book

Index 25

(Part 25)

ကမ်းပြိုအနမ်း 


မဂ္ဂမိုးသောက် ဒီနေ့ ဘာအရူးထတာလည်း မသိပေ။ ဖုန်းနှိပ်ရင်း ဘာဗီဒီယိုတစ်ပုဒ်ကို ကြည့်​မိလည်းမသိ။ ဖုန်းကို ပြူးကြည့် ပြီးတော့ မယ်ယဥ်ကျေး မျက်နှာကို တစိမ့်စိမ့်ပြန်ကြည့်ပြီး အနားတိုးကပ်လာသည်။ မောင်က မယ်လေး မျက်နှာကို အသေအချာ စူးစူးစိုက်စိုက် ကြည့်လာတော့ အထိတ်တလန့် ဖြစ်ကာ ကြောင်လျက်သား ဖြစ်နေရသည်။


''မောင် မယ်လေး မျက်နှာ ဘာဖြစ်လို့လဲ''


''မယ်လေး''


''ဟင်''


''မယ်လေး မျက်နှာက ဝက်ခြံလည်း မတက်ဘူးရော်''


ထူးထူးဆန်းဆန်း မောင်၏ စကားတွေကြောင့် လှဲအိပ်နေရင်းမှ ထထိုင်ကာ မောင့်ကို အသေအချာ မေးရသည်။


''ဘာဖြစ်လို့လဲ''


''မယ်လေးမျက်နှာက ဘယ်အချိန်မှ ဝက်ခြံတက်မှာလဲ''


မောင်ပြောနေသည့် စကားတွေ မယ်လေး တစ်လုံးမှ နားမလည်တာကြောင့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေဖြင့်


''မယ်လေး မျက်နှာကဝက်ခြံ သိပ်မတက်ဘူး မောင်ရဲ့ ၊ တက်ရင်လည်း တခဏပဲ ၊ မနက်ကျရင် မရှိတော့ဘူး''


''ဟာ သွားပါပြီကွာ''


မဂ္ဂမိုးသောက် ကိုယ့်နဖူးကိုယ် ရိုက်ကာ တစ်ခုခု ဆုံးရှုံးသွားသလို မျက်နှာငယ်လေးနဲ့မို့ မယ်လေးခမျာ ထိတ်ထိတ်ပြာပြာ ဖြစ်ရသည်။


''ဟင် ဘာဖြစ်တာလဲဟင် ဘာဖြစ်လို့လဲ''


စိုးရိပ်တကြီး မေးလာသော မယ်လေးအား မောင်က သူကြည့်နေသည့် ဖုန်းကို လက်ထဲ ထိုးထည့်ပေးသည်။ မယ်လေးလည်း Screenပေါ် ကြည့်လိုက်ရာ ဗီဒီယိုထဲတွင် ကောင်မလေး၏ ပါးပြင်ပေါ်က ဝက်ခြံလေးတွေကို ကောင်လေးက ညစ်ပေးပြီး ဝက်ခြံတစ်ခုထွက်သည့်နေရာအား တစ်ခါ အနမ်းပေးနေပုံ။ တစ်ခါညစ် တစ်ခါနမ်းနဲ့ ဟုတ်တော့ ဟုတ်နေတာပဲ။ 


''မောင်က အဲ့လို လုပ်ချင်တာ ၊ မယ်လေးက ဝက်ခြံလည်း မထွက်ဘူးကွာ''


မောင်၏တစ်ခါတရံ ကလေးဆန်ဆန် အပြုအမူတွေကို မယ်ယဥ်ကျေး ရယ်ချင်ပေမယ့် ချစ်တတ်လွန်းသည့် မောင့်အချစ်ကို သိနေတော့ မရယ်ရက်။


''ဘာများလဲလို့ မောင်ရယ်''


''မသိဘူးကွာ မောင်က မယ်လေးကို ဝက်ခြံလေးတွေလည်း ညစ်ချင်တယ်၊ ခါးသေးသေးလေးကိုလည်း ညစ်ချင်တယ်''


''မယ်လေးကို မညစ်ချင်သေးတဲ့နေရာ ရှိသေးလို့လား''


''မယ်လေးက ချစ်ဖို့ ကောင်းလွန်းတာကိုလို့''


''အဟီး အဲ့ဒါ မောင့်မိန်းမလေ''


မယ်လေးလည်း မောင်နဲ့ ပေါင်းပြီး တစ်ခါတလေ မျက်နှာရူးလေး ဖြစ်မိသည်။ မောင့်ကို ချစ်ရတာလောက် မယ်လေးဘဝမှာ ကံကောင်းတာမရှိ။ မောင့်အချစ်ကို ပြည့်ပြည့်ဝဝ ရထားသည့် မယ်လေးကလည်း ကုသိုလ်ထူးနေလို့ပင်။


''မောင် မနက်ဖြန် ဘာနေ့လည်း သိတယ်မလား''


''အင်..''


မသိသလို မျက်မောင်းကြုတ်ကာ စဥ်းစားနေတဲ့ မောင့်ရင်ဘတ်ကို တချက်ရိုက်လိုက်တော့ မောင်က ထိုလက်လေးကို ရယ်မော၍ ကိုင်လိုက်ပြီး


''ဟားဟား မသိပဲနေမလားကွာ၊ မောင့်မိန်းမလေးရဲ့ မွေးနေ့ပဲဟာ''


''ဟီး သိရက်သားနဲ့၊ မယ်လေးက တကယ် မသိဘူး ထင်လို့ ဝမ်းနည်းနေတာ''


အတည်ကြီး ဝမ်းနည်းသွားတဲ့စိတ်ကြောင့် မောင့်ကို ထပ်လှမ်းရိုက်မလို့ လက်က ရွယ်ပြီးမှ မရိုက်ရက်တော့ ပါးလေးသာ ဆွဲဖဲ့မိသည်။ 


''မသိပဲနေမလား မိန်းမရာ၊ မောင့်စိတ် နှလုံး ခန္ဓာကိုယ် ဟိုဥစ္စာအထိ မင်းအ​ကြောင်းပဲ တစ်ချိန်လုံး စိုးမိုးထားတာ သိပြီလား''


အနှောင့်အသွားမလွတ်သည့် စကားလုံးကြောင့် မယ်လေး မျက်လုံးတွေ ပြူးကျယ်လာကာ 


''မောင်နော် ဘာလဲ''


''အူထဲ ကလီစာထဲ ကျောက်ကပ်ထဲထိ ပြောတာပါ မိန်းမရာ၊ ကျုပ်က ခင်ဗျားဆို အနံ့လေးနဲ့တင် ချစ်လွန်လွန်းလို့''


''မယ်လေးလည်း အရမ်းချစ်ပါတယ်''


''မနက်ဖြန် မိန်းမ မွေးနေ့ဆိုတော့ ထူးထူးခြားခြား Dateရမယ်၊ အလှဆုံးလေးပြင်ပြီးသာ စောင့်နေ''


အိမ်ထောင်သည်တွေ ဖြစ်ပြီးမှ မောင်နဲ့ Dateရမှာမို့ မယ်ယဥ်ကျေး အပျိုဖြန်းလေးလို ရင်ခုန်မိပါသည်။ မနက်ဖြန်တောင် မြန်မြန် ရောက်ချင်သလို။


❤❤


ဂျာဆိုင်းရွယ်ကို သူမ လုပ်သည့်အလုပ်မှာ ကောင်လေးတစ်ယောက်နဲ့ တွဲမြင်လိုက်တော့ သွေးနီ ခန္ဓာကိုယ်တစ်ခုလုံး သွေးကြောတွေ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။


ရယ်ရယ်မောမောစကားပြောနေတဲ့ ဂျာဆိုင်းရွယ်က တကယ်ကို ပျော်နေပုံရသည်။ သူမ ရယ်ပြုံးနေတာကို မြင်မှ သွေးနီ တစ်ခါမှ သူမအရယ်အပြုံးကို မမြင်ဖူးတာ သတိထားမိသည်။ သူလည်း တစ်ခါမှ သူမကို ရယ်ပြုံးနိုင်အောင် မလုပ်ဖူးဘူး ဆိုတာပါ တစ်ခါတည်း အမှတ်ရလိုက်သည်။ သူ ချစ်နေတာက မမမယ်ယဥ်ကျေးပါ ဘာလို့ ဂျာဆိုင်းရွယ် အခြားယောကျ်ားတစ်ယောက်နဲ့ စကားပြောတာ ဘယ်ဘက်နှလုံးသားက နာကျင်နေရပါလိမ့်။ 


အခုချက်ချင်း သူမလက်ကို သွားဆွဲထုတ်လိုက်ရမလား။ ဟိုအကောင်မျက်နှာကိုပါ တစ်ခါတည်း သုံးလေးချက် ဆက်တိုက် ထိုးပစ်လိုက်ရမလား။ ဘာလို့ ဒီကောင်က ဆိုင်းအနားမှာ ဝဲနေရတာလဲ။ 


''ဆိုင်း ''


အတွေးပေါင်းများစွာကို ခေါက်သိမ်းကာ လက်တွေ့က ပါးစပ်ဖြင့် ခေါ်နှင့်ပြီးပြီ။ မြန်လိုက်တာ ထိန်းသိမ်းချိန်တောင် မရလိုက်ဘူး။


သွေးနီ အသံကို ကြားတော့ ဆိုင်းက အသံလာရာဘက်ကို ကြည့်ပြီး သူ့ကိုလည်းမြင်ရော မျက်လုံးလေးတွေ ဝိုင်းစက်သွားသည်။ 


''အကို''


''မင်း ဒါ ဘာလုပ်တာလဲ''


ပစ္စည်းစာရင်းတွေ စာအုပ်နဲ့ ရေးမှတ်နေခိုက် ဂျာကြီးက စကားလာပြောတော့ သူမလည်း ခင်ဖို့ကောင်းသည့် ဂျာကြီးနဲ့ စကားပြန်ပြောမိသည်။ 


''အလုပ်လုပ်နေတာလေ''


''ဒီကောင်က ဘယ်သူလဲ''


သွေးနီက ဆိုင်က မန်နေဂျာကို မကြည်သလို ပါးစောင်းလျှာထိုးပြီး မေးလာတော့ ပြဿနာတွေ မဖြစ်စေရန် သူမကပဲ 


''ဂျာကြီး အဲ့ဒါ ဆိုင်းအသိလေ၊ ဟို စကားခဏလောက် ပြောပါရစေ''


''ရတယ် ဆိုင်း ''


ညီမလေး တစ်ယောက်လို သူမအပေါ် ခင်သည့် ဂျာကြီးစိတ်ဓာတ်ကို သိတော့ သူမနဲ့ အကို့ကို စိတ်မချစွာ နောက်ပြန်ကြည့် လှည့်ကြည့်ရင်း ထွက်သွားလေသည်။ ထူးထူးဆန်းဆန်း အကိုက ဆိုင်း အလုပ်လုပ်နေတဲ့နေရာဆီ လိုက်လာတာမို့ ပိုပြီး ထူးဆန်းနေသည်။ မျက်နှာကြည့်ရတာ သိပ်မကောင်းတာမို့ အသည်းကွဲဒဏ်ရာ မပျောက်သေးဘူး ဆိုတာပါ သိလိုက်သည်။ 


''အကို ဒီကို ဘာလာလုပ်တာလဲ''


''ဟိုကောင်က ဘယ်သူလဲ ဆိုတာသာ ဖြေပါ''


''သူက မန်နေဂျာလေ နာမည်က ကိုခန့်ဦးပါ''


''အရမ်းရင်းနှီးပုံပဲ''


''ဟင်''


ဆိုင်းကို မကျေနပ်သလို ပြောလာသည့် အကိုကြောင့် အံ့သြနေမိသည်။ တကယ်ဆို ဆိုင်းက လှည့်စားခံရသည့် သူမလား။ မကျေနပ်ချင် မကျေနပ် ဆိုင်းကပဲ မကျေနပ်ဖြစ်ရမှာလေ။


''ဆိုင်း လုပ်စရာ ရှိသေးတယ် အကို ပြန်တော့''


''ဘာလဲ ဟိုကောင်နဲ့ တော်တော် ပလူးချင်နေပြီလား''


''အကို ဆိုင်းကို လာမစွပ်စွဲနဲ့၊ အခုချိန် အကိုနဲ့ဆိုင်းက ဘာမှ ပတ်သက်တော့တာ မဟုတ်ဘူး ၊ ဆိုင်း ဘာပဲလုပ်လုပ် အကို ဘာမှ ပြောနေစရာ မလိုဘူး ''


''ဘာ ဘာပြောလိုက်တယ် ဘာမှ မပတ်သက်ဘူး ဟုတ်လား၊ မင်းက ငါ့မိန်းမ ဖြစ်ဖူးတယ် ဆိုတာ မေ့သွားတာလား''


သွေးနီ ဒေါသထွက်ထွက်နဲ့ အကျယ်ကြီး ပြောလိုက်တော့ အနီးရှိ အလုပ်သမားတွေက ဆိုင်းတို့ကို ပြူးကြည့် ပြူးကြည့် ကြည့်လာကြသည်။ အကိုက ဆိုင်းကို မုန်းလွန်းလို့ အလုပ်မှာတောင် မရှောင်ပဲ အရှက်လာခွဲတာလား။ ဆိုင်း ရင်တွေ နာလွန်းလို့ ဘယ်လိုလုပ်ရမလဲ။


''အဟင့် ပြော စိတ်ကြိုက် ပြော ၊ ပြီးရင် ထွက်သွားပေးပါ''


သွေးနီ ဆိုင်းပါးပြင်ပေါ်က မျက်ရည်လေးတွေ မြင်တော့မှ အသိဝင်လာကာ ထိတ်ထိတ်ပြာပြာ ဖြစ်ရသည်။ သွားပြီ သူ့ကြောင့် တစ်ခါ နာကျင်ရပြီးတာတောင် ထပ်ပြီး နာကျင်အောင် လုပ်မိပြန်သည်။ ထိုစဥ် ခန့်ဦးက ထွက်လာ၍ ငိုယိုနေသော ဆိုင်းကို ပွေ့ဖက်၍


''ဒီက ညီက ဘာတွေ မကျေနပ်ဖြစ်နေသလဲတော့ အကို မသိဘူး၊ အခုလောလောဆယ် ဆိုင်က ထွက်သွားပေးပါ၊ မဟုတ်ရင် လုံခြုံရေးတွေကို လှမ်းခေါ်ရလိမ့်မယ်''


''မဟုတ်ဘူးလေ ဟာ..''


ရှင်းပြမလို ပါးစပ်ပြင်ပြီးမှ ခန့်ဦးရင်ခွင်ထဲက သူ့ကို နာနာကျည်းကျည်း စိုက်ကြည့်နေသော ဆိုင်းမျက်လုံးများ​ကြောင့် ပြေဖို့စကားတောင် ရှာလို့မရတော့။ သူမ ထင်သလို အရှက်ခွဲတာ မဟုတ်ပါဘူး ။ သူစိမ်းယောကျ်ားနဲ့ ရင်းနှီးတာ မကြိုက်လို့ ပိုင်ဆိုင်ခွင့်ရှိသေးတယ်အကြောင်း ပြောပြယုံပါ။


❤❤


မဂ္ဂမိုးသောက်က မွေးနေ့လေးမှာ Dateမည် ဆိုတော့ မယ်ယဥ်ကျေး ရင်အခုန်ကြီးခုန်နေရပါသည်။ တစ်ခါမှ မဝတ်ဖူးတဲ့ ဂါဝန်အဖြူရောင်အတိုလေးကို ဝတ်ပြီး မောင် လာခေါ်မည့် အချိန်ကိုသာ စောင့်နေလိုက်သည်။ ပြီးတော့ မောင့်အတွက် Surpriseလည်း ရှိသည်။ မောင် သိရင်တော့ ထခုန်နေမှာ အသေအချာ။


တဖက်တွင်တော့ မဂ္ဂမိုးသောက်လည်း အကြည်လုံးလေးနဲ့ Dateဖို့ ဆိုင်ကောင်းကောင်း Ethicရှိသည့် ဆိုင်မျိုး Serviceကောင်းကောင်းလိုမျိုး နေရာကို  Googleခေါက်ပြီး Lucasရော ဟန်မင်းစျာန်ပါ ခေါင်းချင်းဆိုင် မွှေနှောက်ရှာနေကြသည်။ Restaurant Blogger တွေရဲ့ Videoတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ထိုင်နားထောင်နေကြသည်။


မောင်က မောင့်မိန်းမအတွက်ဆို  အကောင်းဆုံး ဆိုတာထက် ပိုကောင်းတာတွေပဲ ပေးချင်တာ။ 


''ဟေ့ကောင်တွေ ရှာလို့ မတွေ့သေးဘူးလား''


''တွေ့တယ်လေ ပြတော့လည်း ဟိုဟာမကြိုက်ဘူး ဒီဟာမကြိုက်ဘူးနဲ့ ဂျေးများနေတာ မင်းလေ''


မနက်ကတည်းက မဂ္ဂမိုးသောက်က လာပြီး lucasနဲ့ ဟန်မင်းစျာန်ကို အပူကပ်နေတာဖြစ်သည်။ 


''ငါမှ မကြိုက်တာ ထပ်ရှာအုံး''


သူငယ်ချင်းလေး ကောင်းစားဖို့အတွက် Laptopထဲ ခေါင်းနစ်ဝင်မတတ် ကြိုးစားရှာရပြန်သည်။ ဒီလောက် ပါရမီဖြည့်နေလည်း ဒီကောင်က အကောင်းတစ်စက်ကလေးမှမပြော။ တော်တော်ကြိုးစားရကျိုးနပ်သည်။


ထိုစဥ် ဆိုင်လေးထဲ ဒေါက်မြင့်ဖိနပ်သံ တဒေါင်ဒေါင်ဖြင့် အချိုးအစားလှပစွာ ဝင်လာသော မိန်းမပျိုတစ်ယောက်ကြောင့် အားလုံးက ငေးကြည့်လာသည်။ ထိုအထဲတွင် မဂ္ဂမိုးသောက်က​တော့ မပါ။ မယ်လေးအတွက်ပဲ စိတ်ဝင်စားနေတော့ ပြင်ပက ဘယ်အရာမဆို ဂရုမစိုက်နိုင်။


ထိုမိန်းကလေးက မဂ္ဂမိုးသောက် ထိုင်နေသော ဝိုင်းဆီသို့ တည့်တည့်လာကာ နံဘေး၌ ဝင်ထိုင်လိုက်ပြီး


''ယူ''


မဂ္ဂမိုးသောက် ထိုမိန်းကလေး၏ အသံလည်းကြားရော Laptopပေါ် ပြေးနေသော လက်ချောင်းတွေ ခေတ္တမျှ နှေးသွားပြီး တချက်လောက် မော့ကြည့်၍ ဘာမှမထူးဆန်းသလို ကိုယ့်အလုပ်ကိုယ် ပြန်လုပ်နေလောက်သည်။ သူ့ဘဝမှာ မယ်လေးလောက် ဘယ်သူမှ အရေးမကြီး မထူးဆန်းတော့။ 


''Roseကို ဘယ်လို ဆက်ဆံလိုက်တာလဲ ယူရယ်''


..


''အော် Chinaမှာ ယူ ဒို့ကို ဘယ်လိုဆက်ဆံလိုက်သလဲ ဆိုတာ ပြန်ပြောပြရမလား''


မဂ္ဂမိုးသောက် လည်တိုင်အား လက်သည်းဖြင့် ကုတ်ခြစ်၍ ဆိုတော့ သူမလက်ချောင်းကို မဂ္ဂ ကြမ်းကြမ်းတမ်းတမ်း ဆွဲဖြုတ်၍


''အာရုံလာမနောက်နဲ့''


''အဟက် ဒီနေ့က ယူ့မိန်းမရဲ့ မွေးနေ့ဆို၊ ယူ့သူငယ်ချင်းဆိုင်မှာ Birthday လုပ်ပါလား၊ ဒို့ စပွန်ဆာပေးမယ်လေ၊ ယူ့မိန်းမကို ဒို့ ခင်မင်ချင်လို့''


''ငါ့မိန်းမက မင်းလိုမိန်းမမျိုးရဲ့ ပါးစပ်က ထွက်ကျလာတဲ့ စကားလုံးနဲ့​တောင် မတန်လို့ ထပ်မပြောမိစေနဲ့''


ရိုင်းရိုင်းစိုင်းစိုင်း ထွက်လာသော မဂ္ဂမိုးသောက်ရဲ့ စကားကြောင့် Roseမျက်နှာ ထားမတတ်အောင် ပျက်ယွင်းသွားသည်။ ချက်ချင်း မျက်နှာထားကို ပြန်ပြင်လိုက်ကာ ရဲရဲတောက်နေသော နှုတ်ခမ်းဖြင့် မဂ္ဂမိုးသောက်ရဲ့လည်တိုင်ကို ဖြတ်ခနဲ ဆွဲနမ်းလိုက်သည်။ ထိုအပြုအမူကြောင့် မဂ္ဂရော ငါ့သူငယ်ချင်းတွေပါ အံ့သြသွားသလို ချ​က်ချင်း ကပ်နေသော သူမကို ထိုင်ခုံပေါ်က တွန်းချလိုက်လေသည်။


''မင်း ဘာလုပ်တာလဲ''


''အဟက် မရှက်ပါနဲ့ Chinaမှာတုန်းကတောင် ယူနဲ့Rose ဒီထက်ရင်းနှီးပြီးပြီပဲ''


''Rose မင်း ဘာဖြစ်ချင်တာလဲ၊ မင်း ငါ့ကို ရှုပ်နေရအောင် မင်းနဲ့ ရင်းနှီးခဲ့တာ၁ပတ်တောင် မရှိဘူး ဆိုတာ သဘောပေါက်''


မနာလိုလို့ ...ယောကျ်ားတိုင်း မက်မက်မောမော လိုချင်နေသည့် သူမကို သူက မျက်လုံးချင်းဆုံအောင် တစ်ခါမှ မကြည့်ခဲ့။ အရှက်ကုန်အောင် အားလုံး ပြခဲ့တာတောင် အပျက်မသာသာ ဆက်ဆံခံခဲ့ရတယ်။ ပြီးတော့ ဘာမဟုတ်တဲ့ မိန်းကလေးတစ်ယောက်ကို သူက သည်းသည်းလှုပ်နေပါတယ် ဆိုတဲ့ သတင်းက Roseကို အိပ်မပျော်ဖြစ်စေသည်။ သည်မိန်းကလေးက ဘယ်သူမို့လို့ မဂ္ဂကို သေဆိုသေ ရှင်ဆိုရှင် ဖြစ်စေရတာလဲ။ ဒီမိန်းမကို မနာလိုလို့လေ အဖြေက ပြတ်သားသည်။


''ထားပါ ဒို့ ယူကို သတိရလို့ လာတာ ဒီလို ဆက်ဆံစရာလား''


''သောက်ပို မပြောနဲ့၊ ငါ သွားပြီ ''


စကားများလှပြီ ဆိုသော Lucasနဲ့ဟန်မင်းစျာန်တောင် Roseကို ဘာမှ ဝင်မပြောနိုင်။ ဒီအတိုင်း ပါးစပ်အဟောင်းသားဖြင့် ကြည့်နေရသည်။ 


ထိုစဥ် မဂ္ဂမိုးသောက်က ကားလမ်းမတဖက်ရှိ ကားပေါ် တက်နေတုန်း Roseက အနောက်ကနေ ပြေးလိုက်ကာ တဖက်က ကားက အရှိန်ဖြင့် လာကာ သူမကို တိုက်မိခါနီးမှ ဘရိတ်ကိုဆွဲကာရပ်လိုက်သည်။


Roseကို ကားနဲ့ မထိမိပေမယ့် ကားလမ်းမပေါ် လှဲကျသွားလေသည်။ မဂ္ဂမိုးသောက်လည်း သူအပြစ်မကင်းတာ သိတော့ သွားထူပေးမိသည်။ မျက်စိရှေ့တည့်တည့်မှာ မိန်းကလေးတစ်ယောက် ဒုက္ခရောက်နေတာ ပစ်ထားနိုင်လောက်သည့် မေတ္တာမမဲ့သေး။ 


''ယူ Rose ကြောက်တယ်''


မဂ္ဂမိုးသောက် ကိုယ်လုံးကို ကြောက်လန့်ပြီး အားပါးတရ ဖက်ထားလေသည်။ 


''ဘာဖြစ်သွားသေးလဲ''


''ခြေတောက် နာတယ် အရိုးကျိုးပြီ ထင်တယ်''


ခြေတောက်ကို ကြည့်ပြီး နာကျင်သလို မျက်ရည်လေးတွေကျနေတော့ မဂ္ဂမိုးသောက် သက်ပြင်းတစ်ချက်ချ၍ သူမကို ကောက်ပွေ့ကာ ဆေးရုံသို့ ခေါ်လာလိုက်သည်။ ထိုအချိန် မဂ္ဂမိုးသောက် မသိလိုက်တာက လမ်းမအလယ်ပေါ် ဖက်နေတဲ့အချိန် လူတစ်ယောက် ဓာတ်ပုံရိုက်လိုက်တယ် ဆိုတာပါပဲ။


တဖက်မှာတော့ မယ်ယဥ်ကျေးက မဂ္ဂမိုးသောက် ငြိုငြင်စရာတစ်ကွက်မှ မရှိအောင်သေသေချာချာ လှလှပပ ပြင်ဆင်၍ လက်ထဲမှာ ဆီးစစ်တံလေးကို ကိုင်ကာ မောင် လာခေါ်မည့်အချိန် မျှော်နေလေသည်။ ထိုစဥ် ဖုန်းထဲ အသံမြည်လာတော့ ကြည့်လိုက်ရာ မက်ဆေ့တစ်စောင် ဝင်လာသည်။ ဓာတ်ပုံတစ်ပုံကို အမည်မသိတဲ့ဖုန်းနံပါတ်က ပို့လာသည်။ မယ်လေး ဘာရယ်မဟုတ် ဖွင့်ကြည့်လိုက်ချိန်တော့ လက်ထဲက ဆီးစစ်တံလေးဟာ ကြွေပြားပေါ် လွတ်ကျသွားသလို မျက်ရည်လေးတစ်ပေါက်ပါ အတူတူ ကျဆင်းသွားလေသည်။ ဓာတ်ပုံထဲမှာ မောင်က....😭


❤❤


ဆက်ရန်

#MonePannMyau


rate now: