book

Index 16

(Part 16)

ကမ်းပြိုအနမ်း 


''ကျေးမ နင် သူချော့တာ မခံဘူးဆို''


''အဟင့် သတင်းကလည်း မြန်လိုက်တာ ဘယ်သူပြောတာလဲ''


''မားမားပေါ့၊ မားမားက ကိုမဂ္ဂကို သနားနေတာ၊ နင်က အသည်းမာလို့တဲ့''


''ဟယ် စွပ်စွပ်စွဲစွဲနော်၊ ဘယ်မှာ အသည်းမာလို့လဲ၊ ဒီအတိုင်း သူ့ကို မပြောချင်လို့ မပြောတာ''


''အေး အိုင်တင်ခံတာလည်း ခံပေါ့၊ ဟိုမှာက ကပ်ချင်နေတဲ့ ကောင်မလေးတွေမှ အများကြီး၊ ရှင် အမူလွန်သွားလို့ ဟိုက နောက်တစ်ယောက်ဆီ ကောက်ကောက်ပါအောင် လိုက်သွားမှ ရှင်က ကျန်ရစ် ဖြစ်အုံးမယ်''


မိုးဖွဲ့ လာပြောသောစကားကြောင့် မယ်ယဥ်ကျေး စားလက်စ အကြော်လေးတောင် လက်က ပြုတ်ကျသွားသည်။ မောင်အကြောင်း သိတယ် မောင်က အလှကိုလည်း မက်​မောသလို အပျော်ကိုလည်း ကြိုက်သည်။ ဒီလိုနဲ့ မောင်က မယ်လေးကို စိတ်ပျက်သွားရင် ဘယ်လိုလုပ်မလဲ။


မယ်ယဥ်ကျေး မျက်နှာလေး သိပ်မကောင်းဖြစ်လာတာမို့ မိုးဖွဲ့ သူမ ကုတင်ပေါ် ဝင်ထိုင်လိုက်ပြီး


''ကျေးမ ငါ ကောင်းစေချင်လို့ ပြောပြတာနော်၊ ကိုမဂ္ဂက နင့်ကို တကယ် ချစ်တာပါ၊ မဟုတ်ရင် သူ ဒီလောက် အပင်ပန်းခံပြီး နင့်ကိုချော့မလား၊ ဟိုကောင်မလေးကိစ္စက သူပြောသလိုပဲ ဖြစ်မှာလေ၊ ကျေးမရယ် နင့်ဘက်က လျော့လိုက်ပါတော့၊ အခုလို စိတ်ဆိုးစိတ်ကောက် ရေရှည်ဖြစ်နေတာ နင်အတွက်လည်း မကောင်းဘူး၊ သူလည်း ခံစားနေရတာကို၊ ငါနဲ့ နန်းဖြူစင် လမ်းမှာ တွေ့တော့ သူ ပြောပြတယ်၊ ကိုမဂ္ဂတစ်ယောက် အရက်တွေပဲ သောက်နေလို့ သူ့မာမီ အိမ်ပေါ်က ဘယ်တော့ ကန်ချမလဲ မသိဘူးတဲ့''


''ဟင်''


မိုးဖွဲ့ ပြောတော့မှ မယ်ယဥ်ကျေး ငိုင်နေရာကနေ ခေါင်းထောင်လာကာ မျက်ဝန်းလေးတွေလည်း ပြူးကျယ်လာရသည်။


''ကိုမဂ္ဂက အရင်က ဘယ်လိုပဲဖြစ်ဖြစ် အခု နင်နဲ့ တွေ့မှ​ ပြောင်းလဲရင် ပြောင်းလဲနေမှာပေါ့၊ ငါတော့ နင် သူ့ကို အခွင့်အရေး ပေးသင့်တယ် ထင်တယ်''


''ဟို ငါ.. ငါ သူ့ကို မယုံရဲဘူးဟာ''


''နင် သူ့ကို လက်ခံပြီးပြီပဲ သူကောင်းတာပဲ လက်ခံပြီး မကောင်းတာတွေကျ ဖယ်ထားလို့ မရဘူး၊ ချစ်ပြီဆိုမှတော့ ကောင်းကောင်းဆိုးဆိုး ချစ်ရမှာပဲ''


''ငါ သူ့ကို ယုံဖို့ ကြိုးစားပါ့မယ် ''


''ချစ်သူနှစ်ယောက် ရှေ့ဆက်ဖို့က သံသယကင်းရမယ်၊ ယုံကြည်မှုမရှိတဲ့ Relationshipက မခိုင်မြဲဘူး ကျေးမရဲ့၊ ငါပြောတာ နင် နားလည်မှာပါ''


''အင်းပါ ဖွဲ့ရယ်၊ ကျေးဇူးတင်ပါတယ် ''


မိုးဖွဲ့ ပြန်သွားပြီးတဲ့အချိန်ထိ မယ်ယဥ်ကျေး အတွေးများလျက် ငြိမ်နေမိသည်။ မိုးဖွဲ့ ပြောတဲ့စကားတွေကို သူမ နားလည်ပါသည်။ ဒီလူကို လက်ခံမှတော့ ဒီလူရဲ့အရာအားလုံးပါ ချစ်ပေးရမှာပေါ့။ ဘယ်လိုလုပ်မလဲ ကိုယ်က ရူးလောက်အောင် ချစ်မိသွားတာကိုးး။


❤❤


''ရွှေရင်အေးလေး''


လူကို မြင်တာနဲ့ ရူးကြောင်ကြောင် စကားတွေ စပြောပြီး ချော့တာ နှစ်ယောက်မရှိတဲ့ မဂ္ဂမိုးသောက်ပါပဲ။


''စိတ်ဆိုးပြေပါတော့ဗျာ ''


မယ်ယဥ်ကျေးဘက်က ဘာမှ ပြန်မပြောတော့ မျက်နှာလေးငယ်ကာ


''လွမ်းလိုက်တာ ''


အသံက အက်ရှရှနဲ့ အနည်းငယ် သိမ်ငယ်နေသလို ဖြစ်နေသည်။ 


''မောင့်ကို ပြန်ခေါ်ပါတော့၊ ကြာရင် ရင်ကွဲနာကျပြီး သေသွားမယ့် အလောင်းက မောင် ဖြစ်သွားလိမ့်မယ်''


''အို ဖွဖွ လွဲပါစေ ဖယ်ပါစေ၊ ကိုမဂ္ဂ ရှင် ဘာတွေ လျှောက်ကျိန်နေတာလဲ၊ မပြောကောင်းမဆိုကောင်းတွေ ''


သူ့စကားကြောင့် လန့်သွားကာ မျက်လုံးလေး ဝိုင်းစက်သွားပြီး သူမ လက်ချောင်းသွယ်သွယ်လေးက မဂ္ဂနှုတ်ခမ်းအား လာပိတ်ထားသည်။


''ခင်ဗျားမှ စိတ်ဆိုးမပြေသေးတာကို၊ ကျုပ်က ဆုံးဖြတ်ထားတယ်၊ အရိုးပဲကြေကြေ အရည်ပဲခမ်းခမ်း မယ်လေးကို ရအောင် ချော့မယ်လို့ ''


''အပိုတွေ ''


''အဟုတ်တွေ ပြောနေတာပါ မောင့်ရွှေသည်းလေးရာ၊ ခင်ဗျားလေး အချစ်ကို ခက်ခက်ခဲခဲ ရထားပြီးမှ ဒီကကောင်က အလွှဲသုံးစား လုပ်ရက်ပါ့မလား''


''အမယ် ကျွန်မက ရှင့်ကို အဖြေပေးထားမိလို့လား''


''ရွှေသည်းလေးက ကျုပ့်ကို ချစ်လို့ပဲ သဝန်တိုနေတာမလား၊ ပြီးတော့ မားလည်း ပြောတယ်၊ ရွှေသည်းလေးက အခန်းထဲအောင်းပြီး ငိုချည်းငိုနေတယ်တဲ့၊ ဘယ်မိန်းကလေးက ကိုယ့်မကြိုက်တဲ့သူအတွက် အပင်ပန်းခံပြီး ငိုမှာလဲ ချစ်သည်းလေးရ''


''ဒါမျိုးကျ တော်တော်တတ်''


အရင်ကလို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံတော့ပဲ နည်းနည်း ပြန်အဆင်ပြေလာတာမို့ မဂ္ဂမိုးသောက်တို့ အူမြူးနေသည်။


''မယ်လေးရယ် လုပ်ပါဗျာ ခင်ဗျား

လေးနဲ့ မကြည်နူးရတာ ၁လကျော်ပြီ၊ ကျုပ့်မှာ ဒီ၁လလေးနဲ့ သေမလို ခံစားရတာနော်၊ စိတ်ကောက်ပြေပါတော့ကွာ နော် မောင် ဒူးထောက်ဆို ထောက်မယ်''


''ဟင် ဘုရားရေ''


မယ်ယဥ်ကျေးတို့ အိမ်ခြံဝန်းထဲ စကားပြောနေကြတာမို့ မဂ္ဂမိုးသောက် သူမအရှေ့ ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်ရာ သူမမှာ မျက်လုံးလေးအပြူးသားဖြင့် ကပျာကယာ လှမ်းတားရသည်။ မိန်းမတစ်​​ယောက်ရှေ့ ဒူးထောက်နေတဲ့ မောင့်ပုံရိပ်က မယ်လေးရင်ကိုနာစေသည်။


သူမ ချစ်ရသည့် အမျိုးသားကို ထိုသို့ မမြင်ရက်။ မောင် ဂျင်းဘောင်းဘီဒူးနားတွင် ဖုန်တွေကိုကြည့်ရင်း အလျင်အမြန်ထရန် ထူပေးမိသည်။


''ဟင့်အင်း အဲ့လို မလုပ်ပါနဲ့ မောင်ရယ် ''


''မယ်လေး စိတ်ဆိုးပြေပြီလား''


''အစကတည်းက စိတ်ဆိုးနေတာမှ မဟုတ်တာ မောင်ရယ်၊ မောင့်ကို သဝန်တိုမိလို့၊ မောင်နဲ့ အခြားမိန်းကလေး အတူတူတွေ့ရရင် မယ်လေး သဝန်တိုတယ် မောင်၊ ဒါက မယ်လေး မောင့်ကို ချစ်လို့''


''မောင်လို့ခေါ်ပြီပေါ့''


''ခေါ်ပြီ''


''ဘာလို့လဲ ''


''ချစ်လို့''


နောက်မှ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ မယ်လေးပုံစံကို ကြည့်ပြီး စိတ်ကထင်နေပေမယ့် အရဲစွန့်ပြီး မတွေးရဲ။ အခုကိုယ်တိုင် မယ်လေး ပါးစပ်က ထုတ်ပြောတာ ကြားတော့မှ လွှင့်ထွက်တော့မယ့် လိပ်ပြာကို မနည်းပြန်ခေါ်ထားရသည်။


''မယ်လေးရယ် ကျုပ့်ကြောင့် ခံစားခဲ့ရတာတွေ အားလုံး ကျုပ် တောင်းပန်ပါတယ် ၊ ကျုပ် အရင်က ပွေခဲ့ရှုပ်ခဲ့တာတွေလည်း ဝန်ခံပါတယ်၊ အနာဂတ်မှာတော့ ကျုပ့်အတွက် မယ်လေးတစ်ယောက်ပဲ လိုတယ်၊ အခြားမိန်းကလေးတွေနဲ့ ကင်းကင်းရှင်းရှင်း နေပါ့မယ် ၊ ကျုပ် မယ်လေးကို သိပ်ချစ်တာပဲ''


စစ်တိုက်ပြီး ချစ်ကြည်ရေးယူနေကြတာမို့ တစ်ယောက်ကိုတစ်ယောက် ​ကြားလေသွေးလို့မရအောင် ပွေ့ဖက်ထားကြသည်။


''မောင် ''


''ဟင်''


''မယ်လေးလေ မောင်တို့ပုံကို မြင်တုန်းက ငိုလိုက်ရတာ၊ မယ်လေးကို ရူးစေချင်ရင် အခြားမိန်းကလေးနဲ့တွဲ သိလား ''


ရင်ခွင်ထဲက မကျေနပ်ချက်တွေကို တိုင်တောနေသည့်နှယ် တစ်တွတ်တွတ်ပြောရင်း တခါတလေ မဂ္ဂ ရင်ဘတ်ကိုလည်း ထုရိုက်ဖို့မမေ့။


❤❤


''သားနဲ့သမီးက သိပ်မကြာခင် လက်ထပ်ကြတော့မယ့်သူတွေလေ၊ ရန်ဖြစ်တာတော့ ဘယ်ကောင်းမလဲ''


''ဟုတ် မား၊ ဒါ ကျုပ့်အပြစ်တွေချည်းပါပဲ၊ မယ်လေးကို မဆူပါနဲ့''


''မား မဆူပါဘူး၊ ဒါပေမယ့် သားကိုရော သမီးကိုပါ မား ဆုံးမချင်တယ်၊ ဖြစ်ခဲ့တဲ့ကိစ္စမှာ အမှန်တရားကို မားတို့ပဲ သိကြတာလေ၊ အခြားသူအမြင်မှာ သားက ပွေရှုပ်နေသလို မြင်ကြမှာ၊ ပြီးတော့ မားသမီးလေးလည်း မျက်နှာပန်းလှမှာ မဟုတ်ဘူး ၊ ဒီတော့ နောက်ဆို သား ဆင်ခြင်မှဖြစ်မှာ၊ သမီးက အဖြစ်အပျက်အကြောင်းအရင်းအမှန် မသိပဲ စွပ်စွဲလို့မရဘူး''


''ဟုတ် မား''


နန်းငယ်ထား မဂ္ဂမိုးသောက်နဲ့ မယ်ယဥ်ကျေးကို နောက်ထပ် ရန်ထပ်မဖြစ်ရလေအောင် အချိန်ရှိတုန်း ပြောပြသင်ပြပေးနေရင်း ခွန်ခမ်းနောင်က အလုပ်မှ ပြန်လာသည်။


''အော် အိမ်မှာ မောင်မဂ္ဂမိုးသောက် ရောက်နေတာကို''


''ဟုတ်ကဲ့ ပါး ''


''အေး သား အားလား၊ ပါးနဲ့ တခွက်လောက် သောက်ကြမလား''


မဂ္ဂမိုးသောက်လည်း သောက်တတ်စားတတ်ပေမယ့် မယ်လေးနဲ့ နန်းငယ်ထား အရှေ့ကျတော့ ပြောရမှာ အားနာသည်။ ထိုစဥ် နန်းငယ်ထားက


''အကို အလွန်အကျွံတွေ မလုပ်နဲ့နော်၊ လူကြီး ဆိုတာ ကလေးတွေ လမ်းပြရတာ''


''သိပါတယ် ငယ်ရယ် ''


အိမ်ရှေ့ခြံထဲက စားပွဲဝိုင်းလေးထံ ခွန်ခမ်းနောင်က အရှေ့သွားလိုက်ပြီး 


''မောင် အရမ်းမသောက်နဲ့နော်၊ အိမ်ပြန်ရင် ကားမောင်းရအုံးမှာ''


''စိတ်မပူပါနဲ့ မူးသွားရင် ဟိုတစ်ခေါက်ကလို မယ်လေးအခန်းထဲမှာ အိပ်မယ်လေ''


မဂ္ဂမိုးသောက် ပြုံးစိစိနဲ့ နောက်လိုက်တော့ ဟိုတခါက အိမ်မှာ မူးမူးရူးရူးနဲ့ ပြတင်းပေါက်က ကျော်ဝင်လာပြီး လက်ကမြင်းခဲ့တာကို သတိရသွားကာ ပါးအို့လေးက ထုံးစံအတိုင်း နီမြန်းလာသည်။ မယ်လေး မျက်စောင်းတချက် ထိုးကာ ရင်ဘတ်အား တချက်ထုတော့ တဟားဟား အော်ရယ်၍ ပါးပါး ရှိရာသို့ သွားလေသည်။


''ထိုင် သား''


''ဟုတ်''


''အင်း ပါးတို့ ယောကျ်ားအချင်းချင်းပဲ ၊ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့''


''ဟုတ်ကဲ့ ''


''ပါးသမီးကို မောင်မဂ္ဂမိုးသောက် ချစ်လား ''


''အသက်နဲ့တမျှပါပဲ''


''ဟုတ်ပြီ၊ မောင်မဂ္ဂက ယောကျ်ားလေး ဆိုတော့ အပျော်ကြိုက်တတ်မှာပေါ့''


ခွန်ခမ်းနောင်က အရှေ့Whiskyခွက်လေးကို ကြည့်ကာ သူ့အား အားမနာတမ်း ပြောလေသည်။


''ဟုတ်ကဲ့ ကျုပ် ဝန်ခံပါတယ်၊ ဒါပေမယ့် ဒီကိစ္စအားလုံးက မယ်လေးနဲ့ မတွေ့ခင်ကအရာတွေပါ၊ မယ်လေးနဲ့ တွေ့ပြီး ကျုပ် သူ့ကိုပဲ ချစ်ခဲ့တာပါ၊ နောက်ပိုင်း ပါးတို့ စိုးရိပ်စေမယ့် အဖြစ်မျိုး လုံးဝ မဖြစ်စေရပါဘူး''


''သားက အခုမှ မယ်လေးကို တွေ့ဖူးပြီး အသက်နဲ့တမျှ ချစ်တတ်သွားတာပါ၊ ပါးတို့က မယ်လေး လူ့လောကထဲ စရောက်ကတည်းက ချစ်ခဲ့တာ၊ ဘယ်သူ ပိုများမယ်ထင်လဲ၊ ဟို ပါးပြောတဲ့ လမ်းကြောင်းက အချစ်ပြိုင်တာ မဟုတ်ဘူးနော်၊ ပါးတို့ သမီးကို ဘယ်လောက်ချစ်ကြောင်း ပြောပြတာ၊ ပါးသမီး မျက်ရည်ကျတာ မြင်ရတဲ့ ဖအေလောက် ရင်နာတာ ရှိပါအုံးမလား''


''ဒီကိစ္စအတွက် ပါးနဲ့မားကို အနူးအညွတ် တောင်းပန်ပါတယ် ၊ မယ်လေးကိုလည်း တောင်းပန်ပြီးပါပြီ''


''ဒူးထောက်ခဲ့တယ်မလား''


မဂ္ဂ မနေ့ကကိစ္စ ခွန်ခမ်းနောင် သိနေတာ အံ့သြနေသည်။ မယ်လေးလည်း ပြန်ပြောပြမည့် လူမျိုးလည်း မဟုတ်။


''မနေ့က အိမ်မှာ ပါး ရှိနေလို့ မြင်တာပါ''


''ဟုတ် ''


''ယောကျ်ားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ဒူးထောက်တယ် ဆိုတာ အရာအားလုံး အရှုံးပေးတာတဲ့၊ ပါးလောက် ငယ်ကို ဘယ်သူမှ မချစ်နိုင်ဘူး၊ ဒါတောင် ငယ်အရှေ့ တစ်ခါမှ ပါး ဒူးမထောက်ဖူးဘူး၊ မနေ့က ​မြင်လိုက်တော့ ပါးသမီးအတွက် အားလုံး စိတ်ချသွားပြီ ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ ပါးသမီးကို စိတ်မဆင်းရဲစေနဲ့၊ တနေ့ပေါ့ကွာ သမီးကို သားက မလိုအပ်တော့ရင် ပါးတို့ဆီ ပြန်ပို့ပေး''


''ဒီလို နေ့မျိုး ဘယ်တော့မှ မရှိစေရဘူး ပါး ဒါ ယောကျ်ားသစ္စာပါ''


''ပါး ယုံပါတယ်''


ဖအေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက သားသမီးအဖို့ အအေးချမ်းဆုံး၊ အလုံခြုံဆုံး၊ အနွေးထွေးဆုံးပင်။ ဒီလို မိသားစုထဲက မယ်လေးကို ကြီးပြင်းခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်။


❤❤


ဆက်ရန်

#MoneaPannMyau


rate now: