book

Index 13

(Part 13)

ကမ်းပြိုအနမ်း 


မယ်ယဥ်ကျေး နှစ်နှစ်​ခြိုက်ခြိုက် အိပ်ပျော်နေခိုက် ဖုန်းလေးဝင်လာတော့ အိပ်ချင်မူးတူးဖြင့် ကောက်ကိုင်လိုက်ပြီး မျက်လုံးလေးတောင် ပွင့်မလာသေး။


''ဟဲလို ''


''မိန်းမ ''


''ဟာ ဘယ်ကလူလဲ ၊ သူများအိပ်စက်ချိန်ကို မသိဘူးလား''


''မယ်လေးယောကျာ်းလေ ၊ အသံမမှတ်မိဘူးလား''


ထိုအခါမှ ရင်းရင်းနှီးနှီး နားထဲ ဝင်လာသော အသံကြောင့် နှစ်ယောက်မရှိတဲ့ လူသား မဂ္ဂမိုးသောက်မှန်း တန်းသိလိုက်သည်။ 


''ဟာ သူများ အိပ်နေတာကို ဘာပြောမလို့လဲ၊ အချိန်လည်း ကြည့်အုံး''


နာရီက သန်းခေါင်ကျော်နေပြီမို့ သက်သက် အနှောင့်အယှက် ပေးနေသလိုကြီးမို့ မယ်လေး စိတ်တိုမိသည်။ 


''ပြတင်းပေါက် လာဖွင့်''


''ဟင်''


''အခု ပြတင်းပေါက် လာဖွင့် ကြာတယ်''


မဂ္ဂမိုးသောက် ခပ်ပြတ်ပြတ်ပြော၍ ဖုန်းချလိုက်​​တော့ မယ်ယဥ်ကျေးတစ်ယောက်ထဲ ကုတင်ပေါ် အတွေးများလျက် ရှိနေသည်။


*ပြတင်းပေါက် လာဖွင့်ခိုင်းတာ မဟုတ်မှ သူ ရောက်နေတာလဲ*


မယ်ယဥ်ကျေး နာရီကို ကြည့်လိုက်ရာ ညကြီး ၁၂နာရီ ရှိနေပြီဖြစ်သည်။ ဒီအချိန်ကြီး ဘာလာလုပ်တာပါလိမ့်။ 


မယ်ယဥ်ကျေး ကုတင်ပေါ်မှထ၍ ပြတင်းပေါက် သွားဖွင့်လိုက်ရာ မဂ္ဂမိုးသောက် ခြံထဲမှာ အသီးတွေခူးဖို့ ထားထားတဲ့ လှေကားနဲ့ မယ်လေးအခန်းပြတင်းပေါက်အရှေ့ ရပ်နေသည်။ ရုတ်တရက် သူ့ကို မြင်လိုက်ရတော့ မယ်ယဥ်ကျေး လန့်ပြီး ထအော်မိမတတ်။


''အမလေး ''


''ရိုမီယိုလေး လာပါပြီခင်ဗျာ ဟားဟား ''


သူ့ဆီက အရက်နံ့က ထောင်းနေတာမို့ အရက်မူးပြီး ပေါက်ကရတွေ လာလုပ်နေတာ ဖြစ်မည်။ ညကြီးအချိန်မတော်မို့ ပါးပါးနဲ့မားမား ပြီးတော့ ပတ်ဝန်းကျင်က လူတွေ မြင်မှာလည်း စိုးမိသည်။ ဘယ်လိုပဲ စေ့စပ်ထားပါတယ်ပြောပြော လက်မှမထပ်ရသေးတာ အခြားသူတွေ ပါးစပ်ထဲ အပြစ်ပြောစရာ ဖြစ်မှာလည်း စိုးရသည်။ သူကတော့ ဘာတစ်ခုမှ စိတ်ထဲ ရှိပုံမရ။


''ကိုမဂ္ဂမိုးသောက် မူးနေတာလား၊ ပြန်တော့လေ''


''ခင်ဗျားကို လွမ်းလို့ လာတာ မနှင်ပါနဲ့''


လှေကားမှ ပြတင်းပေါက်အပေါ် ကျော်ဝင်ကာ မယ်လေး အခန်းထဲ ခြေတောက်ချနေတဲသူ့ကို ကြည့်ပြီး မယ်လေး လန့်နေမိသည်။ သူက အရက်မူးနေတာမလား။ အကောင်းအတိုင်းတောင် လက်ရဲဇက်ရဲ နိုင်နေတာ ။


''ဟိုလေ ညလည်း နက်နေပြီမို့ပါ၊ လာချင်ရင် မနက်မှ လာလေ ကိုမဂ္ဂမိုးသောက်ရယ်''


''မောင်လို့ခေါ်လေ ၊ ဘာလဲ ကျုပ်က မူးနေလို့ ဘာမှ မသိဘူး ဆိုပြီး အကြောင်လာရိုက်နေတာလား၊ မဂ္ဂမိုးသောက်တို့က ပုလင်းသာလဲမယ် လူမလဲဘူး သဘောပေါက်''


အခေါ်အဝေါ်လေးတစ်ခုကအစ လိုက်ကပ်ကာ ပြောနေသည့်မို့ တော်တော်လေး ရေချိန်များနေပြီ ဆိုတာ သဘောပေါက်လိုက်သည်။ 


''ကဲပါ မောင်ရယ် ညလည်း နက်နေပြီ​ ပြန်တော့နော်''


ကိုယ့်ကို ကလေးလို မှတ်နေသလားမသိ။ ချော့ချော့မော့မော့ အိမ်ပြန်ခိုင်းနေသော မယ်ယဥ်ကျေးကို ကြည့်လိုက်တော့ ညအိပ်မီးရောင် ပြာလဲ့လဲ့အောက်တွင် အဝါရောင်တောက်တောက်လေး ညအိပ်ဝတ်ဂါဝန်ဒူးအတိလေးဖြင့် ချစ်ဖို့ကောင်းပြီးရင်း ကောင်းနေသည်။


 အချိန်တိုင်း ရင်ဖုံးအကျီနဲ့ ချိတ်ထမီလေးနဲ့သာ မြင်တွေ့ခဲ့ဖူးတာမို့ အခုလို ဂါဝန်လေးနဲ့ တစ်ခါမှ မတွေ့ဖူးပေ။ တွေ့လိုက်ရတော့လည်း ကိုယ့်လိပ်ပြာကို မနည်းပြန်ခေါ်ထားရသည်။ ခြေသလုံးလေး ပေါ်သွားမှာတောင် အမြဲဂရုစိုက်နေသည့် မယ်လေးက အခု သူရှေ့၌ ဂါဝန်ဒူးအတိလေးဖြင့် အလှကြီး လှနေသည်။ 


''လှလိုက်တာ''


''ဟင်''


''ကျုပ်မှာ ချစ်လိုက်ရတာဗျာ''


''ပြန်ပါတော့နော်''


''မပြန်ဘူး ကျုပ် ဒီမှာ အိပ်မှာ''


သူ့စကားကြောင့် မယ်လေး မျက်လုံးများ အဆမတန် ပြူးကျယ်လာရသည်။ ဘာကို ဒီမှာ အိပ်မှာလဲ..။


''ဟင့်အင်း မယ်လေးကို ချစ်တယ်ဆို မယ်လေးစကား နားထောင်ပါ''


''ချစ်တယ် ''


''ချစ်ရင် စကားနားထောင်ရမှာပေါ့''


''ကျုပ် နားထောင်မှာပါ မယ်လေး စကားတစ်ခွန်းဆို တစ်ခွန်းပဲ''


''အဲ့ဆို ပြန်တော့လေ''


''ဘာလို့ အတင်းကြီး နှင်နေတာလဲ၊ ကျုပ့်ကို မလွမ်းလို့လား''


အမူးသမား ရစ်နေသမျှ ဒိုင်ခံထိုင်ဖြေနေရရင် မိုးလင်းပေါက် ဖြစ်မှာ သေချာသည်။


''မောင်ကလည်း ပြောရခက်လိုက်တာ''


ဘယ်လို နှင်နှင် မပြန်ပဲ ပေကပ်နေသော မဂ္ဂမိုးသောက်ကြောင့် မယ်ယဥ်ကျေး စိတ်ညစ်ကာ ဆူပုတ်ပုတ်လေး ဖြစ်လာရသည်။


သူအရှေ့မှာ နှုတ်ခမ်းလေး ဆူခေါ်နေပြီး မျက်နှာလေး မှုန်ကုတ်နေပုံက မဂ္ဂ ရင်ကိုဆူစေသည်။ ထို့ကြောင့်  လက်တစ်ဖက်ဖြင့် မယ်လေး ကိုယ်လုံးလေးကို ပွေ့ချီလိုက်တော့ မျက်လုံးလေးအပြူးသားဖြင့် ကြောင်ကြည့်နေပြီး မရုန်းရဲ ရုန်းရဲသလို ရုန်းလာတော့ သူမလက်တွေပါ ဖိချုပ်ပြီး အိပ်ယာပေါ် တင်လိုက်ကာ


''အိပ်''


''ဟင် ဟို ဒီလိုကြီး ဘယ်လို အိပ်လို့ရမှာလဲ၊ မောင် ပြန်တော့မှ အိပ်ပျော်မှာပေါ့''


''မယ်လေး အိပ်ပျော်မှ ကျုပ် ပြန်မှာ၊ မယ်လေးအိပ်တာ ကျုပ် မြင်ဖူးချင်လို့''


သူ့ရင်ခွင်ကျယ်ကြီးထဲမှာ မယ်လေးကိုယ်လုံးလေးက ခပ်ကျုံ့ကျုံ့လေး ဖြစ်နေသည်။ သူက မယ်လေး မျက်နှာအစိတ်အပိုင်းတစ်ခုစီ အသေအချာ လိုက်ကြည့်နေတာမို့ ရှက်စိတ်ဖြင့် ရင်ဖိုရသည်။ ထိုစဥ် ပန်းနုရောင်သမ်းနေသော နှုတ်ခမ်းပါးလေးဆီသို့အရောက် သူက မချင့်မရဲ တံတွေးတချက်မြိုချလာတာမို့ အလိုအလ်ိုနေရင်း တုန်တုန်ရီရီ ဖြစ်ရသည်။


မဂ္ဂမိုးသောက်ရဲ့ လက်လေးတဖက်က တက်လာကာ မယ်လေး နှုတ်ခမ်းပါးလေးကို အနူးအညံ့ဆုံး ထိတွေ့နေတာမို့ အသက်ရှုအောင့်ထားမိသည်။ 


''နူးအိစက်နေတာပဲ''


''ဟင့် ''


''ပေါက်ထွက်သွားအောင် ကိုက်ပစ်လိုက်ချင်တာ''


မဂ္ဂမိုးသောက် ပါးစပ်က ပြောလည်းပြော လက်ကလည်း မနားတမ်း မယ်လေး နှုတ်ခမ်းလေးကို ပွတ်သပ်ထိတွေ့နေသည်။


''အရမ်းချစ်တယ်''


ပြောရင်း မဂ္ဂမိုးသောက်ရဲ့ လက်ချောင်းလေးက မယ်လေး နှုတ်ခမ်းလေးထဲ ထိုးထည့်လိုက်တာမို့ သူမ လန့်သွားကာ ပါးစပ်ထဲ ရောက်နေသော သူ့လက်ချောင်းကို ဆတ်ခနဲ ကိုက်ပစ်လိုက်မိသည်။


''အ့ ကိုက်တယ် အဟက် ကျုပ်က ကိုက်ချင်တာ ခင်ဗျားကအရင် ကိုက်နေတယ် ၊ အပြစ်ပေးမယ် ခင်ဗျားကို''


မူးမူးရူးရူးနဲ့ လျှောက်ပြောရင်း မထိတထိ့ပြုံးကာ မယ်လေး၏ နဖူးပြင်ကို အရင်စနမ်းသည်။


''ပြွတ်စ်''


နောက်ပြီး မယ်လေးရဲ့ နှာတံဆင်းဆင်းလေးကို ဖွဖွလေး နမ်းပြီး အသည်းယားလို့နဲ့ တူပါရဲ့။ သူ့သွားစွယ်ကြီးနဲ့ ဖွဖွလေး ကိုက်ပြန်သည်။ ပြီးတော့ မျက်ခွံလေးကို နမ်းနေပြန်တာမို့ တဒိတ်ဒိတ် ခုန်နေသော နှလုံးသားလေးကြောင့် မယ်လေးမှာ ငြင်းဖို့တောင် မေ့နေရသည်။


ပါးလေးနှစ်ဖက်ကို သူ့နှာခေါင်းချွန်ကြီးနဲ့ အကြိမ်ကြိမ် ကလူနေပြီး နမ်းရှိုက်နေပြန်သည်။ ယောကျာ်းတစ်ယောက်ရဲ့ အထိအတွေ့နဲ့ တစ်ခါမှ မထိတွေ့ဖူးတာမို့ သူ့လုပ်ရပ်တိုင်း မယ်လေး ရင်ခုန်စေသည်။ မဂ္ဂမိုးသောက်က မူးနေတာမို့ ပိုမို ရဲတင်းနေတာလည်းပါမည်။


နှုတ်ခမ်းဖူးဖူးလေးဆီ အလှည့်ရောက်တော့ မယ်လေး လက်လေးဖြင့် သူ့မျက်နှာကို ကာလိုက်တော့


''ဘာလို့လဲ''


မသိသလို မေးနေသော မဂ္ဂမိုးသောက်က တကယ်တော့ လူလည်ပါလေ။


သူမ ကာဆီးထားသော လက်ချောင်းလေးကို ယူ၍ နှာခေါင်းချွန်ချွန်ကြီးနဲ့ ဖိကပ်နမ်းလိုက်တော့ လက်ကို အတင်းရုန်းကန်လာသည်။ အခုဆို သူမ နှုတ်ခမ်းလေးကို သိမ်းပိုက်ဖို့ အတားအဆီးလည်း မရှိတော့ပေ။


ထို့ကြောင့် ပန်းနုရောင် နှုတ်ခမ်းပါးပါးလေးကို မဂ္ဂ ဖြည်းညင်းစွာ နမ်းရှိုက်လိုက်သည်။


''ပြွတ်စ်''


ထိလိုက်ခွာလိုက်နဲ့ မယ်လေး နှုတ်ခမ်းလေးကို သကြားလုံးလေးလို သဘောထားနေတာလားမသိ။ ခပ်အိအိအရာလေးကို တစက္ကန့်မျှ လက်မလွှတ်ချင်လောက်အောင် ထိုအရာလေးက ဆွဲဆောင်နေသည်။ အကြိမ်ကြိမ် နမ်းရှိုက်ခဲ့ပြီးမှ ပြန်ခွာလိုက်တော့ သူမရဲ့ နှုတ်ခမ်းလေးက ထူအမ်းနေလေသည်။ အခုထိ အရှက်အကြောက်လွန်ကာ မျက်လုံးကို အတင်းပိတ်ထားတဲ့သူမကို ကြည့်ပြီး မအော်ရယ်မိအောင် မနည်းထိန်းထားလိုက်ရသည်။ အရမ်းကို ကြောက်နေရှာတာ အဟွန်း ။


''မျက်လုံးလေးလည်း ဖွင့်ကြည့်ပါအုံး၊ ဘယ်သူက အတင်းကိုက်စားမို့လဲ''


''ဟင့်အင်း ''


ကိုယ့်ကို အရုပ်တစ်ရုပ်လို သဘောထားကာ နမ်းချင်တိုင်း နမ်းပြီးမှတော့ သူ့မျက်လုံးနဲ့ ဆုံစရာလား။ သူ မရှက်တိုင်း။


''ဟားဟား ချစ်စရာလေးကွာ၊ ဘယ်လိုလေးလဲ''


ဘယ်လိုပြောပြော မျက်လုံး လုံးဝ မဖွင့်လာတဲ့ အရှက်သည်းနေသူကြောင့် မဂ္ဂ နဖူးလေးကို ထပ်မံနမ်းရှိုက်၍ သူမ နားရွက်လေးထဲ လေဖြင့် အသာမှုတ်ကာ ခပ်တိုးတိုးလေး ဆိုထားခဲ့သည်။


''အရမ်းချိုတာပဲ အဟွန်း''


သူ့စကားလေးအဆုံး မယ်လေး ခန္ဓာကိုယ်တစ်ခုလုံး ရှက်စိတ်ကြောင့် ဆတ်ခနဲ တုံသွားရသည်။ ထို့နောက် အခန်းထဲက လေထုဟာ ပုံမှန်လို ပြန်လည် တိတ်ဆိတ်သွားရပြန်တာမို့ မျက်လုံးလေးကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ အခန်းထဲတွင် သူ မရှိနေတော့။ ပြတင်းပေါက်ကနေ ပြန်ထွက်သွားတာပဲ ဖြစ်ရမည်။


သူ ပြန်သွားပြီ ဆိုတာ သေချာတော့မှ ထူအမ်းနေသော နှုတ်ခမ်းပါးလေးကို ထိကိုင်၍ ရှက်စိတ်လေး လှိုက်ဖိုရပြန်သည်။ 


*ဘယ်လိုလူမှန်းလဲ မသိဘူး*


❤❤


''Congratulation ငါ့ကောင်ရေ''


စေ့စပ်ပွဲတုန်းက ပြည်ပရောက်နေကြတဲ့ Lucas ၊ ဟန်မင်းစျာန်၊ နန်းဖြူစင်ပါ ပါသွားတာမို့ သူတို့အားလုံး မတက်ရောက်နိုင်ခဲ့ကြ။ အလောတကြီး

 စီစဥ်လိုက်တဲ့ပွဲမို့လို့ ဒီကောင်တွေ ငေါက်တာတော့ ခံလိုက်ရသည်။ သူတို့ ခရီးသွားနေမှ ပွဲထလုပ်ရသလားပေါ့။


''ကျေးဇူး''


''အကြည်လုံးလေးကို တစ်ဝက်တော့ ပိုင်ထားရတဲ့ မျက်ခွက်က တစ်လောကလုံးသူ့ခြေဖဝါးအောက် ရောက်နေသလို ပြုံးဖြီးနေတာပဲ''


နန်းဖြူစင် အမြင်ကတ်ကတ်နဲ့ ဆိုလိုက်တော့ Lucasက


''နင်လည်း အဲ့လိုဖြီးချင်ရင် ငါ့ကို ယူလိုက်လေ''


''နင့်ကိုတော့ အားနာပါးနာ မယူနိုင်ဘူးဟေ့၊ ငါ့ဘာသာ အပျိုကြီးမကလို့ ဘာကြီးပဲဖြစ်ဖြစ် လုပ်နေလိုက်မယ်''


Lucasရဲ့ ပွေရှုပ်သမျှကို နန်းဖြူစင် အသိဆုံးမို့ သူ့ကိုဆို အလကား ပေးရင်တောင် မယူပါ။ 


ထိုစဥ် ဟန်မင်းစျာန်က သူ့ကို


''ပြောပါအုံး ငါတို့ကိုတောင် မစောင့်နိုင်ပဲ ကောက်ကာငင်ကာ ထလုပ်လိုက်ရတဲ့ အကြောင်းလေး''


မဂ္ဂမိုးသောက် သူအရှေ့က အငွေ့တစ်ထောင်းထောင်း ထနေသော ကော်ဖီတခွက်ကို 

စတိုင်ကျကျ ငုပ်သောက်လိုက်ပြီးမှ


''ငါမှ အတင်းမလုပ်ရင် ဒီတသက် သူ့ကို မရတော့ဘူး''


''ဒီတော့ မင်း ကြမ်းလိုက်တယ်ပေါ့'


''သူက အချော့ ပြောလို့မှ မရတာ''


''မငိုသွားဘူးလား''


''တကယ့် အငိုသန်လေး''


''ဟားဟား ငါ့ကောင်တို့ အကြည်လုံးလေးနဲ့ကျမှ ဒီကောင် လှိမ့်နေအောင် ခံရတာ ၊ အဲ့ဒါ ဝဋ်လည်တာ ''


''တော်ပါကွာ အခုတော့ တော်တော်လေး အဆင်ပြေနေပြီ''


''ဒါလည်း မင်း အတင်းလုပ်ထားရတာပဲမလား ဟားဟား ''


ဟန်မင်းစျာန်ရော Lucasပါ Bullyဝိုင်းလုပ်တာ မဂ္ဂမိုးသောက် ခံနေရသည်။ တန်ပါတယ်လေ တကယ်လည်း ဟုတ်နေတာပဲကိုး။


ထိုစဥ် တဖက်ဝိုင်းမှ ကောင်မလေး၃ယောက်က အဖွဲ့ထဲ မဂ္ဂမိုးသောက်ကိုသာ စိုက်ကြည့်နေပြီး ဝိုင်းမှ ထလာကာ သူ့အနား လာရပ်၍


''ရှင်က မဂ္ဂမလား''


''အင်း''


''Facebookတို့ Instagramတို့မှာ ရှင်က အရမ်းခေတ်စားတာပဲ၊Roseလည်း ရှင့်လို Jewellery တွေက်ိုစိတ်ဝင်စားတယ်၊ နောက်ဆို အလုပ်ကိစ္စပြောဖို့ ရှင့် ဖုန်းနံပါတ်လေး ရနိုင်မလား''


သက်သက် အကြောင်းရှာကာ လာပြောတာမှန်း တစ်ဖွဲ့လုံး သိနေတာမို့ ပြုံးစိစိ လုပ်နေကြသည်။ Playboyညဏ်လေးက ထလာတာမို့ ခေါင်းတစ်ချ​က်ညိတ်ပြကာ ဖုန်းနံပါတ် ပေးလိုက်တော့ ထိုကောင်မလေးက ဖုန်းခေါ်လိုက်မယ် ဆိုပြီး လက်လှုပ်ပြကာ ထသွားလေသည်။


''ဟေ့ကောင် မင်း အခုထိ မငြိမ်သေးဘူးလား''


''ငြိမ်တယ်လေ''


''မင်း အခုပဲ ဖုန်းနံပါတ် ပေးလိုက်တာလေ၊ ပြောတော့ အကြည်လုံးလေးက လွဲပြီး ဘယ်သူ့မှ မချစ်တော့ပါဘူးဆို''


''ဒီမှာ လွယ်လွယ်လေး ရတဲ့ဟာတွေက လွယ်လွယ်လေးနဲ့ ခေါက်ထားလို့ရတယ်၊ ငါ့ရဲ့ အကြည်လုံးလေးက ဘယ်လောက် ခက်ခဲခဲ့တယ်မှတ်လဲ၊ ငါက သူ့ကို လက်လွှတ်ခံမယ်လို့ ထင်လား''


''ဒါဆို ခုနက ''


ဟန်မင်းစျာန်ရဲ့ အမေးကို မဂ္ဂမိုးသောက် နှုတ်ခမ်းတဖက် တွန့်ကွေးကာ ရိသဲ့သဲ့ ပြုံးလိုက်ပြီး


'' အ ​ပျော်..''


❤❤


ဆက်ရန်

Shareခြင်းဖြင့် အားပေးပါ

#MonePannMyau


rate now: