book

Index 14

အပိုင်း(၁၄)

ကြွေလွင့်မျက်ရည်

~


တိမ်လွှာကို အိမ်ပြန်လိုက်ပို့ပြီး မသွားတော့ဘူးလို့ ဆုံးဖြတ်ထားသည့်နေရာတစ်ခုဆီကို ခြေဦးလှည့်မိပြန်သည်။နှစ်စဉ်နှစ်တိုင်း ဒီနေ့ရက်မျိုးမှာ ရန်ကုန်မှမနေနိုင်။အဝေးဆီမှာ တောင်သမန်သီချင်းသံလိုလို ကြားရတတ်သည်။တောင်သမန်အင်းရေပြင်ကို ဖြတ်တိုက်လာသည့် လေပြေအေးအေးလေးက လာရောက်ထိတွေ့နေသလို။ ရင်ဝမှာ ဆို့ကျင်လာရကာ မွန်းကြပ်မှုတွေက အတိုင်းအဆမရှိ။တစ်စုံတစ်ယောက်ကို လွမ်းဆွတ်မှုက မနေနိုင်မထိုင်နိုင်ပင်ဖြစ်ရသည်။ထို့ကြောင့် ဒီနေ့ရောက်တိုင်း မန္တလေးမြို့ကို ရောက် ရောက်လာတတ်ခဲ့သည်။


ခံစားရတာ နဲနဲလျော့လေမလားလို့ ချစ်ရသူနှင့်အတူ အချိန်ဖြုန်းရင်းမေ့ဖျောက်ထားချင်ပေမယ့် အချိန်တွေသာ ကုန်လွန်ခဲ့သည် နာကျင်မှုက လျော့မသွားခဲ့။ဦးပိန်တံတားဆီကို ချစ်သူနှင့်အတူခြေဦးလှည့်ပြီးမှ အဝေးဆုံးကို ပြေးထွက်ခဲ့သည်။သို့သော်လည်း မျက်စိလည်လမ်းမှားကာ ဦးပိန်တံတားပေါ် ပြန်ရောက်လာခဲ့သည်။


ရှိုင်းသည် ခေါင်းကို အသာမော့ကြည့်လိုက်ချိန် ကြယ်မှုန်ကလေးများပြန့်ကျဲနေသော ကောင်းကင်ကြီးသည် အနက်ရောင်ပဝါထက်မှာ စိန်ပွင့်လေးများကြဲပက်ထားသကဲ့သို့ မြင်ရသောထိုအလှကို တစ်ဝကြီး ငေးကြည့်နေမိသည်။ကြယ်ရောင်တွေအောက်က ဦးပိန်တံတားကြီးကို ရေးရေးရိပ်ရိပ်မြင်နေရသည်။အင်းရေပြင်ကို ဖြတ်တိုက်လာသော လေသည် တသုန်သုန်တိုက်ခတ်လျက်ရှိနေသည်။


ခပ်လှမ်းလှမ်းဆီက လူငယ်တို့၏ သီချင်းဆိုသံသဲ့သဲ့က ည၏ တိတ်ဆိတ်ခြင်းကို ဖြိုခွဲနေသည်။ပတ်ဝန်းကျင်က မှောင်မိုက်နေသော်လည်း ကျင့်သားရလာသည့် မျက်စိက မှုန်ပြာပြာမြင်ကွင်းကိုမြင်ရနိုင်သည်။ဘေးနားမှာ ဖြတ်သွားဖြတ်လာ အနဲအကျဉ်းသာ ရှိနေသည်။နှစ်ယောက်တွဲ သုံးယောက်တွဲနှင့် စကားတပြောပြောနှင့်အေးအေးလူလူလျှောက်သွားကြသူများလည်းရှိသည်။


ရှိုင်း သည်လည်း ဒီတံတားပေါ်မှာ အဖေနဲ့အတူတူ စကားပြောရင်း လျှောက်လှမ်းခဲ့ဖူးသည်။အခု အဖေလည်း လူ့လောကထဲမှာ မရှိတော့။သူသည်လည်း ဒီတံတားပေါ်မှာ မလျှောက်ဖြစ်တာကြာခဲ့ပြီ။နှစ်အတော်ကြာလာပြီး ဒီနေ့ညနေခင်းလေးကမှ ပူပူနွေးနွေးချစ်သူလေးနှင့်အတူ လတ်ဆတ်တဲ့ရင်ခုန်သံတွေနှင့် ဖြတ်လျှောက်ခဲ့ပြီ။


ရှိုင်း ခုံတန်းလေးရှိရာကို ဖြေးဖြေးချင်းလျှောက်သွားရင်း ခုံတန်းလေးပေါ်မှာ အသာအယာပက်လက်လဲလှောင်းလိုက်သည်။သာယာသည့်ကောင်းကင်ကြီးကို ကြည့်မိသည့်အခါ စိတ်သည်လည်း လွတ်လပ်ပေါ့ပါးနေတော့သည်။တောင်သမန်ညတွေမှာ အဖေနဲ့အတူ ကြယ်တွေကို ရေတွက်ကြည့်ရင်း အဖေပြောပြခဲ့သည့် ပုံပြင်လေးတွေနားထောင်ခဲ့ရသည်။အဖေ့ဆီမှ ဗဟုသုတများစွာရရှိခဲ့ရသည်။ကောင်းကင်မှာ ကြယ်အပြည့်ဖြင့် တောင်သမန်ညတို့သည် အဖေ၏ သြသြရှရှအသံနှင့် ပုံပြင်တွေအောက်မှာ လှပခဲ့သည်။


ဒီနေ့က အဖေဆုံးတာ ခြောက်နှစ်ပြည့်ခဲ့ပြီ။


အဖေမရှိတော့ပေမယ့်လည်း ကောင်းကင်မှာကြယ်များပြည့်နေဆဲ။တောင်သမန်သည်လည်းလှပနေဆဲ။အဖေ၏ပုံပြင်တွေသည်လည်း အသက်ဝင်နေဆဲပင်။


ရှိုင်း မျက်လုံးကို ခနမှေးမှိတ်လိုက်စဉ် အဖေ၏ ခြေသံဖွဖွကို ကြားမိသလိုထင်မိသည်။ပျပျသဲ့သဲအသံတို့ကို နားစိုက်ထောင်ကြည့်တော့ ဆရာမြို့မငြိမ်းရေးစပ်ခဲ့ပြီး ဝင်းဦးသီဆိုခဲ့သည့် တောင်သမန်သီချင်းသံက အင်းရေပြင်ထက်က ပျံဝဲလာသလိုလို နှလုံးသားဆီကို အေးအေးမြမြရိုက်ခတ်လာသည်။နွေနေ့လည်ခင်းတွေ အထီးကျန်ချိန်တွေမှာ ယောင်ရမ်းကြားနေတတ်သည်။ မိုးအခါမှာ မိုးစက်လေးတွေနှင့်အတူ မသဲမကွဲ ကြားနေရသည့်အခါလည်းရှိခဲ့သည်။


ဒါဟာ သူစိတ်ကပဲ စွဲနေသည်လား။အဖေမှ မရှိတော့ဘဲ။


ဒီသီချင်းကို သူကြိုက်သည်။ခေတ်လူငယ်တစ်ယောက်ဆိုပေမယ့် သီချင်းဆိုဝါသနာပါသည့်အဖေနှင့်အတူ ရှေးခေတ်ဓာတ်ပြားသီချင်းတွေကို နားထောင်ဖြစ်သောကြောင့် အေးအေးညင်သာစွာ သီဆိုသံလေးတွေကို နှစ်သက်မိသည်။အဖေသည်လည်း သီချင်းမျိုးစုံကို အသံနေအသံထားမှန်မှန်နှင့် သီဆိုနိုင်သည်။သူသည်လည်း အဖေ့လို မဆိုတတ်ပေမယ့် တစ်ခါတစ်ခါ ရောယောင်လိုက်ဆိုမိခဲ့သည်။


အနက်ရောင်ကောင်းကင်အောက်ခံနှင့် ကြယ်ရောင်စုံတို့ကြည့်နေရင်းမှ ကြယ်ကလေးများသည် ဟိုဒီရွေ့လျားနေရင်း ရေစီးကြောင်းဝဲဂယက်ငယ်လေးအသွင် စီးမျောနေသည်။ထိုရေစီကြောင်းလေးမှာ သီချင်းတကြော်ကြော်အော်ဆိုရင်းလှော်ခတ်လာသည့် ငှက်လှေလေးတစ်စင်းကို မြင်နေရခဲ့သည်။


~လွန်ခဲ့သည့်အတိတ်ကာလတစ်ခု~


"အင်း အိုင်ဝိုက်လီ မြို့ကြီးတည်ပြန် ×××


၁၁၄၄ခုနှစ်က မရပူရ ရွှေနိုင်ငံ.....


