book

Index 19

(Part 19)

ကမ်းပြိုအနမ်း


''Boss စည်သူအတွက် အားလုံး လုပ်ပေးပြီးပါပြီ''


''သူ့ပါးစပ်က တရားခံငါပါလို့ပြောသေးလား''


''ရဲတွေ စစ်ချက်တော့ လာယူပါတယ်၊ သူ့ပါးစပ်က Bossလို့ မပြောရဲဘူး ၊ လက်နှစ်ဘက်က အကြောသေသွားပါတယ်''


''ကောင်းတယ် ငါဘာသာ အေးအေး​ဆေးဆေး နေတာ၊ လာရှုပ်ရဲတဲ့ကောင်က လာရှုပ်ပေါ့၊ ဘဝပျက်သွားမှ ကူပါကယ်ပါနဲ့ စောက်ဟာသတွေ''


ရဲရင့်ဆီက  သတင်းကို မဂ္ဂမိုးသောက် ကြားလိုက်ရတော့ အားရစွာ ရယ်လာသည်။ ဒီလိုပဲ ဖြစ်ရမှာပေါ့ မဂ္ဂမိုးသောက် ဆိုတာ အခြားသူမှ မဟုတ်တာ။


❤❤


''မယ်လေး''


''ရှင့်''


''သားမဂ္ဂလေး ရှိတုန်း မားမား တစ်ခုလောက် ပြောချင်တယ်''


''ဟုတ် မား''


အပြင်သွားဖို့ မဂ္ဂမိုးသောက်က မယ်လေးအား လာခေါ်တော့ နန်းငယ်ထား ပြောစရာရှိတာ ပြောဖို့ စကားစလိုက်သည်။


''အဓိကက သမီးပဲ၊ သမီးလည်း သားကို အချိန်တစ်ခုထိ စောင့်ကြည့်ပြီးပြီ ထင်တယ်၊ ဘယ်လိုလဲ သမီးဘက်က သားကို လက်မခံနိုင်သေးဘူးလား''


နန်းငယ်ထား ပြောချင်တာကို သဘောပေါက်သော မယ်ယဥ်ကျေးက ခေါင်းခါပြသည်။


''မယ်လေး ကိုမဂ္ဂကို လက်ခံနိုင်ပါတယ်''


''သားလည်း ခဏခဏ သမီးကို လက်ထပ်ချင်တယ်လို့ ပြောနေတာပဲ၊ ဘာလို့ လက်မခံသေးတာလဲ၊  သားနဲ့ သမီးက အချင်းချင်း ညှိယူနေကြပြီးပြီ မဟုတ်ဘူးလား၊ မားကတော့ အခုလို တွဲသွားတွဲလာ လုပ်နေတာထက် တစ်ခါတည်း လက်ထပ်စေချင်ပြီ''


နန်းငယ်ထား ဆိုတော့ မဂ္ဂမိုးသောက်က ခေါင်းညိတ်ပြကာ


''ဟုတ်ပါတယ် ကျုပ်ဘက်က အမြဲ အဆင်သင့် ဖြစ်နေတာပါ၊ မယ်လေးက စောင့်ပါအုံးဆိုလို့ပါ''


''ဟို သမီး..''


''ကဲ မားကတော့ ​ဖြစ်စေချင်တာ ပြောပြတာပါ၊ ဆုံးဖြတ်ရမှာက သားတို့ပဲ၊ အေးအေးဆေးဆေး ပြောကြ၊ ဘယ်လို ဆုံးဖြတ်ချက်မျိုးမဆို မားမားတို့က လုပ်ပေးမယ်''


မဂ္ဂမိုးသောက်နဲ့ မယ်ယဥ်ကျေးတို့ စကားအေးအေးဆေးဆေး ပြောရအောင် နန်းငယ်ထား ရှောင်ပေးလိုက်သည်။


မားမား အပေါ်တက်သွားတာ သေချာတော့မှ မဂ္ဂမိုးသောက် မယ်လေး လက်ကို ကြင်နာစွာ ဆွဲယူကာ


''ကျုပ့်ကို လက်ထပ်ပါတော့လားဗျာ''


''ဟို မယ်လေးက.. ''


''ခင်ဗျားစိတ်ထဲမှာ ကျုပ်က မကောင်းတဲ့သူအဖြစ် အမြဲတမ်း မှတ်ယူထားတယ် ထင်တယ်၊ ဒါကြောင့် ခင်ဗျား ကျုပ့်ကို လက်မထပ်ရဲတာ''


မျက်နှာမကောင်းသလို သိမ်ငယ်စွာ ဆိုလိုက်ပြီး မယ်လေးလက်ကိုလည်း လွှတ်လိုက်ကာ တဖက်ကို လှည့်သွားလေသည်။ သည်လို ဆိုတော့လည်း မယ်လေး မနေနိုင်စွာပဲ မဂ္ဂမိုးသောက် ရင်ခွင်ထဲ အတင်းတိုးဝင်၍


''မယ်လေးကို စိတ်ဆိုးသွားလားဟင်''


''စိတ်မဆိုးပါဘူး၊ စိတ်မကောင်းဖြစ်တာပါ၊ ကျုပ် ခင်ဗျားကို ချစ်တာ လိုသေးတယ်ထင်တယ်''


''ဟင့်အင်း မလိုပါဘူး၊ မောင့်လောက် မယ်လေးကို ဘယ်သူ့မှ အဲ့လို မချစ်ကြပါဘူး၊ မယ်လေး လက်ခံပါတယ်''


မယ်လေး၏ စကားကြောင့် မဂ္ဂမိုးသောက် ဆတ်ခနဲ ရင်ခွင်ထဲက သူမကို ဆွဲထုတ်ကာ သေချာအောင် ပြန်မေးလေသည်။


''မယ်လေး အတည်ပြောတာလား''


''ဟုတ် မောင့်ကို လက်ထပ်ပါ့မယ်''


မဂ္ဂမိုးသောက် ကြားတာ တကယ်ဟုတ်ကြောင်း မယ်လေးက ထပ်မံ ပြောလေသည်။


''ဟာ ဝမ်းသာလိုက်တာ မယ်လေးရယ် ၊ ကျုပ် ခင်ဗျားကို အပိုင်ရတော့မယ် အဟား၊ ကျုပ် အရမ်းပျော်တာပဲ''


မဂ္ဂမိုးသောက် အပျော်ကြီး ပျော်ကာ ထိုင်ရမလို ထရမလိုနဲ့ ဝမ်းသာနေလေသည်။


''အဟင့် ဒါပဲနော်၊ မယ်လေး မကြိုက်တာ မလုပ်ရဘူး မောင်က''


''မလုပ်ဘူး''


''မယ်လေးကို စိတ်မပျက်ရဘူး''


''လုံးဝပဲ''


''ပြီးတော့ သစ္စာလည်း မဖောက်ရဘူး''


''စိတ်ချ ''


''အခြားမိန်းကလေးတွေကိုလည်း မျက်စောင်းနဲ့တောင် မကြည့်ရဘူး''


''သဘော''


''ဟီး အဲ့ဒါကြောင့် မောင့်ကို ချစ်တာ မွ''


မဂ္ဂမိုးသောက် ရင်ခွင်ထဲကနေ သူ့ပါးပြင်ကြီးကို မယ်လေးက မော့နမ်း​​တော့ သဘောကျစွာ တဟားဟား အော်ရယ်​နေသည်။ 


''ပြီးတော့.. ''


''ကျန်သေးလား''


''ဟာ ကြည့် အခုကတည်းက စိတ်မရှည်​တော့ဘူးမလား''


''မဟုတ်ပါဘူး ပြောပါဗျာ အမလေး ကြောက်လိုက်တာ''


သူ့ဗလတွေကိုမှ အားမနာ မယ်လေးကို ကြောက်သလို ဟာသလုပ်ပြတော့ သူမမှာ အူတက်အောင်ရယ်ရသေးသည်။


''မောင် မနောက်နဲ့၊ အတည်ပြောမှာ''


''ပြောစေဗျာ''


''လက်ထပ်ပွဲကို ကြီးကြီးကျယ်ကျယ် မလုပ်ချင်ဘူး''


''ဘာလို့လဲ၊ မယ်လေးက ကျုပ့်ဘဝထဲ ဝင်လာတော့မှာမို့ မောင်က မင်္ဂလာပွဲကို အကြီးအကျယ်ဆုံး လုပ်ပေးချင်တာ''


''ဂုဏ်ပကာသနတွေ ဆိုတာ မယ်လေးအတွက် မလိုပါဘူး  မောင်ရယ် ၊ မောင်သာ မယ်လေးကို သစ္စာရှိရှိ တစ်ဘဝလုံး ချစ်နေပေး၊ ကျန်တာ မလိုဘူး''


''ဒါတော့ စိတ်ချပါဗျာ၊ အခုတောင် မယ်လေးကို ထားစရာ မရှိအောင် ငုံထားမတတ် ချစ်နေတာ၊ ပြောပါအုံး မယ်လေးက မင်္ဂလာပွဲကို ဘယ်လို လုပ်ချင်တာလဲ၊ အကုန် မယ်လေးသဘော၊ လုပ်ချင်တာ လုပ်''


''မယ်လေးကလေ လူလေးနည်းနည်းနဲ့ အကျဥ်းချုပ်​လေး လုပ်ချင်တာ ၊ ပြီးတော့ မိဘမဲ့လေးတွေ၊ ဘိုးဘွားရိပ်သာတွေ၊ အလေအလွင့်ခွေးလေးတွေဂေဟာတို့၊ အိပ်ခြေယာမဲ့တွေကို များများ လှူချင်တာ''


''မယ်လေး သဘောလေ၊ ကျုပ်က ဘေးက ပါရမီဖြည့်ပေးရမှာပေါ့၊ နောင်ဘဝ အတူတူ ရေစက်ပြန်ဆုံရအောင်''


''နောင်ဘဝထိ ဆိုတော့ အဟင့် ပျင်းလိုက်တာ''


မယ်လေး နှာခေါင်းလေးရှုံပွပြကာ စနောက်လိုက်တော့ မဂ္ဂမိုးသောက်က ခါးထောက်ပြီး


''ခင်ဗျားနော် ဘာပျင်းတာလဲ၊ ကျုပ်က ခင်ဗျားလေးနဲ့ဆို ၈၈ဘဝတိုင်အောင် ပေါင်းဖက်ရဖို့ ဆုတွေ တောင်းနေတာ''


''အဟက်ဟက် စတာပါ မောင်ရယ် ၊ မောင်နဲ့သာဆို ဘဝပေါင်း၁၀၀လည်း ပေါင်းဖက်မှာပဲ''


မဂ္ဂမိုးသောက် မယ်လေး မျက်နှာလေးကို မော့ယူကာ အကြည့်ချင်းဆုံစေလိုက်ပြီး


''ခင်ဗျားလေးနဲ့သာဆို ဘယ်ဘုံဠာနေပဲရောက်ရောက် မောင်က လိုက်ပြီး ပေါင်းဖက်နေမှာ''


''ချစ်တယ် မောင်ရယ် ''


''မောင်က ပိုချစ်ပါတယ်ဗျာ''


တစ်ယောက်နဲ့တစ်ယောက်က လုံးဝ အပိုစကားတွေ မဟုတ်တာ သိကြတာမို့လို့ နှစ်ကိုယ်ကြား ကြားလေသွေးလို့မရအောင် တင်းကြပ်စွာ ပွေ့ဖက်လိုက်လေသည်။ သြော် ဖူးစာဖက်တွေ အိမ်ထောင်ဖက်တွေ ဖြစ်ကြရတော့မှာပဲ။


❤❤


''ဆိုင်း ''


ဂျာဆိုင်းရွယ် မေမေကြီး သတိထားမိမှာစိုး၍ သွေးနီနဲ့ မတွေ့ဖို့ ရှောင်နေတော့ မယ်ယဥ်ကျေး လက်ထပ်တော့မယ့်ကိစ္စကို ပြောပြမဖြစ်။ အခု စျေးသွားရန် ခြင်း​တောင်းလေးဆွဲ၍ အိမ်ထဲက ထွက်လာသော သူမကို မြင်တာနဲ့ သွေးနီ ချက်ချင်း လက်ကိုဆွဲကာ လူတွေ မမြင်နိုင်သော အုတ်နံရံအကွယ်ဘက်သို့ ဆွဲခေါ်သွားလိုက်သည်။


''ဟင် အကို၊ ဒီရက်ပိုင်း အိမ်ဘက် မလာပါနဲ့လို့ ပြောထားတာကို''


''အရေးကြီးကိစ္စရှိလို့ပါ၊ ကိုယ့်အစ်မက မင်္ဂလာဆောင်ရတော့မယ်''


''ဟင် အကိုကြီးနဲ့လား''


''သူနဲ့ပေါ့၊ အဲ့ဒါ အစ်မက စိတ်ညစ်ပြီး ကိုယ့်ကိုကိုယ် သတ်သေမလို့ထိ လုပ်နေတာ''


''ဟင် မမယဥ်ကျေးက အဲ့လောက်တောင် လုပ်နေတာလား''


''ဟုတ်တယ် ၊ မနက်ဖြန် သူတို့ Weddingအတွက် ဒီဇိုင်းနာ အကျီသွားတိုင်မှာ၊ အဲ့ဒါ မင်းက ရအောင် လိုက်လာ''


''ဟင် ဆိုင်းက ဘာလိုက်လုပ်ရမှာလဲ၊ ဆိုင်းနဲ့မှ မဆိုင်တာ''


''ကျစ် ဘာဘာညာညာ အကြောင်းပြပြီး လိုက်လာ၊ ကိုယ်လည်း အစ်မနဲ့ လိုက်လာခဲ့မယ်၊ အဲ့အချိန်ကျ ကိုယ့်အစ်မ မြင်အောင် လုပ်ပြ၊ ဘယ်လိုနည်းလမ်းပဲသုံးသုံး မင်္ဂလာပွဲ ပျက်သွားရင် ရပြီ''


''အကိုကလည်း သူများမင်္ဂလာပွဲဖျက်တာ ငရဲကြီးမယ်လေ''


''ငရဲမကြီးပါဘူး၊ မဟုတ်ရင် ကိုယ့်အစ်မနဲ့ မဂ္ဂမိုးသောက်နဲ့ ယူလိုက်ရလို့ပဲ သတ်သေမှာ၊ လူ့အသက်တစ်ချောင်း ကယ်ကောင်းပါတယ် ဆိုင်းရယ် နော်''


''ဆိုင်း ကြိုးစားကြည့်ပေးပါ့မယ်''


''ကောင်းပြီ ဆိုင်း ''


ဂျာဆိုင်းရွယ် ကိုယ်လုံးလေးကို သွေးနီ ရင်ခွင်ထဲက ထုတ်လိုက်၍ နဖူးပြင်လေးကို အနမ်းပေးကာ နှုတ်ဆက်ထွက်သွားလေသည်။ 


''ဆိုင်း ''


အနောက်ကနေ ရုတ်တရက် လှမ်းခေါ်လိုက်သော အသံကြောင့် အကိုကြီး ဖြစ်မည် ဆိုတာ သိလိုက်တာကြောင့် ဂျာဆိုင်းရွယ်ကိုယ်လေး ဆတ်ခနဲ တုန်သွားရသည်။ ခုနက အဖြစ်အပျက်ကို မြင်လိုက်ပြီလားမသိ။


''ရှင့် အကိုကြီး''


''ခုနက ဘယ်သူလဲ''


'' ဟို ဆိုင်းအသိပါ''


''စာမေးပွဲ ပြီးပြီ ဆိုပြီး လုပ်ချင်တိုင်း လုပ်မနေနဲ့၊ ဘာပဲလုပ်လုပ် နင်က မိန်းကလေး ဆိုတာ သိအုံး၊ ငါက အစစအရာရာ ဘာမှ ဝင်မပြောဘူး ဆိုတာ ငါ့မာမီ နင့်ကို ဆုံးမပေးနေလို့''


''ဟုတ် အကိုကြီး ''


''ဒီအရွယ်မှာ စိတ်ကစားတာ မှန်ပေမယ့် စိတ်အလိုလိုက်လို့ မရဘူး၊ ကဲ သွားသွား နောက်တစ်ခါ အဲ့လိုတွေ မမြင်ရစေနဲ့''


''ဟုတ် အကိုကြီး ''


ဂျာဆိုင်းရွယ် ထွက်သွားတော့မှ မဂ္ဂမိုးသောက် သက်ပြင်းချလိုက်သည်။ ညီမတစ်ယောက်လို သဘောထားတော့လည်း အစစအရာရာ လိုက်ပြောနေရသည်။ ယောကျ်ားလေးကို နောက်ကျောကပဲ မြင်လိုက်ရတာမို့ ဘယ်သူဘယ်ဝါမှန်း မသဲကွဲ။ ကြည့်ရတာ သမီးရည်းစားလို ဖြစ်နေသည်။ ဂျာဆိုင်းရွယ် ရည်းစားထားနေတာ ဖြစ်မည်။ ဒီကလေးမ နောက်မှ ကြုံရင် ဆုံးမရအုံးမည်။ ယောကျ်ားသားတွေကို ဘာထင်နေတာလဲ မသိ။


❤❤


မဂ္ဂမိုးသောက်အိမ်တွင် ဦးရာဇာနဲ့ဒေါ်ဧကရီတို့က မယ်ယဥ်ကျေးကို ချစ်လို့ ခေါ်တွေ့ပြီး ဒီကနေတစ်ဆင့်


''.ဘယ်ကို သွားမှာလဲ ''


မယ်ယဥ်ကျေးအတွက် မင်္ဂလာဝတ်စုံကို သွားချုပ်ဖို့ မဂ္ဂမိုးသောက်မေးလိုက်တော့


''ဟို စေ့စပ်ပွဲတုန်းက ချုပ်ပေးတဲ့ အမကြီးဆီကိုပဲ သွားမှာ၊ မယ်လေး အကျီကို စပွန်ဆာပေးချင်လွန်းလို့ ဘယ်တော့ မင်္ဂလာဆောင်မှာလဲ ဆိုပြီး ခဏခဏ မေးနေတာ''


''မယ်လေးတို့ကနော် ဘယ်နေရာရောက်ရောက် အချစ်ခံလေးဖြစ်လို့''


''ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲလေ''


''ဟုတ်ပါပြီ''


မယ်ယဥ်ကျေး တက်ဖို့ ကားတံခါး ကိုယ်တိုင်ဖွင့်ပေးနေတုန်း အိမ်ထဲကနေ ဂျာဆိုင်းရွယ်က အလျင်စလို ထွက်လာကာ


''ဆိုင်းလည်း လိုက်ပါရစေ''


ဂျာဆိုင်းရွယ်က အရင်က ထိုသို့ မဟုတ်ခဲ့။ ကိုယ့်နေရာနဲ့ကို နေတတ် စားတတ်သည်။ ဒါကြောင့် ဒေါ်ဧကရီက 


''ဆိုင်း နင်က ဘာလိုက်လုပ်မလို့လဲ''


''ဟို ဆိုင်း လိုက်ဖူးချင်လို့ပါ၊ ပြီးတော့ မမယဥ်ကျေး လိုအပ်တာကို ဘေးကနေ လုပ်ပေးမယ်လေ''


''ဟာ ရှုပ်ရှုပ်ယှက်ယှက် ကျန်ခဲ့စမ်း''


မဂ္ဂမိုးသောက်ကပါ သူနဲ့ မယ်လေး နှစ်ယောက်တည်း သွားချင်လို့ ဂျာဆိုင်းရွယ်အား မခေါ်ချင်။


''ဟာ မမယဥ်ကျေးက မိန်းကလေးလေ၊ လိုတာမယ်တာ မိန်းကလေးအချင်းချင်းဆို ပိုသင့်တော်တာပေါ့၊ အကိုကြီးက ဘာလုပ်ရမှာလဲ''


''အေး အဲဒါလည်း ဟုတ်သားပဲ၊ လိုက်ခဲ့ နောက်ကတက်''


''ဟုတ် ကျေးဇူး အကိုကြီး ''


ဂျာဆိုင်းရွယ်ကို လိုက်ခွင့်ပြုလိုက်သော မဂ္ဂအား မယ်လေး တချက်ကြည့်လိုက်တော့ သူပါ မနားလည်သလို ကြောင်ကြည့်နေတာမို့ ဘာမှမဖြစ်သလို ပြုံးပြလိုက်ကာ ကားပေါ် တက်လိုက်သည်။မယ်လေးက ဘယ်လူမျိုး ဘယ်လူတန်းစားမဆို နွေးနွေးထွေးထွေး ဆက်ဆံပေမယ့် ဂျာဆိုင်းရွယ်ကိုတော့ သိပ်ကြည့်မရ။ လူကို ကြည့်ရင် အားနာသလိုလို ဘာလိုလိုနဲ့ မောင့်အနား တချိန်လုံး ကပ်နေသည်။


ထို့နောက် ဒီဇိုင်းနာမဝေဆီ ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် သွေးနီနဲ့ တွေ့လေသည်။


''သွေးနီ''


''အော် မမ ဘယ်ကိုလာတာလဲ''


''ဒီကိုပဲ၊ မင်္ဂလာဝတ်စုံ လာချုပ်တာလေ''


''ဟုတ် ကျွန်တော်လည်း ဝတ်စုံလာချုပ်တာ''


''မယ်လေး ဘယ်သူလဲ''


အနောက်ကနေ မဂ္ဂမိုးသောက်နဲ့ ဂျာဆိုင်းရွယ်က လိုက်လာကာ မယ်လေးနဲ့ စကားပြောနေသော ယောကျ်ားကို မဂ္ဂ တစ်ခါမှ မမြင်ဖူးပေ။ ထို့ကြောင့် မယ်လေးလက်မောင်းကို လှမ်းဆွဲကာ ရင်ဘတ်နဲ့ ကပ်ထားရင်း စူးရဲစွာ ထိုလူအား ကြည့်လာသည်။


''အော် မောင် သူက မယ်လေးမောင်လေးလိုပဲ၊ သွေးနီတဲ့''


''အော်''


''တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော် နာမည် သွေးနီပါ''


''အင်း၊ မယ်လေး ကျုပ်တို့ နောက်ကျနေမယ် ဝင်ကြစို့''


''အော် အင်းအင်း''


မြွေမြွေချင်း ခြေမြင်တာမို့ သွေးနီအနားက မယ်ယဥ်ကျေးကို ဆွဲထုတ်လာခဲ့သည်။ သိတာပေါ့ မယ်လေးကို တပ်မက်နေတဲ့အကြည့်တွေ အဟက် မှတ်ထား မယ်လေး ဆိုတာ ငါ ဆိုတဲ့ မဂ္ဂမိုးသောက်ရဲ့အပိုင်။


''ဆိုင်း ကိုယ် စိတ်ချမယ်နော်''


''ဟုတ်''


သွေးနီ ဂျာဆိုင်းရွယ်အနား တိုးကပ်၍ ပြောလိုက်ရာ သူမက ခေါင်းအတွင်ညိတ်ပြသည်။ 


*မမကို ခင်ဗျားထက် ဦးအောင် ကျုပ်က ချစ်ခဲ့တာ၊ ရာရာစစ ခင်ဗျားဆီကို အပါခံမယ်လို့ ထင်လို့လား*


❤❤

ဆက်ရန်

#MonePannMyau


rate now: