ကမ်းပြိုအနမ်း
''မောင်ရယ် နေမကောင်းရင်လည်း ဆေးခန်းပြပါလား၊ အိမ်မှာ မိဘတွေ မရှိတာနဲ့ပဲ အရမ်းပေတေတာပဲ၊ အခုလည်း မယ်လေးဘက်က ဖုန်းအရင်စဆက်လိုက်လို့၊ မဟုတ်ရင် တစ်ယောက်တည်း ဘယ်လိုနေမှာလဲ''
အဘွားကြီးလေးလို ပွစိပွစိ ပြောကာ ကိုယ့်အတွက် စိုးရိပ်ပူပန်ပေးနေသော မယ်ယဥ်ကျေးကို ကြည့်ပြီး ဖျားနေရာမှ ပြုံးမိသေးသည်။
''အဟွတ်ဟွတ် ဒယ်ဒီနဲ့မာမီက ခရီးထွက်နေတာလေ၊ အိမ်မှာလည်း ဟိုကလေးမတစ်ယောက်တည်း၊ ကျုပ်က ဟိုအိမ်မှာ ဘယ်လိုသွားနေရမှာလဲ''
မောင်က သူ့ကိုယ်ပိုင်အိမ်မှာ တစ်ယောက်တည်း နေပြီး မနေ့က ရေချိုးမှားပြီး ဖျားသည်တဲ့လေ။ ဒါကို ဘာမှမပြောပဲ တစ်ယောက်တည်း ကြိတ်ခံနေတာ။
''ဘာစားပြီးပြီလဲ''
''ဘာမှ မစားရသေးဘူး''
''ဘာစားချင်လဲ မောင်''
''မယ်လေးကို ''
ဖျားနေတာတောင် ရွှတ်နောက်နောက် ပြောနိုင်သေးသည့် မောင့်ကို တကယ် လက်ဖျားခါရသည်။ အမြင်ကတ်ကတ်နဲ့ သူ့ရင်ဘတ်ကို မနာအောင် အသာလေး ရိုက်လိုက်၍
''အတည်မေးတာ''
''ဘာဖြစ်ဖြစ် မယ်လေး လုပ်ကျွေးတာ မှန်သမျှ အကုန် စားမယ်''
''အစားတစ်ခုတည်းနဲ့ မရသေးဘူး မောင်၊ ဆေးခန်းပြရမယ်၊ မဟုတ်ရင် ဆရာဝန် ခေါ်ကြရအောင်''
''အဟွတ်ဟွတ် ရတယ် ၊ ရဲရင့်က ဆေးလာပေးထားပြီးပြီ''
ကုတင်နံဘေးက စားပွဲပေါ် ဆေးထုတ်လေးက အဆင်သင့် ရှိနေသည်။
''ရဲရင့်ကလေ ဆေးပဲဝယ်ပေးသွားတယ်၊ ဆေးသောက်ရအောင် တစ်ခုခု ဝယ်သွားပေးမယ်လို့ မရှိဘူး''
ကိုယ့်အတွက် စားစရာ မဝယ်ပေးသွားသော ရဲရင့်အား လှမ်းဆူနေပုံက တကယ့်အိမ်ရှင်မလေးလို မဂ္ဂ ခံစားရသည်။
''မဆူပါနဲ့ မောင်ပဲ မဝယ်ခိုင်းတော့တာ''
''အင်းပါ မယ်လေး မောင် စားဖို့ တစ်ခုခု သွားလုပ်လိုက်အုံးမယ်၊ ခဏလေးစောင့် ''
''အင်း''
မယ်လေး အခန်းထဲမှ ထွက်၍ မီးဖိုချောင်ဆီ သွားကာ ဆန်ပြုတ်လေး အရင်ပြုတ်လ်ိုက်သည်။ ထို့နောက် ဆန်ပြုတ်ပူပူလေးအား ပန်းကန်လွတ်တစ်ခုထဲ ထည့်၍ သူ အခန်းသို့ ပြန်လာသည်။
မဂ္ဂမိုးသောက်က အပူကန်ကာ ချမ်းအေးေနပြီး စောင်ကို ခေါင်းမြီးခြုံ၍ ကွေးနေသည်။
''မောင် ခဏလောက် ထအုံး၊ ဆန်ပြုတ်လေး သောက်မယ်လေ''
''မယ်လေး ခွံကျွေးမှနော်''
''အင်းပါဆို''
