book

Index 12

အပိုင်း(၁၂)

ကြွေလွင့်မျက်ရည်


ကလေးမ ဘယ်ချိန် အခန်းထဲထွက်သွားသလဲ မသိလိုက်။အချိန်အတော်ကြာအောင်ခေါင်းငိုက်စိုက်ကျနေရင်းမှ နှလုံးသား၏အနက်ရှိုင်းဆုံးအထိ ရှာဖွေကြည့်လိုက်သည်။ 


တစ်ကယ်ချစ်နိုင်သူဟာ အတ္တမကင်းသော်လည်း ကိုယ်ချစ်ရသူကို မနစ်နာစေလိုသည့် စိတ်ရင်းရှိကြပေလိမ့်မည် ဆိုတဲ့စကားကို မှိုင်းညှို့ ကြားဖူးနာဝရှိခဲ့သည်။အခုချိန်မှာ ဒီစကားက ကိုယ့်အတွက် ဖြစ်နေခဲ့တာလား။ခုချိန် ဘာပဲတွေးလိုက် တွေးလိုက် မြတ်နိုးစွာ ချစ်ရတဲ့ သူမကိုသာ ပျော်ရွှင်စေလိုသည့် ဆန္ဒက သူ့စိတ်ရင်းမှန်ကန်စွာတည်ရှိနေသည်။


အရင်ချိန်တွေနဲ့ အခုချိန်မှာ ကွာခြားချက်တစ်ခုကိုရှာကြည့်မိတော့... သူမအပေါ် အတ္တစိတ်ထားခဲ့မိတဲ့ ကိုယ့်အချစ်ကိုပင် သိမ်ငယ်လာရသည်။ကိုယ်ချစ်သလို ပြန်မချစ်မှာ စိုးရိမ်ခဲ့ဖူးသည်။ပိုင်ဆိုင်လိုစိတ်တွေရှိခဲ့သည်။အချစ်မှာ အတ္တတွေ ဖုံးလွှမ်းခဲ့ဖူးသည်။ အခုတော့ ခြားနားစွာပဲ သူမကို လက်လွှတ်ရတော့မည်ဆိုတဲ့အသိက ခြောက်ခြားစေသော်လည်း စိတ်နှလုံးကို ငြိမ်းချမ်းစေနိုင်ခဲ့ပြီ။ဒါဟာလည်း အနက်ရှိုင်းဆုံးဖြစ်တည်နေတဲ့ သူမအပေါ်ထားတဲ့ ဖြူစင်တဲ့ အချစ်ကြောင့်ပဲဆိုတာသေချာသည်။


နဲနဲတော့ နာကျင်ရတာပေါ့။


ဒါဆို အဆင်ပြေရဲ့လား မေးခဲ့ရင်...


အင်း....! အဆင်ပြေပါတယ် လို့ မဆိုင်းမတွဖြေမိလိမ့်မည်။


ချက်ချင်းပဲ စားပွဲပေါ်က ဖုန်းလေးကို လှမ်းယူလိုက်ပြီး Shane ဆီ ဖုန်းခေါ်လိုက်သည်။


"ဟဲလို.."


"Shane!! ဒီနေ့ညနေထွက်မယ့်ရန်ကုန်ကားလက်မှတ်ဖြတ်လိုက် "


"ဘယ်လို!...မင်းစိတ်ပြောင်းသွားပြီလား"


"အေး...ငါရန်ကုန်သွားနှင့်တော့မယ် ဒီဘက်က ကိစ္စတွေကို မင်းကြည့်စီစဉ်ပေးထား"'


"စိတ်ပြောင်းတော့လည်း မြန်တာကွာ ဘာလဲ မင်းခေးလေးက နှင်လိုက်ပြီလား"


ဒီစကားက ဒဏ်ရာနှင့်နှလုံးသားကို ချွန်မြမြအရာနဲ့လာဆွနေသကဲ့သို့... ။ဖုန်းချလိုက်ပြီး စားပွဲပေါ် ပြန်တင်လိုက်သည်။နားထောင်ဖို့ အင်အားမရှိသလို ပြန်ပြောနိုင်စွမ်းလည်း မရှိတော့ပါ။


စိုစွတ်နေတဲ့ မျက်ဝန်းက မျက်ရည်တွေကို ခြောက်အောင် သုတ်ပစ်လိုက်ပြီး ဘာမှမဖြစ်သလို မျက်နှာထားမျိုး အတင်းဖန်းတီးကာ အောက်ထပ်ကိုဆင်းလာလိုက်သည်။ မျက်နှာထက်မှာလည်း တည်ငြိမ်အေးဆေးတဲ့ အပြုံးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးလေ။ကြိုးစားရတာပေါ့။


"မာမီ! "


"အော် သား လာထိုင်လေကွယ်"


မာမီစကားကို ခေါင်းညိမ့်ပြလိုက်ရင်း တိမ်လွှာကို လှမ်းပြီး အကဲခတ်မိတော့ သူ့ကို တောင်းပန်တိုးလျိုးသည့်အကြည့်ဖြင့် ကြည့်နေသည်။ ထိုအကြည့်တွေကို မမြင်ချင်ယောင်ရင်း မာမီဘေးမှာဝင်ထိုင်လိုက်သည်။


"ကျွန်တော် ဒီညနေ ရန်ကုန်ကို အရေးတကြီး သွားစရာရှိတယ် တစ်ပတ်လောက်နေမှ မာမီကို လာခေါ်မယ်"


"သား..မာမီ ခွင့်မပြု...."


"မာမီဆီက ခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး မာမီ အကျိုးအကြောင်းပြောပြတာ မာမီ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ကျွန်တော် သွားရမှာ"


"မင်း ဘာလို့လောနေတာလဲ သား မင်းအသက်ထက်အရေးကြီးလို့လား မာမီတို့ ဒီမှာ စီစဉ်နေတာ..."


"မာမီတို့ ဘာပဲစီစဉ်နေပါစေ ကျွန်တော်စိတ်မဝင်စားဘူး ကျွန်တော့် ဘဝတစ်ခုလုံးပြောင်းလဲစေမယ့်အရာ ရန်ကုန်မှာ စောင့်ကြိုနေတယ် မနက်ဖြန်မှမရောက်ရင်ကျွန်တော်ဟာအားလုံးရဲ့နောက်ဆုံးမှာ ရောက်သွားလိမ့်မယ် "


"ခုမှ ဘာလို့ အလောတကြီး ထ စီစဉ်ရတာလဲ သား"


"အလောတကြီး မဟုတ်ပါဘူး မာမီကို မပြောဖြစ်တာပါ"


ဒေါ်မြတ်မိုးကြည်သည် ဒေါ်လရိပ်ကို အားနာသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်နေသည်။အရိပ်အကဲနားလည်းသူပီပီ ဒေါ်လရိပ်ရင်ထဲမှာ သိချင်နေသည့်မေးခွန်းတစ်ခုကို ထုတ်မေးလိုက်သည်။


"သား ရန်ကုန်မှာ မင်းကို စောင့်ကြိုနေတာ ဘာများလည်း သိလို့ရမလား"


"The Queen ကုမ္ပဏီ နဲ့ စာချုပ်ချုပ်ဖို့ ကိစ္စကို မနက်ဖြန်သွားတွေ့ရမယ် အဲ့ဒီကုမ္ပဏီက မြန်မာနိုင်ငံမှာသာမကဘူး နိုင်ငံခြားကကုမ္ပဏီကြီးကရှယ်ယာရှင်တွေပါ ပေါင်းစပ်ထားတာ တိုးတက်မှုတွေကိုနိုင်ငံအတွက်

ရော ကျွန်တော်တို့အတွက်ပါ ယူဆောင်ပေးနေတဲ့ ဒီကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့တစ်နှစ်ကျော်ကျော်လောက် အချိန်ယူခဲ့ရတယ် ဒါကြောင့် ဒီအခွင့်အရေးကို ကျွန်တော် လက်မလွှတ်နိုင်ဘူး အခုတော့ ကျွန်တော့်ကို ခွင့်ပြုပါအုံး ခရီးသွားဖို့ ပြင်ဆင်ရအုံးမယ်"


"ဟဲ့ သား..."


"သားက တကယ် အမျှော်အမြင်ရှိတာပဲ"


ဒေါ်မိုးမြတ်ကြည် ပြာယာခတ်သွားသလောက် ဒေါ်လရိပ် အပြုံးမျက်နှာဖြင့်စကားဆိုလိုက်သည်။

နောက်မှာ ဘာတွေပြောနေလဲ နားထောင်မနေတော့ဘဲ အခန်းရှိရာကို ပြန်တက်လာခဲ့လိုက်သည်။


"ဒါဆို မင်္ဂလာကိစ္စဘယ်လို စီစဉ်ကြမလဲ"


"မိုးမြတ်ရယ် သမီးလေးလည်း အရမ်းငယ်သေးတယ်လေ သားကလည်း သူ့ဘဝအတွက်စီးပွားရေးလုပ်နေတာပဲ အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှ သားနဲ့သမီးကိစ္စကို စီစဉ်လည်းရပါတယ်"


"ဟင်း....ကျွန်မကတော့သားကိုပဲ စိတ်ပူတယ် ဒီကလေးက စွန့်စွန့်စားစား သိပ်လုပ်ချင်တာ လုပ်လိုက်ရင်လည်း ဘာမှမတိုင်ပင်ဘူး"


"ဒါတော့ မိုးမြတ်ကို တူတယ်နော် မိုးမြတ်လည်း သားကို အသိမပေးဘဲ မင်္ဂလာပွဲထစီစဉ်လိုက်တာလေ"


ဒေါ်လရိပ်စကားကြောင့် ဒေါ်မိုးမြတ်ကြည် အပြုံးရေးရေးလေး ဖြစ်ပေါ်လာခဲ့သည်။


တိမ်လွှာသည် မင်္ဂလာပွဲ ဖြစ်မလာတော့လို့ ကျိတ်ကာပျော်နေလေတော့သည်။


အခန်းထဲရောက်သည့်တိုင်မငြိမ်နိုင်သေးသည့် စိတ်ကြောင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်မှာ အကြိမ်ကြိမ်။ပြတင်းပေါက်မှာ အိမ်အောက်သို့ ငုံ့ကြည့်မိချိန် အကြည့်မလွှဲနိုင်ဘဲ မျက်တောင်မခတ်တမ်းသာ စိုက်ကြည့်နေမိသည်။


အနက်ရောင်လည်ခွေ ဆွယ်တာလက်ပြတ်လေးကို

ပေါင်လည်လောက်ရှိသည့်ဂါဝန်တိုတိုဝဲဝဲလေးနှင့် တွဲဖက်ဝတ်ဆင်ထားပြီး ဝင်းနှစ်နေသည့် အသားအရေလေးက ထိရက်စရာမရှိ။ဆံပင်ရွှေဝါရောင်တို့ကိုထိပ်နားမရောက်တရောက်မှာ ဖြစ်သလို စုခွေလုံးထုံးကာ အနက်ရောင်အခံလေးထဲအဖြူပြောက်ပါသည့် ဖဲကြိုးလေးနှင့် ပတ်ချည်ထားသည်။နဖူးတစ်ဝိုက်မှာ ကပိုကရိုဝဲကျနေသည့် ဆံစလေးတွေက လေတစ်ချက်အဝေ့မှာ ကဗျာဆန်စွာ ဝဲလွင့်နေသည်။


အိမ်ဘက်ပြန်လှည့်ပြီး ဒေါ်မိုးမြတ်ကြည်ကို တာ့တာပြနေသည့် ပုံရိပ်လေးကို အမိအရ ဓာတ်ပုံဖမ်းရိုက်လိုက်သည်။အိမ်ဝင်းထဲမှ ထွက်ခွာသွားသည့် ကားလေးကို မျက်စိတစ်ဆုံးစိုက်ကြည့်ရင်းမှ နှလုံးသားထက်မှာလည်း တစ်ဆစ်ဆစ်နာကျင်လာရသည်။ဒီခွဲခွာခြင်းက ဘယ်ချိန်မှများ ပေါင်းဆုံနိုင်မည် မသိသော ခွဲခွာခြင်းမျိုးဖြစ်တာကြောင့် ခံစားရခက်လှသည်။


စွန့်လွှတ်ဖို့တွေးခဲ့တာ လွယ်တဲ့ကိစ္စမဟုတ်တာကြောင့် မေ့ပစ်ဖို့လည်းဘယ်တော့မှ မဖြစ်နိုင်ပေ။ဒီဓာတ်ပုံလေးက အေးစက်တဲ့လွမ်းရက်တွေအတွက် လုံလောက်တဲ့ အနွေးဓာတ်လေးတော့ပေးနိုင်မှာပဲလေ။


ဖုန်းလေးကို စားပွဲပေါ် ပြန်တင်ထားလိုက်ပြီး သက်ပြင်းမောတွေသာ အကြိမ်ကြိမ်ချနေလျက်။အခန်းထဲမှာ သက်ပြင်းချသံမှလွဲ၍ တိတ်ဆိတ်နေခဲ့သည်။


အလိမ်အညာတစ်ခုဆိုပေမယ့် တကယ်ဖြစ်လာနိုင်ခဲ့သည့် ကိစ္စတစ်ခုကို ရည်ရွယ်ပြီး ပြောခဲ့လိုက်ခြင်းက ထိရောက်မှုတော့ ရှိသား...။အလိုရမ္မက်ကြီးမားလှတဲ့ ဒေါ်လရိပ်ရဲ့ မျက်နှာကို ပြန်မြင်ယောင်မိရင်း ခေါင်းကို အသာခါရမ်းလိုက်သည်။Queen ကုမ္ပဏီ၏ နာမည်ကျော်ဇော်ခြင်းတွေကို ဒေါ်လရိပ်လည်း ကြားဖူးလောက်ရောပေါ့။တိတိကျကျတော့ သိပုံမပေါ်ပေ။ 


Queen ဆောက်လုပ်ရေး ကုမ္ပဏီသည် အရင်တည်းက အရှိန်အဟုန်မြင့်မြင့်နှင့်ထိုးဖောက်ဝင်ရောက်လာသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။မြို့ပြအင်ဂျင်နီယာအများစုနဲ့ နိုင်ငံခြားကုမ္ပဏီများ ပူးပေါင်းပါဝင်ထားသည့် ကုမ္ပဏီ ကြီးတစ်ခု...အရာရာမှာ စေ့စပ်သေချာပြီး စည်းကမ်းကြီးသည့် CEOတစ်ယောက် ဦးဆောင်နေသည်ကိုတော့ မှိုင်းညှို့ ကြားဖူးခဲ့သည်။ နေ့ချင်းညချင်းတိုးတက်လာသည့် ကုမ္ပဏီကြီးကို လူတိုင်း သိကြလိမ့်မည်။ကိုယ့်လုပ်ငန်းနဲ့ ဒီကုမ္ပဏီက ဘာမှမသတ်ဆိုင်သော်လည်း "The Queenမိဘမဲ့ဂေဟာ" ကို တည်ထောင်သူနှင် တစ်ယောက်တည်း ဖြစ်နေတာကြောင့် မှိုင်းညှို့ စိတ်ဝင်တစားလေ့လာကြည့်ခဲ့မိခြင်းပင်။


အတွေးတွေကို ဖြတ်တောက်လိုက်ပြီး ခရီးဆောင်အိတ်ထဲ အဝတ်များစွာကို ဖြစ်သလို စုထည့်ပြီး အသုံးအဆောင် နဲနဲထည့်ကာ Shane လာခေါ်သည်ကို 

မစောင့်တော့ဘဲ ကားဂိတ်ဆီကို ထွက်လာခဲ့လိုက်သည်။


:::::::::::::::::::::::::::


"အား......:::::ရေး:::::.....ပျော်လိုက်တာ.....

ကိုကိုနဲ့ မခွဲရတော့ဘူး စိတ်မဆင်းရဲရတော့ဘူး....ရေး...."


မွေ့ရာအိအိကြီးထက်မှာ ခုန်ပေါက်ကာ ပျော်ရွှင်နေသည့်တိမ်လွှာ ။


"မျက်ခြယ်ကို ဖုန်းဆက်ရမယ်"


"ကျစ်...ဒီမျက်ခြယ်မ ဘာတွေ လုပ်နေတာလဲ"


ဖုန်းခေါ်မရတာကြောင့် စိတ်တိုကာ ဖုန်းကို မွေ့ရာထက် ပေါက်ကျလိုက်သည်။ထိုအချိန် အောက်ထက်မှာ ဆိုင်ကယ်ရပ်သံသဲ့သဲ့ကို ကြားလိုက်ရတာကြောင့် ငုံ့ကြည့်လိုက်ချိန် သူငယ်ချင်းမ မျက်ခြယ်ကို တွေ့လိုက်ရတာကြောင့် တစ်ဖန်မွေ့ရာထက်မှာ ခုန်ပေါက်လိုက်သည်။


"ကဲ ဖုန်းတွေဒီလောက်ခေါ်နေတာ ဘာဖြစ်လိုလဲ "


အသံနှင့်အတူ အခန်းထဲဝင်လာသည့် မျက်ခြယ်။

တိမ်လွှာ ကုတင်ပေါ်မှာ နေရာပြင်ထိုင်လိုက်ပြီး ဘေးက အရုပ်ကလေးကို ကောက်ပွေ့လိုက်သည်။


"ငါလေ အရမ်းပျော်တာပဲကွယ် "


"ပြောပါအုံး မှိုရတဲ့ မျက်နှာဖြစ်နေရတဲ့ အကြောင်းအရင်း"


"ငါ ဦးမှိုင်းညှို့ရှင် နဲ့ လက်မထပ်ရတော့ဘူး ငါ ကိုကိုနဲ့ မခွဲရတော့ဘူး"


"ဟဲ့ နင်နဲ့ ဦးမှိုင်းညှို့ရှင် က ဘယ်ချိန်က လက်ထပ်မယ်ပြောလို့လဲ နင်နဲ့ နင့်ကိုကိုကို ဘယ်သူကခွဲနေလို့လဲ"


"ဒီနေ့ပဲ မာမီက ငါနဲ့ ဦးမှိုင်းညှို့ရှင် ကို လက်ထပ်ပေးဖို့စီစဉ်နေကြတာ အခုတော့ လက်မထပ်ရတော့ဘဲ အားလုံးပြီးသွားပြီ"


"အေးပါကွာအရူးစိတ်ချမ်းသာရင် တိုင်းပြည်တစ်ဝက်အေးချမ်းတယ်တဲ့"


"မျက်ခြယ်မ!!"


အသံးစူးစူးလေးနဲ့အတူ မျက်စောင်းလေးကပါ ဒိုင်းကနဲ့ ရောက်လာတေ့ မျက်ခြယ် အော်ရယ်နေတော့သည်။


"ဟဲ့ ငါ ဗိုက်ဆာတယ် ထမင်းနဲ့ လက်ဖက်သုတ်စားမလား"


"ကောင်းသား...ထမင်းနဲ့ လက်ဖက်ကို ရောနယ်ခဲ့ ချဉ်ငန်စပ်လေး"


"အေး... ငါ အဖြူကို ပြောလိုက်မယ်"


တိမ်လွှာ ပြတင်းပေါက်မှ အောက်ကို ငုံ့ကြည့်လိုက်တော့ စံပယ်ရုံလေးကို မြေဆွနေတဲ့ အဖြူ့ကို တွေ့လိုက်ရသည်။


"အလွှာဖြူ"


ခေါ်သံကြားလို့မော်ကြည့်လာပေမယ့် ပြန်ထူးသံမလာတာကြောင့် စိတ်တိုသွားရသည်။အော်...ဟုတ်သား သူမှစကားမပြောတတ်ဘဲ...။


"လက်ဖက် ချဉ်ချဉ်စပ်စပ်လေးသုတ်ပြီး ထမင်းနဲ့ရောနယ်ခဲ့ပေး မြန်မြန်လေး ငါဗိုက်ဆာလှပြီ"


တိမ်လွှာစကားအဆုံးမှာ အဖြူ့လက်ထဲက ကိုင်ထားသည့် မြေဆွခရင်းလေးကို ပန်းပင်ဘေးလေးမှာကပ်ထားခဲ့ပြီး အိမ်ထဲပြေးဝင်သွားသည်။


"တီ..တီ...တီ..ဒက်..ဒက်"


"ဟဲ့ အသံစုံပါလား"


အဖြူ့ကို ပြောပြီး ကုတင်ပေါ်ပြန်တက်လိုက်တော့ မျက်ခြယ်မက အသံမျိုးစုံထွက်နေသည့် ဖုန်းကို စူးစိုက်ကြည့်ရင်းပါးစပ်ကလည်း ပွစိပွစိပြောနေပြန်သည်။


"ဟဲ့မျက်ခြယ်"


"နေစမ်းပါ ငါရှုံးနေတယ်"


"ရောဂါပဲ!"


တိမ်လွှာ စိတ်ပျက်ညည်းညူသံပြုလိုက်ပြီး ကိုယ့်ဖုန်ကို ဖွင့်ကာ လိုင်ပေါ်မှာ ကိုကိုရှိနေလေမလား ကြည့်မိသည်။17mဆိုသည့် စာတန်းလေးကြောင့် နှုတ်ခမ်းကိုတစ်တောင်လောက်ဆူထွက်လိုက်ရင်း ကိုကို wallထဲကိုသာ ဝင်မွှေလိုက်သည်။


"The Queen မိဘမဲ့ဂေဟာ!!"


ဖုန်းဆီက အကြည့်မလွှဲဘဲ ယောင်ယောင်နနနဲ့ ပါးစပ်က ထွက်သွားသလို လက်ကလည်း မျက်ခြယ်ကို 

လှမ်းရိုက်လိုက်သည်။ ဘယ်ကိုရိုက်မိလဲ မသိလိုက်ခင် 

မျက်ခြယ်၏ အသံစူးစူးက ထွက်ပေါ်လာသည်။


"ဟဲ့ ပလုတ်တုတ် ငါရှုံးနေပါတယ်ဆို အလွှာမ နင်...!"


"Queen တဲ့"


"ဘာထူးဆန်းလဲ"


"ဆန်းတယ်... ဦးမှိုင်းညှို့ရှင် ပြောတော့ Queenက ကုမ္ပဏီ တဲ့ အခုက မိဘမဲ့ဂေဟာ"


"ဟာ.. နာမည်တူတာနေမှာပေါ့"


"......"


မျက်ခြယ် လွတ်ကျသွားသည့် ဖုန်းလေးကို ပြန်ကောက်ယူလိုက်ပြီး ဂိမ်းဘဲ ဆက်ဆော့နေလိုက်သည်။တိမ်လွှာကတော့ သူ့အာရုံနဲ့သူ ဖုန်းကို ပြူးပြဲကြည့်နေဆဲ။ဘာမှတော့ ဆက်မပြောလာခဲ့ပေ။


"မဟုတ်ဘူး ဘာလွဲနေတာလဲ"


"....."


မျက်ခြယ် မကြားချင်ယောင်ဆောင်ကာ ကိုယ့်တိုက်ပွဲကိုသာ ဆက်တိုက်နေခဲ့သည်။တရစပ်ပြောနေတဲ့ တိမ်လွှာ့ စကားတွေ မကြားချင်ပြုထားလိုက်သည်။


"ဟင် ဘာလုပ်တာလဲ ငါနိုင်တော့မှာကို"


"ငါပြောတာ အရင်နားထောင် ပြီးရင် ငါလည်း ကူတိုက်ပေးမယ်"


"မလိုဘူး ငါ့ဟာငါတိုက်မယ်"


"နိုင်လည်း မနိုင်ဘဲနဲ့များ ငါပြောတာ အရင်နားထောင် "


"မထောင်ဘူး"


"ငါက ပြောမှာပဲ....ဒီမှာ ဦးမှိုင်းညှို့ရှင် က ကိုကို့accနဲ့ friendဖြစ်တယ် ပြီးတော့ ခုနာက မိဘမဲ့ဂေဟာဆိုတဲ့ ပို့စ်ကိုလည်း shareထားသေးတယ် ပြီးတော့ Queen ကုမ္ပဏီနဲ့ ပတ်သတ်တာတွေလည်း ဘာမှ like လုပ်တာ shareတာတွေမတွေ့ဘူး ဒါဆို ဦးမှိုင်းညှို့ရှင် က ကုမ္ပဏီ နဲ့ စာချုပ်ချုပ်မှာ မဟုတ်ဘဲဒီဂေဟာမှာ အလှူသွားလုပ်မှာများလား ဒါနဲ့များ အလုပ်ကြီးအကိုင်ကြီး လုပ်မယ့်အတိုင်းပဲ ပြောသွားတာ"


"တိမ်လွှာ နင်ဒီလောက်တုံးမှန်း ငါမသိဘူး"


"ဘာလဲ ဘလိုင်းကြီးငါ့ကို အပြစ်ပြောနေ"


"ဟုတ်တယ်လေ ...

..အလျှောက်ကောင်းတော့ အထောင်းသက်သာတဲ့

နင်က ဦးမှိုင်းကြီးကို ဒီလက်ထပ်ပွဲ တားခိုင်းတယ်မလား"


"အေးလေ"


"အဲ့တော့ သူ့ဘက်ကရော နင့်ဘက်ကရော အပြစ်မဖြစ်ရအောင် ပြောတာနေမှာပေါ့ ဘာပဲဖြစ်ဖြစ် အခုနင်စိတ်ချမ်းသာပြီမို့လား မေ့လိုက်တော့"


"အေးပါ... ဒီမှာ ဒီမိဘမဲ့ ဂေဟာကို ဦးစီးတည်ထောင်တာ ငါ့ကိုကိုရယ်!"


"ဟမ်! ကိုရှိုင်းဝဠာထွဋ်က The Queen မိဘမဲ့ဂေဟာကို တည်ထောင်သူ"


"အေး"


အဖြူအခန်းတံခါးမခေါက်ခင် ကြားလိုက်ရသည့် နာမည်လေးကြောင့် မြောက်ထားသည့် လက်တစ်ဖက်က လေထဲမှာတင်တန့်သွားသည်။ထမင်းပန်းကန်ကိုင်ထားသည့် လက်ကပင် တုန်ရီနေသလို။


*ရှိုင်းဝဠာထွဋ်!!


Queen!!တဲ့


ရှိုင်းဝဠာထွဋ်ဆိုတာ ရတနာမြိုင်ကို ရောက်လာတဲ့သူများလား....??*


"ဦးရယ် ကြီးမြရယ် သားရှိုင်းရယ် သမီးတို့အိမ်မှာပဲလေ အရင်လို အိမ်ကို ထိန်သိမ်းစောင့်ရှောက်ရင်း သမီးလေး သက်ရှိထင်ရှားရှိနေပါအုံးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲ့ဒီမှာပဲ ဆက်ရှိနေကြတာ"


နားထဲဆင့်ကာဝင်ရောက်လာသည်က ဦးမင်းပြောခဲ့သည့် စကားများ....


" ဦးရယ်၊ကြီးမြရယ်၊ သားရှိုင်းရယ်က သမီးလေးပြန်အလာကို မျှော်နေကြတာ ဦးတို့ရဲ့ ဘုရင်မလေးကို ပြုစုစောင့်ရှောက်ဖို့ ဦး တို့ အမြဲရှိနေကြတာပါကွယ် .. ဦးနဲ့ ပြန်လိုက်ခဲ့နော်"


*ဟုတ်တာပေါ့ အဖြူက ဘုရင်မလေးပဲ*


"အဖြူက တော်လိုက်တာ"


"ဒါပဲလေ အဖြူက ဘုရင်မ ပဲ"


"ဟုတ်ပါပြီ ကိုယ့်ရဲ့ ဘုင်မလေး"


"No no ဘုရင်မဆိုတာ တပါးတည်း ဘယ့်သူ့အတွက်မှ သီးသန့် မဟုတ်ဘူး အားလုံးအတွက် ...အားလုံးကို 

အကောင်းမွန်ဆုံးအရာတွေ ပေးစွမ်းနိုင်တဲ့ 

ဖန်ဆင်းရှင်"


* ကိုကို မှတ်မိနေသေးလို့ အဖြူ့ ရည်မှန်းချက်တွေဖြည့်ဆည်းပေးတာလား ကိုကို ဖြစ်ပါစေ....ဒီဂေဟာကို တည်ထောင်သူကကိုကိုဖြစ်ပါစေ*


ကိုကိုနဲ့တွေ့ခဲ့တဲ့ အချိန်တွေကို ပြန်တွေးရင်း ကြည်နူးမှုလေးတွေက စိတ်ကို ကြည်လင်လန်းဆန်းစေလာသည်။


"လွှာ! နင့်ကိုကိုက နင့်ထက် အသက်ဘယ်လောက်ကြီးတာလဲ ဦးမှိုင်းကြီးနဲ့ ရွယ်တူလောက်လား"


"ပြောရက်တယ် ငါ့ကိုကိုက ငါ့ထက်၅နှစ်လောက်ပဲ ကြီးတာပါ ဦးမှိုင်းညှို့ရှင် က အဘိုးကြီးဖြစ်နေပြီ"


"ဟယ်! အဘိုးကြီးတော့ မဟုတ်ပါဘူး"


"နင်က အဲ့ဒီအဘိုကြီးဘက်ကနာပေးတယ်ပေါ့"


"မဟုတ်ရပါဘူး"


*၅နှစ်! မမလွှာထက် ငါးနှစ်ကြီးတာဆိုတော့ အဖြူ့ထက် ၁၀နှစ်ကြီးများတောင် ကြီးတာပေါ့ ဒါဆို ကိုကို မဟုတ်တော့ဘူး ဦးလို့ခေါ်ရမယ်..*


အတွေးနဲ့ဝင်းပသွားတဲ့ မျက်နှာလေး ချက်ချင်းညှိုးငယ်သွားသည်။


*ခေါ်ခွင့်မှ ရပါအုံးမလား*


ထပ်ပြီး စဉ်းစားမနေတော့ဘဲ တံခါးခေါက်လိုက်သည်။နေရာမှာသာ ဆက်ရပ်နေခဲ့မယ်ဆိုရင်ဒီလောက်ကြာရကောင်းလားဆိုပြီး ခေါင်းခေါက်မှာ အသေချာပင်။


ထမင်းပန်ကန်ကို စားပွဲပေါ်တင်ပြီးသည့်တိုင် ကိုယ့်ဖုန်းနှင့်ကို အာရုံရောက်နေကြသော မမနှစ်ယောက်က မော့ကြည့်မလာ။


"ရပြီ! သွားတော့"


ထွက်သွားရင်လည်း ငါ ခိုင်းစရာရှိသေးတယ် ဘယ်သူက သွားခိုင်းလို့လဲက ပြောလာအုံးမည်။နေရာမှာ ခြေစုံရပ်နေတာ အတော်ကြာမှ လွှာဆီမှ အမိန့်စကားထွက်လာသည်။ချက်ချင်းပဲ အပြင်ကို ပြန်ထွက်လာပြီး လုပ်စရာရှိရာဆက်လုပ်ရသည်။


.


တစ်အိမ်လုံးကို ဖုန်မှုန်တစ်စက်မရှိအောင် ပွတ်တိုက်နေရသည်က ခါးရိုးများပင် နာလာရသည်။အောက်ထပ်ပြီးစီးပြီဆိုမှ လှေကားထစ်တွေတစ်ထစ်ချင်းကို ရေစိုအဝတ်နှင့်သုတ်လိုက် ဆေးကျောလိုက်လုပ်ရသည်။အရင်တည်းက သန်ရှင်းဝင်းပြောင်ပြီးသားကို အဖြူကိုသက်သက်မဲ့နှိပ်စက်ချင်လို့ ခိုင်းနေမှန်း သိပေမယ့် ကလန်ကဆန်မလုပ်ရဲ။ထို့ကြောင့် လိမ္မာပါးနပ်စွာပဲ နဲနဲတိုက်ပြီး အပြီးသပ်လိုက်သည်။


*အင်း....အခုချိန်ဆို မမနှစ်ယောက် ဘယ်လိုနေမယ်မသိ*


သိချင်ဇောနှင့် လှေကားထစ်တွေကျော်ပြီး တိမ်လွှာ အခန်းပေါက်မှာ ကြမ်းပြင်ကိုရေစိုအဝတ်လေးနှင့်ပွတ်တိုက်နေရင်း အခန်းထဲကိုနားစွင့်နေမိသည်။


.


နှစ်ယောက်သား ဖုန်းကြည့်ရင်းနှင့် ထမင်းတစ်ဇလုံ ဘယ်လိုကုန်သွားမှန်းမသိ။ဇလုံအလွတ်ကို စာပွဲပေါ် လှမ်းတင်လိုက်သည်က ဖုန်ကြည့်ပင်မပြတ်ခဲ့။


သို့နှင့် တစ်နာရီလောက် ကြာခဲ့ချိန်တွေ လွှာသည် ကုတင်ပေါ်မှ ဝုန်းခနဲ့ ခုန်ဆင်းကာ ရေချိုးခန်းနှင့်တွဲထားသောအိမ်သာဆီပြေးဝင်သွားသည်။


"ဟဲ့ လွှာ! ဘယ်လိုဖြစ်....အား...အမလေး မရတော့ဘူး"


မျက်ခြယ်လည်း မနေနိုင်တော့ဘဲ ဗိုက်ကလေးကိုအသာဖိကာ တိမ်လွှာနောက်ပြေးလိုက်ရသည်။ဗိုက်ထဲမှာ ပူလောင်စပ်ဖျဉ်းကာ အသံမျိုးစုံမည်နေလျက်...။


"အား....လွှာရေ...ထွက်ခဲ့ပါတော့"


"ခနပါကြာ"


"မရေတာ့ဘူး"


"ဒုန်း..ဒုန်း .!...ထွက်ခဲ့လို့"


"ထွက်ပြီ ထွက်ပြီ"


မျက်ခြယ် တံခါးလေး ဟ ဖွင့်ရုံရှိသေး တိမ်လွှာထွက်လာသည်ကို မစောင့်ဘဲ အတင်းတိုးဝင်လေသည်။


"အား အစပ်တွေ အရမ်းများသွားပြီထင်တယ် ဗိုက်က မခံနိုင်တော့ဘူး"


"နင်ပဲ အစပ်များများထည့်ပါဆို ဒါကြောင့် ငါက အဖြူကို များများထည့်လို့ပြောတာပေါ့ ဒီကလေးမကလည်း အလိုက်တသိနဲ့ လျော့ထည့်ခဲ့မယ်မရှိဘူး"


ဖျော့တော့အားလျော်နေသည့်ခန္ဓာကိုယ်ကိုအိမ်သာတံခါးကို မှီရင်း မျက်ခြယ်နဲ့ အပြန်အလှန်စကားဆိုနေရင်းမှ ဗိုက်ထဲက ရစ်တက်လာသည့်ဝေဒနာ...။ပိချပ်နေသည့်ဝမ်းဗိုက်လေးကို ဖိနှိပ်ရင်း ဘယ်သူ့ကိုရန်လုပ်ချင်မှန်းမသိ လက်ယားနေမိသည်။ကိုယ့်အပြစ်နဲ့ကိုဆိုတော့ မပြောသာပေ။


"သူများအပြစ်တင်မနေနဲ့. လျော့ထည့်တော့လည်း ပြောတဲ့အတိုင်း မလုပ်ဘူးဆိုပြီးအဆူခံထိမှဆိုးလို့နေမှာပေါ့"


"လေရှည်မနေနဲ့ ထွက်ခဲ့အုံး ငါဝင်ချင်ပြန်ပြီ"


"နင်ခုနာကမှ ထွက်တာကို ခနနေအုံး"


"အား...မရတော့ဘူး...ဒုန်း!...မျက်ခြယ်မ ထွက်ခဲ့လို့"


"....."


"မာမီသိရင် အဆူခံထိတော့မှာကွာ... မျက်ခြယ်ရေ...."


"လာပြီ တ မနေနဲ့ ငါ မသေသေးဘူ"


"ခုတော့သေလုဆဲဆဲခံနေရပြီ"


မျက်ခြယ် တံခါးဖွင့်ရင်ပဲ တိုးဝင်လာတဲ့ တိမ်လွှာ။


ဗိုက်ထဲမှာ ရစ်ရစ်တက်လာသည့် နာကျင်မှုက ဆိုးရွားလှသည်။အစပ်တွေ အများကြီးမစားဖို့ မာမီက မှာထားသော်လည်း ချဉ်ချဉ်စပ်စပ်လေးတွေမှ ကြိုက်သည့်အတွက် အမြဲ ကလန်ကဆန်လုပ်မိသည်။လုပ်မိတိုင်းလည်း အိမ်သာထဲက ထွက်ရသည်မရှိခဲ့။အင်း...နောက်ဆို မာမီစကားနားထောင်မှဘဲ။


.


အခန်းထဲက အသံတွေကို အတိုင်းသားကြားနေသည့်အတွက် အဖြူသည် ကျေနပ်စွာပင်ပြုံးလိုက်မိသည်။


တမင်ရယ်ရွယ်ပြီးလုပ်တာမဟုတ်ပေမယ့် စိတ်ကျေနပ်နေမိသည်။


ထမင်းနဲ့ လက်ဖက်ကိုသမအောင်ရောနယ်နေရင်းမှ 

ဧည့်ခန်းမှာဒေါ်လရိပ်ရောင်ကြည့်နေသည့်TVက ကိုးရီးယားဇာတ်ကားဆီကို အာရုံရောက်သွားသောကြောင့် ငရုတ်သီးထောင်းဗူးလေးထဲမှာ ဇွန်းသေးလေးဖြင့်ခပ်ထည့်နေသည်က အရေတွက်နိုင်အောင်ပင် ရှိခဲ့တာ သတိမထားမိခဲ့ခြင်းပင်။

သတိထားမိချိန်တွင် အကြံဆိုးလေးဝင်ရောက်လာပြီး ရှာလကာရည်နဲနဲဆမ်းလိုက်ကာသမအောင်မွှေလိုက်မှရဲရဲတွတ်တွတ်နှင့် ထမင်းပန်းကန်လေးက သရေကျဖွယ်ရာအတိ။


ခုလိုအခြေအနေဖြစ်မည်မှန်းသိပေမယ့် ခုလောက်ထိ ဆိုးမည်လို့မထင်ထားခဲ့ပေ။ဇာတ်ကလေးအသာပုရင်း ကျေနပ်အပြုံးတွေဝေဆာလျက် အခန်းရှေ့မှ ပြေးထွက်လာခဲ့လိုက်သည်။ဆက်ရှိနေလို့ အခန်းထဲကထွက်လာကြမှ ကိုယ့်လုပ်ရပ်သိခဲ့လျှင်...


*အမလေး တွေးရင်းကျောချမ်းတယ်*


လုပ်ပြီး ခြေဖျားလက်ဖျားများပင်အေးစက်နေသလို 

နဲနဲတော့ ထိန်လန့်မိသား။


~~~~~~~~~


အိမ်သာထဲက ထွက်လာချိန် စားပွဲပေါ်က ဖုန်လေးမြည်လာသောကြောင့်ကမန်ကတမ်းယူကိုင်ကာ ချိနဲ့နဲ့အသံလေးနှင့်ဖြေလိုက်ရသည်။


"ဟဲလို"


"babe နေမကောင်ဘူးလား ဘာဖြစ်နေတာလဲ အသံတွေပျက်နေတယ်"


တစ်ဖက်က စိတ်ပူလွန်းအားကြီးတဲ့ ချိုမြမြအသံပိုင်ရှင်ကြောင့် နာကျင်မှုတွေ ဘယ်ဆီလွင့်ပျောက်သွားသည်မသိ ချက်ချင်းပဲ လွှာ့အသံလေးကြည်လင်လာသည်။


"ကိုကို!...လွှာ ဘာမှမဖြစ်ပါဘူး နေကောင်းပါတယ်..ဟီး...အစပ်စားများသွားလို့"


"ဂရုစိုက်လေ babeရဲ့ ကိုယ်နဲ့မတည့်မှန်းသိရက်နဲ့ ဘာလို အများကြီးစားလဲ ကိုကို့ကို ဝေးနေချိန်ကိုကို့ကို စိတ်ပူအောင်မလုပ်ပါနဲ့ကွာ ကိုကိုတောင်းဆိုတာပါ "


"ခ်ခ်...ဒါတွေကြောင့် ကိုကို့ကို ချစ်နေရတာ... မွ..."


"အဟက်!"


ဖုန်းထဲမှာတင် အနမ်းပေးသည့်သဘောဖြင့် ပြောလိုက်တော့ ရယ်သံခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။


"သိပ်လည်း စိတ်မပူပါနဲ့ကိုကိုရဲ့ အခု လွှာ ဘာမှမဖြစ်တော့ဘူးနော်...ဒါနဲ့ ဒီလိုအချိန် ဖုန်းမဆက်စဖူးဘဲနဲ့ ဘာကိတ်..."


ဟုတ်တာပေါ့...ည၈နာရီလောက်မှ ပုံမှန်ဖုန်းပြောနေကျဆိုတော့ အခုကညနေစောင်းပိုင်းမှာဆိုတော့ လွှာပြောလည်း ပြောချင်စရာပါ။


"ကိစ္စရှိမှ ဆက်ရမှာလား..."


"မဟုတ်ပါဘူး...ကိုကိုရဲ့"


"ကိုကို့babeလေးရဲ့အသံကို အမြဲ ကြားချင်နေလို့ ဆိုရင်ရော..."


"ဟင်း...ခ်ခ်"


"လှောင်တာလား babe"


"မဟုတ်ရပါဘူး ကိုကိုရယ် ကိုကို့အပြောလေးတွေကို ကြွေမိလို့"


"ဟုတ်ပါပြီဗျာ...ကိုကိုအခုမန္တလေးရောက်နေတယ် babeနဲ့ တွေ့ချင်တယ်"


ကိုကို့ဆီမှ စနောက်သံလေးပျောက်သွားပြီး ခပ်တည်တည်နဲ့ ဆိုလိုက်တော့ တိမ်လွှာ ထိန်လန့်မိသား...။


"ဘာလို့လဲ ကိုကို"


"babeနဲ့ မတွေ့တာကြာပြီလေ"


"ဟုတ်ကဲ့...ကိုကို..လွှာ လာခဲ့မယ် မဟာမုနိကိုပဲ လာခဲ့နော်"


"ဟုတ်ပါပြီဗျာ babeလေး အလိုတော်ကျပါ"


ကိုကို့ဘက်က ဖုန်းချသွားသည့်တိုင် လွှာသည် ဖုန်းလေးကို ခပ်ကျစ်ကျစ်လေးဆုပ်ကိုင်ထားပြီး နွေးထွေးသည့်ကိုကိုရင်ခွင်လေးထဲစိတ်ကူးနဲ့ တိုးဝင်ကြည့်နေမိသည်။ချစ်သူဖြစ်ပြီးမှစ၍ပထမဆုံးအကြိမ် တွေ့ဆုံမှုက ရင်ခုန်သံတွေအဆမတန် ပေါက်ကွဲနေပြီ။


ဒါ...ပထမဆုံးပါပဲ။


လွှာ့ဘဝက မန္တလေးမှာ အခြေကျနေပြီ။ကိုကို့ဘဝက ရန်ကုန်မှာ။ဘဝချင်းဆက်စပ်ဖို့တာ တက်ညီလက်ညီ လက်ကမ်းယူရမည်တဲ့...။ဝေးကွားလှသည့် ဒေသနှစ်ခုဆီက ချစ်သူနှစ်ဦးမှာ အချိန်တိုင်းတွေ့ဆုံနိုင်ပြီး ဘဝတစ်ခုဖြစ်ဖို့ စတင်ဆောင်ရွက်ရန် အချိန်ကျလို့လာပါပြီ။


"ဟဲ့!".


"ပလုတ်တုတ်!"


"အမလေး အသက်များရှိသေးရဲ့လားလို့"


"အဟဲ...နင်ပြန်တော့မှာ မလား"


"နှင်တယ်ပေါ့"


"မဟုတ်ရပါဘူး...နင့်..."


"သိပါတယ် ငါအကုန်ကြားတယ် သွားကြမယ်လေ"


"နင်....နင့်ကိစ္စပြီးပြီလား"


"အေး..နောက်ခါဆို အစားအသောက်ဆင်ခြေမှ"


"အဟင်း...ခ်ခ်"


ပြိုင်တူရယ်သံလေးတွေနှင့် အခန်းလေးဆူညံသံလေးတွေထွက်ပေါ်လာခဲ့သည်။ ခနတွင်းမှာပဲ ထိုအသံတွေတိတ်ဆိတ်သွားကာ ပန်းနုရောင်စကူဖီဆိုင်ကယ်တစ်စီး ထိုခြံဝင်းထဲမှ ထွက်ခွာသွားသည်။


~~~~~~💕


အရှိန်ခပ်လျော့လျော့လေးမောင်းလာတဲ့ပန်းနုရောင်ဆိုင်ကယ်လေးတစ်စီး ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်သွားသည်။


"မျက်ခြယ် ငါ့ကို ငှါးလိုက်တော့"


"နင် ဘယ်သွားစရာရှိလို့လဲ ပြောတော့ ငါ့အိမ်မှာပဲ တစ်ညလုံးနေမယ်ဆို"


"အဲ့တာ မာမီရှေ့မှာမို့ပြောလာတာလေ ဒီနေ့ ကိုကို 

မန္တလေးကိုရောက်နေတယ် ငါ ကိုကိုနဲ့ တွေ့ချင်လို့ပါနော်"


မျက်ခြယ်သိရက်နဲ့ စနေသည်ကို သိပေမယ့် တိမ်လွှာ မျက်နှာဆူပုပ်နေမိသည်။မျက်ခြယ်အကျင့်ပုတ်ပြီး အချိန်ဆွဲနေတာလေ။


"ဒါဆို ငါက လိုသုံးပေါ့"


"အေးပေါ့"


"ဘာ! ဆိုင်ကယ်ယူသွားဖို့ စိတ်မကူးနဲ့တော့"


"ဟဲ ဟဲ စတာပါချစ်သဲလေးရဲ့ မျက်ခြယ်ဆိုတဲ့ ဟောဒီသူငယ်ချင်းမလေးက ချစ်ဖို့အကောင်းဆုံးပဲ"


မျက်ခြယ်ပုခုံးလေးဆီ သိုင်းဖက်ရင်း မေးလေးကို ဖွဖွကိုင်ကာ လှုပ်ရမ်းလိုက်သည်။မျက်ခြယ် မျက်စောင်းက လွှာဆီ တဒိုင်းဒိုင်း ရောက်လာပြန်သည်။


"လွှာ ညနေမိုးမချုပ်စေနဲ့နော်"


"ငါသိပါတယ် bye"


မျက်ခြယ် ဆိုင်ကယ်ပေါ်မှဆင်းပြီးသည်နှင့် လွှာ မောင်းသူနေရာမှာ ဝင်ထိုင်ကာ မန္တလေးမဟာမြတ်မုနိဘုရားဆီဘက်ကို မောင်းလာခဲ့လိုက်သည်။ ကိုကို့ဖုန်းဆက်တည်းက နေရာကြိုပြောထားသောကြောင့် ကြိုရောက်နေမလား မသိနိုင်။

ဆိုင်တွေတခြားနေရာတွေမှာဆိုရင် ဒယ်ဒီလူ့တွေနဲ့မကြာခနတွေ့တတ်တွေ့သောကြောင့် ဘာသာရေးကိုင်းရှိုင်းမှုအားနည်းသော ဒယ်ဒီအားနည်းချက်ကို အခွင့်ကောင်းယူကာ ဘုရားမှာပဲ ချိန်လိုက်ခြင်းပင်။


စောင်းတန်းတစ်လျောက်ရောင်းနေသည့် စျေးသည်တွေဆီမှာ ပစ္စည်းတစ်ချို့ကို လိုက်လံကြည့်ရှုရင်းအချိန်ဖြုန်းနေမိပြန်သည်။မျက်ခြယ်တို့အိမ်က မဟာမုနိနဲ့နီးတာကြောင့် သူမ ချက်ချင်းရောက်နိုင်ပေမယ့်ကိုကိုကရောက်မလာနိုင်သေးမှန်းသိနေသည်။


ပေါက်ပေါက်ပွင့်တစ်ချို့ ပေါင်မုန့်ချပ်များ ဝယ်ပြီး ငါးကန်ဘက်ကို ထွက်လာခဲ့သည်။ လှေကားထစ်အဆုံးလေးမှာထိုင်ပြီး ပေါက်ပေါက်ပွင့်များ ရေထဲပစ်ချလိုက်သောကြောင့် ငါးကလေးများ ဝိုင်းအုံလာကာ အလုအယက် စားသောက်နေကြသည်။အစာကိုဝိုင်းအုံလုယက်နေကြသည်ကိုကြည်နူးစွာကြည့်ရင်း အမိအရ ဓာတ်ပုံလေးရိုက်ထားလိုက်သည်။ 


"လိုချင်တမ်မက်မှုမပါဘဲ ကုသိုလ်ပြုခြင်းက စိတ်ကို 

ပိုပြီး ကြည်နူးစေတယ်တဲ့ သန့်ရှင်ကြည်လင်တဲ့စိတ်က လူကိုပိုပြီး လွတ်လပ်ပေါ့ပါးစေတယ်"


လွှာ မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ဆန့်တန်းကာ ပတ်ဝန်းကျင်လေးလေးကိုရှူရှိုက်လိုက်သည့် အချိန် နောက်ပါးမှ ထွက်ပေါ်လာသည့် အသံလေးကြောင့် လှည့်ကြည့်လိုက်သည်။အရှိန်နှင့်လှည့်လိုက်သောကြောင့် ရေကန်၏အဆုံးလှေကားထစ်မှာ ရပ်နေသည့် လွှာ ခန္ဓာကိုယ်လေး နောက်သို့ယိုင်သွားပြီး ရေထဲကျသွားဖွယ်ရာသာ ရှိတော့သည်။ သို့သော်....


ရှိုင်း ယိုင်သွားသည့် လွှာ ခန္ဓာကိုယ်လေးကိုလှမ်းဆွဲလိုက်ပြီး ခါးလေးကို သိုင်းဖက်ထားလိုက်သည်။


"မင်း ဘယ်လောက်ရင့်ကျက်လာတယ်ပဲပြောပြော 

ကိုယ့်ရှေ့ရောက်ရင် အမြဲတမ်း ကလေးဆန်ပြီး ပျာယာခတ်နေပါလား babe"


"ကိုကို့ကို ချစ်လို့လေ"


ရင်ခွင်ထဲ ခေါင်းလေးတိုးဝေ့ဝင်လာပြီး ကပ်ချွဲလာပြန်တဲ့ကလေးဆိုးလေးတိမ်လွှာ။ချစ်သူဖြစ်တာ နှစ်အတော်ကြခဲ့ပေမယ့် နှစ်ယောက်တည်း တွေ့ရချိန်ဟာ အလွန်ရှားပါးလှသည်။ဖုန်းပြောရင်း video callပြောရင်းသာ နေ့ရက်တွေကုန်ဆုံးခဲ့ရသည်။အခုလိုရှားရှားပါးပါးတွေ့ခွင့်ရသည့်အချိန်လေးကို တန်ဖိုးထားရပါသည်။


"ညနေပိုင်း ကျုံးဘေးသွားရအောင် babe အဆင်ပြေလား"


"ဖြစ်ပါတယ် လွှာက ဒီည မျက်ခြယ်အိမ်မှာ အိပ်မယ်ဆိုပြီး မာမီတို့ကိုပြောလာတာ ဒါပေမယ့် အရမ်းကြီးညနက်လို့တော့ မဖြစ်ဘူး မျက်ခြယ်မိဘတွေက လူကြီးတွေဆိုတော့ မိန်းကလေးတွေ ညဘက်ကြီး အပြင်ထွက်တာ မကြိုက်ကြဘူး"


"ဟုတ်ကဲ့ပါဗျာ... ကိုကိုတို့နှစ်ယောက်တည်းလည်း မဟုတ်ဘူးလေ အလုပ်ကိစ္စတစ်ခုနဲ့လာတာဆိုတော့ တခြားသူတွေလည်ပါတယ်လေ babe ကိုကို့ကို အပြည့်အဝယုံကြည့်လို့ရပါတယ် ကိုယ်မြတ်နိုးတဲ့ ပန်းလေး နွမ်းကျေမှာတော့ ကိုယ်မလိုပါဘူး babeရယ်"


"ဒါတွေကြောင့် ကိုကို့ကို အရမ်းချစ်.."


ရှိုင်းပါးလေးနှစ်ဖက်ကို ဆွဲညစ်လိုက်သည့် လွှာပုံစံလေးက အသဲယားဖွယ်အတိ။ရှိုင်းကတဖန် လွှာ့ နှာခေါင်းလုံးလုံးလေးကို ဆွဲလိမ်လိုက်ပြီး...


"လာ စျေးတန်းလျှောက်ကြည့်ကြမယ်"


လွှာ့ ခါးလေးကို သိုင်းဖက်ထားသည့်သူ့လက်တွေ လွှတ်ပေးလိုက်ကာ လက်ကလေးကို ဖွဖွဆုပ်ကိုင်ထားလျက်...။ နှစ်ယောက်သားလက်ချင်းချိတ်ကာ မဟာမုနိ ဘုရားစောင်းတန်းတစ်လျှောက် ခြေရာထပ်အောင် သွားခဲ့ကြသည်။ထို့နောက် ဦးပိန်တံတားဆီ ခရီးဆက်ခဲ့ကြသည်။အင်းပတ်လမ်းမှာ ချစ်သူနှစ်ဦး ဆိုင်ကယ်စီးရသည့် အရသာ သူတို့ပဲ သိနိုင်လိမ့်မည်။ထိကပ်နေသည့် ခန္ဓာကိုယ်နှစ်ခုကြားမှာ တူညီစွာထွက်ပေါ်လာသည့် ရင်ခုန်သံတွေစည်းချက်မှန်နေဆဲ။ရှိုင်း မောင်းလာသည့် ဆိုင်ကယ်နောက်မှာ လက်နှစ်ဖက်ကို လေပေါ်မြှောက်ကာ သီးချင်းတညည်းညည်းနှင့်ပျော်ရွှင်စွာနှင့် လိုက်ပါသည့် တိမ်လွှာ။ရှိုင်းသည် တိမ်လွှာ ဆိုနေသည့် သီချင်းကို နားထောင်နေကြမဟုတ်၍ နားမထောင်တတ်သော်လည်း သူမပျော်ရွှင်နေသောကြောင့် သူလည်း ထပ်တူ ခံစားမိရသည်။


ဆိုင်ကယ်ကို တောင်မင်းကြီးဘုရားနားကဆိုင်ကယ်အပ်သည့်နေရာမှာ အပ်ထားခဲ့ပြီးနှစ်ယောက်သားလက်ခြင်းတွဲကာ တံတားဆုံးထိ လျှောက်ကြပြန်သည်။ လမ်းသွားလမ်းလာတွေ ရှောင်ကြသည့်အခါတိုင်း ရှိုင်း လွှာ့ပုခုံးစွန်းလေးကိုကိုင်ပြီး ကားပေးနေခဲ့၏ အထူးသဖြင့် ယောက်ျားလေးအုပ်စုနှင့်တွေ့သည့်အခါတိုင်း ရှိုင်း ကိုယ်လုံးနှင့်ကွယ်ကာ ကာပေးခဲ့သည်။ထိုအချိန်တိုင်းနှစ်ယောက်သား ရှိန်းတိန်းဖိန်းတိန်းနှင့် ရင်ထဲတလှပ်လှပ်နေခုန်နေကြသည်။ချစ်သူတွေဆိုကြပေမယ့် တွဲသွားတွဲလာ မလုပ်ဖူးသော သူတို့နှစ်ယောက်အတွက်ရင်ခုန်သံတွေက အသစ်စက်စက်...လတ်ဆတ်နေဆဲ။


ပုစွန်ဆီရောင်နေလုံးကြီးက တောင်သမန်အင်း၏ရေပြင်ပေါ်မှာ ဖြာကျနေသည်။ရေတက်ချိန်ဖြစ်တာကြောင့် ကမ်းလုံးပြည့်နေသည့် အင်းထဲမှာ ငှက်လှေစီးဖြစ်ကြပြန်သည်။ လွှာ့ကိုရင်ခွင်ထဲထွေးပွေ့ထားရင်း ပုစွန်ဆီရောင်နေမင်းကြီးနောက်ခံထားကာ တောင်သမန်ညနေခင်း၏ အလှဆည်းဆာကိုတဝကြီး ခံစားကြည့်ရှုနေ၏။


ရှိုင်းသည် တစ်ချက်တစ်ချက် အောင့်သက်လာသည့် ခံစားချက်လေးကို မသိကျိုးကျွံပြုမိသည်။ဒီတောင်သမန်အင်းနဲ့ဒီ ဦးပိန်တံတားကြီးက အမှတ်တရများစွာကို ပြန်လည်ထူးဖော်ပေးနေသယောင်။ခနလေးပါ...ခနလေး အတိတ်ကိုမေ့ထားပြီးကြည်နူးခွင့်ပေးပါ...ချစ်ရတဲ့ဖေဖေကို စွန့်လွှတ်ခဲ့ပြီးပြီ။ ဒီ ချစ်သူလေးကိုတော့ မစွန့်လွှတ်ပါရစေနဲ့။လာရင်းကိစ္စကို ခနမေ့ပြီး အပျော်လေးတွေနဲ့ ဝမ်းနည်းစရာတွေဖုံးကွယ်ထားပါရစေ။


ထိုချစ်သူနှစ်ဦးကို ဦးပိန်တံတား၏ခုံတန်းလေးပေါ်မှာ ခပ်မှိုင်မှိုင်လေးထိုင်နေသော လူတစ်ဦးက ကြေကွဲဆို့နင့်ဖွယ် မျက်လုံးတွေနှင့်ကြည့်နေသည်ကို ချစ်သူနှစ်ဦးတော့ သိနိုင်မည်မဟုတ်ပါ။ထိုလူသားက မှိုင်းညှို့ရှင် ပဲမဟုတ်လား။ ထိုနေ့ ညနေခင်းက ရှိုင်းနှင့်လွှာအတွက် ကြည်နူးဖွယ်အပြည့်နှင့် သာယာခဲ့ပေမယ့် မှိုင်းညှို့ အတွက် တိမ်ညိုတွေအမှောင်ဖုံးခဲ့ပြီး သာယာမှုမရှိခဲ့ပါ။


ရှည်ကြာလာခဲ့နှစ်ကာလအတွင်း မန္တလေးမြို့ကြီးကိုချစ်လာခဲ့သည်။တွယ်တာလာခဲ့သည်။ မန္တလေး၏ ရှုခင်းတွေ ခံစားတတ်လာပြီ။ တောင်သမန်ကို လွမ်းတတ်လာပြီ။ဦးပိန်တံတားမှာ မညောင်းတော့ဘဲ လျှောက်နိုင်လာခဲ့ပြီ။ရုတ်တရက်ကြီး ခွဲခွာသွားရတော့မှာမို့ စိတ်ထဲနှလုံးသားထဲစွဲမြဲနေအောင် မှတ်သားထားချင်သည့် စိတ်တစ်ခုကြောင့် ဦးပိန်တံတားဘက် ခြေဦးလှည့်ခဲ့မိခြင်းပင်။


ဦးပိန်တံတာ၏ နေဝင်ချိန်၏ဆည်းဆာအလှကို တဝကြီး ခံစားကြည့်ရှုရသည့် ခံစားချက်လေးကို နှစ်သက်မိပါသည်။ခံစားရသမျှ ပြေလျော့နိုင်သည့်ဟု ထင်မိသည်။ထို့ကြောင့်လည်း စိတ်နှောက်ကျိကာ အသည်းကွဲဒဏ်ရာကို မေ့ပျောက်နိုင်ဖို့ ကားဂိတ်မသွားခင် ဦးပိန်တံတားကို ဆုံးသည်အထိ လျှောက်နေခဲ့သည်။နေဝင်ဆည်းဆာအလှကို ခံစားခဲ့သည်။အချိန်တစ်ခုက လှပနေခဲ့ပေမယ့် ရုတ်တရက်ကြီး မိုးမှောင်ကျကာ အကျည်းတန် သွားသည်က တောင်သမန်အင်းထဲမှာ ငှက်လှေစီးနေကြသည့် စုံတွဲဆီ အကြည့်ရောက်သွားခြင်းပင်။သာယာနေသည့် စိတ်ကလေး ပျက်စီးသွားသည်။


ချစ်ရသူ တိမ်လွှာ....တခြားတစ်ယောက်ရင်ခွင်မှာ အပျော်ကြီး ပျော်နေခဲ့တဲ့သူမ...။မနက်က မျက်ရည်စမ်းတမ်းစမ်းတမ်းနှင့်သနားခံသည့် မျက်နှာလေးက အခုတော့ ကြည်လင်ဝင်းပနေသည်။အင်း....သူမ ဒီလိုပျော်နိုင်အောင်လည်း သူကပဲ အနစ်နာခံပေးခဲ့သည်ပဲလေ။

လတ်လတ်ဆတ်ဆတ်အစိမ်းလိုက်ကွဲနေသည့်အသဲကို အပ်နဲ့လာဆွနေသလို မခံနိုင်မရပ်နိုင်ဖြစ်ရသည်။ချစ်သူရှိတယ်လို့ကြားလိုက်ရသည့်အချိန်က ရင်ထဲဆို့နင့်ကာ ခံစားရသော်လည်း ကိုယ့်မျက်စိရှေ့ ပျော်ရွှင်နေကြသည်ကို မြင်တွေ့ရတာ ကမ္ဘာပျက်လုမတပ် နာကျင်ရသည်။မစခင်တည်းက ရှုံးနိမ့်ရတဲ့ နှလုံးသားက ခံနိုင်ရည်မဲ့နေ၏။အားလျော့ကာ ပြိုလဲချင်နေသည့် ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးထိန်းထားကာ အနားမှဖြေးညင်းစွာ လျှောက်လာခဲ့သည်။ခြေလှမ်းတွေက အရင်ကထက် ပိုပြီးနှေးကွေးနေသည်။ဖြစ်နိုင်လျှင် နေရာက သစ်ရွက်ခြောက်လေးလို ပေါ့ပါးလွတ်လပ်စွာ ပျံဝဲထွက်ခွာသွားချင်မိသည်။


rate now: