book

ကမ်းပြို အနမ်း

Romance, Drama

Read Book
  • Author : Mone Pann Myau (Shin Hlwan Mal)
  • Genres : Romance, Drama
  • Release : 27 Sep 2022
  • Language : Burmese
  • Type : Original
  • Total chapter : 33
  • Total subscriber : 0
  • Rating :
  • Status : completed

ကမ်းပြိုအနမ်း


အင်းဝခေတ်


''ကျွန်ုပ် အသင့်ကို မုန်းလိုက်တာ၊  ကျွန်ုပ်စောဒေဝီ အသင့်ကို ကျိန်စာတိုက်တယ်၊ နောက်များဘဝအဆက်ဆက်မှာ ကျွန်ုပ် အသင့်ကို အမုန်းကြီးမုန်းနေရပါစေ၊ ကျွန်ုပ်မေတ္တာကို စော်ကားခဲ့တဲ့ အသင့်ကို ကျွန်ုပ်ခြေတော်ရင်း၌ ဘဝဆက်တိုင်းမှာ ဝပ်တွားရပါစေ ဒါဟာ ကျွန်ုပ်စောဒေဝီက ဗညားမင်းထင်ကို တိုက်တဲ့ ကျိန်စာပဲ..''


စောဒေီက အငြိုးလည်း ကြီးသလို အမျက်လည်း ကြီးသည်။ အခြားသူတွေ မသိခဲ့တာက သူမဟာ အမျက်လည်းကြီးသလို အချစ်လည်းကြီးခဲ့သည်။ အဲ့ဒီ အချစ်ကပဲ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ကွဲစေ ခွဲစေခဲ့သည်..။ စောဒေဝီဟာ ကျိန်စာတိုက်ပြီး သူမ၏ချစ်သူမောင် ဗညားမင်းထင်  ပေးခဲ့သည့် ဓားမြောင်လေးနဲ့ သူ့ရင်ဘတ်သူ ထိုးစိုက်ချလိုက်သည်။ နှလုံးသားထဲက သွေးနီတွေဟာ တစိမ့်စိမ့် စီးကျလာသည်မှာ မြင်ရက်ဖွယ်မရှိခဲ့..။


ပုဂံပြည်ကြီး ကုန်ဆုံးပြီးနောက် အင်းဝမြို့ကို အခြေတည်ကာ တည်ထောင်ခဲ့သည်။ အင်းဝခေတ်တွင် သူရဲကောင်း အမြောက်အများ ပေါ်ထွန်းခဲ့သလို စာဆိုတော်တွေဟာလည်း အများအပြား ပေါ်ထွက်လာခဲ့သည်။ အင်းဝခေတ်ကို နှင်းကျသည် အင်းဝတည် ဆိုသော ၇၂၆ခုနှစ်၍ တည်ခဲ့သည်။


အင်းဝမြို့ကို တည်ခဲ့သော သတိုးမင်းဖျား ဖြစ်လေသည််။ 


အင်းဝဘုရင်ကြီးက အ​မြော်အမြင်ကြီးကာ မြို့ရိုး၃ခု ဆောက်လုပ်ခဲ့သည်။ အတွင်း​မြို့ရိုး၊ စည်တိုပုံ မြို့ရိုး၊ အပြင်မြို့ရိုး တို့ရှိခဲ့သည်။ 


ဗညားမင်းထင်သည် စည်တိုပုံမြို့ရိုးကို ကြီးကြပ်ရသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ထိုစည်တိုပုံမြို့ရိုးအနီး ဥတည်မြို့နယ်စားကြီး၏ တစ်ဦးတည်းသော သမီး စောဒေဝီဟာ လှလည်းလှသလို မာန်မာနလည်း ကြီးသည့်မိန်းမပျိုလေးတစ်ဦးလည်း ရှိသည်။ 


ဗညားမင်းထင်က မြို့ရိုးအနီး လုံခြုံမှုကို တိုးမြင့်ရန် တနေ့ မြို့ရိုးကို ၃ခါ ပတ်သည်။ ဥတည်မြို့နယ်စားကြီး၏သမီးတော် စောဒေဝီဟာလည်း မယ်နုအုတ်ကျောင်း၏အရှေ့ဘက် ထီးလှိုင်ရှင်စေတီ၌ နေ့တိုင်း ဘုရားလာကန်တော့တတ်သည်။


ဤသို့ဖြင့် တနေ့တွင် ဗညားမင်းထင်ဟာ စောဒေဝီကို မြင်မြင်ချင်း ချစ်မြတ်နိုးပြီး သူမ လာနေကျ အချိန်ကို စောင့်ကာ နေ့တိုင်း စောင့်ကြည့်နေတတ်သည်။ မာန်မာန ကြီးမားသော စောဒေဝီဟာ ယောကျ်ားပျိုတစ်ယောက်၏ အကြည့်ကို ခံရခြင်းကို ရွှေစိတ်တော်မချမ်းမြေ့ဖြစ်ရသည်။


ရံရွှေတော်တွေ ခြံရံကာ လာနေကျလမ်းအနီးက သစ်ပင်ကို မှီကာ သူမမျက်နှာအား တစိမ့်စိမ့် ကြည့်နေတတ်သည့် ထိုလုလင်အား


''ဒီမယ် ကျွန်ုပ်မျက်နှာကို အသင်က မော်ဖူးချင်တိုင်း မော်ဖူးခွင့် ရှိမည် ထင်ရော့သလား၊ ကျွန်ုပ်ဟာ အင်းဝဘုရင်ကို ခစားနေတဲ့ ဥတည်မြို့နယ်စားကြီးရဲ့ သမီးတော် ဖြစ်တယ်၊ ကျွန်ုပ် အသင်၏ မျက်လုံးတွေကို မကြိုက်၊ နောင်များတစ်ခါ ကျွန်ုပ်ကို အသင့်မျက်လုံးများဖြင့် ​ကြည့်မည်ဆိုရင် ကျွန်ုပ်၏ ဖခင်ကို တိုင်တန်းတော့မည်''


''အို အဖြစ်ကြီးလိုက်တာ ၊ ကျုပ်ကလည်း ဟောဒီစည်တိုပုံမြို့ရိုးကို ကြီးကြပ်ရတဲ့လူတစ်ဦးပါ''


''ဘယ်လိုပဲဖြစ်ဖြစ် ကျွန်ုပ်ဖခင်က ဥတည်မြို့ကြီးကို အပိုင်စားရထားတဲ့ နယ်စားမင်းကြီးပါ၊ အသင်အကြောင်း ကျွန်ုပ့်ဖခင်ကို တိုင်တန်းပြီး သုရှင်မင်းကြီးရဲ့ ရွှေနားတော်အထိ ပေါက်ရောက်သွားခဲ့ရင် အသင် ဒုက္ခရောက်လိမ့်မယ်''


''ကျုပ် မကြောက်လေရော့၊ အသင့်မျက်နှာကို မြင်လိုက်ရလျှင်ဖြင့် ကျုပ် ဘာကိုမှမကြောက်တော့''


''အဟင့် ကျွန်ုပ်က အသင့်ကို လူကြီးလူကောင်း မှတ်ယူပေမို့ လာပြောရခြင်းသာ၊ ဒီလို အရှက်သိက္ခာမရှိတဲ့ လူတစ်ယောက်မှန်းသာ သိခဲ့ရင် အသင်နဲ့ အဖက်လုပ်ပြီး စကားတောင် ပြောမှာမဟုတ်''


စောဒေဝီဟာ အများပြောတဲ့အတိုင်း မာန်မာနကြီးသလို ဒေါသလည်းကြီးပုံရသည်။ ဗညားမင်းထင်က စောဒေဝီကို နှလုံးသားအရင်းခံပြီး ချစ်ကြိုက်မိခဲ့လို့ သူမ လာရာလမ်းအတိုင်း စောင့်နေမိတာ ထိုမျှ အပြစ်ကြီးသွားလေသလား။ 


ရွှေပုဝါကို လွှမ်းခြုံကာ အဝတ်အစားတွေကအစ ရွှေကွတ်ပြီး ချုပ်လုပ်ထားသည်။ စောဒေဝီဟာ ရွှေဝါရောင် အရောင်အဆင်းဖြင့် ပြည့်စုံစွာ မွေးဖွားလာသူ ဖြစ်ပြီး အင်းဝဘုရင်ရဲ့ ယုံကြည်ကိုးစားခြင်းခံရသည့် ဥတည်မြို့နယ်စားကြီး၏ သမီးတော်လည်း ဖြစ်သည့်အလျောက် သူမ၏ ဂုဏ်သတင်းသည် မွှေးပျံခမ်းနားလျက်ရှိသည်။ 


သူမ၏ အလှလည်း ကြီးသလို မာန်မာနလည်း ကြီးသည်။ တော်ရုံတန်ရုံလူဆိုရင် လှပသောမျက်လုံးတော်နဲ့တောင် စွေမကြည့်။ အခု ဗညားမင်းထင်ရဲ့ အပြုအမူက ရဲရင့်ရိုင်းစိုင်းလွန်းသည်ဟု သူမ မှတ်ယူလိုက်သည်။


''ကျုပ်ကလည်း အသင့်ကိုမှ ချစ်မြတ်နိုးသွားခဲ့လို့ ဘယ်လိုလုပ်ရပါ့''


''အို ပြောလေဆိုးလေပါပေါ့လား၊ အသင့်ကများ ကျွန်ုပ်ကို ရာရာစစ ပြောရဲတယ်ပေါ့ ငမိုက်သား''


စောဒေဝီဟာ အမျက်ထွက်သလို မျက်လုံးသားတွေဟာ နီရဲခက်ထန်လာသည်။ ဒေါသလည်းထွက် အနောက်က ရံရွေတော်တွေလည်း ရှိတာမို့ အရှက်ကွဲသလို ခံစားရသည်။ ဒီ ဘာမဟုတ်တဲ့ မြို့ရိုးစောင့်တဲ့လူဆီက ပိုးပန်းစကား ကြားရတာ သူမသိက္ခာကို စော်ကားသလို ခံစားလိုက်ရသည်။


စောဒေဝီရဲ့ ရံရွေတော်တွေဟာ သူမတို့သခင်မကို


''သခင်မလေး ဒေါသလျော့ပါ ၊ သခင်ကြီးက ဘုရားကန်တော့ပြီးတာနဲ့ အမြန် ပြန်ခဲ့ဖို့ စကားပါးလိုက်ပါတယ်''


''အေး ''


စောဒေဝီ ဗညားမင်းထင်ကို ကြည့်ပြီး မတူသလိုမတန်သလို နှုတ်ခမ်းလေး ရွဲ့စောင်း၍ ထွက်သွားလေသည်။ အဆင့်အတန်းမြင့်သည့် အမျိုးသမီးလေးဟာ ရွှေဆံထုံး၊ ရွှေဘယက်၊ ရွှေနားဆွဲ၊ ရွှေပဝါတို့ကို လွှမ်းခြုံကာ ရံရွေတော်တွေ ခြံရံ၍ ထွက်သွားလေသည်။


ဗညားမင်းထင်ဟာစောဒေဝီ၏ ကျောပြင်လေးကို ကြည့်၍ သက်ပြင်းလေးချကာ စည်တိုပုံမြို့ရိုးသို့ ပြန်သွားလေသည်..။


''ကျွန်ုပ် အသင့်ကို မုန်းလိုက်တာ၊  ကျွန်ုပ်စောဒေဝီ အသင့်ကို ကျိန်စာတိုက်တယ်၊ နောက်များဘဝအဆက်ဆက်မှာ ကျွန်ုပ် အသင့်ကို အမုန်းကြီးမုန်းနေရပါစေ၊ ကျွန်ုပ်မေတ္တာကို စော်ကားခဲ့တဲ့ အသင့်ကို ကျွန်ုပ်ခြေတော်ရင်း၌ ဘဝဆက်တိုင်းမှာ ဝပ်တွားရပါစေ ဒါဟာ ကျွန်ုပ်စောဒေဝီက ဗညားမင်းထင်ကို တိုက်တဲ့ ကျိန်စာပဲ..''


အားးး


အိပ်ယာကနေ လန့်နိုးထလာသော ဓူဝံအက္ခရာ။ အိပ်မက်...  အိပ်မက်မက်ပြန်ပြီ ။ ဒီအိပ်မက်က ဘာလို့ အမြဲတမ်း မက်နေရတာလဲ။ အိပ်မက်တွေထဲမှာ အမြဲမြင်နေရတဲ့ အမျိုးသမီးက ဘယ်သူလဲထိုအမျိုးသမီးရဲ့ ဝိုင်းစက်နေသော မျက်လုံးတွေထဲက အမုန်းမီးစများ မြင်ရရင် ဓူဝံအက္ခရာက အဆီမဆိုင် နာကျင်ရသည်။ 


၁၆နှစ်ကတည်းက မြင်မက်လာခဲ့တဲ့ အိပ်မက်.. အခုဆို ဂူးဂူးက ၂၁နှစ်တောင် ဖြစ်လာခဲ့ပြီ။ ၅နှစ်လုံးလုံး မြင်မက်ခဲ့သည့် အိပ်မက်က ဒီတမျိုးတည်း။ အိပ်မက်နဲ့ သူနဲ့ ဘာများ ပတ်သက်နေပါလိမ့်။ မာမီမယ်ယဥ်ကျေးနဲ့ဒယ်ဒီမဂ္ဂမိုးသောက်ကို ပြောပြတော့ အံသြတကြီး ဖြစ်နေကြသည်။ 


ပိုပြီး ထူးဆန်းတာက အိပ်မက်ထဲက အမျိုးသား ဗညားမင်းထင်က ဓူဝံအက္ခရာနဲ့ တရုပ်တည်းပင်။ ဒါဆို စောဒေဝီက ဘယ်သူများလဲ။ ဘာကြောင့် ဒီလို အိပ်မက်မျိုး နှစ်ရှည်စွဲမက်နေရတာလဲ။ စောဒေဝီ ဆိုသည့် အမျိုးသမီးရဲ့ကျိန်စာရွတ်သံ ကြားရင် အမြဲလိုလို အိပ်ယာက လန့်နိုးလာတတ်သည်။ နိုးလာတာနဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေက အလိုလို စီးကျနေသည်။


အိပ်ယာနိုးတာနဲ့ ရေမိုးချိုးသန့်စင်ကာ မီးဖိုခန်းထဲ ဝင်လာတော့ မယ်ယဥ်ကျေး နွေးထွေးစွာ ပြုံးပြလာသည်။ မေမေက အခုမှ အသက်၄၀ အနားကပ်တာ။ အခုထိ လှနေတုန်း။ မာမီကိုလည်း အခုထိ ဒယ်ဒီမဂ္ဂမိုးသောက်က သည်းသည်းလှုပ်နေတုန်းလေ။


''မာမီ''


''သား လာထိုင် သားအကြိုက် ခေါက်ဆွဲလေးကြော်ပေးထားတယ်၊ လက်ဖက်ရည်လေးသောက်အုံး''


မယ်ယဥ်ကျေးက ပြောလည်းပြော သူမသားအတွက် ခေါက်ဆွဲပန်းကန်လေး လာချပေးကာ လက်ဖက်ရည်လေးပါအလှခွက်လေးထဲ အဆင့်သင့် ထည့်ပေးသည်။ ထမင်းစားပွဲထိပ်ဆုံး၌ ဒယ်ဒီက Laptopနှိပ်ရင်း ကော်ဖီကို စတိုင်ကျကျသောက်နေလေသည်။ 


''မယ်လေး ဒီကောင့်ကို အစအဆုံး မလုပ်ပေးနဲ့၊ ဒီကောင်က လက်ဖက်ရည် မသောက်တော့ဘူး ''


''ဟင် ဘာလို့လဲ မောင်ရဲ့ ၊ မယ်လေး နေ့တိုင်း လုပ်ပေးနေကျကို''


ဒယ်ဒီဆီက အသံထွက်လာတော့ မာမီနောက်ကွယ်ကနေ လက်အုပ်လေးချီပြ၍ သနားကမားပုံလေး လုပ်ပြလိုက်သည်။ ဓူဝံက မိဘရှေ့မှာဆို ကြောင်လေး၊ မိဘနောက်ကွယ်မှာဆို ကျား။


မနေ့က သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်မှာ Whiskey မော့ချနေတုန်း ဒယ်ဒီနဲ့ တန်းတိုးသည်။ မာမီမေးတုန်းကဆို ''သားက ဘာလို့ အရက်သောက်ရမှာလဲ သားက အမေ့စကား နားထောင်တဲ့သားပါ၊ အရက်တွေ ဆေးလိပ်တွေ ဝေးဝေးကရှောင်တယ်'' ဆိုပြီး အမေ မေးတိုင်း ဖြေနေကျ။


နောက်ကွယ်မှာတော့ စိတ်ထင်သလို လျှောက်လုပ်ပြစ်သည်။ အနာဂတ်မရှိတဲ့ လူငယ်တစ်ယောက်လိုတော့ မဟုတ်ဘူး ။ ဒီအသက်အရွယ်လေးမှာ စူးစမ်း စမ်းသပ်ချင်တဲ့ စိတ်နဲ့ စိတ်ထင်တိုင်းကြဲတာ။ 


တစ်ခုခုဆို ဓူဝံ ဖြစ်ခဲ့တဲ့ ပြဿနာမှန်သမျှ ဒယ်ဒီက မာမီမသိအောင် လက်စလက်နမကျန် အကုန်  ရှင်းတတ်သည်။ ဒါ​ကြောင့် မာမီက အခုထိ သူ့ကို လိမ္မာတဲ့ကလေးလို မြင်တုန်း။ ဒယ်ဒီက သူ့ပြဿနာတွေ ရှင်းပေး ပြီးတိုင်း ''မင်းမာမီ မင်းကြောင့် ငိုရရင် အိမ်ပေါ်က ဆင်းရပြီမှတ်'' ဆိုပြီး မွေးသဖခင်ကျေးဇူးရှင်က အမြဲ ခြိမ်းခြောက်သည်။


ဓူဝံအက္ခရာ အမူအရာနဲ့ လုပ်ပြနေတာကို မဂ္ဂမိုးသောက် တန်းသိတော့ ဘာမှ ဆက်မပြောတော့ပဲ သူ့အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။ 


''သားလေး ဖြည်းဖြည်း စား''


''မယ်လေး ခင်ဗျားသား လူကြီးဖြစ်ပြီ၊ ဂရုစိုက်ပေးချင်ပေး ကျုပ့်ကိုပဲ ပေးရမှာ''


''မောင် ကလေးရှေ့မှာ ဘာတွေပြောနေတာလဲ ''


မဂ္ဂမိုးသောက် မယ်ယဥ်ကျေးကို ကြည်နူးစိတ်ထြင့် နူးညံစွာ ကြည့်လာပြီး ဓူဝံကိုတော့ မျက်မောင်းလေး မသိမသာကြုတ်ကာ 


''ဟေ့ကောင် မင်း Jewellryဘက်ကို ဘယ်တော့ ခြေဦးလှည့်မှာလဲ၊ ငါက အလုပ်ခိုင်းရင် Car Showroomဘက်ကိုပဲ ရောက်ရောက်သွားတယ်နော် မင်း၊ မင်း ဆက်ခံရမှာက အဲ့ဒီတစ်ခုတည်း မဟုတ်ဘူး၊ Treasureဘက်ကိုလည်း နည်းနည်းပါးပါး လှည့်ကြည့်ပါအုံး''


''ဒယ်ဒီကလည်းဗျာ သားက Teasureကိုမှ စိတ်မဝင်စားတာ ၊ သားကို အမွေပေးရင် showroom ကိုပဲပေး Jewellery ကိုတော့ ဒယ်ဒီတို့ နောက်ထပ် သမီးတစ်ယောက် မွေးလိုက်ပေါ့၊ အဲ့ဒီကျ သူ့ကိုပေး''


''ဟဲ့ သား''


မာမီက ရှက်ရမ်းရမ်းပြီး ဓူဝံကို လှမ်းတားသည်။ ငယ်ငယ်က တစ်ယောက်တည်း အဖော်မရှိတော့ ညီလေးတွေ ညီမလေးတွေ အများကြီး လိုချင်ခဲ့တာတဲ့။လိုချင်လွန်းလို့ ၃ရက်လောက် မနားတမ်း အော်ငိုပြီး တောင်းသေးတာတဲ့လေ။ အခုတော့ ညီလေးတွေညီမလေးတွေ မရှိတာလည်း ခပ်ကောင်းကောင်းရယ်၊ ဘာကိုမှ ပြိုင်မလုရတော့သလို နားညီးလည်း သက်သာသည်။


''ဓူဝံအက္ခရာ မင်း စကားကို ကွေ့ဝိုက်မပြောနဲ့၊ ညနေကျရင် ငါ့ရုံးခန်းကို လာ ဒါပဲ ''


ဒယ်ဒီက စကားအပြတ်ပြော၍ ထွက်သွားတော့ အမေက ဒယ်ဒီအလုပ်အိတ်ဆွဲလေး ဆွဲကာ နောက်က ထလိုက်သွားသည်။ အလုပ်သွားခါနီး အာဘွားတို့ မွချိတို့ လုပ်ရင်လည်း လုပ်မှာပေါ့။ ဒယ်ဒီအကြောင်း မသိတာမှတ်လို့။ တစ်ခါတုန်းက ဓူဝံလည်း အလိုက်ကန်းဆိုးမသိ ဒယ်ဒီကားသော့ ကျန်ခဲ့လို့ ထလိုက်ပေးလို့ ရင်ဖိုစရာမြင်ကွင်းနဲ့ ​တိုးခဲ့လို့ မနည်းပြန်ပြေးလာရသည်။ ဒယ်ဒီက မရဘူး ဇွတ်။ နောက်ပိုင်းဆို သူတို့ ဘာသာသူတို့ ဘာပဲလုပ်လုပ် ဝေးဝေးက ရှောင်နေတော့တယ်။


❤❤


ဆက်ရန်

Chapter Details Rating Release Date
27 Sep 2022
27 Sep 2022
27 Sep 2022
27 Sep 2022
27 Sep 2022
28 Sep 2022
28 Sep 2022
28 Sep 2022
28 Sep 2022
28 Sep 2022

Page 1 of 4

    Back