ထိုအခါမှ မဂ္ဂမိုးသောက် ထရအဆင်ပြေအောင် သူ့နောက်ကျောဆီ ခေါင်းအုံးလေး ခုပေးရင်း ဆန်ပြုတ်ပူပူလေးအား တဇွန်းစီ ခပ်တိုက်တော့ မယ်လေး မျက်နှာကို တစိမ့်စိမ့် ကြည့်ရင်း စားလေသည်။ တအောင့်လောက်ကြာတော့ ပန်းကန်လုံးလေးထဲက ဆန်ပြုတ်သည်လည်း တစေ့မှ မကျန်တော့ပေ။
''ကုန်ပြီ ဘယ်လိုလူနာလဲ၊ အစားကုန်အောင် စားတဲ့ လူနာမျိုး တစ်ယောက်မှ မတွေ့ဖူးဘူး ''
''မယ်လေးက အချစ်တွေနဲ့ ပြုတ်ထားတာကို၊ အရမ်းအရသာ ရှိတယ်''
''အဟက် ဖျားနေလို့သာနော် ၊ အပြောက ရွှေမန်း''
မယ်ယဥ်ကျေး မဂ္ဂမိုးသောက်၏ နဖူးပေါ် လက်လေးဖြင့် စမ်းလိုက်တော့ ကျစ်ကျစ်တောက် ပူနေတာ ခံစားရသည်။ ထို့နောက် စားပွဲပေါ်က ဆေးကို ယူ၍ သူ့ကို တိုက်လိုက်သည်။
ရေချိုးခန်းထဲ ဝင်ပြီး ရေဇလုံလေးထဲ ရေထည့်ကာ တဘက်တစ်ထည်ဖြင့် ပြန်ထွက်လာပြီး သူ့ကုတင်ပေါ် ဝင်ထိုင်ကာ ရေပတ်တိုက်ဖို့ သူ့အကျီကြယ်သီးများကို ချွတ်ဖို့ရာ လက်အလှမ်း သူက မျက်လုံးအပြူးသားဖြင့် အနောက်သို့တိုးဆုတ်လိုက်ပြီး
''ဘာ..ဘာလုပ်မလို့လဲ၊ ဖျားနေလို့ အားနွဲ့တဲ့ ယောကျ်ားလေးကို မုဒိန်းကျင့်မလို့လား''
''ဟင်..''
အတည်ပေါက်ကြီး ပြောနေသော မဂ္ဂမိုးသောက်ကြောင့် လူက လန့်သွားကာ အကြောင်သားကြည့်နေပြီးမှ အသိဝင်လာကာ
''မောင်နော် လူကို မနောက်နဲ့၊ အဟက် ဒီကပဲ သူကို အားအားယားယား.. ''
''ဟားဟား ဖြစ်ချင်ရင်လည်းပြော၊ မောင်က အရမ်းဖြစ်ချင်နေတာ၊ ဖျားနေသေးပေမယ့် အားမနာပါနဲ့''
ဘုန်း
ဖျားနေတာကို စနောက်နိုင်သေးသော မဂ္ဂမိုးသောက်အား ရင်ဘတ်တချက်ထုရိုက်လိုက်တော့
''မယ်လေးကြောင့် ကျုပ်နှလုံးသားလေး ကြွေကျသွားရင် ဘယ်လိုလုပ်မလဲ ''
''မောင့်ဘာသာမောင် ဖြစ်တာလေ၊ မယ်လေး တာဝန်မယူနိုင်ပါဘူး၊ ကဲပါ လေကြောတအားရှည်တာပဲ ၊ အကျီချွတ် ရေပတ်တိုက်ပေးမယ်''
ထိုအခါမှ သူက ပြုံးစိစိနဲ့ အကျီလေး ချွတ်ပေးတော့ ပေါ်လာသည့် ကြွက်သားအဖုအထစ်တွေက မမြင်ချင်မှအဆုံး။ မိန်းကလေးတိုင်း လိုချင်သည့် စံပြယောကျ်ားလေးခန္ဓာဖြစ်နေတော့ အလိုလို အူတိုမိသည်။
''မောင် ''
''ဟင်''
''နေကောင်းရင် Gymမသွားနဲ့တော့''
''ဘာလို့လဲ''
''မပြောဘူး ''
မယ်လေး မဂ္ဂမိုးသောက်၏ ခန္ဓာကိုယ်ကို ရေဝတ်လေးဖြင့် ဖြည်းညင်းစွာ တိုက်ပေးပြီး အားလုံးပြီးတော့မှ အကျီအပါးလေးတစ်ထည် ထယူပြီး ဝတ်ပေးရန် ထူမပေးသောအခါ နီးကပ်သွားတော့ မဂ္ဂ သူမပါးပြင်လေးကို ဖိကပ်နမ်းလိုက်သည်။
''ရွှတ်''
''အဲ့ဒါ တော်လို့ဆုချတာ''
''ဒီက ယူမယ်လို့ ပြောလို့လား၊ ကျေးဇူးရှင်ကို ကျေးဇူးဆပ်နေတာကလည်း မသိရင် အခွင့်အရေး ယူနေသလိုပဲ''
''ဆုချတာပါ ချစ်လွန်းလို့''
''တော်တော့ ဆေးလည်းသောက်ပြီးပြီ၊ ရေပတ်လည်း တိုက်ပေးပြီးပြီ၊ အိပ်တော့''
မယ်ယဥ်ကျေး ကုတင်ပေါ်မှ ထရန်အလုပ် သူက လှမ်းတားကာ
''ကျုပ်နဲ့ အတူတူ အိပ်''
''ဟင်''
မဂ္ဂမိုးသောက် စကားကြောင့် မယ်လေး မျက်လုံးများ ပြူးကျယ်သွားကာ ပါးအို့လေးတောင် နီမြန်းလာသည်။
''ဘာတွေတွေးလို့ မှောင်မိုက်နေရတာလဲ၊ ကျုပ်ပြောတာ ခင်ဗျားလေးကို ဖက်ပြီး အိပ်ယုံပဲ၊ ဘာမှ မလုပ်ဘူး ၊ ယောကျ်ားကတိပေးတယ်''
''ဟို..ဟို မအိပ်ချင်ဘူး''
''ကျုပ် ဘာမှ မလုပ်ဘူးဆိုဗျာ ခင်ဗျားက ''
မဂ္ဂမိုးသောက် စိတ်မရှည်ဟန် မယ်လေး လက်ကို ဆောင့်ဆွဲပြီး စောင်ပုံထဲ အတင်းဆွဲသွင်း၍ လက်နှစ်ဘက်လုံးက သူမခါးသေးသေးလေးကို ပွေ့ဖက်ကာ ပခုံးလေးပေါ် မဂ္ဂ မှေးဖျားလေးတင်၍ အိပ်လိုက်သည်။ ဒီအနေအထားမျိုးက မယ်လေးအတွက် စိမ်းသက်နေတာမို့ မနေတတ်စွာ ရုန်းကန်ဖယ်နေတော့ မဂ္ဂ၏ စိတ်မရှည်သံက ထွက်လာသည်။
''ငြိမ်ငြိမ်နေနော်၊ ထပ်ရုန်းမှ ဘာလုပ်မိမယ် ဆိုတာ အာမမခံဘူး''
မဂ္ဂမိုးသောက် ပြောပြီး သူမ နီတာရဲ နားရွက်လေးကို တချက်ဆွဲငုံကိုက်ခဲကာ မျက်လုံးမှိတ်၍ အိပ်သွားလေသည်။ မယ်လေးမှာသာ အကိုက်ခဲခံရသော နားရွက်လေးကို လက်ဖြင့် တို့ထိရင်း သူ မြန်မြန် အိပ်ပျော်အောင်သာ ဆုတောင်းနေရသည်။
❤❤
''ဟဲလို ဆိုင်း ''
''ဟုတ်ကဲ့ မေမေကြီး''
''ငါ့သားရော''
''အကိုကြီးက မေမေကြီးတို့ ခရီးသွားကတည်းက သူ့အိမ်မှာပဲ နေနေတာပါ မေမေကြီး''
''အေးအေး ငါ မယ်လေးကိုပဲ သားကို သွားကြည့်ဖို့ ပြောလိုက်မယ်''
''ဟုတ် ''
''ဆိုင်း နင် ကျူရှင်မတက်ဘူးဆို''
''ရှင့်''
မေမေကြီးကို ဆရာမက လှမ်းတိုင်လိုက်တာနဲ့ တူပါတယ်။ အခုတလော ဆိုင်း ခဏခဏ ကျူရှင်ပြေးကာ အကို့နောက် လိုက်နေမိသည်။ အကိုက အတင်းခေါ်သွားတာ ရှိသလို ဆိုင်းကိုယ်တိုင် လိုလိုလားလား လိုက်သွားမိတာလည်း ရှိသည်။
''နင် ဘယ်တွေ လျှောက်သွားနေတာလဲ''
''ဟို စာမေးပွဲ နီးနေတော့ ကျူရှင်မတက်ပဲ ဆိုင်းသူငယ်ချင်းအိမ်မှာ စာစုကျက်နေလို့ပါ''
''အေး အိမ်မှာ လူကြီးတွေ မရှိဘူး ဆိုပြီး လုပ်ချင်တိုင်း လုပ်မနေနဲ့ ကြားလား၊ ငါ ပြန်လာရင် နင့်ကို သေသေချာချာ မေးအုံးမယ် ဒါပဲ''
''ဟုတ် ဟုတ် မေမေကြီး''
ဒေါ်ဧကရီဆီက ဖုန်းကျသွားတော့မှ ဂျာဆိုင်းရွယ် သက်ပြင်လေးအသာချနိုင်သည်။ အကို့ကို ခဏခဏ မတွေ့ဖို့ ပြောထားရမည်။ မဟုတ်ရင် မေမေကြီး ပြန်လာလို့ အကုန်စစ်မေးမှ လိမ်ထားတာတွေ ဘူးပေါ်သလို ပေါ်လာတော့မည်။
❤❤
မယ်ယဥ်ကျေး လေးလံနောက်ကျိနေသော ခေါင်းကြောင့် အိပ်ပျော်နေရာမှ နိုးလာခိုက် မဖွင့်ချင်သေးတဲ့ မျက်လုံးအစုံကို အတင်းဖွင့်လိုက်တော့ အိပ်ယာနိုးကာစမို့ အရာအားလုံး မှုန်ဝါးလျက်။
ထိုစဥ် တင်းကြပ်နေသည့် ခန္ဓာကိုယ်တစ်ခုလုံးက ကြိုးဖြင့် တုပ်နှောင်ထားသည့်နှယ်။ ရုန်းမရ ပြုမရ ဖြစ်နေတော့ မျက်လုံးများကို အတင်းပြူးကျယ် ဖွင့်လိုက်ပြီး ကြည့်လိုက်ရာ အဓိိကတရားခံက မဂ္ဂမိုးသောက် ဖြစ်နေလေသည်။
ကြည့်ပါအုံး မယ်ယဥ်ကျေး ခြေတောက်တွေကို သူ့ခြေတောက်တွေကြား အတင်းချုပ်ကာခွထားမို့ ခြေတောက်လေးတွေက သူ့ခြေတောက်တွေကြား ညပ်နေသည်။ ညပ်နေသည့် ခြေတောက်တွေကို အားဖြင့် အတင်းဖယ်ယူတော့ မယ်လေးတစ်ယောက်တည်း ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ တဖြည်းဖြည်း ကြည်လင်လာသော အမြင်အာရုံတို့ကြောင့် မယ်လေးကို တင်းကြပ်စွာ ဖက်၍ အိပ်ပျော်နေသော သူ့မျက်နှာချောချောကြီးကို တွေ့လိုက်ရတော့သည်။ ထို့နောက် တစ်ဆက်တည်း နာရီကို လှမ်းကြည့်လိုက်ရာ နေ့လည် ၂နာရီပင် ရှိလေပြီ။ သူ့ဆီကို မနက်ကတည်းက ရောက်နေတာမို့ နှစ်ယောက်သား အတူတူ ရှိချိန်က များနေပြီဖြစ်ရာ အိမ်ပြန်ဖို့ ပြင်လိုက်သည်။
''အင့် မောင် လွှတ်အုံး''
''အဟင်း ခဏလေး နေပါအုံး ၊ မောင် ဖက်ချင်နေသေးလို့၊ မယ်လေးကိုယ်လုံးလေးကို မောင် ဖက်ရတာ မဝသေးဘူးကွာ''
''နာရီလည်း ကြည့်ပါအုံး မောင်ရယ် ၊ မယ်လေး အိမ်က ထွက်လာတာ ကြာနေပြီ''
မျောက်အမေကြီးက မျောက်သားလေးကို အတင်းဖက်တွယ်ထားသလို မဂ္ဂမိုးသောက်က မယ်လေးကို အတင်းဖက်ထားတာမို့ ရှိသမျှ ခွန်အားလေးဖြင့် အတင်းဆွဲဖယ်ကာ ထထိုင်လိုက်သည်။
ရင်ခွင်ထဲက အကြည်လုံးလေးက တစ်စက်ကလေးမှ အငြိမ်မနေဘဲ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်မို့ မဂ္ဂပါ မျက်လုံးပွင့်လာကာ အတင်းကြိုးစားရုန်းကန်၍ ထထိုင်နေသော မယ်လေးကိုယ်လုံးလေးကို လက်မောင်းကနေ ဆွဲချကာ အတင်းပြန်ဖက်အိပ်စေသည်။
''အိပ်အုံး ၊ မောင် အိပ်ရေးမဝသေးဘူး''
''မရတော့ဘူး၊ မယ်လေး ထရတော့မယ်၊ မောင်က အိပ်ကျန်ရစ်လေ''
''လူက နေမကောင်းပါဘူး ဆိုမှ အိမ်ပြန်မယ်ပေါ့လေ၊ ဒီကလူကိုတော့ ကျီးထိုးထိုး ခွေးစားစား ပစ်ထားရက်တယ်ပေါ့''
အလိုမကျစွာ မျက်မောင်းကြုတ်ကာ ဆိုလာတော့ မယ်လေး ရှင်းပြရပြန်သည်။
''မဟုတ်ပါဘူးဆို မောင်ရယ် ပြောရခက်လိုက်တာ ကလေးလည်း မဟုတ်ပဲ''
''ချစ်တဲ့သူနဲ့ ဒီလိုလေး နေချင်တာ မောင့်အပြစ်လားဗျာ၊ လက်ထပ်မယ် ဆိုတော့လည်း လက်မှမခံပဲ''
သူ့ကို လက်မထပ်သေးတာ မယ်လေးအပြစ်လို ဆိုလာတော့ မျက်နှာရှေ့တည့်တည့်နဲ့ ထိကပ်နေသော သူ့ရင်ဘတ်ကြီးကို ဆွဲကိုက်လိုက်သည်။
''အင့် မယ်လေးကို စောင့်ပါ့မယ်လို့ မောင်ပဲ ပြောပြီးတော့၊ အခုတော့ အပြစ်ပြောပြီ''
''မဟုတ်ပါဘူး မောင်က ပြောပြတာပါ၊ ဒီလိုလေး နေ့ရက်တိုင်း မောင့်ရင်ခွင်ထဲကနေ မယ်လေးကို နိုးထလာစေချင်တာ၊ ပြီးတော့ ညအိပ်ရင်လည်း မယ်လေးကို အနမ်းလေးတွေနဲ့ ချော့သိပ်ချင်တာ၊ မယ်လေးနဲ့ မောင့်ဘဝတစ်ခုလုံး ဖြတ်သန်းချင်တာပါ၊ မိသားစုဘဝလေး တည်ထောင်ချင်တာ မောင်က အရမ်းလောဘများ ကြီးသွားသလား ''
''ဟင့်အင်း မဟုတ်ပါဘူး ၊ မယ်လေး နားလည်ပါတယ်၊ ဟို မယ်လေး စိုးရိပ်တာကလေ မောင့်ကို မယုံလို့လည်း မဟုတ်ပါဘူး ၊ မောင်က မယ်လေးနဲ့ လက်ထပ်ပြီးမှ တစ်မျိုးပြောင်းသွားရင် မယ်လေးပဲ ရင်ကျိုးရမှာ''
''ဘယ်တော့မှ ဒီလို မဖြစ်စေရဘူး၊ မယ်လေး အချစ်ကို ခက်ခက်ခဲခဲ ရထားပြီးမှ လွယ်လွယ်လေး လက်အလွှတ်ခံရက်ပါ့မလား''
မဂ္ဂမိုးသောက် ပြောရင်း ရင်ခွင်ထဲက ခေါင်းလေးကို ခွာလိုက်၍ မျက်နှာချင်းဆိုင်လိုက်ပြီး လက်တစ်ဖက်က အကွေ့အကောက်များဖြင့် တည်ဆောက်ထားသော ခါးနေရာလေးရဲ့အောက်အနား တင်ပါးလေးအားထိကာ ဆိုလိုက်တော့ မယ်ယဥ်ကျေး မျက်နှာလေးက နီရဲသထက် နီရဲလာသည်။
*လူက နေမကောင်းလို့သာ လက်က ကမြင်းချင်သား*
❤❤
ဆက်ရန်
#MonePannMyau