book

Index 2

(Part2)

ကမ်းပြိုအနမ်း 


''သမီး ဘယ်လို သဘောရလဲ''


''မာမားက မယ့်ကို အတူတူ မနေစေချင်တော့လို့ ယောကျ်ားပေးစားတာလား''


''မာမားနဲ့ ပါးပါးက မယ့်ကို ဘယ်လောက် ချစ်သလဲ ဆိုတာ သိရက်နဲ့ မာမား စိတ်မကောင်းဖြစ်အောင် ပြောရက်လိုက်တာ''


စိတ်မကောင်းသလို ဆိုလာတဲ့ မာမားနန်ငယ်ထား ကိုယ်လုံးနွေးနွေးလေးကို ချက်ချင်း ထထွေးပိုက်ကာ


''မားကလည်း မယ်မှ ယောကျ်ားမယူချင်တာ''


''ဒါဆို မယ့်မှာ ရည်ရွယ်ထားတဲ့သူတွေ ရှိနေလို့လား''


''အာ မရှိပါဘူး မယ်မှ ပါးနဲ့မားကို မခွဲနိုင်သေးတာ''


''မယ်လေးရယ် သမီးက ယောကျ်ားယူပြီးလည်း

 ပါးနဲ့မားနဲ့ မခွဲရပါဘူး၊ အမြဲတမ်း သမီးတို့ဆီကို လာခဲ့မှာပေါ့''


''မာမားကလည်းနော် မယ်ကို သူစိမ်းယောကျ်ားလက်ထဲ ထိုးပေးချင်နေပြီ၊ သူက အသားမဲမဲ 

 ဗိုက်ပူပူ ပြီးတော့ မိန်းမ အလောင်းကစားအစုံလုပ်နေတဲ့ သူဆိုရင် ဘယ်လိုလုပ်မလဲ''


''ဒီလို မဟုတ်ပါဘူး မား ဓာတ်ပုံ ကြည့်ပြီးပြီ၊ယ ဥပတိရုပ် ကောင်းတယ် ပြီးတော့ မားသူငယ်ချင်းက သူ့သားကို သေသေချာချာ အာမခံနေတာ သမီးရဲ့''


''အော် သားအကြောင်းကိုတော့ ဘယ်မိဘက 

အပုတ်စကား ပြောမှာတုန်း မားကလည်း ''


''မယ်ယဥ်ကျေး သမီး ဘာလို့ ဒီလို မကောင်းတာပြောတတ်သွားတာလဲ၊ မား မကြိုက်ဘူးနော်

 သမီးကို ချက်ချင်း လက်ခံလို့လည်း ပြောတာ မဟုတ်ဘူး ၊ မနက်ဖြန် ဧကရီက သူ့သားနဲ့ အိမ်ကို လာခဲ့မှာ ၊ သမီးက အကဲခတ်ရုံပဲ သမီး ခေါင်းညိမ့်မှ မားတို့ မိဘတွေက ရှေ့ဆက်မှာ''


''မားကလည်း ဇွတ်ပဲ၊ ပါး  ဝင်ပြောအုံးလေ ၊ 

ကိုယ့်သမီး နုနုထွတ်ထွတ်လေးကို အတင်းတွေ ယောကျ်ားပေးစားနေကြတယ်''


မာမားကို ပြောမရတော့ သူမပါးပါးဘက် လှည့်ကာ ကလေးလေးလို နှုတ်ခမ်းလေး ဆူ၍ ငိုမဲ့မဲ့လေး ပြောရှာတော့ သမီးဆို သည်းသည်းလှုပ် ဖအေကြီးက မျက်လုံးကြီး ပြူးလာကာ


''ငယ် သမီး လက်မခံတာ ဇွတ်မလုပ်နဲ့လေ၊ 

စိတ်ဆင်းရဲရမှာ ကိုယ်တို့သမီးနော်''


''အလိုတော် ငယ်က အတင်းအကြပ် လုပ်နေလို့လား၊ မနက်ဖြန်ဧကရီတို့သားအမိကို ထမင်းစားဖိတ်ထားလို့ အလိုက်သင့်လေး အကဲခတ်ဖို့ ပြော​ယုံလေးပါ၊ တော်ပြီ ရှင်တို့သားအဖပဲ ကြိုက်တာလုပ်ကြ၊ ဒီမအေက်ို စိတ်ထဲ ထားမနေတော့နဲ့''


နန်းငယ်ထား စိတ်ဆိုးသလို မျက်မောင်းကြုတ်ကာ ဆိုလာတော့ သားအဖနှစ်ယောက်လုံး မနေတတ်တော့ပေ၊၊ မိသားစု ဆိုလို့ ပြေးကြည့်မှ ဒီ၃ယောက်ပဲ ရှိကြတာမလား။


ခွန်းခမ်းနောင်က သမီးဖြစ်သူ မယ်ယဥ်ကျေးကို မျက်ခုံးလေးမြှောက်​ပြ၍ အချက်ပြလိုက်တော့ သမီးက လည်သည်။ ချက်ချင်း သူ့မအေရင်ခွင်ထဲ ဇွတ်တိုးဝင်ကာ


''မယ့်ကို စိတ်ဆိုးသွားလားဟင်၊ စိတ်မဆိုးပါနဲ့ မားကလည်း ၊ မားက မယ့်ကို စိတ်ဆိုးရင် မယ် 

မနေတတ်ပါဘူးနော်၊ ကဲပါ မယ် မနက်ဖြန် မားမျက်နှာ မပျက်စေရဘူး၊ ပြီးတော့ ဟိုလူကို 

အကဲခတ်ပါ့မယ် နော် မား ကျေနပ်တော့နော်

 မယ့်ကို စိတ်မဆိုးပါနဲ့ ''


''မား သမီးကို စိတ်မဆိုးရက်ပါဘူး၊ ကဲ ထမင်းစားချိန်တောင် ကျော်​တေ့ာမယ် ထမင်းစားကြစို့ ''


နန်းငယ်ထား သမီးလေးကို စိတ်မကောင်းမဖြစ်ရအောင် ရွှင်ရွှင်ပြပြ ပြုံးပြလာလေသည်။ သားအမိနှစ်ယောက် ချစ်ကြည်နူးကြတော့ ခွန်ခမ်းနောင်က


''ငယ်နဲ့ သမီးက ကိုယ့်ကို ပစ်ထားတယ်ပေါ့''


''စိတ်ကောက်ပြေတာ သမီးက ချော့လို့ရှင့်၊ ရှင် မပါဘူး''


''ဟောဗျာ ကိုယ်က မချော့လို့ပေါ့ ဟုတ်ပါပြီ ငယ့်ကို အရှုံးပေးပါတယ် မဟေသီလေးရယ်''


''သမီးရှေ့မှာ ဘယ်လိုဖြစ်နေတာလဲ အကိုနော် ဟွန့်''


ပါးပါးနဲ့မားမား တစ်ယောက်ကိုတစ်ယောက်

 စနောက်ကျီစယ်နေတာ မယ်ယဥ်ကျေး ပြုံး၍

 ကြည့်နေရင်း စိတ်ထဲ အတွေးလေးတစ်ခု ဝင်လာလေသည်။ ဘယ်ယောကျာ်းကိုမှ မချစ်ဖူးတဲ့

 မယ့်အတွက် မာမားတို့ အစီအစဥ်က တကယ်တော့ အပူလုံးကြီးလိုပင်။ အမြဲတမ်း မာမားက မယ့်ကို မတော်တရော်တွေနဲ့ တွေ့မှာ စိတ်ပူနေရှာတာ။ တခါတလေ မယ် ဆိုင်က ပြန်လာချိန် နောက်ကျရင်

 မာမားက ဖုန်းတွေ တောက်ရှောက် ဆက်၊ ပြန်မလာမချင်း အိမ်ရှေ့မှာ ရပ်စောင့်နေတာတွေ ပါးပါးက ပြန်ပြောပြတော့ မာမားကို အားနာရသည်။ ​နောက်တော့ မာမားသူငယ်ချင်းနဲ့ ပြန်တွေ့ကြပြီး သူ့သားနဲ့ မယ့်ကို နေရာချထားပေးချင်ကြောင်း လာကမ်းလှမ်းတဲ့ရက်တုန်းက မာမားက တနေ့လုံး

 ပျော်နေခဲ့တာ၊ မယ်သာ ဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ရင် မာမား စိတ်မကောင်းဖြစ်မှာ အသေအချာပင်။ 


မယ့်အတွက် အချစ်ဆိုတာ ဘယ်တုန်းကမှ မလိုအပ်ခဲ့ပေ။ ပါးပါးနဲ့မားမားက မယ့်ကို အချစ်တွေ မေတ္တာတွေ ပြည့်ပြည့်ဝဝ ပေးခဲ့တော့ လောကမှာ မိဘအချစ်နဲ့ပဲ မယ့်ဘဝက အလုံခြုံဆုံး၊ အနွေးထွေးဆုံး ဖြစ်ခဲ့သည်။


မနက်ဖြန်တွေ့မယ့်ယောကျ်ားကရော မယ့်လိုမျိုး မိဘအတင်းပေးစားလို့ မယ့်ကို မတွေ့ချင်ပဲလာတွေ့မှာလား၊ သူ့မှာ ရည်ရွယ်ထားပြီးသား မိန်းကလေး 

ရှိနေတဲ့ သူဆိုရင်ရော၊ ပြီးတော့ ပါးပါးက မာမားအပေါ် ချစ်တဲ့အချစ်လိုမျိုး မယ့်အပေါ် ချစ်ပေးမှာလား။ 


မယ့်ဘဝမှာ အားအကျရဆုံးအမျိုးသမီးက မာမား နန်းငယ်ထားပင်။ ကမ္ဘာပေါ်မှာ ပါးပါးလောက်

 မာမားကို ဘယ်သူမှ ချစ်မပေးနိုင်ဘူး။ မယ်ကိုယ်တိုင်တောင် ပါးပါးကမာမားကို ချစ်တဲ့အချစ်ကို မမှီပါဘူး။ မယ် လူမှန်းသိတတ်စ အရွယ်ကတည်းက ပါးပါးနဲ့မားမား ရန်ဖြစ်နေတာ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူး။ ပြီးတော့ မားမားကို အသံအကျယ်ကြီးနဲ့ ဘယ်တော့မှ မအော်ငေါက်ဖူးခဲ့။ မယ်ကရော မာမားလောက် ကံကောင်းနိုင်ပါ့မလား။ မယ်တွေးရင်း တွေးရင်း မနက်ဖြန် တွေ့မဲ့အမျိုးသားအကြောင်းပါတွေးရင်း ရင်မောမိသည်။ သူက ဘယ်လို လူမျိုးပါလဲနော်။


❤❤


''လာကြ လာကြ ဧကရီ ''


''နန်းရယ် သူစိမ်းတွေမှ မဟုတ်တာ ဧည့်ဝတ်ကျေစရာ မလိုပါဘူး''


''အို ဘယ်ဟုတ်မလဲ သားက မဂ္ဂမိုးသောက်လား''


ဧကရီနဲ့ အတူတူ ပါလာသည့် အမျိုးသားက အိမ်ထဲ စဝင်လာကတည်းက တစ်စုံတစ်ယောက်ကို ရှာနေသည့်နှယ်။ သိမ်းငှက်တစ်​​ကောင်လို စူးရဲတောက်ပနေသည့် မျက်လုံးကြီးတွေက အိမ်ထဲအနှံ့ တစ်ခုခုကို ရှာနေသလို။


''ဟုတ်တယ် နန်းရေ သားလေ၊ ကိုရာဇာကိုပါအောင် ခေါ်ခဲ့တာ လာခါနီးကျမှ ကုမ္ပဏီက နိုင်ငံခြားဖောက်သည်တစ်ယောက် ရုတ်တရက် ရောက်ချလာ​တော့ ဒီကို လိုက်လာလို့ မရတော့ဘူး''


''အော် ဒါနဲ့ မိတ်ဆက်ပေးရအုံးမယ် ဒါက နန်းရဲ့ခင်ပွန်း ခွန်ခမ်းနောင်လေ''


''အော် နာမည်က ရင်းနှီးနေတာကြာပြီ အခုမှ တွေ့ဖူးကြတော့တယ်၊ နန်းနဲ့ကျွန်မက တက္ကသိုလ်မှာ အရမ်းကို ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေလေ၊ ပြီးတော့ ခစ်ခစ် အပျိုလေးတန်မဲ့ နင်ကသမီးမွေး ငါကသားမွေးပြီး ပေးစားကြမယ် ငါတို့က ခမည်းခမက် လုပ်ကြတာပေါ့လို့ အမြဲ အပျော်အပျက် ပြောနေတာ အခုတော့ အမှန်ဖြစ်လာပြီ ထင်ပါရဲ့''


ပွင့်ပွင့်လင်းလင်း ပြောတတ်ပုံရသည့် ဧကရီက အရင်က အကြောင်းတွေကို ပြန်ပြောပြတော့ အားလုံးက ရယ်မောနေရသည်။ ဒါပေမယ့် မဂ္ဂမိုးသောက်ကတော့ အရယ်အပြုံးမရှိ တည်တင်းနေကာ ဝင်လာတုန်းက နန်းငယ်ထားနဲ့ ခွန်ခမ်းနောင်ကို လူကြီးအနေနဲ့ အသိအမှတ်ပြုရုံ ခေါင်းညိတ်အရိုအသေပေးလာသည်မှလွဲ၍ ဘာတစ်ခုမှ ဝင်မပြောပေ။

 မဂ္ဂမိုးသောက်ကို အပြင်မှာ တွေ့လိုက်ရတော့ ဓာတ်ပုံထဲမှာထက် များစွာ ပိုကြည့်ကောင်းနေလေသည်။ တည်ကြည်သော မျက်နှာထား၊ မေးရိုးချွန်ချွန် ၊ ရင်အုံကျယ်ကျယ်၊ တစ်ကိုယ်လုံး ခြုံကြည့်ရရင် တည်ကြည်ခန့်ညားသော အမျိုးသားတစ်ဦးဖြစ်ပေသည်။ ရုပ်အဆင်းအင်္ဂါက ဘာမှ​ပြောစရာမလိုအောင် ပြည့်ပြည့်စုံနေပြီး ကြည့်လိုက်တာနဲ့ အရှိန်အဝါတစ်ခုခု ရှိနေသလိုလည်း ခံစားရသည်။


''နန်း စကားကောင်းနေလိုက်ကြတာ၊ ဘယ်မှာလဲ မယ်ယဥ်ကျေးလေးက ၊ သားက သမီးကို အရမ်းတွေ့ဖူးချင်နေတာ ''


မဂ္ဂမိုးသောက်က သူ့အမေစကားကို ဟုတ်တယ်လို့လဲ ပြောမဝင်၊ မဟုတ်ဘူးလို့လည်း မငြင်းပယ်။ 


'' အဟင်းဟင်း ဟုတ်ပါပြီ သမီးလေးက ဧကရီတို့ လာမယ်မှန်းသိတော့ ဆိုင်မသွားဘူးလေ၊ အကို သမီးကို ဆင်းလာခဲ့တော့လို့ ''


''အင်း ကိုယ် တက်ပြောပေးမယ်''


ခွန်ခမ်းနောင်က မယ်ယဥ်ကျေးကို ခေါ်ဖို့ အပေါ်ကို တက်လာခဲ့တော့ သမီးက စိတ်မပါလက်မပါ မျက်နှာထားလေးဖြင့် ထိုင်နေလေသည်။


''သမီး ''


''ရှင့် ပါးပါး''


''အောက်မှာ သမီးမာမား ခေါ်နေတယ်၊ ပြီးတော့ ဧည့်သည်တွေလည်း လာနေကြပြီ''


''ဟွန့် ကားသံကြားတော့ သိသားပဲ၊ ပါးပါး သမီး အိမ်ထောင်မယူချင်ဘူး၊ အခုလို ဆိုင်ကိုသွား ဆိုင်က  ပြန်လာရင် ပါးပါးနဲ့မားမားကို ကပ်ချွဲမယ် ၊ ဒီလောက် အဆင်ပြေနေတာကို ဘာလို့ မယ့်ကို

 ယောကျ်ား ပေးစားကြတာလဲဟင်''


''သမီးရဲ့ မာမားက သမီးကို အရမ်းချစ်တတ်တယ် ဆိုတာ သိတယ်မလား၊ တနေ့တနေ့ သူ့မှာ သမီးကို စိတ်ပူရလွန်းလို့ မနေနိုင်ထိုင်မနိုင်ဖြစ်၊ မတော်တရော်တွေနဲ့ တွေ့သွားမှာကိုလည်း စိတ်ပူနေရှာတာ၊ ပါးပါးကတော့ သမီး မောင်မဂ္ဂမိုးသောက်နဲ့ သဘောတူတယ်၊ သမီး သူ့ကို မယူချင်ရင် သမီးမှာ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိနေပြီလား၊ အဲ့ဒါဆို 

ပါးပါးကိုပြ ပါးပါးနဲ့ တွေ့ကြည့်လို့ အဆင်ပြေရင် ပါးပါးကိုယ်တိုင် ပေးစားမယ်''


''အို မရှိပါဘူး ပါးပါးကလည်း၊ မယ်လေး ပါးပါးနဲ့မားမားကလွဲလို့ အခြားဘယ်သူမှ မချစ်ဘူး''


''ရည်ရွယ်ထားတဲ့သူ မရှိဘူး ဆိုရင်လည်း 

သမီးမာမားသူငယ်ချင်း သားကို တွေ့ကြည့်ပါလား၊ သမီး ဆင်းမသွားရင် မားမားတော့ စိတ်မကောင်းဖြစ်နေတော့မှာပဲ''


ခွန်ခမ်းနောင်က မယ်ယဥ်ကျေးရဲ့ ပျော့ကွက်ကို

 သိတဲ့သူဖြစ်ရာ ငယ်အကြောင်း ထည့်ပြောလိုက်တော့ သမီးက သူ့မအေ စိတ်ဆင်းရဲမှာ သေအောင် ကြောက်ရှာသည်။ သူလည်း ဘာထူးလဲ သမီးကို ငယ်လိုပဲ ​စိတ်ပူနေရသည်။ သမီးက ရိုးအေးတော့

 မကောင်းတဲ့ကောင်တွေက သမီးကို တစ်ခုခု 

လုပ်သွားမှာ နေ့စဥ်နှင့်အမျှ စိတ်ပူနေရသည်။ 

အခု ဧကရီသားကို တွေ့လိုက်ရတော့ သမီးနဲ့ လိုလိုလားလား သဘောတူ​မိသည်။


''အို ဟုတ်ပါပြီ မယ် ဆင်းတွေ့ပါ့မယ်''


''ဆင်းတွေ့ပြီး ငြင်းချင်လည်း ငြင်းလို့ ရသားပဲ ''


''ဟုတ်ကဲ့''


ဆူပုတ်ပုတ် မျက်နှာထားလေးဖြင့် ​ပြောပြန်တော့လည်း တစ်ဦးတည်းသော သမီးလေးမို့ အချစ်ပိုရပြန်သည်။


''ဟော သမီး လာပြီ''


ရုတ်တရက် မြင်ကွင်းလေးထဲ ဝင်လာသည့် အကြည်ရောင်မြင်ကွင်းလေး။ လူကြီးတွေ ပြောနေသည့် စကားတွေကို နားထဲမဝင်သလို နားလည်းမထောင်။ တခဏကြာတော့ အပေါ်ထပ်က ဆင်းလာသည့် အဖြူလုံးလေး။ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ပေမယ့် အခုထိ မျက်လွှာလေးက ယောင်လို့တောင် မော့မကြည့်လာ။ နှုတ်ခမ်းဖူးဖူးလေးက ဆေးမကူပဲ ရဲနေတာလားလို့ ပါးစပ်က ထုတ်မေးမိတော့မတတ်။ အကြည်လုံးလေးက မာမီ အမွှန်းတင်နေထက်ပိုပြီး ကျက်သရေရှိရှိ လှပလွန်းသည်။


''သမီး ဒါ မားရဲ့ သူငယ်ချင်း ဒေါ်ဧကရီတဲ့၊ နံဘေးက ဧကရီရဲ့ သား မဂ္ဂမိုးသောက်တဲ့''


''ဟုတ် မား''


မာမား မိတ်ဆက်ပေးတော့ သူ့ကို မကြည့်လို့မရတော့။ မျက်လွှာလေးကို ​ဖြည်းညင်းစွာ ​ဖွင့်၍ အရှေ့တည့်တည့်မှာ ထိုင်နေသော အမျိုးသားကို ကြည့်လိုက်တော့ မယ့်ကို စူးရဲစွာ ကြည့်​နေလေသည်။ တစ်ဆိတ် မျက်တောင်မှ ခတ်ရဲ့လားမသိ။ အို ​မိန်းကလေးကို စေ့စေ့ကြည့်တာ ရိုင်းတဲ့အပြုအမူဆိုတာ သူ သိရဲ့လားနော်။


နံဘေးက မာမီကတော့ သူပြောတာ မှန်တယ်မလား ဆိုတဲ့ အကြည့်မျိုးဖြင့် မဂ္ဂမိုးသောက်ကို နှုတ်ခမ်းရွဲ့ပြသည်။


''သားလေး သမီးနာမည်က မယ်ယဥ်ကျေးတဲ့''


''ဟုတ်ကဲ့''


''သမီးလေးမယ်ယဥ်ကျေး အန်တီကတော့လေ

သမီးကို အရမ်းသဘောကျတာပဲ၊ အခုချက်ချင်းတောင် ချွေးမတော်ပစ်လိုက်ချင်တော့တယ်''


ဒေါ်ဧကရီ၏ ပွင့်ပွင့်လင်းလင်း ပြောလာသော စကားကြောင့် မယ်ယဥ်ကျေး မျက်နှာ ထားမတတ်လောက်အောင် ဖြစ်ရသည်။ အဆိုးဆုံးက အခုထိ သူမကို မျက်နှာမလွှဲသေးသည့် အရှေ့ကလူကြီးကြောင့်ပင်။


''အင်း နန်းရေ သားနဲ့သမီးက ပြောလို့ ပြောတာ မဟုတ်ဘူး တကယ့်ကို နေနဲ့လ ရွှေနဲ့မြပဲ''


''ဟုတ်တော့ ဟုတ်ပါတယ်  ဒါပေမယ့် လူကြီးတွေ အဆင်ပြေနေရုံနဲ့ မဖြစ်သေးဘူးလေ၊ ကလေးတွေ သဘောက အရေးကြီးတယ်မလား''


အလယ်က ကြားထဲကနေ ပါးပါးက ဝင်ပြောပေးလာတော့ မယ်ယဥ်ကျေး စိုးရိမ်စိတ်လေး လျော့လာရသည်။ အတင်းအကြပ်တွေ စီစဥ်လာရင် 

မယ်လည်း ငြင်းလို့ ရမှာ မဟုတ်ဘူးလေ။


''သား ''


''ဟုတ် ''


''သားနဲ့ သမီးကို မာမီတို့က သဘောတူထားတယ်၊  ဒီတော့ သားကရော''


ဒေါ်ဧကရီ၏ အမေးကို မဂ္ဂမိုးသောက် သူ့အရှေ့က အကြည်လုံးလေးကို တစိမ့်စိမ့်ကြည့်၍ မျက်လုံးမလွဲပဲ


''လက်ခံတယ် မာမီ''


''အို..''


❤❤


ဆက်ရန်


#MonePannMyau


rate now: