ကြွေလွင့်မျက်ရည်
မန္တလေးနွေသည် ပူပြင်းလှ၏။မနက်စောစောဖြစ်သောကြောင့် အပူငွေ့တို့ရောက်ရှိမလာသေး၍ နေသာထိုင်သာရှိလှသည်။
နိုးစက်ချထားသည့် ဖုန်း alarm သံမြည်လာသောကြောင့် ပိတ်ပြီး တစ်ဖက်ကိုစောင်းလှည့်ကာ ပြန်အိပ်ရန်ပြင်လိုက်သည်။တစ်စုံတစ်ခုကို သတိရမိသွားကာ
တိမ်လွှာ အိပ်ယာမှ ဆက်ခနဲ့ ထ ထိုင်လိုက်ပြီး နာရီကို ပြန်ကြည့်လိုက်သည်။
"ဟာ! နောက်ကျနေပြီ"
ကုတင်ပေါ်မှ ဝုန်ခနဲ့ ခုန်ဆင်း၍ ရေချိုးခန်းထဲပြေးဝင်ကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ရသည်။
စပို့ရှပ်အပါးလေးနှင့် ခြေချင်းဝတ်ထိရှည်သည့် အားကစားဘောင်းဘီလေးကို ဝတ်လိုက်သည်။ပုံမှန်ဆို ဒီလိုပုံစံမျိုး ယောင်လို့တောင်မှ မဝတ်ဘူးခဲ့။ပေါင်လည်လောက်သာရှိသည့် ဘောင်းဘီလေးတွေဝတ်နေကျ။အရှည်ဆုံး ဒူးအထက်လေးသာ ဝတ်ဖူးခဲ့သည်။
ကိုကို့ဆန္ဒအရ ဒီပုံစံမျိုးဝတ်လိုရပေမယ့် လွတ်လပ်ပေါ့ပေါ့မှုတော့ရှိသား။ဆံပင်ကို ခပ်မြင့်မြင့်စုစည်းလိုက်ပြီး မှန်ထဲနောက်တစ်ခေါက်ပြန်ကြည့်ကာ စိတ်ကျေနပ်မှုရှိပြီဆိုမှ အပြင်ထွက်လာခဲ့သည်။
"အလွှာဖြူ! ငါ့ဖိနပ်ထုတ်ထား"
လှေကားမှ ပြေးဆင်းရင်း ပါးစပ်ကလည်းအငြိမ်မနေအားဘဲ ကြိုခိုင်းထားရသည်။မဟုတ်ရင် အလွှာဖြူရဲ့ နှေးတုံ့တုံ့ လုပ်ပုံကိုင်ပုံနဲ့ပိုပြီးနောက်ကျနေအုံးမည်။
မနက်စာပြင်နေသောအဖြူသည် တိမ်လွှာအသံကြားသည်နှင့် ပျာယာခတ်သွားကာ လုပ်လက်စအလုပ်များကို ချထားခဲ့ပြီး အပြေးလေးထွက်လာရသည်။ ဖိနပ်စင်နားရောက်မှ တိမ်လွှာ ဘာဝတ်လဲဆိုတာ ပြန်လှည့်ကြည့်ရသည်။
"ဟဲ့ အလွှာဖြူ...မြန်မြန်လုပ်စမ်းပါ မိရွှေကြာရဲ့
နောက်ကျနေပါပြီဆို"
'မိရွှေကြာ' ဆိုတာ တိမ်လွှာ အဖြူ့ကို ခေါ်နေကျနာမ်စားတစ်ခု....။တိမ်လွှာ စိတ်မရှည်သည့်အချိန်မျိုးဆို ဒီနာမည်ကို ခေါ်တတ်သည်။အဖြူ စိတ်ပါသည့်အခါ သွက်သွက်လက်လက်လုပ်ပေးတတ်ပေမယ့် တစ်ခုတစ်ရံ တမင်တကာ လေးလေးလံလံလုပ်နေခဲ့သည်။အဖြူ့ရဲ့ အသံတိတ် ဆန့်ကျင်သည့်နည်းဗျူဟာက နဲနဲလေးဖြစ်ဖြစ်အသုံးဝင်ရင်ကို အဖြူကျေနပ်ပါပြီ။သူတို့တွေအလောတကြီး လိုအပ်နေသည့်အခါမျိုးဆိုရင်ပေါ့။
တိမ်လွှာ အားကစားဘောင်းဘီဝတ်ထားတာကြောင့် အနီရောင်စင်းကြောင်းလေးတွေပါသည့် ရှူးဖိနပ်လေးကို ယူလိုက်ပြီး တိမ်လွှာရှေ့ချပေးလိုက်သည်။
"စီးပေး"
တိမ်လွှာ အပေါက်ဝမှာထိုင်ကာ ပြင်ဆင်ချယ်မှုမရှိသေးသည့်မျက်နှာကို မှန်သေးသေးလေးကြည့်ကာ မိတ်ကပ်လေးနဲနဲပြင်နေသောကြောင့် အဖြူ့ရှေ့ကို ခြေထောက်ထိုးပေးလိုက်သည်။
"ဟဲ့ စီးပေးပါဆို ဘာကြောင်ကြည့်နေတာလဲ မိရွှေကြာရဲ့ "
အဖြူ တိမ်လွှာရှေ့မှာ ဒူးတုပ်ထိုင်ပြီး ခြေထောက်လေးကို မ,ယူကာ ဖိနပ်လေးကိုစီးပေးပြီး ကြိုးလေးတွေကို အသေအချာချည်ပေးရသည်။အောက်နှုတ်ခမ်းလေးကို မသိမသာ ဖိကိုက်ထားပြီး ဝဲတက်လာသည့် မျက်ရည်တွေကြောင့် အဖြူခေါင်းငုံ့ထားရသည်။အဖြူ့ဘဝမှာ သူတပါးကို ဖိနပ်စီးပေးမယ်လို့ ယောင်လို့တောင် စိတ်ထဲမရှိခဲ့။အခုတော့...အဖြူက သူတပါးအနှိပ်ခံဘဝကို ရောက်နေရသည်။အရင်က မင်းသမီးလေး အဖြူရောင်ကြိုး ဖြစ်ခဲ့ပေမယ့် အခုတော့ အခိုင်းစေမလေး အလွှာဖြူ အဖြစ်နေ,နေရသည်။ အဖြူ့ကို ဘုရင်မတစ်ပါးလို ဂရုစိုက်ဆက်ဆံခဲ့သော ပါးနဲ့မားကို သတိရလှသည်။ဘုရင်မလေး ဖြစ်ချင်သည့် အဖြူ၏ စိတ်ကူးတွေသည်လည်း ဝေဝါးပျောက်ကွယ်သွားပြီ။
ဖိနပ်စီးပြီးသည်နှင့် မီးဖိုထဲ ပြန်ဝင်ရပြန်သည်။အခုရက်ပိုင်း မဆွေက ဒေါ်လရိပ်အနားမှာပဲ အမြဲရှိနေသောကြောင့် အိမ်မှုကိစ္စမှန်သမျှ အဖြူပဲ လုပ်နေရသည်။
"သမီး!အစောကြီးနိုးနေပါလား အရင်ရက်တွေကဒီအချိန်ဆိုအိပ်မက်မက်ကောင်းတုန်းပဲမဟုတ်ဘူးလား"
လှေကားမှ တစ်လှမ်းချင်းဆင်းလာသည့် ဒေါ်လရိပ်၏ မေးခွန်းကြောင့် တိမ်လွှာ အနည်းငယ်စိတ်ရှုပ်သွားရသည်။နောက်ကျနေပြီ...။
"မာမီရယ် လွှာလည်း အပြောင်းအလဲ လေးဖြစ်သွားအောင် နေလို့မရဘူးလား "
"အထူးအဆန်းပါလား "
"လွှာလည်း ကျန်းမာရေးကောင်းအောင် လမ်းလျှောက်ထွက်မယ်လေ မနက်ခင်းရဲ့ လတ်ဆတ်တဲ့လေ လေးတွေရှုရှိုက်ပြီး လေ့ကျင့်ခန်းလုပ်ရင် သွေးလည်ပတ်မှုကောင်းစေတယ်တဲ့ မနက်ခင်းအလှကို ခံစားရတာ စိတ်ကိုကြည်နူးစေတယ်တဲ့ မာမီရဲ့"
"အံမယ် မာမီ့သမီးလေးက ဒီလိုတွေတောင် စကားတတ်နေပါလား"
"စကားတတ်တာမဟုတ်ဘူး မာမီ၊ လွှာ ကြားဖူးတာပြောပြတာ လွှာလည်း ခံစားကြည့်ချင်တယ်လေ တန်ဖိုးရှိတဲ့အချိန်လေးတွေကို အကျိုးရှိရှိအသုံးချချင်တယ် အိပ်ယာထဲမှာဘဲ အချိန်ကုန်နေရအောင် မာမီ့သမီးက ကလေးလည်း မဟုတ်တော့လေ မာမီရဲ့"
"သမီး.....သမီးမှာ ရည်းစားရှိနေပြီလား"
မာမီးရဲ့ စိုးရိမ်နေသော လေသံနှင့် အကဲခတ်သောအကြည့်တို့ကြောင့် လွှာ မလုံမလဲ ဖြစ်ရသည်။
"မာမီကလည်း လွှာပြောတာနဲ့ အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ"
"ဟင်း.....သမီး မာမီကို ဘာတွေဖုံးကွယ်ထားလဲ ဘာတွေမဟုတ်တာလုပ်ထားလဲဆိုတာ သမီးရဲ့မျက်နှာကြည့်လိုက်တာနဲ့ မာမီအကုန်သိတယ်နော်"
"ဟုတ်ပါပြီ မာမီရယ် အခုတော့ လွှာ သွားလိုက်အုံးမယ် နောက်ကျနေပြီ"
ဒေါ်လရိပ် ပြန်ဖြေစကားပင်မစောင့်တော့ဘဲ တိမ်လွှာ ပြေးထွက်ခဲ့လိုက်သည်။ အိပ်ယာထ နောက်ကျပါတယ်ဆို အလွှာဖြူက ကြာ၊မာမီက ပွားနေတာနဲ့ ကိုကိုတော့ စိတ်တိုနေတော့မှာဘဲ။ကိုကိုက အချိန်တိကျမှကြိုက်တာတဲ့။
ဒေါ်လရိပ်အဖြူမနက်စာပြင်ထားသည့် စားပွဲမှာထိုင်ရင်းအတွေးများစွာနှင့် ရှိနေခဲ့သည်။
'ဒီကောင်မလေး တကယ်ရည်းစားရနေပြီပဲ'
ကော်ဖီတစ်ခွက်ကိုအတွေးများစွာနှင့်သောက်နေရင်း....
အဖြူ မုန့်ပန်ကန်းလာချပေးပြန်သည်။
"တော်ပြီ ပြန်သိမ်းလိုက်တော့ ငါ မစားချင်တော့ဘူး"
အဖြူ ခေါင်းလေးညိမ့်ကာ ပြန်သိမ်းလိုက်သည်။
~~~~~~~~
မနက်ခင်း၏နေရောင်ခြည်သည် မန္တလေးတောင်တစ်ခုလုံးကို လွှမ်းခြုံလာသည်။သစ်ပင်များသည်လည်းအစိမ်းရောင်စိုလဲ့လာသည်။တောင်အောက်ကကြည့်လျှင် တောင်ထိပ်မှာအနည်းငယ်မြူဆိုင်းနေသလိုထင်ရသည်။
ရှိုင်း ဒီနေရာကို ရောက်လာပြန်ပြီ။ရန်ကုန်မှာ အခြေကျပြီးတည်းက အလုပ်ကိစ္စနှင့်သာ မန္တလေးကိုရောက်ဖြစ်သောကြောင့် မန္တလေးတောင်ဆီကို အေးအေးဆေးဆေးလာခွင့်မရခဲ့။
အရင်တစ်ချိန်က စိတ်ဖိစီးမှုမှလွတ်မြောက်ဖို့ ဒီတောင်ပေါ်ကိုပြေးတက်ခဲ့သည်။လူငယ်ပီပီရင့်ကျက်မှုတည်ငြိမ်မှုမရှိခဲ့သည့်ခန ဒေါသအလျှောက် လုပ်မိလုပ်လုပ်ရာ လုပ်ခဲ့သည်များလည်းရှိသည်။ရန်လိုမှုတွေနှင့် ဒီတောင်ကို ပြေးတက်ခဲ့ဖူးသည်။ထိုအချိန်က ငြိမ်သက်မှုမရှိသေးသည့် စိတ်ဖြင့်သာ ထွက်ပေါက်တစ်ခုလို အသုံးချခဲ့ခြင်းပင်။အခုရော...ရင်ကျင့်ပြီးလားဆိုရင်....ဟင့်အင်ပဲ။သို့တိုင် အတော်အသင့်တည်ငြိမ်မှုတော့ရှိခဲ့ပြီ။
Forest Gumpရုပ်ရှင်ကားထဲက မင်း Tom Hanksသည် နာကျင်ခံစားရမှုတွေ ကြောက်ရွံ့မှုတွေဆီမှ လွတ်မြောက်ဖို့ နှစ်ပေါင်းများစွာ မနားတမ်းပြေးခဲ့သည်တဲ့။
ရှိုင်းကတော့ နာကျင်ဝမ်းနည်းမှုတွေက လွတ်မြောက်ဖို့ တစ်ပါးသူသတ်မှတ်ပေးထားသည့် ကုမ္ပဏီများစွာနှင့် Hotelလုပ်ငန်းစုများစွာကြားမှာစိတ်နှစ်ထားခဲ့သည်။ထိုအရာတွေသာ မရှိခဲ့လျှင် သူသည်လည်းအတိတ်ဆိုးကိုမေ့ပျောက်ဖို့လွယ်ကူမည်မဟုတ်ပါ။
"အင့်"
အတွေးမှာနစ်မြောနေစဉ် နောက်ကနေသိုင်းဖက်လာသည့် လက်တစ်စုံကြောင့် သက်ပြင်းဖွဖွချလိုက်သည်။
"babe ကိုယ် အချိန်မတိကျတာကို မကြိုက်ဘူး"
"ကိုကိုကလည်း လွှာက နဲနဲလေး အိပ်ယာထနောက်ကျသွားလို့ပါ"
"နာရီဝက်လား.....အချိန်နဲမိဘ က လောကမှာ အစားထိုးရာမရှိတဲ့... ကိုယ်က အချိန်ကို တန်ဖိုးထားမှ အချိန်ကလည်း ကိုယ့်ကို အကျိုးဖြစ်စေတာ... နဲနဲလေးဆိုတဲ့အချိန်က လူ့ဘဝကိုသတ်မှတ်ပေးနိုင်တယ်... နပိုလီယံတောင်မှ ဝါလင်တန်ကိုတိုက်ဖို့ ဝါတာလူးစစ်ပွဲမှာ အချိန် နှစ်နာရီ တည်းနောက်ကျခဲ့တာနော်... သူ့ရဲ့ဘုန်မီးနေလကတော့ အပြီးတိုင်ချုပ်ငြိမ်းခဲ့ရတာပဲ.....ကုန်ဆုံးသွားတဲ့တစ်မိနစ်လေးကိုပဲ များစွာကျန်နေသေးတဲ့အချိန်သမုဒ္ဒရာကြီးက ပြန်ပြီးအစားထိုမပေးနိုင်ဘူး babeရဲ့"
ရှိုင်း တည်တည်ငြိမ်ငြိမ်နှင့်စကားဆိုလိုက်တော့ တိမ်လွှာ အထွတ်မတက်ရဲခဲ့။စကားလုံးတွေနဲ့ပင် ရှိန်နေရပြီ။
"ကိုကို လွှာ တောင်းပန်ပါတယ် နောက်ဆို မဖြစ်စေရပါဘူး"
"ကတိပေးပြီးရင်တော့တည်မှရမယ်နော်"
"ဟုတ်ကဲ့ပါကိုကိုရဲ့"
"ကဲ တောင်ပေါ်တက်ဖို့အသင့်ပဲလား"
"ဟုတ်"
"နေအုံး"
တိမ်လွှာ တက်ကြွစွာနှင့် ခေါင်းလေးညိမ့်လိုက်သည်။'နေအုံး'ဆိုသည့် စကားသံနဲ့အတူ ရှိုင်းဝတ်ထားသည့် ဂျာကင်အပါးအိတ်ကပ်လေးထဲမှNike တံဆိပ်ပါသည့်ပန်ရောင်နဖူးစည်းလေး ထုတ်ယူလာသည်။
"ဒါမှ ပြည့်စုံသွားမှာ"
ရှိုင်းကိုယ်တိုင်ဘဲ လွှာနဖူးလေးကိုပတ်ပေးလာသည်။ထိုနောက် ခေါင်းကို ဖွဖွတစ်ချက်ပုတ်ကာ ရှေ့ကပြေးတက်သွားသည့် ရှိုင်း။
"ဟာ! ကိုကို လွှာကိုစောင့်အုံးလေ"
တိမ်လွှာလည်း ရှိုင်းကိုမှီအောင်ပြေးတက်လိုက်သည်။
~~~~~~
"စောင့်ပါအုံး ကိုကိုရဲ့"
နောက်ကနေ ခနခနအော်ခေါ်ကာ လက်တပြပြနှင့် တစ်လှမ်းချင်းလေးလေးပင်ပင်လျှောက်လာသည့်တိမ်လွှာကို လမ်း၏အမြင့်ပိုင်းမှာ ခါးထောက်ရပ်စောင့်ရင်း ရှိုင်း အော်ရယ်မိရသည်။ရှိုင်းအတွက်တော့ နှစ်တွေကြာခဲ့ပေမယ့်အရင်လိုသွက်သွက်လက်လက်တက်နိုင်ဆဲပင်။ဒါကလည်းတစ်ချိန်က ပြင်းပြင်းထန်ထန်အလေ့ကျင့်ကြောင့်ပဲဖြစ်လိမ့်မည်။
ဒီလိုမရယ်ဖြစ်တာတောင် ဘယ်လောက်ကြာခဲ့ပြီလဲ။
"တက်သွားလိုက်တာ တကယ့်တောင်တက်သမားလိုပဲ ရန်ကုန်သားမို့တော်တော်ရှိပါ့ မန္တလေးသားဆိုရင် ဘယ်စကေးနဲ့များတက်သွားမလဲ"
ရှိုင်းကိုမှီလာတော့ ဖြိုင်ဖြိုင်ကျနေသောနဖူးကချွေးတို့ကိုသုတ်လိုက်ပြီး ပြောသည်။
"ဘယ်သူပြောလဲ ကိုယ်က ရန်ကုန်သားလို့"
"မဟုတ်ဘူးလား"
"ဟက်!"
ရှိုင်း ရယ်သံပြု၍ ရှေ့က ပြေးတက်လိုက်သည်။
"ကိုကို!....ကိုကိုက ဘယ်နယ်သားလဲ"
"တောင်သမန်"
"ဟမ်"
လွှာ သည် ရှိုင်းနှင့် ယဉ်ကာ ခပ်သွက်သွက်လေးတက်လာသည်။
"ကိုကို!"
"........."
ရှိုင်းစကားမပြောဘဲ ပြုံးနေသည့်သူ့မျက်နှာကိုမမြင်အောင် ရှေ့က ခပ်သွက်သွက်လျှောက်သွားသည်။ကားလမ်းအတိုင်းတက်လာသည့် လမ်းတစ်လျှောက်မှာ ရှိုင်းသည် လွှာ့ကို စောင့်ကာ စောင့်ကာ ခေါ်လာရသည်။တောင်ပေါ်ရောက်ချိန်မှာတော့ လွှာသည် ချွေးဒီးဒီးစီးကျလာကာ အသက်ပင် ကောင်းကောင်းမရှူနိုင်ဘဲမောဟိုက်နေသည်။
"babe ရယ် မင်းကြည့်ရတာ မသက်သာလိုက်တာ"
"လွှာ ငယ်ငယ်လေးတည်းက ဇိမ်ကျကျနေခဲ့ရတာ၊ကျောင်းသွားရင် ငြိမ့်နေတဲ့ကားကြီးနဲ့သွားတယ် အဲကွန်းဖွင့်ထားတဲ့အိမ်ကြီးမှာနေတယ် ထမင်းစာချိန် ခူးပြီစခပ်ပြီးသား အရံသင့်စားနေကျ ကျောင်းစာလုပ်မယ်၊ကစားမယ် စားမယ် ဒါနဲ့ပဲ အချိန်ကုန်လာတာလေ တစ်ရက်တော့ မာမီတို့က ဘာစိတ်ကူးပေါက်လို့လဲမသိဘူး လွှာနဲ့အဖြူ့ကို မန္တလေးခေါ်လာခဲ့တာ အဲ့ဒီတည်းက မန္တလေးမှာဘဲ အခြေကျနေခဲ့တာ"
"အဖြူ!"
"အင်း.......လွှာ ညီမလေးပဲထားပါတော့ သူ့အကြောင်းထားလိုက်ပါ"
လွှာ ပါးစပ်က ထွက်သွားပြီးမှ မာမီ မှာထားသည့်စကားကို သတိရမိကာ အမြန်ထိန်းလိုက်ပေမယ့်ပြောထွက်ခဲ့ပြီးပြီ။အဖြူ့အကြောင်းကို ဘယ်သူရှေ့မှ မပြောရဘူးဟု မာမီက ထပ်လဲလဲမှာထားသည်။အကြောင်းပြချက်ရေရေရာရာတော့ လွှာ မသိခဲ့ရ။
"ဘာဖြစ်လို့လဲ babeရဲ့ သူနဲ့ babeက အဆင်မပြေဘူးလား"
"နဲနဲ"
"babeပြောတဲ့ အဖြူနာမည်က ဘယ်သူလဲ"
"ကိုကို ဘာလို့သိချင်တာလဲ"
"သြော်....ကိုယ်က ဒီတိုင်းဘဲ ဒီလောက်ချစ်ဖို့ကောင်းတဲ့ babeနဲ့အဆင်မပြေဘူးဆိုတော့ ဘာအကြောင်းနဲ့များလဲလို့"
ရှိုင်းသည် 'အဖြူ' ဆိုသည့်နာမ်စားလေးကြောင့် သိချင်စိတ်က ထိန်းမရသည်နှင့် အလောတကြီးမေးလိုက်ပြီးမှ အမူအယာမပျက်ခင် ပြန်ထိန်းလိုက်ရသည်။
"ဒီလိုပါပဲ ညီမအခင်းချင်းဆိုတော့ ကတောက်ကဆလေးနဲနဲပါးပါးရှိတာပေါ့ အဖြူ့နာမည်က အလွှာဖြူလေ"
".........."
ရှိုင်းအတွေးများစွာနှင့် ငြိမ်သက်နေသည်။ အဖြူ တဲ့။လောကမှာ နာမည်တူမရှား လူတူမရှားပဲ မဟုတ်လား။
~~~~~~~
ရှိုင်းနှင့်လွှာ ဖိနပ်များကို အမှတ်တရပစ္စည်းအရောင်းဆိုင်မှာအပ်ကာ ဘုရားရင်ပြင်ပေါ်ကိုတက်လာခဲ့ကြသည်။
"ကိုကို!"
"အင်း"
"လွှာ ဒီပုံစံနဲ့ ဘုရားရင်ပြင်ပေါ်တက်လို့ဖြစ်ပါ့မလား"
ရှိုင်း ဖွဖွပြုံးသည်။
"ဒီပုံစံတိုင်းဆိုရင်တော့အမြင်မရိုင်းစေပါဘူးအဆင်ပြေပါတယ် ဒီထက်တိုရင်တော့ တက်ခွင့်မရှိဘူးပေါ့"
"ဒါကြောင့် ကိုကိုက ဘောင်းဘီရှည်ဘဲ ဝတ်လာခိုင်းတာပေါ့"
"အင်း...."
ကြာပန်းလေးတွေ ဘုရားမှာ ကပ်လှူရင်း ဆုတောင်းမှုပြုကြသည်။မနက်ခင်း၏ နေရောင်ခြည်ကို နောက်ခံပြုကာ မျက်လုံးဖွဖွမှိတ်လျက် ဘုရားကိုအာရုံပြုနေသည့် ကိုကို့မျက်နှာလေးကို လွှာ ငေးကြည့်နေခဲ့မိသည်။တည်ငြိမ်ခန့်ညားသည့်မျက်နှာထားနှင့် ကွေးညွှတ်ညွှတ်နှုတ်ခမ်းတို့မှ ဆုံးမစကားဆိုလာရင်တော့ ခပ်ရှိန်ရှိန်ပင်။ဒီနှုတ်ဖျားက ချစ်စကားများဆိုလာရင်တော့ ကြည်နူးစရာအပြည့်နှင့်ပါ။
ဆံပင်ခပ်ထူထူကိုဘေးခွဲ ခွဲထားသဖြင့် ကျယ်ပြန်လှသည့်နဖူးပြင်က ရှိုင်း၏လေးထောင့်ကျသော မျက်နှာထားနှင့်လိုက်ဖက်သည်။ဒီနဖူးပြင်ကြောင့်လား နှုတ်ထွက်စကားတွေကြောင့်လား....ရှိုင်းပုံစံက အသက်ထက်ပို၍ တည်ငြိမ်လှသည်။ရုပ်ရည်ကျတော့လည်း အသက်ထက်ပို၍ နုပျိုနေပြန်သည်။တစ်ခါတစ်လေ ပြောင်းလဲတတ်သည့် မျက်နှာထားက အဓိပ္ပါယ်ပင်ဖော်မရ။လူငယ်ဆန်ဆန်သွေးဆူတတ်သည့်အခါကိုလည်း လေးလိုင်းပေါ်ဆက်သွယ်ရင်းနှင့်မှ လွှာ ကြုံခဲ့ဖူးသည်။
'လွှာ တောင်းဆုပြုတယ် ကိုကို ....လွှာရဲ့အနာဂတ်ခရီးလမ်းကို ကိုကိုနဲ့ပဲ ဆက်လျှောက်မယ် ကိုကို့လက်ကိုပဲ ခိုင်မြဲစွာ တွဲထားချင်တယ်၊ကိုကို့နှလုံးသားကို လွှာပဲ အပိုင်ယူထားမယ်၊ လွှာ့ရဲ့နောက်ဆုံးအချိန်ထိ ကိုကို့လက်ကိုမလွှတ်တမ်းဆုပ်ကိုင်ထားပြီး လွှာကပဲအရင် နှုတ်ဆက်ချင်တယ်....၊ ကိုကိုနှုတ်ဆက်ခွဲခွာသွားမယ့် မြင်ကွင်းကို လွှာ မကြည့်ပါရစေနဲ့လို့... ၊လွှာ တစ်ခါမှဆုမတောင်းခဲ့ဘူးကိုကို ဒီဆုတောင်းလေးကိုတော့ပြည့်ချင်တယ် ကိုကိုရော ဘာတွေဆုတောင်းနေမလဲ'
ရှိုင်း ဒီဘုရားကို ပထမဆုံးအကြိမ်အဖြစ် စိတ်ကြည်ကြည်လင်လင်နဲ့ရောက်ဖြစ်ရတာ။ဒီဘုရားမှာ တောင်းဆုအကြိမ်ကြိမ်ပြုခဲ့ဖူးတယ်။အဖေနေကောင်းဖို့ ၊အဖေဘေးအန္တာရယ်ကင်းဖို့၊ဒီဆုတောင်းနှစ်ခုသာ ထပ်လဲလဲ။အခုတော့ ဆုတောင်းတွေ ပြောင်းလဲခဲ့ပြီ။ထပ်တိုးခဲ့ပြီ။အဖေ ကောင်းရသုဂတိရောက်ပါစေ။ရောက်ရာဘဝပျော်ပါစေ။ချစ်သောသူနဲ့သက်ဆုံးတိုင် ပေါင်းဖက်ခွင့်ရပါစေဆိုပြီး အဖေ့အတွက် မေတ္တာပို့ ဆုတောင်းလေးက ဘုရားရှိခိုးတိုင်း။
နောက်တစ်ချက်အနေနဲ့......
သူ့ ဒီဘဝမှာရပ်တည်ခဲ့ခြင်း၏ အဓိကဖြစ်သည့်
အဖြူရောင်ကြိုး.....သူမလေး ဘေးအန္တရာယ်ကင်းပါစေ ဆိုတဲ့ ဆုတောင်းလေးတစ်ခု ထပ်တိုးခဲ့ပြီ။
"သား အဖြူလေး လူ့လောကကြီးထဲမှာ ရှိနေသေးတယ်ဆိုတာ ကြီးမြယုံတယ် ...အသက်၂၀မပြည့်မချင်း အဖြူ့အသက်အန္တရာယ်အတွက်စိတ်ချရတယ် အသက်၂၀မပြည့်ခင် အဖြူ့ကိုတွေ့အောင်ရှာကြမယ်.....
ဘယ်ဒေသကိုပဲ ခရီးသွား သွား ပတ်ဝန်ကျင်ကို ဂရုစိုက်ပြီး စူးစမ်းပါ သတိဝီရိယနဲ့ သွားလာပါ သားရယ်"
ကြီးမြစကားတွေက နားထဲကို ခုန်ပေါက်ဝင်လာကြသည်။အခုဆို မင်းလေး ၁၆ပြည့်ခဲ့ပြီ အဖြူ...ကိုယ့်မှာ ၄နှစ်ပဲ အချိန်ရတော့တယ် မင်း ဘယ်မှာလဲ အဖြူ
အမြန်ဆုံးတွေ့ခွင့်ရပါစေ။တခြားဆုတောင်းတွေထက်ဒီဆုတောင်းလေး တစ်ခုတော့ ဖြည့်ဆည်းပေးပါ အရှင်ဘုရား။* အဖြူရောင်ကြိုးကို ဘေးအန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးပြန်တွေ့ပါရစေ*။
~~~~~~~~
ရှိုင်တို့ ဘုရားရှိခိုးအပြီး ဘုရားရင်ပြင်တော်ပေါ်ကို လမ်းလျှောက်ခဲ့ကြသည်။ရှိုင်း ဘုရားရင်ပြင်တော် လက်ရန်းကို မှီရပ်ကာ မန္တလေးမြို့ကြီးကို အပေါ်စီးမှ ကြည့်လိုက်သည်။ဟိုးဝေးဝေးမှာတော့ နန်းမြို့ရိုးကြီးနှင့် ကျုံးပတ်လည်ဝန်းရံနေသည့် ရတနာပုံရွှေနန်းတော်ကြီး ကို မှိုင်းညို့ညို့နှင့်မြင်နေရသည်။နန်းတွင်းဧရိယာတစ်ခုလုံးကို စိမ်းစိုညိုမှိုင်းသောသစ်ပင်တို့ဖြင့်အုပ်မိုးထာသောကြောင့် အပေါ်စီးက ကြည့်ရသည်ကိုပင် နန်းတော်ကိုမမြင်ရ။ဟိုး....ခပ်ဝေးဝေးဆီမှာတော့ ရေတံခွန်တောင်ဂေါက်ကွင်းတွေ....။ဒီဂေါက်ကွင်းကြီးတည်ဆောက်ဖို့ အသုံးပြုခဲ့တဲ့ လယ်မြေတွေ၊ဒီလယ်မြေပိုင်ရှင်တွေရော တန်ဖိုးငွေကြေားရခဲ့ကြရဲ့လား။အခုရော သူတို့တွေ ဘာတွေလုပ်ကိုင်စားသောက်နေကြသလဲ။ထိုမေးခွန်းက ရှိုင်းအတွေးအာရုံကိုရှုပ်ထွေးစေသည်။
ရှိုင်းသည်လည်း အင်ဂျင်နီယာတစ်ယောက်ဖြစ်သည့်အလျှောက် မြေကွက်ဝယ်ယူပြီးကွင်းပြင်ကျယ်မှ တိုက်တာအိုးအိမ်တွေအဖြစ်ပြောင်းလဲခဲ့ဖူးသည်။ထိုအရာတွေအတွင်တန်ဖိုးကြေးငွေဆိုတာရှိသည်မဟုတ်လား။သူ့တန်ကြေးနဲ့သူ တိုက်တန်မှုတစ်ခုတော့ပြန်ပေးခဲ့သည်။
အတွေးမများတော့ဘဲ လတ်ဆတ်သည့်လေကို ရှူရှိုက်မိတော့ စိတ်အေးချမ်းရသည်။
တဖြူးဖြူးတိုက်ခတ်နေသည့် လေးအေးအေးလေးက လွှာ ဆံနွယ်လေးတွေကို တိုးဝေ့ကာ လွင့်ဝဲနေစေသည်။ရှိုင်း မန္တလေးမြို့ မြင်ကွင်းမှ အကြည့်လွှဲလိုက်ပြီး လွှာ့ကို ခပ်စိုက်စိုက်လေးကြည့်နေခဲ့မိသည်။ babeမင်းအရမ်းလှတယ်။ချစ်စရာကောင်းတယ်။ဒါပေမယ့် ကိုယ်တို့ ချစ်ခဲ့ကြတာက သေချာရေရာတဲ့သိကျွမ်းမှုမျိုးနဲ့မဟုတ်ဘဲ မျက်ကန်းအချစ်ဖြစ်ခဲ့ကြတယ်။မင်းလည်း ကိုယ့်အကြောင်းကိုအလုံးစုံသိမှာမဟုတ်ဘူး။ကိုယ်လည်း မင်းအကြောင်းကိုဂဃနဏမသိခဲ့ဘူး။ဒီတော့ ကိုယ်တို့တွေ တစ်ယောက်အကြောင်းတစ်ယောက်စုံစမ်းကြတာပေါ့။ဒါမှလည်း ရှေ့ဆက်မယ့်ကိုယ်တို့အနာဂတ်မှာ ပြသနာတွေနည်းမှာလေ။ကြိုတင်ပြင်ဆင်ခြင်းက ကြုံတွေ့လာတဲ့ ပြသနာကို ဖြေရှင်းဖို့လွယ်ကူမှာ။
"ကိုကို နန်းတော်ကိုသွားချင်လား"
"ကိုယ် အချိန်သိပ်မရတော့ဘူး "
"ဒါပေမယ့် လွှာ အခုဗိုက်ဆာနေပြီ နို့ဟင်းသွားသောက်ကြမယ် ကိုကိုနို့ဟင်းသောက်ဖူးလား"
"မသောက်ဖူးဘူး! ...သွားသောက်ကြတာပေါ့"
ရှိုင်း အဝေးဆီကိုတစ်ချက်လှမ်းမျှော်ကြည့်ပြီး နှစ်ယောက်သားအတက်လမ်းအတိုင်း မောင်းတက်လာသည့်ကားတွေကို သတိထားရှောင်တိမ်းရင်း ခပ်သွက်သွက်ပြန်ဆင်းခဲ့ကြသည်။
လမ်းတစ်ဝက်မှာ ရှိုင်း၏ဂျာကင်အပါးလေးထဲမှ ထွက်ပေါ်လာသည့် Ring Toneသံကြောင့် ဖုန်းကိုထုတ်ကိုင်လိုက်သည်။
"ဟုတ် မမမိုးပြောပါ"
"..........."
"ဟုတ်တယ် ဒီနေ့ပဲရန်ကုန်ပြန်ဆင်းမှာ အဆင်မပြေတာရှိလို့လား "
"........."
"ဟုတ်လား! ဒါဆို ဝမ်းသာစရာပေါ့ ခရီသွားဖို့ပြင်ဆင်ထားတော့ ကျွန်တော်ဟိုတယ်ကိုပြန်ရောက်တာနဲ့ ပြန်ကြမယ်"
"............"
"ကိုကို ဘယ်သူလဲ ဘာကိစ္စလဲ"
"ရန်ကုန်မှာ အလုပ်ကိစ္စလေးပေါ်လာလို့ မမမိုးက လှမ်းပြောတာ"
မမမိုး ဆိုတဲ့အမျိုးသမီးကို တိမ်လွှာ သဘောမကျ။အခုချိန်လေးမှာတော့ သူ့အကြောင်းမတွေးဘဲ ကြည်နူးစရာ အချိန်လေးဖြတ်သန်းရအုံးမည်။အချိန်းက များများစားစားမကျန်တော့ဘဲ။ကိုကိုနဲ့ ထပ်ပြီး ခွဲခွာရအုံးမှာပါလား။
ချစ်သောသူတို့အတွက် အလွမ်းသည် အတောမသတ်နိုင်သေးချေ။
သစ်ပင်တို့ကိုဖြတ်၍ တိုက်ခတ်လာသည့်လေးအေးအေးလေးတွေက မျက်နှာကို စီးကြိုနေခဲ့သည်။
▪▪▪
အချိန် အတော်လေးလင့်နေပြီဖြစ်သောကြောင့် ကျုံးကို ထပ်ပြီးမပတ်တော့ဘဲ နို့ဟင်းဆိုင်ကိုသာ ဝင်ထိုင်ခဲ့ကြသည်။
နွားနို့ကိုထမင်းရည်ဖြင့်မပျစ်မကျဲလေးကြိုကာ အပေါ်ယံမှာ မလိုင်အနှစ်လေးတွေဆမ်းပြီး အီကြာကွေးပါးပါးလေးညှပ်ထည့်ထားသော မန္တလေး၏စားဖွယ် နို့ဟင်မလိုပျစ်ပျစ်လေးတစ်ပွဲ မကြာခင် ရှေ့ကိုရောက်လာသည်။
"ကောင်းလား ကိုကို"
"အွန်း "
ရှိုင်းတစ်ခါမှမစားဖူးသော နို့ဟင်းကို အရသာခံသောက်ကြည့်နေမိသည်။
"လွှာ ဒီနို့ဟင်းကိုအရမ်းကြိုက်တာ"
"တိမ်လွှာမို့မို့!!!"
"မာမီ!"
စူးဝါးသည့်အော်သံကြောင့် ပြိုင်တူမော့ကြည့်ကြရင်း ဒေါ်လရိပ်ကိုအမှတ်မထင်တွေ့လိုက်ရတာကြောင့် တိမ်လွှာ ဆက်ခနဲ့ထရပ်ပြီးသား။ရှိုင်းငတော့ တည်ငြိမ်စွာဘဲ ဒေါ်လရိပ်ကို ပြန်ကြည့်နေခဲ့သည်။
"ညည်းက ဒီကောင့်ကြောင့် မင်္ဂလာပွဲကိုငြင်းဖို့အသဲအသန်ဖြစ်နေတာပေါ့ ... ဘယ်ကမှန်းမသိ၊ ဘယ်သူမှန်းမသိတဲ့လူနဲ့ လုံးဝသဘောမတူနိုင်ဘူး....ဒီမှာကောင်လေးငါ့သမီးနဲ့ထပ်ပြီးမပတ်သတ်ပါနဲ့ သမီးမှာလက်ထပ်ရမယ့်လူရှိပြီးသား"
တိမ်လွှာ ကိုဆုပ်ကိုင်ကာ ရှိုင်းကို လက်ညှိုးထိုးပြီးပြောနေသော ဒေါ်လရိပ်။ဒေါသအရှိန်တက်နေသောကြောင့် ရှိုင်းမျက်နှာကိုပင်သေချာမကြည့်ဘဲ ပြောချင်ရာပြောပြီး လှည့်ထွက်ဖို့ပြင်သည်။
"မာမီ! သူရိန်က လူကောင်းတစ်ယောက်ပါ မာမီထင်နေသလို..... "
"တော်ပြီ...တိမ်လွှာ တစ်ခွန်းမဟဘဲ ငါနဲ့လိုက်ခဲ့ ငါ့စကားနားမထောင်လို့ကတော့ နင့်ကောင်ပြာဖြစ်သွားမယ်"
"အန်တီ အေးအေးဆေးဆေးပြောလို့ရပါတယ် "
"မလိုဘူး ဘာမှပြောစရာလည်းမရှိဘူး ငါအပြတ်ပြောပြီးသားဘဲ မင်းနဲ့သမီးကို လုံးဝသဘောမတူဘူး"
"ကိုကို.....ဟင့်....ကိုကို လွှာကိုကို့ကိုချစ်တယ်"
"ဖြန်း!"
ဒေါ်လရိပ်ဆွဲခေါ်ရာပါသွားရင်း ရှိုင်းကို လှည့်ပြောလိုက်တော့ ဒေါလရိပ်၏ လက်ဝါးက တိမ်လွှာပါးပြင်ပေါ်ကျရောက်သွားသည်။ထို့နောက် ခပ်လှမ်းလှမ်းမှာ ရပ်ထားသည့်ကားထဲကို ခပ်ကြမ်းကြမ်းတွန်းထည့်ကာ မောင်းထွက်သွားသည်။
ရှိုင်းသည် နေရာမှာ မလှုပ်မယှက်ရပ်နေရင်းမှ အတွေးများနေသည်က လွှာအမေကို မြင်ဖူးနေသလိုဖြစ်နေသောကြောင့်ပင်။အာရုံထဲဝေဝေဝါးဝါးပေါ်လာပေမယ့် ဘယ်နေရာ ဘယ်အချိန်မှန်း ဘယ်သူမှန်း ဝေခွဲမရ။မြင်ဖူးနေသောလူတစ်ယောက်အဖြစ်သာ သိနေသည်။
"ခင်များ ဘယ်သူလဲ??"
~~~~~~~
"မာမီ လွှာကို ဒီလိုမလုပ်ပါနဲ့"
"ဒုန်း...ဒုန်း....မာမီ"
"........"
"ဟင့်....ဟင့်...ဟီး...အီး.....ဟင့်...."
မာမီနဲ့ ကိုကို အကြည့်စစ်ခင်းနေသည်ကို တိမ်လွှာ မြင်ခဲ့ရသည်။မာမီက လုံးဝအလျော့ပေးမည်မဟုတ်။ကိုကိုကလည်း.....ဘာလို့ လွှာ့ကို ကိုကိုက ပြန်မဆွဲတာလဲ။လမ်းမှာ မာမီပြောခဲ့သည့်စကား.....
("သမီး သူ့အကြောင်းကို သိလား...အေး...သိတယ်ထားအုံး အလုံးစုံသိပါ့မလား သူ ဘယ်လိုလူစားလဲ ဘယ်လိုအဆင့်အတန်းလဲ ဘယ်လိုနေထိုင်စားသောက်သလဲ သမီးသိသလား.....သမီးငယ်ပါသေးတယ်တိမ်လွှာရယ် လူတွေအကြောင်းကို သမီးနားမလည်နိုင်သေးဘူး... အထူးသဖြင့်ယောက်ျားတွေအကြောင်းပေါ့ အခုခေတ်မှာ ယောက်ျားပိုင်းလုံးတွေကလည်း အများသား သမီးလို ငယ်ငယ်ရွယ်ရွယ်မသိနားမလည်သေးတဲ့သူဌေးသမီးတွေကိုဆို အလွတ်မပေးတတ်ကြဘူးလေ ဒါမှ သူတို့စားရမှာပေါ့ ရုပ်ကလေးပြစားနေကြတာလေ ....သမီးက ရတနာမြိုင်ရဲ့ ဘုရင်မဖြစ်လာမယ့်လူဆိုတာ အားလုံးသိနေကြတယ်လေ ဒါကြောင့် မာမီသမီးလေးကပိုပြီးသတိထားနေရမှာ ရတနာမြိုင်ရဲ့ဂုဏ်သိက္ခာ ၊ရတနာမြိုင်ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ရမှာပေါ့"
"ဘယ်အချိန်မှလဲ မာမီ"
"အဖြူ အသက်၂၀ပြည့်တဲ့အချိန်ပေါ့")
"ကိုကိုလည်း ဒီလိုလူမျိုးဘဲလား.... မဖြစ်နိုင်တာ...ကိုကိုက မိဘမဲ့ဂေဟာကိုတောင် တည်ထောင်နိုင်ခဲ့တာဘဲ မာမီပြောတဲ့အထဲမှာ ကိုကိုမပါဘူး"
စိတ်တွေရှုပ်ထွေးလာတာကြောင့်တံခါးကိုမှီထိုင်ချကာ အားရအောင်ငိုလိုက်သည်။ အတန်ကြာမှ စိတ်ထဲအနည်းငယ်ပေါ့ပါးသွားဟန်ရှိတာကြောင့် ဖုန်းယူပြီး ကိုကို့ဆီဖုန်းဆက်လိုက်သည်။
"ကိုကို လွှာ့ကိုပစ်မသွားနဲ့နော် လွှာ ကိုကို့ကိုပဲ ချစ်တယ် "
တစ်ဖက်ကဖုန်းကိုင်သည်နှင့်စကားတွေတရစပ်ပြောနေမိသည်။သို့ပေမယ့်တစ်ဖက်က ဖုန်းကိုင်သူက ကိုကိုမဟုတ်ဘဲ မိန်းကလေးတစ်ယောက်၏အသံ။
"ဝဠာ ရေချိုးနေတယ် ပြီးမှ ပြန်ဆက်ပါ"
"ရှင် ဘယ်သူလဲ"
" .........."
တစ်ဖက်ကပြန်ဖြေသံမကြား။နှုတ်ခမ်းကို ခပ်ရွဲ့ရွဲ့လုပ်ပြီး....
"သိပြီ! ရှင်က မိုး ဆိုတာ"
"ဟုတ်တယ်! အခု အလုပ်ရှုပ်နေတယ် မနှောက်ယှက်ပါနဲ့"
"မဟုတ်....... "
တိမ်လွှာ စကားပင်မဆုံးလိုက် တစ်ဖက်က ဖုန်းချသွားသည်။ဘယ်လောက်ခံပြင်းဖို့ကောင်းလိုက်သလဲ။ကိုယ့်ချစ်သူဆီကို ဆက်တာတောင် မနှောက်ယှက်ပါနဲ့တဲ့။အောက်နှုတ်ခမ်းလေးကို ဖိကိုက်ပြီး လက်သီးလေးကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
"!!ကလစ်!!!"
တံခါးဖွင့်သံကြောင့် ဖုန်းလေးကိုနေရာတကျပြန်ထားလိုက်ပြီး စိတ်ပျက်စွာပင် ကုတင်ပေါ်ထိုင်ကာ မျက်နှာလွှဲထားလိုက်သည်။
"သမီး မနက်ဖြန် ရန်ကုန်သွားရမယ် မောင်းမှိုင်းညှို့အိမ်မှာ နေရမယ် ဒါမာမီအမိန့်ပဲ"
"မရဘူး မာမီ"
"ဆက်မပြောနဲ့ မာမီသွားဆိုသွားပဲ "
"မာမီ!! မာမီစဉ်းစားကြည့်အုံး...သမီးတို့က ဘာမှမဆိုင်းဘဲ တစ်အိမ်တည်းအတူနေရင် ပတ်ဝန်းကျင်က ဘယ်လိုမြင်ကြမလဲ "
"အဲ့ဒီမှာ မှိုင်းညှို့အတွက် ဝေယျာဝစ္စလုပ်ပေးတဲ့အဒေါ်ကြီးတစ်ယောက်ရှိတယ်"
"ဟင့်အင်!သူစိမ်းတွေနဲ့ သမီးအတူမနေချင်ဘူး ....ချုပ်ခြယ်တာတွေလည်းမကြိုက်ဘူး လွတ်လွတ်လပ်လပ်ပဲနေချင်တယ် အဲ့ဒီအဘိုးကြီးနဲ့အတူနေမယ့်အစား တရားစခန်းဘဲ ဝင်လိုက်တော့မယ်"
"သမီး!"
"ဟင့်"
"မာမီသွားစေချင်ရင်တော့ သွားပါ့မယ် ဒါပေမယ့် အဖြူ့ကိုပါ ခေါ်သွားမယ်"
>>>>>>>>>>>>>>>>>>>>>
အဖြူ့ကို လွှာက ခေါ်ထုတ်သွားပြီနော်☺