book

Index 15

အပိုင်း(၁၅)

ကြွေလွင့်မျက်ရည်


ရှိုင်းဝဠာဘေးမှာ ရဲသားနှစ်ဦးရှိနေပေမယ့် ချုပ်ကိုင်မထားပေ။ ဒူးနှစ်ဖက်ပေါ်တံတောင်ဖြင့်ထောက်ထာရင်းမျက်နှာကို လက်ဖြင့်အုပ်ထားမိသည်။ရှက်လို့တော့

မဟုတ်။ကိုယ်ဘက်ကမှန်နေရင် ဘယ်လောကဓံ ဘယ်တိုက်ခိုက်မှုမှကြောက်စရာမလို...။အဖေ့ဆုံးမစကားတွေမှာ သူရင့်ကျက်ခဲ့ပြီ။သို့သော် မရင့်ကျက်နိုင်သေးသည်က အဖေတားမြစ်ထားတဲ့ မျက်ရည်တွေ။ ဒီအခြေအနေကြီးကို ဘယ်လိုမှ လက်မခံနိုင်ပေ။အဖေ့ကိုလက်ထိပ်တန်းလန်းကြီးနှင့်အချုပ်ကားပေါ်တက်သွားသည်ကို ကြည့်ရင်းဝမ်းနည်းမှုတွေဆို့ကျပ်လာကာထိန်းထားသည့်ကြားက မျက်ရည်ကျခဲ့ရသည်။ ဒီမျက်ရည်တွေကျရင် အဖေ့သားမဟုတ်ဘူးတဲ့...ကျွန်တော်က အဖေ့သားပါ..ဒီမျက်ရည်တွေ အဖေမမြင်ပါစေနဲ့။ဒါကြောင့် မျက်နှာကို လက်ဖြင့်ဖိအုပ်ထားခဲ့မိခြင်းပင်။သားက အဖေ့သား...ရှိုင်းဝဠာထွဋ် ဆိုတာ အဖေ့သွေး.....ဒါက လုံးဝအမှန်တရားပဲ။


အဖေဘာလို့မငြင်းခဲ့တာလဲ...အဖေမလုပ်ခဲ့ဘူးဆိုပြီးငြင်းခဲ့ရမှာလေ အဖေ အမြဲတမ်း အမှန်တရားဘက်မှာနေတယ် ဒီတစ်ခါ ဘယ်လိုဖြစ်သွားရတာလဲ အဖေ.... ကျွန်တော် အဖေ့ကို နားမလည်တော့ဘူးဗျာ.....


အတွေးများစွာနှင့်သာ ထိုညက အမရပူရ ရဲစခန်း၏ထောင့်လေးမှာ ထိုင်နေခဲ့ရသည်။မျက်လုံးတို့ပြူးကြောင်ကာ အိပ်လည်းမရတော့။အဖေကတော့ သူ ဘယ်လိုနေတယ် ဘယ်လိုထိုင်တယ်ဆိုတာလှည့်မကြည့်ဘဲ အချုပ်ခန်းထဲဝင်သွားခဲ့သည်။အစောင့် ရဲ အနည်းငယ်သာရှိသည့် တိတ်ဆိတ်ငြိမ်သက်နေသည့် အခန်းထဲမှာ မငြိမ်သက်နိုင်သည့်စိတ်တို့ဖြင့်တစ်ညတာကုန်ဆုံးနေခဲ့သည်က ရှိုင်းဝဠာရယ်ပါ။


~~~~~~~~~~~~~


မနက်ခင်းရောင်ခြည်ကြောင့်သစ်ရွက်လေးတွေပေါ်မှာ ရွှေရည်စက်လေးများပက်ဖြန်းထားသကဲ့သလို့ ဝင်းလက်နေသည်။မနက်လေပြေအေးအေးလေး၏ ဝေ့ဝဲတိုက်ခတ်မှုကြောင့် သစ်ရွက်လေးများလှုပ်ရှားသွားပုံလေးကလည်း ကြည်နူးဖွယ်အတိဖြင့်။ငှက်ကလေးများ၏ကျာကျာကျီကျီမြည်သံတို့အောက်မှာ မနက်ခင်း၏ အလှသည် အသက်ဝင်ပီပြင်ခဲ့သည်။ဒီလိုသာယာသည့်မနက်ခင်းမှာ မသာယာနိုင်သူက ရှိုင်းဝဠာပါ။


အဖေနဲ့ရဲသားတစ်ချို့စကားပြောနေကြသည်ကိုသိသော်လည်း အနားမသွားဘဲ ထိုင်မြဲနေရာမှာသာ ငြိမ်ထိုင်နေမိခဲ့သည်။အခုချိန်မှာ လေးလံနေသည့်စိတ်က ဘာကိုမှ လုပ်ခွင့်မပေးသလို....။


ခနအကြာမှာ အဖေနဲ့ရွယ်တူအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး အပြေးအလွှားရောက်လာကြသည်။


"သား"


အဖေ့ခေါ်သံကြောင့်နေရာမှ မထချင်ထချင်နှင့် ထသွားရသည်။


"ဝဠာ ခေါင်းငုံ့မထားနဲ့ အဖေမကြိုက်ဘူး"


အချုပ်ခန်းထဲကပင် သူကို အော်ငေါက်နေသေးသည်။အဖေ၏မေတ္တာဘယ်လောက်ထိကြီးမားကြောင်း သူသိခဲ့ရပါပြီ။ ခေါင်းကို မော့လိုက်ပြီးအရာအားလုံးကိုရင်ဆိုင်ဖို့သတ္တိရှိကြောင့် ထုတ်ဖော်ပြသလိုက်သည်။ဘယ်အရာကိုမှဂရုမစိုက်သည့်အလား...။


"သား အရမ်းတော်တယ် "


ဘေးကလူကြီး ချီးကျူးစကားကြောင့် ရှိုင်း ခပ်လွန့်လွန့်ပြုံးလိုက်သည်။


"သား ဂုဏ်ရောင်နဲ့ခနလိုက်သွား အဖေ ပြသနာတွေရှင်းတဲ့အချိန် ချက်ချင်းလာခေါ်မယ်"


"ဘယ်လို အဖေ"


"ဒီကြားထဲစားဝတ်နေရေးအတွက် ဂုဏ်ရောင်တို့တာဝန်ယူပေးလိမ့်မယ် ဂုဏ်ရောင်က အဖေ့မိတ်ဆွေ... သား ဘာမှအားနာစရာမလိုဘူး သူတို့နဲ့လိုက်သွား အကောင်းဆုံးကြိုးစားနေထိုင်ပါအဖေ မင်းကိုစိတ်ချမယ်"


အဖေက ငါကို သူများလက်ထဲပေးလိုက်တာလား မဖြစ်နိုင်တာ အဖေ လာခေါ်မယ်ပြောနေတာပဲ


ဒီစကားတွေကိုတော့ အဖေစိတ်ဆင်းရဲမှာစိုးလို့ထုတ်မပြောခဲ့ပါ။


"အဖေ ဘယ်တော့လာခေါ်မှာလဲ"


"အချိန်မမေးရဘူးလေကွာ ဒီကနေသွားကြတော့"


"သိုက်ထွန်း မင့်သားအတွက်တော့ ဘာမှစိတ်မပူနဲ့ ငါအားလုံးကိုတာဝန်ယူပေးနိုင်တယ် မနက်ဖြန် ငါလာခဲ့မယ်"


"အွန်း...."


ဖြေပြီးသည်နှင့်ကျောခိုင်းသွားသည့်အဖေ....။သူတို့တွေ အပြင်ထွက်သွားသည့်အထိ လှည့်ကြည့်မလာတော့ပေ။


ဒီလိုနဲ့ ရှိုင်းဘဝဟာ ဦးနေဂုဏ်ရောင်တို့နှင့်အတူမန္တလေးမှာနေထိုင်ရင်း ဖြတ်သန်းလာခဲ့ရသည်။ ဦးဂုဏ်မှာ သမီးတစ်ယောက်ရှိမှန်းသိပေမယ့် မတွေ့ခဲ့ဖူးပေ။ 


ဦးနေဂုဏ်ရောင်တို့ ဇနီးမောင်နှံသာ Hotels ကိစ္စဖြင့်မန္တလေးမှာ ရက်ကြာကြာနေရမည်ဖြစ်သောကြောင့် အဖြူသည် ဒေါ်အေးမြ၏ ရွာကို အလည်လိုက်သွားခဲ့သည်။


ထိုကာလအတွင်း သူ မန္တလေးတောင်ကို မကြာခန ရောက်ဖြစ်ခဲ့သည်။မနက်စောစောထပြီး တောင်တက်ဖြစ်ခဲ့သည်။ မန္တလေးတောင်တစ်ခွင်မှာ တော၏အရောင်တောင်၏ အရိပ်တို့ဖြင့် စိမ်းစိုအေးမြနေသည့် သဘာဝရှုခင်းက သူ့စိတ်နှလုံးကို အေးချမ်းစေသည်။တောင်ပေါ်ပြေးတက်ပြီး တောင်တက်ရောက်ချိန်မောပမ်းသည့်စိတ်က တစ်စုံတစ်ရာသော ချုပ်နှောင်မှုမှ လွတ်မြောက်ခွင့်ရသကဲ့သို့ပေါ့ပါးကြည့်လင်နေသည်။ ထိုခံစားချက်လေးကို ရှိုင်း နှစ်သက်သည်။


ဆယ်တန်းအောင်စာရင်းထွက်တဲ့အချိန်မှာ သုံးဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့သည်။ဦးဂုဏ်နှင့် အန်တီသဇင်တို့က သူ့အတွက်အပျော်ကြီးပျော်နေခဲ့ကြသည်။

သူစိမ်းတွေပင် သူ့အောင်မြင်မှုအတွက် ပျော်မဆုံးဖြစ်နေကြလျှင် အဖေဆိုလျှင်လည်း ဘယ်လောက်တောင် ပျော်နေရှာလိမ့်မလဲ.. အဖေ ဒီအကြောင်းကို သိရဲ့လား...?။


အောင်စာရင်းထွက်သည့်နေ့မှာ ဦးဂုဏ်သယ်ဆောင်လာတဲ့စကားက သူ့အတွက် ကြီးမားသည့်လက်ဆောင်တစ်ခု ရလိုက်သလိုပါ။


"သားရှိုင်း...မင်းအဖေကိုယုံလား"


"ကျွန်တော်အဖေ့ကို အကြွင်းမဲ့ ယုံပြီးသားပါ"


"ဒီနေ့ မင်းအဖေ ပြစ်မှုကျူးလွန်သူမဟုတ်ကြောင်း အမှန်တရားပေါ်ပေါက်လာခဲ့ပြီ...တရားခံကိုလည်း ဖမ်းမိခဲ့ပြီ..... မင်းအဖေက အရမ်းပါးနပ်တာ အချုပ်ထဲကနေကိုရအောင်စုံးစမ်းဖော်ထုတ်နိုင်ခဲ့တာ.... မင်းရဲ့အောင်မြင်မှုအထိမ်းအမှတ်နေ့မှာ မင်းအဖေပြန်လွတ်လာတယ်ဆိုတော့ ဒီနေ့က မင်းအတွက်အပျော်ဆုံးနေ့ပဲဖြစ်လိမ့်မယ်"


ပြုံးချိုနေသော မျက်နှာထားဖြင့် အားပါးတရပြောနေသော ဦးဂုဏ်စကားတွေကို နားထောင်းရင် ရှိုင်းမျက်နှာမှာလည်း အပျော်တွေဖုံးဖိမရခဲ့။အဲ့ဒီနေ့က သူ့လောက်ပျော်တဲ့လူ ဘယ်သူမှ ရှိမှာမဟုတ်ပါဘူး။


ညနေပိုင်းဦးဂုဏ်နဲ့အတူ အဖေ အချုပ်ခန်းက ထွက်လာသည်ကို သွားကြိုခဲ့ကြသည်။တုန်လှုပ်မှုမရှိတဲ့ ဦးသိုက်ထွန်းတဲ့ မျက်နှာမှာ အေးချမ်းမှုတွေသာရှိနေသည်။


"သား..."


"အဖေ..."


လက်ကမ်းရင်း လျှောက်လာသည့် ဦးသိုက်ထွန်းရင်ခွင်ထဲကို ရှိုင်းပြေးဝင်ဖက်ထားလိုက်သည်။


"အဖေ သား ဂုဏ်ထူးသုံးခုပါတယ်ဗျ"


"ငါ့သား တော်တယ်ကွာ ဒါမျိုးပဲဖြစ်နေရမှာပေါ့ ကဲ အခု ငါ့သားတက်ချင်တဲ့တက္ကသိုလ်ကိုတက် အဖေ နောက်က အားလုံးဖြည့်ဆည်းပေးမယ် ဟုတ်ပြီလား...."


"အဖေ...."


"ဘာမှစိတ်မပူနဲ့သား သားကျောင်းစရိတ်လောက်က အဖေမမှုပါဘူးကွာ သားသာ လိမ်လိမ်မာမာနဲ့ စာကြိုးစား ကျန်တာ ခေါင်းထဲမထားနဲ့"


"ဟုတ်ကဲ့ အဖေ.."


ထိုနေ့က ပျော်ရွှင်နေသော အဖေ့မျက်နှာကို ရှိုင်း ဘယ်တော့မှမမေ့နိုင်ခဲ့ပါ။ထိုနေ့က သားဖနှစ်ယောက်ရဲ့ အပျော်ဆုံးဖြစ်ခဲ့ရသည်။အဖေ့ရဲ့မေတ္တာရင်ခွင်မှာနေခဲ့ရသည့်နေ့ရက်တိုင်းက ကြည်နူးစရာအပြည့်နှင့်ပါ။


"အဖေ....အဖေ ဘာလို့မငြင်းခဲ့တာလဲ "


အပြန် ကားပေါ်တွင် ရှိုင်းသည် သူသိချင်နေသည့်ကိစ္စကို မေးဖြစ်ခဲ့သည်။


"သား...ကိုယ့်ဘက်က မမှားလည်း အကုသိုလ်အမှောင်ဖုံးလွှမ်းနေပြီဆိုရင် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ပြေးမလွတ်တော့ဘူး ...အခုချိန် အကုသိုလ်မလုပ်လည်းအတိတ်က အကုသိုလ် အကျိုးပေးလာရင်လက်ခံလိုက်ရတာပါပဲ"


"ဒါဆို အဖေ အခုခံရတာက အတိတ်က အကုသိုလ်နဲ့ဆိုင်တာလား"


"မမှားသော ရှေ့နေ ၊မသေသော ဆေးသမား ဆိုတာ မရှိဘူး.....ဘယ်သူမှ အမြဲမမှန်နိုင်သလို ဘယ်သူမှအမြဲတမ်းမကောင်းကြဘူး ဒါပေမယ့်...သား...သင်ဖူးခဲ့မှာပါ 'မှန်ကန်ခြင်းနဲ့ရဲရင့်ခြင်း' အကြောင်းကို ....ကိုယ့်ဘက်က မှန်နေရင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တယ် ကိုယ်မှားပြီဆိုရင်တော့ ရဲရင့်မှုတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတာပဲ မှန်ကန်မှုနဲ့ရဲရင့်မှုက အမြဲတမ်းဒွန်တွဲနေတာ..... သား.... မှန်မှန်ကန်ကန်ရပ်တည်ပါ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ"


တည်ငြိမ်အေးချမ်းသော အဖေ့ရဲ့စကားသံတွေဆီမှ တစ်ဆင့်မေတ္တာဓာတ်တွေ ခံစားလိုက်ရသည်။အဖေသည် သူ့ရဲ့ မိဘ...အဖေသည် သူ့ရဲ့ဆရာ... အဖေသည်သာ သူ့ရဲ့အားကိုးရာ....အဖေနဲ့အတူသာ နေ့ရက်တွေကို ကုန်ဆုံးချင်သည်။


မီးလောင်မှုရဲ့အဓိက တရားခံက အမေရဲ့မိဘများတဲ့။ အဖေက ဒါကိုကြိုသိနေတယ် ထင်ပါရဲ့။ဒါနဲ့ပတ်သတ်ပြီးတစ်ခွန်းမှမဟခဲ့ပေ။မီးလောင်ခဲ့တဲ့ ရက်ကွက်ဆီကိုအခြေအနေသွားကြည့်ခဲ့ပြီး ထိုနေရာက မပြောင်းရွှေ့သေးသည့် ဦးနေထွန်းဆီမှ ကြားခဲ့ရသည်။အထပ်ထပ်တောင်းပန်စကားဆိုနေသော ဦးနေထွန်းကို ခေါင်းညိမ့်ပြပြီး ခွင့်လွှတ်ကြောင်းပြောလိုက်သည်။ထိုနေရာကိုပြန်သွားခဲ့သည့်အကြောင်းကိုတော့ အဖေ့ကိုပြောမပြဖြစ်ခဲ့ပါ။


အဖေနဲ့အတူ ရန်ကုန်ကိုပြောင်းရွေ့လာခဲ့ကြသည်။ဒါဟာ ရန်ကုန်မြေကို ပထမဆုံးခြေချခွင့်ရခဲ့ခြင်းပင်။ရောက်စမှာ မမြင်ဘူးမတွေ့ဘူးသည့်ပတ်ဝန်ကျင်ကို စူးစမ်းအကဲခတ်ရင်း ပျော်ရွှင်ခဲ့ရသည်။နည်းပညာတက္ကသိုလ်ကိုတက်ရင်း အားလပ်ရက်များတွင် ဦးဂုဏ်၏ စက်ရုံတစ်ချို့မှာ အလုပ်ဝင်လုပ်ခဲ့သည်။ကျောင်းစာနှင့်ပတ်သတ်သည့် ပြင်ပဗဟုသုတတွေ လေ့လာခွင့်ရခဲ့သည်။ ကျောင်းပိတ်ရက်မှာ အလုပ်လုပ်မှန်း အဖေသိပေမယ့် ကျောင်းဖွင့်ရက်တွေ အချိန်ပိုင်းအလုပ်လုပ်နေခဲ့သည်ကိုတော့ အဖေမသိခဲ့ပါ။


နောက်ပိုင်း ဘယ်လိုသတင်းကြားခဲ့သည်မသိ အချိန်ပိုင်းအလုပ်တွေမှ သူ့ကိုအလုပ်ထုတ်ခဲ့သည်။ထိုနေ့က အဖေ့ဒေါသကို မမြင်စဖူးမြင်ခဲ့ရသည်။ စေတနာဒေါသောမှန်း ရှိုင်းသိပါသည်။အဖေက ရှိုင်းကို စာကိုပဲ အာရုံစိုက်စေလိုမှန်း သိတာကြောင့် ထို့နေ့ကစပြီး အဖေ့ကို ဆန့်ကျင်တဲ့အလုပ်တွေမလုပ်ခဲ့တော့ပေ။


ရှိုင်း ဘွဲ့ယူသည့်နေ့....


ဘွဲ့ယူသည့်နေ့မှာ သားဖနှစ်ယောက်အတူဓာတ်ပုံရိုက်ခွင့်ရခဲ့သည်။ဦးသိုက်ထွန်း မျက်နှာမှာ ကြည်နူးပီတိတွေဝေဆာလျက်။ရှိုင်း၏ အောင်မြင်မှုတွေအတွက် ဂုဏ်ယူမဆုံးဖြစ်နေခဲ့သည်။


"သား....ပန်းတိုင်ဆိုတဲ့ တောင်ထိပ်ကို လှမ်းကြည့်ပဲ ခြေတစ်လှမ်း လှမ်းတိုင် အောင်ပြီ လို့ တွေးထားလိုက်ပါ အောင်မြင်တဲ့နေ့တွေ တဖြေးဖြေးများလာပြီး နောက်ဆုံးမှာ အောင်မြင်မှုအကြီးကြီးကို ရလာမှာပါ"


"သား' ဟုခေါ်လိုက်တည်းက ရှိုင်း ပြုံးရယ်နေခဲ့ပြီး အဖေပြောနေကျ စကားလေးကို အလွတ်ရနေခဲ့ပြီဖြစ်တာကြောင့် ပြိုင်တူရွတ်ရင်း ပျော်စရာတွေမျှဝေခဲ့ကြသည်။နှလုံးစိတ်ဝမ်းငြိမ်းချမ်းလှသည့် ထိုနေ့ရက်လေးလွန်လျှင် ဖြစ်လာမည့်အကြောင်းတရားကို ကြိုတင်သိမြင်နိုင်ခဲ့လျှင်ဖြင့်....။


~~~~~~


နောက်တစ်နေ့မနက်ပိုင်းတွင် အဖေ အရေးတကြီးအလုပ်ကိစ္စရှိသည်ဟုဆိုကာ အိမ်ကထွက်သွားခဲ့သည်။ရှိုင်းသည်လည်း သူငယ်ချင်းတစ်ချို့ လာခေါ်သောကြောင့် အပြင်ထွက်ခဲ့လိုက်သည်။အိမ်က အထွက် လမ်းတူသောကြောင့် သားဖနှစ်ယောက် စကားပြောရင်းလမ်းလျှောက်ထွက်ခဲ့ကြသည်။


"သား ဂရုစိုက်သွားနော် နေအရမ်းပြင်းတဲ့အချိန်ထိမနေနဲ့ စောစောပြန်ခဲ့ အဖေပြန်လာရင် သားကြိုက်တဲ့ဟင်းတွေ အဖေချက်ထားမယ် အိမ်မှာပဲ ထမင်းလက်စုံစားကြတာပေါ့ တို့သားဖလည်း ထမင်းလက်စုံမစားရတာကြာပြီလေကွာ"


"အဖေ့လက်ရာ စားရတော့မှာဆိုတော့ အခုကိုဗိုက်ဆာနေပြီ"


"ဟက်! ဟုတ်ပါပြီကွာ "


"အဖေလည်း ဂရုစိုက်သွားနော် bye"


လမ်းခွဲမှာ နှုတ်ဆက်လက်ပြရင်းတစ်ယောက်တစ်နေဆီကို ထွက်ခဲ့ကြသည်။ အိမ်ပြန်ချိန်သည် သားဖနှစ်ယောက်အတွက် ပျော်စရာကောင်းအချိန်တစ်ခုဖြစ်လိမ့်မည်ဟု သူတို့တွေးထားကြသည်။ဒီနှုတ်ဆက်ခြင်းက တစ်ဘဝလုံးအတွက် နှုတ်ဆက်ခြင်းဆိုတာ ကြိုတင်သိခွင့်မရှိခဲ့ပါ။


~~~~~~


ဦးသိုက်ထွန်းသည် ဦးနေဂုဏ်ရောင်တို့နှင့် အမွေလွှဲပြောင်းရေးစာချုပ်ချုပ်နေကြစဉ် မျက်နှာအပျက်ပျက်နှင့်ထိုင်နေသော ဒေါ်လရိပ်ရောင် ဆိုသည့်အမျိုးသမီးကို သတိထားမိသည်။တည်တင်းနေသည့်မျက်နှာထားမှာ စိုးရိမ်ကြောက်လန့်မှုတို့ကိုမြင်နေခဲ့ရသည်။လူကသာငြိမ်ထိုင်နေခဲ့ပေမယ့် ဒေါ်လရိပ်ရောင်မျက်လုံးတွေက ငြိမ်သက်မှုမရှိခဲ့။


ဦးသိုက်ထွန်း မသိမသာသက်ပြင်းခိုးချလိုက်ရသည်။စိတ်ထဲလေးလံနေမိတာ အမှန်ပင်။ဒီအမျိုးသမီးမျက်ဝန်းထဲမှာ အန္တရာယ်အငွေ့အသက်များကို တွေ့မြင်နေခဲ့ရသည်။


စာချုပ်ကိစ္စအပြီး ဦးနေဂုဏ်ရောင် တို့ကို နှုတ်ဆက်ပြီး ဒေါ်လရိပ်ရောင်ကိုအကဲခတ်ကြည့်မိတော့ မျက်ဝန်းထဲမှာ ခုနာကလို စိုးထိန့်နေမှုမျိုးမဟုတ်တော့ဘဲ အကြည့်ရိုင်းတွေသာ ရှိနေသည်။လူကိုဝါးစားမတပ်ခြုံကြည့်နေပြီး ပြုံးထားသည့်အပြုံးက ကြောက်မက်ဖွယ်ရာကောင်းလှသည်။


"ကျွန်တော့်ကို ခွင့်ပြုပါအုံး"


"ဟုတ်ကဲ့ ကြွပါခင်ဗျ"


ဦးနေဂုဏ်ရောင်က ဦးသိုက်ထွန်းအပြန်မှာ ဒရိုင်ဘာဦးမင်းကို ပြန်လိုက်ပို့စေခဲ့သည်။


ဦးသိုက်ထွန်းမငြင်းနိုင်ခဲ့ဘဲ ကားမောင်းသည့် ဦးမင်းဘေးမှာဝင်ထိုင်ပြီးလိုက်ပါလာရင်း လမ်းထိပ်အရောက်မှာ သူတို့နောက်က ကပ်ပါလာသည့် ကားတစ်စီးကိုသတိထားမိခဲ့သည်။


"အကို ကားကို ဂရုစိုက်မောင်းပါနော် "


ဦးသိုက်ထွန်း သတိပေးလိုက်တော့ ဦးမင်းသည်လည်း နောက်ကြည့်မှန်ထဲမှ နောက်ကကားကိုသတိထားမိခဲ့သည်။ကားအတိမ်းအရှောင်တွေကို သတိထားမောင်းနေရင်း လူရှင်းသည့်နေရာတစ်ခုအရောက်....


"ဒုန်း....."


"ခွမ်း....."


"ဘုန်း.......အား....."


လမ်းဘေးမှာကာရံထားသည့်အုတ်တံတိုင်းကို အရှိန်ပြင်းပြင်းနှင့်ဝင်ဆောင့်သွားသည်က ဦးသိုက်ထွန်းတို့ စီးလာသည့်ကားပင်။ကားရှေ့ခေါင်းနှင့်ဝင်ဆောင့်မိတာဖြစ်သောကြောင့် ကားမှန်များသည်လည်းအစိတ်စိတ်အမွှာမွှာ ကွဲထွက်ကုန်သည်။အရှိန်နှင့် လူက ရှေ့ငိုက်ကျသွားပြီး ပြန်မော့လိုက်စဉ် နဖူးမှ စီးကျလာသည့် သွေးများ......ဦးသိုက်ထွန်း၏ ခြေထောက်များသည်လည်း ကားထဲမှတစ်ခုခုနှင့်ညပ်နေသဖြင့် အပြင်ထွက်ဖို့မလွယ်ကူလှပေ။ ဦးမင်းသည် ကံကောင်းစွာပဲ ကား၏ စီယာတိုင်နှင့်ခေါင်း မိတ်ဆက်ရုံမှလွဲ၍ ဘာမှမဖြစ်ခဲ့။ဦးမင်းသည် ချက်ချင်းဘဲ အိမ်ကိုဖုန်းဆက်လိုက်သည်။


ဦးသိုက်ထွန်း နဖူးက သွေးများကို တုန်ရီနေသောလက်ဖြင့် စမ်းကိုင်ကြည့်မိတော့ နဖူးမှာ ဒဏ်ရာရှိမနေခဲ့ပါ။အနည်းငယ်ထိတ်လန့်သွားပြီး မျက်နှာတစ်ခုလုံးကို လက်နှင့်စမ်းကြည့်မိသည်။နဖူး၏ ဘယ်ဘက် ဆံစအဆက်တွင် စိုက်ဝင်နေသော ကားမှန်ကွဲစတစ်ခု......


မျက်လုံးတွေပြာဝေလာပြီး မြင်ကွင်းတွေသည်လည်း မှုန်ဝါးဝါးနှင့် အရာအာလုံးက ရမ်းခါနေသည်။အသိစိတ်က လွတ်တစ်ချက်မလွတ်တစ်ချက်နှင့် ....တစ်စုံတစ်ခုကိုသတိရမိကာ ဘေးက လက်ကိုင်အိတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။ဒေါ်လရိပ်ရောင်၏ အလိုရမ္မက်ကြီးပြီး ခက်ထန်သည့် မျက်ဝန်းတွေကို မြင်ယောင်နေခဲ့မိသည်။ထို့နောက် ဦးနေဂုဏ်ရောင်၊ဒေါ်သဇင်လှိုင်းခတ်နဲ့ ချစ်စရာကောင်းလှ သည့်အဖြူရောင်ကြိုးဆိုသည့် ကလေးမလေးတို့၏ မျက်နှာများကိုတစ်လှည့်ဆီ မြင်ယောင်ရင်း စိုးရိမ်ထိတ်လန့်မှုတို့ဖြင့်

လက်ထဲအိတ်ကို လွတ်ထွက်သွားမည့်အလား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမိသည်။


~~~~~


ရှိုင်းသည် သူငယ်ချင်းများနှင့်တွေ့ပြီး အိမ်ပြန်ခဲ့ရာ ကားမမှီလိုက်သောကြောင့် လမ်းလျှောက်ပြီးသာ ပြန်ခဲ့ရသည်။ ဦးထုပ်အနက်လေးကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး ခေါင်းငုံ့လျှောက်လာရင်း မှ အနက်ရောင်ကားလေးတစ်စီး သူ့ကို ကျော်သွားပြီး နောက်ထပ်တစ်စီးပါ လှစ်ခနဲ ဖြတ်မောင်းသွားပြန်သည်။


"ဟာ....ဒီလူ ကားကို ဘယ်လိုမောင်းနေတာလဲ"


သူ့ရဲ့ပြစ်တင်စကားပင် မဆုံးလိုက် ရှေ့က ကားကို ဝင်ဆောင့်တိုက်လိုက်သည့်မြင်ကွင်းကို ထင်ရှားစွာပဲ မြင်လိုက်ရသည်။


"ဟာ...သွားပြီ"


တိုက်ခံရသည့်ကားထဲမှ လူကြီးတစ်ဦးထွက်လာပြီး တဖက်ကိုသွားကာ လူတစ်ယောက်ကို မ ထုတ်နေသည်။ဒီလူကြီးကို သူ သိတာပေါ့။ဦးနေဂုဏ်ရောင်တို့အိမ်က ကားဒရိုင်ဘာ....ရဲစခန်းမှာ သူတို့ကို လာကြိုသည့်လူကြီးပဲ။


အတွေးပင်မဆုံးလိုက် သူ့ခြေလှမ်းတွေက ထိုနေရာကိုရောက်နေခဲ့ပြီ။


"ဦးလေး ဘာလိုဖြစ်....ဟင် အဖေ...."


ဦးလေးကြီးကို မေးလိုက်ရင်း သွေးသံရဲရဲနှင့်ခေါင်းမှာမှန်ကွဲစိုက်ဝင်နေသည့် လူကိုကြည့်လိုက်တော့ သူ့ အဖေ...။


"ဟာ......အဖေ.....အဖေ.ဘယ်လိုဖြစ်ရတာလဲ ဦးလေး...ကယ်ပါအုံး အဖေ့ကို ကယ်ပါအုံး... အဖေအားတင်းထားနော် အဖေ့ကိုဆေးရုံလိုက်ပို့မယ် ဦးလေး လူနာတင်ကားခေါ်လေဗျာ"


"နေဂုဏ်ရောင်ကို ခေါ်ထားတယ် အားတင်းထားနော် ဘာမှမဖြစ်ဘူး"


ဦးမင်းသည် ရှိုင်းကို ပြန်ဖြေရင်း ဦးသိုက်ထွန်း၏ လက်ကို ဆုပ်ကိုင်ပေးထားသည်။


"သား...."


"အဖေ စကားမပြောပါနဲ့မောနေပါ့မယ် ခနအားတင်းထားပါနော်"


"အဖေပြောတာသေချာနားထောင် ဒီစာချုပ်တွေကိုလုံးဝအထိခိုက်မခံပါနဲ့ အရမ်းအရေးကြီးတယ် ဘယ်သူ့လက်ထဲမှအပါမခံနဲ့ အထူးသဖြင့်.... ဒေါ်လရိပ်ရောင်ပဲ.... သား.....ဒီစာချုပ်နဲ့အတူ အဖြူရောင်ကြိုးကို ....စောင့်ရှောက်ပါ....ဒီစာချုပ်နဲ့အတူ အဖြူလေးကို ကာကွယ်ပါ....ဒီတစ်ခုကိုတော့.... ကိုယ်ကျိုးဆန္ဒမပါဘဲ ....သား ဘဝနဲ့ရင်းပြီး ကာကွယ်ပါ"


"အဖေ... အဖေဘာမှမဖြစ်ဘူးလေ.. အဖေ....ဟီး...အီး"


"သား...အဖေ မင်းကို မျက်ရည်မကျဖို့ပြောထားတာလေကွယ် အဖေစိတ်ချချင်တယ်ကွာ "


"ဟမ်....အဖေ....အဖေ့....အား.......အဖေ့...ဟား.....အဖေရာ...."


ဦးမင်းနဲ့ ရှိုင်း ဆုပ်ကိုင်ထားသည့်ကြားက ဦးသိုက်ထွန်းလက်တွေ လျောကျသွားခဲ့သည်။ရှိုင်း၏ မျက်ရည်တို့သည်လည်း ဦးသိုက်ထွန်းမျက်နှာပေါ် ပိုးပိုးပေါက်ပေါက်ကျနေခဲ့သည်။


'အဖေ ဘယ်လောက် မငိုပါနဲ့ ပြောလည်း ဖခင်တစ်ယောက်လုံးဆုံးရှုံးရတာတောင် မျက်ရည်မကျနိုင်လောက်အောင် ကျွန်တော် မတည်ငြိမ်သေးဘူးအဖေ....အဖေပြောတော့ သားနဲ့ ထမင်းလက်စုံစားကြမယ်ဆို သားမေးတာတွေကို မမောတမ်းဖြေပေးမယ်ဆို သားမှာ အဖေ့ကို မေးစရာတွေအများကြီးရှိတယ် အဖေ.... သား ကမ္ဘာထဲက ထွက်မသွားပါနဲ့ အဖေရာ....သားမှာ အဖေတစ်ယောက်တည်းရှိတာလေ သား ဘယ်သူနဲ့နေရမှာလဲ သား ဘဝက အဖေလေဗျာ အဖေမရှိမှတော့သားရှင်သန်နေရတာ ဘာအဓိပ္ပါယ်ရှိမှာလဲ အဖေ ဒီလိုကြီးတော့ သားကိုမထားခဲ့ပါနဲ့'


အဖေမကြားနိုင်တဲ့စကားတွေပြောရင်း မွန်းကြပ်ဆိုကျင်လာခဲ့ကာ အသံပင်မထွက်နိုင်တော့။ ဦးနေဂုဏ်ရောင် ရောက်လာပြီး သူ့ပွေ့ဖက်ထားသည့် အဖေရဲ့အသက်မဲ့ခန္ဓာကိုယ်ကြီးကို သယ်ဆောင်သွားကြတာသိသည်။ သူ မတားနိုင်။ အဖေ့ကို ဆွဲထားချင်ပေမယ့် သူ့အသိထဲမှာ ဘာဆိုဘာမှရှိမနေ။ပြူးကြောင်သော မျက်ဝန်းတို့ဖြင့်သာ လိုက်ကြည့်နေပေမယ့် သူ့အာရုံမှာပေါ်နေတာ လပြည့်ဝန်းနဲ့တူတဲ့ အဖေ့ရဲ့မျက်နှာ။ကြားယောင်နေသည်က အဖေ့ရဲ့စကားသံ။အဖေ့ပုံပြင်တွေအဆုံးသတ်သွားပြီ။ အဖေနဲ့အမေရဲ့ ချစ်ဇာတ်လမ်း တစ်ခန်းရပ်ခဲ့ပြီ။အဖေ့ရဲ့တောင်သမန်သီချင်းသံတွေ တိတ်နေခဲ့ပြီ။အခုချိန် တောင်သမန်က ကောင်းကင်ကြီး မဲညို့နေမလား..... ငှက်လှေလေးအသက်မဲ့နေမလား....ရွှေတောင်ကြီးပြိုပါပြီပေါ့။


လုပ်စရာရှိရာများကို ဦးနေဂုဏ်ရောင်ကသာ လိုအပ်သည်မရှိလုပ်ကိုင်ပေးခဲ့သည်။ သူတို့သားဖနေခဲ့သည့်အိမ်ကလေးမှာ ဆွမ်းကပ်အမျှဝေခဲ့ကြသည်။


~~~~~~


ရှိုင်း အိမ်ပေါက်ဝမှာမလှုပ်မယှက်ထိုင်နေမိခဲ့သည်။

ဘဝမှာ ခုံမင်တွယ်တာစရာ ဘာဆို ဘာမှမကျန်ခဲ့သလိုမျိုး ရင်ထဲမှာ ဟာလာဟင်းလင်းကြီး။ရှေ့ဆက်အသက်ရှင်ဖို့ တွယ်ငြိစရာ ဘာမှမရှိတော့။သို့သော် ကိုယ့်ဘဝကိုအဆုံးသတ်ဖို့လည်းမဖြစ်ပြန်ပေ။လူ့ဘဝမှာ ရှင်ချင်တိုင်းမရှင်နိုင်သလို သေချင်တိုင်သေခွင့်မရခဲ့ကြောင်း သဘောပေါက်ခဲ့ရသည်။


လူတိုင်းက ကိုယ့်ဘဝကို ကိုယ်ပိုင်သည်ဟု ဆိုကြသည်။တကယ်တမ်းသာ ကိုယ့်ဘဝကို ကိုယ်ပိုင်လျှင် ဘဝမှာ နေပျော်သည့်အခါ ကိုယ့်အသက်ကိုသေခွင့်မပေးဘဲ ဆုပ်ကိုင်ထားလို့ရသင့်သည်။သေချင်သည့်အခါ အလွယ်တကူ အေးအေးချမ်းချမ်းလေးသာ အသက်ဝိညာဉ် ထွက်ခွာသင့်သည်။ကိုယ့်အသက်ကိုတောင် ကိုယ်မပိုင်သည့် လူတစ်ယောက်သည် ကိုယ်ချစ်မြတ်နိုးတန်ဖိုးထားရသူ၏ အသက်ကို ဘယ်လို ဆွဲထားနိုင်မည်နည်း။


သူတရားသဘောကိုအလုံးစုံနားမလည်ပေမယ့် ဒီသဘောကိုတော့ နားလည်ခဲ့ပါပြီ။


ဦးနေဂုဏ်ရောင်တို့ အိမ်ကို လိုက်ပါသွားရင်း ဗလာဟင်းလင်းဖြစ်နေသည့် သူ့ရင်ထဲကို စကားလုံးများစွာရိုက်ထည့်ပေးလာသည့် လူတစ်ယောက်နှင့်တွေ့ခဲ့ရသည်။ သူ့လောက်အသက်အရွယ်မရှိသေး။သူ့လောက်ဦးနှောက်မဖွံ့ဖြိုးသေးသည့် ကလေးငယ်လေး အဖြူရောင်ကြိုး နှင့်သိခွင့်ရခဲ့သည်။သူမသည်လည်း သူ့လိုပဲ လူကြီးမိဘတို့ရဲ့ ဆုံးမစကားတွေမှာ နေသားကျခဲ့သည်ထင်ပါရဲ့။သူမပြောစကားများက သူ့ရဲ့အသိဉာဏ်တွေကို ပြန်လည်ခေါ်ဆောင်ပေးခဲ့ပါသည်။


"ကိုယ့်အပူကို သူများတွေ ပြောပြတာထက် 

ကိုယ့်ကိုယ်ကို ပြောပြတာပိုကောင်းတယ် လူတွေက အပေါ်ယံဟန်ဆောင်တာတွေပိုများတယ် ကိုယ့်ကို လိုအပ်တဲ့သူ ရှိသလို မလိုမုန်းထားတဲ့ လူတွေလည်း 

ရှိတယ်တဲ့ တချို့တွေက ကိုယ့်ခံစားချက်ကို ပျက်ရယ်

ပြုကြလိမ့်မယ်အပေါ်ယံဟန်ဆောင်သူတွေနဲ့နေရတာထပ်စာရင်တစ်ယောက်တည်းနေရတာ ကိုယ့်ဘဝအတွက်ပိုပြီးစိတ်ချမ်းသာစရာကောင်းပြီးအေးချမ်း

တယ်"


"....................."


"ဘာပဲ ဖြစ်ဖြစ် ကိုယ့်အတွက် ပညာတစ်ရပ်တိုးသွား

ပြီ ကျေးဇူးပါကလေးငယ်"


"အဖြူကလည်း သူတပါးကို လမ်းပြပေးနိုင်တဲ့လူ ဖြစ်ချင်တာ ဆရာ လုပ်တာတော့မဟုတ်ဘူးလေ မီးပွိုင့်မှာအမြဲတွေ့နေရတဲ့ အဖြူနဲ့ ရွယ်တူလောက်ရှိသေးတဲ့ ကလေးတွေ..... သူတို့တွေ ကျောင်းမတက်ရဘူးတဲ့ သူတို့လို ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ကျောင်းတက်ရအောင် လုပ်ပေးချင်တာ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်စေပြီး ကိုယ့်ဘဝကို ရပ်တည်နိုင်စေချင်တာ"


"အဖြူက တော်လိုက်တာ"


"ဒါပဲလေ အဖြူက ဘုရင်မ ပဲ"


"ဟုတ်ပါပြီ ကိုယ့်ရဲ့ ဘုင်မလေး"


"No no ဘုရင်မဆိုတာ တပါးတည်း ဘယ့်သူ့အတွက်မှ သီးသန့် မဟုတ်ဘူး အားလုံးအတွက် အားလုံးကို 

အကောင်းမွန်ဆုံးအရာတွေ ပေးစွမ်းနိုင်တဲ့ 

ဖန်ဆင်းရှင်"


"ဟက်!"


လက်ဟန်ခြေဟန်ဖြင့်ပြောနေသောကြောင့် သူ 

သဘောကျစွာ ရယ်လိုက်သည်။ သူမကို လှောင်တာ

လည်း မဟုတ်ပါ။ ငယ်ငယ်ရွယ်ရွယ်နှင့် ရည်မှန်းချက်

ကြီးသလို ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝထားကာ စာနာစိတ်ရှိသောကြောင့် သူမလေးကို 

သဘောကျခြင်းပင်။


သူ့အတွက်တော့ သူမဆီက စိတ်ထား ခံယူချက်တို့ကို လက်ဆောင်ရလိုက်သည်။ မမေ့နိုင်တဲ့ အမြဲအမှတ်

တရရှိနေစေမည့် အချိန်လေးတစ်ခုပါ။


~~~~~~~


တစ်ပတ်လောက်အကြာမှာ ရှိုင်းဝဠာသည့် အဖြူ့စိတ်တိုင်းကျ ဧည့်ခန်းမှာ အရုပ်များနှင့်ဆော့ပေးနေခဲ့သည်။


ရှိုင်း "


"ဗျာ"


"ဦးတို့အပြင်သွားရအောင်"


"ဟုတ်ကဲ့ဗျ"


ရှိုင်းဝဠာအနား မျက်နှာမသာမယာနှင့်ရောက်လာသော ဦးနေဂုဏ်ရောင် အပြင်သွားဖို့ခေါ်နေသောကြောင့် ဆော့လက်စအရုပ်များကို ချပြီး ထရပ်လိုက်သည်။


"အဖြူလည်း လိုက်မယ် "


"သမီး အဖြူလေးက အိမ်မှာပဲ ကြီးကြီးမြနဲ့ဆော့

နေခဲ့နော် မားတို့က ခနပဲ သွားမှာ သမီးက လိမ္မာတယ်"


"....."


မျက်နှာငယ်လေးနှင့် မှိုင်သွားသောကြောင့် ဒေါ်သဇင်လှိုင်းခတ်သည် သမီးလေးခေါင်းကို ဖွဖွပုတ်ပေးလိုက်ပြီး သမီးရှေ့မှာ ဒူးထောက်ထိုင်

ချကာ ခေါင်းလေးကို အသာထိန်းကိုင်ရင်းနဖူးချင်း

တိုက်လိုက်သည်။


"ပူတူးလေးကို ချစ်တယ်"


"အဖြူလည်း မားမားကို ချစ်တယ်"


"ပါးလည်း သမီးကို ချစ်တယ်"


"ပါးရော မားရော ချစ်တယ်"


ပြိုင်တူ နဖူးချင်းတိုက်ကာ ဆိုလိုက်ပြီးမှ ကားပေါ်တက်လာခဲ့ကြတော့သည်။ဥမကွဲသိုက်မပျက်ရှိနေကြသည့် ဒီမိသားစုလေးဘဝထဲကိုလည်း လေပြင်းမုန်းတိုင်းတစ်ချက်ဝေ့ခဲ့ပြန်သည်။


"ဦး ဘယ်သွားမှာလဲ"


"ဒီနေ့ သားအဖေရက်လည်အတွက် ဆွမ်းကပ်ပေးမလို့ ဦးတို့အားလုံးစီစဉ်ထားတယ်..."


အဖေဆုံးတာ တစ်ပတ်ပြည့်ခဲ့ပြီပဲ။


"...ပြီးတော့ သားကို ဦးကိုမိသားစုဝင်အဖြစ် ထည့်သွင်းပေးမလို့ သား လက်ခံမယ်မဟုတ်လား"


"ကျွန်တော့်ကြောင့် ဦး တို့ ဒုက္ခမရောက်စေချင်ပါဘူး"


"သား ဘာမှအားမငယ်နဲ့ လူ့ဘဝဆိုတာ ဒီလိုပဲ အားငယ်စရာမလိုဘူး ၊ သား ....ဘဝမှာ နေထိုင်ဖို့ဘဲ မစဉ်းစားနဲ့ ရင်ဆိုင်ဖို့လည်း မမေ့နဲ့ကွာ.... ဦးခုနာက ပြောသလိုပေါ့ လောကကြီးရဲ့ လှည့်ကွက်တွေက ခါးသီးလွန်းတာလည်း ရှိသလို ချိုမြိန်တာလဲရှိတယ် ချိုမြိန်ခြင်းကို မက်မောသလို ခါးသီးတာလဲ လက်ခံနိုင်ရမယ်လေ ဦးတို့က သားကို သားအရင်းတစ်ယောက်လိုသဘောထားတာ ဘာကိုမှ စိတ်မပူနဲ့ဟုတ်ပြီလား"


"ဟုတ်ကဲ့ ဦး..."


