book

Index 8

~~ Part-( 8 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


""မမ မလုပ်ပါနဲ့ 

ပိုး တောင်းပန်ပါတယ်""


ဘယ်လိုပဲတောင်းပန်ပါစေ မမရဲ့မျက်နှာမှ ဒေါသအရိပ်တို့သည် တစ်စတစ်စဖြင့် ပိုလို့သာတိုးလာနေပုံရနေတာမို့ ပိုးလည်း အကြောက်အကန်ကိုရုန်းနေမိ၏။ တကယ်ဆို မမအပေါ်အမြဲတမ်းလေးစားရိုသေကာ အရာရာမှာ မလွန်ဆန်နိုင်ခဲ့သလောက် ဒီတစ်ခုကိုတော့ မမအလိုကျ ပိုး ငြိမ်နေမပေးလိုပါ။ ဒါဟာ ပိုးရဲ့တန်ဖိုးအထားရဆုံးအရာလေးဖြစ်နေခဲ့သည်မဟုတ်လား...


""အ!""


ရုန်းရင်းဆန်ခတ် အခြေအနေမှာပင် မမလက်ထဲဆုပ်ကိုင်ထားသော ကတ်ကြေးက ပိုးရဲ့ညာဖက်လက်မောင်းသို့ အရှိန်ပြင်းစွာထိုးစိုက်မိလေ၏။ ဒဏ်ရာဆီမှ သွေးများစီးကျလာချိန်မှာတော့ မမရဲ့လှုပ်ရှားမှုတို့ရပ်တန့်သွားပြီး...တဆက်တည်းမှာပဲ...


""မင်း ဒါဘာလုပ်တာလဲ""


ဒေါသသံစွက်လျက် ထွက်ပေါ်လာသောအသံသည် ကျယ်လောင်စူးရှနေပြီး အသံလာရာဆီလှမ်းကြည့်နေစရာမလိုအောင်ပင် သူ ရောက်လာတာမှန်း ပိုးသိနေပါ၏။ ထို့ကြောင့်ပဲ ပိုး အန္တရာယ်ကင်းပြီလို့ စိတ်ချယုံကြည်လိုက်ရင်း နေရာမှထရပ်ရန်ကြိုးစားပေမယ့် လူကလှုပ်လို့မရပဲ အင်အားမဲ့နေခဲ့ပြီး ဒဏ်ရာဆီမှ တလှပ်လှပ်နာကျင်မှုကလည်း မသက်သာလေခဲ့။


""မောင်...ဒီကိုဘယ်လို!""


ရုတ်တရက်မို့ မေလည်း လွတ်ထွက်သွားသည့်စိတ်ရိုင်းကို အချိန်မီမဖမ်းဆုပ်နိုင်မိတာက မှားချေပြီ။ အထူးသဖြင့် ဒီလိုပုံစံကို မောင် တွေ့သွားခဲ့တာက ကြီးမားလှသော ကံဆိုးမှုတစ်ရပ်။ သွားပါပြီ...ဒီကိစ္စကို ဘယ်လိုရှင်းပြရတော့မည်နည်း။ မေ့ထံသို့လှမ်းကြည့်နေပါသည့် သူ့မျက်ဝန်းအကြည့်တို့က အတော့်ကို မာကျောခက်ထန်နေကာ စူးရဲစိမ်းကားလွန်းနေ၏။ 


""မောင်!""


ခေါ်သံကိုပင်ဂရုမစိုက်ပါဘဲ မောင့်ခြေလှမ်းတို့က ကြမ်းပေါ်လဲကျနေသည့် ပိုးရတုဆီသို့သာ ဦးတည်နေပြီး မိပိုးထံရောက်ရှိသွားသည့်အကြည့်တို့မှာတော့ သနား ကြင်နာစွာ ဂရုဏာအရိပ်တို့ပြည့်နှက်နေလျက် ကြေကွဲနာကျင်နေခြင်းအရိပ်အယောင်တွေတောင် ပေါ်လွင်နေသေးတာလေ။ အဲ့ဒီ့ကလေးမကို ထိခိုက်တာက မောင့်ကို ဒီလောက်တောင်ပဲနာကျင်စေသလား...။ မောင့်ရဲ့ ဂရုစိုက်မှုနဲ့ချစ်ခြင်းတွေကို တကယ်ပဲ သူ့ဆီပုံအပ်တော့မယ်ပေါ့...


""ကလေး!! ရရဲ့လား...အရမ်းနာသွားလား""


သွေးထွက်နေသည့် ဒဏ်ရာကို အမြန်ပင်အုပ်ကိုင်ကာ စိုးရိမ်တကြီးမေးမိတော့ 'ရပါတယ်'ဆိုသည့်ပုံစံမျိုးဖြင့်သာ ခေါင်းငြိမ့်ပြလေတဲ့ ချာတိတ်ကြောင့် မောင် ဒေါသတို့က ပိုလို့ပင်တောက်လောင်ရလေ၏။ ဒီနေ့ ဒီနေရာကို သူ မရောက်လာခဲ့ရင် ဒီကလေးမဘယ်လိုဆက်ဖြစ်နေလိမ့်မလဲ...။မေတော်ဝင်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့စဥ်တစ်လျှောက်လုံးမှာ ဒီလောက်ထိ ရိုင်းစိုင်းရမ်းကားသည့် ပုံစံမျိုးကို တစ်ခါမှမမြင်ဖူးခဲ့။ အခုတော့ မေတော်ဝင်ဆိုသော အဲ့ဒီ့မိန်းမမှာ အားနည်းသူအပေါ်အနိုင်အထက်ပြုလိုတဲ့ နောက်ထပ်ပုံစံတစ်မျိုးရှိနေခဲ့သည်ပဲ...။


""မမ...ပိုးရဲ့ကလစ်လေးကဘာဖြစ်လို့လဲဟင်

အဲ့ဒါ မနေ့က ပိုးရဲ့သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးလို့ ပိုးယူခဲ့မိတာပါ...မမ ထင်သလို...""


ရှိုက်သံသဲ့သဲ့ကြားမှ ရှင်းပြနေသောစကားသံလေးကြောင့် ဒီကိစ္စဘာကြောင့်ဖြစ်မှန်း မောင်ရိပ်မိသွားရသည်။ ကြမ်းပေါ်ကျနေတဲ့ ဆံညှပ်ကလစ်လေးကိုလှမ်းကြည့်မိတော့ ဟိုနေ့က သူ ချာတိတ်အတွက်ရွေးပေးခဲ့သော ကလစ်နဲ့ အရောင်တူ ပုံစံတူဖြစ်နေလေ၏။ 


""တောက်!!

မင်း သိပ်ကိုတရားလွန်ပါလား မေတော်ဝင်""


""မောင် ကျမကို လာမအော်နဲ့!""


""ငါကလည်း မပြောချင်ပါဘူး

မင်းလို သူများအပေါ်မတရားသဖြင့်အနိုင်လိုချင်နေတဲ့သူနဲ့ ပြောစရာစကားဘာမှမရှိဘူး...သူ့ကိုလည်း ဒီအိမ်မှာ ဆက်မထားနိုင်ဘူး""


မောင့်ကိုကြည့်ရတာ အလွန်ပဲဒေါသကြီးနေသည့်ပုံစံ။ သူဒီလောက် စိတ်ဆိုးဒေါသထွက်နေတဲ့ပုံကို မေတစ်ခါမှမြင်ဖူးခဲ့ပါ။ အရင်က ဘယ်ကိစ္စမဆို သွေးအေးစွာ မတုန်မလှုပ်နေနိုင်ခဲ့သည့်မောင်...ဘယ်သူ့ကိစ္စကိုမှလည်းအရေးတယူစိတ်မဝင်စားပဲ ခပ်အေးအေးသာပြုံးနေတတ်တဲ့မောင်က အခုတော့ ဘာမဟုတ်တဲ့ ငနုံမလေးတစ်ယောက်ကြောင့် ဒီလောက်ထိဒေါသတွေဆူဝေတတ်နေတာ အံ့သြစရာပါလား...


""မထားနိုင်တော့ ရှင်ကဘာလုပ်ချင်လို့လဲ""


မောင်က မေပြောလိုက်သည့်စကားကို အရေးမစိုက်ဟန်ဖြင့် ပိုးရတုဘက်သို့ပြန်လှည့်ကာ


""မင်း ဒီမှာဆက်မနေနဲ့

လာ... ကိုယ့်ဆီလာ...""


လက်ကမ်းကာ ခေါ်နေသော်လည်း ပိုး ဘယ်လိုတုံ့ပြန်တတ်မည်နည်း။ လက်ကမ်းနေသူရဲ့အနောက်ဘက်ဆီမှာ အစိမ်းလိုက်ဝါးစားတော့မတတ် စူးရဲစွာစိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကို ပိုး ဘယ်လိုမှလျစ်လျူဖို့ မဝံ့ရဲပါ။


""လာ...ကိုယ်နဲ့လိုက်ခဲ့""


""ဟင့်အင်း! မလိုက်ဘူး

အဲ့လိုလုပ်လို့မဖြစ်လို့ပါ အကိုရယ် 

ပြန်ပါတော့နော်""


""ဘာလို့လဲ...ဘာလို့မဖြစ်ရမှာလဲ

မင်းကို ဒီလိုပုံစံ ဆက်ဆံနေတာမြင်ရက်နဲ့ ကိုယ်ဘယ်လိုစိတ်မျိုးနဲ့ထားခဲ့ရမှာလဲ""


""ဟား! နင့်အပြောက သိပ်ရယ်ရပါလား မောင်

နင်နဲ့သူက သူစိမ်းတွေပါ...ငါက သူ့အမ...ဒါသူ့အိမ် နင်ကဘယ်လိုလုပ်ပိုင်ခွင့်နဲ့ ဒါမျိုးလာပြောနေတာလဲ

ငါတို့အိမ်ကိစ္စကို နင်ဝင်ပြီးငြင်းခုံနေဖို့မလိုပါဘူး""


""ဟုတ်တယ်...နင်တို့အိမ်ကိစ္စ

ကျန်တာ ငါဘာမှစိတ်မဝင်စားဘူး

ဒါပေမယ့် ပိုးရတုကို ထိရင် ငါ့ကိုတိုက်ရိုက်ငြိတာပဲ

သူနဲ့ဆိုင်ရင် သူ့ကိုထိခိုက်ရင် ငါကလည်း လုံးဝဘေးထွက်မပေးနိုင်ဘူး""


မောင် ပြောနေသမျှစကားလုံးတွေသည် မေ့ရင်ထဲသို့ ထက်ရှလှသည့် ဓားသွားတွေဝင်ရောက် စူးနစ်နေသည့်အလား ခံစားရခက်လွန်းလေ၏။ ဘယ်လိုတုံ့ပြန်စကားဆိုရမည်ကို မသိတော့လောက်အောင် ပြောစရာစကားများက နှုတ်ဖျားဝမှာတင် ဆွံ့အကုန်လေပြီ။


""အကို...အဲ့လိုမပြောနဲ့လေ""


"" မင်းကိုယ်တိုင် မင်းရဲ့စိတ်ကိုမေး အရာအားလုံးမင်းသဘောအတိုင်းပဲဆုံးဖြတ်ပါ ပိုးရတု""


""ဟုတ်တယ်...ပိုးရဲ့သဘောက ဒီအိမ်မှာပဲနေမယ်

ဒါ ပိုးရဲ့အိမ် ပိုးရဲ့မိသားစုလေ""


""ဒါလား? မင်းပြောတဲ့မိသားစုဆိုတာ...

ဒီလောက်ထိခိုက်အောင်လုပ်ထားတဲ့သူက မင်းမိသားစုဝင်လား""


"".....""


မောင် စကားပြောနေရင်းမှ သူမလက်ဆီအကြည့်ရောက်မိတော့ သွေးထွက်နေသေးသည့်ဒဏ်ရာကြောင့် စိတ်ပူသွားကာ


""လာခဲ့ အခုခေါင်းမာနေရမယ့်အချိန်မဟုတ်ဘူး""


ပြောကာ သူမ ကိုယ်လေးအားပွေ့ချီ ခေါ်ထုတ်လာခဲ့၏။ ဒါကိုပင် မေတော်ဝင်ဆီလှမ်းကြည့်ကာကြောက်အားလန့်အားနဲ့ရုန်းနေသေးတဲ့ ကလေးမကို လိမ္မာတယ်ပဲပြောရမလား အရူးလေးလို့ပဲပြောရမလား မသဲကွဲတော့ပါ။


သူမကို ကားထဲသို့ထည့်လိုက်ပြီး ထုံးစံအတိုင်း lockချထားရပြန်၏။ မဟုတ်ရင် ချက်ချင်းပြန်ပြေးဆင်းဦးမှာ သိနေတယ်လေ...


""အကို...အကို 

ပိုးကို ဘယ်ခေါ်သွားမလို့လဲ

မလိုက်ဘူးနော်...တံခါးပြန်ဖွင့်ပေးပါ""


သူမ တစ်ယောက်တည်းပြောချင်ရာပြောကာ အော်ဟစ်ငိုယိုနေပြန်သည့် ချာတိတ်မကို မောင် ဒီအတိုင်းသာ လွှတ်ထားပစ်လိုက်ချင်သည်။ သို့သော် ဆက်ပြီး ငိုနေမှာကိုလည်း မလိုလားပြန်၍ 


""မင်း ဒဏ်ရာက သွေးထွက်နေတယ်

အရမ်းမလှုပ်ရှားနဲ့လေ""


""ပြန်ပို့...အိမ်ကိုပြန်မယ်""


""နေဦး! မင်းဒဏ်ရာရထားတယ်

ဆေးခန်းသွားမှဖြစ်မှာလေ...ပြီးမှ အိမ်ကိုပြန်ချင်ရင် ပြန်ရမယ် ကိုယ်ပြန်လိုက်ပို့မယ် ဟုတ်ပြီလား""


ဒီတော့မှပဲ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ငြိမ်ကျသွားလေရဲ့ ။ တကယ်ပဲ ဘယ်လိုဟာလေးမှန်းကိုမသိဘူး...။ အမှန်တော့ သူမ ငြိမ်သွားအောင်သာ ပြန်ပို့ပေးမယ်လို့ ပြောလိုက်ခြင်းပါ။ လက်ရှိအချိန်မှာ သူမကို အဲ့ဒီ့အိမ်ကိုပြန်ခိုင်းဖို့ရန် မောင် လုံးဝကိုတွေးမထား။ ဖြစ်နိုင်ရင် ဒီကလေးမကို သူ့ရင်ခွင်မှာ အပြီးအပိုင်ခေါ်ထားလိုက်ချင်ပါသည်။ သို့ပေမယ့် ကိုယ်တို့နှစ်ယောက်ကြားမှာ ဒီလိုအခြေအနေအထိရောက်မနေသေးတော့ခက်နေသားပဲ...baby!!


~~~~💞💞💞💞~~~~


""အား! ""


""ခွမ်း! ခွမ်း! ချလွမ်း!""


""မမလေး...စိတ်ကိုလျှော့ပါ""


ဘေးနားက အိမ်စေနှစ်ယောက်မှာ ဖြောင်းဖျစကားဆိုနေရသော်လည်း အနားသို့မကပ်ရဲပါ။ မမလေးရဲ့ဒေါသကို သူတို့သိနေသည်လေ။ 


""ဒုက္ခပါပဲ...ဒီနေ့ကျမှ မေမေကြီးကလည်းမရှိဘူး""


ဖြစ်ပျက်ခဲ့သမျှ အခြေအနေအားလုံးသည် မေ့ဘက်ကသာမှားယွင်းသွားခဲ့ပုံပါ။ ဒါပေမယ့် မောင်လည်း ကျမကို ဒီလောက်ထိမပြောသင့်ဘူး...မဖြစ်သင့်ဘူး...မဖြစ်ရဘူး...


""အား!""


""ခွမ်း!""


Breakfastဝိုင်းတွင်ပြင်ထားသော ကြွေပန်းကန် ဖန်ပန်းကန်များနှင့် စားပွဲတင်အလှပန်းအိုးများမှာ မေ့ ဒေါသကြောင့် ကြမ်းပေါ်တွင် ကွဲကြေလွင့်စင်နေကြ၏။ အာရုံမှာလည်း စိမ်းသက်နေသည့် မောင့်ရဲ့ မျက်ဝန်းအကြည့်တို့ကိုသာ စွဲမြဲမြင်ယောင်နေလျက်...


""ဘာလို့လဲ

နင်ကဘာမို့လို့ မောင့်ကိုလုယူရဲတာလဲ""


""....""


""မဖြစ်ဘူး...ငါသူတို့ကို ဒီအတိုင်းလွှတ်ထားလို့မဖြစ်ဘူး...ငါလုံးဝမရှုံးစေရဘူး...ဒီပွဲမှာ ငါပဲအနိုင်ရမှဖြစ်မယ် မောင့်ကို အပိုင်ရမှဖြစ်မယ်""


လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ မျက်လုံးအကြည့်တို့က ရွေ့လျားခြင်းမရှိ ဘဲ တစ်နေရာသို့သာ စူးစိုက်ကြည့်နေသည်က အချိန်တွေကြာမြင့်စွာ...။


~~~~💞💞💞💞~~~~


""ဒဏ်ရာက အရမ်းမနက်ပေမယ့်

ဂရုတော့စိုက်ရမယ်...သောက်ဆေးလည်းပုံမှန်သောက်ပေးနော်""


""ဟုတ်""


""ပြန်လို့ရပါပြီ""


ဆေးခန်းကပြန်ထွက်လာပြီး ကားပေါ်ရောက်ချိန်မှာတော့ အိမ်ချစ်တဲ့ကလေးက အိမ်ပြန်ပို့ရန် ပူဆာပြန်လေ၏။ ဒုက္ခပါနော်! ဒီကလေးက အမှတ်ရှိတာလား မရှိတာလား...ဘာရယ်ကြောင့်များ ဒီလောက်အထိ သည်းခံနိုင်စွမ်းတွေရှိနေရတာလဲကွာ...

သူက မင်းကိုနာကျင်စေတယ်လေ...မင်း သူ့ကိုစိတ်မဆိုးဘူးလား...


""အကို! အိမ်ပြန်လို့ရပြီလေ""


""မရဘူး...""


""ရှင်!""


""ဒီမှာ! မင်းကငတုံးလား

မင်းကို ခေါ်ပြီး ကိုယ်သူ့ရှေ့ကနေထွက်လာခဲ့တာ

မင်းပြန်သွားရင် သူမင်းကို အခုထက်ပိုဆိုးတဲ့ဒဏ်ရာမျိုးရစေမှာ မင်းမကြောက်ဘူးလား""


""သြော်! အဲ့ဒါ မမက အထင်လွဲစရာလေးရှိသွားလို့ပါ...ပိုးကလည်းလေ အဲ့ဒီဆံညှပ်လေးကလှလို့ မနက်က ထိုးထားလိုက်မိတာ...မမ မကြိုက်ဘူးမှန်းသိရင် အစကတည်းကမယူခဲ့ပါဘူး""


""ဒီလောက်ပဲလား

ဒီကိစ္စတစ်ခုလုံးအတွက် မင်းယူဆတဲ့အတွေးကဒါအကုန်ပဲလား""


""အကို! ဘာပြောချင်တာလဲ""


မသိနားမလည်ပုံလေးနဲ့ ကိုယ့်ကိုတောင်ပြန်မေးခွန်းထုတ်နေသေးတဲ့ အဲ့ဒီအဖြူရောင်လေးကို သူဘာများထပ်ပြောနိုင်မည်နည်း။ ဒီကိစ္စရဲ့နောက်ကွယ်မှာ မင်းမသိတဲ့ အကြောင်းတွေအများကြီးရှိနေပြီ ချာတိတ်! ဒါပေမယ့် မင်းနားလည်အောင် ကိုယ်ဘယ်လိုရှင်းပြရပါ့မလဲ...


မေတော်ဝင်ရဲ့ ဒီလုပ်ရပ်မှာ သိသာထင်ရှားသောအကြောင်းအရင်းတချို့ကို မောင်လည်းသိလိုက်ပါသည်။ အစကတည်းက မေတော်ဝင်ရဲ့အပြုအမူတွေဟာ သူ့အပေါ် သာမန်သူငယ်ချင်းလိုပတ်သက်မှုမျိုးထက်ပိုချင်မှန်း မောင်ရိပ်မိပြီးသား။ထို့ကြောင့်လည်း မေနဲ့ပတ်သက်ရင်အမြဲတမ်းလိုလို သတိထားနေခဲ့တာပေါ့ ။ဒါပေမယ့် မေ့လို မာနကိုတံခွန်ထူနေတဲ့ မိန်းမမျိုးက ဒီလိုမဟုတ်လောက်ပါဘူး...အထင်မှားတာပါလို့ အခါခါဖြည့်တွေးခဲ့သမျှ ဒီနေ့ ဒီအပြုအမူက သက်သေပြသွားခြင်းပင်။


ကိုယ်က လေးနက်စွာ တွေးနေသလောက် မျက်စိရှေ့က ကလေးပေါက်စမှာတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဟိုဒီလိုက်ငေးနေလေ၏။ နေပါဦး! မင်းက ဘယ်လောက်ထိများ ချစ်ဖို့ကောင်းနေဦးမှာလဲ?အသည်းယားစရာလေး...


""Sorryပါကွာ!

အမှန်တော့ ဒီကိစ္စက ကိုယ့်ကြောင့်ဖြစ်ရတာပါ""


""ရှင်!""


""မင်းကတော့ ဘာမှမသိဘူးပေါ့

ကဲ!... ထားပါ...ကိုယ်မေးတာပဲဖြေ

အဲ့ဒီဆံညှပ်လေးကို မင်းကြိုက်လို့လား""


""ဟုတ်""


ခေါင်းငြိမ့်ကာ ဖြေလိုက်သည့်စကားဆုံးတာနဲ့ မောင် ကားအံဝှက်ထဲရှိ အထုပ်လေးကို လှမ်းယူလိုက်ပြီး အထဲမှ ပန်းရောင်ဆံညှပ်လေးအားထုတ်ယူကာ သူမရဲ့ဦးခေါင်းထက် ပန်ပေးလိုက်တော့ မော့ကြည့်လာသည့်မျက်နှာလေးမှာ တအံ့တသြ...


""ဘာလို့လဲ...မင်းကြိုက်တယ်ဆို""


""ဒါက ဘယ်လိုလုပ်အကို့ဆီမှာထပ်ရှိနေတာလဲ? ယူလို့မဖြစ်ဘူးလေ...ခုနပဲ ဒီအတွက်ကြောင့် မမစိတ်ဆိုးနေပါတယ်ဆို...အဲ့ဒါကိုတောင်မနည်းရှင်းပြရဦးမှာ...""


ထိုသို့ပြောကာ ခေါင်းပေါ်ရှိထိုအရာလေးအား အတင်းပြန်ဖြုတ်နေသည်မို့ မောင် သူမလက်လေးကို လှမ်းဆုပ်လိုက်ပြီး


""ဘာလို့အများကြီးတွေးလဲ

အဓိက,က ဒါကိုမင်းသဘောကျရင် မင်းရဲ့စိတ်ဆန္ဒအတိုင်းပဲ လက်ခံဖို့ သတ္တိရှိမှပေါ့...""


""....""


""ကိုယ်တို့စတွေ့တုန်းကလည်း ကိုယ်ဒီလိုပြောခဲ့ဖူးတယ်လေ..ငတုံးလေး မင်းကမှတ်မထားဘူး""


""ဒါပေမယ့်...""


ဘာတွေငြင်းချက်ထုတ်ဦးမယ်မသိ...အလိုမကျဟန်ဖြင့် မျက်နှာလေးမော့လာစဥ် မောင်က အခွင့်အရေးယူသည့် သဘောဖြင့် သူမနဖူးလေးအား ခပ်ဖွဖွနမ်းရှိုက်လိုက်ပြီးမှ...


""ကိုယ်ထပ်ပြောမယ်

မင်းလိုချင်တဲ့အရာတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ မကြိုးစားကြည့်ရသေးပဲနဲ့ လွယ်လွယ်လက်မလျှော့ရဘူး...အခွင့်အရေးကမင်းမျက်စိရှေ့မှာပဲရှိနေတယ်...ပြီးတော့ အဲ့ဒီ့အခွင့်အရေးကိုလည်း ကိုယ်ပေးနေတယ်""


""ပိုးက အခွင့်အရေးမယူတတ်ဘူးရှင့်""


""မယူတတ်ရင် သင်ပေးမှာပေါ့""


""ရှင်!""


ထိုအပြောကြောင့် ပိုး သူ့မျက်နှာကိုအလန့်တကြားမော့ကြည့်မိပေမယ့် သူက လွှတ်မပေးဘဲ နဖူးချင်းကိုထိကပ်ထားတာမို့ မျက်နှာချင်းဆိုင် နီးကပ်လွန်းသော အနေအထားကိုရောက်နေရလေသည်။ ပြီးတော့ ပိုးထံ စိုက်ကြည့်နေပါသည့် မျက်ဝန်းတစ်စုံက ကြည်လဲ့တောက်ပနေကာ ညှို့နိုင်လွန်းပါ၏။ဒီအခြေအနေမှာ ပိုး ရင်တွေခုန်နေမိပြီဆိုရင် မမအပေါ် သစ္စာမဲ့လွန်းနေမလား...


""မင်းတွေးနေတာတွေကို ကိုယ်အစအဆုံးသိတယ်နော်...မင်း အတွေးတွေကမှားနေတယ် ကိုယ်က မင်း ထင်နေသလိုမျိုး မေတော်ဝင်ကိုချစ်မှာမဟုတ်ဘူး ကိုယ်ချစ်တာက ပိုးရတုဆိုတဲ့ မင်းပဲ""


""ရှင်!""


""ဟုတ်တယ်...ကိုယ်မင်းကို သိပ်ချစ်တယ် ကလေး...

မင်းက ကိုယ်အမြဲတမ်းမျှော်လင့်နေတဲ့ အဖြူရောင်လေးပဲ""


ပိုး တကယ်အံ့သြသွားခဲ့ရတာပါ။ သူ့ဆီကနေ ဒီလိုစကားမျိုးကြားရလိမ့်မယ်လို့ ဘယ်တုန်းကမှထင်မထားခဲ့။ သူ့အနားမှာ အရာရာပြည့်စုံနေတဲ့မိန်းကလေးတွေအများကြီးရှိမှာကို.။.အထူးသဖြင့် မမ... ပိုးရဲ့မမက ဒီလောက်လှပြီး ထက်မြက်တာ ဘယ်လိုယောကျ်ားမျိုးကမှ မမကိုငြင်းပယ်နိုင်မှာမဟုတ်ဘူးလေ။ သူကကျ... ဘယ်လိုကြောင့်...သူ့လိုလူမျိုးက...ပိုးလို သာမန်အညတရ မိန်းကလေးတစ်ယောက်ကို...။ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


""ဟိတ်! ကိုယ်ပြောတာကြားရဲ့လား""


""မဖြစ်နိုင်ဘူး""


""ဘယ်လို!""


စိတ်ထဲတွေးနေသည့်စကားက အပြင်သို့ခုန်ပေါက်ထွက်သွားရတာမို့ သူ့မျက်နှာဆီ မဝံ့ရဲစွာပြန်ကြည့်မိတော့ ပိုးကို စိုက်ကြည့်နေပြန်သည့် မျက်ဝန်းများက တစ်ချက်လေးတောင်မှ လွှဲဖယ်မသွားခဲ့။ တကယ်ပါပဲနော်! ဒါဘယ်လိုအခြေအနေပါလိမ့်! ရင်ထဲမှာလည်း တဒိတ်ဒိတ်နဲ့ခုန်ပေါက်နေလိုက်တာများ ဘယ်ဆီထွက်ပြေးရမှန်းပင် မသိတော့ပါချေ။


""မဖြစ်နိုင်ဘူး ထင်ရင် အခွင့်အရေးယူကြည့်ပါလား...မင်းသာ ခေါင်းတစ်ချက်ငြိမ့်လိုက်ရင် 'မြတ်သောမောင်'ဆိုတာ မင်းအပိုင်ပဲ""


""မဟုတ်ဘူး...ဟို!..""


ပိုး တစ်စုံတစ်ခုကိုပြန်ပြောရန် ခပ်ဟဟပွင့်သွားတဲ့နှုတ်ခမ်းလေးက စကားဆိုခွင့်မကြုံခဲ့တော့ပါ။ ထိုနှုတ်ခမ်းလေးထက် ကျရောက်လာသည့် နွေးထွေးသော စီးမျောခံစားမှုသည် အရာရာကို သတိလက်လွတ် မေ့နိုင်စွမ်းစေခဲ့ပါ၏။ ရုတ်တရက်မို့ အံ့အားသင့်စွာ ငြင်းဆန်ရုန်းထွက်ပါသော်လည်း မလွတ်မြောက်ခဲ့သော နှုတ်ခမ်းလွှာလေးများက သူ့ရဲ့ အနမ်းများအောက် ယစ်မူးစွာတိမ်းညွတ်နေလျက်...။


ပန်းနုရောင်နှုတ်ခမ်းပါးလေးအား အချိန်ကြာမြင့်သည်အထိ မြတ်နိုးစွာနမ်းရှိုက်နေရင်းမှ ပါးပြင်ထက် စိုအိအိဖြစ်လာတဲ့ ခံစားမှုကြောင့် သူမ မျက်ရည်ကျပြီမှန်း မောင်သိလိုက်ပါ၏။ တကယ်တော့ သူလည်း အချစ်ကြောင့် သတိလက်လွတ်ဖြစ်သွားမိခြင်းပါ။ အမှန်ဆို သူမလေးရဲ့ ခွင့်ပြုမှုမရှိဘဲ သူ ဒီလိုမလုပ်သင့်ဘူးလေ...


ထိုအတွေးဝင်လာသည်နှင့်တပြိုင်နက် သူ့ရဲ့တဇွတ်ထိုးဆန်မှုအား ချက်ချင်းပြန်ရုတ်သိမ်းလိုက်ပြီး...


""Sorry! ကိုယ်...

ကိုယ် တကယ်တောင်းပန်ပါတယ်ကွာ...

မင်းဘက်ကခွင့်မပြုဘဲ ကိုယ်ဒီလိုအခွင့်အရေးမယူသင့်ပါဘူး...တောင်းပန်ပါတယ်""


""......""


""မငိုပါနဲ့ကွာ! နော်...ကိုယ်တောင်းပန်တယ်

ကိုယ်က လူဆိုးပဲကွာ!...ချစ်တယ်ပြောပြီးမှ မင်းကိုငိုအောင်လုပ်မိတယ်...မကျေနပ်ရင် ကိုယ့်ကိုရိုက်လိုက်!အဲ့ဒီမျက်ရည်တွေကမကျပါနဲ့

မင်းကိုယ့်ကြောင့် ဘယ်တော့မှမငိုနဲ့...တိတ်တော့နော်! လိမ္မာတယ်""


စိုးရိမ်နေသည့်မျက်ဝန်းများဖြင့်ကြည့်ကာ နှုတ်မှလည်း တောင်းပန်စကားကို တဖွဖွပြောရင်း မျက်ရည်တွေသုတ်ပေးနေသည့် သူ့အမူအရာက မွေးကင်းစကလေးငယ်လေးကို အငိုတိတ်အောင်ချော့နေသည်နှင့်တောင် တူနေပါရဲ့ ...။ထူးဆန်းလိုက်တာ! ရှင်က တကယ့်ကိုထူးဆန်းတာပဲ လူတွေအများကြီး... မိန်းကလေးတွေအများကြီးထဲမှာ ရှင်ရဲ့နှလုံးသားကိုပေးအပ်ဖို့ရွေးချယ်ခြင်းခံရတာ ပိုးအတွက် ကံကောင်းခြင်းလား...အကို!

ဒါမှမဟုတ်...


""ကိုယ့်ကိုစိတ်ဆိုးသွားပြီလား?""


"".....""


ဘာတစ်ခွန်းမှကို စကားမဆိုတော့ပြီမို့ မောင် ရင်ထဲပူလောင်သွားရပါသည်။ သူမ စိတ်ဆိုးသွားမှာ အထင်သေးသွားမှာကိုလည်း နည်းနည်းလေးမှတောင် မခံစားနိုင်ပါ...။အချိန်ခဏလေးပဲရင်းနှီးခဲ့ရသည်ဆိုသော်ငြား သူမအပေါ်ဒီလောက်ထိ နင့်သည်းမြတ်နိုးစွာချစ်မိသည့် နှလုံးသားကပဲ ပြသာနာရှိနေပြီထင်ပါရဲ့ ...


""ကိုယ့်ကို စကားလေးပြန်ပြောပါဦး ကလေးရဲ့""


""မခေါ်နဲ့...ကလေးလို့!""


""ဟော! မင်းလေးက အရွယ်မရောက်သေးတဲ့ ကလေးပေါက်စနလိုဖြစ်နေမှတော့ ကလေးလို့ပဲခေါ်မှာပေါ့...ဒါဆို လူကြီးလို့ ခေါ်ရမလား""


""ဘာမှန်းလဲမသိဘူး""


""ကိုယ့်ကိုစိတ်မဆိုးပါနဲ့

ကိုယ်တောင်းပန်ပါတယ်...နောက်ဆိုရင်ဆင်ခြင်မယ်နော်""


""ဘာနောက်လဲ...ဘာနောက်မှမရှိဘူး""


ရန်စွာသလို မျက်စောင်းလေးနဲ့ပြောလာပုံကြောင့် မောင့်မှာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရပါ၏။ 


""ခင်ဗျားလေးက နိုင်လို့ရတဲ့သူကို လာနိုင်နေတာပဲဗျ...ခုနကကျဒီလိုမဟုတ်ပါဘူး...""


""တူ မလား...အဲ့ဒါက ပိုးရဲ့မမပဲဟာ""


""ရပါတယ် ချာတိတ်ရဲ့!ကိုယ့်အနေနဲ့ မင်းဘက်ကအဲ့လိုတုံ့ပြန်စကားလေးရှိစေချင်ရုံပါ။ ကိုယ့်ရှေ့မှာ မင်းရင်ထဲက ဆန္ဒအမှန်အတိုင်းနေလို့ရတယ်...မင်း ငိုချင်ရင်ငို ၊ရယ်ချင်ရင် ရယ်...မင်းမှာဘာခံစားချက်ပဲရှိရှိ ကိုယ့်ဆီမှာ ဖွင့်ပြောလို့ရတယ် ကိုယ်က မင်းအနားမှာရှိနေပေးမယ်...ကိုယ့်ရှေ့မှာဆိုရင်ဘာမှဖုံးကွယ်စရာမလိုဘူး...မင်းရဲ့ပုံစံအစစ်မှန်အတိုင်းပဲ...ကိုယ်ကအရာအားလုံးကို လက်ခံပေးမယ့် မင်းရဲ့ထပ်တူညီခြင်းပဲ""


ပြောသမျှစကားတွေကို ကြောင်အအ မျက်နှာငယ်လေးနဲ့ ငေးကြည့်နေပြန်သည့် ကောင်မလေးကို မောင်အသည်းယားစွာပင် နဖူးလေးအားဖွဖွလှမ်းတောက်လိုက်ပြီး


""မင်းဆီမှာ မူပိုင်ခွင့်တင်နေတာလို့ ငတုံးမလေးရဲ့

ပြောတာကို သိလား?..ကိုယ့်ကိုပိုင်ဆိုင်လိုက်! အခွင့်အရေးပေးနေတယ်...""


""အခုတော့မဖြေပါရစေနဲ့လား ...""


""ဒါဆို စဥ်းစားပေးမယ် မဟုတ်လား""


""ဟုတ်""


ဒီတော့မှပဲ သူ့မျက်နှာလေးကပြုံးသွားပြီး ပိုးရဲ့ဆံနွယ်လေးတွေကို ဖွဖွလှမ်းကိုင်လျက် ညင်သာစွာ ထိတွေ့ဆော့ကစားရင်းမှ ဖျတ်ခနဲနမ်းရှိုက်လိုက်သေး၏။ သူ့ကိုကြည့်ရတာ တကယ့်ကိုပဲကျေနပ်ပျော်ရွှင်သွားပုံပါ။


ပထမဆုံးပါပဲ အကို!

ဒီကမ္ဘာမှာ ပိုး မျက်ရည်ကျမှာကိုစိုးရိမ်တဲ့သူ...

ပိုးကို ချစ်တယ်လို့ပြောပေးမယ့်သူရယ်လို့ ထပ်မရှိနိုင်တော့ဘူးလို့ ထင်ခဲ့တာ...

မမျှော်လင့်ဘဲ ဒီလိုလူရှိနေသေးတာပဲ


ဒါပေမယ့်...ပိုးတို့က မဖြစ်နိုင်ပါဘူး အကိုရယ်

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းအတွက်ကျေးဇူးတင်ပေမယ့် လက်တွေ့မှာတော့ မလွယ်ကူလောက်ဘူးလို့ ထင်ပါတယ်...


မမ ချစ်နေမှန်းသိရက်...

မမမျှော်လင့်နေတဲ့ နှလုံးသားတစ်စုံကို ပိုး မဖမ်းဆုပ်ရက်ပါဘူး...


ဒါကြောင့် ပိုးဆီကို မကြွေကျခဲ့ပါနဲ့...အကိုရယ်...

ဒီဖြစ်ရပ်မှာ ပိုးသာမပါဝင်ခဲ့ရင် အရာအားလုံးက နေသားတကျရှိနေခဲ့မှာပါပဲ...။....။

~~~~~💞💞💞💞~~~~

Continue to >>> Part-9


Readers/Writersလေးတွေအားလုံးက VIPပါ


Writer- WineSatt Cho(🍋Lëmoñ🍋)


rate now: