book

Index 22

(Part 22)

ကမ်းပြိုအနမ်း 


''မင်းတို့ဘာသာ သောက်စားပြီး ပြန်ကြပေါ့ ၊ *ီးမို့ ငါ့ကိုပါ ခေါ်တာလဲ''


မဂ္ဂမိုးသောက် မကြည်သလို ပြောလာတော့ ဒီကောင်တွေက တဟားဟား အော်ရယ်ကြသည်။


''ဟိုက အထိမခံဘူးမလား''


''အဟွန်း အဲ့ဒါ အရှက်အကြောက်ကြီးလို့လေ''


''မပိုင်ရင် မပိုင်ဘူး ပြောစမ်းပါ လဒရာ''


''သောက်ပိုတွေမပြောပဲ မြန်မြန်မြိုချ၊ ငါ့မိန်းမလေး စောင့်နေတော့မယ်''


''တံခါးပိတ်ပြီးတော့လား''


''xီး''


Lucasက တစ်ခွန်းပြောစလိုက် ဟန်မင်းစျာန်ပါ ဝင်စလိုက်နဲ့ မဂ္ဂမိုးသောက်၏ လူပျိုနောက်ဆုံးညလေးဟာ သာယာနေလေသည်။ 


တီ တီ


''ကျေးမ''


''မိုးဖွဲ့ ပြောလေ''


''အမလေး ငါ့ဖုန်းကို လာများကိုင်ပါ့မလားလို့ စိုးရိမ်နေတာ''


အဲ့ဒီမိုးဖွဲ့ဟာလေ လူကို ရှက်တတ်မှန်း သိလို့ အရမ်းစတတ်သည်။ အခုလည်း တစ်ဖက်မှာ ပါးလေး နီမြန်းစွာ ရှက်နေလေသည်။


''ဟာ ကိုင်မှာပေါ့၊ ငါက ဘာမှ လုပ်မနေတာ''


''ဟုတ်ပါပြီ နင့်ယောကျ်ားရော''


ယောကျ်ား ဆိုသည့် ဝေါဟာရက မယ်ယဥ်ကျေးနဲ့ အစိမ်းသက်သက် ဖြစ်နေသေးတော့ နားထဲ မချိုသေးပေ။ 


''မောင်က သူ့သူငယ်ချင်းတွေ ခေါ်လို့ သွားတယ်''


''အော် အဲ့ဆို အတော်ပဲ၊ ငါ နင့်ကို ပြောချင်နေတာ''


''ဟင် ဘာလဲဟင်''


မိုးဖွဲ့ ဘာပြောမလဲ ဆိုတာ မယ်လေး စိတ်ဝင်စားစွာ နားစိုက်ထောင်နေမိသည်။ 


''ဒီညက မင်္ဂလာဦးည ဆိုတော့ နင် အရမ်းရှက်နေမှာ စိုးလို့ဟဲ့''


''ဟဲ့ မိုးဖွဲ့နော် ငါ့ကို ဘာတွေလာပြောနေတာလဲ၊ ငါ ဖုန်းချတော့မယ်''


အရှက်အကြောက်ကြီးတဲ့ အပျိုကြီးမမက ဘာမှကို ဆက်မပြောရပဲ လက်တွေခြေတွေ တုန်ကာ ယောင်ယောင်မှားမှား ဖြစ်နေသည်။


''ဟဲ့ ဟဲ့ ငါ သိနေလို့ နင့်ကို ကြိုဖုန်းဆက်တာ၊ မယ်လေး နင်က အခု အိမ်ထောင်သည် ဖြစ်နေပြီနော်၊ အာဝါဟ ဝိဝါဟ ဆိုတာ မလွဲမသွေ ကြုံရတော့မှာ၊ ပြီးတော့ နင့်ယောကျ်ားက Playboyနော်၊ နောက်မှ နင့်ကို စိတ်ပျက်သွားရင် ဘယ်လိုလုပ်မလဲ ''


မိုးဖွဲ့ ပြောလိုက်​သော စကားကြောင့် မယ်လေး ရှက်ရမှာတောင် မေ့လျော့သွားရသည်။ မောင် သူမကို စိတ်ပျက်သွားခဲ့ရင် ဟင့်အင်း မယ်လေး ရင်ကျိုးရမှာ။


''အေး နင် သဘောပေါက်ဖို့ပဲ လိုတယ် သိလား မယ်လေး''


''အင်းပါ''


မိုးဖွဲ့ဆီမှ ဖုန်းလေးကျသွားတော့ မယ်လေး အတွေးလေးတွေ လွန်နေမိသည်။ မောင်က တစ်ခါတလေ နှုတ်ဖြင့် ပြောပေးမယ့် တစ်ခါမှ အတင်းအကြပ် မကျူးလွန်ဖူးပေ။ မယ်လေး ငြင်းပေမယ့် မောင် ရှေ့ဆက်တိုးရင် မယ်လည်း ဘာမှ လုပ်လို့မရတာ သူ သိသည်လေ။


''ဟေ့ကောင်တွေ မင်းတို့ မိုးလင်းပေါက်များ နေမလို့ စိတ်ကူးထားတာလားကွ'' 


၁၂နာရီတောင် ကျော်တော့မယ် အခုထိ မဂ္ဂမိုးသောက်ကို မပြန်ခိုင်းသေးတဲ့ lucasတို့ကို စိတ်မကြည်စွာ ဆွဲထိုးပစ်ချင်လာသည်။


''ဟေ့ကောင် မင်း ရုပ်ပျက်လိုက်တာကွာ''


''ပျက်ပျက် အိမ်မှာ ငါ့မိန်းမတစ်ယောက်တည်းကွ၊ ကြောက်နေရင် ဘယ်လိုလုပ်မလဲ ''


''ဟားဟား Lucas မင်း မရစ်နဲ့တော့ကွာ၊ မဂ္ဂက အကြည်လုံးလေးဆီ လှိမ့်ချင်လှပြီ၊ မင်းအလှည့်ကျမှ ဝဋ်လိုက်မယ်နော်''


ဟန်မင်းစျာန်က Lucasကို ဝင်ပြောတော့


''ဟားဟား အေးပါကွာ သွားမယ်ဆိုလည်း သွား၊ ဒီကောင် မယကဖြစ်တော့မှာ''


''xီးကို မယကလား၊ ငါက မိန်းမကို ကြောက်တာ မဟုတ်ဘူး၊ ချစ်တာ သူတောင်းစားရ''


လေကြောရှည်နေတဲ့ Lucasကို ပစ်ပစ်နှစ်နှစ် ဆဲလိုက်၍ ကားသော့ဆွဲကာ ထွက်လာလိုက်သည်။ သက်သက် ဂျေဝင်နေတာ အလကား။


❤❤


''ပူတူးရေ မောင် ပြန်လာပြီ''


အိပ်ခန်းထဲ လူက မရောက်သေး အသံက အရင်ရောက်နေပြီ။ မယ်ယဥ်ကျေး ရေမိုးချိုးပြီး အိပ်တောင်ပျော်တော့မည်။ သူများအိပ်စက်အနားယူချိန် အသံက ခုနစ်အိမ်ကြား ရှစ်အိမ်ကြား။


''ဟော အကြည်လုံးလေးက အိပ်နေပြီလား၊ မောင့်ကို စောင့်ပါလို့ ပြောထားရက်နဲ့''


''နာရီလည်း ကြည့်အုံး''


''၁၂နာရီအတိလေးပဲ ရှိသေးတာကို''


''စောသေးတယ်ပေါ့''


ဆူပုတ်ပုတ်လေး ပြန်ပြောတော့ မယ်ယဥ်ကျေး ပါးပြင်လေးကို လက်လေးဖြင့် အသာညစ်ကာ ဆူထွက်လာသော နှုတ်ခမ်းလေးကို ပြွတ်ခ်ခနဲ ဆွဲနမ်းလိုက်၍ ရီဝေနေသော အကြည့်တို့ဖြင့်


ပြွတ်စ်


''ချစ်ဖို့ကောင်းလိုက်တာ မောင့်မိန်းမလေးက''


''မောင်နော် ''


မယ်ယဥ်ကျေး အရှက်သည်းကာ ပြောလိုက်ပေမယ့် တကယ်တမ်း မငြိုငြင်မိ။


''ချစ်လိုက်ရတာဗျာ''


ဖြူလွလွ တိမ်တိုက်တွေပေါ် မဂ္ဂနှလုံးသားလေးက ပြေးလွှားဆော့ကစားနေသည့်နှယ်။ ကိုယ် နှစ်သက်တဲ့ အရုပ်လေးတွေကို ဖျစ်ညစ်ပစ်ချင်သည့်စိတ်ရှိသည့်သူများတော့သိမည်။ အခုလည်း ကျုပ် မယ်လေးကို ဖျစ်ညစ်ချင်စိတ်က မရိုးမယွ။ 


တကယ့်အဖြူလုံးလေးလို သမင်မျက်ဝန်းတွေက တဖျတ်ဖျတ် ခတ်ရန်လည်း မမေ့။ သူမလည်း ကျုပ့်လို ရင်ဖိုနေတာဖြစ်မည်။ ကျုပ် အနှစ်သက်ဆုံးအစိတ်အပိုင်းလေးက ပန်းနုရောင် စိုစိုစွတ်စွတ် ရွှန်းရွှန်းလဲ့လဲ့ နှုတ်ခမ်းပါးလေး တဆတ်ဆတ် တုန်ရီနေသည်။ တနေ့လုံး တညလုံး သူမ၏ အလှကို အမွှန်းတင်ရေးရရင် မပြီးဆုံးတော့မည့်သမိုင်းဝင်စာတစ်ပုဒ်ဖြစ်လာလိမ့်မည်။ 


ရေချိုးထားပြီးခါစမို့ မျက်နှာလေးက စိုအိနေသလို ဆံနွယ်တချို့ကလည်း ရေထိထား၍ မျက်နှာလေးပေါ် ကပိုကရို ဝဲဖြာကျနေသည်။ 


''အိပ်ကြစို့လား''


ထိုသို့ပြောတော့ မယ်ယဥ်ကျေး ရှက်ကြောက်ကာ ခေါင်းခါပြသည်။ နဖူးပေါ် ဆံခြည်စတွေဟာလည်း လှုပ်ရမ်းသွားသလို မဂ္ဂမိုးသောက် ဘယ်ဘက်ရင်ဘတ်ထဲက ​နှလုံးသားသည်လည်း အချိုးအဆအတူ လှုပ်ခါသွားလေသည်။ 


သူမ၏ မျက်တောင်ဖျားကန့်လန့်ကာအဖွင့်မှာပင် ကျုပ့်နှလုံးသားလေး ထွဋ်ထွဋ်လူးသွားသည်။ လက်မောင်းသားလေးအား ဖျစ်ညစ်လိုက်အခိုက် အေးမြမြအသားလွှာလေးက တုန်တုန်ရီရီ ။ နူးညံ့လွန်းသော ပါးပြင်လေးကို အုပ်ကိုင်လိုက်တော့ မျက်လွှာလေးကို အသာလေး မှိတ်ပေးရှာသည်။


''မယ်လေး''


''ဟင်''


''ကျုပ့်ကို ချစ်လားဟင်''


''ဟုတ်''


''ကျုပ့်ကို ကြည်ဖြူနိုင်ရဲ့လားဗျာ''


စတွေ့ကတည်းက ကြမ်းတမ်းတတ်သော လူကြမ်းသည် အချစ်နဲ့တွေ့မှ နူးညံ့သွားသော ယုန်သူငယ်တစ်ကောင်အသွင် ကူးပြောင်းသွားသည်။ 


''မောင် ဆက်မေးနေရင် အတည်အိပ်တော့မှာ''


''ဟားဟား ''


နဂိုကတည်းက အရှက်သည်းနေသူကို မေးခွန်းများများ မမေးဖို့ မဂ္ဂ သဘောပေါက်လိုက်သည်။ အရှက်အကြောက်ကြီးလွန်းတဲ့ သူမအဖို့ ဘယ်လောက် အားတင်းထားရမလဲ ဆိုတာ အတင်းဆုတ်ထားသော လက်သီးလေးက သက်သေပင်။ 


မွှေးရနံတို့ ထုတ်လွှတ်နေသော အေးမြမြ ပါးပြင်လေးကို နမ်းကြူလိုက်တော့ ခေါင်းလေးလွှဲကာ ရှောင်သွားလေသည်။ ဘယ်လောက်ပဲ အဆင်သင့်ဖြစ်ဖြစ် အရှက်ကြီးလွန်းတဲ့သူမအဖို့ ထိုကိစ္စက အလွယ်လေးမှ မဟုတ်ပဲလေ။


ပြွတ်စ် 


နီရဲရဲ နားသယ်စလေးအနောက်​နားက နီတာရဲနားရွက်ဖျားလေးကိုနမ်းလိုက်မိတော့ ခန္ဓာကိုယ်တစ်ခုလုံး မဂ္ဂရင်ခွင်ထဲ တွန့်လိမ်၍ ခိုဝင်လာသည်။ ရင်ခွင်ထဲက အသည်းအသက်လေး ချစ်လွန်းလို့ ဘယ်လို လုပ်ရတော့မလဲဗျာ။ 


အတင်းမှိတ်ထားသော မျက်ခွံပါးပါးလေးက လှုပ်လီလှုပ်လဲ့။ အစိတ်အပိုင်းလေးတိုင်းကို အနမ်းခြွေမိတော့ ပေါက်ထွက်သွားသည့် အမွှေးအိတ်လေးလို ရနံ့လေးက သင်းပျံ့လာသည်။ 


ရင်ခွင်ထဲက အသည်းအသက်လေးက အရုပ်လေးလို ကြမ်းရမ်းချင်တိုင်း ကြမ်းရမ်းပစ်ချင်စရာ။ ခုန်ထွက်နေသော နှလုံးသားလေးကို လျစ်လျူရှုကာ စတွေ့ကတည်းက ကျူးလွန်ပစ်ချင်နေခဲ့သည့် ပန်းနုရောင်နှုတ်ခမ်းပါးလေးအား စိတ်ရှိလက်ရှိ တားဆီးမယ့်သူမရှိ နမ်းရှိုက်ပစ်လိုက်သည်။ ထိုမှတဆင့် လည်ပင်းသား ရင်ညွှန့်သားလေးတွေအား ဖြန့်ကျက်လာသော အနမ်းပန်းလေးတွေဟာ တစ်စတစ်စ သိမ်းပိုက်လာရင်း ထိုအခန်းလေးဟာ အချစ်ရနံ့တို့ ထုံးမွှေး၍ မီးအိမ်လေးဟာ အလိုလို မှိတ်ချသွားလေသည်။


❤❤


မယ်ယဥ်ကျေး မျက်ခွံလေးတွေ လှုပ်လှုပ်ရှားရှား ဖြစ်လာကာ မျက်တောင်လေးသုံးချက်လေးချက် ခတ်လိုက်ပြီးမှ မျက်လုံးဖွင့်လိုက်တော့ ကြည်လင်တောက်ပသော နေ့သစ်လေးက ကြိုဆိုနေသည့်နှယ်။ မောင့်ရဲ့ ရင်ခွင်ထဲက ပထမဆုံးနေ့ရက်အဖြစ် နိုးထလာခဲ့ရသည်။


မယ်ယဥ်ကျေး မဂ္ဂမိုးသောက်ကို ကြည့်လိုက်ရာ အခုထိ အိပ်မောကျနေသေးသည်။ မယ်လေး မျက်လုံးရှေ့တည့်တည့်က လည်စေ့တစ်ခု။ သေချာတာက မောင်ရဲ့ ယောကျ်ားပီသတဲ့ အစိတ်အပိုင်းတွေထဲကတစ်ခု။ အထက်ကိုဆင့်ကြည့်လိုက်တော့ ညက မောင် ဆိုးခဲ့သည့် လက်နက်တစ်ခု။ ဆေးလိပ်သောက်ထားတဲ့ နီညိုရောင်နှုတ်ခမ်း။ မယ်လေးကို ရင်ဖိုအောင် လုပ်နိုင်ဆုံး အရာတစ်ခု။ မောင်ဟာ သိပ်ဆိုးခဲ့သည်။ မယ်လေး လက်နုနုလေးတွေက အကျီမရှိသည့် သူ၏ ရင်အုပ်ကျယ်ကြီးပေါ် ရောက်နေသလို သူ့လက်မောင်းတွေအကြား မယ်လေး ရုန်းထွက်မရနိုင်ခဲ့။ မယ်လေးခေါင်းအုံးလေးဟာ ကုတင်အောက်မှာ အဖော်မဲ့၍ အထီးကျန်နေသည်။ မယ်လေးခေါင်းလေးက သူ့၏ လက်မောင်းများပေါ်တွင် တည်ရှိနေသည်။ 


''မောင်က သိပ်ယောကျ်ားပီသတာပဲ''


မယ်လေး မဂ္ဂမိုးသောက်၏ နဖူးပေါ် ဝဲကျနေသော ဆံသားစတွေကို လက်လေးတွေဖြင့် ဆော့ကစားနေရင်း ကောက်ချက်ချမိသည်။ ထို့နောက် မဟာနဖူးပြင်လေးအား မနေနိုင်စွာပဲ မော့နမ်းလိုက်တော့ မောင်က တချက်တွန့်သွားလေသည်။ မယ်လေး ကိုယ့်လုပ်ရပ်ကို ကိုယ် ပြန်ရှက်ကာ မောင် နိုးသွားမှာလည်း စိုးနေသည်။ ဒါပေမယ့် မောင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းပင်။ 


နာရီအား လှမ်းကြည့်လိုက်ရာ ၇နာရီ ရှိပြီမို့ မောင့်အတွက် ပထမဆုံးနေ့ရက်အဖြစ် အိမ်ရှင်မတာဝန် ယူရတော့မည်။ မောင့်အတွက် မနက်စာပြင်ပေးဖို့ငှာ ထလိုက်တော့ မောင်က သက်ပြင်းတချက်မှုတ်ထုတ်၍ လက်တွေကလည်း တင်းကြပ်သွားရာ မယ်လေးကိုယ်လုံးလေး ရုန်းမရပြုမရ ဖြစ်နေရသည်။ 


မယ်ယဥ်ကျေး ကိုယ်လုံးလေး လွန့်လူးလာလို့ထင်ပါရဲ့။ မဂ္ဂမိုးသောက်က မယ်လေးတစ်ကိုယ်လုံး သိမ်းကြုံးဖက်ထားပြီး အိပ်ပျော်နေ​ပြီး ရုန်းမရပြုမရ ဖြစ်နေသော အခြေအနေကြောင့် မယ်လေး လုံးဝ မတတ်သာသည့်အဆုံး သူ့ကျောပြင်ကို လက်ဖြင့် ဖွဖွလေး ထုရသည်။ 


''လွှတ် ''


''အိပ်အုံး ''


အိပ်ချင်မူးတူးဖြင့် အသံအက်အက်ကြီး ထွက်လာကာ မဖယ်ပေးဘဲ အရင်ကထက် ပိုတိုးဖက်လာသည်။ မယ်လေး ရုန်းကန်နေရတာ ၁၅မိနစ်လောက် ဖြစ်ပြီမို့ ချွေးလေးတောင်ဝဲလာရသည်။ 


''၇နာရီ ကျော်နေပြီ၊ ဖယ်တော့''


''ဟာဗျာ မယ်လေးကလည်း ဘယ်နှနာရီပဲဖြစ်ဖြစ် အိပ်အုံး ''


''မရဘူးလို့ လွှတ်တော့ အသက်ရှုကြပ်လာပြီ''


အသံလေးက မကြည်လင်တော့ပဲ ငိုမဲ့မဲ့လေး ဖြစ်လာတော့မှ ရင်ခွင်ထဲက အကြည်လုံးလေးကို ငုပ်ကြည့်လိုက်တော့ နှုတ်ခမ်းလေးက ဆူထွက်နေသည်။


''ချစ်စရာလေးဗျာ''


''သိတယ် ဖယ်တော့''


''ဟာ မောင့်ကို မလိုလားတဲ့အသံနဲ့ ဘာလို့ ပြောနေတာလဲ၊ မင်္ဂလာဦးနေ့လေးမှာ ကြည်ကြည်နူးနူးလေး ဖြတ်သန်းရမှာလေ''


''ဘယ်သူက ဘာပြောနေလို့လဲ၊ အခုက ဖယ်ပေးလို့ ပြောတာလေ''


''အစောကြီး ရှိသေးတာကို ဘာလုပ်မလို့လဲ''


'' မနက်စာ ပြင်ပေးမလို့ဟာ''


''မစားချင်ဘူး ခင်ဗျားလေးကိုပဲ စားချင်တာ''


ပြောင်စပ်စပ်ဖြင့် ဆိုလာသည့် မောင့်ရင်ဘတ်ကို မနာအောင် ဖွဖွလေး ထုကာ မျက်စောင်းတချက် ထိုးလိုက်သည်။ မောင်ဟာလေ သူ အရှက်မရှိတိုင်း။ စောင်လေးကို နှစ်ယောက်အပေါ် ပြန်ခြုံလိုက်၍ မောင်ဟာ စိတ်ရှိတိုင်းသာ ပြုမူနေတော့သည်။ မောင်ဟာလေ တကယ့် လူဆိုးကြီး...။


❤❤


ဆက်ရန်

#MonePannMyau


rate now: