ကမ်းပြိုအနမ်း
''သွေး ဘာလို့ ငါရဲ့ စေ့စပ်ပွဲကိုမလာတာလဲ''
''ကျွန်တော် မအားလို့ပါ''
''ငါက သွေးကို စေ့စပ်ပွဲကို သေသေချာချာ ဖိတ်ထားရက်နဲ့ နင် မလာတော့ ငါ စိတ်မကောင်းဘူး''
သွေးနီ စေ့စပ်ပွဲ မလာတာ မယ်ယဥ်ကျေး သတိထားမိတာမလို့ မေးလိုက်ရာ မျက်နှာမကောင်းစွာဖြင့်
''ကျွန်တော် ဒီမှာ အလုပ်လုပ်ဖို့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ လာဖို့ မဖြစ်တော့လို့ပါ''
''အင်းပါ ဒါဆို မင်္ဂလာပွဲကိုတော့ ဖြစ်အောင် လာရမယ်နော်''
မယ်ယဥ်ကျေး စကားကြောင့် သွေးနီ စိုးရိမ်တကြီး လှည့်ကြည့်ပြီး မျက်လုံးအပြူးသားဖြင့်
''မမ ပြောတော့ အိမ်ထောင် မပြုဘူးဆို''
သွေးနီ လှမ်းမေးလိုက်တော့မှ သူမ ဖြေသည့် စကားကို သတိထားမိသည်။ သူမ ပါးစပ်က မရည်ရွယ်ပါဘဲ ပြောလိုက်မိတာ။ သွေးနီ ပြောတော့မှ မလုံမလဲလေး ရှက်မိသည်။
''အာ ဟို''
''မမက မဂ္ဂမိုးသောက်ကို ချစ်သွားတာလား''
''ငါ ကိုယ်တိုင် ဒီမေးခွန်းကို အဖြေရှာလို့ မတွေ့သေးဘူး''
''ဒီဘဲကြီးက မမိုက်ပါဘူးဆိုဗျာ''
''ကလေးက ကလေးလို နေစမ်းပါ''
မမက သူ့ကို အခုထိ ကလေးတစ်ယောက်လို ဆက်ဆံတုန်း။ ဘယ်လိုပဲဖြစ်ဖြစ် မမနဲ့ဟိုလူကိုတော့ ရအောင် ခွဲရမည်။
❤❤
''Boss''
''ဘာလဲ ''
''ကျွန်တော်တို့ ကုမ္ပဏီကို တစ်စုံတစ်ယောက် နှောင့်ယှက်နေတယ်''
''ဘာ''
''ဟုတ်ပါတယ် ၊ ဖားကန့်က ပစ္စည်းတွေ ပို့ရမှာလည်း အခက်အခဲတွေ ရှိနေပါတယ်၊ ပြီးတော့ ကျွန်တော်တို့ Main Pageကို မကောင်းတာတွေ ရေးပြီး ဖြန့်နေတာတွေလည်း ရှိပါတယ်''
''နောက်ကွယ်က ဘယ်သူလဲ''
''စုံစမ်းနေပါတယ် Boss၊ ကျွမ်းကျင်တဲ့ Hackerတွေကို စုံစမ်းခိုင်းထားပါတယ်၊ ဒါပေမယ့်.. ''
''ဘာဖြစ်လဲ ဆက်ပြောလေ''
''အခက်အခဲတွေကြောင့် ဒီတစ်လ ပို့ရမဲ့ ပစ္စည်းတွေ အလုံအလောက် မရှိလ်ို့ပါ''
''ဒုက္ခပဲ ၊ ဒီလကုန်ရင် Xiao Wang Zi ကို ပို့ရမှာ မဟုတ်ဘူးလား''
''ဟုတ်ပါတယ် Boss၊ အရင်တစ်လကလည်း ကျွန်တော်တို့ ဝန်ထမ်းက Xiao Wang Ziအပေါ်မှာ အမှားလုပ်ထားပါတယ်၊ ဒီကိစ္စ သိပ်မကြည်သေးဘူးနဲ့ တူတယ်၊ ဒီလပါ ပစ္စည်းစုံအောင် မပေးနိုင်ရင် ကုမ္ပဏီ ဒုက္ခရောက်နိုင်တယ်''
ရဲရင့် ကုမ္ပဏီ၏ ပြဿနာတွေကို တစ်ခုပြီးတစ်ခု ပြောပြလေသည်။
''ငါတို့ ပြဿနာတက်အောင် လုပ်တဲ့ကောင်ကို မိပြီလား''
''ဖားကန့်က ပြဿနာရော Internetပေါ်က ပြဿနာ ဖန်တီးတဲ့သူက တစ်ယောက်တည်းပါ Boss''
''ဘယ်ကခွေးမသားလဲ''
''ကျွန်တော် စုံစမ်းလို့ ရပြီလား ဆိုတာ တချက်မေးကြည့်ပါအုံးမယ်''
ရဲရင့် သူ့ဖုန်းကိုထုတ်ကာ နံပါတ်တချို့ကို နှိပ်လိုက်ပြီး ဟိုဘက်က ပြောတာကို အမေးအဖြေ ပြန်လုပ်၍ ခဏအကြာ ဖုန်းချလိုက်သည်။
''ဘယ်သူတဲ့လဲ''
''အင်ဂျင်နီယာလို့ ပြောတယ် ၊ နာမည်က စည်သူတဲ့''
''ဘာ ဟာ ဒီခွေးမသား၊ မနိုင်ရင် ပတ်မဲတာပဲ ခွေးသူတောင်းစား''
Bossက ထိုလူကို သိသည့်နှယ် ပယ်ပယ်နယ်နယ် ဆဲရေးတိုင်းထွားနေသည်။ ဒီကိစ္စ Bossက ကြည့်ကြပ်လုပ်မည် ထင်သည်။
❤❤
'' ဘုရားရှိခိုးလေ ဘာလာကြည့်နေတာလဲ''
မယ်ယဥ်ကျေးအား ဘယ်သွားချင်လဲပြောတော့ ဘုရားသွားချင်သည် ဆိုရာ စေတီတော်မြတ်ကြီးသို့ ပို့ပေးရသည်။
''ဘုရားရိပ်ထက် အေးချမ်းတဲ့နေရာလေး ရှိသေးတယ် ပြောရင် ကျုပ် ငရဲကြီးမလား မသိဘူး''
''ဟင်''
''ခင်ဗျားလေးလေ၊ ကျုပ့်ရင်ကို ရေခဲနဲ့ စိမ်ထားသလိုပဲ အေးမြနေလိုက်တာ''
''တနေ့တနေ့ အပိုမပြောရရင် ထမင်းစားမဝင်ဘူး ထင်တယ်''
''မင်းက ကျုပ်ရဲ့ ယစ်မူးရာလေးလေ''
နောက်ပိုးဆွဲနေသည့် သူ့စကားလေးကို လျစ်လျူရှုကာ ဘုရားအား အာရုံပြု၍ လက်အုပ်ချီမိုးကာ ဘုရားစာလေး ရွတ်ဖတ်ရင်း ဘုရားရှိခိုးနေလိုက်သည်။ တခဏကြာတော့မှ မျက်လုံးလေး ဖွင့်လိုက်ရာ အခုထိ မယ်လေး မျက်နှာကို တစိမ့်စိမ့် ကြည့်ကာ ပြုံးနေသော သူ့ကြောင့် အနေရခက်စေသည်။
''မယ်လေးက ဘုရားကို ကိုးကွယ်ပါ၊ ကျုပ်က ခင်ဗျားကို ကိုးကွယ်မယ်''
''အို မနှိုင်းကောင်းတာတွေ ရှင် ငရဲကြီးမယ်နော် မောင် ''
''ကြီးကြီးဗျာ''
သူ့ကို မနိုင်ဘူး ဆိုတဲ့ အကြည့်ဖြင့် ခေါင်းခါကာ ထရပ်လိုက်တော့ သူပါ ထလာကာ မယ်လေး လက်ဆွဲအိတ်လေး လာဆွဲပေးသည်။ ဆွဲပေါ့ သက်တောင်သာသေး။
''အရမ်းလှတဲ့ ခင်ဗျားကို စိတ်မချတာ ကျုပ့်အပြစ်လား''
နံဘေးကနေ မယ်လေး မျက်နှာကို စေ့စေ့ကြည့်၍ ဆိုလာတော့ နှုတ်ခမ်းလေး ရွဲ့ကာ
''အပိုတွေပါ နောက်တစ်ယောက်တွေ့ရင် ဒီလို စကားပဲ ပြောမှာမလား''
''ဟောဗျာ နေမင်းကြီးကိုတောင် အလင်းရောင် မရဖို့ တားထားနိုင်မယ် ၊ ခင်ဗျားကိုတော့ ဆက်မချစ်ဖို့ ဘယ်သူမှ မတားနိုင်ဘူး၊ ယုံလိုက်တော့''
ဒီနေ့ကျမှ ခပ်တွန့်တွန့် ဖြစ်နေသော မျက်ခုံးစိမ်းဖန်ဖန်တွေ၊ သိမ်းငှက်တစ်ကောင်လို စူးရှသော မျက်လုံးကြီးအောက်က တစ်ခုခုကို ဖုံးကွယ်ထားသလို ခံစားနေရသည်။ အချစ်စကားတွေသာ ပြောနေပေမယ့် မျက်နှာက ထင်သလောက် မလန်းတာ သတိထားမိသည်။
''မောင်''
''ဟင်''
''မျက်နှာလည်း မကောင်းဘူး၊ ဘာဖြစ်နေတာလဲ''
''ခင်ဗျားလေး ပြန်မချစ်လို့လေ''
''အာ မနောက်နဲ့၊ အတည်မေးနေတာကို ''
''ဘာလို့ စိတ်ညစ်စရာတွေ မေးနေမှာလဲ ခင်ဗျားရဲ့''
''ဟို မကြာခင် မောင်နဲ့ မယ်လေးက ဘဝလက်တွဲဖော်တွေ ဖြစ်တော့မှာလေ၊ အအေးအတူပူအမျှ မျှဝေကြတာပဲ''
''ဟင့်အင်း ကျုပ် ခံယူထားတာ အဲ့လို မဟုတ်ဘူး၊ ဒုက္ခဆိုရင် ကျုပ်တစ်ယောက်ပဲ ရင်စီးခံလိုက်မယ်၊ ခင်ဗျားနဲ့တော့ သုခတွေပဲ မျှဝေခံစားချင်တာပါဗျာ''
''ဟင့်အင်း မောင် မှားတယ်၊ ဘဝလက်တွဲဖော်တွေ ဆိုတာ ဘဝရဲ့ အနိမ့်အမြင့်အတက်အကျရှိလည်း နံဘေးမှာ အမြဲရှိနေမယ့်သူ၊ အေးအတူပူအမျှ ဘဝရဲ့ မုန်တိုင်းတွေမှာလည်း နံဘေးမှာ အမြဲရှိနေမယ့်သူကိုမှ လက်တွဲဖော်လို့ ခေါ်တာပါ''
''ကျုပ်ရဲ့ အကြည်လုံးလေးက ဘယ်တုန်းက စကားတွေ တတ်သွားရတာလဲ''
''စကား မလွဲချနဲ့၊ ပြော ဘာကိစ္စလဲ တစ်ခုခုတော့ ဖြစ်လာပါတယ်''
ဘုရားမုဒ်ပေါက်အနား မရောက်ခင် ထိုင်ခုံလေးတွင် နှစ်ယောက်သား ထိုင်လိုက်ပြီး မဂ္ဂမိုးသောက် မယ်ယဥ်ကျေး လက်လေးကို ဆုပ်ကိုင်ကာ
''ဒီအတိုင်း အလုပ်ကိစ္စပါ ခင်ဗျားလေး စိတ်မပူလည်း ဖြစ်တယ်''
''မောင်က လူတော်တစ်ယောက်ပဲ၊ အရာအားလုံး ကျော်ဖြတ်သွားနိုင်မယ် ဆိုတာ မယ်လေး ယုံကြည်တယ်''
မယ်လေးရဲ့ အားပေးစကားတွေ ကြားတော့ မဂ္ဂမိုးသောက် လက်လေးကို အတင်းဖျစ်ညစ်ကာ
''ကျေးဇူးတင်ပါတယ် ၊ ကျုပ် လုပ်နိုင်မယ် ဆိုတာ ယုံကြည်ပေးလို့''
''ဟုတ်''
မယ်လေးက နှစ်နှစ်လိုလို အလှဆုံး ပြုံးပြလာတာမို့ မဂ္ဂမိုးသောက် ရောက်နေတဲ့နေရာက ဘုရားဝင်းအတွင်း ဖြစ်နေတာကို အသိဝင်တော့ အောင့်သက်သက်လေး ဖြစ်သွားရသည်။ ဘုရားဝင်းအတွင်း မဟုတ်လို့ကတော့ အရှေ့က မယ်လေးတော့ အရိုးတခြား အသားတခြား ဖြစ်နေလောက်ပြီ။
❤❤
''Boss ကျွန်တော်တို့ ထင်ထားတဲ့အတိုင်း ပြဿနာတက်ပြီ''
''Xiao Wang Zi ဘာပြောတာလဲ''
''အရင်တစ်ခေါက်က ကိစ္စနဲ့ အခုကိစ္စက သူတို့ မှာထားတဲ့ ပစ္စည်းစံချိန်အတိုင်း မရောက်လို့ ၊ နောက်တစ်လဆို ကျွန်တော်တို့ ကုမ္ပဏီက ထုတ်ကုန်တွေ မယူတော့ဘူးလို့ ပြောတယ်၊ ပြီးတော့ စာချုပ်ပါ ဖျက်သိမ်းမယ်လို့ ပြောနေတယ် Boss''
''ဟာကွာ တောက်စ်၊ ငါ တရုတ်ထိ သွားပြီး သူတို့ ကျေနပ်အောင် ပြောမယ်၊ အေး ဒါမှ မကျေနပ်ရင်လည်း စာချုပ်ဖျက်သိမ်းကြတာပေါ့''
Bossမျက်နှာ မကောင်းတာတွေ့တော့ ရဲရင့်လည်း စိတ်ရှုပ်ရသည်။ အခု Internetပေါ်မှာ Pageကို တော်တော်များများ မကောင်းတာတွေ ပြောနေကြတော့ ဝယ်သူဖောက်သည်တွေက စိတ်ချစွာ မဝယ်နိုင်ကြတော့။ ဒီပြဿနာတွေ အားလုံးရဲ့ တရားခံက စည်သူကြောင့်။ Bossနဲ့စည်သူ ဘာတွေ ပြဿနာတက်ထားလည်း မသိပေမယ့် သူ လုပ်လို့ ဒီလို ကိစ္စတွေ ဖြစ်နေရတာပင်။
''ဟေ့ ဒို့ကို မှတ်မိလား''
မဂ္ဂမိုးသောက် စိတ်ညစ်ညစ်နဲ့ Barတွင် တစ်ယောက်တည်းထိုင်ကာ သောက်နေခိုက် ဟိုတနေ့က ဖုန်းနံပါတ် တောင်းသွားတဲ့ ကောင်မလေးနဲ့ လာဆုံဖြစ်သည်။
''ယူက ဖုန်းခေါ်တာလည်း မကိုင်ဘူး၊ အရမ်းချေတာပဲ''
''လာမရှုပ်နဲ့''
''အဟက် Roseက ယူညစ်နေတာတွေ အကုန်ပျောက်အောင် လုပ်ပေးချင်နေတာ''
မဂ္ဂမိုးသောက် ကော်လံလေးကို သူမ လက်သည်းတို့ဖြင့် မထိတထိ လုပ်ပြီး ညို့အားပြင်းသော မျက်ဝန်းတစ်စုံဖြင့် ဆွဲဆောင်နေသည်။ ခက်တာက ညို့အားပြင်းတဲ့ မျက်လုံးထက် သမင်မလေးရဲ့ မျက်လုံးလေးကို ပိုစွဲနေတာက ခက်သည်။
ထိုစဥ် မဂ္ဂမိုးသောက် ဖုန်းလေး ထမြည်လာတော့ သူမလက်တွေကို ဖယ်ချ၍ ဖုန်းကိုင်လိုက်ရာ
''Boss တရုတ်ဘက်က အခြေအနေ တစ်မျိုး ပြောလာတယ်''
''ဘာ Xiao Wang Ziက ဘာပြောပြန်တာလဲ''
''သူတို့ မနက်ဖြန် အစည်းအဝေးလုပ်မှာတဲ့၊ မနက်ဖြန်လို့မှ Boss မရောက်လာရင် စာချုပ်ရော ရှယ်ယာတွေပါ အကုန်ဖျက်သိမ်းတော့မှာတဲ့''
''ဟာ လခွမ်းလိုပဲ''
မဂ္ဂမိုးသောက် သူသောက်နေသော အရက်ခွက်ကို အရှိန်ကြမ်းဖြင့် နံရံအား ပစ်ပေါက်လိုက်သည်။
''ယူ ခုနက ပြောသွားတဲ့ နာမည်ထဲမှာ Xiao Wang Ziလို့ ကြားလိုက်သလားလို့''
''အင်း မင်းက သိလို့လား''
''အဟက် သိတာပေါ့ အဲ့ဒါ ဒို့ပါးပါးလေ၊ ဒို့ရဲ့ အဖေက တရုတ် အမေက ဗမာ ဒို့က ကပြားလေး ဆိုပါတော့၊ ယူ အခု ညစ်နေတာတွေ အားလုံး ပျောက်သွားအောင် ဒို့ လုပ်ပေးနိုင်တယ် ''
မဂ္ဂမိုးသောက် ရင်ဘတ်ကို လက်သည်းဖြင့် ခြစ်ရင်း သူမ၏ နီတောက်တောက် နှုတ်ခမ်းတို့က သူ့လည်ပင်းအနားတွင် ရစ်ဝဲကာ ဆိုလာသည်။
''မင်း အဲ့လောက် စွမ်းလား''
''Yes''
''ဒါဆို အပေးအယူ လုပ်ကြတာပေါ့၊ ငါ မင်းကို ဘာပြန်ပေးရမလဲ''
''Ok, This is a fair game ၊ ဒို့နဲ့ တရုတ်ခရီးစဥ်တစ်လျှောက်လုံး ဒို့အနားမှာပဲနေပေး''
''ငါ့ဘက်ကလည်း စည်းရှိတယ်၊ စည်းကျော်ရင်တော့ မိန်းကလေးဖြစ်လည်း ငါက ညှာမှာ မဟုတ်ဘူး''
''Oh ! You are so scary''
ခပ်သဲ့သဲ့ ရယ်သံတွေကို မဂ္ဂ ဆက်မနားထောင်တော့ပဲ ခရီးစဥ်ကြောင့် ခွဲရတော့မည့် အချိန်တခဏလေးအတွင်း မယ်ယဥ်ကျေးလေးကို လွမ်းနေရတော့မှာမို့ သက်ပြင်းလေးအသာချလိုက်သည်။
❤❤
''မယ်လေး အခန်းထဲမှာ ရှိတယ်မလား''
''ဟုတ် အခုပဲ အစည်းအဝေးပြီးလို့ အခန်းထဲမှာ နားနေတယ်''
''အင်း ငါ ဝင်သွားလိုက်မယ်''
''ဟို အရင် အကြောင်းကြားပြီးမှ ဟို ဝင်..ဝင်..ပါလား''
ငြိမ်းစုကလည်း ငြိမ်းစုပဲ။ တစ်ခုခုဆို အထွဋ်တက်လိုက်လိုက်မှ ကျေနပ်တဲ့အမျိုး။ မဂ္ဂမိုးသောက် မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်လိုက်တော့ ဖင်တုန်အောင် ကြောက်ရတာလည်း သူမပဲ။
မဂ္ဂမိုးသောက် အခန်းတံခါးလေး ၂ချက်ခန့်ခေါက်၍ အထဲဝင်သွားတော့ ကွန်ပြူတာကို စူးစိုက်ကြည့်ကာ အလုပ်လုပ်နေသော ရွှေရင်အေးလေးကို တွေ့ရသည်။ ကြည့်ရတာ ခုနက တံခါးခေါက်သံလည်း မကြားရဘူးနဲ့ တူသည်။
''ရွှေသည်းလေး''
''ဟင်''
အလုပ်တွေကြား ခေါင်းပုံအပ်၍ လုပ်နေသော မယ်ယဥ်ကျေးက သူ့အသံကြားမှ ခေါင်းထောင်လာကာ အံ့သြနေသလို သမင်မျက်လုံးများက ဝိုင်းစက်စွာ ကြည့်နေသည်။
''ကျုပ်တော့ ကွန်ပြူတာကို ရိုက်ခွဲချင်လိုက်တာ''
''ဘာလို့လဲဟင်''
''ကျုပ် ဝင်လာတာတောင် မသိပဲ ဒီကွန်ပြူတာကိုပဲ ကြည့်နေလို့ပေါ့''
''မယ်လေး တစ်လဝင်ငွေ ထွက်ငွေ တွက်နေလို့ပါ၊ ဟို မောင်က ဒီကို ဘာလာလုပ်တာလဲ''
''အဟင်း မေးပုံက သူစိမ်းဆန်လိုက်တာ၊ ကျုပ့်နှလုံးသားလေးသာ စကားပြောတတ်ရင် ပြောနေလောက်ပြီ''
''ဘာတဲ့''
''အကြည်လုံးလေးက အရမ်းရက်စက်တာပဲလို့''
''အဟက်ဟက် မောင်ဟာလေ ၊ အရမ်းစကားတတ်''
''ချစ်လို့ပါဗျ၊ ပြီးတော့ ကျုပ် မနက်ဖြန် အလုပ်ကိစ္စနဲ့ ခရီးထွက်ရအုံးမယ်''
''ဟင် ဘယ်ကိုလဲ၊ ဘယ်သူနဲ့ သွားမှာလဲ၊ ဘယ်နှရက် ကြာမှာလဲ''
ချက်ချင်းဆိုသလို စိုးရိမ်သလို မေးခွန်းတွေ တရစပ် မေးလာတော့ မဂ္ဂမိုးသောက် နှစ်ခြိုက်စွာ ပြုံးမိသည်။
''ဘယ်သွားလဲ ဆိုတော့ တရုတ်ကို၊ ဘယ်သူနဲ့ သွားမှာလဲ ဆိုတော့ ရဲရင့်နဲ့၊ ဘယ်နှရက် ကြာမှာလဲ ဆိုတော့ မောင် မဖြေတတ်သေးဘူး''
''အလုပ်ကိစ္စက အရမ်းဖြေရှင်းရခက်နေလားဟင်''
မျက်နှာလေးမကောင်းစွာ ဆိုလာသည့် မယ်လေးကို ပွေ့ချီကာ အနီးရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး သူမ မျက်နှာပေါ် ဝဲဖြာကျနေသော ဆံနွယ်စလေးများကို နားရွက်အနောက် သိမ်းပေးလိုက်ကာ ပြောင်ရှင်းသွားသော မဟာနဖူးပြင်လေးကို ၅စက္ကန့်မျှ ဖိနမ်းလိုက်သည်။
''ပြွတ်စ်''
ပြီးမှ ပြန်ခွာလိုက်ရာ သူ့မျက်လုံးကို စိုက်ကြည့်နေသော သူမရဲ့နဖူးလေးနဲ့ သူ့နဖူးကို တေ့ကာ
''အရမ်းစိတ်ပူနေတာလား''
မဂ္ဂ မေးလိုက်တော့ ဟန်မဆောင်ပဲ ခေါင်းလေးညိတ်ပြတာကိုက သူ့မျက်လုံးထဲ အရမ်းချစ်ဖို့ကောင်းနေသည်။
''ဟုတ် ''
''ကျုပ် လုပ်နိုင်မယ် ဆိုတာ ခင်ဗျား ယုံကြည်တယ်ဆို''
''ဟုတ်''
''ဒါကြောင့် စိတ်မပူလည်း ဖြစ်တယ်၊ မောင့်ကိုသာ လွမ်းပြီး စောင့်နေ၊ ပြန်လာလို့ ဟိုတစ်ခေါက်ကလို ရှုပ်ရှုပ်ယှက်ယှက်တွေ မကြားချင်ဘူးနော်''
''ဒါက မောင့်ကိုပဲ ပြောရမှာနော်၊ မယ်လေးတို့က ကင်းပြီးသား''
''ဟားဟား ဟုတ်ပါပြီ ၊ မောင့်ကို အားဆေးလေး ပေးဖို့ အစီအစဥ် မရှိဘူးလား''
''ဟင် ဘာကိုလဲ ''
တကယ်မသိသလို မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ပြန်မေးနေသော သူမကို စိတ်ရှိတိုင်းသာ လုပ်ပစ်လိုက်ချင်တော့သည်။
''အော် မသိဘူး ဆိုလည်း ပြောပြရမှာပေါ့၊ မယ်လေး.. ''
မဂ္ဂက ပြောရင်း မယ်လေးကိုပါ တစ်ခါတည်း ခေါ်လိုက်တာမို့
''ဟင်''
''မောင့်ကို အားဆေးလေးအဖြစ် အနမ်းလေးပေးပါလားဗျာ''
''အာ''
မဂ္ဂမိုးသောက်ရဲ့စကားအဆုံး မယ်လေး မျက်နှာလေး ခရမ်းချဥ်သီးလေးလို နီရဲသွားကာ သူ့မျက်လုံးတွေနဲ့ မဆုံရဲတော့ပဲ မျက်နှာလွဲနေလေသည်။
''အားဆေးလေးလေဗျာ ၊ ဘာခက်တာမှတ်လို့''
''မောင်ကလည်း လည်လိုက်တာနော်''
''မလည်ပါဘူးဗျာ တစ်ခါပဲ နော် ၊ မယ်လေး ရှက်နေရင်လည်း မောင် မျက်လုံးမှိတ်ပေးထားမယ်''
မဂ္ဂမိုးသောက် ပြုံးစိစိနဲ့ မျက်လုံးမှိတ်ထားလိုက်တော့ မယ်လေး သူ့မျက်နှာကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိတော့ပေ။
''မြန်မြန်.. ''
မျက်လုံးမှိတ်ထားသော မဂ္ဂမိုးသောက် မျက်နှာလေးကို မယ်လေး လက်လေးနှစ်ဘက်ဖြင့် ဆွဲယူလိုက်ကာ သူ့ရဲ့ မျက်နှာချောချောကြီးကို တစ်ဝကြီး ကြည့်ပြီးတော့မှ ပါးသိုင်းမွှေးတွေ ရိတ်သိမ်းခါစ စိမ်းဖန်ဖန် ပါးပြင်လေးကို သူမ နှုတ်ခမ်းပါးလေးနဲ့ ထိကပ်လိုက်တော့သည်။
''ပြွတ်စ်''
''ဟာ ရူးတော့မှာပဲဗျာ ၊ ခင်ဗျားနှုတ်ခမ်းလေးက နူးညံ့လိုက်တာဗျာ ၊ အဟင်း ကျုပ် ခင်ဗျားကို တော်တော်ဖြစ်နေပြီဗျ သိလား''
''အို မောင်နော်''
ရှက်ဝဲဝဲလေး မျက်စောင်းလေးထိုးကာ မျက်နှာလေး လွဲလိုက်တော့သည်။ မဟုတ်ရင် လူကို ဘယ်လိုကြီးကြည့်နေမှန်း မသိတဲ့ သူရဲ့မျက်လုံးများကို မခံနိုင်ပါ။
❤❤
ဆက်ရန်
Shareခြင်းဖြင့် အားပေးပါ
#MonePannMyau