ကမ်းပြိုအနမ်း
''မယ်ယဥ်ကျေး ''
''ဟင်''
''ကျုပ် ခရီးက ပြန်လာရင် အဖြေပေးမှာဆို''
''ဟာ မပြောမိပါဘူး၊ ဒါ ရှင့်ဘက်က ပြောတဲ့စကားလေ၊ ကျွန်မ ပြောတာမှ မဟုတ်တာ ''
''ကျုပ်က ခင်ဗျားကို တော်တော် ဖြစ်နေပြီဗျ''
''ဟာ စကားကို ဘယ်လိုကြီး ပြောနေတာလဲ''
''ကျုပ် ခံစားရတဲ့အတိုင်း ပြောတာလေဗျာ၊ ကျုပ်က အရှိကို အရှိတိုင်း ပြောတယ်၊ ခင်ဗျားကသာ
ကိုယ့်ကိုကိုယ်ရော ကျုပ်ကပါ လိမ်နေတာ''
''အလိုတော် စွပ်စွပ်စွဲစွဲ ကျွန်မက ဘယ်မှာ လိမ်နေလို့လဲ''
''ခင်ဗျား ကျုပ်ကို ချစ်ရက်သားနဲ့ ညာနေရတာ အပင်ပန်းဘူးလားဗျာ၊ အဲ့တော့ အပင်အပန်းမခံပဲကျုပ် တစ်ဝကြီး ချစ်ပေးမှာကိုပဲ ဇိမ်နဲ့ခံနေစမ်းပါဗျာ''
''အို ရှင့်ကိုလည်း မချစ်နိုင်ဘူး၊ ယူလည်း မယူဘူး၊ အိမ်ထောင်လည်း မပြုဘူး ၊ ရှင်းပြီလား''
''ရက်စက်တယ်''
မဂ္ဂမိုးသောက် စိတ်မကောင်းသလို မျက်နှာရှုံမဲ့သွားတာကို မယ်ယဥ်ကျေး မြင်တော့ ဘယ်ဘက်ရင်ဘတ်ထဲက အကောင်ငယ်ဟာလည်း နေမကျထိုင်မကျ ဖြစ်လာရသည်။
''ဒရမ်မာတွေ ချိုးမနေနဲ့''
''ကျုပ့်ကို မာယာများတယ်လို့ ပြောချင်တာလား''
''ဒီမှာ ရှင်က Playboyလေ၊ ကျွန်မ မယုံတာ ဆန်းသလား''
''ကျုပ်က Playboy ဟုတ်လား၊ ကျုပ်ဘက်က
ဘယ်မိန်းကလေးကိုမှ အရင်မစခဲ့ဘူး၊ သူတို့ဘက်ကစလို့ ကျုပ်က အလိုက်သင့်လေး နေပေးတာ၊ ကျုပ်က Playboyကြီး ဖြစ်ရောလား''
''အို အစကတည်းက ရှင် မကြိုက်ရင် ငြင်းလေ၊ ရှင်
မိန်းကလေးတွေကို မျှော်လင့်ချက် မပေးသင့်ဘူးလေ''
''သူတို့က ကျုပ့်ဆီမှာ မက်စရာ ရှိလို့ ကပ်ကြတာ၊ လိုချင်တာ ရရော ကျုပ်က ခွဲလိုက်တာနဲ့ သူတို့ဘာသာ သူတို့ ခွာသွားကြတာ''
''ရှင်က မိန်းကလေးတွေကို အထင်သေးတတ်တဲ့ ယောကျ်ားပဲ''
''ဟုတ်တယ် ကျုပ် ဘယ်မိန်းမမှ အထင်မကြီးတတ်ဘူး၊ ခင်ဗျားကလွဲလို့ပေါ့ ကျုပ် တကယ် ခင်ဗျားကို အရမ်းချစ်မိသွားတာ''
''အို တော်ပါ လျှာမှာ အရိုးမရှိတိုင်း လျှောက်မပြောနေနဲ့၊ မိန်းကလေးတွေ ကစားချင်သလို ကစားနေတဲ့ ရှင့်ကို ကျွန်မက ဘယ်လို ယုံရမှာလဲ''
''ဒါဆို ကျုပ် ခင်ဗျား ယုံအောင် ဘာလုပ်ပြရမှာလဲ ဆိုတာပဲပြော''
''မလိုဘူး''
''ဟာဗျာ ဟိုဟာပြောလည်း လက်မခံ ၊ ဒီဟာပြောလည်း လက်မခံ၊ ကျုပ် ရူးတာကို ခင်ဗျား မြင်ချင်တာလားပြော''
''အို''
''ပင်လယ်ပြင်အောက်မှာ ကျောက်စရစ်ခဲတွေကို ရေတွက်နေမယ့်အစား ကျုပ်ကို ပြန်ချစ်ဖို့ ခင်ဗျား စဥ်းစားပေးပါလားဗျာ''
ပြောချင်တာက မသေအချာ မရေရာတာတွေ ပြောနေမယ့်အစား လက်တွေ့ကျကျ သူ့ကိုပြန်ချစ်ဖို့ မြူဆွယ်နေတာ။
''ရှင်ပဲ အပြောကောင်း''
''အပြောကောင်းတာ မဟုတ်ပါဘူး ၊ အကောင်းပြောတာပါဗျ၊ ကျုပ်က ခင်ဗျားနဲ့ တွေ့တော့မှ စကားများသွားတတ်တာ၊ ပြီးတော့ ခင်ဗျားနဲ့ တွေ့ကတည်းက အခုထိ အပိုစကားတွေ ဘာတစ်ခွန်းမှ မဆိုမိသေးဘူး၊ ကျုပ် ဘုရားမှာ သစ္စာဆိုရဲတယ်၊ မှန်တာတွေပြောရင် ကျုပ်ကခင်ဗျားနဲ့ ညားရပါစေ့၊ မဟုတ်မမှန်တာတွေ ပြောမိရင် ခင်ဗျားက ကျုပ်နဲ့ ပြန်ညားရပါစေ''
''ရှင့် ကျိန်စာက အရမ်းကြောက်ဖို့ကောင်းလိုက်တာနော်၊ ရှင်ဘက်က နစ်နာနေပါအုံးမယ်''
''ဒီက အရမ်း အနစ်အနာခံချင်နေတာ သိရဲ့လား''
''တော်ပါ''
ရှုံမဲ့မဲ့လေးဖြင့် နှုတ်ခမ်းလေး စုချွန်ကာ ပြောနေသည့် ထိုမိန်းကလေးကို အသက်တမျှ ချစ်မိသွားခဲ့သည်။ ထိုမိန်းကလေး၏ အချစ်ကို ပြန်ရဖို့ ကျုပ် ဘယ်ဘုရားထံတွင် အဓိဠာန်ဝင် ဆုတောင်းရမည်နည်း။
❤❤
''ဂျာဆိုင်းရွယ်''
''ရှင့် မေမေကြီး''
''ဒီအိမ်မှာ နေမယ် ဆိုရင် ငါ့စကားကို နားထောင်ရမှာနော်''
''အင်း''
''ဘာအင်းလဲ လူကြီးတွေကို စကားပြောရင် ဟုတ်ကဲ့လို့ ပြောရတယ်၊ အင်း ဆိုတာက ရိုင်းတယ် ကြားလား''
''အင်း အဲ ဟုတ်ကဲ့ ''
''အေး နင့်ကို သားမဂ္ဂက သနားလို့ ခေါ်လာတာနော်၊ ပြီးတော့ အခုကတည်းက ရှုပ်ရှုပ်ယှက်ယှက်တွေ
မဖြစ်လာအောင် ပြောထားရမယ်၊ ငါ့သားမှာ ချစ်ရမယ့်သူ ရှိပြီးသား ဘာကို ဆိုလိုချင်တာလဲ ဆိုတာ နင် သဘောပေါက်မှာပါ''
''ဟုတ်ကဲ့ ဆိုင်း အကိုကြီးအပေါ်မှာ ဘာမှ မတွေးပါဘူး၊ ဆိုင်း ကျိန်ဆို ကျိန်ရဲပါတယ်''
''ကောင်းပြီလေ ၊ ကျူရှင်ကရော အဆင်ပြေရဲ့လား''
''ဟုတ် ပြေပါတယ်''
''စာသာ ကြိုးစား ကြားလား''
''ဟုတ်ကဲ့ မေမေကြီး''
ဒေါ်ဧကရီ ဂျာဆိုင်းရွယ်ကို သတိပေးပြီးနောက် ထိုကလေးမ၏ အရိပ်အကဲကို အကဲခတ်လိုက်သည်။ စီးပွားရေးလောကမှာ ကျင်လည်နေသူအဖို့ တဖက်လူ၏ အမူအယာ အပြုအမူကို ကြည့်ခြင်းဖြင့် ကောင်းကောင်း ဆုံးဖြတ်နိုင်သည်။ အခုလည်း ထိုကလေးမက ဖြူစင်သလို သားမဂ္ဂအပေါ် သူမပြောသလို ဘာတစ်ခုမှ မတွေးထားတာကို ရိပ်မိတော့ စိတ်နည်းနည်း အေးရသည်။ မဟုတ်ရင် သားအတွက် ခေါင်းပူရမှာ အသေအချာ ။ အတ္တကြီးတယ်ပဲဆိုဆို မယ်ယဥ်ကျေးမှလွဲရင် ဘယ်မိန်းကလေးကိုမှ ချွေးမ မတော်ချင်။
'' ငါတို့ ကျူရှင်မှာ စာတော်တဲ့ ကချင်မလေး ဆိုတာ မင်းလား''
''ဟို.. ဟို.. ''
ဂျာဆိုင်းရွယ် ကျူရှင်က ပြန်လာသည့် လမ်းတွင်
သူတို့ ကျူရှင်အတန်းထဲက ယောကျာ်းလေးအုပ်စုက သူမကို တားပြီး ရန်ရှာနေကြသည်။ အိမ်နဲ့က တော်တော်လေး သွားရအုံးမှာမို့ သူမ ကြောက်လန့်နေသည်။
''ငါတို့ ကျူရှင်မှာ နေရင် စာအရမ်း မတော်ရဘူး၊ ငါတို့ထက်လည်း မတော်ရဘူး၊ စာတော်ရင် ငါတို့က ကြည့်မရဘူး''
''ဟို ဘာ.ဘာဆိုင်လို့လဲ၊ ငါဘာသာ ငါ စာကြိုးစားတာ၊ နင်တို့လည်း နင်တို့ဘာသာ ကြိုးစားလေ''
''ဆိုင်တယ် ကျူရှင်မှာ ငါတို့က အတော်ဆုံးပဲ ဖြစ်နေရမယ်၊ နောက်မှ လာပြီး အတော်ဆုံးလာလုပ်လို့ မရဘူး နားလည်လား''
အုပ်စုဖွဲ့ အနိုင်ဝိုင်းကျင့်နေတာမို့ ဂျာဆိုင်းရွယ် တဖြည်းဖြည်း ကြောက်လန့်လာသည်။ ငါးယောက်လောက် ရှိမှာမို့ သူတို့ လက်က လွတ်အောင်ပဲ ရုန်းကန်နေရသည်။ မျက်မှန်နဲ့အကောင်က လက်ကို လွဲချပြီး သူမကို ရိုက်ဖို့အလုပ် ဘယ်ကမှန်းရောက်လာမသိ ရောက်လာတဲ့ ယောကျာ်းတစ်ယောက်က မှန်ကြောင်လက်ကို လှမ်းတားကို အားဖြင့် ညစ်ချလိုက်တော့ အော်သံက ကြောက်လန့်ဖွယ် ထွက်လာသည်။
''မိန်းကလေးတစ်ယောက်ကို အနိုင်ဝိုင်းကျင့်နေကြတာ မရှက်ဘူးလား''
''ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ''
''ဆိုင်ဆိုင်မဆိုင်ဆိုင် ညာဘက်လက်နဲ့ စာရေးနေတဲ့ မင်းလက်လေးကို ငါ ရိုက်ချိုးလိုက်ရမလား''
''မလုပ်..မလုပ်ပါနဲ့ ကြောက်ပါပြီ အားး လွှတ်ပေးပါတော့''
မှန်ကြောင်ထံမှ ဆိုးဝါးတဲ့ အော်သံကြားရတော့ သူ့ဘော်ဒါတစ်သိုက်က အမြှီးတောင်ရှာမရအောင် ပြေးကြသည်။
''သွားတော့''
''ဟုတ် ဟုတ်ကဲ့ ''
ထိုလူက လက်ကို လွှတ်ပေးလိုက်တာနဲ့ မှန်ကြောင်က ကုန်းထပြီး ပြေးသွားသည်။
''ကျေးဇူးတင်ပါတယ်''
''ရတယ် ''
''ဟို ရှင့်နာမည်က''
''သွေးနီ နောက်တခေါက် ဆုံမှာမှ မဟုတ်တာ နာမည်က ဘာလုပ်မလို့လဲ''
''ထပ်ပြီး ကျေးဇူးတင်ပါတယ်''
''မလိုဘူး''
သွေးနီက ခပ်ပြတ်ပြတ်ပြော၍ ထိုနေရာမှ လှည့်ထွက်သွားခဲ့သည်။ ဂျာဆိုင်းရွယ် ထိုလူ၏ ကျောပြင်ကို ကြည့်၍ သူမရဲ့ နှုတ်ခမ်းပါးလေးမှ သွေးနီ ဆိုတဲ့ နာမည်လေးကို လေသံတိုးတိုးဖြင့် ရေရွတ်နေမိသည်။
''သွေးနီတဲ့လား''
❤❤
''မဂ္ဂ မင်း ဒီဘက်တောင် ပေါ်မလာတော့ဘူးကွာ၊ ဘာလဲ မင်းအကြည်လုံးလေးက မင်းကို မလွှတ်ဘူးလား''
''ငါ့အကြည်လုံးက ငါ့ကို ဘာအမြင်စောင်းလို့ စောင်းနေမှန်းတောင် မသိပါဘူးကွာ''
''ဟားဟား မဂ္ဂတို့များ အခြားမိန်းကလေးတွေကို ပတ်ရှုပ်ခဲ့သမျှ အကြည်လုံးလေးနဲ့ကျမှ တော်တော်ကြီးကို ခံနေရပြီဟေ့''
''Lucas ''
''ဘာလဲ ''
''မင်းက ဆော်ကြည်ဘဲ ဆိုတော့ အကြံညဏ်လေး တောင်းချင်လို့''
''ပြောကွာ''
''မင်းကို မကြိုက်တဲ့ ကောင်မလေးကို ရအောင် ဘယ်လို လိုက်မလဲ''
''ဖက်နမ်းလိုက်ကွာ ကြာတယ်''
''ဟေ့ကောင် ငါ့ကို မုန်းသွားရင် ဘယ်လိုလုပ်မလဲကွ''
''အခုလည်း မင်းအခြေအနေက သိပ်ပြီး ထူးမနေပါဘူး မဂ္ဂရာ၊ အဆင်ပြေရင်လည်း ငြိတာပေါ့၊ အဆင်မပြေရင် နောက်တစ်နည်းကြိုးစားကွာ''
''ပါးချခံရင်ရော''
''မဂ္ဂ မင်း ဘယ်တုန်းက သတ္တိကြောင်သွားရတာလဲ''
''မဟုတ်ပါဘူး ငါ့ကို မယ်လေး စိတ်ဆိုးရင် မနေတတ်ဘူး''
''အမလေး နွဲ့နေလိုက်တာကွာ''
မဂ္ဂမိုးသောက် အဖြစ်သည်းနေတဲ့ စကားကို Lucasက မဲ့ရွဲ့ကာ ဆိုလာသည်။
''အော် ငါ မင်းကို ပြောစရာ မေ့နေတာ''
''ဘာလဲ''
''ငါ ဟို့နေ့က မင်းအကြည်လုံးလေး နံဘေးမှာ အင်ဂျင်နီယာတစ်ယောက် ကပ်နေတာ တွေ့လိုက်တယ်''
''ဘာ ဘယ်ကောင်လဲ ဘယ်ကလဲ ဘယ်ခွေးသူတောင်းစားက ငါ့ကောင်မလေးအနားမှာ ဘာလို့ ကပ်နေရတာလဲ''
''ဒါတော့ ငါ မသိဘူးကွ၊ သူ့ဆိုင်မှာ တွေ့ခဲ့တာ
နှစ်ယောက်လုံး ရယ်ရယ်မောမောနဲ့ပဲ၊ သူ့နာမည်က စည်သူ အင်ဂျင်နီယာတစ်ယောက်လို့ပဲ ငါသိထားတာ၊ ကျန်တာ မင်းဘာသာ စုံစမ်းပေါ့၊ မင်းအကြည်လုံးလေးက လှတော့ ပိတုန်းကောင်တွေ ဝဲနေတာ
မဆန်းပါဘူး၊ မင်းက အရင်ဦးနေဖို့တော့ လိုတယ်''
''မယ်လေးက ဒီကောင်နဲ့ စကားပြောရင်း ရယ်နေတာလား''
''ဟုတ်တယ် ငါတော့ ဒီလို မြင်လိုက်တာပဲ၊ သူတို့ ဘာအကြောင်း ပြောနေလဲ ဆိုတာတော့ ငါလဲ မသိဘူး''
''မယ်လေးက ငါနဲ့ ဆိုရင် ငါ့ကို အမြဲ အဝေးကို တွန်းပို့နေတာ၊ တစ်ခါမှ ဟက်ဟက်ပက်ပက် မပြုံးဖူး မရယ်ဖူးဘူး၊ သူ့ကို တွေ့ရဖို့လည်း ငါ့မှာ အမြဲအတင်းအကြပ် လုပ်နေရတာ''
''ဟာ ငါက မင်းဘက်ကို မီးစိမ်းနေတယ် ထင်တာ၊ သူ့ဘက်က မင်းကို မီးစိမ်းပြနေရင် စည်သူပဲဖြစ်ဖြစ် ဘယ်ကောင်ပဲဖြစ်ဖြစ် မင်း စိတ်ပူစရာ မလိုဘူး၊ အခုတော့ မင်းကို လက်မခံသေးရင်တော့ စိတ်ပူစရာပဲနော် ဟေ့ကောင် ၊ ပြိုင်ဘက်တွေကို လျော့တွက်လို့ မရဘူး ''
''ဒီကောင်ပဲဖြစ်ဖြစ် အခြားကောင်ပဲဖြစ်ဖြစ် ငါ့ပြိုင်ဘက်ဘယ်တော့မှ မဖြစ်လာစေရဘူး၊ အစကတည်းက မယ်ယဥ်ကျေးက ငါ့အပိုင်ပဲ''
မဂ္ဂမိုးသောက် ရင်ပူစွာ Whiskyတစ်ခွက်ကို ရေမရောပဲ မြိုချလိုက်သည်။ ကျုပ်နဲ့ဆို အပြုံးတစ်ပွင့်တောင်မှ မမျှချင်တဲ့ ခင်ဗျားက အခြားသူနဲ့တေ့ာ ရယ်လို့မောလို့တဲ့လား။
❤❤
ဆိုင်ရှေ့ကို မဂ္ဂမိုးသောက် ကားကြီး ကျွီခနဲ မြည်အောင် ရပ်လိုက်ကာ ဆိုင်ထဲသို့ ဒေါသတကြီး ဝင်လာလေသည်။
''မယ်လေး ကျုပ် ခင်ဗျားနဲ့ အရေးတကြီး ပြောစရာ ရှိတယ်၊ အခု လိုက်ခဲ့''
''ဟင်''
မယ်ယဥ်ကျေး ကောင်တာစားပွဲတွင် စာရင်းစစ်နေခိုက် မဂ္ဂမိုးသောက်က လက်ကို အကြမ်းပတမ်းဆွဲကာ ခေါ်လာတော့ ဘာမှတောင် ငြင်းချိန်မရပဲ သူဆွဲရာအတိုင်း ပါလာခဲ့သည်။ လုပ်လိုက်ရင် အမြဲ အကြမ်းပတမ်းချည်းပင်။ ဒါကြောင့် သူ့ကို ကြည့်လို့ မရတာ ဟွန့် ။
ကားကို အကြမ်းပတမ်းမောင်းကာ လူရှင်းတဲ့နေရာ ရောက်တော့ ရုတ်တရက် ဘရိတ်ကောက်ဆွဲလိုက်တာမို့ မယ်ယဥ်ကျေး အရှေ့ကဘုတ်နဲ့ မဆောင့်မိဖို့ မနည်းထိန်းလိုက်ရသည်။ ဒီလူ ဘာကို ဒေါသကြီးနေတာလဲ ဆိုတာ သူမ မသိ။
''ဆင်း''
မယ်ယဥ်ကျေး လက်ကို ဆွဲကာ ကားထဲက အတင်းဆွဲခေါ်ချကာ ကားနံဘေးသို့ ဆွဲကပ်၍
''ခင်ဗျား အမြင်မှာ ကျုပ်က အရူးလား''
''ကိုမဂ္ဂမိုးသောက် ရှင် ဘာဖြစ်လာတာလဲ၊ ကျွန်မကို ဘာလို့ ရန်ရှာနေရတာလဲ''
''ကျုပ်က ခင်ဗျားကို ခရီးကပြန်လာရင် အဖြေပေးဖို့ မှာပြီး သွားတယ်၊ ခင်ဗျားက ကျုပ်မရှိတုန်း အခြားအကောင်ကို နေရာပေးထားနှင့်ပြီ၊ အဲ့ဒါ ခင်ဗျား တရားလား ဖြေ''
''ဘာတွေပြောနေတာလဲ ကျွန်မ တစ်ခုမှ နားမလည်ဘူး''
''စည်သူနဲ့ ခင်ဗျား ဘယ်လို ပတ်သက်တာလဲ၊ ခင်ဗျားကို အသေရရ အရှင်ရရ ရူးမတတ် ချစ်နေတဲ့ကောင်ကို ဖယ်ပြီး မနေ့တနေ့ကမှ တွေ့ခဲ့တဲ့ အကောင်ကို မျက်နှာသာပေးတာ ဘာလဲ ကျုပ့်ကို ရူးစေချင်လို့လား''
''ကိုစည်သူ ဆိုတာ ကျွန်မနဲ့ ရိုးရိုးသားသား ခင်တာ၊ ဘယ်ကသတင်းတွေ ကြားပြီး ကျွန်မကို ရန်လာရှာနေတာလဲတော့ မသိဘူး၊ ကျွန်မ ကိုစည်သူကိုလည်း မသဘောမကျသလို ရှင့်ကိုလည်း မချစ်နေဘူး''
''ကျုပ်နဲ့ဆို အမြဲ ဒေါသထွက်နေတတ်တဲ့ ခင်ဗျားက ဟိုအကောင်နဲ့ဆို ရယ်ကြမောကြနဲ့၊ ဟိုအကောင်က ကျုပ့်ထက် ဘာများ ပိုသာသွားလို့လဲ''
''မဆိုင်တာတွေ ထည့်မပြောနဲ့ ကိုမဂ္ဂမိုးသောက် ၊ ကျွန်မ ဘယ်သူနဲ့ပဲ ပတ်သက် ပတ်သက် ရှင်နဲ့ ဘာများဆိုင်သွားလို့လဲ၊ လူကြီးချင်း သဘောတူထားတာလောက်နဲ့ ကျွန်မ့ကို ချုပ်ချယ်လို့ ရမယ်ထင်လား''
'' ခင်ဗျားနဲ့ ကျုပ်က လူကြီးချင်းသဘောတူထားတဲ့အဆင့်ပေါ့လေ ၊ အခုချက်ချင်း ခင်ဗျားကို သွားတောင်းပြီး မနက်ဖြန် မင်္ဂလာတောင် တန်းဆောင်လိုက်လို့ရတဲ့ အခွင့်အရေး ကျုပ့်မှာ အပြည့် ရှိတယ်၊ ခင်ဗျားကို ချစ်လို့ မြတ်နိုးလို့ တောင်းတောင်းပန်ပန် ခခယယ ရူးလောက်အောင် ချစ်မိသွားခဲ့လို့ ဘာတစ်ခုမှ ရှေ့ဆက်မတိုးခဲ့တာ''
''ကျွန်မလည်း ရှင့်ကို အပြတ်ပြောထားပြီးသား''
''ရတယ် စောင့်ကြည့်လိုက်၊ ခင်ဗျားက အမြဲတမ်း ကျုပ့်တစ်ယောက်တည်းအတွက်ပဲ ဖြစ်စေရမယ်''
မျက်ထောင့်နီကြီးနဲ့ လူကို ဆွဲလား ရမ်းလား မလုပ်မိရုံတမယ် ဒေါသတကြီး ရှုးရှုးရှဲရှဲ ဖြစ်နေသည့် သူ့ကို မယ်လေး ပထမဦးဆုံးအကြိမ်အဖြစ် လန့်မိသည်။ အမြဲ မယ်လေးနဲ့ဆို စကားလုံးနုနုလေးတွေဖြင့် ပြောတတ်တာပဲ သိခဲ့တော့ သူရဲ့ တဖက်ခြမ်းကို မြင်ပြီးနောက် လန့်မိသည်။ တော်တော်ဒေါသကြီးတဲ့လူ..။
မနေ့က ဆိုင်အထိ မယ်လေးကို လာရှာတဲ့ စည်သူကို အားနာလို့ ၅မိနစ်လောက် ထွက်ပြီး ဖော်ရွေ့လိုက်တာကို ဘယ်သူက မြင်သွားသလဲမသိ။ ဘုမသိဘမသိနဲ့ ပြသာနာ အရှာခံလိုက်ရတာပဲ အဖတ်တင်သည်။ အလကား ရှင်းပြတာလဲ နားမထောင်ပဲ သူ့ဘာသာ ဇွတ်အတ္တကြီးနေတာ။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်းကပဲ အချစ်ကြီးသလို ဟွန့် မုန်းစရာကြီး..။
❤❤
ဆက်ရန်
Shareခြင်းဖြင့် အားပေးပါ
#MonePannMyau