ကမ်းပြိုအနမ်း
ကိုယ်ဝန်က ၆လ ကျော်ပြီမို့ နေရထိုင်ရ ခက်နေသည်။ အရင်ကဆို စိတ်ကလည်း ရှည်သလောက် အခု နည်းနည်းလေးဆိုတာနဲ့ စိတ်တိုတတ်လာသည်။ အရင်က တစ်ခါမှ မရစ်ဖူးတာတောင် အခု ပိုးစိုးပက်စက်တွေ ရစ်နေလို့ မောင့်ကိုလည်း အားနာရသည်။ မောင်က နားလည်သလို မယ်ယဥ်ကျေး ရစ်သမျှ ဂျီကျသမျှ တစ်ချက်ကလေးမှ မငြူစူပေ။
''မယ်လေး နေရတာ အဆင်ပြေလား''
''သိချင်ရင် ရှင် ဗိုက်ကြီးကြည့်ပါလား''
''မယ်လေး ဗိုက်ထဲက ကလေးလေး လှုပ်ရဲ့လားဟင်၊ မောင် Googleဖတ်ကြည့်တာ ၄လ၅လဆို ကလေးက လှုပ်နေပြီတဲ့''
''ကလေးမလှုပ်လည်း ကျွန်မအပြစ် ဖြစ်ရောလား''
''မဟုတ်ပါဘူး မယ်လေးရာ၊ မောင်က မေးကြည့်ယုံပါ၊ မယ်လေး ဘာထပ်စားမလဲ၊ အခုနက နွားနို့သောက်ပြီးပြီ ဆိုတော့ အခု ဘာစားမလဲ မောင် ဘာလုပ်ပေးရမလဲ ဘာသွားဝယ်ပေးရမလဲ''
''အော် ခုနက ကျွန်မက နွားနို့လည်းသောက်တယ် အခု ဘာစားချင်လဲ ဆိုတော့ ရှင်က ကျွန်မကို အစားကြီးတယ်လို့ ပြောချင်တာလား''
''မဟုတ်ဘူးလေ ''
အခုတစ်လ တော်တော်လေးကို အရစ်ခံနေရတဲ့ မောင်မဂ္ဂမိုးသောက်ရယ်ပါ။ ဘာမှ မပြောရသေး မျက်စောင်းတွေ ပိုးစိုးပက်စက်ထိုး စကားလေးတစ်ခွန်း ဟတာနဲ့ အကန်တွေချည်းပြောလွှတ်တာ၊ စကားလေးတစ်ခွန်းများမှားမိတာနဲ့ တနေ့လုံး တညလုံး ငိုပြီပဲ။ အဲ့မှာ ဒိုင်ခံ ထိုင်ချော့ရတာလဲ မဂ္ဂမိုးသောက်ရယ်ပါ။
''တွေ့လား စိတ်ကုန်နေတဲ့အသံကြီးနဲ့''
''အိပ်တော့မှာလား မောင် အိပ်ယာပြင်ပေးမယ်လေ''
''အော် သိပြီ သိလိုက်ပါပြီ ကျွန်မက စကားအရမ်းများလို့ စောစောစီးစီး အိပ်ခိုင်းတော့မယ်ပေါ့၊ အရင်က ကျွန်မအသံက နိုင်တင်ဂေးအသံလေးပါဆို အရမ်းချိုသာလွန်းလို့ တနေ့လုံး တညလုံး ထိုင်နားထောင်ချင်တာပါဆို ၊ အခုက ကျွန်မ အသံမကြားချင်လို့ အိပ်ခိုင်းနေပြီပေါ့''
''မဟုတ်ဘူး မယ်လေးရာ၊ မောင်က ပင်ပန်းနေမှာစိုးလို့ပါ''
''အဟင့် အမလေး ကျွတ် ကျွတ် ခြေတောက်တွေက ကိုက်လိုက်တာ''
ကိုယ်ဝန်ကြောင့် မယ်လေး ခြေသလုံးတွေက အရင်လို မဟုတ်တော့ပဲ နည်းနည်းတုတ်ချင်လာသည်။
''မောင် နှိပ်ပေးရမလား''
''မေးနေစရာ လိုသေးလား ၊ လာနှိပ်ပေးလေ ၊ အော် ကျွန်မက ရှင့်ကလေးကို ဝမ်းနဲ့လွယ်ပေးနေတဲ့သူပါ၊ ဒါကအစ လိုက်ပြောနေရတယ် ဘယ်လိုလူမှန်းလည်း မသိဘူး''
''အော် အင်းပါ အင်းပါ''
မဂ္ဂမိုးသောက် ခေါင်းလေးကုတ်ကာ မယ်လေး ခြေတောက်လေးကို မနာအောင် ဖွဖွလေး နှိပ်ပေးရင်း ဘာတစ်ခွန်းမှ မဆိုရဲတော့။ မဟုတ်ရင် ဘာပြောပြော သူမက အကန်တွေပဲ ပြန်ပြောနေတာမလား။
''ဘာလဲ ဘာစကားမှ မပြောတော့ဘူးလား၊ အော် ကျွန်မကိုတောင် စကားလေးဘာလေး မပြောချင်တော့ဘူးပေါ့''
''မဟုတ်ပါဘူး မိန်းမရာ''
အစပ်တွေ စားနေသေးသည့် သူမကို သတိပေးချင်နေတဲ့စိတ်ကြောင့် အရဲစွန့်ပြီး မဂ္ဂ သတိပေးမိသည်။
''မယ်လေး မနေ့က အစပ်စားသေးတယ်မလား၊ မစားပါနဲ့တော့လား မယ်လေးရာ၊ ကလေးက ဆံပင်မပေါက်ပဲ ထွက်လာရင် ဘယ်လိုလုပ်မလဲ ''
''ဒီမှာ ရှင် ဗိုက်မကြီးဖူးပဲ မပြောပါနဲ့၊ အစပ်က နည်းနည်းပဲ စားတာ တအားမစားဘူး၊ ချဥ်ချင်းတတ်တာ ဘယ်လောက် ခံစားရသလဲ ရှင်မှမသိတာ ၊ အော် အစပ်လေးတောင် ကျွန်မကို မသဒ္ဒါတော့ဘူးပေါ့''
''မဟုတ်ပါဘူး ကလေးအတွက် စိုးရိမ်လို့ ပြောတာပါ ''
''ကလေးအတွက် စိုးရိမ်လို့ပြောတာ ဆိုတော့ ကျွန်မကိုတော့ စိတ်မပူဘူး ဆိုတဲ့ သဘောလား''
''မဟုတ်ရပါဘူး စားပါ စားပါ ဘာပဲစားစား ဘာမှမပြောတော့ဘူး ဟုတ်ပြီလား''
''အော် ကျွန်မကို ဘာမှတောင်မပြောချင်တော့ဘူးပေါ့လေ၊ ဘာလဲ ဗိုက်ကြီးပြီး ပုံဆိုးပန်းဆိုး ဖြစ်သွားလို့ ရှင်က မပြောချင်တော့တာလား''
မယ်လေး ရစ်သမျှ ဘာပြန်ပြောရမှန်းတောင် မဂ္ဂမိုးသောက် မသိတော့။ အရင် သူမရဲ့ အချစ်ကို ရဖို့ တော်ကီတွေအသေလွှတ် စကားတွေအသေတတ်ခဲ့တဲ့ မဂ္ဂက အခုနေချိန် ဘာစကားမှ ထွက်မလာတော့။ ဘာပြောရမှန်း မသိတာဆို ပိုမှန်မည်။ အထဲက ကလေးလည်း မြန်မြန် ထွက်လာမှ။ မဟုတ်ရင်တော့ မလွယ်။
''အ့ ဒီမှာ ကြည့်''
''မဝသေးဘူး''
မယ်လေးက သူမမျက်နှာလေး ဝဖောင်းနေတာ ပြတော့ အခွင့်အရေးဝဝ စိုက်ကြည့်လိုက်သည်။
''နှာဘူး မျက်နှာက နည်းနည်း ဝချင်လာတယ်လို့ပြတာ တကယ်တည်း ဘာမှန်းလဲ မသိဘူး''
''အော် မသိပါဘူး ၊ညဆို အိပ်ပျော်ရဲ့လား ''
''ပျော်တာပေါ့ ရှင့်လို အကုသိုလ်များတဲ့သူမှ မဟုတ်တာ''
''အော်...၊ ဒါနဲ့ နံဘေးအိမ်က ကလေးတွေ အရင်လို ဆူပူနေသေးလား''
''သူတို့ ဆူပူလည်း ကျွန်မအပြစ် ဖြစ်ရောလား''
''မေးကြည့်ယုံပါ မိန်းမရယ် ''
''နာနာလေး နှိပ်စမ်းပါ ''
သူမ မနာအောင် သာသာလေး နှိပ်ပေးတာ သူမက အားမရဘူးထင်။ သူမ ပြောသလို လက်ကို အားထည့်ပြီး နှိပ်လိုက်တော့
''အားး နာလိုက်တာ ဘာလဲ ကျွန်မကို အမြင်ကတ်လို့ သက်သက် အကြမ်းကြီး နှိပ်တာမလား၊ ရှင် ဘယ်ကတည်းက ကျွန်မကို အမြင်မကြည်ဖြစ်နေတာလဲ''
''မယ်လေးပဲ နာနာလေး နှိပ်ဆို''
''အော် ကျွန်မက နာနာလေး နှိပ်ဆိုတိုင်း ရှင်က အကြမ်းကြီး နှိပ်စရာလား၊ တမင်သက်သက် ရှင် ကျွန်မကို အငြိုးထားတာ''
''မဟုတ်ရပါဘူးဗျာ''
''ကျွတ် ဒီရက်ပိုင်း ကိုယ်လက်မအီမသာ အရမ်းဖြစ်တာပဲ''
တကယ်လည်း မလန်းဆန်းသည့် မယ်လေး မျက်နှာကြောင့် သနားရသည်။ အရင်ကလည်း ခဏခဏ ဒီလို ငြီးနေတတ်သည်။ အခုက တစ်ခါ ထပ်ဖြစ်ပြန်ပြီထင်သည်။
''ဟင် ဖြစ်ပြန်ပြီလား''
''ဟုတ်တယ် ဖြစ်ပြန်ပြီ အဲ့ဒါ ဘာဖြစ်လဲ ကျွန်မလည်း မဖြစ်ချင်ပါဘူး သူ့ဘာသာ ဖြစ်နေတာလေ၊ ရှင်က မယုံသလိုလိုနဲ့ ကျွန်မက လိမ်ပြောနေတယ် ထင်နေတာလား၊ မသိရင် ဒီလို ဖြစ်တာ ကျွန်မကပဲ ပျော်နေသလိုလို၊ လူကိုလည်း မယုံသင်္ကါနဲ့ ''
မဂ္ဂမိုးသောက် ရိုးရိုးသားသား မေးလိုက်တာပါ။ အရှည်ကြီးတွေ ထထဖြေပြီး ရစ်တာ ရစ်တာ ဆိုတာ တကယ့်မူလီလေး။
''သဘောရိုးလေး မေးတာပါဗျာ''
''ရှင့်ကို ပြောနေတာနဲ့ ကလေးက နားပူတော့မယ်''
''ကလေးက အခုမှ ဗိုက်ထဲပဲ ရှိသေးတာ ဘယ်သိအုံးမလဲ''
''ဟာ ကျွန်မကလေးကို ရှင်က ဘာမှမသိတဲ့သူလို့ ပြောချင်တာလား၊ ကိုမဂ္ဂမိုးသောက် ဒါ ရှင့်ကလေးနော်၊ ဘာလို့ ကိုယ့်ကလေးကို ပြောချင်ရာ ပြောနေတာလဲ၊ မသိရင် ရှင်က ပထွေးကျနေတာပဲ''
မဂ္ဂမိုးသောက် တကယ် ငိုချင်လာရသည်။ ဘာမှ မပြောလည်း သူ့အပြစ် ပြောပြန်ရင်လည်း ဘုဂလန့်တွေ ရွှေးလွှတ်နေတာ မိန်းမက ။
''ဗိုက်ကြောက ပြတ်နေပြီ ဆေးလိမ်းပေးအုံး''
''ဟုတ် ''
စကားအပိုမပြောမိအောင် မဂ္ဂ မနည်းဆင်ခြင်ရသည်။ မဟုတ်ရင် သူ့ခေါင်းမွှေး ပြောင်တော့မှာရယ်။ ဗိုက်ဖုံးအကျီလေးကို အသာလှန်ပြီး Doctorညွှန်းပေးတဲ့ ဆေးကို အသာလေး လိမ်းပေးတော့ ဗိုက်ကြီးသည်လေးက ဇိမ်ခံနေသည်။
''အင်း ဒီနားလေး နှံနှံ လိမ်းစမ်းပါ ၊ ဖြည်းဖြည်းလည်း လိမ်းနော်၊ ပေါက်ထွက်သွားအုံးမယ်''
ဖောင်းဖောင်းလေး ရုပ်လုံးပေါ်နေသော ဗိုက်ကို အသည်းတယားယား ဖြစ်မိသည်။ မယ်လေးက အရင်လို ခါးသေးသေး မဟုတ်တော့ ကိုယ်ဝန်ကြောင့် ခါးတုတ် ဗိုက်ပူလေး ဖြစ်နေသည်။ ဒါပေမယ့် အလှလေးက ဘယ်တော့မှ မပျက်သွား။ လှပဆဲ ကျက်သရေရှိဆဲပင်။ OGပြလို့ ဆေးရုံသွားရင် ဗိုက်ကပူနေတာတောင် အမျိုးသားတွေ Doctorတွေ နှစ်ခါပြန် ငေးနေရတုန်း။ အမြဲတမ်း မဂ္ဂမိုးသောက်မှာ မယ်ယဥ်ကျေးဟာ သူ့အပိုင်ဖြစ်ကြောင်း မဏ္ဍပ်တိုင် တက်ပြရတာအမော။
''မနက်က ဘယ်သွားတာ''
''ကုမ္ပဏီဘက် ခဏပြေးတာ၊ အလုပ်ကို Homeပဲ လုပ်နေတော့ ကုမ္ပဏီကို ခဏသွားကြည့်တာ''
''သွားရင်လည်း ပြောပြီး သွားတာ မဟုတ်ဘူး၊ ဒီက ဘယ်သွားမှန်းလည်း မသိ ဖြစ်နေတာ၊ ပြန်လာလည်း အလိုက်တသိဖြေမယ် မရှိဘူး ၊ မေးမှ မဖြေချင်ဖြေချင် ဖြေတာ''
''မဟုတ်ရပါဘူး မိန်းမရာ၊ မိန်းမ ကြည့်စမ်း မိန်းမခြေတောက်လေးတွေ ပုပုလေး ဟား အသည်းယားစရာလေး''
စိတ်ပြောင်းလိုပြောင်းငြား ပြောကြည့်လိုက်သော် လူကို မျက်လုံးရွှဲကြီးနဲ့ ကြည့်ပြီး အိပ်နေရာမှ ငေါက်ခနဲ ထထိုင်လိုက်ကာ
''ရှင်က ကျွန်မကို အရပ်ပုတယ်လို့ ပြောချင်တယ်ပေါ့''
''မဟုတ်ဘူးလေ မယ်လေး ခြေချောင်းတွေက..''
မဂ္ဂမိုးသောက် စကားကို ဆုံးအောင်အထိ မနားထောင်ပဲ မျက်လုံးကြီး ပြူးကြည့်လာကာ
''ခြေချောင်းတွေက ဘာဖြစ်တယ် တုတ်တယ်လို့ ပြောချင်တာလား ဟာ ကိုမဂ္ဂမိုးသောက် ရှင် တော်တော် ပြောင်းလဲသွားတာပဲ၊ ဟုတ်တယ် ဟုတ်တယ် မိန်းမတွေ ကိုယ်ဝန်ဆောင်တဲ့အချိန် ယောကျ်ားတွေ ပြောင်းလဲကုန်တယ် ဆိုတာ မှန်နေပြီ''
''မဟုတ်ရပါဘူးကွာ''
မဂ္ဂမိုးသောက် ခေါင်းတဗြစ်ဗြစ် ကုတ်ကာ ဘာမှ ဆက်မပြောတော့ပေ။ ဗိုက်ကြီးသည်လေး ရစ်တာ ရစ်တာ ဆိုတာ လက်ကုန်ပဲ။
''ကျွတ် ခဏဖယ်ပေး အိမ်သာသွားချင်လို့''
''ဟုတ်''
မယ်ယဥ်ကျေး ကိုယ်လုံးလေးက ကိုယ်ဝန်နဲ့မို့ ပြည့်ပြည့်အစ်အစ်လေး ဖြစ်နေသည်။ ဒါကလည်း အပြင်ထုတ်မပြောရဲ။ ပြောလိုက်ကြည့် လူကို မျက်လုံးရွှဲကြီးနဲ့ သူ့ကို ဝလာတယ်လို့ ပြောချင်တာလား ဆိုပြီး လာလိမ့်မည်။
မယ်ယဥ်ကျေးကို အိမ်သာအထိ တွဲကူပို့ပြီး အပြင်၌ ရပ်စောင့်နေစဥ် Lucasဆီက ဖုန်းလာတော့
''မယကကြီး ဆိုင်ဘက် တစ်ချက်တောင် မပေါ်လာတော့ သေများသွားပြီလားလို့ မေးကြည့်တာ''
''xီး ငါ့မိန်းမကို တစ်ယောက်တည်း စိတ်မချလို့''
''အော် ဘယ်လိုလဲ မမယ်လေးက မွေးတော့မှာလား''
''နောက်၃လဆို မွေးပြီ''
''အော် နေကောင်းတယ်မလား''
''ကောင်းတယ် ဒါပေမယ့် ကိုယ်ဝန်သည်ဆိုတော့ သက်တောင့်သက်သာတော့ ဘယ်ရှိမလဲ ၊ အရေးထဲ တော်တော်ကြီးကို အရစ်သန်လာတာ ဟေ့ကောင်ရ၊ ငါ မနိုင်တော့ဘူး ''
''ဟင် မမယ်လေးက ရိုးရိုးအေးအေးပါ မဂ္ဂ မင်း လျှောက်ပြောမနေနဲ့''
''ဟေ့ကောင် ငါ လျှောက်မပြောဘူး၊ ကိုယ်ဝန်သည် ဆိုတော့ နည်းနည်း စိတ်ဆတ်တာလား ဘာလားတော့ မသိဘူး၊ ကြာရင် ငါ့ခေါင်းမွှေး ပြောင်တော့မှာ''
မဂ္ဂမိုးသောက် သူ ခံစားနေရတဲ့အကြောင်း Lucasဆီ အားရပါးရ ရင်ဖွင့်နေတုန်း အိမ်သာထဲက မဗိုက်က ထွက်လာသည်။ သူမ ထွက်လာတာနဲ့ ချက်ချင်း ဖုန်းကို အမြန်ချပစ်လိုက်သည်။ မဟုတ်ရင် သူမ အကြောင်း ဘာလို့ ပြောနေတာလဲ ဆိုပြီး ရစ်အုံးမည်။
မယ်ယဥ်ကျေး အိမ်သာက ထွက်လာတာနဲ့ မဂ္ဂမိုးသောက်က ဖုန်းကို ချက်ချင်းချပစ်လိုက်တာ မြင်တော့ မျက်ရည်လေး ချက်ချင်း ဝဲလာသည်။
''လာ မယ်လေး ဖြည်းဖြည်း ''
မဂ္ဂမိုးသောက် မယ်လေး တိတ်တိတ်လေး မျက်ရည်ကျနေတာ မမြင်။ အိပ်ယာလေးပေါ် ဖြည်းဖြည်းလေး ခေါ်လာသည်။ အသံတိတ်နေသော မယ်လေးကို မသင်္ကါတာနဲ့ ငုပ်ကြည့်မိတော့ ပါးပြင်ပေါ် မျက်ရည်လေးတွေ စီးကျနေသည်။ ကောက်ကာငင်ကာ ငိုနေသည့် မယ်လေးကို မဂ္ဂမိုးသောက် စိုးရိပ်တကြီး ပြာယာခတ်ကာ ထိုင်မကျထမကျနဲ့ ပြာပြာသလဲ
''မယ်လေး ဘာလို့ ငိုတာလဲ၊ ဘယ်နားက နာလို့လဲ ၊ ကျုပ် ရင်ပူလိုက်တာ၊ ဗိုက်နာလို့လား ဘာဖြစ်လို့လဲဟင်၊ ဆေးရုံသွားကြမလား''
''အဟင့်ဟင့် မယ်လေး..မယ်လေးကို မောင် စိတ်ကုန်နေပြီမလား၊ ဒါကြောင့် မယ်လေး အိမ်သာဝင်နေတုန်း မောင် အရင်က အဆက်ဟောင်းတွေနဲ့ ဖုန်းပြောနေတာလေ၊ မယ်လေးကို မြင်တော့ ချက်ချင်း တန်းချပစ်တာ၊ ဘာလဲ မယ်လေးကို မချစ်တော့လို့မလား၊ အီးဟီး ဟုတ်ပါတယ် မယ်လေးက အရင်ကလို ချစ်ဖို့မှ မကောင်းတော့တာ ဗိုက်ကြီးတစ်လုံးနဲ့လေ ဘယ်ချစ်တော့မလဲ၊ အီးဟီး အရင်အဆက်ဟောင်းတွေကို ပြန်ကြူပြီပေါ့ အီးဟီး ပါးပါးနဲ့မားမားရေ မယ်လေးအဖြစ်ကို လာကြည့်လှည့်ပါ အဟင့် ''
အော်ကြီးဟစ်ကျယ် ကလေးလေးလို အော်ငိုနေသော မယ်လေးကို မဂ္ဂ တစ်ခါမှ မမြင်ဖူးတော့ ကြောင်ကြည့်နေမိသည်။ မယ်လေး ဆိုတာ ဘယ်လောက် အိန္ဒြေသိက္ခာ ကြီးလိုက်သလဲ။ အမြဲ တည်တည်တံ့တံ့လေးနေတတ်သည့် သူမက အခု ကလေးလေးလို အော်ငိုတော့ အထူးအဆန်း ဖြစ်မိသည်။ ဘာစကားမှ မပြောနိုင် သူမ ထင်သလို မဟုတ်ပါဘူး ဆိုတာ ဖြေရှင်းချက် မပေးနိုင်ပဲ သူမကိုသာ ကြောင်ကြည့်နေတော့
''အီးဟီး ချော့လည်း မချော့ဘူး ၊ ဟုတ်နေလို့ပေါ့ မယ်လေး ပြောတာ မှန်နေလို့ မငြင်းတာ၊ အီးဟီး ယောကျ်ားယူတာ မယ်လေးတော့ မှားပါပြီ ဟင့်''
ထိုအခါမှ ငေးနေသော မဂ္ဂခမျာ အသိဝင်လာပြီး ကပျာကယာ သူမ ကိုယ်လုံးလေးကို ပွေ့ဖက်၍
''မဟုတ်ဘူး မဟုတ်ဘူး မယ်လေး ထင်သလို မဟုတ်ပါဘူး ၊ ဒီမှာ ကြည့် Lucasဆီကလေ ဘယ်မိန်းကလေးမှ မဟုတ်ပါဘူး ''
ဖုန်းကို သက်သေအဖြစ် ပြလိုက်တော့မှ တအင့်အင့်နဲ့ ရှိုက်ငိုနေသေးသည် ။ အခုနကလိုတော့ အကျယ်ကြီး မငိုတော့။ ကိုယ်ဝန်သည်တွေက စိတ်အတက်အကျ မြန်တယ် ဆိုတာတော့ မဂ္ဂ ဖတ်ဖူးသည်။
''မောင် ''
''ဟင်''
''မယ်လေးနဲ့ ကလေးလေးကို မပြစ်သွားပါနဲ့နော်''
''ဟာ ဘာတွေပြောနေတာလဲ ကျုပ်က ဘာလို့ ပြစ်သွားရမှာ ဒီလောက် ချစ်လို့မဝသေးတာကို''
''အဟင့် ချစ်လို့ဝသွားရင်တော့ ပြစ်သွားမယ်ဆိုတဲ့ သဘောလား ဟင့် သိနေ.. အင့် ပြွတ်စ်''
စကားတော်တော် များနေတဲ့ မမဗိုက်ကို အကောင်းဆုံး ပါးစပ်ပိတ်နည်းဖြင့် ပိတ်ပေးလိုက်တော့ ချက်ချင်း ငြိမ်ကျသွားသည်။ ပြီးတော့မှ ရင်ခွင်လေးထဲ ဆွဲထည့်ကာ တင်ပါးလေးအား ကလေးလေးလို ပုတ်သိပ်ပေးတော့ အိပ်ပျော်သွားလေတော့သည်။
''ကျွတ်စ် ကျွတ်စ် အိပ်တော့ ကျွတ်စ်''
*အော် မလွယ်ပါလားနော်*
မဂ္ဂမိုးသောက် စိတ်ထဲကသာ ပြောရဲတာ အပြင်မှာများ ပြောလိုက်ရင် ဘာလဲ အခုတော့ ငြီးငြူနေပြီပေါ့ ဆိုတဲ့ စကားနဲ့ အစချီပြီး ရစ်စိန်လုပ်တော့မှာ Proဖြစ်နေတဲ့ သူက သိနေပြီ။ အဟက် ချစ်ဖို့ကောင်းလိုက်တာ မိန်းမက..။
❤❤
ဆက်ရန်
#MonePannMyau