ရေချိုတွင်းနဲ့ ပျံ့နန်းလှန်.....


ရွှေဘိုမင်းဆက် မြနန်းစံ


မြတ် ဘိုးတော် သူစီမံ ......


အင်း....အင်း...အင်း...အင်းကြီး တောင်သမန်×××"


ရှိုင်း၏ ဖခင်ဖြစ်သူ ဦးသိုက်ထွန်းသည် တောင်သမန်သီချင်းကို အသံနေအသံထားဖြင့်စိတ်မာန်တက်ကြွစွာ သီဆိုရင်း တောင်သမန်အင်းထဲမှာ ငှက်ခတ်လာခဲ့သည်။ လှေဦးမှာတော့ ၁၂နှစ်အရွယ် ရှိုင်းဝဠာထွဋ် က ဖခင်သီချင်းသံကို ငြိမ်သက်စွာ နားထောင်လျက်ရှိနေခဲ့သည်။ရှိုင်း၏ ပူဆာမှုကြောင့် ဦးသိုက်ထွန်းမှာ သားဖြစ်သူအလိုဆန္ဒအတိုင်း တောင်သမန်အင်းထဲမှာ ငှက်ခတ်ရင်း သီချင်ဆိုပြနေခဲ့ခြင်းပင်။


အဖေလှော်သည့် ငှက်လှေကိုစီရင်း အသံသြဇာအပြည့်ဖြင့် သီဆိုနေသည့် အဖေသီချင်းသံကို နားဆင်နေရသည့်အရသာကို ရှိုင်းဝဠာ နှစ်သက်မိသည်။ထို့ကြောင့်အဖေအလုပ်နားသည့်အချိန်မျိုးဆို သားဖနှစ်ယောက် ငှက်လှေစီးရင်းဖြင့်အချိန်ကုန်ခဲ့ကြသည်။


"ပုဆိုးကစို ......မိုးကညိုနဲ့××× 


သစ်ပင်အောက်မှာ ဝင်ကာခို.........


ဦးပိန်တံတားတားကို လျှောက်ခဲ့ပြန်×××


ပုဆိုးကစိုစိုနဲ့....မိုးကညိုညိုနဲ့


သစ်ပင်အောက်မှာ ဝင်ကာခို


ဦးပိန်တံတားကို လျှောက်ခဲ့ပြန်×××"


ငှက်လှေစီးလို့ အားရချိန်တွင် သားဖနှစ်ယောက် ဦးပိန်တံတားပေါ်မှာ လက်တွဲရင်း လျှောက်ခဲ့ကြပြန်သည်။အဖေ့လက်ကို ဆွဲကိုင်ထားရင်းမှ လွှဲကာ လွှဲကာနှင့် ခုန်ဆွဆွလိုက်ပါရင်း အသံသေးသေးလေးဖြင့် အော်ဆိုလိုက်သည်။အဖေက သူ့ကို ပြုံး၍ကြည့်နေခဲ့သည်။အဖေ့အပြုံးတွေကအေးချမ်းသလို မေတ္တာဓာတ်အပြည့်အဝပါနေခဲ့သည်။


ရှိုင်း အဖေ၏ လှုပ်ရှားမှု အဖေ၏ စိတ်သဘောထားတို့ကြောင့် အဖေက ရှေ့နေအလုပ်နှင့်ပင်မအပ်စပ်ဟု တွေးထင်ခဲ့သည်။သို့သော် အဖေသည် သူ၏ ရှေ့နေအလုပ်ကို နှစ်သက်ခဲ့သည်။ ထို့ကြောင့်လည်း အမေ၏မိဘများက

"ထမင်ပူစားတဲ့ လူမျိုးနဲ့ ငါ့သမီးကို သဘောမတူဘူး"ဟု ကြွေးကြော်ခဲ့ကြသည်။ထို့ကြောင့် အဖေက အမေ့ကို ခိုပြေးရင်း တောင်သမန်၏အရှေ့ဘက် ရွာငယ်လေးတစ်ခုမှာ အခြေချနေထိုင်ခဲ့ကြသည်ဟု ပုံပြင်ဆန်ဆန်ပြောပြခဲ့ဖူးသည်။


ရှိုင်း အမေဆိုတာဖြူသလားမဲသလားပိန်သလားဝသလားဆိုတာပင်မမြင်ဖူးလိုက်ပေ။ရှိုင်း မွေးပြီးပြီးချင်းဆုံးပါးသွားသည်ဟုပင် အဖေကပြောပြသည်။


"မြနှစ်တဲ့ သားအမေနာမည်က မြနှစ်မိဘတွေက ပိုက်ဆံရှိ၊ အဖေကဆင်ရဲသား ဘယ်လိုမှမလိုက်ဖက်တဲ့ အဖေနဲ့ မင်းအမေက ရှေးဖူးစာရေစက်ကြောင့် ပေါက်ဖက်ခွင့်ရခဲ့ကြတယ် ဆိုတာထက် အဖေတို့ရဲ့အချစ်က စစ်မှန်ခဲ့လို့ပဲ၊ မြနှစ်ရဲ့ အဖေ့ပေါ်ထားတဲ့ကြီးမားတဲ့ချစ်ခြင်းကြောင့်ပဲ မိဘတွေကိုဆန့်ကျင်ပြီးအဖေ့နောက်လိုက်လာခဲ့တာ မြနှစ် အရမ်းပင်ပန်းခဲ့ရတာ ရွှေဘုံစံသူဌေးသမီးက ချက်ချင်း ဘဝပြောင်းသွားပြီး ဆင်းရဲသားမယားဖြစ်ခဲ့ရတာ မြနှစ်က တစ်ချက်မညီးခဲ့ဘူး ကျရာနေရာမှာ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တာ ကြုံရာလောကဓံကိုရင်ဆိုင်တိုက်နိုင်ခဲ့တာ သားအမေက အာဂမိန်းမပါသားရယ် *မောင့်မျက်နှာ တစ်ကမ္ဘာ*ဆိုပြီး မှတ်ယူထားတဲ့ မြနှစ် သူ့မိဘတွေလာခေါ်တာကို ပြန်လိုက်မသွားခဲ့ဘူး အဲ့ဒီအချိန်က အဖေနဲ့မင်းအမေက စားဖို့သောက်ဖို့ကို အနိုင်နိုင်ရုန်းကန်နေကြရတာလေ သူ့မိဘတွေကလည်း သမီးဖြစ်သူလုပ်ကိုင်စားသောက်နေရတာကို မကြည့်ရက်လို့ ပြန်ခေါ်ချင်မှာပေါ့"


"*မောင့်ပေါ်ထားတဲ့ ကျွန်မအချစ်တွေက သက်ဆုံးတိုင်းရိုးမြေကျရင်တောင် ခိုင်ခိုင်မြဲမြဲတည်ရှိနေမယ့် အချစ်မျိုး*တဲ့ အဲ့ဒီစကားတွေကြောင့်အဖေ အတ္တကြီးခဲ့တယ်သားရယ် မြနှစ်နဲ့ မခွဲနိုင်လို့ ကျွန်တော်တို့ကို မခွဲပါနဲ့လို တောင်းပန်ပြီး မြနှစ်ကို ဆွဲထားခဲ့တယ် မြနှစ်ကလည်း အဖေမခေါ်လည်းနေခဲ့မယ့်သူဆိုတော့ သူမိဘတွေကိုအပြတ်ငြင်းလွှတ်ခဲ့တာ မြနှစ်မိဘတွေကတော့ မကြေနပ်ကြဘူးပေါ့ နောက်တစ်ရက်သတင်းစာထဲမှာ မြနှစ်ကို အမွေပြတ်စွန့်လွှတ်လိုက်တယ် ဒါလည်း မြနှစ်က အပြုံးမပျက်ခဲ့ပါဘူးကွာ" 


အဖေနဲ့ အမေရဲ့ချစ်ဇာတ်လမ်းတွေက ညအိပ်ယာဝင်ပုံပြင်တစ်ပုဒ်လိုမရိုးတမ်းနားထောင်ခဲ့ရသည်။ညတိုင်းမထပ်အောင် ပြောပြခဲ့ပြီး အမေ့လိုစိတ်ဓာတ်မာကျောပြီး အရာရာကိုရင်ဆိုင်ရဲ့သတ္တိရှိအောင် အဖေကဆုံးမခဲ့သည်။


*မင်းအမေက အဖေ့ထက်ပိုပြီးရဲရင့်တယ်တဲ့*


ဒီစကားကိုရယ်မောပျော်ရွှင်စွာပြောပြတတ်သည်။ဒီအကြောင်းတွေပြန်ပြောတိုင်း အဖေ့မျက်ဝန်းထဲမှာမျက်ရည်တွေပြည့်နေခဲ့သည်။အသံတွေဟာ ဆွေးဆွေးမြေ့မြေ့နှင့် နားထောင်ရသူပါ မျက်ရည်ကျခဲ့ရသည်။


"အဖေ အမေက ဘယ်လိုပုံစံမျိုးလဲ ဟင်"


တံတားပေါ်မှာ လမ်းလျှောက်ရင်း မောသွားသဖြင့် ခုံတန်းပေါ်မှာ ယှဉ်လျက်ထိုနေကြရင်းမှ ရှိုင်း မေးလိုက်သည့်မေးခွန်းကြောင့် အဖေ့မျက်ဝန်းမှာ ဆွေးရီငေးငိုင်သွားသည်။


ထို့နောက် အပေါ်ဝတ်အင်္ကျီဘေးဒိုးလေးထဲမှ ဓာတ်ပုံလေးတစ်ပုံကို ထုတ်ပြသည်။


အဖေက ဒီဓာတ်ပုံလေးကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားတာပဲ အဖေတို့ချစ်ခြင်းကို လေးစားအားကျမိပါတယ် အဖေရယ်


အဖေလက်က အမေ့ပခုံးလေးကို တယုတယ ဖက်ထားသည်။မြန်မာဆန်ဆန်ချိတ်လုံချည်ဝမ်းဆက်အနီရဲရဲနှင့် ဖြူစင်ဝင်းမွတ်နေသည့်အသားအရေလေးက လိုက်ဖက်တင့်တယ်နေသည်။ဆံပင်ရှည်တွေကို တစ်ပတ်လျိုထုံးထားပြီး ဆံမြိတ်ကိုဘယ်ဘက်ကနေရှေ့ကို ချထားသည်။ဆံထုံးဘေးမှာ ရဲရဲစက်ဖူးပွင့်နေသည့် အနီရောင်နှင်းဆီပန်းတစ်ပွင့်က အလှကိုအယဉ်တင့်စေခဲ့သည်။ရှေ့ချထားသည့်ဆံမြိတ်ပင် တော်တော်ရှည်လျားသောကြောင့် ဖြန့်ချလိုက်လျှင်အမေ့ဆံပင်တွေ ဘယ်လောက်ထိရှည်လိုက်မလဲ။ 


"မင်းအမေက သူ့ဆံပင်ရှည်ကြိ်းကို အရမ်းမြတ်နိုးတာကွ''


ဟု အဖေကအားရပါးရပြောခဲ့တာကို သတိရလိုက်သည်။


မျက်ခုံးတန်းတန်းလေးနှင့်ရှည်လျာကော့စင်းနေသည့် မျက်တောင်လေးတွေအောက်က ဝိုင်းစက်နေသည့် ရွှန်းလဲ့လဲ့ မျက်ဝန်းလေးဆီမှအကြည့်ကဆွဲဆောင်မှုအားကောင်းလွန်းစွာ ငေးခနဲ့ပင်ဖြစ်ရသည်။ဖူးဖူးကြွကြွနှင့်မထူမပါးနှုတ်ခမ်းလေးထက်က အပြုံးက လောကကြီးကို အနိုင်ရသာတစ်ယောက်လို ဝင့်ကြွားထည်ဝါလှသည်။အချိုးအစားပြေပြစ်သည့် ခန္ဓာကိုယ်နှင့် ပုံပန်းသဏ္ဌာန်တို့က ရိုးရှင်းစွာပင် လှပနေခဲ့သည်။မြင်ရသူပေါင်းကို ရင်အေးစေမှာ အမှန်ပါ။ဝတ်ဆင်ထားသည့် အနီရောင်ဝမ်းဆက်က ရဲရင့်ထက်မြတ်လှသည့် စိတ်ဓာတ်ကို ဖော်ဆောင်နေသည်လား....အမေ့ကို မြင်တွေ့လိုက်သည်နှင့် ကြားခဲ့ဖူးသော အမေ့သတ္တိကို လေးစားမိရသည်။


"အဖေ အမေက အရမ်းလှတာပဲနော်"


"ဒါပေါ့ကွ သေချာကြည့်စမ်း မင်းနဲ့အရမ်းတူတာ သတိထားမိလား"


"ဟာ...ဟုတ်တယ်နော် အဖေ အမေနဲ့သားက တစ်ပုံစံတည်းလိုပဲ ဒါပေမယ့် သားက အဖေနဲ့လည်း အမွှာလိုပဲတဲ့ ရွာထဲကလူတွေကပြောကြတာ"


ဓာတ်ပုံလေးကို သေချာကြည့်ရင်း အားတက်သရောပြောနေသည့် သားကို ဦးသိုက်ထွန်း စေ့စေ့ကြည့်လိုက်ပြီး


"မင်းကို ကိုယ်ဝန်ဆောင်ထားချိန် မင်းအမေက ပြောဖူးတယ် အိမ်ထောင်တစ်ခုမှာရင်သွေးရတနာရလာပြီဆိုရင် အဲ့ဒီကလေးက လင်မယားနှစ်ယောက် ဘယ်သူပိုချစ်လဲသိနိုင်တယ်တဲ့ ပိုချစ်တဲ့လူနဲ့ ရုပ်ချင်းခွဲမရအောင်ဆင်တတ်တယ်တဲ့ အဲ့ဒီအချိန်က အဖေနဲ့မင်းအမေ 

ပြိုင်ငြင်းခဲ့ကြသေးတယ် သူပိုတယ် ငါပိုတယ်နဲ့ပေါ့လေ "


"ဒါဆို သားက အဖေနဲ့လည်းတူတယ် အမေနဲ့လည်း တူတယ်ဆိုတော့ အဖေနဲ့အမေရဲ့အချစ်က ထပ်တူညီတာပေါ့နော"


"ဟုတ်တာပေါ့ သားရဲ့ အဖေနဲ့မင်းအမေချစ်ခြင်းက ထပ်တူညီခဲ့လို့မို့ သံသယဆိုတာလည်းမရှိခဲ့ဘူး အမုန်းဆိုတာလည်းမရှိဘူး ဆန့်ကျင်တာလည်းမရှိဘူး သဘောထားမတိုက်ဆိုင်တာမျိုးလည်းမရှိခဲ့ဘူး ဖြတ်သန်းခဲ့ရတဲ့ဘဝမှာ သာယာအေးချမ်းမှုတွေပဲရှိခဲ့တာ"


စကားအဆုံးမှာ အဖေ့ မျက်နှာ ဝမ်းနည်းမှုနှင့်အတူ ငေးငိုင်သွားရသည်။ဒီလောက်ချစ်ကြတဲ့ ချစ်သူနှစ်ဦးကို ကံကြမ္မာကြီးက ရက်ရက်စက်စက် ခွဲခွာစေခဲ့သည်။အဖေ ခွဲခွာစေခဲ့တဲ့ကံကြမ္မာကိုပဲ အပြစ်တင်လေမလား... ဒီကံကြမ္မာက ကျွန်တော်ဖြစ်တည်လာမှုဆိုရင်ကျွန်တော့်ကို လူလောကထဲရောက်အောင်ခေါ်ဆောင်ခဲ့ရလို့ဆိုပြီး ကျွန်တော့်ကို အပြစ်တင်လေမလား.....သို့သော်လည်း ကျွန်တော့်အတွေးကို ပယ်ရှားခဲ့သည်က အဖေ ကျွန်တော့်အပေါ်မှာထားတဲ့ ဖခင်မေတ္တာ။အရာရာကို အေးချမ်းတဲ့ မေတ္တာကပဲ အနိုင်ယူခဲ့လေသည်။


'အဖေ့ကို အမေနဲ့ပတ်သတ်တဲ့ မေးခွန်းတွေထပ်မမေးခဲ့တော့ပါဘူး။ဒီလောက်ဆို အဖေနဲ့အမေရဲ့ သစ္စာတရား၊ကျွန်တော်ပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာကို အနက်ရှိုင်းဆုံးအထိတွေ့မြင်ရပါပြီ'


"အဖေ"


"ဟေ..."


အဖေလည်း အတွေးလွန်နေပုံရသည်။ရှိုင်းခေါ်သံကြားမှ နေရာပြင်ထိုင်လိုက်ရင်း ပြန်ထူးလာသည်။


"ဒီတံတားကြီးကို ဘယ်သူဆောက်တာလဲ"


အမြဲတမ်း မေးခွန်းတွေ မေးတတ်သည့် သားဖြစ်သူကို ဦးသိုက်ထွန်း စိတ်ရှည်လက်ရှည်ရှင်းပြရတတ်စမြဲ။မေးခွန်းပေါင်းများစွာကို မေးတတ်သည့်ရှိုင်းသည် သူတစ်ပါးကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည်များကို မမေးတတ်သလို သိလိုစပ်စုခြင်းမရှိ။ရှေ့မှာလာပြောပြနေလျှင်တောင်စိတ်ဝင်တစားနားထောင်ခြင်းမရှိ။ဒါက ရှိုင်း၏ ပင်ကိုဗီဇပင်။


"ဒီတံတားကို ပုဂံမင်းလက်ထပ်က မြို့ဝန်ရုံးစာရေး ဦးပိန်က ဦးစီးပြီးဆောက်ခဲ့လို့ ဦးပိန်တံတားလို့ခေါ်တာ သားရဲ့"


"အဖေ...."


"ဟေ ဘာပြောမလို့လဲ သား"


"သားကြီးလာရင်လည်းလေ ဒီထက်ကြီးမားတဲ့ တံတားကြီးတွေ ဆောက်ချင်တာ ပြီးတော့ သားတို့ရွာတွေဆို မိုးရာသီမှာ ရွှံ့ဗွက်ထတော့ လမ်းတွေမကောင်းဘူး အဲ့ဒီလမ်းတွေကို မြို့က ကတ္တရာလမ်းတွေလို ဖြစ်အောင်လုပ်ချင်တာ ပြီးတော့ရုပ်ရှင်တွေထဲကလို အဆောက်အဦး မြင့်မြင့်ကြီးတွေဆောက်လုပ်ချင်တာ"


သားဖြစ်သူ အားတက်သရောနှင့်ပြောနေသည်ကို ဦးသိုက်ထွန်း ပြုံးပြုံးကြီးနှင့်စိုက်ကြည့်နေခဲ့သည်။


"အဖေ...."


"အင်း..."


"ဒီတံတားကြီးကို ဘာဖြစ်လို့ဆောက်ခဲ့တာလဲ"


အမျိုးမျိုးပြောင်းလဲသွားသည့်မေးခွန်းတွေကြား ဦးသိုက်ထွန်းသည်လည်း မမောတမ်းရှင်းပြနေခဲ့သည်။


"ဒီတံတားကြီးမရှိခင်ကဆို အင်္ဂလိပ်တွေက သူတို့သင်္ဘောနဲ့ ဒီအင်းကြီးကိုဖြတ်ပြီးဝင်လာကြတာ အင်းဝနန်းမြို့ရိုးထိ ရောက်တယ်တဲ့ဒီတံတားကြီးဆောက်တော့ သူတို့တွေ ဝင်လာလို့မရတော့ဘူးပေါ့ နောက်ပြီး အင်းရေပြည့်ချိန်ဆို အမရပူရဘက်ကို ဒီတံတားပေါ်ကနေဖြတ်သွားလို့ရတာပေါ့ကွာ တံတားတိုင်တွေကို ဟိုးမြေကြီးထဲ ခုနှစ်ပေနက်တဲ့အထိ စိုက်ပြီးဆောက်ထားတာ ဒီတံတားမှာ ကျွန်းလုံးတိုင် ကိုးရာကျော်နဲ့ တိုင်လုံးပေါင်းတစ်ထောင်ကျော်၊တံတားအခန်းဖွဲ့ပေါင်းက ငါးရာနီးပါးရှိတယ်တဲ့၊အရင်တုန်ကဆို ဒီအင်းထဲကနေ ဘုရင့်ဖောင်တော်တွေဖြတ်ရင် ဖြုတ်ထားလို့ရတဲ့ တံတားအခန်းက ၉ခန်းရှိတယ်တဲ့သားရဲ့"


"......"


"ပုဂံမင်းတာဝန်ပေးချက်အရမြို့ဝန်မင်း ဦးပိန်က ဒီတံတားကို နှစ်နှစ်ကြာအောင်ဆောက်ရတယ်တဲ့ ၁၂၁၁မှာဆောက်ပြီး ၁၂၁၃မှာ ပြီးတာ ဒါကြောင့် 

အင်း က အော် အာ ဆောက် လုပ် ခါ ၊အင်း က အော် ညီး ဆောက် လုပ် ပြီး ဆိုပြီး စာချိုးလေးနဲ့ မှတ်ထားလို့ရတယ်"


"အင်း က အော် အာ ဆောက်လုပ်ခါ၊ အင်း က အော် ညီး ဆောက်လုပ်ပြီး"


ရှိုင်းသည် ထိုစာချိုးလေးကို တစ်လှည့်ဆီရေရွတ်ရင်း ပျော်ရွှင်နေခဲ့သည်။


အမောဖြေပြီး သားဖနှစ်ယောက် လက်တွဲကာ တံတားဆုံးသည်ထိ လျှောက်ခဲ့ကြပြန်သည်။ အနည်းငယ် မှောင်ရိပ်သန်းကာ လူစုကွဲချိန်ကို ရောက်နေခဲ့ပြီ။တံတားပေါ်မှာ လူအသွားအလာကျဲနေခဲ့သည်။ ခပ်လှမ်းလှမ်းမှ ဘုန်းကြီးကျောင်းက ကိုရင်လေးနှစ်ပါး စကားတပြောပြောနှင့် သူတို့သားဖကို ကျော်သွားကြပြီ။


"အဖေ....အဖေ"


"အေး..ပြောလေသားရဲ့"


"ဒီနားက ဘာလို့တောင်ဘက်ကိုကွေ့ချိုးထားတာလဲ ဦးပိန်တံတားက တစ်ဖြောင့်တည်းမဟုတ်ဘူးနော်"


ထိုအကွေ့လေးနားမှာပဲ ထိုင်ချကာ ခပ်ရေးရေးသာ မြင်ရတော့သည့် ပတ်ဝန်းကျင်က လတ်ဆတ်သည့်လေလေးတွေရှုရှိုက်လိုက်ကြသည်။ဦးသိုက်ထွန်းသည် ရှိုင်းနားလည်နိုင်အောင် တစ်လုံးချင်းကိုရှင်းလင်းပီသစွာဖြင့် ပြောပြနေခဲ့သည်။


"ဒီတံတားကို ဆောက်ခဲ့တုန်းက လှိုင်းဒဏ်လေဒဏ် ခံနိုင်ရည်ရှိအောင် ကွေ့ဝိုက်ပြီး ဆောက်ရတာပေါ့ လူတွေရဲ့ဘဝကလည်း ဒီလိုပဲ သား အားလုံးရဲ့ ဘဝဟာ အမြဲတမ်းတစ်သမတ်တည်း တစ်ဖြောင့်တည်း မရှိနိုင်ဘူးလေ ဒီတံတားလို လှိုင်းဒဏ်လေဒဏ် ခံနိုင်အောင် ကွေ့သင့်တဲ့နေရာမှာ ကွေ့ဆောက်ရသလိုပဲ လူ့ဘဝဟာလည်း လှိုင်းလေနဲ့တူတဲ့ လောကဓံကို ခံနိုင်ရည်ရှိအောင် တစ်ဆစ်ချိုး ပြောင်းလဲသင့်ရင်ပြောင်းလဲရမှာပဲ ဒါမှလည်း လှိုင်းလေနဲ့တူတဲ့ ဒုက္ခတွေကို ခံနိုင်ရည်ရှိတဲ့လူသားတစ်ယောက်ဖြစ်မှာ"


စကားအဆုံးမှာ ဦးသိုက်ထွန်း သည် ရှိုင်းမျက်ဝန်းတွေကို အဖြေရှာကြည့်နေခဲ့သည်။ ထိုအချိန်က သားဖြစ်သူ မျက်ဝန်းထဲမှာ စိတ်အားတက်ကြွမှုတို့ကို မြင်တွေ့ခဲ့ရသည်။သူ့စကားတွေက သားဘဝကိုတိုးတက်ကောင်းမွန်စေလိမ့်မည်ဆိုတာ ဦးသိုက်ထွန်းတစ်ယောက် ယုံကြည်မှု အပြည့်အဝရှိနေခဲ့သည်။


"အဖေ ဟိုမှာ ကြယ်လေးတွေ အရမ်းလှတာပဲနော် "


သားဖနှစ်ယောက် ကောင်းကင်ကြီးကို မော့ကြည့်ပြီး စကားတွေ တသီတတန်းကြီး ပြောဖြစ်ခဲ့ကြသည်။ ရှိုင်း၏ နှိုက်နှိုက်ချွတ်ချွတ်မေးခွန်းပေါင်းများစွာကို ဦးသိုက်ထွန်း မမောနိုင်မပမ်းနိုင်ဖြေကြားခဲ့သည်။ နောက်ဆုံးမှာတော့ မောပမ်းသွားသူက ရှိုင်းရယ်ပါ။ ဦးသိုက်ထွန်း ပေါင်ကို ခေါင်းအုံးကာ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေခဲ့တော့သည်။


သားကို ပွေ့ချီလိုက်ပြီး ရိပ်ရိပ်ပျပျသာမြင်နေရပေမယ့် မျက်စိကျင့်သားရနေပြီဖြစ်သောကြောင့် အမှောင်ထဲမှာ မီးရောင်မပါဘဲ လျှောက်လာကာ အိမ်ပြန်လမ်းဆီကို ဦးတည်လိုက်သည်။


~~~~~~~~


ရှိုင်း ဆယ်တန်းဖြေပြီးသည့် နွေကျောင်းပိတ်ရက်တစ်ရက်မှာ အမေ၏ မိဘများ အိမ်ကိုရောက်လာကြသည်။ သေးသေးကုပ်ကုပ်နှင့်အိမ်လေးကိုကြည့်ပြီး အဘိုးနဲ့အဘွားက နှာခေါင်းရှုံ့ကြသည်။အကဲခတ်သည့် မျက်ဝန်းများက အထင်သေးရှုတ်ချမှုများမြင်နေခဲ့ရသည်။ သူတို့အတွက် မနှစ်မြို့ဖွယ်နေရာတစ်ခုပေမယ့် ရှိုင်းဝဠာ တို့သာဖအတွက်တော့ ရွှေဘုံရွှေနန်းတစ်မျှပါ။


အဘိုးနဲ့အဘွားက ရှိုင်းကိုလည်း မြေးအဖြစ်မသတ်မှတ်ခဲ့သလို သူကလည်း အရေးမလုပ်ခဲ့။သူ့ဘဝမှု အဖေရှိနေရုံနှင့်အရာရာပြည့်စုံနေပြီ။ အားလုံးကိုကျောခိုင်းသွားသည့် အမေ့ကို အားနာပေမယ့် ကိုယ့်ကို မလိုအပ်သည့် လူတွေကို တွယ်ကပ်မနေချင်။ဆွေမျိုးသားချင်းဆိုပေမယ့် သူကြင်မှကိုကြင် ဆိုသည့် စကားလည်းရှိတာပဲ ကြင်နာမှုမရှိသည့်အသိုင်းအဝိုင်းတွေနှင့် ကင်းကင်ရှင်းရှင်းသာ နေချင်သည်။ဒီအတွက်လည်း အဖေက တိုက်တွန်းခြင်းလည်း မရှိသလို တားဆီခြင်းလည်းမရှိခဲ့ပေ။အဖေကိုယ်တိုင်ကလည်း ဒီမိသားစုနဲ့ ပတ်သတ်လိုခြင်း မရှိသည်မှာထင်ရှားနေသည်။


အခုလည်း မလာစဖူး ဘာ့အတွက်ကြောင့်သာ အိမ်ကို ရောက်လာသည်လည်းမသိ။အိမ်ရှေ့ ထိုင်ခုံလေးတွေမှာ မျက်နှာချင်ဆိုင်ထိုင်နေကြသော အဖေနှင့် အမေ၏ မိဘကြားမှာ အထုပ်တစ်ထုပ်ရှိနေသည်။ ခပ်လှမ်လှမ်း တံခါးအကွယ်မှ ရှိုင်းသည် ရပ်ပြီးနားထောင်နေခဲ့သည်။အဖေ့အကြောင်းတွေစပ်စုလိုခြင်းမရှိပေမယ့် တစ်ဖက်ကအမေ့မိဘများဖြစ်နေသောကြောင့် သိချင်စိတ်တော့ဖြစ်ခဲ့ရသည်။


"စဉ်းစားပါ မောင်သိုက်ထွန်း ဒီငွေတွေက မင်းတို့သားဖအတွက် အပြောင်းအလဲကြီး ပြောင်းလဲနိုင်တယ်"


"ကျွန်တော် သေချာစဉ်းစားပြီးသားပါ ဒီငွေတွေလည်း လက်မခံနိုင်သလို ခင်များတို့အမှုကိုလည်း လက်မခံဘူး"


"အမှုအပ်သူလာရင် မင်းမှာ ငြင်းလို့ရမယ့်အခြေအနေရှိရဲ့လား ငါတို့က သာမန်ကမ်းလှမ်းမှုလည်းမဟုတ်ဘူး ငါ့သားအတွက်ရှေ့နေလိုက်ပေးလိုက်ရုံနဲ့ဒီသိန်းပေါင်းများစွာသော ပိုက်ဆံတွေကမင်းအတွက်ဖြစ်လာမှာနော် အခု မင်းသားလည်း အရွယ်ရောက်နေပြီး တက္ကသိုလ်ကျောင်းသားကြီးတောင်ဖြစ်တော့မယ် သူ့ကျောင်းစရိတ် ဘယ်လိုပေးမလဲ စားဝတ်နေရေးဘယ်လိုဖြေရှင်းမလဲ ဘယ်မှာလဲ မုန့်ဖို့ ဘယ်မှာလဲ စာအုပ်ဖိုး ဒါတွေအတွက် မင်းရဲ့ တစ်ပဲခြောက်ပြား လစာလေးနဲ့ ဘယ်လိုများဖြေရှင်းကြပါလိမ့် ဒီမှာ မင်းအတွက် မင်းသားအတွက် ငါတို့က အမြင့်တင်နေတာ မောင်သိုက်ထွန်း "


သူတစ်ပါး စကားပြောနေချိန် ဖြတ်မပြောတတ်သည့် ဦးသိုက်ထွန်း မျက်လွှာချထားရာမှ ခေါင်းတငြိမ်ငြိမ့်လုပ်နေခဲ့သည်။ မျက်နှာဆိုင်သာ ထိုင်နေကြပေမယ့် တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ခဲ့ကြပေ။


ဖြစ်တဲ့အမှုက မုဒိန်းမှုနဲ့လူသတ်မှု တစ်သတ်တစ်ကျွန်းနဲ့ ကြိုးမိန့် တစ်ခုခုကျနိုင်သည့်အခြေအနေတစ်ခု။အမှုကျူးလွန်သူက မြနှစ်၏မောင်...တစ်ဖက်က ခံရသူက အသိုင်းအဝိုင်းကြီးပြီး လုပ်ပိုင်ခွင့်အာဏာရှိကြသူများဖြစ်တာကြောင့် မြနှစ်မိဘတို့အတွက်ရှေ့နေရဖို့က အခက်အခဲတစ်ခု ဖြစ်နေခဲ့လိမ့်မည်။ထို့ကြောင့်လည်း ကြံရာမရသည့်အဆုံး ဦးသိုက်ထွန်းဆီရောက်လာခဲ့ခြင်းဖြစ်မည်ကို ဦးသိုက်ထွန်း ကြိုသိနေခဲ့သည်။


ရှေ့နေလုပ်လာသည့်သတ်တမ်းတစ်လျှောက် အမှန်တရားဘက်ကသာ အမြဲတမ်းရပ်တည်လာခဲ့သည်။မျက်နှာကြီးရာ ဟင်းဖတ်မပါတတ်သည့် ဦးသိုက်ထွန်းဆီကို ပြစ်မှုကျူးလွန်းသူများ လာရောက်ငှါးရမ်းခြင်းမရှိ။မတရားခံရသူများကတော့ သူဆီကို အားကိုးတကြီး လာရောက်တတ်ကြသည်။သူကလည်း ထိုသူတွေရှေ့မှာ တရားနည်းလမ်းကျကျဖြင့်ရပ်တည်ပေးခဲ့သည်။


စကားပြောလျှင် စကားလုံးတွေက အထက်စီးကပဲ။ အရေးတကြီး လိုအပ်နေတာတောင်တစ်ချက်ကလေးမှ လေသံက ပျော့့မသွား။တစ်ခါတစ်လေ စဉ်းစားမိသည်က မြနှစ်ရဲ့ မိဘအရင်းတွေမှ ဟုတ်ပါလေစ။

'မြနှစ်ရယ် မင်းကိုအားနာပေမယ့် မောင်က မင်းကိုပဲချစ်တာ မင်းမိဘတွေကို ချစ်တာမဟုတ်ဘူး မင်းကိုပဲ ဂရုစိုက်မှာ တခြား ဘယ်သူ့မှ ဂရုမစိုက်ဘူး...'


"ခင်များ ပြောလို့ပြီးသွားပြီလား ဒါဆို ကျွန်တော် မေးမယ် ကျုပ်တို့ရဲ့စားဝတ်နေရေးအတွက် ခင်များ ဘယ်ချိန်က စိတ်ပူတတ်သွားတာလဲ ဒါတွေကို ကျုပ်ကို ပြောပြနေဖို့မလိုဘူး ကျုပ်နားလည်ပြီးသား ကျုပ်သားရဲ့ကျောင်းစရိတ် စာအုပ်ဖိုး မုန့်ဖိုး ဘာတစ်ခုမှမကျန် ကျုပ်ပေးနိုင်တယ် ကျုပ်သားမျက်နှာမငယ်ရအောင် ကျုပ်ထားနိုင်တယ် အဲ့ဒီတော့ ဒီငွေတွေလည်း ကျုပ်မလိုဘူး ခင်များတို့အမှုလည်း ကျုပ်မလိုက်ဘူး ခင်များပြောတယ် သာမန်ကမ်းလှမ်းမှုမျိုးမဟုတ်ဘူးတဲ့ အမှုကလည်း သာမန်အမှုမှမဟုတ်ဘဲ မုဒိန်းမှု လူသတ်မှု အဟွန်း...ခင်များသိအောင် ကျုပ်ပြောမယ် ကျုပ်က ထမင်းပူပဲစားတာ ထမင်းကြမ်းမစားဘူး ဒီစကားကိုနားလည်ရင် ကျုပ်အိမ်ထဲက ထွက်သွား"


"အမလေးလေး မြနှစ်ရယ် သမီးအလိမ္မာတုံးကြီး ညည်းယောက်ျား ငါ့ကို ပြန်ပြောနေတာ တစ်ခွန်းမကျန်..ဒီလိုလူမျိုး ငါ့သမက်ဖြစ်နေတာ ငါရင်နာတယ်..ဒီမှာ မောင်သိုက်ထွန်း ငွေများ တရားနိုင်ပါတယ်ကွာ"


"အမှန်တရားက အမြဲတမ်း မှန်ကန်နေမှာပဲ အမြဲတမ်းအပေါ်ကပဲရှိတယ် ဘာနဲ့မှ ဖုံးကွယ်ထားလို့မရဘူး

အမှန်တရားဘက်မှာ သိုက်ထွန်း အမြဲတမ်းရှိတယ်"


"မင်းသတိထားဖို့က မင်းအဖြစ်က မြွေပွေးကို ခါးပိုက်ပိုက်ထားသလိုဖြစ်မယ် ငါဆိုတဲ့မိန်းမကလည်း ငါ့တောင်းတာ ကြည်ကြည်ဖြူဖြူ နဲ့မရရင် အသနားခံမတောင်းဘူး ဒါပေမယ့် အဲ့ဒီလူကတော့.... "


အောင်နိုင်သူတစ်ယောက်လို အဓိပ္ပါယ်ပါသောမျက်ဝန်းဖြင့်မျက်စပြစ်ပြကာ အိမ်ထဲမှ ထွက်သွားသည်။တစ်ခွန်းဝင်မပြောသော ယောက်ျားဖြစ်သူကလည်း ထွက်သွားသည့်မိန်းမနောက်မှာ ကောက်ကောက်ပါအောင် လိုက်သွားသည်။


"အဖေ.... "


"သြော်... သား..."


"အဖေ ခုနာက ပြောတယ်လေ ထမင်းပူပဲ စားတာ ထမင်းကြမ်း မစားဘူးဆိုတာ"


"အဟွန်း လာထိုင်ကွာ အဖေတို့ ဒီလိုစကားမပြောရတာတောင်ကြာပြီ မင်းကလည်း စာမေးပွဲနဲ့ဆိုတော့မေးခွန်းတွေ မထူတော့ဘူး အဖေကလည်း မပြောဖြစ်တော့ဘူး အခုအေးအေးဆေးဆေးပြေကြတာပေါ့ကွာ..."


ရှိုင်း အဖေ့ဘေးမှာဝင်ထိုင်တော့ အဖေက စားပွဲပေါ်က ရေနွေးကြမ်းကို ငှဲ့ပြီးတစ်ငုံသောက်လိုက်သည်။


"မင်း အဘွားက အဖေ့ကိုပြောဖူးတယ် ထမင်းပူစားတဲ့လူမျိုးတဲ့ ထမင်းပူဆိုတာ သူတပါးမျက်ရည်ကျမှ သူတပါးပူလောင်သောက ရောက်မှ ကိုယ်က ထမင်းစာရတာမျိုး အဖေတို့ရှေ့နေတွေကို ဒီလိုပဲ ပြောကြတယ် အမှုသည်တွေ မျက်ရည်တရွှဲရွှဲနဲ့ စိုးရိမ်သောကရောက်နေကြပြီး အမှုကိုနိုင်ဖို့ အဖေတို့လိုရှေ့နေတွေဆီမှာ ပိုက်ဆံတွေပေးပြီး အမှုရင်ဆိုင်ကြရတာလေ ဒါကို 

ထမင်းပူစားတယ်လို့ ခေါ်ကြတယ် အဖေ ဘယ်လိုအမှုသည်တွေကို လက်ခံတတ်လဲဆိုတာ မင်းသိပါတယ်သားရယ် "


ဟုတ်ပါတယ် အဖေက အမှုတစ်ခုကို ဇစ်မြစ်အတိအကျစုံစမ်းပြီးမှ အမှန်တရားရှိသည့်ဘက်ကိုပဲ လိုက်ပေးခဲ့တာ။လာအပ်သူက မှားခဲ့သူဆိုရင်တော့ နှစ်ခါမစဉ်းစားဘဲ ငြင်းလွှတ်ခဲ့တာလေ။ဒါကို ရှိုင်းနားလည်သည်။


"ကိုယ်တိုင် ခံရပြီး ဝမ်းနည်ပူဆွေးနေတဲ့ လူတွေကမှပူလောင်တာ ကိုယ်တိုင်က အမှားကျူးလွန်ပြီး ဘယ်သူ့မှ လူမထင်တဲ့ မင်းအဘွားတို့လို့ လူမျိုးတွေကတော့အေးစက်ခက်ထန်နေတာ မင်းအတွေ့ပဲလေသူတို့ပေးတဲ့ငွေက အဖေတို့အတွက် ထမင်းကြမ်းပဲ အေးစက်မာကျောနေပြီး ကောင်းကျိုးမဖြစ်စေဘူးပေါ့ကွာ ထမင်းပူနဲ့ ယှဉ်လို့သာ ထမင်းကြမ်းလို့ပြောလိုက်တာ တကယ်တော့ မသန့်ရှင်းတဲ့ငွေနဲ့ ထမင်းမစားဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့.... ဒါလိုမတရားမှုမျိုးကို တိုက်ဖျက်ဖို့ အဖေ ရှေ့နေလုပ်နေတာ မတရားမှုတွေလက်ခံဖို့မဟုတ်ဘူး အဖေ့ဘဝမှာ လိပ်ပြာသန့်သန့်နဲ့ပဲ ရှင်သန်မယ်....သားလည်းမြဲမြဲမှတ်ထား ဘယ်တော့မှ မတရားမှုကိုမကျူးလွန်စေနဲ့ ကျူးလွန်မိလို့တရားရင်ဆိုင်ရမယ်ဆိုရင်တောင် မင်းဘက်မှာ အဖေရှိနေမှာမဟုတ်ဘူး ခံရတဲ့တစ်ဖက်လူဘက်ကပဲရှေ့နေလိုက်ပေးမှာ"


"သားနားလည်ပါတယ်အဖေ အဖေရဲ့ ဆုံးမစကားတွေအောက်မှာ သားကြီးပြင်းလာရတာပါ အဖေမကြိုက်တဲ့ အလုပ်မျိုး သားဘယ်တော့မှမလုပ်ဘူး သားကိုယ်တိုင်လည်း မကြိုက်ဘူးလေ အဖေ့လိုပဲ အမြဲတမ်းအမှန်တရားဘက်မှာ ရဲရဲကြီးရပ်တည်မယ်"


"ဒါမှ အဖေ့သားကွ"


ဦးသိုက်ထွန်း သားပခုံးကို ဆွဲဖက်ရင်း ကြည်နူးအေးချမ်းသည့်အပြုံးတို့ဝေဆာနေခဲ့သည်။


~~~~~~~~


ည သန်းခေါင်အချိန် ပတ်ဝန်ကျင်သည်လည်းတ်ိဆိတ်ငြိမ်သက်နေသည်။အနက်ရောင် ကောင်းကင်ကြီးမှ ကြယ်ရောင်စုံများလည်း ခပ်မှိတ်မှိတ်သာလင်းနေသည်။ညအမှောင်သည်လည်း ပိုပြီး သိပ်သည်းလာခဲ့သည်။


ထိုအချိန်တွင်.....


"မီး....မီး...မီးဗျို့...မီး..."


စူးစူးဝါးဝါး အော်သံတစ်ခုကြောင့် ရှိုင်းဝဠာ တို့သားဖမျက်စိဖွင့်ကြည့်ကြချိန် မီးရောင်မီးညွန့်တို့က သူတို့ဆီပိုပြီးနီးကပ်လာခဲ့သည်။မီးတောက်တွေကြား သားဖနှစ်ယောက် အိမ်အပြင်ရောက်ဖို့အရေးကိုသာ ကြိုးစားကြရသည်။တစ်အိမ်လုံးကို မီးလျှံတွေက ဝါးမြိုနေခဲ့ပြီ။မီးမကူးသေးသည့် ခေါင်းရင်းဘက် ပြတင်းပေါက်မှ အပြင်ကိုရောက်ဖို့ ကြိုးစားကြရသည်။ပြတင်းပေါက်က တိုင်လုံးသေးသေးလေးတွေ ကာထားသောကြောင့် ထိုတိုင်လုံးလေးတွေ ရိုက်ချိုးနေရသည်က အချိန်ကြာမြင့်ခဲ့ရသည်။ 


"ဝဠာ လွတ်ရာကိုပြေးတော့ "


"အဖေ လာလေ.... အဖေ!...."


ရှိုင်းကို အပြင်ကိုရောက်အောင် တွန်းလွှတ်လိုက်ပြီး ဦးသိုက်ထွန်း တော်တော်ကြသည်အထိ ထွက်မလာခဲ့သောကြောင့် ဝဠာတစ်ယောက် နေရာမှာတင် ခြေစုံရပ်ကာ အသံကုန် အော်ဟစ်နေခဲ့သည်။


"အဖေ.....အမေရေ....."


"မမရေ.....အမေရေ...ဟီး...အီး...ကြောက်တယ်"


"သား....သားလေးရေ..."


ဘေးအိမ်တွေလည်း မီးကူးလောင်နေပြီး ဖြစ်တာကြောင့် တစ်ရက်ကွက်လုံး ပွက်ပွက်ညံနေသည်။


"ဝဠာ ရပ်မနေနဲ့ သွားကြမယ်"


အဖေက အနားရောက်လာကာ မီးလွတ်ရာကို ပြေးထွက်လာခဲ့ကြသည်။မီးအားကတော်တော်ကြီးနေခဲ့သည်မို့ ငြိမ်းသက်ဖို့မလွယ်ကူနိုင်ပေ။ မကြာခင်မှာ မီးသတ်ကားများ ရောက်လာကြသည်။


မီးကို ငြှိမ်းသတ်နိုင်ခဲ့ပေမယ့် များပြားသောလူများ အိမ်ထောင်ရာမဲ့ဖြစ်ကုန်ကြပြီ။စုဝေးခဲ့သည့်နေရာမှာ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ခြေကုန်လက်ပမ်းကျပြီး စိတ်ပျက်အားလျော့မှုတို့ဖြင့် သွေးပျက်သည့် မျက်နှာများကို အထင်သားမြင်တွေ့နေရသည်။


"သိုက်ထွန်း မင်းဘယ်လို လက်ကမြင်းလိုက်တာလဲ မင်းက ငါတို့ကို အိုးမဲ့အိမ်မဲ့ဖြစ်အောင် လုပ်ချင်နေခဲ့တာပဲ ငါတို့နဲ့ မင်းမှာ ဘာရန်းငြိုးရန်စမှမရှိဘဲနဲ့ ဘာလို့ ဒီလိုလုပ်ရတာလဲ "


"ဟာ....ဘာတွေပြောနေတာလဲ ကိုနေထွန်း "


"အခုတော့ မခုတ်တတ်တဲ့ ကြောင်သူတော်လိုလုပ်နေတယ် ပညာရှိလိုလို ဘာလိုလိုနဲ့ ရိုးသားဟန်ဆောင်ပြီး နောက်ကွယ်မှာ လူအများပျက်စီးဖို့ကျိတ်ကြံနေတာစောစောကြိုသိလို့ ဒီရက်ကွက်ပဲ မီးလောင်တာ မသိလို့ကတော့ တစ်မြို့လုံးကို မီးလောင်တိုက်သွင်းမလားဘဲ"


ဘေးက အမျိုးသမီးတွေပါ ဒေါသသံတို့ဖြင့်ဝင်ပြောလာကြသည်။


"ဘုရားမှတ်လို့ ကိုးကွယ်နေတယ် ဖွတ်ထွက်မှ တောင်ပို့မှန်း သိတော့တယ်"


"ဖွီ....ရွံဖို့ကောင်းတာကွာ"


"ဟာ ဘာတွေဖြစ်ကုန်တာလဲ..... တောက်!"


သိလိုက်ပါပြီ....ဒီမီးလောင်တဲ့ကိစ္စမှာ သူ့ကို အပြစ်ပုံချနေတယ်ဆိုတာ ဦးသိုက်ထွန်း သိလိုက်ပါပြီ။

'စောစောကြိုသိနေလို့'တဲ့ သူတို့က ဘာကိုသိတာလဲ... ငါလည်း ဘာမှမသိရပါလား အမှန်ဆို တစ်ရက်ကွက်လုံး မီးဘေးသင့်ခဲ့တာလေ သူတို့ကသိပြီး ငါက မသိဘူး...ဟာကွာ....။


"ဘာဖြစ်လို့ အဖေ့ကို စွပ်စွဲနေကြတာလဲ"


ဦးသိုက်ထွန်း စဉ်းစားရကျပ်နေစဉ် သားမေးလိုက်သည့် မေးခွန်းကြောင့် နားစွင့်နေခဲ့မိသည်။


"ကောင်လေး ငါတို့က စွပ်စွဲနေတာမဟုတ်ဘူး ဒီမီးစပြီး လောင်နေတဲ့ နေရာကနေ ပြေးထွက်သွားတဲ့လူက မင်းတို့အိမ်ထဲကို ဝင်ပြေးသွားတာ စ လောင်တာ ငါတို့အိမ်မှာဆိုပေမယ့် ဝိုင်ယာကို ရှော့ရိုက်နေတာ မင်းအဖေဘဲ"


"နေပါအုံး ဦးနေထွန်း ခင်များက အဖေမှန်း ဘယ်လိုသိနေတာလဲ စ လောင်တာ ခင်များအိမ်နော်"


"မင်းလည်း မင်းအဖေလိုပါပဲလား ဝဠာ တစ်ကျိတ်တည်း တစ်ဉာဏ်ထဲနေမှာ.....တစ်ရက်ကွက်သားချင်းတွေ ဘယ်သူ ဘယ်လိုပုံစံရှိတယ်ဆိုတာ အကုန်သိတယ် ပြီးတော့ မင်းအဖေအခုဝတ်ထားတဲ့အင်္ကျီ ငါမြင်တဲ့လူကလည်းဒီအင်္ကျီနဲ့ပဲ ငါ့အိမ်မှာအသံကြားလို ထ ကြည့်တော့ ဒီအင်္ကျီနဲ့လူ ဝိုင်ယာတွေ ရှော့ရိုက်နေတာ ပြီးတော့ ပြေးထွက်သွားတယ်"


"ဟက်! ဟာသတွေ လာပြောနေတာပဲ အဖေနဲ့ကျုပ်က အတူတူအိပ်နေကြတာ အဖေ ဘယ်မှ မထွက်ဘူးဆိုတာ ကျုပ်သိတယ် နေပါအုံး ခင်များ အဖေ့မျက်နှာကို မြင်လိုက်လို့လား"


"မျက်နှာမမြင်လိုက်ပေမယ့် အတိအကျကို သိနေတာကို မင်းက ကပ်ကပ်လန်အောင်ပြန်ငြင်းနေတာပဲ"


"ခင်များကလည်းအတိအကျမသိဘဲ စွပ်စွဲနေတာလေ"


ဝဠာ ဦးနေထွန်းဆိုသည့် လူကြီးနှင့်အပြိုင်ငြင်းနေစဉ် ဦးသိုက်ထွန်းက ဝဠာပခုံးကို ပုတ်လာပြီးဟန့်တားလိုက်သည်။


"အဖေ....."


"အဖေ သိပြီ သား...ဘာတွေပဲကြုံလာပါစေ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်အောင်ကြိုးစားပါ ဘယ်လောကဓံကိုမှ ငြင်းချက်မထုတ်နဲ့ အမှန်တရားဆိုတာ အမြဲတမ်း ပုန်းကွယ်မနေဘူး နောက်တစ်ခု ဘာပဲဖြစ်လာဖြစ်လာ မျက်ရည်မကျမိစေနဲ့ မျက်ရည်ကျခဲ့ရင် မင်းက အဖေ့သားမဟုတ်ဘူး"


"အဖေ ဘာတွေပြောနေတာလဲ ကျွန်တော် နားလည်အောင်ရှင်းပြပါအုံး"


အဖေ့စကားတွေက နားလည်ခက်ပြီး အလိုလိုဝမ်းနည်းစိတ်ဝင်လာရသည်။အဖေက မျက်ရည်မကျမိစေနဲ့လို့ ပြောတည်းက မျက်ရည်က ဝဲချင်နေပြီ။အဖေဘာတွေသိထားတာလဲ ရူးချင်နေပြီ အဖေရာ...။


"ဝဠာ....ကိုယ့်လမ်းကို လျှောက်... ကိုယ့်ကိုယ်ကိုတန်ဖိုးထား ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ "


"အဖေ..."


"ဝီး...ဝီ...ဝီ...."


"ဟာ"


ရဲကားသံတွေဆူညံလာကာ ဝဠာတို့ သားဖစကားပြောနေသည့်နေရာကို ဦးတည်ရောက်လာကြပြီး ဦးသိုက်ထွန်းကို လက်ထိပ်ခတ်လိုက်ကြသည်။


"အဖေ....အဖေ့ကို ဘာလို့ခေါ်သွားကြတာလဲ အဖေ့မှာ ဘာအပြစ်မှမရှိပါဘူး အဖေ့ကို ခေါ်မသွားပါနဲ့"


"သား...."


"အဖေ့...."


ဦးသိုက်ထွန်းကို အချုပ်ကားပေါ်တင်ခေါ်သွားကြပြီး 

ရှိုင်းဝဠာကိုလည်း ရဲသားတစ်ချို့က ဆွဲခေါ်ကြသည်။ဦးသိုက်ထွန်းလို လက်ထိပ်မခတ်ပေမယ့် ရုန်ကန်နေသည့်ကြားက အတင်းဆွဲခေါ်ကြသည်။


"ဒီသားဖရှိတာ တစ်ရက်ကွက်လုံး ပြာကျသွားတာပဲ ဖမ်းသွားမှ အေးတယ် ကောင်းကျိုးမပေးတဲ့သားဖ တစ်သက်လုံးပြန်လွတ်မလာနဲ့".


"........."


ရဲကားနှစ်စီး ရက်ကွက်ထဲမှထွက်သွားချိန် ပြစ်တင်ပြောဆိုသံတွေ ဝေးဝေးမှာကျန်ခဲ့ပြီ။


rate now: