ကမ်းပြိုအနမ်း
''Boss ဖားကန့်မှာ ပြသာနာတက်နေတယ်''
''ဘာဖြစ်တာလဲ''
''ကချင်ပြည်နယ် ဖားကန့်မှာ မြေပြိုမှု ဖြစ်တာပါ၊ ကျွန်တော်တို့ ကျင်းက ကျောက်တူးတဲ့သူတွေလည်း ပါသွားပါတယ်၊ အဲ့ဒါ မိသားစုတွေက ကုမ္ပဏီကို တရားစွဲဆိုမလိုလုပ်နေလို့ပါ''
''ဒီကိစ္စက အရေးကြီးတာပဲ၊ ငါတို့ ချက်ချင်း သွားမှဖြစ်မယ် ၊ လေယဥ်ကို မနက်ဖြန် အစောကြီး စီစဥ်လိုက်၊ ဒီကိစ္စကို မာမီ မသိစေနဲ့''
''ဟုတ် Boss''
မြေပြိုမှုက သဘာဝဘေးဖြစ်တာကြောင့် ကုမ္ပဏီအပေါ်မှာတော့ အကျိုးသက်ရောက်မှု နည်းမည် ဆိုပေမယ့် တာဝန်ကျေပွန်အောင်တော့ ယူရမည်။ အခြေအနေက အရမ်းမဆိုးပါစေနဲ့လို့ ဆုတောင်းရမည်။
ဤCaseကြောင့် မဂ္ဂမိုးသောက် စိတ်နည်းနည်း ရှုပ်ထွေးလာကာ ပထမဦးဆုံး သတိရမိတဲ့ သူကတော့ အကြည်လုံးလေး။ အခုဆို အကြည်လုံးလေးက ဘာလုပ်နေမလဲ။ သူ့အကြောင်း တွေးနေမလား။ တွေးရင်းနဲ့ တိုးတိုးလွမ်းလာရသည်။ အလုပ်ကိစ္စနဲ့ ဖားကန့်ကိုလည်း သွားရအုံးမည် ဖြစ်တာကြောင့် သူမနဲ့ အနည်းဆုံး တစ်ပတ်လောက် တွေ့ရအုံးမှာ မဟုတ်ပေ။
အရင်ကဆို နိုင်ငံခြားခရီးဆိုလည်း တစ်လနှစ်လ ခရီးဆိုလည်း မဂ္ဂတို့က ပျော်ပျော်ပါးပါး မမူခဲ့။ အခုနေများတော့ အကြည်လုံးလေးက သူ့ဘဝထဲ ဝင်လာခဲ့သည့် နေ့ရက်မှစ၍ အကြည်လုံးလေးနားကလွဲ၍ ဘယ်နေရာမှ မသွားချင်တော့။ အော် အလွမ်းအရသာလေး တစ်ခေါက်လောက်တော့ မြည်းစမ်းရပေအုံးမည်။
''မယ်လေးကို ခေါ်လိုက်''
''ဟုတ်.. ဟုတ်ကဲ့ ဟို ဘယ်သူလို့ပြောလိုက်ရမလဲ မသိဘူး''
မယ်ယဥ်ကျေးကလေ ဘယ်လို မိန်းကလေးမျိုးကို အလုပ်ခေါ်ထားလည်းမသိ။ အမြဲစကားပြော တုံးအအကြီးနဲ့ လျှာရှည်လိုက်တာလည်း လွန်ရော။ မယ်လေးဆိုင်ကို လာရင် အမြဲ သူနဲ့ပဲ အဆီအငေါ အမြဲမတည့်။
''မဂ္ဂမိုးသောက် လာတယ်လို့ပြောလိုက်''
''ဟုတ် ဟိုလေ မယ်လေးရဲ့ သူငယ်ချင်းလား မသိဘူး''
''မင်း ထပ်လျှာရှည်နေရင် အလုပ်ဖြုတ်မိတော့မယ်''
မဂ္ဂမိုးသောက် ထကြမ်းရင်လည်း မျက်နှာငယ်လေးနဲ့ ငြိမ်ကျသွားပြန်သည်။ ပြီးတော့ ငြိမ်းစုက ပြာပြာသလဲ မယ်လေးအခန်းဆီ ပြေးသွား၍ တစ်အောင့်လောက်ကြာတော့ သူမရော မယ်လေးပါ ထွက်လာခဲ့သည်။ သူ့ကို မြင်တာနဲ့ မျက်နှာလေးက ချက်ချင်း မှိုင်းကျသွားသည်။ ကလေးဆန်ချက်ကကွာ သူ့ကို မလိုကြောင်းပြနေတာ။ ဒီလိုတွေ လုပ်ပြလိုက်လို့ ဒီကကောင်က စိတ်ပျက်ပြီး ထွက်သွားမယ်လို့ ထင်နေသလားမသိ။ သူမရဲ့ နှုတ်ခမ်းလေး မဲ့တာကအစ ပါးချိုင့်လေးပေါ်အောင် ရယ်တာကအဆုံး ဒီကောင့်ရင်မှာအရူးအမူး ဖြစ်နေတာ တနေ့နေ့တော့ ရင်ခွင်ထဲအတင်းထည့်ပြီး နားညီးအောင် ပြောပြအုံးမည်။
''ဘာကိစ်စလဲ''
''ကျုပ်နဲ့ အပြင်လိုက်ခဲ့''
မယ်လေး ကပျာကယာ ငြင်းမိသည်။ သူမို့လို့ လာခေါ်ရဲသေးသည်။ ဟိုတစ်ပတ်က သူ ဘယ်လို ဆိုးခဲ့သလဲ ဆိုတာ မေ့သွားရလောက်အောင် လူက ဦးနှောက်ပျက်နေတာလဲ မဟုတ်။ ခါးကို ကြည့်ရင်တောင် သူ့လက်ရာအတိုင်းအဆက ကျန်ရင် ကျန်နေအုံးလောက်မည်။ ဤသည်ကို နောက်တစ်ကြိမ် အပြင်ကို ထပ်ခေါ်သွားမည်တဲ့။ ဘယ်လို သတ္တိမျိုးနဲ့ လိုက်ရပါ့။
''လုံးဝ မလိုက်ဘူး''
''လိမ္မာစမ်းပါ မယ်လေးရာ၊ ကျုပ် မနက်ဆို အစောကြီး အလုပ်ကိစ္စနဲ့ ခရီးသွားရမှာ၊ တစ်ပတ်လောက်တော့ အနည်းဆုံး ကြာမှာ၊ မသွားခင် အလွမ်းလေးဖြေပါရစေ''
''အို မလိုက်နိုင်ဘူး၊ ရှင်ဘာသာ ဘယ်သွားသွား ကျွန်မနဲ့ မဆိုင်ဘူး ၊ လိုက်လည်း မလိုက်နိုင်ဘူး''
''မယ်လေးကို ကျုပ်က ဘာလုပ်မှာမို့လဲ ၊ ဟိုတစ်ခါကလိုလည်း မလုပ်တော့ဘူး၊ မကြောက်ပါနဲ့ ကျုပ်နဲ့ ခဏပဲ လိုက်ခဲ့ပါဗျာ၊ မယ်လေး မကြိုက်တာ ကျုပ် ဘာမှ မလုပ်ဘူး ၊ ကတိပေးတယ်ဗျာ''
အသံအကျယ်ကြီးနဲ့ လျှောက်ပြောနေတော့ နဂိုကတည်းက စပ်စုချင်နေသည့် ငြိမ်းစုခမျာ ပါးစပ်ကို လက်ဖြင့် အသေအုပ်၍ မျက်လုံးအပြူးသားဖြင့် မယ်လေးနဲ့ မဂ္ဂကို ပြူးနေအောင် ကြည့်နေသည်။
''ကျစ် ရှင်ဟာလေ ဘယ်တော့မှ စကားပြော အရှေ့အနောက် မကြည့်ဘူး၊ ငြိမ်းစု လုပ်စရာ ရှိတာ သွားလုပ်တော့ သွား''
''ဟုတ် ဟုတ်ကဲ့ ''
ငြိမ်းစုက စကားတွေကို ဆက်ပြီးမနားထောင်ရတော့တာမို့ နှာမြောသလို နောက်လှည့်ကြည့် လှည့်ကြည့်ပြီး ထွက်သွားလေသည်။ စပ်စုတတ်တာကလေ လွန်ရော။
''ကိုမဂ္ဂမိုးသောက် ရှင် ပြန်လိုက်တော့၊ ဘယ်လိုဖြစ်ဖြစ် ကျွန်မ မလိုက်နိုင်ဘူး၊ ''
''မယ်လေး ကျုပ် ခင်ဗျား မကြိုက်တာ မလုပ်ဘူးလို့ ကတိပေးထားပြီးပြီလေ၊ ကျုပ်နဲ့ တခဏလေးပဲ လိုက်ခဲ့စမ်းပါ''
''မလိုက်ချင်ဘူးလို့ ပြောနေတယ်နော်''
''ဟာ တကယ့်ဂျစ်တူးလေးကွာ၊ ရတယ် မလိုက်ဘူးမလား အဟက် ဆွဲခေါ်ရုံပေါ့ဗျာ''
''ဟင် ရှင် ဘာ..ဘာလုပ်တာလဲ''
မယ်ယဥ်ကျေး ကိုယ်လုံးလေးကို အရုပ်လေးလို ပွေ့ချီ၍ ကားထဲ ဇွတ်တင်သွားကာ လေလိုအရှိန်နဲ့ မောင်းထွက်သွားလေသည်။
''ရှင်နော် ကျွန်မ မကြိုက်တာ မလုပ်ဘူးလို့
ယောကျ်ားတန်မဲ့ ကတိပေးပြီး ဘာလို့ ဒီအိမ်ပဲ ခေါ်လာတာလဲ''
''ဟော ကျုပ် ဘာမှတောင် မလုပ်ရသေးဘူးလေ၊ ခင်ဗျားလေးက ဘာတွေကြိုတွေးနေတာလဲ''
''ကျွန်မကပဲ ကြိုတွေးနေရတယ်ရှိသေး အံ့သြတာ''
''အဟွန်း လာ လိုက်ခဲ့''
မယ်ယဥ်ကျေး လက်ကို အတင်းဆွဲပြီး အိမ်ထဲသို့ ခေါ်သွားလေသည်။ ဟိုတခါက သူပြဖူးသော မီးဖိုချောင်အခန်းလေးထဲ ခေါ်လာကာ ထမင်းစားခုံပေါ် ထိုင်ခိုင်း၍
''ခဏလေးပဲစောင့် ''
''ဘာလုပ်မလို့လဲ''
''ကျုပ် တစ်ခါမှ ဟင်းမချက်ဖူးဘူး၊ အဲ့ဒါ အခု ပထမဦးဆုံး ဟင်းချက်ပြီး ခင်ဗျားလေးကို ကျွေးမလို့''
''မစားဘူး''
''အဟွန်း စားပါဗျ၊ ဘာလဲ အားနာလို့လား ၊ အားမနာနဲ့၊ ကျုပ်တို့ ညားကြပြီးမှ ခင်ဗျားက ကျုပ့်ကို ထမင်းဟင်းတွေ ပြန်ချက်ကျွေး ပြီးတော့ ခွံလည်းခွံပေးလေ''
''ကိုမဂ္ဂမိုးသောက် စကားကို လူကြီးဆန်ဆန်ပြောပါ၊ ကဲ ဟင်းချက်ကျွေးမှာလား ကျွေးတော့ ပြီးရင် ပြန်မှာ''
''အင်း ခဏလေးပဲစောင့် ၊ မယ်လေး ပျင်းနေရင် ကျုပ်ရဲ့ ရူပကာကို ထိုင်ကြည့်နေလေ၊ အပျင်းပြေပြီး ဖက်နမ်းချင်လာလည်း ကျုပ်က စိတ်မဆိုးတတ်ဘူး''
''ကိုမဂ္ဂမိုးသောက်! ရှင် ပြောလေကဲလေပါလား ''
''ကိုမဂ္ဂမိုးသောက်တဲ့ နာမည်ကြီးက ရှည်လိုက်တာ၊ ခင်ဗျား မမောဘူးလား၊ အတိုကောက်ခေါ်ကြည့်လေ ယောကျ်ားလို့''
''သေတောင် မခေါ်ဘူး၊ ရှင် စကားအရမ်းများတာပဲ ချက်ကျွေးမှာဆို မြန်မြန်ကျွေးနော်၊ စိတ်က မရှည်တော့ဘူး''
''ဟုတ်ကဲ့ပါဗျ''
မဂ္ဂမိုးသောက် ပြောပြီးတာနဲ့ ဟင်းကို စချက်နေတော့သည်။ ဘာတွေ ချက်နေမှန်းတော့မသိ။ အဆိုးဆုံးက သူ့ကို လှမ်းမကြည့်မိအောင် နေရသည်။ တော်ကြာ သူ့ရုပ်ကို ထိုင်ကြည့်နေပါတယ်ဆိုပြီး ဘဝင်ရူး ရူးသွားအုံးမှ ဒုက္ခ။
မဂ္ဂမိုးသောက် စကားတတ်တာကို မယ်လေး လက်ခံပါသည်။ တစ်ခါတလေ သူ့စကားတွေက ဒေါသထွက်ရသလို တစ်ခါတလေ ရယ်ချင်စရာ ကောင်းနေသည်။ ဒါကြောင့်လည်း မိုးဖွဲ့ ပြောသလို Playboyကြီး ဖြစ်နေတာပေါ့။ သူ ဒီလို စကားတွေကို အခြားမိန်းကလေးတွေကိုလည်း ပြောဖူးမှာပဲလို့ တွေးမိလိုက်တာနဲ့ စိတ်ထဲ တစ်ခုခု မကျေနပ်သလို ခံစားနေရသည်။ အော် ငါနဲ့ ဘာဆိုင်တာမှတ်လို့.. ။
မိနစ် ၃၀လောက်ကြာတော့ မီးဖိုချောင်ကနေ ချွေးသံတရွဲရွဲ ထွက်လာသော မဂ္ဂမိုးသောက်ကို ကြည့်ပြီး မယ်ယဥ်ကျေး တိတ်တိတ်လေး ခိုးရယ်မိသည်။ ချွေးတွေ ဆိုတာကလည်း မြင်မကောင်းအောင်။ ဟင်းစချက်ကတည်းက အပေါ်ကုတ်ရော အပေါ်အကျီပါချွတ်လိုက်ပြီး စွပ်ကျယ်လက်ပြတ်လေးဖြင့် ချက်နေသည်။ ချွေးထွက်လာတော့ စွပ်ကျယ်လက်ပြတ်တွင် သွားကပ်နေတော့ သူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မကြည့်ရင်တောင် မြင်နေရသည်။ ကြွက်သားအဖုအဖုတွေကလည်း အလုံးလိုက်အတစ်လိုက် ပေါ်နေသည်။ မသိဘူး ဒါ သက်သက် ကြွားတာ။
''စားကြည့်''
ထမင်းကြော်လေးအပေါ်တွင် ကြက်ဥကြော်လေးက မဲတူးပြီး အုပ်မိုးထားသည်။ အော် မိနစ်၃၀လောက် အပင်ပန်းခံ ချက်ပြုတ်ပြီး ထွက်လာသည့် ပုံလေးက မဲတူးနေတဲ့ထမင်းကြော်။ ဇွန်းလေးဖြင့် တစ်လုတ်စာ အသာလေးခပ်၍ စားလိုက်တော့ အရသာက ငန်လည်းငန် ခါးလည်းခါး ဘယ်လို အရသာမှန်းကို မသိ ဖြစ်ရသည်။
''ကောင်းလား''
''အင်း''
စကားနည်းအောင် ခေါင်းညိတ်ပြတော့မှ ပိုဆိုးသည်။ သူ့အစားစာကို အားပေးအားမြှောက်လုပ်ရာ ကျသွားလားမသိ။ အတင်းတွေ ထိုးကျွေးပြန်သည်။
''စားကြည့်အုံး''
''တော်ပြီလေ''
''တစ်လုတ်ပဲ စားရသေးတာလေ၊ ထပ်စားအုံး''
ဇွန်းက သူမ နှုတ်ခမ်းလေးအနား ရောက်လာသည်မို့ ငြင်းဖို့လည်း မထူးတော့ရာ သူ ခွံကျွေးတာပဲ စားလိုက်သည်။
''ဘယ်လိုလဲ စားလို့ကောင်းလား မဂ္ဂကတော်လေး''
''ဘာ ကတော်လဲ ၊ စိတ်ကုန်လိုက်တာ ၊ ဘယ်ဥကပေါက်လို့ ပြောမရဆိုမရဖြစ်နေတာလဲ''
''ဒယ်ဒီဥ''
''ရွဲ့ပြောနေတာ''
''ဟားဟား ''
ရယ် ရယ် များများရယ် ရယ်ပြီးလေဖြတ်သွားလည်း အေးရော။
''မယ်လေး ကျုပ် မနက်ဖြန် ဖားကန့်ကို အလုပ်ကိစ္စနဲ့ သွားရမှာ၊ မြေပြိုမှုမှာ ကျုပ်တို့ကျင်းက လူတွေလည်း ပါသွားတယ်''
''ဟင်''
''အင်း ကျုပ် အကောင်းဆုံး တာဝန်ယူပေးခဲ့မယ်၊ မယ်လေးက ကျုပ့်ကို ယုံတယ်မလား''
နဖူးပေါ် ဝဲဖြာကျနေသော မယ်လေး၏ ဆံကေသာလေးကို ညင်ညင်သာသာ ပွတ်သပ်၍ ဆိုလိုက်တော့ သူမ၏ သမင်မျက်ဝန်းများဖြင့် ကြည့်လာပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်ပြလာသည်။
''ကျုပ် ပြန်လာရင် ဘာဝယ်ခဲ့ပေးရမလဲ၊ ကချင်အထည်လေးတွေ ဝယ်ခဲ့ပေးရမလား၊ ခင်ဗျား
နဲ့ဆို အရမ်းလိုက်မှာ''
''ဟင့်အင်း အလုပ်ကိစ္စနဲ့သွားရမှာမလား မဝယ်ခဲ့ပါနဲ့၊ အလုပ်ကိုသာ ဖြောင့်ဖြောင့်တန်းတန်းသွားပါ''
''အဲ့ဒါဆို ကတိတစ်ခုပေး''
''ဘာလဲ ''
''ပြန်လာရင် မဂ္ဂကတော် လုပ်မယ်လို့သာ ကတိပေး''
''အို ဘာဆိုင်လို့''
''ဆိုင်ဆိုင်မဆိုင်ဆိုင် ကျုပ် ပြန်လာလို့မှ ခေါင်းမညိတ်ရင် ခင်ဗျားကို အတင်းခိုးပြေးမှာ၊ မယုံရင် စမ်းကြည့်လိုက်၊ ခင်ဗျားဘက်က ကျုပ့်အတွက် သေချာတဲ့အဖြေတစ်ခု လိုချင်တယ်၊ ခေါင်းညိတ်တဲ့အဖြေကိုပဲ လိုတာနော်၊ ခေါင်းခါရင် ခင်ဗျားကိုအတင်းခိုးပြေးပြစ်မှာ မယုံမရှိနဲ့''
''ဟွန့် လိပ်ကြီး''
❤❤
ဆက်ရန်
Share ခြင်းဖြင့်အားပေးပါ
#MonePannMyau