ကမ်းပြိုအနမ်း
''ကျေးမ နင် သတင်းမြင်ပြီးပြီလား''
''ဟင် ဘာကိုလဲ မိုးဖွဲ့ကလဲ၊ ငါ Internet သိပ်မသုံးဘူး ဆိုတာ နင်လည်း သိသားနဲ့''
အရေးကြီးသုတ်ပျာ အိမ်ကို ရောက်ချလာတဲ့ မိုးဖွဲ့ကြောင့် ပန်းပင်ရေလောင်းခြင်းကို လက်စသပ်ကာ သေသေချာချာ မေးမိသည်။ ဘာတွေ မြင်လာလို့ ဒီလောက် အထိတ်တလန့် ဖြစ်နေရတာလဲ။
''ဒါကြောင့်ကို''
''နင်ကလည်း စကားကို ရှင်းအောင် မပြောဘူး ၊ ဘာဖြစ်တာလဲ''
''ဒီမှာ ကြည့်''
သူမ ဖုန်းကို မယ်ယဥ်ကျေး လက်ထဲ ထိုးထည့်ပေး၍ ကြည့်ဆိုပြီး မေးငေါ့ပြသည်။ မယ်လေးလည်း ဘာများလဲ ဆိုပြီး Screenပေါ် မြင်လိုက်ရတဲ့ ပုံရိပ်ကြောင့် ဖုန်းတောင် လက်ထဲက ပြုတ်ကျမတတ် ဖြစ်သွားရသည်။
''မယ်လေးရယ် ငါပြောသားပဲ၊ ဒီကောင်က တကယ့်Playboyပါဆို''
Internetပေါ် Popular Now ဖြစ်နေသည့် သတင်းက မဂ္ဂမိုးသောက်နဲ့ ကောင်မလေးတစ်ယောက် လက်တွေတွဲထားကာ တရုတ်ပြည်မှာ လှည်ပတ်နေကြသည့်ပုံ။
''ကျေးမ ဒီကောင်မလေးက တရုတ်ပြည်ကသူဠေးရဲ့သမီးနော်၊ ကျောက်မျက်ရတနာလောကနဲ့လည်း ဆက်စပ်နေတယ်၊ ကျေးမ နင် အတွေးမများနေနဲ့နော်၊ ဟို ငါတို့ ထင်ထားသလိုလည်း ဖြစ်ချင်မှ ဖြစ်မှာလေ၊ သူတို့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး သွားတာလည်း ဖြစ်နိုင်တာပဲ''
''အေးပါ ငါ သိပါတယ်၊ ဒါပေမယ့်ဟာ''
''လိုင်းပေါ်က လူတွေက ဒီလိုပဲလေ၊ တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး ပြောချင်နေကြတာလေ၊ နင် အရမ်းမခံစားနေပါနဲ့ နော်''
''အင်းပါ ၊ အခုလို လာပြပေးတာကို အရမ်းကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ငါက ဘာမှ သိမှာ မဟုတ်ဘူး၊ သူ ပတ်ချင်သမျှ ငါက ခံနေရမှာ''
မယ်ယဥ်ကျေး မယုံနိုင်ခြင်းကြီးစွာဖြင့် မျက်ဝန်းမှ မျက်ရည်လေးတွေ စီးကျလာသည်။ Playboy ဆိုတာ သိသိကြီးနဲ့ ရင်ဘတ်ထဲ နေရာ ပေးထားခဲ့တာ မဟုတ်လား။ ဒီလောက်တော့ ခံစားရမှာပေါ့။ သူ ပြောသမျှ စကားတွေအကုန် ယုံနေမိတာ မယ်လး အပြစ်ပါလေ။ အရင်အခြေအနေနဲ့ အခုအခြေအနေက တူမှမတူတော့တာ။ နှလုံးသားထဲ နေရာဝင်ယူထားပြီးပြီမို့ အခြားကောင်မလေးတွေနဲ့ တွဲရပ်နေတာတောင် ရင်တွေ နာလှသည်။ အခုက နှစ်ယောက်သား ပြုံးပျော်နေတဲ့ပုံတွေက မမြင်ချင်မှအဆုံး။
❤❤
''မဂ္ဂ ''
''မင်းဘယ်လို ဝင်လာတာလဲ ၊ ထွက်စမ်း''
''ဟင့်အင်း ''
''Rose''
''ဟင်''
''အလုပ်ကိစ္စ အကူအညီပေးလို့ ကျေးဇူးတင်တယ်၊ မနက်ဖြန် မြန်မာပြည် ပြန်တော့မယ် ၊ မင်းရဲ့ အရှုပ်အယှက်တွေ မြန်မာပြည်အထိ မရောက်လာစေနဲ့''
''အို့ ယူက ဒို့ကို ဖယ်တာလား ''
''မိန်းမတစ်ယာက်ကို ကာဗာလုပ်ပြီးမှအလုပ်ကို အောင်မြင်တယ် ဆိုတာ ငါ့သမိုင်းမှာ မရှိဘူး ၊ အခုလည်း မင်းက မင်းအဖေကို စကားလေးတစ်ခွန်းပဲ ပြောပေးရတာပါ၊ ကျန်တာအားလုံး ငါ့အရည်အချင်းနဲ့ငါ ကြိုးစားထားရတာတွေပဲ၊ အေး ဒါမှ မင်း မကျေနပ်ဘူးဆို မင်းအဖေကို ပြန်ပြောလို့ ရတယ်၊ ငါတို့ နောက်ထပ် ရှယ်ယာဝင်အသစ်ကို Welcomeလုပ်လိုက်ယုံပဲ''
''အဟက် ဒို့ ကြားတဲ့သတင်းတွေ မှန်နေပြီ ထင်တယ်၊ ရှင်က စေ့စပ်ထားပြီးသားဆို၊ ပြီးတော့ ဟိုမိန်းကလေးက ရူးလောက်အောင် လှတယ်တဲ့၊ သိချင်လိုက်တာ သူနဲ့ ဒို့ ဘယ်သူ့က ပိုပြီး ဆွဲဆောင်မှုရှိမယ်ထင်လဲ ဟင်''
မဂ္ဂမိုးသောက် နေတဲ့ ကွန်ဒိုအထိ Roseက လိုက်လာကာ အခန်းထဲ အတင်းဝင်၍ သူမ၏ ညအိပ်ဝတ်ဂါဝန်အထဲက အပြင်အကျီကို ဆွဲဆောင်မှုရှိရှိ ချွတ်ပြကာ မြူဆွယ်လေသည်။
မဂ္ဂမိုးသောက် ညာဘက်နှုတ်ခမ်းတွန့်သွား၍ ထိုင်ရာမှထကာ သူမဆီ သွားလိုက်ပြီး Sexyဆန်ဆန်လှပသော သူ့ကိုယ်လုံးများကို တချက်ကြည့်၍ ခုနက ချွတ်လိုက်သော အကျီကို ပြန်ခြုံပေးလိုက်ကာ
''ငါ့ကောင်မလေးနဲ့ မင်းက နှိုင်းစရာတောင် မလိုဘူး၊ အဆင့်က ဒီနေရာကစကွာတာ အဟက်''
မဂ္ဂမိုးသောက် Roseအား အပျက်မသာသာ ဆက်ဆံလိုက်တာကြောင့် ဒေါသထွက်ကာ မဂ္ဂ အခန်းထဲက ထွက်ပြေးသွားလေသည်။
နေ့လည်က ဓာတ်ပုံတွေ Internetပေါ် ပျံ့သွားရတဲ့ အကြောင်းအရင်းကို သေချာ စုံစမ်းကြည့်လိုက်တော့ Roseလက်ချက် ဖြစ်နေလေသည်။ ဓာတ်ပုံထဲမှာ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ပုံတွေချည်း ရိုက်ထားတာမို့ ကြည့်မိသူတိုင်း အထင်လွဲနိုင်သည့် ပုံတွေပင်။ တကယ်တမ်း Roseကသာ သူ့ကို အတင်းလိုက်ကပ်နေတဲ့အချိန်ကိုသာ ရိုက်ထားတဲ့ ပုံတွေ ဖြစ်သည်။
ဒီကိစ္စ မြန်မာပြည်မှာ တော်တော်လေး ပျံ့နေလောက်ပြီ။ အကြည်လုံးလေးလည်း ဖုန်းဆက်တာ မကိုင်တော့တာမို့ ဒီပုံတွေ မြင်ပြီးနေပြီ ဖြစ်မည်။
❤❤
''မားမား မယ်လေးရော''
''ဟို သား၊ သမီးက သားနဲ့ မတွေ့ချင်သေးဘူးတဲ့၊ နောက်မှ လာပါလားကွယ်''
''ခဏလေးပါ မား ၊ ကျုပ် မယ်လေးနဲ့ ခဏလေး တွေ့ပြီး ရှင်းပြပါရစေ နော်''
''သမီးလေးက စိတ်ရှုပ်နေလို့ သားနဲ့ စကားမပြောချင်သေးတာပါ၊ ပြောကြရင်လည်း ရန်ဖြစ်ယုံပဲ ရှိမှာလေ၊ သမီးလေး စိတ်အေးသွားတာကို စောင့်ပါအုံး''
''ကျုပ် အခု တွေ့မှ ဖြစ်မှာမို့ပါ၊ ကျုပ် ဝင်တွေ့ပါရစေ''
မဂ္ဂမိုးသောက်ရဲ့ တစ်ဇွတ်ထိုးစိတ်နဲ့ မယ်လေးအခန်းထဲ ဝင်မယ် တကဲကဲ လုပ်နေသောကြောင့် နန်းငယ်ထား ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည်။ ထိုစဥ် အခန်းထဲကနေ မယ်ယဥ်ကျေးက အငိုမျက်နှာဖြင့် ထွက်လာကာ
''ထွက်သွား သွားစမ်း ရှင့်မျက်နှာ မကြည့်ချင်ဘူး''
''မယ်လေး ဒီကိစ္စ ရှင်းပြပါရစေ၊ ဒီကိစ္စ မယ်လေး ထင်သလို မဟုတ်ပါဘူး ''
''သမီး ပြောစရာရှိရင် အေးအေးဆေးဆေး ပြောကြပါကွယ်၊ ဒေါသရှေ့မထားပါနဲ့၊ မားမား ဘုရားရှိခိုးအုံးမယ်''
နန်းငယ်ထားက ပြဿနာဖြေရှင်းဖို့အတွက် ရှောင်ပေးကာ အပေါ်သို့ တက်သွားလေသည်။ ဧည့်ခန်းလေးထဲ မဂ္ဂနဲ့မယ်လေး နှစ်ယောက်တည်းသာ ကျန်ခဲ့သည်။
ထို့ကြောင့် မယ်လေး လက်လေးကို တယုတယ ဆွဲကိုင်တော့ ဒေါသတကြီး ရုန်းဖယ်ကာ
''ရှင့်ကို ဒီလို လူမျိုးမှန်း အစကတည်းက သိလို့ ငြင်းခဲ့တာ အဟင့်''
''မဟုတ်ပါဘူး ကျုပ် သူနဲ့ ပတ်သက်ရတာ အလုပ်သဘောအရပါ၊ အခြားဘာကိစ္စမှ မရှိပါဘူး မယ်လေးရာ''
''ရှင့်ရဲ့ ပြဿနာမေးတုန်းက ဘာတစ်ခုမှ ရေရေရာရာ မသိခဲ့ရဘူး၊ အော် သူနဲ့ကျမှ ပြဿနာအတူတူ ဖြေရှင်းကြတယ်ပေါ့ အဟက် ရှင် တရားပါတယ် ကိုမဂ္ဂမိုးသောက် ''
''ကျုပ်နဲ့ ပြဿနာတက်နေတဲ့သူက တရုတ်ကသူဠေး ၊ သူရဲ့အဖေပါ ကြားက သူကလိုက်ကူညီပေးတာ၊ အခုလည်း သူနဲ့ ကိစ္စဖြတ်လိုက်ပါပြီ မယ်လေးရာ၊ ကျုပ် သူနဲ့ မပတ်သက်တော့ပါဘူး၊ မဟုတ်ဘူး အခြားဘယ်မိန်းကလေးနဲ့မှ မပတ်သက်တော့ပါဘူး''
''မယုံဘူး၊ ရှင်က ကျွန်မရှေ့မှာတော့ ကျွန်မကိုပဲ မချစ်ရရင် အခုပဲ သေတော့မလို ဖြစ်ပြတယ်၊ အခြားမိန်းကလေးတွေ့တော့ ဖောက်ပြန်တယ်၊ တကယ်က ဖောက်ပြန်တယ် ဆိုတာ ဗီဇနဲ့ ဆိုင်တာပါ''
''မယ်လေး မင်း တော်စမ်း၊ ကျုပ် မဟုတ်ဘူးလို့ ပြောနေပြီလေ၊ ကျုပ် ခင်ဗျားကို ဘယ်လောက်ထိချစ်လဲ ဆိုတာ ခင်ဗျားလည်း သိရက်နဲ့ဗျာ၊ Roseက အလုပ်ကို သူ ကူညီပေးမယ်ဆိုလို့ ခရီးကို အတူတူသွားလိုက်တာပဲ ရှိတာ၊ အခုလည်း သူနဲ့ အပြတ်ဖြတ်ခဲ့ပြီးပြီ၊ ဘာမှ ရှုပ်စရာ မရှိတော့ဘူး''
''ဒီပုံကရော ၊ ရှင့်မျက်နှာကို ရှင် သေချာ ပြန်ကြည့်စမ်းပါ၊ အဟက် အရမ်းသာယာနေကြတာ နှစ်ယောက်တစ်ကမ္ဘာဖြစ်နေသလိုပဲနော် အဟက် ''
မယ်ယဥ်ကျေး သရော်သလို နှုတ်ခမ်းလေးရွဲ့ကာ မဂ္ဂ ရင်ဘတ်တည့်တည့်အား ဖုန်းဖြင့် ပစ်ပေါက်လိုက်တော့ ဖုန်းက နံရံနဲ့ဆောင့်ပြီး ကြမ်းပြင်ပေါ် ကျရာ မဂ္ဂနဲ့Rose၏ ကြည်နူးနေပုံလေး ပွင့်နေသည်။
''တိုက်ဆိုင်တာ''
''ရှင်က ကျွန်မကို အခြားယောကျ်ားနဲ့ အတူတူ တွဲရပ်ရင်တောင် ရှင် ကမ္ဘာပျက်မတတ် ခံစားနေရတာပဲ၊ ဘာလို့ ကျွန်မကို မစာနာကြည့်လဲ ဟင် ပြောလေ ရှင် ''
''ကျုပ် ခင်ဗျား ယုံအောင် ဘာလုပ်ပေးရမလဲ၊ ကျိန်ပြရမှာလား တောင်းပန်ရမှာလား ဒူးထောက်ပေးရမှာလား မဟုတ်ရင် ဟိုမိန်းမကို ခေါ်ပြီး ဘာမှ မသက်ဆိုင်ကြောင်း လာရှင်းပြပေးရမှာလား ပြော''
မဂ္ဂပြောရင်း သူမ လက်မောင်းလေးကို ဆုပ်ကိုင်ဖို့ လက်လှမ်းလိုက်ရာ
''မထိနဲ့''
မယ်လေးရဲ့ အသံက တင်းမာနေပြီး လက်မောင်းပေါ် ရောက်လုလု လက်တွေကို ဖယ်ချပစ်သည်။ မဂ္ဂ စိတ်ရှုပ်ထွေးလာရသည်။ ဘယ်လိုပြောပြော နားမထောင်ပေးတဲ့ သူမကို ကြည့်ပြီး ရူးချင်လာရသည်။
''Ok ကျုပ် အတင်းအကြပ် မလုပ်ဘူး၊ ဘယ်တော့ စိတ်ကောက်ပြေပေးမလဲ ဆိုတာသာ ပြော''
''ကျွန်မကိုကလေးများ မှတ်နေလား ၊ အခုချိန် ရှင့် မျက်နှာကို လုံးဝ မကြည့်ချင်ဘူး၊ ရှင် ပြန်တော့''
''မယ်လေး ခင်ဗျားဗျာ အသည်းမာချက်ကတော့ ဟာကွာ ''
မဂ္ဂမိုးသောက် မယ်ယဥ်ကျေးကိုယ်လုံးလေးကို ထိလဲထိမရ ပွေ့လည်းပွေ့မရ ရှင်းပြတာလည်း မနားထောင်ကြောင့် မချင့်မရဲ ဖြစ်နေသည်။ ဒီတစ်ခါတည်းနဲ့တင် လူက ကျေကြောက်သွားပြီ။ နောက်ထပ် သူမ အထင်လွှဲမည့် မည်သည့် အလုပ်မဆို မျက်စနဲ့တောင် မပစ်ရဲတော့ပါ။
''ရတယ် ဒီနေ့ ခင်ဗျား စိတ်မပြေလည်း ကျုပ် နေ့တိုင်း လာချော့နေမှာပဲ ၊ ခင်ဗျား ကျုပ့်ကို ယုံလာတဲ့နေ့ထိ ကျုပ် ချော့မယ်''
မဂ္ဂမိုးသောက် မျက်နှာလေး ညိုးငယ်စွာ ထွက်သွားသော ပုံရိပ်ကြောင့် မယ်လေး ရင်နာရပြန်သည်။ သူ ပြောတဲ့ စကားအားလုံး မျက်စိမှိတ် ယုံပေးချင်ပေမယ့် သူနဲ့အခြားမိန်းကလေးရဲ့ ပုံရိပ်က အာရုံထဲ စိုးမိုးနေသည်။ ထို့ကြောင့် သူဘာပြောပြော အကောင်းမမြင်နိုင်ပေ။
❤❤
''မဂ္ဂ ငါတို့ မင်းကို နားလည်ပါတယ်ကွာ၊ အကြည်လုံးလေးရဲ့ မျက်လုံးထဲမှာ မင်းက ငပွေးငရှုပ်ကောင်လို့ အမြဲတမ်း မှတ်ထားတာကိုကွ၊ မင်းနဲ့ ဟိုမိန်းကလေးရဲ့ ပုံက ဒီလောက်ထိလည်း ဆိုးဆိုးရွားရွား မဟုတ်ပါဘူး၊ ဖြေရှင်းရင် ပြေလည်မယ့်အဆင့်ပါပဲ၊ ဒါပေမယ့် မင်း အကြည်လုံးလေးက မင်းနဲ့ ပတ်သက်ရင် playboy ဆိုတာ စိတ်စွဲနေတာမို့ ဖြစ်မှာပေါ့''
''Lucasရာ ငါလဲ မတွေးတတ်တော့ဘူးကွ၊ အခုဆို ငါချော့နေတာ ၁ပတ်ဖြစ်ပြီ၊ ဘယ်လိုပဲလုပ်လုပ် တချက်တောင် မကြည့်လာပါဘူးကွာ''
''မင်းက အကြည်လုံးလေးကို နားလည်ပေးရမယ်လေ၊ သူက ပထမဆုံး ယောကျ်ားလေးဆိုလို့ မင်းနဲ့ပဲ ပတ်သက်ဖူးတာလေ၊ အခုလည်း မင်းနဲ့ပတ်သက်လို့ ပထမဆုံး သဝန်တိုနေရပြီ၊ မိန်းကလေးတိုင်းရဲ့ ပထမဆုံးက အရမ်းခက်ခဲကြတယ်ကွ ၊ ဒါကို မင်းဘက်က နားလည်ပေးဖို့ လိုတယ်''
''ဒီကြားထဲတောင် ငါက ရူးချင်နေပြီ၊ ဟာ အသည်းကွဲသလို ခံစားချက်ကြီးက ဖီးလ်ဖို့ အဆင်မပြေဘူး ဟေ့ကောင်ရ''
''ဟားဟား မင်း ဝဋ်လည်တာလေ၊ အသည်းပတ်ခွဲနေတဲ့ မင်း တစ်ခါလောက်တော့ အသည်းကွဲဖူးကြည့်ပေါ့''
ဟန်မင်းစျာန်ကပါ စစနောက်နောက် ထပြောတော့ စိတ်မကြည်နေတဲ့ မဂ္ဂမိုးသောက်က ခြေတောက်ဖြင့် လှမ်းကန်လိုက်သည်။ မယ်လေး စိတ်ကောက်နေတဲ့ ရက်တွေကလည်း ဘာတစ်ခုမှ အဆင်မပြေ။ အရာအားလုံး မလှပတော့ပေ။ ထမင်းတောင် ဝင်တချက် မဝင်တချက်။ ညတိုင်းလည်း သောက်ဖြစ်လာတဲ့ အရက်တွေကြောင့် အိမ်က မာမီနဲ့ဒယ်ဒီလည်း စိတ်မကောင်းကြ။ နေနိုင်သူကတော့ နေနိုင်လိုက်တာ။ အသည်းမာချက်ကတော့ နှလုံးသားက အုတ်ခဲနဲ့ဆောက်ထားသလား မှတ်ရတယ်။
❤❤
ဆက်ရန်
Shareခြင်းဖြင့် အားပေးပါ
#MonePannMyau