ကြွေလွင့်မျက်ရည်
တောင်မင်းကြီးဘုရားနားမှာ ရပ်ထာသည့်ကားအနက်ရောင်လေးအနားကို အနက်ရောင်ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားသည့် လူတစ်ယောက် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်ရင်း ကားထဲကို လျင်မြန်စွာဝင်ထိုင်လိုက်သည်။
"ဘာထူးခြားလို့လဲ"
ကားနောက်မှီကို ခပ်လျောလျောမှီထိုင်ပြီး မျက်စိမှိတ်ကာ တစ်ခုခုကို အာရုံဝင်စားနေရင်းမှ မေးလာသည့် ဦးမိုးတိမ်တိုက်။ဒီပုံစံအတိုင်းဆို သေချာသည်က ဆေးခြောက်ရှူနေပြီ။
"နောက်တစ်ပတ်ဆို ဂေဟာဖွင့်ပွဲကျင်းပတော့မယ်"
"ဟက်!ရှိုင်းဝဠာထွဋ်......မင်းက သူများနေရာမှာ အဆင်သင့်ဝင်ထိုင်ပြီး လူတွင်ကျယ်လုပ်ချင်တာပဲ မင်းကို လက်ဆောင်လှလှလေးပေးရမှာပေါ့"
"......"
"မင်းပြန်တော့ ငါ အဲ့ဒီပွဲကိုအရောက်လာခဲ့မယ် ငါ့ဆီက လက်ဆောင်ကို သူ့ကို ပေးဖို့က မင်းတာဝန်ပဲ သွားလို့ရပြီ"
"ဟုတ်ကဲ့ boss ခွင့်ပြုပါ"
ကားထဲမှ လျင်မြန်စွာဆင်းသွားသည့် ထိုလူ၏နောက်ကွယ်မှာ ဦးမိုးတိမ်တိုက်၏ခပ်အက်အက်ရယ်သံတစ်ခုထွက်ပေါ်လာသည်။
ကားထဲမှဆင်းလာသော လူသည် အကွယ်တစ်နေရာအရောက်မှာ ဦးထုပ်နှင့် အပေါ်ဝတ်အင်္ကျီကို ချွတ်ပြီး အသင်လွယ်ထားသည့်ကျောပိုးအိတ်လေးထဲထည့်ကာ လမ်းမပေါ်ပြန်တက်လာခဲ့သည်။
~~~~~~~
Jအရင်ကရပ်ထားသည့်ကားနားအရောက်မှာ စကူဖီ ပန်ရောင်းလေးတစ်စီးနှင့်အတူ ရပ်နေသော ရှိုင်းကိုတွေ့လိုက်ရသည်။ဘေးနားမှာ ကောင်မလေးတစ်ယောက်လည်းရှိနေပြန်သည်။တင်းနေသည့်စိတ်ကို အသာဖြေလျော့ရင်း ခပ်သွက်သွက်လျောက်လာခဲ့လိုက်သည်။J၏ခြေလှမ်းတိုင်းကို ရှိုင်း မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသောကြောင် ခြေလှမ်းများပင်မှားလုဆဲဆဲ။
"sorry ကိုလေး ကျွန်တော် Toilet သွားနေလို့ပါ"
J မလုံမလဲနှင့် ရှိုင်း မမေးဘဲ ပြန်ဖြေနေမိသည်။
ရှိုင်း ဘာမှမပြောဘဲ Jကို စေ့စေ့ကြည့်ကာ လှစ်ခနဲ့ပြုံးလိုက်သည်။ထိုအကြည့်ကြောင့် J ကိုယ့်ကိုကို မလုံမလဲ ဖြစ်ကာ သိမ်ငယ်စိတ်ဝင်လာရသည်။
"အင်း...ကျုံးဘေးသွားကြမယ် ကျွန်တော် သူ့ဆိုင်ကယ်နဲ့ပဲ လိုက်ခဲ့လိုက်တော့မယ်နော်"
"ဟုတ်ကဲ့ ကိုလေး ဂရုစိုက်မောင်းပါ"
ခေါင်းတစ်ချက်သာ ငြိမ့်ပြခဲ့ပြီးနောက် နေရာမှအသီးသီးထွက်ခွာလာခဲ့ကြသည်။
~~~~~~~~
ကျုံးပတ်လမ်းကို ဖြတ်လျှောက်လိုက်စဉ်မှာဘဲ ကျုံးကိုဖြတ်တိုက်လာသည့်လေနုအေးအေးလေးက ချစ်သူ၏ဆံနွယ်ရှည်လေးတွေကို တိုးဝေ့ကျီစယ်လာသည်။လွင့်ဝဲလာသည့်ဆံနွယ်လေးတွေက ဖွေးဖွေးအိအိမျက်နှာလေးထက်ဖုံးကွယ်နေပြန်၏။
ရှိုင်း ထိုဆံနွယ်တွေကို ဖယ်ရှားပေးပြီး ထင်းရှားစွာတွေ့မြင်လိုက်ရသည့် မျက်နှာလှလှလေးကို ရွှန်းရွှန်းစားစားစိုက်ကြည့်နေခဲ့မိသည်။
အကြည့်ချင်းဆုံနေကြသည့်ရွှန်းလဲ့လဲ့မျက်ဝန်းလေးတွေ၏ဆွဲအားကြောင့် နှုတ်ခမ်းထက်မှာလည်း အပြုံးတို့က ဖူးကြွနေခဲ့၏။
လွှာသည် အနက်ရောင်အသားပျော့ပျော့ တီရှပ်လေးကို ဒူးအထက်သာသာ ဘောင်းဘီလေးနှင့်တွဲဖက်ဝတ်ဆင်ထားပြီးအပေါ်မှ ဂျင်းရှပ်တိုလေးထပ်ဝတ်ထားသည်။ကျောလယ်လောက်ရောက်နေသည့် ရွှေဝါရောင်ဆံပင်လိပ်လိပ်လေးတွေကို ကပိုကရိုဖြန့်ချထားပြန်သည်။ပန်းနုရောင်ပြေပြေလေးကူထားသည့်နှုတ်ခမ်းသားဖူးဖူးအိအိလေးက နှလုံးခုန်သံတို့ကိုပင် ကျီစယ်နေသယောင် ရွှန်းလဲ့သည့်အကြည့်တွေအောက်မှာ အရည်ပျော်ခဲ့ပြီဖြစ်သော ရှိုင်းသည် ထိုမျက်ဝန်းတွေနှင့်ဆုံလိုက်တိုင်း အားအင်တွေဆုတ်လျော့သွားပြီး စိတ်အစဉ်က သူမဆီမှာသာ လွင့်ပျံ့နေခဲ့သည်။
ညပိုင်းရောက်နေပြီဖြစ်သောကြောင့် ကျုံးပတ်လမ်းနှင့်ယှဉ်လျက်ရှိသော ၂၆(B)လမ်းထက်မှာ အသွားအလာကျဲနေပြီ။သူတို့နှစ်ဦးရှိနေသည့်နေရာသို့ ရှိုင်းတို့ကုမ္ပဏီ၏အဖွဲ့သားများရောက်လာကြသည်။ပစ္စည်းများနေရာချပြီးသည်နှင့် အသီးသီးနေရာယူနေကြသည်။
မှိန်ပျပျလမ်းမီးတိုင်တို့က ညအမှောင်ထုကို လင်းလက်စေခဲ့သည်။သူတို့၏ဘယ်ဘက်မှာ ကျုံးရေပြင်၊ကျုံးရေပြင်၏ဟိုဘက်မှာတော့ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့်နေခဲ့ကြစဉ်က တင့်တယ်ထည်ဝါစွာတည်ရှိနေခဲ့သော ရတနာပုံနန်းတော်ကြီး၏ ခိုင်မာမြင့်မားသော မြို့ရိုးကြီးရှိနေခဲ့သည်။ ညာဘက်မှာကျပြန်တော့လည်း ခေတ်နဲ့အညီတည်ရှိနေသည့် အဆောင်အယောင်များစွာရှိနေပြန်သည်။
ဘယ်လိုပဲရှိနေပါစေ ရှေးခေတ်နှင့် လက်ရှိခေတ်ကို ယှဉ်တွဲတွေ့မြင်နိုင်သည့် ဒီနေရာလေးက အမည်မသိခံစားချက်လေးတစ်ခုကိုပေးစွမ်းနိုင်ခဲ့သည်။ကျန်ရစ်ခေတ်ကို ပြန်ပြီးလွမ်းဆွေးရသလို ရှေ့သို့တက်လှမ်းနေသောခေတ်၏တိုးတက်မှုတွေအတွက် ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ခဲ့ပါသည်။
"🎶....... ...............🎵"
ညင်သာစွာထွက်ပေါ်လာသည့် စောင်းသံလေးနှင့်အတူ ဂီတာသံလေးပါ ထွက်ပေါ်လာခဲ့သည်။ထို့နောက်........
"🎶အဝေးပြေးလမ်းမကြီးမှာ.....×××
ရင်ခုန်သံတွေ ပြန့်ကျဲပြီးထွက်ခွာခဲ့တာ....
ရန်ကုန်အပြန်မှာအလွမ်းများက ထိန်းမရ××××
မန္တလာမြေက အမှတ်တရနေ့ကလေများ.....××××🎶"
သီချင်းသီဆိုနေသူက တိမ်လွှာ၏ ချစ်ရသူကိုကိုဖြစ်နေတာကြောင့် မယုံကြည်နိုင်စွာ ငေးကြည့်ရင်းပါးစပ်ကိုလက်ဖြင့်အသားလေးအုပ်ကာ ပျော်ရွှင်လာရသည်က အတိုင်းမသိ။ထင်မထားခဲ့ပါဘူး...ကိုကိုက ဒီလို နူးနူးညံ့ညံ့နှင့်ရှိနေခဲ့မယ်လို့။တစ်ချိန်လုံးပြောပြနေခဲ့သည်က အလုပ်အကြောင်းသာ။ဒီလိုခံစားတတ်တဲ့နှလုံးသားလေးနှင့်ကြင်နာစွာ သီကုံးဖွဲ့ဆိုနေသည်က လွှာ့အတွက် ကြည်နူးပျော်ရွှင်မှုများစွာကို ယူဆောင်လာခဲ့လေသည်။ချစ်စိတ်တွေတစ်ရစ်ပြီးတစ်ရစ်တိုးပွားရသည်က ရင်ခုန်နှုန်းနှင့်ထပ်တူပင်။
"🎶ဟို အဝေးပြေးလမ်းမကြီးမှာ
မိုင်တိုင်တွေက ဒို့နှစ်ယောက်ကိုခြားနား.......
လေယာဉ်ပျံတွေကို မင်းရှိရာအရပ်
ပျံသန်းပြီး...မလာတတ်....
စိတ်ဒုက္ခရောက်တယ်ကွာ........
မင်း....သိရဲ့လား...........???"
အို....ချီးကျူးလို့မှမဆုံးသေးဘူး သီချင်းသံရပ်သွားသလို ကိုကိုသည်လည်း သူမအနားကို ရောက်လာခဲ့သည်။မချိုမချဉ်အပြုံးလေးနှင့် လွှာကို ပြုံးပြလိုက်ပြီး လက်ကို ဖွဖွဆွဲခေါ်ကာ ခပ်လှမ်းလှမ်းကိုဆွဲခေါ်လာခဲ့သည်။
"ကိုယ်လေ ဒီသီချင်းကို မင်းကိုဆိုပြချင်တာ....အချိန်တော်တော်ကြာအောင်ကျက်ယူလိုက်ရတယ်"
"အို ဘယ်လိုတောင်လားကိုကိုရယ် ဒီသီချင်းစားသားက ဘာခက်တာမှတ်လို့"
"အရမ်းကြီးမခက်ပေမယ့် ကီးနဲကိုက်အောင်ဆိုဖို့ကအရမ်းကြီးမလွယ်ဘူးလေ ဒီလိုကွာ....ကိုယ်က သီချင်းကြီးသီချင်းခံတွေနဲ့ပဲ ကြီးပြင်းလာတာဆိုတော့ ဒီလိုခေတ်ပေါ်သီချင်းတွေနဲ့ လုံးဝကီးမကိုက်ဘူး ခုနာက အပိုဒ်လေးကတောင် စောင်းသံလေးနဲ့ဆိုရတာမို့ နဲနဲအဆင်ပြေသေးတယ်အဲ့နောက်က စာသားတွေလုံးဝလိုက်မမှီဘူး အကြိမ်ကြိမ်နားထောင်းတယ် ဘယ်လိုမှကို နားမထောင်တတ်တာ"
"ခ်ခ်! ဖြစ်ရလေကိုကိုရယ်...ကိုကို့ကို ဒီလောက်ရှေးဆန်မယ်ထင်မထားဘူး"
"အဟဲ"
စပ်ဖြဲဖြဲရယ်ပြနေသည်ကတော့ လူငယ်ဆန်စွာ ပေါ့ပါးလွတ်လပ်နေသည်။ခပ်ညိုညိုဆံပင်တွေကို နောက်လှန်ဖြီးထားသောကြောင့် ကျယ့်ပြန်လှသည့်နဖူးပြင်က ထင်ရှားစွာ...။ဆံစတစ်ချို့က နဖူးပေါ်မှာ ခပ်စွေစွေဝဲကျနေပြန်သည်။ဂျင်းပန်ပြာနှင့်ရှပ်အဖြူလေးကိုတွဲဖက်ဝတ်ဆင်ထားသည့် ကိုကိုက လူငယ်ဆန်စွာ သွက်လပ်ပေါ့ပါးနေသည်။အင်း.....၂၀ကျော်၃၀နီးပါးသည်လည်း လူငယ်ပဲမဟုတ်လား။သို့သော် ကိုကိုပုံစံက အရွယ်နှင့်မလိုက်အောင်ရင့်ကျက်နေတည်ငြိမ်နေသယောင်။ကျယ်ပြန့်နေသည့်နဖူးပြင်ကြောင့်လားတော့မပြောတတ်။
တိမ်လွှာ အတွေးနှင့်ပြုံးလိုက်သည်။
"ကိုယ်က ချောလား"
"ရှင်!"
ရွှတ်နောက်နောက်မေးလိုက်တော့ တိမ်လွှာ ကိုယ့်အဖြစ်ကိုမလုံမလဲနှင့်ရက်ရွံ့သွာခေါင်းကိုငုံ့ထားမိပြန်သည်။
"ကိုယ့်ကိုအကြာကြီးစိုက်ကြည့်နေတာလေ"
ငုံ့ထားသည့်မျက်နှာလေးကပင်နီရဲလာကာ ခေါင်းမမော့နိုင်အောင်ပင်ရှိနေရသည်။
အရှက်ကြီးလွန်းနေတဲ့ချစ်သူ၏နဖူးပြင်လေးကို ငုံံ့နမ်းလိုက်သည့် ရှိုင်း။
"ကိုယ် ဒါလေးပဲ မေးတာလေ babeရဲ့"
"ချစ်ဖို့ကောင်းလွန်းလို့ အကြာကြီးစိုက်ကြည့်မိတာပေါ့ ကိုကိုရဲ့ ဘာလဲ မကြည့်ရဘူးလား"
"ရတာပေါ့ ကိုယ့်မျက်နှာကို ဘယ်လောက်ပဲ ကြည့်ကြည့် ရတယ် ဒါပေမယ့် ဘယ်သူမှတော့အဲလိုမကြည့်မိစေနဲ့ ဒီမျက်ဝန်းလေးတွေကဆွဲဆောင်မှုအားကောင်းလွန်းလို့"
"စိတ်ချ လွှာ့က ကိုကိုတစ်ယောက်တည်းပဲ ကြည့်မှာလွှာ့ နှလုံးသား၊လွှာ့စိတ်၊လွှာ့ ခန္ဓာ... လွှာ့ရဲ့ ဖြစ်တည်မှုတိုင်းက ကိုကိုနဲ့ပဲဆိုင်တယ် ကိုကိုတစ်ယောက်တည်းပဲ ကိုကိုနဲ့အတူ ကတ္တီပါကော်ဇောခင်းထားတဲ့ လမ်းမထက်မှာ သတို့သမီးဝတ်စုံလေးနဲ့ ကိုကို့လက်ကိုပဲတွဲပြီး လျှောက်လှမ်းသွားဖို့ထိ လွှာ့စိတ်ကူးအိပ်မက်ထဲမှာရှိနေတာ"
"တတ်လိုက်တာ babeလေးရယ်...babeက အိပ်မက်ထဲမှာ စိတ်ကူးပုံဖော်ထားတော့ ကိုကိုက လက်တွေ့မှာ ပုံဖော်ပေးမှာပေါ့ သက်ဆုံးတိုင် babeလက်လေးကိုပဲ ခိုင်မာမြဲမြံစွာ ဆုပ်ကိုင်ထားချင်မိတယ် babeရယ်"
"လွှာလည်း ကိုကို့ဆန္ဒနဲ့ထပ်တူပါပဲ"
စကားအဆုံးမှာ ရင်ခွင်ထဲတိုးဝင်လာသည့် ကောင်မလေးကိုရှိုင်း ပြန်လည်ထွေးပွေ့ထားလိုက်သည်။
တစ်ချက်တစ်ချက် တိုက်ခတ်လာသည့်လေအေးလေးတွေက လွှာ့၏ဆံစလေးတွေကို လွင့်ပျံစေလျက်။
ကျန်ခဲ့သည့်အဖွဲ့တို့က သီချင်းကိုဆက်လက်သီဆိုနေကြသည်။
"🎶နင်မြင်ဖူးနေကျ ခပ်ညံ့ညံ့ကောင်တွေက
ငါနဲ့ယှဉ်ရင်ရူးနေတာ××××
နင့်အချစ်ကိုရဖို့ ဂွင်ဆင်ထုချေလွှာတွေ မတင်ချင်ဘူးလေကွာ....
ငါ မျက်နှာမြင်ရင် နင့်သူငယ်ချင်းဆိုတဲ့ ခင်မင်မှုတွေကြား
သူတို့က ငါ့ထက် ပိုချစ်တာပေါ့....🎵
တကယ်တော့ ရင်ခွင်တုတွေပါ××××
အဲ့ကောင်တွေကို လိုတာထက် ပို
ဂရုစိုက်ပြတာတွေရှောင်ရှားစေဖို့
ပြောတော့အထင်မလွဲပါနဲ့တဲ့ ဖြူစင်တယ်မောင်နှမတွေလို××××
ဆင်ခြေဆင်လက်တွေက ငါ့ခံစားချက်တွေကို လှောင်ပြနေသလို....
သံသယက မီးလိုပူပေမယ့် မေတ္တာက တောင်ကျရေမျိုး
🎶သူမက အရာရာပြည့်စုံတယ်
ကျုပ်ရုန်းကန်နေရတာ လူ့အနှိမ်ဘဝနဲ့×××
အတိတ်ကိုမမေ့နိုင်လို့ အနာဂတ်ကိုတွေးတိုင် ခုချိန်အားနည်း
ရောဂါက ကျွမ်းနေပါပြီ ကုချိန်မရခဲ့
မန္တလေးရောက်ရင် မသွားတော့ဘူး
သူ့အိမ်အနားနဲ့ လမ်းအတူလျှောက်ဖူးတဲ့ဦးပိန်တံတားလည်း.......
🎶အဝေးပြေးလမ်းမကြီးမှာ.....×××
ရင်ခုန်သံတွေ ပြန့်ကျဲပြီးထွက်ခွာခဲ့တာ....
ရန်ကုန်အပြန်မှာအလွမ်းများက ထိန်းမရ××××
မန္တလာမြေက အမှတ်တရနေ့ကလေများ.....××××🎶"
~~~~~~~~~~~
တခြားသူတွေနှင့်အတူ ပါလာသည့်စားစရာများကို
ပျော်ရွှင်စွာစားသောက်ကြရင်း လွှာလည်း ကိုကို့အနားမှရှိနေခဲ့သည်။အဖွဲ့သားအားလုံးနှင့်မိတ်ဆက်ပေးပြီး လွှာ့ကိုလည်း ကိုကို့ချစ်သူအဖြစ် အားလုံးက သိနေကြသည်။
လွှာ့ဆီကို မကြာခန အကြည့်ရောက်လာတတ်သည့် လူတစ်ယောက် ။ထိုလူက ကိုကို့ဘေးမှာ အမြဲရှိနေတတ်သည့်J ဆိုသောသူ။
Jသည် ကိုလေး(ရှိုင်း)၏ ချစ်သူကောင်မလေးကို မကြာခန အကဲခတ်ကြည့်နေမိခဲ့သည်။
'ဒီကောင်မလေးကို ဘယ်မှာမြင်ဘူးလဲ ရင်းရင်းနှီးနှီးသိနေပါတယ်....ဒီအကြည့်တွေက တစ်ယောက်ယောက်နဲ့ တူနေသလိုပဲ.... ငါ့အသိထဲက ဘယ်သူများပါလိမ့်'
ထိုအချိန်က Jသာ တိမ်လွှာ့ကို ဦးမိုးတိမ်တိုက်၏ သမီးမှန်း သိခဲ့မယ်ဆိုလျှင်ဖြင့် ချစ်သူနှစ်ဦး၏ ကံကြမ္မာ ပြောင်းလဲသွားနိုင်သည်။
ကိုလေးကိုလည်းအားနာမိတာကြောင့် ဆက်မကြည့်တော့ဘဲ မမြင်နိုင်တဲ့တခြားနေရာကိုသာရွေ့ထိုင်နေခဲ့လိုက်သည်။
"ဝဠာ မင်းအိမ်ကဖုန်းဆက်လာတယ် ပြီးမှပြန်ခေါ်လိုက်ပေါ့"
"ဟုတ်ကဲ့မမမိုး ကျွန်တော်ပြီးတော့ ပြန်ခေါ်လိုက်မယ်"
"ဝဠာ မင်း မမမိုးအပေါ် အကြွေးတွေများနေပြီ ဒီတစ်ခါလုံးဝမရတော့ဘူးပြောပါအုံး လျှိုထားသမျှကို".
"ဟာဗျာ မမမိုးကလည်း"
"အားလုံးသိရအောင် မမက မေးတာလေကွာ ခုချိန်ရောက်မှတော့ လုံးဝမရတော့ဘူး သိချင်နေပြီ"
"ဟာဗျာ"
ရှိုင်းတို့ရယ်မောပျော်ရွှင်စွာ ပြောဆိုနေကြပေမယ့် မပျော်နိုင်သည်က တိမ်လွှာရယ်ပါ။ သူတို့က ဘာတွေလည်း ဘယ်လိုစကားတွေပြောနေကျပါလိမ့်......ဘာသဘောနဲ့ အထာကိုင်နေကြတာလဲ ဟင်း...နော်....ကိုကိုနော်...ဘယ်လိုခြေရှုပ်ထားတာလဲ??
"ရှိုင်း....ပြောစမ်းလေကွာ"
တခြားသူတွေကိပါ စိတ်ဝင်တစားနှင့် ဝိုင်းမေးလာကြလေသည်။
"ဘာမှအထူးအဆန်းမဟုတ်ဘူး ဒီစောင်းကို ငှါးခိုင်းတာကို မမမိုးက ဘာလုပ်ဖို့လဲ....ကျွန်တော်ကလည်း စချင်တာနဲ့ ကျုံးဘေးရောက်ရင်သိမယ်ပြောထားတာ မမမိုးက ဘယ်သွားအိပ်ပျော်နေလဲမှမသိတာ "
"ဟုတ်တယ် ဒါတော့ မမမိုးက ပွဲကြီးပွဲကောင်းလွတ်သွားတာ"
တိမ်လွှာ အောက်နှုတ်ခမ်းလေးကို ဖိကိုက်ထားရင်း အလိုမကျစိတ်တွေဝင်လာရသည်။သူတို့က ဘာတွေမို့ ဒီလောက်ရင်းနှီးနေကြရတာလဲ။တော်ရုံပဲ ကောင်းတယ် ကိုကိုရေ......ပျော်နေလိုက်ကြတာ လွှာ့ကို ရှိတယ်လို့မှထင်ကြရဲ့လား။
"ဟယ်တော့! မိုးက ဝဠာခိုင်းထားတဲ့ စာရင်းတွေကို သွားပို့နေရတာလေ မင်းတို့က မိုး ကိုမှ မစောင့်ကြတာ ဘာအစီအစဉ်လုပ်နေကြတာလဲ ပြောပြသင့်တယ်နော်"
"ဒီကောင်ကြီး သီချင်ဆိုတာလေဗျာ"
"ဟယ်! ဝဠာ သီချင်းဆိုလိုက်တယ် ဟုတ်လား မိုးလည်း နားထောင်ချင်တာပေါ့ မိုးကိုလည်း ဆိုပြပါလား"
တိမ်လွှာ့အကြည့်တွေက မိုး ဆိုသည့် အမျိုးသမီးဆီကို စူးရဲစွာဖြင့်ဒိုင်းခနဲ့ ရောက်သွားရသည်။
တောင့်သင့်ပြီ အမကြီး... ကိုကိုက လွှာ့ကိုပဲ ဆိုပြတာ
ထုတ်ပြောချင်ပေမယ့်လည်း ကိုကို့မျက်နှာကို ထောက်ထားပြီး ဒေါသကို မျိုသိပ့်ကာ ကိုကိုဖြေလာမယ့်စကားကိုသာ နားစိုက်ထောင်နေမိသည်။
"ကျွန်တော်က သီချင်းကို မရဘူး မမမိုးရဲ့ အစလေးပဲ ဆိုတာ နောက်ပိုင်းJပဲ ဆက်ဆိုတာ ပြီးတော့ ကျွန်တော်က ကျွန်တော့်ကောင်မလေးကို ပျော်စေချင်လို့ ဆိုပြရုံပဲ နဲနဲလေးလည်းတိုက်ဆိုင်နေမို့လေ"
မှတ်ပြီလား အမကြီး...ဒိုးလိုက်တော့ ကိုကို့အနား ကပ်ဖို့မစဉ်းစားနဲ့
ရှိုင်းအဖြေကြောင့် လွှာ့မျက်နှာလေး ချက်ချင်းဝင်းပလာရကာ ရှိုင်းလက်မောက်ကို အသာတွဲချိတ်ထားလိုက်သည်။နှုတ်ခမ်းထက်မှာလည်း အောင်နိုင်သူလို အချိုသာဆုံးအပြုံးလေးတစ်ခုနှင့်။
"အော်.....ဝဠာရယ် ဒီကိစ္စအတွက်နဲ့ လျိုထားစရာလား ဟုတ်ပါပြီ.....မင်းကောင်မလေးအတွက် surprised လုပ်ပေးတာကို ဒို့က ဝိုင်းဝန်းအားဖြည့်မပေးလိုက်ရဘူးနော်...ဒါနဲ့ ဘာသီချင်းလဲ "
မိုးသည် ရှိုင်းဘေးက ကောင်မလေးကို ကြည့်မရတာနှင့် မီးနဲနဲမွှေးပေးပေမယ့် ရှိုင်းက သူ့ချစ်သူဘက်ကပဲ ရှိနေတာကြောင့် ဆက်ပြီး စကားနာမထိုးတော့ဘဲ စကားလမ်းလွှဲလိုက်သည်။မိုး.....ဆိုတာ ရှိုင်းဝဠာထွဋ် ရဲ့ secretary ပဲလေ ရှိုင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါနဲနဲစပ်စုခွင့်ရမယ်မလား...။တကယ်ဆို ဒီကလေးမနဲ့တော့ သဘောမတူချင်ပေ။
"G_fattရဲ့ အဝေးပြေးလမ်းမ"
"ဝါး.......ဒို့ရဲ့MDကြီးက ဒါတွေလည်းရတာပဲလား con con ပါ ညီမလေးရေ...ဝဠာက ပုံမှန်ဆို ဒီလိုသီချင်းတွေဆိုပြဖို့မပြောနဲ့ နားထောင်တာတွေမဟုတ်ဘူး ညီမလေး အရမ်းကံကောင်းတယ်နော်"
တိမ်လွှာ့ကို တစ်ဆက်တည်းပြောလာတာကြောင့် မပြုံးချင်ပြုံးချင်နှင့် ပြုံးပြလိုက်ရသည်။အမကြီးဘက်ကသာ မလျော့ရင် လွှာလည်း ပြုံးပြစရာအကြောင်းမရှိဘူးပေါ့။ပုံစံကိုက ကိုကို့အနားကပ်ချင်နေတာ အသိသာကြီးပဲလေ။
ကိုယ့်အုပ်စုနဲ့ကို သက်ဆိုင်ရာထွက်ခွာသွားကြမှ ရှိုင်းနှင့်တိမ်လွှာလည်း ခပ်လှမ်းလှမ်းမှ ခုံတန်းမှာသီးသန့်ထိုင်ဖြစ်ကြသည်။
"babe မျက်နှာက ဘာဖြစ်နေတာလဲ မပျော်ဘူးလား"
အရိပ်တကြည့်ကြည့်နှင့်ရှိနေသော ရှိုင်း...သူမ မျက်နှာမသာမယာဖြစ်နေတာကို ခုနာကတည်းက သတိထားမိပေမယ့် မမေးဖြစ်ခဲ့ပေ။
"........."
ပြန်ဖြေသံမလာဘဲ နှုတ်ခမ်းလေးကို ခပ်တင်းတင်းဖိကပ်ထားရင်း ဟိုဘက်ဒီဘက် ရွဲ့ပြလာသည်။မျက်စောင်းကလေးကပါ အဆစ်ပါလာသေးသည်။ရှိုင်း သဘောကျစွာ ပြုံးမိရင်း ပခုံးလေးပေါ်မှာ သိုင်းဖက်ကာ မျက်နှာချင်းနီးကပ်စေပြီး နှုတ်ခမ်းပါးလေးကို ဖိကပ်နမ်းလိုက်သည်။
"ဟာ ကိုကိုလူယုတ်မာကြီး"
မျက်ဝန်းလေးတွေ ဝိုင်းစက်ပြူးကျယ်လာကာ ဆိုလာပြန်တော့လည်း တစ်ခါပြုံးရပြန်သည်။နှာခေါင်းလုံးလုံးရှည်ရှည်လေးကို ဆွဲညစ်ပြန်တော့ ဆူပုပ်ပုပ်မျက်နှာလေးနှင့်အတူ မျက်စောင်းလေးက တစ်ချက်တစ်ချက်ပစ်လွှတ်နေပြန်သည်။
"ထပ်ပြီး မျက်စောင်းမထိုးနဲ့တော့ ကိုကို မနေနိုင်ရင် လူကြားထဲလည်းမရှောင် ဖက်နမ်းပစ်မှာနော်"
"နမ်းပြီးပြီးဘဲ လူကို ခွင့်ပြုချက်မတောင်းဘဲ ဇွတ်တရွတ်ပဲ"
"ကိုယ့်ချစ်သူကို ခွင့်ပြုချက်တောင်းရအုံးမှာလား"
"ဘာချစ်သူလည်း ချစ်သူဆိုရင်လည်း နဲနဲပါးပါးဂရုစိုက်အုံးမှပါ့ ခုနကဖြင့်လွှာ့ကိုမရှိသလို ပစ်ထားပြီးခုမှ ချစ်သူပါ လာလုပ်မနေနဲ့"
"ခက်ပြီbabeရယ် ကိုယ်ပစ်ထားခဲ့မိလို့လား"
ဟော...ကြည့်ပြန်ပြီ ခပ်စွေစွေအကြည့်လေးနဲ့တစ်ဘက်လှည်သွားတဲ့ ကောက်စိန်လေး...ဘာကိုကောက်နေမှန်း ရှိုင်း ပင်မသိတော့။ဘာကောက်လို ဘာချော့ရမှာလဲ ခက်နေပြီ....ချစ်သူလေးတစ်ယောက်ရမိပါတယ် ကလေးဆိုးနဲ့ဝင်တွေ့နေတာ ကိုယ့်ပုံစံနဲက ဘယ်လိုမှကိုက်ညီမှုမရှိ။ကျောင်းတည်းက ချစ်သူရည်းစားမထားခဲ့ဖူးသလို ကျောင်းပြီးတော့လည်းအလုပ်ထဲမှာ ခေါင်းစိုက်ခဲ့ပြီး ချစ်သူရည်းစားဆိုတာ ကိုယ်နဲ့လားလားမှမသက်ဆိုင်တဲ့အရာမျိုး......သက်ဆိုင်ပြန်တော့လည်း အစိမ်းသက်သက် ခြေမကိုင်မိ လက်မကိုင်မိနှင့် ပြာယာခတ်ရပြီ။အင်း....Jဆီက နဲနဲပါးပါးလေ့လာသင်ယူလေမှပဲ။
" ဟို အမကြီးက ကိုကို့အနား တွယ်ကပ်နေတာ တောက်တဲ့လိုပဲ"
"အဟက်!...ဟက်..."
"ဘာရယ်တာလဲ ကိုကို စိတ်တိုလာပြီနော်"
လွှာ ထုတ်မပြောရင် သိမှာမဟုတ်တဲ့ ကိုကိုကြောင့် ထုတ်ပြောပြန်တော့လည်း ရယ်ပဲရယ်နေတော့သည်။
"babe ကိုကို့ကို သဝန်တိုနေတယ်ပေါ့...အာ....ချစ်ဖို့ကောင်းလိုက်တာကွာ ဘယ်လိုကလေးလေးပါလိမ့်"
"ကိုကိုနော်....ဘယ်သူမဆို ကိုယ့်ချစ်သူကိုသဝန်တိုကြတာပဲ ကိုယ့်ချစ်သူကို ကိုယ်ပဲ ပိုင်ဆိုင်ချင်ကြတာ အနားမှာလာကပ်တဲ့ မိန်းကလေးတိုင်းကို အလိုမကျဖြစ်ရတာပဲ ဘယ်လိုပဲ ရိုးသားတယ်ပြောပြော စိတ်ကတော့ မချရတာပဲ ရှင်တို့ယောက်ျားတွေက မိန်းကလေးချောချောလှလှမြင်ရင် မျက်စိတော့အရသာခံကြတာပဲ ပြီးတော့ ဟိုမိန်းမတွေကလည်း ခပ်ချောချောယောက်ျားတွေကုမ္ပဏီပိုင်ရှင်ငယ်ငယ်ချောချောလေးတွေဆို အထာပေးလိုက်ကြတာ....ရွံဖို့ကောင်းတယ်"
"ကိုယ့်ချစ်သူလေး သဝန်တိုတာတော့ ကိုယ်မပြောလိုဘူး babeပြောတာလည်း တစ်ချို့တစ်ဝက်မှန်တာပဲလေ ဒါပေမယ့် babeသိထားဖို့က ကိုကို့မှာက babeတစ်ယောက်ကိုပဲ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး ချစ်ရတာ ကိုယ့်မှာ တွယ်တာစရာမိသားစု....အင်း...မိသားစုပဲပေါ့...ပြီးတော့ ကိုယ့်အလုပ်မှာပဲ ကိုယ့်အာရုံစိုက်ခဲ့တာ အပျော်အပါးမရှိခဲ့ရဘူး babeနဲ့တွေ့မှာ ကိုယ်ပျော်ရွှင်ခဲ့ရတာ babeကို ချစ်တဲ့အချစ်ကြောင့်ပဲ ဒီလိုပတ်ဝန်းကျင် ဒီလိုအခြေအနေထိရင်ဆိုင်လာခဲ့တာ ကိုယ်က လူငယ်ဆိုပေမယ့် လူငယ်တစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ မနေထိုင်ခဲ့ရဘူး အရာရာကိုအလေးအနက်ထားတယ် ပေါ့ပေါ့တန်တန်မတွေးခဲ့ဖူးဘူး..
ဒါကြောင့် ကိုကို့အချစ်ကို သံသယ်မဖြစ်လိုက်ပါနဲ့"
"ယုံပါတယ်ကိုကို လွှာ့ ကိုကို့ယုံပါတယ်"
ရှိုင်း အေးချမ်းစွာ ပြုံးလိုက်ပြီး လွှာ့နဖူးပြင်လေးကို ငုံ့နမ်းလိုက်သည်။
သာယာအေးချမ်းတဲ့ညလေးမှာ ချစ်သူနှစ်ဦး၏ အပြုံးတို့က ဝေဆာပွင့်ဖူးလျက်နှင့်.....။
~~~~~~~~~
ကားမှတ်တိုင်မှာ အလွမ်းတွေနာကျင်မှုတွေတစ်ပွေ့တစ်ပိုက်နှင့် တည်ငြိမ်မှုမရှိသေးသည့်စိတ်ကို ထိန်းချုပ်နေရသည့် မှိုင်းညှို့ရှင်တစ်ယောက်ကတော့ အထီးကျန်စွာရှိနေခဲ့သည်။ဖုန်းscreenပေါ်ကပုံရိပ်လေးကို အကြိမ်ကြိမ်ပြန်ကြည့်နေခဲ့ရင်း စကားသံချိုမြမြလေးက အဝေးဆီမှ လွင့်ပျံလာခဲ့သလို ကြားယောင်နေသည်။
'ဦးလေးကြီး.....'
စိတ်ထင်နေသည်လား လက်တွေ့လား မခွဲခြားနိုင်တာကြောင့် ဆတ်ခနဲ့ ခေါင်ထောင်ကြည့်တော့ သူ့နေရာနှင့်သူထိုင်နေကြသည့် လူများနှင့်လှုပ်ရှားသွားလာနေကြသည့်လူများကြား သူမအရိပ်အယောင်ဆိုတာ မတွေ့ရပေ။ယောက်ယက်ခတ်နေသည့်စိတ်အာရုံကို ဖုန်းscreenပေါ်က ပုံရိပ်လေးဆီပဲ စုစည်းထားလိုက်သည်။
"ဦးလေးကြီး! အိမ်ကိုလာပြီး ဘာစကားမှမပြောဘဲနဲ့ လွှာပဲပြောနေရတော့ အရူးတစ်ယောက်လိုပဲ လွှာကဖြင့် ဦးလေးကြီးအဖော်ရအောင်ဆိုပြီး စကားလာပြောပေးတာကို ဦးလေးကြီးက ချေတာလား? အဲ့ဒါဆိုလည်း ဦးလေးကြီးပဲ တစ်ယောက်တည်းနေရစ်တော့! လွှာ့ စေတနာကို မရေးမလုပ်ဘူး ဦးလေးကြီးကိုစိတ်ဆိုးတယ် ဦးလေးကြီးက စိတ်ပုပ်......"
ဦးလေးကြီး ဟု ခေါ်သံလေးက နားထဲမှာစွဲထင်စွာကျန်နေမြဲပင်။နှုတ်လေးတွန့်ရုံသာတစ်ချက်ပြုံးလိုက်မိသည်။ဒီနေ့မှာတော့ အရင်လို ဦးလေးကြီးဟု ခေါ်သံပင်ပျောက်သွားပြီး ဦးမှိုင်းညှို့ရှင် ဟုသာ ခေါ်ပြန်တော့သည်။ဦးမှိုင်းညှို့ရှင် ဆိုသည့် နာမည်အပြည့်အစုံခေါ်ခြင်းထက် ဦးလေးကြီးပဲ ပိုပြီး နားဝင်ချိုစေနေပါသည်။
"မှိုင်းညှို့ မှိုင်လှပါလား နေမကောင်းဘူးလား"
"Shane! ငါ့အသက်က တော်တော်ကြီးနေပြီလား"
ဘေးကရှိန်းခန့် ကိုမေးလိုက်ပေမယ့် သူ့စကားကို နားမလည် ကြောင်ကြည့်နေသည်။ပြီးမှ မှိုင်းညှို့ ကိုင်ထားသည့်ဖုန်းဆီအကြည့်ရောက်သွားပြီး သဘောပေါက်သွားကာ
"အင်း....အသက်၃၀ကျော်ဆိုတာ အိမ်ထောင်ပြုဖို့အကောင်းဆုံးအရွယ်ပေါ့"
"ဟက်! Shane မင်းတောင်နားလည်နေပြီပဲ ဒါပေမယ့် တိမ်လွှာက ငါ့ကို ဦးလေးကြီးတဲ့"
"ဒါလည်း ဟုတ်တာပဲ မင်းနဲ့သူနဲဆိုရင် မင်းက ဦးလေးအရွယ်ပေါ့"
"ဒါကိုသဘောကျပါတယ် ဒါပေမယ်ဒီနေ့ ဦးလေးကြီးလို့မခေါ်တော့ဘဲ ဦးမှိုင်းညှို့ရှင် တဲ့ "
ခံစားချက်ကြီးနဲ့ပြောနေတော့လည်း ရှိန်းခန့် မလှောင်နိုင်တော့ပေ။ရှိန်းခန့်ဆိုတာ အမြဲတမ်း မှိုင်းညှို့ကို
သူငယ်ချင်းလိုတစ်မျိုးအကိုတစ်ဖုံ ချစ်ခင်နေရသူ...တစ်ခါတစ်လေ ခပ်ပေါပေါနေရင်းမှ စနောက်သည့်အခါနှင့် လှောင်ပြော ပြောမိသည့်အခါလည်းရှိခဲ့သည်။
"မင်းကို ငါပြောထားတယ် ငါ့ကို Shane ကိုမခေါ်ပါနဲ့ ရှိန်းခန့်ပဲ ခေါ်"
"Shaneကလည်းမင်းနာမည်ပဲလေ"
"မခေါ်နဲ့ ငါမကြိုက်ဘူး ဖြစ်နိူင်ရင် အဲ့ဒီနာမည်ကိုမကြားချင်တာ"
ရှိန်းခန့်ကလည်း သူ့ခံစားချက်နဲ့သူ....ကောင်မလေးတစ်ယောက်ကို အရူးအမူးစွဲလန်းခဲ့ပြီး ချစ်သူဖြစ်လုဆဲဆဲမှာ ကောင်မလေးက လက်ထပ်သွားတာကြောင့် ရင်ကွဲပက်လက်နှင့်ကျန်ခဲ့ရသည့် ရှိန်းခန့်အဖြစ်။ကောင်မလေးက သူ့ကို Shane လို့ပဲ အတိုကောက်ခေါ်သောကြောင့် ထိုနာမ်စားကြာတာနှင့် အလွမ်းတွေအမုန်းတွေရောထွေးကာ နာကျင်ရသည်တဲ့။ဒီအဖြစ်အပျက်တွေ သိနေသည့်မှိုင်းညှို့က စနောက်ရင်းဖြင့် Shaneလို့ ခေါ်ရင်းဖြင့် ရှိန်းခန့်ဆိုတာ မခေါ်ဖြစ်ခဲ့တော့ပေ။
"မင်း ဘာလို့ သူငြင်းခိုင်းတိုင်း ငြင်းခဲ့ရတာလဲ မမိုက်ပါဘူးကွာ တကယ်ဆို ရှေ့ဆက်ဖို့ အလွယ်လေးကို"
"မင်းလည်းရူးသလို ငါလည်း ရူးတာပဲ ရှိန်းခန့် မင်းက ထားခဲ့ခံရသူ ငါက ထားပစ်ခဲ့သူ..... အဟက်...ဟုတ်ပါတယ် ငါကထားခဲ့သူပေါ့ ရှေ့ဆက်တိုးလို့ရတဲ့အခြေအနေတစ်ခုမှာ နောက်ဆုတ်လှည့်ထွက်ခဲ့တဲ့သူ ငါ အရှုံးပေးခဲ့တယ်ဆိုတာ...ငါ ...သူပျော်တာကိုပဲ မြင်ချင်လို့ပါကွာ မင်းသိလား Shane ! အချစ်ဆိုတာအမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြတယ် ငါ့အတွက်တော့ ကိုယ်ချစ်တဲ့သူ ဖြစ်စေချင်တဲ့ ဆန္ဒလေးအတိုင်း နေထိုင်လိုက်တာက ချစ်နိုင်ခြင်းတစ်မျိုးပဲ အချစ်ဆိုတာ အပြန်အလှန်ရှိမှရယ်မဟုတ်ပါဘူးကွာ တစ်စုံတစ်ယောက်ကို ချစ်တဲ့စိတ်ကလေးနဲ့ပဲ ကိုယ့်ဘဝကိုနေတတ်သွားရင် အေးချမ်းတဲ့အချစ်စိတ်ကိုပိုင်ဆိုင်ရမှာပါ"
"........"
"ချစ်ခြင်းမှာ အတ္တတွေလည်းရှိသလို သေးသိမ်မှုတွေလည်းရှိတယ် ကိုယ်ချစ်သလို ပြန်မချစ်မှာ စိုးရိမ်ကြတယ် ကိုယ့်ကိုမချစ်တော့ရင် စိတ်နာမယ်၊ကိုယ့်စိတ်တိုင်းကျ မဖြစ်ရတဲ့အခါတိုင်း ဒေါသဖြစ်ရလိမ့်မယ် ကိုယ့်စိတ်ကို နာကျင်စေခဲ့ရင် မုန်းတီးသွားကြလိမ့်မယ် ပိုင်ဆိုင်လိုချင်တဲ့အခါ ပိုင်ဆိုင်ခွင့်မရကြရင် ပူလောင်ကြလိမ့်မယ် ငါကတော့ လွှာ့ အပေါ်မှာ အဲ့လိုစိတ်မရှိဘူးပိုင်ဆိုင်ခွင့်ရဖို့ဆိုတာ အရေးမကြီးဘူး လွှာ့အပေါ် မုန်းတီးစိတ်လည်းဝင်မှာမဟုတ်တော့ဘူး ငါ့ဘက်ကထားတဲ့ သံယောဇဉ်ရယ် မေတ္တာတရားရယ် နားလည်မှုရယ်ပေါင်းစုလိုက်ရင် အချစ်ထက်ပိုပြီးကြီးမြတ်တယ်ဒါကြောင့် ငါ သူ့အပေါ်ထားတဲ့ခံစားချက်ကို အချစ်ဆိုတဲ့ ခေါင်စဉ်အောက်မှာ သေးသိမ်ပျောက်ကွယ်မသွားစေချင်ဘူး"
စကားအဆုံးမှာ ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။
ကားလည်းရောက်လာပြီဖြစ်တာကြောင့် မှိုင်းညှို့ ရှိန်းခန့်ကို နှုတ်ဆက်ပြီး ကားပေါ်တက်လာခဲ့လိုက်သည်။မန္တလာမြေကိုတော့ လွမ်းဆွတ်တမ်းတမှုများစွာနှင့်
နာကျင်စွာပဲ နှုတ်ဆက်ထွက်ခွာခဲ့ပါပြီ။
~~~~~~~~
ကျုံးဘေးမှာ လူစုခွဲချိန် တိမ်လွှာ မျက်ခြယ်ဆီကို ဖုန်းဆက်အကြောင်းကြားပြီး အိမ်ကိုပဲ ပြန်ခဲ့လိုက်သည်။တိမ်လွှာတို့အိမ်ကကျုံးနှင့်နီးတာကြောင့် မျက်ခြယ်တို့ရှိသည့် အမရပူရဘက်ကို တစ်ခေါက်ပြန်ဖို့ဆိုတာ
ဝေးလွန်းလှသည်။အိမ်ရှေ့မရောက်ခင်နားလေးအထိ ရှိုင်း လိုက်ပို့ပြီး နှုတ်ဆက်ခွဲခွာခဲ့ကြသည်။
"တီ...."
ဆိုင်ကယ်ဟွန်းသံကြောင့် မဆွေ အပြေးကလေးနှင့်တံခါးလာဖွင့်ပေးသည်။
"တိမ်လွှာ ဘယ်က ပြန်လာတာလဲ"
အခန်းတံခါးကို ဆွဲကိုင်လိုက်ချိန် နောက်ကထွက်လာသည့်အသံကြောင့် ဆက်မဖွင့်တော့ဘဲ လှည့်ကြည်ရသည်။
"မျက်ခြယ်တို့အိမ်ကလေ မာမီရဲ့ ညနေက မာမီကို ပြောသွားသားပဲ"
"တစ်ယောက်တည်း ပြန်လာတာလား"
"ဟုတ်"
တစ်ခုမှ မလိမ်စဖူး လိမ်ရသောကြောင့် အနည်းငယ်ကြောင် ထိန့်လန့်နေခဲ့သည်။သို့သော် ဟန်ကိုယ့်ဖို့ ဆိုသည့်အတိုင်း ပိပိရိရိလိမ်နိုင်ခဲ့သောကြောင့် မာမီက ယုံကြည်သွားဟန်ရှိသည်။
"နောက်ခါ ညကြီးမိုးချုပ် အပြင်မသွားရဘူး မာမီအမိန့်ပဲ"
"ဟုတ်ကဲ့ပါ မာမီရဲ့ သမီးက အမြဲတမ်း မာမီးစကားနားထောင်တဲ့ သမီးအလိမ္မာလေးပါ"
မာမီခါးလေးကို သိုင်းဖက်ပြီး ချွဲချွဲနွဲ့နွဲ့လေး ပြောလိုက်သည်။
"သွား နားတော့ နောက်တစ်ခါ ထပ်ဖြစ်လို့ကတော့ မာမီအဆိုးမဆိုနဲ့နော် မာမီအကြောင်း သမီးသိပါတယ်"
"ဟုတ်ကဲ့ပါ မာမီရဲ့ သမီးသိပါတယ်"
ထိုနောက် ကိုယ့်အခန်းဆီကို အသီးသီးကို ဝင်ရောက်သွားခဲ့ကြပြီး တိတ်ဆိတ်ငြိမ်သက်မှုကသာ ကြီးစိုးသွားခဲ့တော့သည်။