ကမ်းပြိုအနမ်း
''ကိုမဂ္ဂမိုးသောက် အထဲမှာ ရှိလား ''
မဂ္ဂကျောက်မျက်ရတနာကုမ္ပဏီအတွင်းသို့
မယ်ယဥ်ကျေး စိတ်ဆိုးမာန်ဆိုးဖြင့် တစ်ယောက်တည်း လာခဲ့သည်။ အခုချိန် မဂ္ဂမိုးသောက် မျက်နှာကို ကုတ်ဆွဲပစ်လိုက်ချင်သည့်စိတ်က တဖွားဖွား။
အတွင်းရေးမှူးထိုင်ခုံတွင် ထိုင်နေသော လူငယ်တစ်ယောက်ကို မေးလိုက်တော့ သူက အံ့သြစွာ မယ်ယဥ်ကျေးကို ကြောင်ကြည့်နေပြီးမှ တစ်ခုခု သဘောပေါက်သွားကာ ခေါင်းကို ပြုတ်ထွက်မတတ် ညိတ်ပြသည်။
''ဒို့ ဝင်သွားလိုက်မယ်''
အခြားသူဆို တွေ့ဖို့ အကြောင်းအရင်ကြားပြီးမှ
ဝင်ခိုင်းမှာ ဖြစ်သော်လည်း အခုက Boss၏ အိမ်သူသက်ထား ဖြစ်လာမည့်သူမို့လို့ မတားရဲချေ။
Boss ခဏခဏ ကြွားလုံးထုတ်နေတုန်းက
ပိုရန်ကော ဆိုတဲ့ အတွေးမျိုး တွေးမိပေမယ့် အခု မျက်စိရှေ့တည့်တည့် Bossကောင်မလေးကို
တွေ့လိုက်ရတော့ ခေတ္တခဏ ငေးမောမိသွားသည်။ Bossသာ သိရင် ရဲရင့် အသတ်ခံရမှာ။ Bossကြွေလည်း ကြွေချင်စရာလေးကိုး။
မယ်ယဥ်ကျေး ဒေါသတကြီး သူ့အခန်းထဲ ဝင်သွားလိုက်တော့ စာရွက်စာတမ်းတွေ လက်မှတ်ထိုးနေသည့် မဂ္ဂမိုးသောက်က သူမကို ကြောင်ကြည့်နေပြီးမှ အံ့သြသွားသလို မတ်တပ်ထရပ်လိုက်ကာ
''မယ်လေးက ကျုပ့်ဆီ လာတယ်''
''ဘယ်သူ့မှ အားအားယားယား လာချင်လို့ လာတာ မဟုတ်ဘူး ၊ ရှင် ဘာလုပ်ထားတာလဲ ဆိုတာ ရှင့်ကိုယ်ရှင် အသိဆုံးဖြစ်မှာပါ''
''ကျုပ် ဘာလုပ်မိလို့လဲ''
သူ မသိသလို လုပ်နေတဲ့ ပုံစံကို ကြည့်ပြီး
မယ်ယဥ်ကျေး အောက်နှုတ်ခမ်းကို ဖိကိုက်၍
''မနက်က အန်တီက ဘာလို့ အိမ်ကို လာပြီး ရှင်နဲ့ ကျွန်မကို အမြန်ဆုံး လက်ထပ်ပေးချင်ကြောင်း
လာပြောသွားတာလဲ၊ ရှင့်လက်ချက် မဟုတ်ဘူးလို့ မငြင်းနဲ့နော်၊ အဲ့လို ညစ်တတ်တာ ရှင့်ညဏ် ဆိုတာ ကျွန်မ သိတယ် ''
''အော် ဒီကိစ္စလား၊ အဟက် ကျုပ်က ဘာများလဲလို့၊ ကျုပ်က ခင်ဗျားကို အမြဲလက်ထပ်ချင်နေတဲ့ကောင်လေ၊ မာမီ့ကို အပူကပ်တာ ဆန်းသလားဗျာ''
ဘာမှမဖြစ်သလို အေးအေးဆေးဆေး ဆိုနိုင်သည့် မဂ္ဂမိုးသောက်ကို မယ်ယဥ်ကျေး တစ်ခုခု လုပ်ပစ်လိုက်ချင်သည်။
''ကျွန်မ ရှင့်ကို မယူဘူးလို့ ပြောထားပြီးသားနော်၊
အဲ့လို ဒေါသကြီးတတ်တဲ့လူကိုလည်း ကျွန်မ
မကြိုက်ဘူး၊ လူကြီးလူကောင်းမဆန်တာကိုလည်း ကျွန်မမကြိုက်ဘူး၊ မိဘတွေ အားကိုးနဲ့ လုပ်ချင်တိုင်း လုပ်နေတာကိုလည်း ကျွန်မ မကြိုက်ဘူး''
''ကုန်ပြီလား ရှိသေးရင် ဆက်ပြောလို့ ရသေးတယ်၊ ကျုပ့်ကို လူကြီးလူကောင်း မဆန်ဘူး ဆိုတော့ ခင်ဗျားအကောင်က အရမ်းကို ဂုဏ်သိက္ခာ ရှိနေတယ်ပေါ့''
''ရှင် ကိုစည်သူကို ဘာမှ ပြောနေစရာ မလိုဘူး၊ သူနဲ့လည်း ဘာမှ မဆိုင်ဘူး ဆိုတာ ရှင့်ကို ပြောပြီးသား''
''အဲ့ဒါတွေ ကျုပ် မသိဘူး၊ အခုချိန် ကျုပ် သိတာ တစ်ခုက ခင်ဗျားကို စောက်ရမ်းချစ်တယ် ဆိုတာပဲ ''
''အရူး''
''ခင်ဗျားကို ချစ်လို့ ရူးသွားတဲ့ အချစ်ရူးလေးပါ၊
ဒါကို ခင်ဗျားအချစ်တွေနဲ့ မကုပေးချင်ဘူးလား''
''ဘယ်လိုပဲရူးရူး အရူးက အရူးပဲ၊ ရှင့်ကို ပြောနေရတာလည်း အာပဲပေါက်သွားမယ်၊ ထူးလာမှာလည်း မဟုတ်ဘူး၊ ကျွန်မကတော့ ငြင်းပြီးရင်း ငြင်းရမှာပဲ''
''ငြင်း! စိတ်ကြိုက် ငြင်း၊ ကျုပ်ကလည်း ခင်ဗျားကို အပိုင်ရမှ ကျေနပ်မယ့်အကောင်''
''ကျွန်မ ရှင့်ကို မချစ်ဘူးလို့ ပြောနေတာ မရှင်းသေးဘူးလား''
''ရှင်းတယ် ကျုပ်က ရှင်းတယ်၊ မရှင်းတာက ခင်ဗျား ၊ ကျုပ့်မိန်းမလုပ်လို့ ပြောနေတာ ဘယ်နှခါ ရှိပြီလဲ၊ အခုထိ သဘောမပေါက်သေးဘူးလား''
မဂ္ဂမိုးသောက် စကားကို အမြဲ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်မှန်း သိပြီးသား ဖြစ်သော်လည်း သူ့စကား ကြားတိုင်း အမြဲ ရင်ဖိုနေရသည်။
''ပြောတုန်းကတော့ အတင်းအကြပ် မလုပ်ချင်ဘူးဆို၊ အခုက ဘာလို့ မိဘတွေဆီမှာ အပူကပ်နေရတာလဲ''
''ခင်ဗျားကို စိတ်မချတော့လို့ပေါ့''
''စိတ်မချရအောင် ကျွန်မက ကလေး မဟုတ်ဘူး''
''ကလေး မဟုတ်လို့ပေါ့၊ ကလေးလေးသာဆို တင်ပါးကို ဗြန်းခနဲ ရိုက်ချလိုက်ပြီ၊ နားလည်လား''
''အို ရှင်..''
စကားအနိုင်လုတိုင်း သူ့ကို ဘယ်တုန်းကမှ မနိုင်မှန်း သိရက်နဲ့ စပြောမိတာ သူမ အပြစ်။ ဘယ်ဥက မွေးလာလို့ ဒီလောက်ထိ ဘုကလန့်နိုင်ရတာလဲ မသိ။
❤❤
''ဟဲလို မရေ''
''ဟယ် သွေး ကြည့်စမ်း ဒီကောင်လေး မြန်မာပြည် ပြန်ရောက်နေတာတောင် မပြောဘူး ကြည့်စမ်း ''
မယ်ယဥ်ကျေး ကိုယ့်မောင်လေးလို ချစ်ခင်ရသည့် သွေးနီက ရုတ်တရက် ကိုယ်အရှေ့ ရောက်လာတာမို့ အံ့သြဝမ်းသာဖြစ်ရသည်။ ဒီကလေးနဲ့ မတွေ့ရတာ တော်တော်ကို ကြာနေပြီမလား။ အခု ပြန်တွေ့ရတော့ အရမ်းကို ဝမ်းသာနေမိသည်။
''ကျွန်တော် ပြန်လာချင်တာ ကြာလှပြီ၊ ဒါပေမယ့် အခုတော့ မပြန်မဖြစ် ပြန်လာရတော့မှာမို့ ပြန်လာခဲ့တာ''
''အမယ် ငါ့မောင်လေး စကားက အဆန်းပါလား၊ ပြောပါအုံး အမြန်ဆုံး ပြန်လာရတဲ့အကြောင်းလေး''
''မပြောပြပါဘူး''
''အဟက် သွေးနီနော် သွေးနီ ဘယ်က ကောင်မလေးကြောင့် အစောကြီး ပြန်လာတာပါလိမ့်''
*မ ကြောင့်၊ မကို ချစ်လို့ ၊ မကို အဆုံးအရှုံးမခံချင်လို့*
သွေးနီ မယ်ယဥ်ကျေးကို အမြတ်အနိုး ကြည့်နေပေမယ့် ရင်ဘတ်ထဲက စကားတွေက အပြင်သို့ ထွက်ကျမလာ။
''မဟုတ်ဘူး၊ ဒီတိုင်းပဲ''
''အမယ် ရှက်နေတာလား၊ သွေး သဘောကျရတဲ့ ကောင်မလေးကို တွေ့ရင် ဒို့ကိုယ်တိုင် လိုက်တွေ့ပေးမှာ၊ ရဲရဲသာပြော မပူနဲ့''
''မဟုတ်ပါဘူးဆိုဗျာ''
ကျွန်တော်က ငြင်းတော့ မမက သွားလေးတွေပေါ်လာအောင် ရယ်မောလာသည်။ ထိုအမူအရာလေးကို မြတ်နိုးစွာ အသက်ရှုတာ ရပ်သွားမတတ် ငေးမောနေမိသည်။
''ကျွန်တော့်ကိုသာ ပြောနေတာ မမကရော သတင်းတွေ ကြားတယ်နော်''
''ဟင့် ဘာကိုလဲ ''
မသိချင်ယောင်ဆောင်ကာ မျက်ဆံလေးဝင့်ပြရင်း ပြောနေတဲ့ မယ်ယဥ်ကျေးကို သွေးနီ ချစ်မိတာ
မဆန်းပါဘူး၊၊ မဟုတ်ဘူး မမနဲ့ စကားပြောဖူးသူတိုင်း မမကို မချစ်မိတဲ့သူ တစ်ယောက်မှ မရှိ။
မချစ်မိဘူး ဆိုရင်တောင်မှ ထူးဆန်းနေအုံးမည်။
''ညာလည်း မတတ်ပဲနဲ့၊ မမဘဲကြီးနဲ့ မမကို ပေးစားကြတော့မလို့ဆို''
''အယ် ဒါက မိဘတွေ သဘောဆန္ဒလေ၊ ငါ့ဆန္ဒမှ မဟုတ်တာ''
''မမဘဲကြီးက မမိုက်ပါဘူးဗျာ''
''သွေးက သူကဘယ်သူလဲ ဆိုတာ သိလို့လား''
''နိုင်ငံခြားမှာ မမ သတင်းတွေကိုအမြဲ စုံစမ်းနေတဲ့ကောင်ပါဗျ၊ မမဘဲကြီးက မဂ္ဂမိုးသောက်မလား၊ ဒီဘဲဲကြီးက တကယ့် Playboyနော်''
''သိတယ် သိလို့ ငါ လက်မခံသေးတာပေါ့''
''လက်မခံသေးဘူး ဆိုတော့ လက်ခံဖို့ အစီအစဥ် ရှိတာပေါ့ အဲ့လိုလား''
''ဟာ သွေးနော် ဘာတွေ လာမေးနေတာလဲ၊ ကလေးက ကလေးလိုနေစမ်း''
''ကျွန်တော့်ကိုဆို အမြဲ ကလေးပဲ မြင်တယ်၊ ကျွန်တော်က အရွယ်ရောက်ပြီးသားယောကျ်ားတစ်ယောက်ပါ၊ မိန်းကလေးတစ်ယောက်ကိုတောင် လုပ်ကျွေးနိုင်တဲ့လူ ဖြစ်နေပါပြီဗျ''
''ဟားဟား ကလေးက ကလေးပဲ၊ မယုံဘူး ဟွန့် ''
ကိုယ့်အရှေ့မှာ စိတ်ရှိလက်ရှိ ရယ်မောနေသည့် မကို ပိုင်ဆိုင်ချင်သည်။ မမက မဂ္ဂမိုးသောက်နဲ့ ယူတော့မယ်လို့ သတင်းကြားကတည်းက လူက ဟိုမှာ ဘယ်လိုမှ နေမကျတော့။ အမြန် ပြန်လာဖို့ လုပ်ရင်း အလုပ်ကိစ္စတွေလည်း အပြတ်ဖြတ်ခဲ့ရတာမို့
ဤမျှ ကြာသွားရသည်။ မ မျက်ဝန်းတွေထဲက တစ်စုံတစ်ရာကို ရိပ်မိခဲ့တာမို့ စိုးရိပ်ပူပန်မိသည်။ မက ဟိုဘဲကြီးကို ချစ်မိသွားခဲ့တာလား။ ဟိုဘဲကြီးကတော့ မကို မချစ်မိပဲနေမှာမဟုတ်။
*ကျွန်တော် မြန်မာပြည် ပြန်ခဲ့တာ မနဲ့ဟိုဘဲကြီးကို ခွဲမလို့*
❤❤
သွေးနီ မဂ္ဂမိုးသောက်အိမ်ကို စောင့်ကြည့်နေတာ တစ်ပတ်ခန့် ရှိပြီ။ ကမ္ဘာမှာ မဂ္ဂမိုးသောက်သာ
မရှိတော့ဘူးဆိုရင် မမအချစ်ကို ရနိုင်ဖို့ အခွင့်အရေး ပိုရှိမည်လေ။ ထိုစဥ် လွယ်အိတ်လေးကိုလွယ်၍ ထိုခြံထဲက ထွက်လာသော ကောင်မလေးကို မြင်လိုက်တော့ ပထမဦးစွာ အံ့သြမင်သက်ဖြစ်ရပြီး အတွေးတစ်ခုကို တွေးမိလိုက်တော့ နှုတ်ခမ်းပါးက ကောက်ကျစ်စွာ ကွေးညွတ်လာသည်။
သွေးနီ ဂျာဆိုင်းရွယ် ဆိုတဲ့ ကောင်မလေးဆီသို့ အနောက်က အတင်းပြေးလိုက်သွားပြီး
''ဟေ့''
''ဟင်''
''မှတ်မိလား''
ဂျာဆိုင်းရွယ် သူမအရှေ့က လူကို အံ့သြစွာ
ကြောင်ကြည့်နေပြီးမှ အသ်ိဝင်လာကာ ခေါင်းကို ပြုတ်ထွက်မတတ် ညိတ်ပြသည်။
''ဟုတ် ဟုတ်ကဲ့ ''
''မင်းနာမည်က''
''ဂျာဆိုင်းရွယ်ပါ''
''အဆန်းပဲ ထားပါတော့ မင်းက ဒီအိမ်နဲ့ ဘယ်လို ပတ်သက်တာလဲ''
''ဟင် ဘာကိုလဲ ''
''အော် ဒီအိမ်က မဂ္ဂမိုးသောက်နဲ့ ဘယ်လို ပတ်သက်တာလဲလို့''
''ဟုတ် အကိုကြီးက ဆိုင်းရဲ့ ကျေးဇူးရှင်ပါ၊ ဆိုင်းရဲ့ မိဘတွေက ဆုံးသွားပြီလေ၊ အကိုကြီးက သနားပြီး ဆိုင်းကို ခေါ်လာခဲ့တာ''
''အော် ''
ကောင်မလေး ပုံစံက ထုံထုံအအလေးမို့ လှည့်စားဖို့ သိပ်မခက်မှန်း သတိထားမိသည်။ ကောင်မလေးကလည်း ဟိုတစ်ပတ်က သူမကို ကယ်ပေးထားတာကို ကြွေနေပုံရသည်။ တခို့တရို့ မော့မော့ကြည့်ပြီး သူ့ကိုယ်သူ မလုံမလဲ ဖြစ်နေပုံရသည်။
သူမကို လှည့်စားပြီး မဂ္ဂမိုးသောက်နဲ့ မယ်ယဥ်ကျေးကို အပြီးခွဲရမည်။
''ဘယ်ကို သွားမှာလဲ''
''ကျူရှင်''
''မင်းကို ဟိုကောင်တွေ အနိုင်မကျင့်တော့ဘူးလား''
''ဟင့်အင်း ဆိုင်းကို အကို ကယ်ပြီးကတည်းက
အခုထိ ဆိုင်းအရှေ့ကိုတောင် သူတို့ မလာရဲတော့ဘူး ဟီး''
''အဲ့တော့ ငါ့ကို ကျေးဇူးဆပ်ဖို့ မစဥ်းစားတော့ဘူးလား''
''ရှင့် ဆိုင်းက ဘယ်လို ကျေးဇူးဆပ်ရမှာလဲဟင်''
''အဟက် နောက်မှ ပြောပြမယ်''
ဆိုင်းကို နားလည်ခက်အောင် ပြောပြီး လှည့်ထွက်သွားသော အကို့ကို ကြည့်ပြီး သူမ ခေါင်းလေးကုတ်ကာ ကျန်ခဲ့ရသည်။ ဘယ်လို လျိုဝှက်ချက်တွေနဲ့ လူပါလား။
❤❤
*ကြည့် ဘယ်လိုပြောပြော အမှတ်မရှိတဲ့လူ ဆိုတာ ကမ္ဘာပေါ်မှာ မဂ္ဂမိုးသောက်တစ်ယောက်ပဲ ရှိမယ်*
အခုလည်း ချော့ပါသည် ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ကို ချောင်းပေါက်မတတ် လာနေတာ ကြာတော့ မားမားကတောင် ရိပ်မိလာပြီ။ တစ်စက်ကလေးမှ အနေအထိုင် မတတ်တဲ့လူ။ သူ အိမ်လာတိုင်း
မားမားတို့က စိတ်ချလက်ချ မယ်လေးကို ထားသွားခဲ့ကြသည်။ ဟွန့် မယ်လေးအတွက် စိတ်မချရဆုံးသူက မဂ္ဂမိုးသောက် ဆိုတာ မားမားတို့မသိလို့။
''စားပါ မယ်လေးရာ၊ ကျုပ်က သလဲသီး မယ်လေး ကြိုက်တယ် ဆိုလို့ တကူးတက သွားဝယ်ထားရတာနော်''
သလဲသီးလေးဆွဲပြီး အိမ်ထဲသို့ ရောက်ချလာကာ မီးဖိုခန်းထဲ သူ့ဘာသူ ဝင်၍ သလဲသီးကိုခွဲကာ ပန်းကန်လုံးလေးထဲ ထည့်ပြီး သူ့အိမ်သူ့ယာလို သဘောထားလုပ်နေတာ အမြင်ကပ်ချင်စရာ။
''ဘယ်သူ့မှ အတင်းသွားမဝယ်ခိုင်းဘူး''
''ဟုတ်ပါတယ် ကျုပ်က ခင်ဗျား စားစေချင်လို့၊
ပြီးတော့ ကျုပ့်ကို ဆက်ပြီး စိတ်မကောက်နဲ့တော့လို့၊ ခင်ဗျား ကျုပ့်ကို စိတ်ကောက်ရင် မနေတတ်ဘူး ၊ ရင်ဘတ်ထဲမှာ ယားကျိယားကျိနဲ့ အကောင်တစ်ကောင် ပြေးနေသလိုကြီးဗျ''
''အဲ့ဒါ မြွေလေ ၊ ရှင့်ကို အမြင်ကတ်လို့ ရင်ဘတ်ထဲ ဝင်သွားတာ နေမှာပေါ့''
''ဟားဟား မယ်လေးက ဟာသပြောတတ်သေးတာပဲ၊ မယ်လေးက အမြဲတမ်း ရုပ်တည်ကြီးနဲ့ နေတော့ ဒီလိုတဖက်ခြမ်းကို မမြင်ဖူးသေးဘူး၊ အရမ်း ချစ်ဖို့ကောင်းတယ်ဗျာ''
အားနေ တော်ကီတွေနဲ့ လာလာချုပ်တတ်လွန်းတဲ့သူ့ကို အမြင်မကြည်စွာ မျက်စောင်းလေးထိုးလိုက်တော့ သူ့ဆီက တဟားဟား အော်ရယ်သံကို ကြားရပြန်သည်။
တစ်အောင့်လောက်ကြာတဲ့အထိ မယ်ယဥ်ကျေး မျက်နှာကို ပေါက်ထွက်မတတ် မျက်လုံးမလွဲ မျက်တောင်မခတ် တစိမ့်စိမ့် ကြည့်နေတော့
မယ်လေး မနေတတ်ဖြစ်ရသည်။ ဟုတ်တယ်လေ
ဒီလိုကြီး လူကို ဘာမှ မပြောပဲ ရွှန်းရွှန်းစားစားကြီး ကြည့်နေတာ မရှက်ပဲ နေမလား။ ရှက်စိတ်ကြောင့် မယ်လေး ပါးနှစ်ဘက်က မီးကင်ထားသည့်ပုစွန်လုံးလေးလို နီရဲလာသည်။ သူက အသက်ရောရှုသေးရဲလားမသိ။
''မယ်လေး ''
''ဟင်''
''ခင်ဗျား ပါးအို့လေးတောင် နီလာပြီ''
''အို့ ရှင်နော်''
မြင်ရင်တောင် မသိချင်ယောင်ဆောင်သွားလိုက်ပါလား၊ ဘာလို့ မရှက်ရှက်အောင် လာပြောနေသေးလဲနော်။ ဘယ်ဘက်ရင်ဘတ်ထဲက နှလုံးသားကလည်း အငြိမ်မနေ ထထခုန်နေလေသည်။
''ပါးမို့မို့လေးကနေ အကြောစိမ်းလေးတွေ မြင်နေရတယ်၊ လှချက်ဗျာ ၊ ကျုပ် ခင်ဗျားကို တမွှေးလောက် မွှေးချင်လိုက်တာ''
''အာ ရှင် ၊ စကားကို ဘယ်လိုကြီး ပြောနေတာလဲ၊ ရှင် ကျွန်မကို လာချော့တာမှ ဟုတ်ရဲ့လား၊ ထပ်ပြီး စိတ်ကောက်အောင်များ ရည်ရွယ်ထားတာလား''
''ခင်ဗျား စိတ်ကောက်ရင် ပြန်ချော့မယ်၊ ကြိုက်သလောက် စိတ်ကောက် ကျုပ်က တစ်သက်လုံး ပြန်ချော့နေမယ်''
''အပိုတွေ ''
''တကယ်ပါဗျ၊ မယ်ယဥ်ကျေး ခင်ဗျားပါးမို့မို့လေးပေါ်မှာ ဝက်ခြံလေးမတက်လာဘူးလား? ညက ကျုပ် ခင်ဗျားဓာတ်ပုံလေးကို ခိုးနမ်းမိလိုက်လို့😘''
''ရှင် ဆက်ပြောနေရင် သွားတော့ ပြန်တော့''
''မယ်လေးက မကြင်လို့ နှင်ရက်ပေမယ့် ကျုပ်က ချစ်လို့ အာဘွားပေးချင်တယ်''
''ဟာ ဒီလူ''
မယ်လေး ရှက်ရွံစွာ အနားက တစ်ရှူးဘူးလေးနဲ့ ကောက်ပေါက်တော့ သူက ပြုံးရယ်ကာ အသေအချာ ဖမ်း၍ ပြောင်စပ်စပ်ဖြင့် လှည့်ကြည့်
လှည့်ကြည့် ထွက်သွားလေသည်။
*ဘယ်လို လူလဲ*
❤❤
ဆက်ရန်
Shareခြင်းဖြင့်အားပေးပါ
#MonePannMyau