမီးကို ချထားလိုက်ပါ ကလေးလေးကျနေတာပဲ"
"သမီးက ကလေးပဲကွာ.....မင်း ဘာမှမစိုးရိမ်နဲ့တော့နော် ဆေးရုံစရိတ်တွေအာလုံးအတွက် ကျွန်တော်တို့တာဝန်ယူပေးမယ် ဒါနဲ့ မင်းနာမည်က... "
"J me ပါ ဦး...."
"ဦး.."
"ကျွန်တော်ပုံစံကြောင့်ထင်တယ် ကျွန်တော်က အခုမှ ၁၇ရှိပါသေးတယ်"
"သြော်.....မင်းအရမ်းငယ်သေးတာပဲ ဒါနဲ့ဘာလို့ခုလိုပုံစံဖြစ်နေရတာလဲ စပ်စုသလို ဖြစ်သွားရင်တော့ sorryကွာ ဦးက လူငယ်တွေအမြင်မတော်ရင် ပြောဆိုနေကျဖြစ်နေတာမို့"
"ဟုတ်ကဲ့"
"အင်း....... လူ့ဘဝရလာတဲ့တစ်ခနတာ အချိန်ကလေးမှာ အသန့်ရှင်းဆုံးအလုပ်နဲ့ပဲရှင်သန်ပါ.....ရှင်သန်ဖို့နဲ့ရင်ဆိုင်ဖို့ကို နည်းလမ်းမှန်မှန်နဲ့ပဲကြိုးစားသွား....လူတစ်ယောက်ရဲ့ ပုံပမ်းသဏ္ဌာန်ကလည်း အရေးကြီးတာပဲကွ မင်းက လူကောင်းဖြစ်ပါစေ....မင်းပုံစံကြောင့် မင်းက လူးဆိုးကြီးတစ်ယောက်လိုပဲ.....မင်းဘဝကို ပုံသွင်းတာလည်းမင်းကိုယ်တိုင်ပဲ ဖျက်စီးတာလည်းမင်းဘဲ ကောင်းစေတာလည်း မင်းဘဲ အဓိက ကိုယ့်လုပ်ရပ်က ကိုယ့်ဘဝကို ဆုံးဖြတ်ပေးနေတာပဲကွ "
စကားအဆုံးမှာ J စိတ်တွေပေါ့ပါးကြည်လင်နေသည်ကို ဦးနေဂုဏ်ရောင်သည် J မျက်နှာမှတစ်ဆင့်မြင်နေခဲ့ရသည်။
"မင်းနာမည်နဲ့ ကောင်တာမှာ စာရင်းသွင်းခဲ့မယ် လိုအပ်သမျှပြောလို့ရတယ် ဟုတ်ပြီလား....ဦးတို့ကို ခွင့်ပြုပါအုံး"
"ဟုတ်...ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦး"
ထွက်သွားသည့် မိသားစုလေးကို ကြည့်ရင်း ရင်ထဲမှာ အမည်မသိခံစားချက်လေးက တိုးဝင်လာသည်။စိတ်တွေပေါ့ပါးနေသည်။အပြုံးတွေက အားအင်သစ်တွေအဖြစ်ပြောင်းလဲခဲ့သည်။
အဖြူ ပါးပါးပခုံးလေးကိုမှီရင်း နောက်ပြန်ကြည့်ပြီး ထိုလူကြီးကို တာ့တာပြခဲ့လိုက်သည်။အဖြူ့ကို ပြန်ပြုံးပြနေသည့် ထိုလူကြီးမျက်နှာမှာအရင်ကလောက်ကြောက်စရာမကောင်းတော့ပေ။
အတိတ်ကို ပြန်တွေးကြည့်ရင်း ခံစားချက်တွေမွန်းကြပ်လာသောကြောင့် မျက်ရည်များစီးကျလာသည်။မီးပူဒဏ်ရာထဲစီဝင်နေပေမယ့် အသားကျသွားသည့် ဒဏ်ရာက အရင်ကလောက်တော့မနာတော့ပေ။နေ့လည်က ကိုယ့်မျက်နှာကို ပြန်ကြည့်မိပြီး လန့်အော်ခဲ့ရသည်။အဖြူ့မျက်နှာမှာ ချောမွေ့သည့်အသားအရေမရှိတော့ ကြောက်စရာကောင်းလောက်အောင်ပုံပျက် ပျက်စီးနေသည်။
လမင်းကြီးကိုငေးကြည့်နေသည့်သူမ မျက်ဝန်းထဲမှာ ပါးနဲ့မားကိုသာ မြင်နေသည်။အေးမြတဲ့အလင်းရောင်ကို ပေးစွမ်းနေခဲ့တဲ့ လမင်းကြီးက ပါးတို့နှင့်တူသည်။ကြယ်ရောင်စုံလေးတွေက ဝန်းရံကာသံစဉ်တေးသွားများ သီဆိုနေမလား.....ပျော်မြူးကခုန်နေကြမလား....အချင်းချင်းစနောက်ကျီစယ်နေကြမလား.....
လရောင်ဖြာကျလျက်ရှိသော သူမ မျက်နှာထက်က မျက်ရည်စတို့ကို မြင်ရပြီး ဝမ်းနည်းကြေကွဲကြမလား....
ပေါက်ကရ အတွေးလေးကြောင့် ပြုံးယောင်သမ်းရပေမယ့် နှစ်နှစ်ကာကာပြုံးရသည့် အချိန်တွေ မရှိခဲ့တာကြာပြီ။ဒီအိမ်ရောက်တည်းက ဆိုပါတော့။
ဒီအိမ်ရောက်ကတည်းက ပြောင်းလဲသွားကြတဲ့ ဒေါ်လရိပ်မိသားစုက အဒေါ်ရင်းမှ ဟုတ်ပါလေစ ဟု သံသယဖြင့် အံ့သားသင့်ခဲ့ရသည်။မျက်ရည်ကျမလာနိုင်အောင်ပင် ဆို့နင့်နာကျင်ခဲ့ရသည်။အားကိုးတွယ်ငြိစရာရှာမရလောက်အောင် လေလွင့်ရွက်ဝါကလေးလိုပင်။ မဟုတ်သေးဘူး......လေလွင့်ရွက်ဝါ ဆိုတာ လေတိုက်ရာကိုလွင့်မျောပြီး ကိုယ်လိုရာ ရောက်လို့ရသေးတယ်။အဖြူ့ဘဝက လွင့်ချင်တိုင်မလွင့်နိုင်အောင် ကျောက်တုံးနဲ့ ဖိခံထားရတဲ့ အဖိခံဘဝ။ရုန်းကန်နိုင်ခြင်းမရှိတဲ့ ရှင်လျက်နဲ့ ဘဝဆုံးနေရတဲ့ အဖြစ်။ အဖြူ ဘယ်အချိန်မှများ ဒီဘဝက လွတ်မြောက်နိုင်မှာလဲ။
~~~~~~~~~~
"အား.....!!! ဘာကြီးလဲ? "
အဖြူသည် တိမ်လွှာအခန်းထဲမှ ညက ထုတ်သိမ်းထားသည့်အထုပ်ကို ယူရန်တိမ်လွှာအခန်းထဲကိုဝင်လာခဲ့သည်။ပြင်ဆင်ပြီး ဆင်းလာသည့် တိမ်လွှာနှင့်ထိပ်တိုက်တွေ့ကာ လန့်အော်နေသည့်တိမ်လွှာကြောင့် အဖြူ့ခန္ဓာကိုယ်လေး ကျုံ့သထက်ကျုံ့သွားရသည်။
ဟုတ်တာပဲ....အဖြူမျက်နှာကို မမလည်း လန့်နေမှာပေါ့။
"အဖြူ....နင့်...နင့်မျက်နှာ ဘာဖြစ်တာလဲ"
အဖြူခေါင်မဖော်ရဲဘဲ ငုံ့မြဲငုံ့နေသောကြောင့် တိမ်လွှာ အဖြူ့ခေါင်းကို နောက်တွန်းပြီး မော့စေလိုက်သည်။
"မာမီအပြစ်ပေးထားတာ အဲ့ဒါထားလိုက်အုံး အခုဆင်းခဲ့ မနက်စာစားပြီးရင် မာမီကိုယ်တိုင် သမီးကို လိုက်ပို့မယ်"
"ဟမ်! မာမီလိုက်ပို့မှာလား"
တိမ်လွှာလှေကားဆင်းရင်းဖြင့် စူပုပ်ပုပ်မျက်နှာထားနှင့်ပြောနေသည်။
အဖြူ အခန်းထဲဝင်ပြီး အထုပ်တွေဝင်ယူရသည်။
*ညက ထုတ်ထားတာ နှစ်ထုပ်တည်းပါ....အခု သုံးထုပ်ဖြစ်နေတယ်*
နောက်တစ်ထုပ်က ခပ်သေးသေးသာဖြစ်သောကြောင့် သုံထုပ်လုံးကို တစ်ခါတည်း ယူလာခဲ့လိုက်သည်။
"ဝ ပြီ မာမီ သွားကြမယ်လေ"
"တက်ကြွနေပါလား...မသွားချင်ဘူး ငြင်းနေတဲ့လူက"
"အဟဲ"
တိမ်လွှာ စပ်ဖြဲဖြဲသာ လုပ်နေခဲ့သည်။မာမီဘယ်သိမလဲ.... မာ့မီအစီအစဉ်က သမီးနဲ့ကိုကို့ကို ပိုပြီးနီးစပ်စေမယ်ဆိုတာ။
တိမ်လွှာနှင့်အဖြူ ကားနောက်ခန်းမှာ ထိုင်ကြပြီး ဒေါ်လရိပ်ကိုယ်တိုင် ကားမောင်းလိုက်ပို့သည်။ယောင်လည်လည်နှင့်ပါလာခဲ့ရသည့် အဖြူ တစ်ချိန်ကအဖြစ်အပျက်ကို သတိရမိသည်။ဒီလိုပါပဲ အဖြူနဲ့မမလွှာက ကားနောက်ခန်းထဲမှာ ရယ်ရယ်မောမော စနောက်နေရင်းမှ ဖျော်ရည်တစ်ဗူးကြောင့် အဖြစ်အပျက်တွေလျင်မြန်စွာ ပြောင်းလဲခဲ့သည်ကို သတိမထားနိုင်ကြတော့တာပဲလေ။
အိမ်ကအထွက်မှိုင်းညို့ညို့ မန္တလေးတောင်ကြီးကို ငေးကြည့်ရင်း အလွမ်းဓာတ်လေးမသိမသာတိုးဝင်လာသည်။ကားလေးလျင်မြန်စွာ ရွေ့လျားနေသည့်အတူမန္တလေးသည်လည်း ဝေး၍ဝေး၍ ကျန်ခဲ့သည်။
~~~~~~~~~
"အကိုလေး ဘယ်သွားမလို့လဲ ဒီနေ့ ဧည့်သည်လာမယ်မဟုတ်လား"
မှိုင်းညှို့ပြင်ဆင်ပြီး အပြင်ထွက်လာသည်ကို ဒေါ်သူဇာ စီးမေးလာသည်။
မှိုင်းညှို့ နှုတ်ခမ်းလှုပ်သည်ဆိုရုံသာ ပြုံးလိုက်ပြီး အောင့်တက်လာသည့်နှလုံးသားထဲမှ နာကျင်မှုကို လျစ်လျူရှုလိုက်ရသည်။
"ကျွန်တော် မရှိလည်း ဖြစ်ပါတယ် အန်တီသူဇာပဲ ကြည့်ပြောထားလိုက်"
အန်တီသူဇာက သူ့အတွက်မိသားစုဝင်တစ်ယောက်သာ။သူလုပ်ရမယ့်တာဝန်ကို အန်တီသူဇာလည်း လုပ်နိုင်မည်ပဲလေ။အိမ်တာဝန်အားလုံးကို သူလှည့်ကြည့်စရာမလိုအောင် ထောင့်စေ့လွန်းသည်ပဲမဟုတ်လား။
ညက ဒေါ်လရိပ်ဖုန်းကြိုဆက်ထားသောကြောင့် တိမ်လွှာတို့ လာနေမည်ကို သူသိခဲ့ရသည်။အဝေးဆုံးကိုပြေးထွက်လာခဲ့သည်ဆိုမှ နီးစပ်အောင်တွန်းပို့နေကြပြန်သည်။သူမနဲ့အတူရှိနေရမယ်ကို ပျော်ရွှင်ရပေမယ့် နှစ်ယောက်စလုံးစိတ်ချမ်းသာမည်မဟုတ်မှာ သေချာနေသည်။ကျရှုံးပြီးသား နှလုံးသားက ထပ်ပြီးကျရှုံးခန်းတစ်ခုကိုရင်ဆိုင်ရတော့မည်။အရှုံးပေးပြီးသားမို့ အနိုင်ယူဖို့တော့ စိတ်ကူးမရှိတော့ပေ။အချစ်စစ်မှန်ရင် ပြန်ချစ်ပါတယ်ဆိုတဲ့စကားက ဟာသတစ်ခုသာသာ။
အတွေးနှင့်ကားမောင်းလာရင်း မြင်ကွင်းထဲဝင်ရောက်လာသည်က မြင့်မားစွာတည်ရှိနေသော ခမ်းနားကြီးကျယ်လှသည့် အဆောက်အအုံတစ်ခု။လမ်းခြားထားသည့်ပလက်ဖောင်းလေးတွေမှာ မြက်ခင်းနုနုစိမ်းစိမ်းလေးတွေနှင့် ဖော့ခ်စတေးပင်လေးတွေကို စီတန်းစွာစိုက်ထားသေးသည်။ကားပါကင်သည်လည်း ကျယ်ဝန်းပြန့်ပြူးနေပြီး နေရာတိုင်းမှာဝင်းလက်တောက်ပြောင်နေသည်။
ဧည့်ကြိုကောင်တာမှ အမျိုးသမီးနှစ်ယောက်သည် ချိုသာသော အပြုံးလေးတစ်ခုဆင်မြန်းလျက် ဖော်ရွေစွာကြိုဆိုကြသည်။
"မင်္ဂလာပါရှင် "
"မင်္ဂလာပါဗျ"
"ဘာများကူညီပေးရမလဲရှင့်"
"ဒီကုမ္ပဏီရဲ့ CEO ရှိုင်းဝဠာထွဋ် နဲ့တွေ့ချင်လို့ပါ"
"ကြိုချိန်းထားတာရှိပါသလားရှင့်"
"ဟုတ်ကဲ့ မနေ့က ကျွန်တော် ဖုန်းဆက်တော့ မနက်၈နာရီ လာခဲ့ဖို့ပြောထားလို့ပါ"
"သြော်......ရုံးချုပ်ကိုသွားလိုက်ပါရှင့်၊ ဒီနေ့ရုံးချုပ်မှာအစည်းအဝေးရှိလို့ ဒီကိုမလာဖြစ်ပါဘူး ကျွန်မ ရုံးချုပ်ရဲ့လိပ်စာကိုပေးလိုက်ပါ့မယ်"
"ဟုတ်ကဲ့"
~~~~~~~~~~~~
ကားမောင်းရင်း လိပ်စာကဒ်လေးဆီကို မကြာခနအကြည့်ရောက်နေခဲ့သည်။ရင်းနှီးဖူးသည့်နေရာတစ်ခုဖြစ်ပေမေယ့် ခေါင်းထဲမှာတိတိကျကျဖော်လို့မရ။လိပ်စာထဲက လမ်းကိုမကြာခနရောက်ဖူးပေမယ့် အတိတ်မေ့နေသည့်လူတစ်ယောက်လို ဘာကိုမှစဉ်းစားမရတော့ပေ။သေချာပါတယ် ဒါ သူနဲ့တစ်ခုခုပတ်သတ်ဖူးတဲ့နေရာတစ်ခုဖြစ်မည်ဆိုတာ..........။
"ကျစ်"
စိတ်ကိုအတတ်နိုင်ဆုံးလျော့ကာ ကားကိုသာ အာရုံစိုက်မောင်းလိုက်သည်။
~~~~~~~~~~
ကားပါကင်မှာ ကားရပ်ပြီးသည်နှင့်မြင့်မားထည်ဝါလှသည့် အဆောက်အအုံကြီးကို မော့ကြည့်မိသည်။နေရောင်ခပ်စူးစူးကြားမှာ ဝင်းလက်တောက်ပြောင်စွာတည်ရှိနေသည့် အဆောက်အဦးက မှိုင်းညှို့ သိနေပြီးဖြစ်သော ရတနာမြိုင်ရဲ့ ပိုင်ဆိုင်မှုဆိုတာ သေချာပါသည်။
စိတ်ထဲမှာမေးခွန်းများစွားကအစီအရီဝင်ရောက်လာသည်။လှပသည့်အဆောက်အဦးကြီးကို နောက်တစ်ကြိမ်ပြန်လည်ငေးမောကြည့်ရင်း အထဲကိုလှမ်းဝင်လာခဲ့လိုက်သည်။
စီးကြိုလိုက်သည့်အအေးဓာတ်က ရင်ဝမှာလှပ်ကနဲ့။သွေးကြောထဲထိပင်စိမ့်ဝင်စီးဆင်းနေသည့်အလား......အရင်ကနှင့်လုံးဝခြားနာမှုမရှိသည့်အပြင်အဆင်တွေ......နေရာထိုင်ခင်းတွေအခန်းဖွဲ့စည်းပုံတွေက လုံးဝကိုပြောင်းလဲခြင်းမရှိဝင်းလက်တောက်ပြောင်နေသော ပရိဘောဂတို့သည်လည်းနေရာမယွင်းဘဲ တည်ရှိနေဆဲ။ ခြေနင်းလျှောက်လာသည့် ကြမ်းပြင်ခင်းသည်လည်း ကိုယ့်ပုံကို ပြန်မြင်နိုင်အောင် ဝင်းစက်နေသည်။
"မင်္ဂလာပါရှင်"
"မင်္ဂလာပါ...ဟင်....မိုး....."
"ညှို့!!!"