ပြန်ဖြေရင်း ဝမ်းနည်းမိသလိုလို အားကိုးရာရှာတွေ့သလိုလို ခံစားချက်ဖြင့် မျက်ရည်ရစ်ဝဲခဲ့ရသည်။


သိသိသာသာပြောင်းလဲနေခဲ့သည့် ရှိုင်းမျက်နှာထား

ကိုဦးနေဂုဏ်ရောင်အကဲခတ်ကြည့်ပြီး စကားမဆက်တော့ပဲ ကားကိုသာ အာရုံစိုက်မောင်းနေလိုက်တော့သည်။


ဦးဂုဏ်ဆီမှ ကြားခဲ့ရသည့် စကားတစ်ခွန်းက အားငယ်နေသည့်သူ့စိတ်ကို ပြန်လည်တက်ကြွစေနိုင်ခဲ့သည်။အဖေနဲ့ ဦးဂုဏ်ရဲ့ ဆုံးမစကားတွေအောက်မှာ ဖြစ်လာသမျှကို သတ္တိရှိရှိရင်ဆိုင်ဖို့ အင်အားတွေပြည့်လာခဲ့သည်။


"....ဒုန်း.....အား...."


"ဝုန်း..."


နောက်ဝင်ဆောင့်ခံရသောကြောင့် ဦးနေဂုဏ်ရောင်၏ ကားလေးသည် အုတ်တံတိုင်းတစ်ခုကို အရှိန်ပြင်းပြင်းဝင်တိုက်မိသွားသည်။ ကားသည်လည်း တစ်ပတ်လည်ကာပက်လက်အနေအထားဖြင့်...လူတွေလည်းဇောက်ထိုးမိုးမျှော်ဖြစ်နေခဲ့သည်။


ဒီနေရာက မူကြိုကျောင်းလေးတစ်ခုသောကြောင့်လမ်းကြောင်းရှင်းသည့်နေရာတစ်ခုဖြစ်သည်။ကားအသွားအလာနည်းပါးသည်။ 


ရှိုင်း၏ အာရုံထဲဝင်ရောက်လာခဲ့သည့် ကွဲအက်နေသည့် မှန်ချပ်တွေနဲ့အတူ သွေးသံတရဲရဲနှင့်အဖေ၏ ပုံရိပ်တွေ....အာရုံတွေနောက်ကျိနေပြီးအသိစိတ်က လွတ်ချင်နေပြီ....။ဒုတိယအကြိမ် ဖြစ်ပျက်ခဲ့သည်က ကိုယ်တိုင်ကြုံတွေ့ရသလို ပိုပြီး ထိတ်လန့်စေခဲ့သည်။အဖြစ်အပျက်တွေ လျင်မြန်လှသည်။ကား နောက်ခန်းကထိုင်သောကြောင့် ရှိုင်းမှာ သိပ်ပြီးမထိခိုက်ပေမယ့် ရှေ့က ဦးဂုဏ်နှင့် အန်တီသဇင်တို့မှာ မြင်မကောင်းအောင်မှန်စများစိုက်ဝင်နေပြီး လန့်စရာကောင်းလှသည်။ ဦးဂုဏ် လက်ချောင်းလေးတွေအနည်းငယ် လှုပ်ခတ်လာပြီး အန်တီသဇင် လက်ကလေးကို လှမ်းပြီးဆုပ်ကိုင်နေသည်။ဒေါ်သဇင်မှာ အနည်းငယ်လူးလွန့်လာခဲ့ပြီးမှလုံးဝကို ငြိမ်ကျသွားခဲ့သည်။


ဦးဂုဏ်အသက်ရှင်သောကြောင့် ရှိုင်း ကားအပြင်ကို 

ရောက်ဖို့ကြိုးစားရသည်။ဘေးက ကွဲနေသည့်မှန်ကို လူတစ်ကိုယ်ထွက်ရအောင် ကန်ထုတ်လိုက်ပြီး အပြင်ကို ထွက်လာခဲ့ရသည်။ဦးဂုဏ်ကို အပြင်ရောက်အောင် ဆွဲထုတ်သော်လည်း ထိုင်ခုံနှင့်ခြေထောက်က ညပ်နေသဖြင့် ဆွဲမရခဲ့။ ဟာကွာ....အဖြစ်အပျက်တွေက ဘာလို့တူညီနေရတာလဲ...။


သူ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိတော့ ခပ်လှမ်လှမ်းက မြင်ရသည် ကားတစ်စီး....အနက်ရောင်အခံပေါ်မှာ ရှုတ်ပွခတ်နေသော အရုပ်များရေးခြစ်ထားသည်။ဒီကား....ဟုတ်တာပေါ့....အဖေကားတိုက်မှုဖြစ်တုန်းကလည်ဒီကားပဲ....။


"သား.......သမီးလေးကို.... စောင့်ရှောက်ပါ......"


"ဟာ....ဦး....ဦးလေး.....သတိထားအုံးလေ....."


ဦးဂုဏ်မှာ ရှိုင်းလက်ထဲမှာပင် ငြိမ်သက်သွားခဲ့သည်။


"ဟာ.....အား......"


တစ်ရက်တည်းမှာဘဲ အဖြူရောင်ကြိုးလေး ဒေါ်လရိပ်တို့နှင့်လိုက်သွားပြီး ပျောက်ချင်းမလှပျောက်နေခဲ့သည်။ဒါဟာ သာမန်တိုက်ဆိုင်မှုမျိုးမှ မဟုတ်ဘဲ။နောက်ကွယ်က တရားခံကို စုံစမ်းဖော်ထုတ်ရင်းအချိန်တွေသာကုန်လွန်ခဲ့ပေမယ့် တိကျရေရာသည့် အဖြေကိုတော့မရခဲ့။အဖြူရောင်ကြိုး အသက်ရှင်နေအုံးမည်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုတည်းဖြင့်သာ ရှိုင်းနှင့်ဒေါ်အေးမြ ရတနာမြိုင်မှာ ဆက်ရှိနေခဲ့ကြသည်။


ထိုအချိန်မှစပြီး ရတနာမြိုင်နှင့် အဖြူရောင်ကြိုးပိုင်ဆိုင်မှုများသည်သူ့လက်ထဲ ရောက်လာခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်လာခဲ့ရသည်။


ရှိုင်းသည်အတိတ်ကို ပြန်လည်သတိရနေရင်းမှ အတွေးထဲ ဖျက်ခနဲ့ဝင်ရောက်လာသည့် ကိစ္စတစ်ခုကြောင့် ခုံတန်းလေးပေါ်လှဲအိပ်နေရာမှ ဆက်ခနဲ့ ထထိုင်မိလျက်သား။


"မူကြိုကျောင်း!!....ဟုတ်တာပဲ မူကြိုကျောင်းပေါက်မှာcctv ရှိမှာဘဲ ငါ ဒါကို ဘာလို့မတွေးခဲ့တာလဲ"


rate now: