ကြွေလွင့်မျက်ရည်
"ဒါမျိုးက အကြောက်လွန်ရင်ဖြစ်တတ်ပါတယ် စိတ်ကိုဖြေးဖြေးချင်းကု သွားမယ်ဆိုရင် ပြန်ကောင်းလာနိုင်ပါတယ် လိုအပ်တဲ့ဆေးတွေပေးထားခဲ့ပါမယ်"
"ဟုတ်ကဲ့ ကျေးဇူးပါ"
ဆေးတွေပေးခဲ့ပြီး ဆရာဝန်ပြန်သွားပြီဆိုမှ ဒေါ်လရိပ် အဖြူ့ဘေးဝင်ထိုင်ကာ အဖြူ့ကို ကြည့်နေသည်က စူးစူးစိုက်စိုက်။ဒီအကြည့်တွေအောက်မှာ ကြောက်လန့်နေခဲ့ရသည့် အဖြူမှာတော့ ထုံးစံအတိုင်း ခေါင်းငုံ့မြဲပင်။
ဆရာဝန်လိုက်ပို့သော ဦးမိုးတိမ်တိုက် အခန်းဝင်ထဲဝင်လာပြီး မျက်ခုံးနှစ်ဖက်ထိလုမတပ် မျက်မှောင်ကြီးကုပ်ကာ စူးစိုက်ကြည့်ပြန်၏ ။အဖြူ့မှာတော့ ထိုလင်မယားအကြည့်တွေအောက်မှာ သွေးပျက်နေရသည်။
"ဒါလည်း တစ်မျိုးကောင်းတာပဲ! နင် ဟိုအဘိုးကြီးကို အကုန်ပြောပြလိုက်တာ ငါသိတယ် နင့်ရှေ့မှာ နောက်ထပ်အပြစ်မဲ့တဲ့လူတွေ အသေဆိုးနဲ့သေတာ ထပ်မတွေ့ချင်ရင် ဘယ့်သူမှ ပြောပြမယ်မကြံနဲ့.... ဟွန်း...ခုလို စကားမပြောနိုင်တော့လည်း ဒီကိစ္စတွေအတွက် စိတ်မပူရတော့တာပေါ့"
ဦးမိုးတိမ်တိုက် စကားအဆုံးမှာ ဒေါ်လရိပ်၏ သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရသည်။ထို့နောက် အခန်းထဲမှ ရှေ့ဆင့်နောက်ဆင့်ထွက်သွားကြသည်။
အဖြူ ကိုယ်ပေါ်က စောင်ကိုဆွဲဖယ်ပြီး ပြတင်းပေါက်ဆီကို လျှောက်သွားလိုက်ပြီး အပြင်ကို အဓိပ္ပါယ်မဲ့စွာ ငေးမောကြည့်နေမိ၏။မန္တလေးတောင်နှင့်လည်းနီး၊ကျုံးနှင့်လည်းနီးသော လက်ရှိနေထိုင်တဲ့ အိမ်လေးကမြောက်ပြင်ဘက်မှာဖြစ်၍ အိမ်အပေါ်ထပ်ကဆိုလျှင် မှိုင်းညို့ညို့ မန္တလေးတောင်ကြီးကို လှမ်းမြင်ရနိုင်သည်။အားရင်အားသလို လစ်ရင်လစ်သလို အဖြူသည် အိမ်ပော်ပြေးတက်ပြီးမန္တလေးတောင်ကြီးကို အဝေးမှ လှမ်းမျှော်ငေးရင်း တောင်ထိပ်ထိရောက်အောင် တက်ချင်စိတ်က တဖွားဖွား ပေါ်ပေါက်လာရသည်။တစ်နေ့နေ့ တစ်ချိန်ချိန်မှာမန္တလေးတောင်ပေါ် ပြေးတက်နိုင်ရမည်ဟုလည်း စိတ်ပိုင်းဖြတ်ထားခဲ့သည်။ အခုတော့ ထိုတောင်မြင့်ကြီးနှင့်ဆန့်ကျင်စွာ နိမ့်ကျလှသည့် အခန်းငယ်လေးတစ်ခုအတွင်းမှ အပြင်လောကကို မမြင်တွေ့နိုင်သည့် နေရာတစ်ခု ရောက်နေရသည်။ကြည့်စရာမြင်ကွင်းရယ်လို့ များများစားစားမရှိသော ခြံဝင်းလေးအတွင်းမှာ အဖြူစိုက်ထားသည့် စံပယ်ရုံလေးက အညွန့်တလူလူနှင့် ဖြစ်နေပြီ။ အဖူးငုံငုံလေးတွေလည်း ဖွေးဖွေးလှုပ်နေ၏
အဖြူ့အတွက် ဒီအပင်လေးကို ရေလောင်း၊ပေါင်းသင်ဂရုတစိုက်ကြည့်နေရင်းမှ ဝမ်းနည်းမှုတွေကို ဖြေဖျောက်ရသည်။
* ကြီးမြ အဖြူ့ကို စောင့်နေတယ်ဆိုပါလား ဒါဆို ရတနာမြိုင်မှာ အဖြူ့ကို စောင့်မျှော်နေတဲ့သူတွေရှိတာပေါ့*
အတွေးလေးကြောင့် ခပ်အက်အက် နှုတ်ခမ်းလေး ပြုံးရိပ်သန်းသွားရ၏။ထိုနောက် အခန်းတံခါးပေါက်ကို တွေတွေလေး စိုက်ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်သည်။
* ငါ ဒီကနေ လွတ်အောင်ပြေးရမယ်*
အပြင်မှာ အလင်းရောင်ရှိနေသေးတာကြောင့် ထွက်ပြေးမည့်အစီအစဉ်ကို မလုပ်ဆောင်နိုင်သေးပဲ အိပ်ယာထက်လှဲအိပ်လိုက်သည်။
~~~~
ညအချိန်တွေဆို ဒေါ်လရိပ်အခန်းထဲမှာပဲ TV ကြည့်ရင်း နေတတ်သည်။ ဦးမိုးတိမ်တိုက်လည်း အပြင်ထွက်သည်က များသည်။တော်တော်ကြီးညနက်မှ ပြန်လာတတ်သောကြောင့် အဖြူ ထွက်ရလွယ်သည်။အပြင်ကို ခေါင်းလေးပြူကြည့်ရင်း စိတ်ချရသည့်အခြေအနေမှ တံခါးကို အသံမမြည်အောင်ပိတ်ပြီး ခြေသံဖွဖွနင်းကာ အိမ်အပြင်ဘက်ကို ထွက်လာခဲ့လိုက်၏။
ထွက်ပြေးပြီဆိုမှ ကြောက်စိတ်က ဝင်လာပြန်သည်။အပြင်ရောက်နေပြီ ဖြစ်သောကြောင့်ခြေလှမ်းတွေက ရပ်တန့်မသွားသလို နောက်လည်းပြန်မဆုတ်ဘဲ ရှေ့သို့သာ ဆက်လှမ်းနေမိ၏။ညဘက်တွေမှာ ဒေါ်လရိပ်တို့ကအိမ်ရှေ့မီး မဖွင့်ကြသောကြောင့် ပတ်ဝန်းကျမှာ အမှောင်အတိကျနေ၏။တိုက်ခတ်နေသည့်လေက အေးစက်နေသလိုရှိသောကြောင့် ကြက်သီးတဖြန်းဖြန်းထသွားရသည်။အိမ်ကြီးဘက်နောက်တစ်ကြိမ်
ပြန်လှည့်ကြည့်ရင်း ခြေလှမ်းတွေက ရှေ့ကိုသာ
ဆက်လျှောက်နေခဲ့၏။
ဒီညမှမလွတ်မြောက်ရင် အဖြူ့အတွက် လွတ်လမ်းမရှိဘူးဟု ကိုယ့်ကိုယ်ကို သတိပေးကာ ကြောက်ကြောက်ရွံ့ရွံ့နှင့် ။
တံခါးက သော့ခတ်ထားသောကြောင့် အခက်တွေ့ရပြန်သည်။ကျော်တက်ဖို့လည်း အမြင့်က နည်းတဲ့အမြင့်
ကြီးမဟုတ်။ တွယ်တက်စရာနေရာဟူ၍ ရှာမရအောင်ပင်တံခါးက ချောပြောင်နေသည်။
* ဘယ်လို တံခါးကြီးမှန်း မသိဘူး*
နေရာမှ မျက်စိရွေ့ကြည့်လိုက်တော့ အုတ်နံရံတွေက မြင့်သည်ဆိုပေမယ့် ကျော်တက်လျှင်အပြင်ကို ရောက်ဖို့ပိုလွယ်နိုင်သောကြောင့် ထိုနေရာတွေဆီကို ခြေလှမ်းရွေ့ခဲ့သည်။
သို့သော် အဖြူထင်သလို မဟုတ်ဘဲ အုတ်နံရံပေါ် တွယ်တက်လိုက်လျှင်ပဲ ကျင်ခနဲ့ ဖြစ်သွားရတာက ခန္ဓာကိုယ်တစ်ခုလုံး...။
လျင်မြန်စွာပဲ လူကလည်း နောက်ကို နှစ်လှမ်းသုံးလှမ်းလောက် ဆုတ်မိလျက်သားဖြစ်နေ၏။
*လျှပ်စီး တွေလွှတ်ထားတာပဲ တော်တော်အကွက်ကျတဲ့ မိန်းမကြီး ဒီပုံစံတိုင်ဆို ငါလွှတ်လမ်း မရှိပြန်ဘူး*
ထိုစဉ် အိမ်ရှေ့မီးဖွင့်လာသောကြောင့် အဖြူ ထိန့်လန့်ကာခြေဖျားလက်ဖျားများပင်အေးစက်လာသည်။နေရာမှာတင်တောင့်တောင့်ကြီးရပ်ကာ တုန်ရီနေသည်။ထွက်ပြေးမယ်မှန်းသာ သိသွားရင် နောက်တစ်ကြိမ်ဆိုတာ ဘယ်လိုမှရှိနိုင်မည်မဟုတ်။အကြောင်းပြချက်တစ်ခုခုပေးရန် အပြေးအလွှား စဉ်းစားနေရသည်က ဇောချွေးများပင် စို့ထွက်လာသည်။
ခပ်လှမ်းလှမ်းက စံပယ်ပင်လေးနားပြေးထိုင်လိုက်ချိန် ဒေါ်လရိပ်လည်း အိမ်ထဲမှ ထွက်လာလေသည်။သံသယအကြည့်တွေ အဖြူ့ဆီရောက်လာမည်ဆိုတာ လှည့်မကြည့်ပဲ အဖြူသိနေ၏။အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့သာ အပြင်ထွက်လာသောကြောင့် သိပ်ပြီးဟန်မပျက်ပဲ စိတ်ထဲပေါ်လာရာ စံပယ်ဖူးလေးတွေကို ခူးဆွတ်နေခဲ့သည်။ဒီလိုနေရာမျိုးဆို လက်သွက်ပြီးသားဖြစ်သည့်အတွက် လက်ထဲမှာလည်း စံပယ်ဖူးတော်တော်များများရနေပြီ။
"ဘာလုပ်နေတာလဲ အလွှာဖြူ"
*ရှင့် မျက်လုံးကန်းနေလား*
စိတ်ထဲမှာသာ ရေရွတ်လိုက်ပြီး အပြင်မှာတော့ မျက်ဝန်းဝိုင်းဝိုင်းစက်စက်လေးတွေနှင့် မော့ကြည့်ပြီး လက်ထဲက စံပယ်ဖူးလေးတွေကို မြှောက်ပြလိုက်သည်။
"ဒီအချိန်ကြီးကျမှ ထွက်ခူးစရာလား မြန်မြန်ခူးပြီး
အိမ်ထဲဝင်တော့ အဲ့စံပယ်ဖူးတွေ ငါ့ပေး"
အဖြူ စံပယ်ဖူးလေးတွေကိုနှမြောတသကြည့်ရင်း ဒေါ်လရိပ် လက်ထဲ တွန့်ဆုတ်တွန့်ဆုတ်နှင့် ထည့်ပေးလိုက်ရသည်။
"အမလေးဟဲ့ ဒါလေးပေးတာကို နှမြောနေတာလား ဒီအပင်က ငါ့ခြံဝင်းထဲက အပင်ပါအေ ငါပိုင်ပါတယ်ဟဲ့ "
စိတ်မရှည်စွာပြောပြီး အဖြူ့လက်ထဲလက်ထဲက ပန်းလေးတွေကို ဆွဲယူသွားတော့သည်။
"လာ! အိမ်ထဲဝင်တော့"
ကျောပေးဝင်သွားသည့် ဒေါ်လရိပ်ကို အဖြူ လျှာထုတ်ပြောင်ပြနေသည်သာ ဒေါ်လရိပ် သိခဲ့မည်ဆိုလျှင်ဖြင့်...။အုတ်တံတိုင်းနှင့် တံခါးမြင့်ကြီးကို တစ်ချက်ပြန်လှည့်ကြည့်ပြီး အိမ်ထဲဝင်ခဲ့ရတော့သည်။
*ငါ ဒီအိမ်ထဲကနေကို လွှတ်အောင်မပြေးနိုင်ပါလားနော် *
~~~~~🍃
ရာသီနှစ်လ ပြောင်းလဲလာသည်နှင့်အမျှ အဖြူတစ်ယောက်လည်း ၁၆နှစ်ပြည့်ခဲ့ပြီ။၁၆နှစ်ပြည့်သည်သာဆိုပေမယ့် ခန္ဓာကိုယ်က အရင်ကထက်နဲနဲပဲ တက်လာခဲ့သည်။အရပ်လေးက မဆိုသလောက်ရှည်ထွက်လာရုံသာ...မသိတဲ့သူဆိုလျှင် ကလေးပေါက်စသာထင်ကြလိမ့်မည်။အဖြူ့ ဆံပင်လေးတွေက မွေးရာပါ အလိမ်လေးတွေဖြစ်တာကြောင့် နဲနဲရှည်လာလျှင် နဲနဲလိပ်လာတာကြောင့် ဒေါ်လရိပ်တို့က အလိပ်လေးတွေထွက်လာလျှင် ကိုက်ဖြတ်ကြ၏ထို့ကြောင့် အဖြူဆံပင်
လေးတွေက တိုတိုဖွာဖွာလေးတွေသာ။ခန္ဓာကိုယ်က
အရင်အရွယ်အစားအတိုင်းဖြစ်တာကြောင့် အဝတ်အစားကလည်းအရင်ကမွဲခြောက်ခြောက် အဝတ်အစားများသာဝတ်ဆင်နေရ၏။
"ညီမလေး! လွှာ တို့ရှိကြလား"
ခြံထဲက ပန်းအိုးလေးတွေကို ဟိုရွေ့ဒီရွေ့ လုပ်နေရတဲ့ အဖြူအနားကို အရိပ်တစ်ခု ကျရောက်လာပြီး သြရှရှအသံနှင့် မေးလာသည့် လူတစ်ယောက်..။
အဖြူ မော့ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ချက်ချင်းပဲ ခေါင်းကိုပြန်ငုံ့လိုက်ပြီး လုပ်လက်စ အလုပ်များကိုသာ ဆက်လုပ်နေလိုက်သည်။ဒီလူကြီးလာလျှင် အဖြူ မျက်နှာပူရစမြဲ။ကိုယ်တိုင်က ဘာမှမလုပ်ခဲ့ပေမယ့် မမလွှာက ဒီလူကြီးအပေါ်အနိုင်ကျင့်လွန်းတဲ့ လုပ်ရပ်တွေကြားမှာ အဖြူမျက်နှာပူရသည်။ဒီလူကြီးလာလျှင် ကောင်းကောင်ရင်မဆိုင်ရဲ။မမရဲ့လုပ်ရပ်တွေကို အားနာလှသည်။ အခုလည်း မမလွှာ ဘာထပ်မွှေအုံးမယ်မသိ။
"ဟော မောင်မှိုင်းညှို့ရှင်တောင် ရောက်လာပြီ"
"ဟုတ်ကဲ့အန်တီ"
"ထိုင်ပါအုံးကွယ် အန်တီသမီးကို ခေါ်လိုက်အုံးမယ်"
"ဘာ..ဘာလုပ်မလို့လဲ အန်တီ"
အန်တီလရိပ်ခေါ်လို့လာခဲ့ပေမယ့်'သမီးကို ခေါ်လိုက်အုံးမယ်'တဲ့ ညှို့ ထပြေးရမလို ပြန်ထိုင်ရမလိုနှင့် ဗျာများနေသည်။ရောက်လက်စနှင့် မထူးဘူးဇာတ်ခင်းပြီး ဆက်သာထိုင်နေလိုက်သည်။ ဖုန်းလေးကို ထုတ်ယူကြည့်ပြီး ဗျာများနေသည့် စိတ်ကို ဖုန်းထဲမှာပဲ နစ်ထားလိုက်သည်။ဒီကလေးမရှေ့မှာ ဘာတွေထပ်ပြီး ဣဒြေ္ဓပျက်အုံးမယ်မသိ အတွေးနဲ့တင်ကို လန့်နေရသည်။
ခေါင်းကိုအသာခါရမ်းလိုက်ပြီး ဖုန်းscreenကိုသာလျှောက်ဆွဲနေပေမယ့် စိတ်ကမပါနိုင်တော့။
Facebook ထဲဝင်ကြည့်လိုက်ချိန် invited လုပ်ခံထားရသည့် pageလေးတစ်ခုကို တွေ့လိုက်ရသည်။ ထိုpageလေးထဲဝင်ကြည့်လိုက်ချိန်မှာတော့ စာတန်းလေးတစ်ခုက မှိုင်းညှို့ စိတ်ကို ဆွဲဆောင်လိုက်နိုင်သည်။
*The Queen မိဘမဲ့ဂေဟာ*
'အခုမှဖွင့်တဲ့ ဂေဟာသစ်ပဲ '
သာယာအေးချမ်းဖွယ်ကောင်းတဲ့အပြင်အဆင်လေးနှင့်လှပတဲ့အဆောက်အဦးတွေကြားမှာအစိမ်ရောင် မြက်ခင်းပြင်ကြီးအလယ် အပင်ငယ်လေးတွေနှင့် The Queenစာတန်းကြီးကို ပုံဖော်ထားသည်က လွန်စွာအသက်ဝင်လှသည်။အဆောက်အဦး၏ ထပ်စည်းစာတန်းကြီးက လူတိုင်းစိတ်ကို ဆွဲဆောင်စေနိုင်ပါသည်။ကလေးအရေအတွက်တွေ လုပ်ဆောင်ချက်တွေကိုပါထည့်သွင်းဖော်ပြထားပြီး စေတနာရှင်များကိုလည်း ပါဝင်ကူညီဖို့ ဖိတ်ခေါ်ထားသောကြောင့် သူတစ်ချက်ပြုံးလိုက်သည်။
Green Heart ပရိဟိတလူငယ်များအသင်း၏ ဦးဆောင်သူတစ်ယောက်ဖြစ်သည့်အလျှောက်ဒီလိုကိစ္စမျိုးတွေမှာ နှံ့စက်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ထိုသတင်းနေရာလေးကို screenshortရိုက်ယူလိုက်ပြီး messenger မှာရှိသည့်Green Heart groupမှာ ပို့ပေးလိုက်သည်။တစ်ဆက်တည်းမှာပဲ page ရဲ့ linkလေးလည်း ပို့ပေးလိုက်၏။အားတက်သရော ပြောလာကြသည့် အလှူပြုလုပ်ဖို့အစီအစဉ်များကြောင့် တစ်ဖန်ပြုံးရပြန်သည်။လူငယ်တွေမှာ ဒီလို ပရဟိတစိတ်ဓာတ်လေးရှိနေတာကို သူ ဂုဏ်ယူမိသည်။
ရင်ခွင်မဲ့ကလေး စောင့်ရှောက်ရေးနှင့် စာမတတ်သူ ပပြောက်ရေးတို့ကိုအဓိက ဦးစားပေးထားသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်တာကြောင့် သူတို့အဖွဲ့တွေပိုပြီး အားတက်သရောရှိနေကြခြင်းပင်။GreenHeartတို့သည်လည်း တစ်ချိန်က စိတ်ဒဏ်ရာအနာတရရှိခဲ့ဖူသူများ စုပေါင်းထားသည့် အဖွဲ့တစ်ခုဖြစ်တာကြောင့် ကိုယ်ချစ်စာစိတ်အပြည့်ရှိနေကြသူများဖြစ်ကြသည်။နေရာဒေသအသီးသီးမှာ တာဝန်အသီးသီးထမ်းဆောင်နေကြပေမယ့် ငွေအားလူအားတတ်နိုင်သည့်ဘက်မှ မခါမလပ် ကူညီနေကြသောကြောင့် ဒီပရဟိတ အဖွဲ့လေးက နှစ်ကာလကြာရှည်လာသည်အထိ ပြည့်စုံစွာရှိနေကြသည်။ တိုင်းပြည်ဝန်ထမ်းများလည်း ပါသလိုကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများနှင့် တစ်ချို့ ကုမ္ပဏီ ပိုင်ရှင်များလည်း ပါတာကြောင့် ပိုပြီး စည်းကားလှကာ နေရာစုံ လူမျိုးစုံနှင့် ပရဟိတလုပ်ငန်းကို ပိုပြီး လုပ်ကိုင်ဖြစ်ကြသည်။
"ဦးလေးကြီး စောင့်နေတာကြာပြီလား"
'အင်း..သူဂုဏ်ယူရတဲ့အထဲဒီတစ်ယောက်တော့ ပါမယ်မထင်ဘူး'
မှိုင်းညှို့စိတ်ထဲကနေပဲ ပစ်ပစ်နှစ်နှစ်ဝေဖန်ပြစ်လိုက်သည်။
"အေး"
"သွားမယ်လေ "
"ဘယ်ကိုလဲ"
"ဒီမှာ စာရင်းစာရွက် ဒီထဲက ပစ္စည်းတွေအတိုင်းအစုံအလင်ပါအောင်သာ ဝယ်ခဲ့ကြတော့"
တိမ်လွှာ စကားကို ပြူကြောင်ကြောင်လေးပြန်မေးနေစဉ် စာရွက်လေးကိုင်ကာ ရောက်လာသော ဒေါ်လရိပ်စကားကြောင့် ပိုပြီး နားမလည်နိုင်ဖြစ်သွားရသည်။
"ကဲ နှစ်ယောက်လုံး ဘာပြူးကြည့်နေကြတာလဲ စျေးဝယ်ထွက်ခိုင်းနေတာ ရော့ ဒါတွေဝယ်ခဲ့ကြ"
မှိုင်း လက်ထဲကို စာရွက်လေးထည့်ပေးလာမှ ထိုစာရွက်ကို ဖြန့်ကြည့်မိသည်။
' အာလားလား...များလိုက်တဲ့ပစ္စည်းတွေ ကွန်ပြူတာနဲ့ကို စာစီထားပါလား'
"ဒါ...ဒါတွေအကုန်ဝယ်ရမှာလား"
တိမ်လွှာ လှမ်းကြည့်ပြီစ မျက်လုံးပြူးသွားရုံမက မေးလိုက်တဲ့စကားပါထစ်နေ၏။ စျေးဝယ်ခိုင်းမယ်လို့သာပြောတယ် ဒီလောက်များမယ်ဆိုတာ ထင်မထားလို့ လိုက်မယ်ပြောခဲ့တာ မှားပြီထင်၏။
"ဒါလောက်အများကြီး ဘာလုပ်ဖို့လဲ အန်တီ"
"မင်းတို့လေရှည်နေတာနဲ့စျေးဝယ်စင်တာတွေ အားလုံးပိတ်ကုန်တော့မယ်"
"အဲ့လောက်လည်းမဟုတ်ပါဘူး အန်တီရယ်"
"မဟုတ်လည်း သွားကြ ဟုတ်လည်းသွားကြတော့ဒီမှာ"
"ဟုတ်ကဲ့ ဟုတ်ကဲ့ သွားပြီ"
မှိုင်းကပဲ ဦးဆောင်ပြီး ရှေ့ကထွက်လာခဲ့ရသည်။
နောက်မှာတော့ ဆူပုပ်ပုပ်လေးနှင့် ခြေဆောင့်ကာ
လိုက်ပါလာခဲ့သော လွှာ.... ။
~~~~~
"ဦးလေး ရေခဲမုန့်စားရအောင်"
"မစားချင်ပါဘူး "
"လာပါ ဦးလေးရယ်"
ဝယ်ရမယ့်ပစ္စည်းတွေက တစ်ဆိုင်တင်မကတာကြောင့် ဟိုဆိုင်ကူး ဒီဆိုင်ကူး ကူးရပြန်သည်။နေပူရှိန်ကြားမှာ မောဟိုက်လာပြီး ဘာမှလည်း စိတ်မပါကြတော့။ဘယ်ဆိုင်မှာပဲ ဝယ်ဝယ် မှိုင်းကပဲရှေ့ကဦးဆောင်ဝယ်နေရသည်။ကလေးမက နောက်ကလိုက်သလားဆိုတော့ ....ဟိုကစ္စည်းကိုင်ကြည့် ဒီပစ္စည်းကိုင်ကြည့်နှင့် ဆော့ကစားနေတော့ပြန်သည်။သူ ပစ္စည်းတွေအများကြီး သယ်လာရလို့လည်း ကူသယ်ပေးဖို့ စိတ်ကူးမရှိသည့်အလား ရှေ့ကနေ ကျော့ကျော့မော့မော့နှင့် လျှောက်သွားသည်က မှိုင်းရဲ့ အလုပ်ရှင်လိုလို ဘာလိုလိုနှင့်။
အခုလည်း နေပူရတဲ့ကြားထဲ နားပူနားဆာလာလုပ်နေပြန်သည်။ကြာတော့ စိတ်က အချဉ်ပေါက်လာပြီး အော်လွှတ်လိုက်ပေမယ့် အရေးမစိုက်သည့်အလား သူ့ကိုပင်ဆွဲခေါ်သွားပြန်သည်။
"ဦးလေး ဘာစားမလဲ လွှာ ဝယ်ကျွေးမယ်လေ"
"မစားဘူး"
"စားပါ ဦးလေးရဲ့"
ရေခဲမုန့်ကို စိတ်ကြိုက်ရွေးယူနေသည့် တိမ်လွှာကို
လှည့်ပင်မကြည့်ပဲ ခပ်စောင်းစောင်းအနေအထားဖြင့် လက်ပိုက်ကာ တစ်ဖက်ကိုပဲ လှည့်နေလိုက်သည်။မနေနိုင်ပြန်လို့ မျက်လုံးထောင့်လေးကပ်ကာ သူမပုံရိပ်လေးကို အသာခိုးကြည့်မိပြန်တာလဲ သူပဲ။
"ဦးလေး ဒီမှာ သီးစုံရေခဲမုန့်. အရမ်းကောင်းတာ"
"....."
မှိုင်း လက်မောင်းကနေ ဆွဲလှည့်ပြီး ပါးစပ်ထဲအတင်းထိုးထည့်လာလို့ မျက်လုံးပင် ပြူးသွားရသည်။
ပြန်ထုတ်လို့မရအောင် မှိုင်း ပါးစပ်ကို သူမလက်လေးနှင့်ပိတ်ကာထားတော့ အရှည်ပျော်သွားတဲ့ ရေခဲမုန့်က ဗိုက်ထဲပင်ရောက်သွားပြီ။
"အား...မင်းဟာ ဘာကြီးလဲ"
"ပိန်းလေ"
ပါးစပ်ကို လွှတ်ပေးလိုက်ပြီဆိုမှ သိချင်တာမေးလိုက်ပြီး မဆိုင်းမတွဖြေချလိုက်ပြန်တော့ တစ်ဖန် မျက်လုံးပြူးရပြန်သည်။
"ဘာ...ပိန်း ဟုတ်လား ငါ ပိန်းဥနဲ့မတည့်ဘူးကွ
မင်း...မင်း လုပ်လိုက်ရင်လေ...တောက်!"
မျက်နှာတစ်ခုလုံးရဲတက်လာသည်က ဒေါသဘယ်လောက်ကြီးနေမှန်း သိသာနေသည်။လွှာ ပါးစပ်လေးလက်ညှိုးကွေးကွေးလေးဖိကပ်ထားပြီး မျက်လုံးကလယ်ကလယ်လေးနှင့်ကြည့်နေသည်။ဒီပုံစံလေးနဲ့ ဆိုတော့လည်း မှိုင်းညှို့ ရဲ့ဒေါသက ဘယ်ပြောက်မှန်းမသိ ပြောက်ရပြန်သည်။
သူမပုံစံလေးကို မျက်တောင်မခတ်တမ်း ကြည့်နေမိရင်းမှ ရင်ထဲမှပျို့တက်လာသည့် ဝေဒနာကြီးက ဖြစ်ပေါ်လာသည်။ ပါးစပ်ကို လက်နှင့်အုပ်ရင်း နီးရာ အမှိုက်ပုံးကို ပြေးရသည်။
"ဝေါ့...အော့..."
"ဟား..ဟား..ခ်ခ်..ဟား..ဟား..ဟား.."
လွှာကတော့ ဘာကိုသဘောကျနေသည်မသိ ဟက်ဟက်ပက်ပက်ကိုအော်ရယ်နေပြန်သည်။သူဒီလောက်ဖြစ်နေချိန် အော်ရယ်နေနိုင်တာ မှိုင်း အံ့သြလို့မဆုံးပေ။ခံစားရသည့် ဝေဒနာထက် သူမကြောင့်ဖြစ်တာကို ကူညီမပေးပဲ လှောင်ရယ်နေသည့်ကလေးမကို ကြည့်ပြီး ဒေါသက ထွက်လာရသည်။
"တောက်!"
သက်သာလောက်ပြီဆိုမှ ကားထဲဝင်ထိုင်ကာ ဆောင်နေကျဖြစ်သည့်အဆိပ်ဖြေဆေးကို သောက်လိုက်သည်။ခုံလေးကိုမှီကာ မျက်လုံးလေး အသာမှိတ်ထားပြီး ငြိမ်နေလိုက်မှ သက်သာသလိုရှိသွားရ၏။
ကလေးမက ခုချိန်ထိ ကားပေါ်တက်မလာသေးဘူး။ဒီမရွှေချော ဘာဖြစ်ချင်နေတာလဲ...။
"ဟေ့ တက်လေ"
"လာပြီ လာပြီ"
ကားပေါ်တက်လာသည့်တိုင် မျက်နှာပိုးမသေသေးသော သူမကို မှုန်ကုပ်ကုပ်နှင့် ကြည့်လိုက်သည်။
"မင်းက ငါ့ကို သေစေချင်နေတာလား"
"ဦးညှို့ မသေသေးပါဘူး"
ဒီစကားက ဘာစကားလဲ... ဒေါသက ဟုန်းခနဲ့ ထလာရပေမယ့် စိတ်ကို ပြန်လျော့ကာ အံကိုတင်းတင်းကျိတ်ထားရင်း စီယာတိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။နှလုံးသားထက်က တဆစ်ဆစ်နှင့် အောက်သက်လာတဲ့ နာကျင်မှုက အပြင်ပန်းဝေဒနာကို ဖုံကွယ်နေတော့သည်။
~~~~
စျေးဝယ်ပြီး မှိုင်းညှို့တို့ အိမ်ကိုသာဝင်ခဲ့ရန် လွှာ့မာမီဖုန်းဆက်တာကြောင့် လွှာ တစ်ခါမှ မရောက်ဘူးတဲ့ မှိုင်းတို့အိမ်ကို ရောက်လာခဲ့ရသည်။ခြံဝင်းလေးက မကျဉ်းမကျယ်လေးနှင့် အပင်ငယ်လေးတစ်ပင်နှစ်ပင်သာရှိသည့် နှစ်ထပ်တိုက်လေးက နေချင်စဖွယ်တော့ကောင်းလှသည်။
အိမ်ရောက်သည့်တိုင် စကားတစ်ခွန်းမှမပြောဘဲ ကားထဲက အထုပ်တွေအားလုံးကို ဧည့်ခန်းမှာ ချပေးပြီး မျက်နှာမသာမယာနှင့်အပေါ်တက်သွားတော့သည်။ဧည့်ခန်းမှာ အသင့်စောင့်ကြိုနေသည့် မှိုင်းညှို့မိခင် ဒေါ်မြတ်မိုးကြည် နှင့် ဒေါ်လရိပ်ရောင်တို့က ပစ္စည်းများကို စစ်ဆေးနေကြသည်။လွှာတစ်ယောက် ဘေးကနေ ကူညီရင်းဖြင့် စားပွဲပေါ်က ခပ်ထူထူကဒ်ပြားလေးကို အကြည့်ရောက်သွားပြီး လှမ်းယူလိုက်သည်။
*စေ့စပ်ကြောင်းလမ်းခြင်း*
"ဒါဘာလဲ မာမီ"
ဖိတ်စာထဲက နာမည်တွေကြောင့် မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားရရင်း အသံတွေပါ ကွဲရှနေ၏။
"ဟုတ်တယ် သမီးရဲ့ သမီးနဲ့ မှိုင်းညှို့တို့ကို လူကြီးချင်းသဘောတူထားပြီသား စေ့စပ်ပွဲလည်း တစ်ခါတည်း လုပ်ပေးမှာ"
"ဒါ...ဒါကို ဘာလို့ သမီးတို့ကို အသိမပေးတာလဲ"
ဒေါ်မြတ်မိုးကြည်စကားက သူမနှလုံးသားကို အရှိန်ပြင်းပြင်းရိုက်ခတ်ခွဲခြေလိုက်သလိုခံစားရသည်။သူမ ဘယ်လိုမှ သဘောမကျသည့် ဦးမှိုင်းညှို့ရှင်ဆိုတဲ့လူကြီးနဲ့ လက်ထပ်ရမယ်တဲ့လား.....ဒီလူကြီးကိုလည်း သဘောမကျသလို သူမနှလုံးကို ပိုင်စိုးထားသည့် ကိုကိုမှလွဲပြီး တခြားဘယ်သူမှ လက်မထပ်လိုပေ။
ပိုဆိုးသည်က ငြင်းခွင့်မရအောင်ပင် သူမကို ဘာမှအသိမပေးဘဲ စိတ်ထင်ရာလုပ်နေကြသည့် လူကြီးတွေ..။
"သမီးက အလိမ္မာလေးလေ မာမီတို့ စကားကို နားထောင်မယ်ဆိုတာ မာမီသိတာပေါ့ မှိုင်းညှို့ ဆိုတာ အတွင်းသိအဆင်းသိနောက်ပြီး ရိုသားတဲ့လူငယ် အလုပ်ကြိုးစားပြီး လူမှုရေးနားလည်တယ် ပရဟိတစိတ်ဓာတ်လေးလည်းရှိတယ် သမီးလေးသာ သူနဲ့အတူဆိုရင် မာမီတို့ စိတ်ချရပြီလေကွယ်"
"ဒါ..ဒါပေမယ့် ဒါက သမီးဘဝနဲ့ သက်ဆိုင်တယ်လေ သမီးနှလုံးသားကိုရင်းရမှာ သမီးဘဝတစ်ခုလုံးကို မချစ်မနှစ်သက်သူဆီမှာ ပုံအပ်ရအောင် သမီးက ခံစားချက်မရှိတဲ့သက်မဲ့မဟုတ်ဘူး မာမီတို့ ကြိုးဆွဲချင်တိုင်းကြိုးဆွဲရအောင် သမီးက အရုပ်မဟုတ်ဘူး နောက်ပြီး အချစ်မပါတဲ့ အိမ်ထောင်ရေးကိုလည်း သမီးမထူထောင်ချင်ဘူး"
"သမီး အိမ်ထောင်တစ်ခုထူထောင်မယ်ဆိုရင် ရာနှုန်းပြည့်ပျော်ရွှင်တဲ့ ချစ်ခြင်းကိုရဖို့အချစ်က ၂၅%၊
နားလည်မှု ၂၅%၊ငွေကြေးပြည့်စုံမှုက ၅၀% ပဲလိုတယ်...တကယ်ချစ်ဖို့ပဲ လိုတယ်…သစ္စာရှိဖို့ပဲ လိုတယ်ဆိုတာတွေက…ဟိုး....အဝေးကြီးမှာကျန်ခဲ့ပြီ ငွေကြေးပြည့်စုံမှုကြောင့် ပြသာနာတွေ ခနခနမဖြစ်ရဘူးဆိုရင် အချိန်တိုလေးအတွင်းမှာ နားလည်မှုယူပြီး အနေကြာလာတဲ့ သမီးတို့ရင်ထဲမှာ အချစ်ဆိုတာအလိုလိုဖြစ်ပေါ်လာမှာ"
"ဒါဆို မာမီတို့က ငွေကြေးတွေ ဂုဏ်ဒြပ်တွေကြောင့် သမီးတို့ကို လက်ထပ်ပေးတာပေါ့"
"သမီး နားလည်မှုလွဲနေပြီ အန်တီတို့ သမီးနဲ့သားကို လက်ထပ်ပေးမယ်ဆိုတာ ဘာဂုဏ်ဒြပ်တွေ ဘာငွေကြေးတွေမှမပါပါဘူးကွယ် သားကလည်း အိမ်ထောင်ကျသင့်တဲ့ အရွယ်ကိုရောက်နေပြီ သားကိုတခြားဘယ်လိုမိန်းကလေးမျိုးနဲ့ရလာမလဲဆိုပြီးနေ့တိုင်းတွေးပူနေရတာက အန်တီတို့မိဘတွေရဲ့ သောက စိတ်ဓာတ်အောက်တန်းကျတဲ့ ရှုပ်ပွေတဲ့ အလိုရမ္မက်ကြီးလွန်းတဲ့မိန်းကလေးမျိုးတွေနဲ့ ဖြစ်လာမှာကိုတွေးပူပြီးလက်မခံနိုင်တာက မိခင်တစ်ယောက် အတ္တစိတ်ပဲ ဒါတွေကြောင့် သမီးနဲ့ပဲ အန်တီက သဘောတူ စိတ်ချတာပါကွယ် သမီးလေးလည်း နောက်နှစ်ဆိုကျောင်းပြီတော့မှာမလား သမီးလေးနဲ့သာဆိုရင် သားလည်း ပျော်ရွှင်နိုင်မယ်လို့ ယုံကြည်တယ် သမီးခံစားချက်တွေကို မမေးမိတာ အန်တီတစ်ချက်လိုသွားတယ်"
"သမီးကိုလည်းမာမီစကားကို နားထောင်မယ်လို့ အပြည့်အဝယုံကြည်တာလဲ ပါတာပေါ့"
အန်တီမြတ်မိုးကြည်စကားကိုဖြည့်စွက်ပြောပေးလာသည့် ချစ်ရတဲ့မာမီကြောင့် စိတ်တွေရှုပ်ထွေးလာရသည်။သမီးမှာ ချစ်သူရှိပါတယ်လို့ ပြောလိုက်ရင် အခုချိန်မှာ ပြသနာတွေတပုံကြီးနဲ့ ကိုယ်ကပဲ အဆိုးကျနေမည်။ဒါဆို လူကြီး...!တည်ငြိမ်ရင့်ကျက်ပြီး စကားတစ်ခွန်းဆိုတစ်ခွန်း အပြတ်ပြောတတ်တဲ့ ဟိုလူကြီးကို စည်းရုံးလိုက်လျှင်....။ကိုယ့်အတွေးနှင့်ကို ကျေနပ်ကာ စိတ်ထဲမှာပဲ ပြုံးလိုက်သည်။ပြီးတော့ ခပ်တည်တည်ပဲ မာမီတို့ကို စိုက်ကြည့်ပြီး
"ဦးမှိုင်းညှို့ရှင် ရော သိပြီးပြီလား သူက လက်ခံသလား"
"သားက အန်တီစကားကိုမြေဝယ်မကျနားထောင်တယ်"
'ဘယ်လိုပဲ မြေဝယ်မကျနားထောင်တယ်ပြောပြော အန်တီစကားကိုနားထောင်ပြီး မချစ်မနှစ်သက်သူကို မျက်လုံးစုံမှိတ်လက်ထပ်ယူရလောက်အောင် သူ
မမိုက်မဲသေးဘူးမလား'
မာမီနဲ့ အန်တီမိုးမြတ်ကြည်ကို တစ်လှည့်ဆီကြည့်လိုက်ပြီး အိမ်အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။
@@@@@@
ကုတင်ပေါ်တက်လှဲနေစဉ် စားပွဲပေါ်က ဖုန်းလေးမြည်လာတာကြောင့် လှမ်းယူပြီးနားထောင်လိုက်သည်။
"ဟဲလို"
"Con con ပါ မှိုင်းညှို့ရေ မင်း အပြောင်းအရွေ့မိန့်ကျလာပြီ မင်းအတွက် အခွင့်အရေးကြီး ကျလာတာနော် "
"ဘယ်ကိုလဲ"
"ရန်ကုန်!"
"မပြောင်းတော့ဘူး"
"ဟေ့ကောင် ဘာဖြစ်လို့လဲ ငါတို့က မင်းအတွက် အပြောင်းအရွှေ့တင်ပေးထားတာ မင်းလုပ်ပိုင်ခွင့်တွေရအောင်လို့လေ အဲ့ဒီမှာဆိုရင် မင်းဘဝတက်လမ်းက ပိုပြီး အခွင့်အရေးရှိတယ် ကုမ္ပဏီကြီးတွေနဲ့လည်းပိုပြီး အဆက်အသွယ်ရှိတာပေါ့ကွာ"
"ဒီမှာ babeရှိနေသ၍ ငါမပြောင်းဘူး "
"မင်းတော့ ရူးနေပြီ မှိုင်းရာ မင်းကို မလိုအပ်တဲ့လူအနားမှာ ဘာလို့ဆက်ရှိနေအုံးမှာလဲ ကောင်မလေးကဖြင့်မင်းကို ခါးခါးသီးသီးပဲ မင်းခံစားရတာတွေသက်သာအောင်လို့လည်းပါတယ်နော် ရန်ကုန်မှာဆို မင်းbabeထက်လန်းတာတွေအများကြီးပဲ"
"တော်တော့ ဟေ့ကောင် ငါ လုံးဝမပြောင်းဘူး"
"မင်းတော့ မွှန်နေပြီကွာ..."
ပြောလာမယ်စကားတွေကို ဆက်နားမထောင်တော့ဘဲ ဖုန်းချလိုက်၏။babeကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်တာတွေ သူမကြားချင်။အဆိုးဆုံးက babeကို မကောင်းပြောတာ။ကိုယ့်အပေါ်မှာ ဘယ်လောက်ပဲဆိုဆိုး သည်းခံနိုင်ပေမယ့် သူတပါးဝေဖန်ရှုတ်ချတာတော့ မရှိစေချင်ပါ။
Green Heart အဖွဲ့သားတွေထဲမှ သူ၏ secretary လည်းဖြစ် ညီလိုအကိုလိုရင်းနှီးပေါင်းသင်းလာပြီး
ငယ်သူငယ်ချင်းလည်း ဖြစ်သည့် Shaneတို့က သူမသိခင်ပါပင် အပြောင်းအရွေ့တင်ထားကြသည်တဲ့။Shane၏စေတနာကို နားလည်ပေမယ့် သူ့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကိုတော့ မပြင်တော့ပေ။
သူ့နှလုံးသားက ဒီကလေးမလေးကိုမှ ချစ်မိတယ်ဆိုတာ လွယ်လွယ်နဲ့ လက်ခံလို့မရခဲ့...
နှလုံးသားနဲ့ခန္ဓာတစ်ခုလုံး ဒီမိန်းမငယ်လေးဆီမှာသာ အလုံးစုံပုံအပ်ထားပြီးဖြစ်တာကြောင့်အဝေးကို ထွက်သွားမည်မဟုတ်ပါ။ထွက်သွားခဲ့မည်ဆိုရင် သူ့ရဲ့နှလုံးသားလေးပဲ ကွဲအက်ရမည်မဟုတ်လား။ကိုယ့်ကိုယ်ကို ဒဏ်ရာပေးပြီး စွန့်လွှတ်နိုင်သူကြီးတော့ မလုပ်နိုင်ပါ။ပိုင်ဆိုင်ခွင့်ရတဲ့အချိန်ထိကြိုးစားချင်သည်။ဒီမိန်းမငယ်လေး သူ့နှလုံးသားကို နှင်မလွှတ်နိုင်သ၍ သူ့ရဲ့ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးဟု ခံယူချက်ရယူထားပြီး တိမ်လွှာဆိုသည့် ကလေးသာသာလေးကို ချစ်နေပြီးဟု လက်ခံခဲ့ခြင်ပင်။
ထိုကြောင့် ခက်ခက်ခဲခဲလက်ခံထားသည့် ဒီအချစ်နဲ့ကတိကို လွယ်လွယ်နဲ့ ဖျောက်ဖျက်ဖို့ရာ ဘယ်နည်းနဲ့မှမဖြစ်နိုင်။
"ဒေါက်...ဒေါက်"
ဖုန်းကိုင်ပြီး အတွေးများနေစဉ်မှာ တံခါးခေါက်သံကြောင့် ဖုန်းလေးကို စားပွဲပေါ် ပြန်တင်ပြီး ကုတင်ပေါ်ပြန်ထိုင်လိုက်သည်။
"ဒေါက်...ဒေါက်..."
"လော့ချမထားဘူး ဝင်ခဲ့"
ကုတင်စွန်းလေးမှာ ခပ်ငိုက်ငိုက်ထိုင်နေရင်း ဝင်လာသည့်လူရိပ်ကိုတွေ့ပေမယ့် မော့မကြည့်ခဲ့။
"ဦးမှိုင်းညှို့ရှင်...ရှင်သိပြီးပြီလား"
"ဘာလဲ"
"မာမီတို့က ရှင်နဲ့လွှာ့ကို လက်ထပ်ပေးကြမလို့တဲ့"
လွှာ မဆိုင်းမတွပြောချလိုက်တဲ့ စကားနောက်မှာမှိုင်းမှာ မျက်နှာတစ်ခုလုံး ရှက်ရွံ့ထူပူသွားရသည်။မျက်လုံးပင့်ကြည့်လိုက်တော့ ကောင်မလေးက ဘာမှဂရုမစိုက်ဘဲ သူပြောချင်ရာသာ ဆက်ပြောနေသည်။
"အဲ့တာ ရှင့်ဘက်က ငြင်းပေးပါ ဦးမှိုင်းညှို့ရှင်"
ဒီတစ်ခါမှာတော့ မှိုင်းညှို့ မျက်နှာ အံ့သြခြင်းများစွာနှင့် ဆက်ခနဲ့ ထရပ်လိုက်ပြီးမှ ညှိုးရော်သွားရသည့်မျက်နှာကို တိမ်လွှာ မသိကျိုးကျွံပြုထားလေသည်။။ကိုယ်ဒီလက်ထပ်ပွဲကိုလက်ခံပါတယ်လို့ အဖြေရှိပြီးသား ဖြစ်သော်လည်း သူမကတော့ သူ့ခံစားချက်ကို အရင်မမေးဘဲငြင်းလိုက်ပါတဲ့လား...လွှာ ဘယ်လို ခံစားချက်နဲ့ ပြောလိုက်လဲ မှိုင်း မသိပေမယ့် ရင်ထဲမှာ ဗလောင်ဆူသွားတာအမှန်ပါ။လွှာက ငြင်းတာမဟုတ်ဘဲ သူ့ကို ငြင်းခိုင်းတာဆိုတော့...
"မင်း...ဘာစကားပြောတာလဲ"
"ရှင်လည်း ကိုယ်မချစ်တဲ့သူနဲ့လက်မတွဲချင်ဘူးမလား လွှာက ငြင်းတော့ လွှာ့ကို ကလေးဆိုပြီး ဇွတ်ချော့မော့ပြောကြမယ်လေလွှာ့စကားကိုလည်း အလေးမထားကြဘူး ...ရှင်က လူကြီးပြီးတော့ အန်တီတို့က ရှင့်စကားကို အလေးထားကြတယ်လေ"
"မင်း ငါ့ကို လက်မခံချင်ဘူးလား"
"ဟင့်အင် လွှာမှာချစ်သူရှိတယ်"
ထိုစကားက နွေခေါင်ခေါင် မိုးကြိုးပစ်ချသကဲ့သို့ ထိန်လန့်ကြောက်ရွံ့ဖွယ်ကောင်းလှသည်။နှလုံးသားတစ်ခုလုံး ဆုပ်ကိုင်ပြစရာမရှိအောင်ပင် ကြေမွပျက်စီးရသည့်အလား...။မျက်ခုံးနှစ်ဖက် ထိလုမတပ်တွန့်ကွေးပြီး လွှာမျက်နှာကို စေ့စေ့ကြည့်လိုက်သည့်တိုင်လွှာက မျက်နှာမလွှဲဘဲ ခပ်ရဲရဲသာ ပြန်စိုက်ကြည့်နေသည်။
လွှာ မှိုင်းညှို့ ရှေ့မှာ ဒူးထောက်လျက်ကလေးထိုင်ချလိုက်ပြီး အားကိုးတကြီး မျက်နှာလေးနှင့်မော့ကြည့်နေပြန်သည်။
မကြည့်ပါနဲ့ ဒီလို အသနားခံတဲ့အကြည့်တွေနဲ့ မကြည့်ပါနဲ့... မင်းက မစာမနာ ကိုယ့်နှလုံးသားကို နင်းခြေမွပေမယ့် မင်းရဲ့ မျက်နှာလေး မြင်ရရင်ကို ကိုယ်က အရှုံးပေးပြီးသား ဖြစ်နေမြဲပဲ ဒါကြောင့် ကိုယ်ရှုံးပါတယ် ။
"ဦးမှိုင်းညှို့ရှင်...လွှာလေ သူ့ကို အရမ်းချစ်တယ် လွှာ စိတ်နဲ့ ခန္ဓာ ကိုသူ့ဆီမှာ ပုံအပ်ချင်မိတယ် လွှာအချစ်က တစ်ဖက်သတ်လည်း မဟုတ်သလို ရယူလိုစိတ်ကြီးမားတာလည်းမဟုတ်ဘူး လွှာတို့နှစ်ယောက်ရဲ့ အချစ်တွေက ထပ်တူကျတယ် သူလည်း လွှာ့ကို မြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားပြီး ချစ်တယ် နှစ်ယောက်တွေ့တိုင်း လွှာ့ လက်လေး ကိုင်ရုံနဲ့ ပုခုံးဖတ်ထားရုံကလွဲပြီး လွှာ့ အပေါ်မှာ အသားမယူတတ်ဘူး ဒီလို ဖြူစင်တဲ့လူမျိုးကို လွှာ ရွေးချယ်ထားတယ်"
တခြားတစ်ယောက်ကို ချစ်တဲ့အကြောင်းတွေ
ကိုယ့်ရှေ့မှာ လာပြောနေသည်လောက် ခံရခက်သည်မရှိ။ဒါပေမယ့် နားမထောင်ချင်သော်လည်း ကြားရသည်ဖြစ်တာကြောင့် အာရုံစိုက် နားထောင်မိပြန်သည်။တိမ်လွှာ့ မျက်နှာမှာ သူမချစ်သူအကြောင်း ဝင်းပပျော်ရွှင်နေသည်ကို သူ ကျေနပ်စွာ ကြည့်နေမိတာ ဘာကြောင့်များပါလဲ။တစ်ခါတလေ တွေးမိခဲ့တာ' ငါတကယ် တ်ိမ်လွှာကို မချစ်လို့လား'ပေါ့။
နှလုံးသားထဲထိ နက်နက်ရှိုင်းရှိုင်း အဖြေရှာကြည့်ပြန်တော့လည်း အနက်ရှိုင်းဆုံးနေရာမှာ တိမ်လွှာဆိုတဲ့ သူမ နေရာယူထားပြီးထားဖြစ်နေ၏။
" ဦးမှိုင်းညှို့ရှင်နဲ့ လွှာက အသက်အရွယ်ချင်းအရမ်းကွာခြားတာကြောင့် အယူအဆချင်းလည်းမတူသလို စိတ်သဘောထားချင်းလည်း တိုက်ဆိုင်နိုင်မှာမဟုတ်ဘူး လွှာသိနေတယ် လွှာနဲ့ ဦးမှိုင်းညှို့ရှင်သာ လက်တွဲသွားမယ်ဆိုရင် လွှာတို့မိသားစုတွေ သာယာနိုင်မှာ မဟုတ်ဘူး "
"မင်းမှာ ချစ်သူရှိတယ်ဆိုရင် မင်းငြင်းလိုက်လည်း ရသားပဲ"
"လွှာငြင်းရင် မာမီတို့က လွှာကို့ ဆူကြမှာပေါ့ ဦးမှိုင်းညှို့ရှင်ကိုကျတော့ ဘယ်သူကမှမဆူကြတော့ဘူးလေ"
"မင်းက ငါ့ကို လူမိုက်ငှါးတယ်ပေါ့လေ"
ဒေါသကြောင် အသံက ပုံမှန်ထက် ပိုကျယ်လောင်သွားရသည်။တိမ်လွှာ ခန္ဓာကိုယ်လေး တွန့်ခနဲ့ ဖြစ်သွားတာကြောင့် သနားစိတ်ပြန်ဝင်လာသည့် ကိုယ့်ကိုယ်ကိုပင် မကျေနပ်တော့။နာကျင်စေသည့်စကားတွေပြောနေပေမယ့် မနာရက်နိုင်သည့် နှလုံးသားတစ်စုံကို ဆွဲထုတ်ပစ်ချင်မိသည်။ဖြစ်နိုင်လျှင် ကိုယ့်ကို မချစ်တဲ့ဒီမိန်းကလေးကို မချစ်မိအောင်နေချင်ပေမယ့် ကိုယ့်နှလုံးသားက ဒီမိန်းကလေးအနားမှ တဝဲလည်လည်ရှိနေပြန်၏။
"အဲ့လိုသဘောလည်း မဟုတ်ပါဘူး ဦးမှိုင်းညှို့ရှင် လွှာ့ကို ကူညီပါနော်... လွှာ ရှင့်ကို မချစ်ဘူး ရှင်နဲ့ လက်မထပ်ချင်ဘူး...လွှာ....လွှာ ကိုကို့ကိုပဲ ချစ်တယ် ကိုကိုနဲ့ပဲ လက်ထပ်ချင်တယ် လွှာ နောက်ဆို ဦးမှိုင်းညှို့ရှင် ကို မနှောက်ယှက်တော့ပါဘူး လွှာ့ကို ဒီတစ်ခုပဲ ကူညီပါနော်"
"ထွက်သွား!!!"
"ရှင်! ..ဟို..."
"သွားလို့ပြောနေတယ်....ထွက်သွား!!"
အော်လိုက်မိပြန်ပြီ။
ဒေါသသံပါနေသော်လည်း ကျယ်လောင်မှုမရှိ။တည်ငြိမ်မှုလည်းမရှိပြန်။စကားတစ်ခွန်းပြောထွက်ရလောက်အောင်ပင် အင်အားတွေဆုတ်ယုတ်သွားသည်။လူက ယိုင်နဲ့နဲ့ ဖြစ်လာကာ ကုတင်စွန်းမှာ ပြန်ထိုင်လိုက်သည်။'မင်း ပြောရက်တယ်နော်....ကိုယ့်နှလုံးသားဟာ နက်ရှိုင်းလို့ မမြင်နိုင်ခဲ့ရင်တောင် ကိုယ့်အကြည့်လေးတစ်ချက်နဲ့ မင်းသိသင့်ပါတယ် တိမ်လွှာရယ်'။
ပြည့်အိုင်လာသည့် မျက်ရည်တွေကိုတော့ သူမ မမြင်နိုင်အောင် ခေါင်းကို ငုံ့ထားလိုက်သည်။
အသက်သုံးဆယ်ကျော်လာသည့်တိုင်အောင် ဘယ်သူ့ရှေ့မှ ခေါင်းငုံံ့ခဲ့ခြင်းမရှိခဲ့သလို။ ခေါင်းငုံ့လိုက်လျှင်ပင် အရှုံးဟု မှတ်ယူထားသော မှိုင်းညှို့ အဖို့ ဒီကလေးမရှေ့မှာမှ အလွယ်တကူ ခေါင်းငုံ့လိုက်မိသည်။သူ့မျက်ရည်တွေကိုသာ လွှာ မြင်သွားလျှင် ပိုပြီး ရှုံနိမ့်ရမည်ဖြစ်သည်။ကိုယ် မရှုံးချင်ဘူး ကိုယ့်ဘဝမှာ အရှုံးဆိုတာ မရှိဖူးဘူး... အရာရာတိုင်းမှာ အနိုင်လိုချင်ခဲ့တယ်ဒါပေမယ့် မင်းကိုတော့ ကိုယ် အရှုံးမပေးချင်သလို အနိုင်လည်း မလိုချင်ပြန်ဘူး... ကိုယ့်စိတ်တွေ ပုံမှန်ဖြစ်မနေဘူးဆိုတာ သေချာတယ်...မင်းလေး အရမ်းအသဲမာတယ် တိမ်လွှာရယ်