book

Index 26

(Part 26)

ကမ်းပြိုအနမ်း 


ည6နာရီ  အသေအချာ Dateဖို့ ပြောထားတာ အခုချိန်လောက်ဆို မယ်ယဥ်ကျေး စိတ်ဆိုးနေလောက်မည်။ ဆေးရုံပြေး ဆေးသွားယူ တစ်ယောက်တည်း လုပ်နေရတော့ မဂ္ဂမိုးသောက် ကြာနေရသည်။ နာရီတကြည့်ကြည့် ဖင်တကြွကြွ ဖြစ်နေသောသူက Roseအား ဆရာဝန်ကို အသေအချာ ဂရုစိုက်ဖို့ မှာ၍ ကားသော့ဆွဲကာ ပြေးရသည်။ 


၁၀ နာရီကျော်ပြီမို့ သူမမွေးနေ့တွင် စိတ်မကောင်းဖြစ်သွားမှာ မဂ္ဂမိုးသောက် သေလောက်အောင် ကြောက်မိသည်။ အစကတည်းက ဒီမိန်းကလေးနဲ့ မပတ်သက်ပဲ နေရမှာ။


အိမ်သို့ ကားကို ဒုန်းစိုင်းမောင်း၍ ဝင်သွားတော့ ဂါဝန်အဖြူလေးဝတ်ကာ သမင်မျက်ဝန်းတွေက ရဲရဲနီနေပုံထောက်ရင် ငိုထားတာ ကျိန်းသေပင်။ သူမ ပုံစံလေးကို ကြည့်ပြီး ကျုပ် ရင်နာလိုက်တာဗျာ။


''မယ်လေး ''


ဘာကိုစဥ်းစားနေမှန်းမသိ တွေဝေနေတဲ့ သူမကို ခေါ်လိုက်တော့မှ ခေါင်းလေးထောင်လာသည်။ သူမ တစ်ချိန်လုံး စဥ်းစားနေခဲ့တာ။ အိမ်ထောင်သည်တွေ ဖြစ်နေကြပြီပဲ။ အရင်ကလို  ထင်တာတွေ မြင်တာတွေနဲ့ အိမ်ထောင်ဖက်အပေါ် စွပ်စွဲပြောဆိုပြီး နှစ်ယောက်စလုံး ရင်နာစေမယ့် အဖြစ်မျိုး မရွေးချယ်မိဖို့ သူမ စဥ်းစားသည်။ ဒီကိစ္စကို ဘယ်လို သွေးအေးအေးထားပြီး ဆောင်ရွက်ရမလဲ။ ဓာတ်ပုံထဲမှာ ဒီအကျီဖြင့် တစ်ခါက မောင်နဲ့ နာမည်ထွက်ဖူးသော ကောင်မလေးကို လမ်းလည်ခေါင်တွင် ပွေ့ထားသည်လေ။


မောင်က ချိန်းထားသည့်အချိန် နောက်ကျရတာကို မယ်လေးကို အားနာနေဟန်။ 


''မောင် ရောက်လာပြီပဲ''


''တောင်းပန်ပါတယ် မောင် အနူးအညွတ် တောင်းပန်ပါတယ် ၊ မွေးနေ့မှာ မယ်လေးကို စိတ်မကောင်းဖြစ်အောငိ လုပ်မိလို့ တောင်းပန်ပါတယ် ''


''ဟင့်အင်း မောင် မတောင်းပန်ပါနဲ့၊ အလုပ်ရှိလို့ နောက်ကျတာပဲဟာ၊ ညလည်း နက်နေပြီကို အပြင်မသွားချင်တော့ဘူး၊ အိမ်မှာပဲ မွေးနေ့လုပ်ကြတာပေါ့၊ အဓိကက မောင်နဲ့ မယ်လေး နှစ်ယောက်တည်း ဖြတ်သန်းကြမှာလေ''


ဘာမှမဖြစ်ခဲ့သလို စိတ်လည်းမဆိုး စိတ်လည်းမကောက် အပြစ်တင်စကား ဘာတစ်ခွန်းမှ မဆိုပဲ ကြင်ကြင်နာနာ ​ပြောလေတော့မှ မဂ္ဂမိုးသောက် သက်ပြင်းချနိုင်သည်။ သူမ စိတ်မကောင်းဖြစ်မှာ သေလောက်အောင်ပင် ကြောက်မိသည်။ ကြည်ကြည်လင်လင် မျက်နှာလေးသည် မြင်ရမှ တစ်ယောက်တည်း ကမ္ဘာပျက်နေသော မဂ္ဂက ကံကောင်းလာတာလား။ 


မမေ့မလျော့ လမ်းမှာ ဝယ်လာခဲ့သည့် မွေးနေ့ကိတ်လေးနဲ့ ဝိုင်ဘူးလေးကို စားပွဲပေါ် တင်၍ မွေးနေ့သီချင်းလေးဆိုကာ ကိတ်မုန့်လှီးပြီး တစ်ယောက်ကိုတစ်ယောက် ခွံကျွေးလေသည်။ မောင်က ဝိုင်ပုလင်းလေး ဖောက်၍ အလှခွက်နှစ်ခွက်ထဲ ထည့်ကာ မယ်လေးအား ကမ်းပေး၍


''မယ်လေး တစ်ခါမှ မသောက်ဖူးဘူးမလား၊ သောက်ကြည့် အရမ်းမပြင်းဘူး၊ မွေးနေ့လေးမှာ မောင် စိတ်မကောင်းတာတွေ လုပ်မိတဲ့အတွက် နောင်တစ်သက်လုံး မယ်လေးကို စိတ်ချမ်းသာသာ ထားပါ့မယ်၊ မောင် အသက်နဲ့ရင်းပြီး ကတိပေးတယ်''


''ကျေးဇူးတင်ပါတယ် ဒါပေမယ့် မယ်လေး ဒီဝိုင်ကို သောက်လို့ မရဘူး''


''ဟင် ဘာလို့လဲ အရမ်းမပြင်းပါဘူး၊ အချိုရည်လိုပါပဲ မယ်လေးရဲ့၊ သောက်ကြည့်ပါ''


''ဟင့်အင်း မယ်လေး တကယ် သောက်လို့ မရလို့ပါ''


ဝိုင်ထဲမှာ အပျော့ဆုံးဝိုင်ကို သူမအတွက် မဂ္ဂ ရွေးဝယ်ခဲ့သည်။ ဒါပေမယ့် သူမက ခါးခါးသီးသီး ငြင်းလေသည်။


''ဘာလို့လဲ မယ်လေးရဲ့ မောင်က မယ်လေးနဲ့ အတူတူ သောက်ချင်လို့ ဝိုင်အပျော့လေး ဝယ်လာတာ''


''မယ်လေးဝိုင်မသောက်တာ ဒါလေးကြောင့်လေ''


မယ်ယဥ်ကျေးက ပြုံးရွှင်စွာ မဂ္ဂမိုးသောက် လက်ထဲသို့ အတံလေး လာထည့်ပေးလာသည်။ သူလည်း သူမ ပေးသည့် အတံလေးကို ငုပ်ကြည့်မိတော့ မျက်လုံးတွေ ပြူးကျယ်သွားသလို ကမ္ဘာကြီး တစ်ခုလုံး ခေတ္တခဏ ရပ်တန့်သွားသလို မဂ္ဂ တစ်ကိုယ်လုံး သွေးကြောတွေ အသက်ရှုနှုန်းတွေ ဆတ်ခနဲ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ 


ထင်ထင်သာသာ ပေါ်နေသော အစင်းကြောင်းလေး နှစ်ခု။ ဘာလေးတွေလဲ။ ဟာ မယ်လေးက ကျုပ့်ကို ပြုစားလိုက်ပြီ။ ချက်ချင်း မျက်ရည်လေးတွေဝဲလာကာ သူ့ကို ပြုံးကြည့်နေသော မယ်ယဥ်ကျေးကိုယ်လုံးလေးကို ဘာမပြောညာမပြောနဲ့ သူမရင်ခွင်ထဲ အတင်းတိုးဝင်ကာ ငိုမိသည်။ ဘယ်လို ခံစားချက်ကြီးမှန်းမသိ ရင်ဘတ်တစ်ခုလုံး ဝုန်းဒိုင်းမြည်နေသည်။ မယ်လေးက ကျုပ့်အတွက် ကလေးလေးတွေ ယူလာပေးတော့မည်တဲ့။


''အဟင့်..''


ကလေးလေးလို အသံထွက်အောင်ပါ ရှိုက်ငိုတော့  သူမက မဂ္ဂခေါင်းလေးကို ပွတ်သပ်ပေးလေ သူမရင်ခွင်ထဲ သူက ခေါင်းတိုးဝင်လေပင်။


''ဘာဖြစ်တာလဲ ကလေးလေးလိုပဲ အဟင့်''


''ကျေးဇူးတင်ပါတယ်''


''မပျော်ဘူးလား နောက်၆လဆို ဒီလောကထဲ မောင့်ဂျူနီယာလေးတွေ ရောက်လာတော့မှာ''


''ကျေးဇူးတင်ပါတယ် ''


''မောင်က ဒယ်ဒီ ဖြစ်တော့မှာ''


''ကျေးဇူးတင်ပါတယ် ''


''အော် ကလေးလေးလိုပဲ တိတ်တော့ ဘာလို့ ငိုတာလဲ၊ လူကြမ်းကြီးက ရှက်လည်းမရှက်ဘူး တိတ်တော့''


မယ်ယဥ်ကျေး လက်ဖဝါးလေးဖြင့် ရင်ခွင်ထဲက မဂ္ဂပါးပြင်ပေါ်က မျက်ရည်လေးတွေ သုတ်ပေးတော့လည်း သူမကို မမှိတ်မသုန် ကြည့်နေသည်။ မောင် အရမ်းပျော်နေတယ် ဆိုတာ သူမပြောလည်း မယ်လေး သိပါသည်။


''မယ်လေးကို အရမ်းချစ်တယ်''


''သိတယ်''


''မယ်လေးကို အရမ်းချစ်တာပဲ''


''သိတယ်လို့''


''ကျုပ် မယ်လေးကို ချစ်လိုက်ရတာဗျာ''


''သိပြီမို့လို့ မယ်လေးနဲ့ ကလေးလေးတွေကို တစ်သက်လုံး အများကြီး ချစ်ပေး''


မဂ္ဂမိုးသောက် ခေါင်းကို ပြုတ်ထွက်မတတ် ညိတ်ပြကာ သူမကိုယ်လုံးလေးကို ပွေ့ဖက်၍ ၃လသားလေးတွေ တည်ရှိရာ ဝမ်းဗိုက်ကို ထိလိုက်တော့ ဓာတ်လိုက်သလို တွန့်သွားလေသည်။ မောင်က မထိရဲသလို လက်လေးတပြင်ပြင်နဲ့ သနားစရာကောင်းလှသည်။ မယ်လေး ကိုယ်တိုင် မောင့်လက်တွေကို ဆွဲယူ၍ သူမဗိုက်လေးအပေါ် တင်ပြီး အုပ်ကိုင်လိုက်တော့မှ မယ်လေးကို ကြည်နူးရိပ်စွန်းနေသော မျက်ဝန်းများဖြင့် ကြည့်လာပြီး နဖူးလေးကို ပြွတ်စ်ခနဲ နမ်းလိုက်သည်။


''ကျုပ် မယ်လေးကို အရမ်းချစ်တယ်၊ ကလေးလေးတွေကို ခေါ်လာပေးလို့ ကျေးဇူးအများကြီး တင်ရပါတယ် ''


''မယ်လေးတို့ ကလေးလေးကို အကောင်းဆုံး စောင့်ရှောက်ချစ်ပေးကြမယ်နော်''


မဂ္ဂမိုးသောက် ပြန်လည် မဖြေတော့ပဲ သူမ နဖူးလေး ပါးပြင်လေး နှုတ်ခမ်းလေးတွေသာ အတိုးချ နမ်းနေလိုက်သည်။ တစ်ခါတလေ မေးခွန်းတိုင်းကို ဖြေစရာ မလိုနေပါဘူးမလား။


❤❤


Rose ဆေးရုံပေါ်မှာ တစ်ပတ်ခန့် ကြာအောင် နေခဲ့သည်။ မဂ္ဂမိုးသောက်များ သတင်းလာမေးမလား ဆိုပြီး ဘာမှမဖြစ်တဲ့ ခြေ​တောက်ကို ကျောက်ပတ်တီး စည်းထားရတာ စိတ်ကုန်လှပြီ။ တံခါးလာဖွင့်ရင် မဂ္ဂများ ရောက်လာမလား ဆိုပြီး ထထကြည့်ရတာ အမော။ ထိုစဥ် တံခါးကို တစ်ယောက်ယောက်က လာဖွင့်တော့ ဝမ်းသာအားရ ထကြည့်လိုက်ရာ မိန်းကလေးတစ်ယောက် ။ အမှန်တိုင်းပြောရရင် ကျက်သရေရှိရှိ လှပတာထက်ပိုပြီး အမျိုးသမီးတစ်ဦး။


''Rose ဆိုတာ ရှင်လား''


''ဟုတ်တယ် မင်းက ''


''ဒို့က မဂ္ဂမိုးသောက်ရဲ့ မိန်းမ ၊ ဒို့ယောကျ်ားက မအားတော့ ဒို့ပဲ လာခဲ့လိုက်တာ၊ အနှောင့်အယှက် မဖြစ်ဘူးမလား၊ အော် ပြီးတော့ ဒို့ယောကျ်ားရဲ့ လည်တိုင်မှာ နှုတ်ခမ်းနီရာတွေ တွေ့လို့ လက်ချက်က မင်းပဲ ဖြစ်မှာပါ''


မယ်ယဥ်ကျေး ဆိုတာ ဘယ်သူလဲ ဆိုတာ ပြဖို့ အချိန်တန်ပြီ။ မောင်နဲ့ ပတ်သက်လာရင် အစွယ်လေးတွေ ထုတ်ပြဖို့လည်း မဝန်လေးပါ။ Msgတစ်ကြောင်းနဲ့ နာကျင်ခဲ့တာတွေတော့ မကျော်သွားပေးနိုင်ပါဘူး။ 


မောင် ဆိုတာ အခုချိန် မယ်လေး မျက်နှာပျက်ရင်တောင် ကမ္ဘာပျက်မတတ် ဖြစ်အောင် အလေ့အကျင့် လုပ်ပေးထားပြီးပြီ။ ရှုပ်ချင်နေတဲ့ ကြားကဟာတွေကိုပဲ ပညာကပြရတော့မှာ။


နောက်ထပ် ဒီလို အဖြစ်အပျက်မျိုး မယ်ယဥ်ကျေးအပေါ် လာလုပ်လို့ မရအောင် လုပ်သင့်တာကို လုပ်ရတော့မည်။ မောင့်ကိုတော့ အကြွင်းမဲ့ ယုံကြည်ပါသည်။ မောင်ရဲ့ အတွေး ၊ စိတ်ကူး ၊ အိပ်မက်၊ ကိုယ်ခန္ဓာ အားလုံး မယ်လေး အပိုင်ရထားပြီးပြီပဲ။ မောင့်အာရုံမနောအလုံးစုံထဲမှာ မယ်ယဥ်ကျေး နာမည်တစ်ခုပဲရှိဖို့ ရိုးသားစွာ မြူဆွယ်ခဲ့ပြီးပြီ။ 


''မင်းမွေးနေ့ကို မလုပ်လိုက်ရဘူးမလား''


''အဟက် ဘယ်လိုထင်ထားလို့ ဒီလောက် Confidentတွေ ရှိနေရတာလဲ၊ အခု​တောင် မင်းဆီ ငါ့ယောကျ်ားရောက်လာတော့လို့လား၊ ဘာလဲ ငါ့ယောကျ်ားက မင်းကို အဖက်မလုပ်လို့ ဒေါသထွက်နေတာလား၊ အင်း အခု ငါ့ယောကျ်ားဖုန်း ခေါ်ကြည့်ပါလား၊ မင်းဖုန်းကို သူ ကိုင်သေးရင်ပေါ့''


''မင်းက မဂ္ဂပြောသလို ဖြူစင်ရိုးသားတယ် ဆိုတာ လျှောက်ပြောနေတဲ့စကားတွေပဲ၊ မင်းက အစွယ်ဖွက်ထားတဲ့ မြွေဟောက်မ''


''ဟယ် ငါ့ယောကျ်ားကို စနိုက်ကြော်တွေလက်ထဲက ကာကွယ်တာ မြွေဟောက်ဖြစ်ရောလား၊ ကဲ ထားပါ ဒီလို ငါ့ကို msgတွေ ပို့လည်း အခု အသုံးမဝင်တော့ဘူး ဆိုတာ တစ်ခါတည်း လာပြောပြတာ၊ မောင်က မင်းကို လှည့်ကြည့်ဖို့ အားတော့မှာ မဟုတ်ဘူး ၊ အခုဆို မောင်က ဒို့ ချဥ်ချင်းတက်လို့ စားချင်တဲ့ သရက်သီးရယ် သူ့ကလေးလေးအတွက် လိုအပ်တာတွေ အကုန်လုံး သွားဝယ်နေလို့ အဟက် ဒီလောက်ဆို မင်း သဘောပေါက်မှာပါ''


၃လသာသာ ဗိုက်ပွပွလေးကို ပွတ်သပ်၍ ခနဲ့တဲ့တဲ့ ဆိုပြီး ထွက်လာခဲ့တော့  Roseမှာ ဘာမှ ပြန်ပြောဖို့ စကားမရှိပဲ ကြောင်လျက်သား ကျန်ခဲ့သည်။ ပြောပါတယ် မယ်လေးက အစအစအရာရာ ဝေမျှပေးနိုင်ပါတယ် ဒါပေမယ့် မောင့်ကိုတော့ ဆံခြည်မျဥ်တမှုန်စာမျှ မသဒ္ဒါပါဘူးလို့။


❤❤


သွေးနီ ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ စဥ်းစားနေတာ အပြင်လည်းမထွက် အလုပ်လည်း မလုပ်ပဲ နေနေတာ ၂ပတ်ခဲ့ ရှိခဲ့ပြီ။ တဖက်ကလည်း ရိုးသားဖြူစင်လှသည့် မိန်းကလေး ၊ တဖက်ကလည်း နှစ်ပေါင်းအတော်ကြာအောင် စွဲလမ်းနှစ်သက်ခဲ့ရသည့် မိန်းကလေး။ 


သူ ဖွင့်ပြောမိရင် မမမယ်ယဥ်ကျေး ငြင်းမယ် ဆိုတာ တပ်အပ်သိရက်နဲ့ စွန့်စားချင်သေးသည်။ တစ်ခါလောက်တော့ အရဲစွန့်ပြီး နှစ်ပေါင်းအတော်ကြာ ခံစားနေရသည့် အချစ်တွေကို ဖွင့်ပြောပြချင်သည်။ 


ဒါကြောင့်လည်း မမအိမ်ကို ဟိုလူကြီး မရှိသည့် အချိန်လေး သွားလိုက်တော့ မမက ပြုံးပြုံးရွှင်ရွှင် ကြိုဆိုသည်။ အမြဲတမ်း ထမိန်ရင်ဖုံးကိုပဲ ဝတ်ဆင်တတ်သည့် မမက အခုတော့ ဂါဝန်ပွပွလေးကိုပဲ သက်တောင့်သက်သာ ဝတ်ထားသည်။


''လာ ထိုင်အုံး ဘာသောက်မလဲ''


''ဟင့်အင်း ရတယ် ကျွန်တော် မမကို စကားပြောချင်လို့ သက်သက် လာခဲ့တာ''


'' ဟုတ်လား ပြောပါအုံး ''


''ကျွန်တော် မမကို ချစ်တယ်၊ ကျွန်တော် ငယ်ငယ်လေးတည်းက ချစ်ခဲ့ရတာ၊ မိဘတွေ ဆွေမျိုးတွေ မရှိတဲ့ကျွန်တော့်ကို မမပဲ ကျွန်တော့်ကို ကောင်းပေးခဲ့တယ်၊ ငယ်ငယ်ထဲက မမကို ကျွန်တော် ချစ်ခဲ့တာပါဗျာ''


မယ်ယဥ်ကျေး နားလည်သလို ပြုံးပြကာ မှုန်တွေနေပြီး စိတ်ဓာတ်ကျနေသလို ခေါင်းငုပ်ကာ အရှုံးသမားတစ်ယောက်လို သွေးနီကို မြင်နေရတာ မယ်လေး မကြည့်ရက်ပါ။ ငယ်ငယ်လေးထဲက ခင်ခဲ့ရသော သံယောဇဥ်တွေကြောင့် ဒီကောင်လေးကို သူများတွေထက်လည်း သံယောဇဥ် ပိုရှိသည်။ ဒါပေမယ့် သံယောဇဥ်က သံယောဇဥ် ၊ အချစ်က အချစ်၊ မတူနေဘူးလေ။ 


''မမကို နှစ်တွေအများကြီး ချစ်ပေးလို့ မမက ကျေးဇူးတင်ရတယ်၊ ဒါပေမယ့် လက်ခံလို့ မရဘူး ဆိုတာ ငါ့မောင်လေးက သိမှာပေါ့၊ ပြီးတော့ မမမှာ မောင့်ရဲ့ ရင်သွေးလေးလည်း လွယ်ထားရပြီ''


''ဟုတ်ကဲ့ ''


''လူတစ်ယောက်ကို ပူလောင်ပြင်းပြတဲ့ အချစ်နဲ့ ချစ်ပြမှ အချစ်  မဟုတ်ပါဘူး ၊ ကြင်ကြင်နာနာ ကြည်ကြည်လင်လင် အချစ်နဲ့ ချစ်ပေးဖို့ မမ တောင်းဆိုရင် မင်းက လိုက်လျောပေးမယ်မလား''


''ကျွန်တော် ချစ်တာ သိတယ်မလား ''


''သိတာပေါ့ အခု သိသွားပြီလေ''


''သိရင် ရပြီ ကျွန်တော် လေးလံလွန်းလို့ ဖွင့်ပြောပြရတာပါ၊ မမကို နောက်ပိုင်း လုံးဝ မနှောင့်ယှက်တော့ပါဘူး''


ဝမ်းနည်းစိတ်က လှိုက်တက်လာကာ မျက်ရည်လေးတွေ ပိုးပိုးပေါက်ပေါက် ကျလာလေသည်။ ၁၀နှစ်လောက် ဒီခံစားချက်ကို သယ်ပိုးလာခဲ့တာ ဘယ်လောက် ပင်ပန်းတယ်ထင်လဲ။ အခု ပေါ့ပါးသွားသလို ခံစားရပေမယ့် ဝမ်းနည်းတာက ဝမ်းနည်းတာပင်။ 


''မမကို ကျွန်တော်ရင်နဲ့ရင်းပြီး ဖွင့်ပြောခဲ့ပြီးပြီ ၊ ဒါကို မမက အသိအမှတ်ပြုပေးမယ်မလား''


''ပြုပေးမှာပေါ့ ငါ့မောင်လေးက ၁၀နှစ်လောက် မမကို ချစ်ပေးခဲ့လို့လည်း ကျေးဇူးတင်တယ်''


''ရပြီ ဒီလောက်ဆို ရပြီ ''


ကလေးလေးလို ငိုရင်းရှိုက်ရင်း ခံစားချက်တွေ တဝ ပြောပြီးမှ ပြန်သွားလေသည်။ တစ်ခါတလေ ဗီလိန်မဟုတ်တဲ့ ဗီလိန်လေးတွေက ဇာတ်လမ်းထဲမှာ သနားစရာအကောင်းဆုံး။ မောင်က သွေးနီနဲ့ စတွေ့တုန်းက ပြောခဲ့တဲ့ စကားလေး ပြန်အမှတ်ရလာသည်။ 


''မယ်လေးကသာ သူ့ကို မောင်လေးလို ထင်နေတာ၊ ဒီကောင်က ခင်ဗျားကို ချစ်နေတာ''


ဆိုတာလေး တကယ်ပဲ မောင် ပြောတာ မှန်နေခဲ့သည်။ ရှေ့ဆက်မတိုးလာတော့ဘူး ဆိုတာ မယ်လေး ကြိုသိတော့ ကျေနပ်ရသည်။ နှလုံးသားက မောင့်ကိုပဲ ချစ်ခဲ့​တော့လေ။


❤❤


ဆက်ရန်

#MonePannMyau


rate now: