ကမ်းပြိုအနမ်း
''မမ''
''ဟင်''
''ဘာအရောင်လေး ဝတ်ချင်လဲဟင်''
''အင်း အဝါရောင်လေး ကြိုက်တယ်''
ဒီဇိုင်းနာမဝေက အကျီအစပိုင်းများစွာ ပြ၍ ရွေးခိုင်းနေစဥ် သွေးနီက ကူရွေးပေးနေသည်။ ထိုစဥ် မဂ္ဂမိုးသောက်က
''အဖြူယူ''
''ဟင် ဘာလို့လဲ မယ်လေးက အဝါလေးကြိုက်နေတာကို''
''ဟုတ်တယ် မမ၊ မမက အဝါရောင်လေးနဲ့ အရမ်းလှမှာ''
သွေးနီကပါ မဂ္ဂမိုးသောက်အား စူးစိုက်ကြည့်ကာ ဆိုလာတော့ လက်သီးက တင်းခနဲ ဖြစ်သွားရသည်။ မယ်လေးသာ ဒီနေရာမှာ ရှိနေရာမှာ မရှိနေခဲ့ရင် သူ့မျက်နှာကို သုံးချက်လေးချက်ဆက် ထိုးကြိတ်ခဲ့ပြီးပြီ။
''အဝါ မယူနဲ့ အဖြူပဲယူစမ်းပါ''
''အဝါရောင်က မင်္ဂလာရှိတဲ့အရောင် ပြီးတော့ ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပါယ်လေ မောင်ရယ် ''
''မောင် ရှိနေပြီးပဲ ပျော်ရွှင်ခြင်းတွေဘာတွေ လိုလား၊ အဖြူရောင်လေးပဲယူ၊ အဖြူရောင်က ငြိမ်းချမ်းခြင်းရဲ့ အဓိပ္ပါယ်၊ ခင်ဗျားလေးနဲ့ လိုက်တယ် ဒါပဲယူ''
''အဟင့် အဝါရောင်လေးပဲ ကြိုက်ပါတယ်ဆို မောင်ကလည်း ''
သူမ ရွေးချယ်ထားသော အရောင်ကို မောင်ကမကြိုက်တော့ စိတ်လေးညစ်လာရသည်။ ပြောတော့ အလိုလိုက်မှာဘာညာနဲ့၊ အရောင်လေးရွေးတာကို လာကပ်သတ်ပြီး ပြောနေသည်။ ဂျာဆိုင်းရွယ်က
''ဟုတ်သားပဲ အကိုကြီးကလည်း၊ မမက အဝါရောင်လေး ကြိုက်နေတာကို အဝါပဲ ယူပါစေ၊ မမက လှပြီးသားဆိုတော့ ဘာရောင်လေးပဲဖြစ်ဖြစ် လိုက်မှာ''
မယ်ယဥ်ကျေးကို အားကျခြင်း မျက်လုံးအစုံဖြင့် ကြည့်ကာ ဆိုလာသည့် ဆိုင်းကြောင့် မယ်လေး မျက်နှာလေး တည်တင်းသွားကာ အဝါရောင်အကျီအစလေးကို သွေးနီလက်ထဲ ထိုးအပ်၍
''အဖြူပဲ ယူတော့မယ်''
''ဟင် ''
ရုတ်တရက် ဖြစ်သွားသော အပြုအမူကြောင့် သွေးနီ အံ့သြသွားရသည်။ ထိုအခါ မဂ္ဂမိုးသောက် မျက်နှာတွင် ဂုဏ်ယူနေသည့် မျက်နှာထားဖြင့် လူကို နှုတ်ခမ်းရွဲ့ပါးရွဲ့ ကြည့်နေသည်။
''လိမ္မာလိုက်တာ''
''ဟီး''
သွေးနီ တစ်ခါမှ မမြင်ဖူးသေးတဲ့ မမရဲ့ ပုံစံကို မြင်တော့ ရင်နာရသည်။ မမက အမြဲတမ်း တည်တည်လေးနေကာ သူမနဲ့ မခင်ရင် စကားတစ်လုံးတောင် သူမနှုတ်ခမ်းဖျားက ထွက်ကျလာဖို့မလွယ်။ အခု ကလေးဆန်ဆန် အပြုံးလေးတွေ ၊ ချွဲနွဲ့သံလေးက လုပ်ယူထားပုံနဲ့မတူ။ မဂ္ဂမိုးသောက်ရှေ့မှာ အံဝင်ဂွင်ကျ သဘာဝဆန်နေသည်။ မမနဲ့ ဒီလူက အဲ့လောက်တောင် ရင်းနှီးသွားကြပြီလား။ ပြီးတော့ မမက ဂျာဆိုင်းရွယ်ကို သိပ်အမြင်ကြည်ပုံမရ။ ဒီလူကို သဝန်တိုနေတာ ဖြစ်ရမည်။ သွေးနီ ပထမဆုံးအကြိမ် ထိုလူအား အားကျမနာလိုဖြစ်မိသည်။ ကံကောင်းလိုက်တာ..။
'မယ်လေးက ဘယ်လို ပုံစံမျိုးလေး ချုပ်ချင်တာလဲ''
''ဆွမ်းကျွေးပဲ လုပ်မှာ ဆိုတော့ အရမ်းကြီး ထည်ဝါပုံတော့ မလိုချင်ဘူး ၊ ရိုးရိုးလေးပဲ ချုပ်ပေးပါ''
''မဝေ မယ်လေးကို လည်ပင်းပိတ် ၊ လက်ရှည်၊ ပြီးတော့ ထမိန်ဆိုလည်း ခြေမျက်စိအဖုံး ချုပ်ပေး၊ ဘာတစ်ခုမှ မပေါ်စေနဲ့နော်''
''အမလေး မဂ္ဂ အဲ့လိုဆို မယ်လေးကို ခြင်ထောင်ကြီးနဲ့ ချုပ်ထားလိုက်ပါတော့လား၊ ပိုကိုပိုတယ်''
''ဟော ဒါက ကျုပ်က မယ်လေးကို ချစ်တာကိုးဗျ''
တမင် သွေးနီ မျက်နှာတည့်တည့်ကို ကြည့်ပြီး ဖိပြောလိုက်သည်။
''အဟက် ဖြစ်ရတယ်''
''မဝေတို့က နှစ်တစ်ထောင်FAတွေ ဆိုတော့ ပြောပြလည်း သိမှာမှ မဟုတ်တာ ''
''ကြည့်စမ်း မယ်လေး ငါ့ကို နင့်လူ ရန်လာစနေတယ်နော် ကြည့်ပြော''
''မောင်ကလည်း ''
မဝေက ပြုံးရယ်ကာ ဆိုလာတော့ ရှက်ကာ မောင့်ကိုပဲ မဲမိသည်။ ပိုလိုက်တာ..
''မမက အဖြူလေး ရွေးလိုက်ပြီ ဆိုတော့ အကိုကြီးက ဘာအရောင်လေး ရွေးမှာလဲ''
ဒီလို စကားတွေက မောင်ရဲ့ သတို့သမီးဖြစ်တဲ့ မယ်လေးကပဲ မေးရမှာ မဟုတ်ဘူးလား။ ဂျာဆိုင်းရွယ်က ကြားကနေ မေးလိုက်တာမို့ သဝန်တိုစိတ်ကို မနည်းထိန်းထားရသည်။
''အင်း မောင်က ဘာအရောင်လေး ယူရမှာလဲ''
''သဘော''
ဘာကို မကျေနပ်မှန်းမသိ မျက်စောင်းတချက်တသိမသာ ထိုး၍ မဝေနဲ့ စကားပြောနေသည်။
''အကိုကြီးက အမဲလေးနဲ့ လိုက်မှာ''
''ဟုတ်လား''
''ဟုတ်တာပေါ့''
''အင်း မယ်လေး ကျုပ် အမဲရောင် ဝတ်မယ်''
''အဖြူပဲဝတ်''
မယ်ယဥ်ကျေး လက်လေးပိုက်ကာ တစ်ခွန်းတည်း ဆိုလိုက်သည်။
''ဘာလို့လဲ ကျုပ်က အမဲပဲ ကြိုက်တာကို''
''အဖြူပဲဝတ် မဝတ်ချင်ဘူးဆိုလည်း မင်္ဂလာမဆောင်ယုံပဲ၊ ကြိုက်တာဝတ်''
မယ်လေးက အရင်က မရစ်တတ်ပါဘူး။ ဒီနေ့ကျမှ ဆေးများမှားခဲ့သလားမသိ။ တစ်ခါမှ မမြင်ဖူးသေးတဲ့ ပုံစံတွေ မယ်လေးဆီမှာ တွေ့နေရသည်။
''ကျုပ်က အမဲရောင် ကြိုက်လို့လေ''
''ရတယ်လေ ၊ မယ်လေးလည်း အဝါပဲယူမယ်၊ ရှင်က အမဲဝတ် မယ်လေးက အဝါဝတ်မယ်''
''အဲ့လိုဆို အရောင်က မလိုက်တော့ဘူးလေဗျာ''
''ရှင့်သဘောလေ''
''ဟုတ်ပါပြီ မယ်လေးနဲ့ဆင်တူ အဖြူရောင်လေးပဲ ဝတ်မယ် ၊ ဟုတ်ပြီလား''
နောက်ဆုံးတော့ မယ်လေးသဘောအတိုင်း နှစ်ယောက်သား အဖြူရောင်လေးပဲ ရွေးလိုက်ကြသည်။ ဒါတောင် မဝေက မဂ္ဂမိုးသောက်ကိုယ်တိုင်းလေး ယူနေတုန်း ဘေးကနေ ဂျာဆိုင်းရွယ်က ယပ်တောင်လေး ခတ်ပေးလိုက်၊ အအေးဘူးလေးကို ပိုက်ထည့်ပေးပြီး တိုက်လိုက်နဲ့ မယ်လေး မျက်လုံးထဲ စူးလှပြီ။ ထိုစဥ် သွေးနီက မယ်လေးအနား ကပ်လာထိုင်ကာ
''မမ သူတို့နှစ်ယောက်က ဘာတွေလဲ''
''အော် ဘာမှ မဟုတ်ပါဘူး သူ့အိမ်က ကောင်မလေးလေ''
''အဲ့လိုပုံလည်း မထွက်နေပါလား၊ အရမ်းရင်းနှီးလွန်းတယ်လို့ ထင်တယ်''
''မဟုတ်ပါဘူး ''
မယ်ယဥ်ကျေး သွေးနီ၏ စကားကို မျက်နှာလေး မကောင်းစွာ ငြင်းနေမိသည်။
''မမကလည်း အံ့သြလိုက်တာ ၊ ဒီလူကို ဘာကြည့်ပြီး ယုံလိုက်တာလည်း မသိဘူး၊ ဒီလူအကြောင်း မမ ဘာသိလို့လဲ၊ အခုလည်း ကြည့်ပါလား၊ လူရှေ့မရှောင် ဖြစ်နေကြတာ၊ သူတို့က တစ်အိမ်တည်း နေတာမလား၊ နောက်ကွယ်မှာဆို. .''
''တော်တော့ သွေးနီ ၊ မောင်က မဟုတ်တာတွေ မလုပ်ဘူး ဆိုတာ ငါ သိတယ် ၊ ပြီးတော့ ယုံလည်းယုံတယ်၊ ဘာဖြစ်ဖြစ် ငါ ရွေးထားတဲ့လမ်းပဲ''
''ဟုတ်ပါပြီ ကျွန်တော်က မမကို စိတ်ပူလို့ပါ''
''အင်းပါ ကျေးဇူးတင်ပါတယ် ''
သွေးနီနဲ့ မယ်ယဥ်ကျေး ရင်းရင်းနှီးနှီး စကားပြောနေတာကို မဂ္ဂ လှမ်းကြည့်ပြီး သွားဆွဲခေါ်မလို့ဟာ မဝေက ကိုယ်တိုင်းတာမပြီးသေးဘူး ဆိုပြီး အတင်းချုပ်တိုင်းနေတော့ ဘာမှ လုပ်မသာပဲ ဒီအတိုင်း ကြည့်နေရသည်။
''အကိုကြီး ''
''ဘာလဲ ''
''ချွေးတွေ ထွက်နေပြီ''
''အေး သိတယ် ''
တစ်ရှူး ယူထုတ်၍ ကိုယ့်ဘာသာ နဖူးကို သုတ်နေစဥ် ဂျာဆိုင်းရွယ်က
''ဒီဘက်မှာ မဟုတ်ပါဘူး ညာဘက်မှာပါ ပေး ဆိုင်းပဲ သုတ်ပေးမယ်''
ဂျာဆိုင်းရွယ် ပြောရင်း လက်ထဲက တစ်ရှူးစကို လုယူသွားကာ ခြေဖျားလေးထောက်၍ လှမ်းသုတ်ပေးရှာသည်။ ပြီးတော့ မဂ္ဂမိုးသောက် မယ်ယဥ်ကျေးကို လှမ်းကြည့်လိုက်ရာ သူ့ကို စိတ်ဆိုးသလို နှုတ်ခမ်းလေးကိုက်၍ မကျေမနပ်သလို ကြည့်နေသည်။ သူလည်း ဘာမှ မလုပ်မိပါဘူး။
''မမ ဘာတွေလဲဗျာ''
အရှေ့က မြင်ကွင်းကို မယ်ယဥ်ကျေး နီးတူ သွေးနီပါ မြင်လိုက်ကာ သူမအား မျက်မောင်းလေးကြုတ်၍ မေးလာတော့ သူမမှာ ပြန်ဖြေဖို့ အဖြေမရှိ။
ထိုစဥ် မဂ္ဂမိုးသောက်က ထလာပြီး သူမအရှေ့ လာရပ်ကာ
''နေမကောင်းဘူးလား''
''ကောင်းတယ် ''
''မျက်နှာလေးလည်း မကောင်းပါလား၊ ဘာဖြစ်တာလဲ ကျုပ် ရင်ပူလိုက်တာ''
''ဘာမှ မဖြစ်ဘူးလို့ ပြောနေတယ်လေ''
သူ ဘာမှ မလုပ်ထားရပဲ အသာလွတ်ကြီး မယ်လေးက အသံခပ်မာမာဖြင့် အော်လေသည်။ သူမကို ကြောင်နေတဲ့ အကောင်ရှေ့မှာတော့ မဂ္ဂ မကျေနပ်။
''ဒါဆိုလည်း ခင်ဗျား ဘာဖြစ်နေတာလဲ ဆိုတာ ပြောပြလေ''
''ဘာမှ မဖြစ်ဘူးလို့ ပြောနေတာပဲလေ''
''တောက်စ် ခင်ဗျား ''
နံဘေးကနေ ဗြီတိတိ မျက်ခွက်ကြောင့် မဂ္ဂမိုးသောက် စိတ်ကို မနည်းထိန်းထားရသည်။ မယ်လေးက ဒီကောင်ကို ဘာလို့ထင်နေသလဲမသိ။ မိတ်ဆက်ပေးပုံက မောင်လေးလိုတဲ့။ ဒီလောက် ပုံပျက်နေတာ မယ်လေးက မရိပ်မိဘူးလား။
''အကိုကြီး ဆိုင်ထဲမှာ ဒေါသမထွက်ပါနဲ့''
ဂျာဆိုင်းရွယ် အလယ်ကနေ ဖြန်ဖြေသလိုလိုနဲ့ မဂ္ဂမိုးသောက် လက်မောင်းကြီးကို လာကိုင်ကာ ဆိုလာသည်။ သူကလည်း ဖယ်မချ။ မယ်လေး စိတ်တွေ တော်တော်တိုလာရသည်။
''သွေးနီ ငါ့ကို ပြန်ပို့ပေးတော့ ၊ နေလို့ မကောင်းတော့ဘူး''
လက်ဆွဲအိတ်လေး ဆွဲကာ ထိုင်နေရာမှထ၍ မဂ္ဂအား ဂရုမစိုက်သလို ပြန်မလို့လုပ်တော့ သွေးနီက လိုက်ပို့ပေးရန် ပြုံးရွှင်စွာ ထလာသည်။
မဂ္ဂမိုးသောက် ဒေါသကြောင့် လည်ပင်းအကြောတွေ ထောင်လာကာ မယ်လေး လက်မောင်းကို အားဖြင့် ဆွဲလိုက်ပြီး
''ခင်ဗျား ပြန်ချင်ရင် ခင်ဗျားလင် ဖြစ်တော့မယ့် ကျုပ့်ကို ပြော၊ အခြားအကောင်ကို ဘာအကြောင်းမှ ပြောစရာ မရှိဘူး''
''ရှင် မမိုက်ရိုင်းနဲ့၊ သွေးနီကို ဘယ်လို ပြောလိုက်တာလဲ''
''နောက်ထပ် ထပ်ပြောပေးရမလား၊ ခင်ဗျားကသာ ဒီအကောင်ကို မောင်လေးလို့သာ ပြောနေတာ၊ ဒီအကောင်က ခင်ဗျားကို တက်မအုပ်သေးတာ ကံကောင်း''
မဂ္ဂမိုးသောက်၏ ကြမ်းတမ်းရိုင်းစိုင်းလွန်းတဲ့ စကားကြောင့် မယ်ယဥ်ကျေး ရှက်ကာ မျက်ရည်လေးတွေကျလာရသည်။ သွေးနီက ချက်ချင်း မဂ္ဂမိုးသောက် အကျီအစကို ဆောင့်ဆွဲကာ
''ခင်ဗျား ဘာစကား ပြောတာလဲ၊ ခင်ဗျား ကျွန်တော်ကိုပြောရင်တောင် ဘာမှမဖြစ်ဘူး၊ မမကို ခင်ဗျား ပြောစရာ မလိုဘူး''
''ဘာလဲ အလယ်က ဟီးရိုး ဝင်လုပ်တာလား''
''ခင်ဗျား.. ''
သွေးနီ မဂ္ဂအား ဆွဲထိုးမလိုပြင်လိုက်တော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားသည့် အခြေအနေကြောင့် ဆိုင်လေးထဲ လူတွေဝိုင်းကြည့်လာသည်။ မယ်လေး ရှက်လွန်းလို့ ဒီနေရာကနေ အငွေ့လေးလို ပျောက်ကွယ်သွားချင်ရသည်အထိ။ မယ်လေး မဂ္ဂမိုးသောက်အား စိတ်နာစွာ တချက်ကြည့်၍ အပြင်သို့ ပြေးထွက်လာလိုက်သည်။ အနောက်တွင် ဘယ်လိုကျန်ခဲ့မလဲ ဆိုတာ သူမ လုံးဝ မလှည့်ကြည့်တော့။
❤❤
မဂ္ဂမိုးသောက်အား စိတ်နာသလို ကြည့်နေတဲ့ မျက်ရည်ဝဲနေသော မျက်ဝန်းတွေကို မြင်တော့မှ အသိဝင်လာကာ သွေးနီကို ပွဲကြမ်းမလို ပြင်ထားတဲ့ စိတ်တွေ အဝေးသို့ လွင့်ပျောက်သွားလေသည်။ ချက်ချင်း ပြေးထွက်သွားသော မယ်ယဥ်ကျေးအနောက်သို့ ပြေးလိုက်သွားတော့ ခန္ဓာကိုယ်လေးက ငိုရှိုက်၍ တုန်ရီကာ ကားလမ်းကို ဖြတ်ကူးတော့မည့် သူမအား မြင်လိုက်သည်။
မဂ္ဂမိုးသောက် ချက်ချင်း ကားတွေအများကြီးလာနေတာတောင် သတိမထားပဲ လမ်းဖြတ်ကူးတော့မည့် သူမအနား ပြေးသွားကာ ဆွဲဖက်လိုက်သည်။
''မီးမနီသေးဘူးလေ ခင်ဗျားရယ်၊ ကျုပ်ရင်ကွဲအောင် ခင်ဗျား ကြံနေတာလား''
ထိုအခါ ရင်ခွင်ထဲက အကြည်လုံးလေးက မျက်ရည်လေးစိုရွဲကာ ရှိသမျှ အားလေးဖြင့် မဂ္ဂ ရင်ဘတ်ကိုထုကာ ရုန်းထွက်နေလေသည်။
''လွှတ် ဟင့် ဖယ်ပေး''
''တောင်းပန်ပါတယ် ကျုပ် တကယ် တောင်းပန်ပါတယ် ၊ သဝန်တိုလို့ ဘာမှ မမြင်တော့တာပါ၊ ကျုပ် ခင်ဗျားကို အခြားသူနဲ့ တွဲရပ်နေရင်တောင် သဝန်တိုတာ သိသားနဲ့၊ ကျုပ်ဒေါသကိုလည်း ခင်ဗျား သိရက်နဲ့ဗျာ''
''ဒါ မယ်လေး အမှားပေါ့ ဟုတ်လား၊ လူအရှေ့မှာ မယ်လေးသိက္ခာတစ်စက်မှ မကြည့်ပဲ အရှက်ခွဲခံရတာ မယ်လေးအမှားပေါ့လေ အဟင့်''
ရှိုက်ငိုကာ ဝမ်းပန်းတနည်း ဆိုလာသည့် ချစ်ရသူကြောင့် မဂ္ဂမိုးသောက် ကိုယ့်ကိုကိုယ် ဒေါသထွက်ရသည်။ ဘယ်လောက်တောင် ရှက်သွားလိုက်မလဲကွာ။
ရင်ခွင်ထဲက မျက်နှာအပ်ရင်း အခုထိ ငိုနေသေးသည့် အကြည်လုံးလေးကို ဆွဲထုတ်ကာ မျက်နှာချင်းဆိုင်စေလိုက်ပြီး လက်ဖြင့် အသာလေး မျက်ရည်လေးတွေကို သုတ်ပေးလိုက်တော့ သူမက မကျေနပ်စွာ မျက်နှာလေး လွဲထားလေသည်။
''ကျုပ် တောင်းပန်ပါတယ်ဗျာ၊ နောက်တစ်ခါ ဒေါသကို ထိန်းပါ့မယ်''
''မယ်လေးကို အော်တယ် အဟင့် အဟင့်''
မျက်ရည်လေးတွေ သုတ်ပေးနေတုန်း မကျေနပ်ချက်တွေကို ပြန်ပြောရင်း မျက်ရည်စလေးတွေ ပြန်ကျလာသည်။ ဆူပုတ်ပုတ်လေးဖြင့် ချစ်စရာကောင်းလွန်းလှသည့် သူမကို ကြည့်ပြီး ရယ်လည်းရယ်ချင့သလို ရယ်လည်းမရယ်ရက်။ ဒီတစ်ခါ သူ တော်တော် လွန်သွားသည်။ အရှက်သိက္ခာကြီးလွန်းသည့် သူမအတွက် ကျုပ်စကားတွေက ကြမ်းတမ်းလွန်းခဲ့သည်။ သူမ၏ သမင်မျက်ဝန်းတွေဆီမှ မျက်ရည်ဥလေးတွေ မြင်တိုင်း နောင်တရမိသည်။ ကျုပ် အစကတည်းက သည်းခံခဲ့ရမှာ။
❤❤
ဆက်ရန်
#MonePannMyau