book

Index 6

LPart-( 6 )

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


           ~~ Part-( 6 ) ~~


မျက်စိရှေ့မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် မေ တခဏမျှ မင်သက် အံ့သြသွားမိရင်းမှ တဖြေးဖြေးနဲ့ ပြင်းထန်လာသော ဒေါသအငွေ့အရိပ်ရဲ့ ဦးတည်ရာက ပိုးရတု ဆီသို့သာ...။ မောင်နဲ့ အဲ့ဒီ့ကလေးမ မျက်နှာချင်းဆိုင်ရပ်လျက် အကြည့်ချင်းဆုံကာ စကားပြောနေကြတဲ့ ပုံရိပ်က မေ့အတွက်တော့ လုံးဝအလိုမကျစရာမြင်ကွင်းတခုပင်။ ဘယ်တော့မှမဆုံစေချင်ပါဘူးဆိုခါမှ တန်းတန်းမတ်မတ်ကိုရောက်လာတာပါလား မောင်...


""မောင် ဒီကိုဘာလာလုပ်တာလဲ?

အကြောင်းမကြားဘာမကြားနဲ့...""


မေ ပြောနေတဲ့စကားကိုတောင်မှ မကြားသည့်အလား...မောင့်မျက်ဝန်းတို့က ပိုးရတုဆီမှ လုံးဝကိုဖယ်ခွာမလာဘဲ စိုက်ကြည့်လျက်ပင်...။ မိပိုးကတော့ မေ့ကိုကြောက်သည်မို့ ထိတ်ထိတ်ပျာပျာ ပုံစံလေးဖြစ်ကာ


""မမ...အကိုက မမဆီလာတာတဲ့!""


""မင်းကို ဒီမှာရှာတွေ့မယ်လို့ ကိုယ်ထင်မထားဘူး""


အခုချိန်ထိ ပိုးရတုဆီကိုပဲဦးတည်နေသောစကားများကြောင့် မေ ဒေါသဖြစ်လာကာ ခပ်စူးစူးစိုက်ကြည့်လိုက်ပြီး


""မိပိုး...နင်သွားလို့ရပြီ""


""ဟုတ်ကဲ့ မမ""


မေတော်ဝင်ရဲ့စကားအဆုံး သူ့ကိုတောင်တစ်ချက်မကြည့်ပါပဲ အနားကနေလှစ်ခနဲပြေးထွက်သွားတဲ့ ကောင်မလေးကိုကြည့်ကာ မောင့်ရင်ထဲတစ်မျိူးဖြစ်သွားရသည်။ သူမလေးက မေတော်ဝင်ကို အတော်လေး လန့်နေသလိုပုံစံပါ။ မေ့ဆီလှမ်းကြည့်တဲ့ မျက်ဝန်းလေးတွေက အတော့်ကိုမှ မဝံ့မရဲ ကြောက်ရွံဟန်တွေ ပြည့်နေတာလေ။ သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုက ဘာများလဲ??


""မေ...နင်နဲ့ ပိုးရတုက ဘယ်လိုပတ်သက်တာလဲ""


ကြည့်စမ်း! မောင်က နာမည်ကိုပါသိနေတယ်...ဒီအချိန်ခဏလေးအတွင်းဘယ်လိုလုပ်ပြီးများ...


""ငါ သူနဲ့အပြင်မှာဆုံဖူးတယ်""


စိတ်ထဲရှိနေသော အမေးကို မောင်က ချက်ချင်းပင်အဖြေပေးလိုက်လေ၏။ ပြီးတော့ မောင့်မျက်ဝန်းတွေမှာ ပျော်ရွှင်ကျေနပ်မှုအငွေ့အသက်တို့ကအထင်းသား။ သူ့ကို တွေ့ရလို့ မောင် ပျော်နေတာလား?? ပိုးရတုဆီလှမ်းကြည့်နေတဲ့ သူ့မျက်ဝန်းတွေမှာ သာမန်ထက်ပိုသော အဓိပ္ပါယ်တွေပျော်ဝင်နေသယောင်ရှိမှန်း မေ အစောကတည်းကသတိထားလိုက်မိပါရဲ့။ ဘယ်လိုလဲ မောင်...

မောင်သဘောကျတဲ့ ခပ်နုံနုံstyleနဲ့မိန်းကလေးမျိုးကိုရှာတွေ့ပြီဆိုတဲ့ အဓိပ္ပါယ်လား...။ မရဘူးနော်...မေကလွဲရင် ရှင့်အတွက်တခြားမိန်းကလေးဆိုတာမရှိစေရဘူး...။အထူးသဖြင့် ပိုးရတုဆိုရင် ပိုပြီးတော့ မရဘူး...


""မေ...ငါပြောတာကြားရဲ့လား""


""Sorry! မေ အတွေးလွန်နေလို့ မကြားမိလိုက်ဘူး

ဒါနဲ့ ဒီကိုလာတဲ့ကိစ္စအခုထိမပြောရသေးဘူးနော်""


""သြော် ! အဲ့ဒါလား...ဒီမှာလေ

ငါပြန်လာတုန်းက သူငယ်ချင်းတွေအတွက်ဝယ်လာတဲ့လက်ဆောင်တွေ...အခုမှလိုက်ပေးနေရတာ

ဟိုရက်ကငါမအားလို့...ပြီးတော့နင့်ဖုန်းကိုဆက်သေးတယ် ဆက်မရလို့ လူကိုယ်တိုင်ပဲလာလိုက်တာဘာပဲဖြစ်ဖြစ် ဒီကိုလာလိုက်တာ မှန်သွားတယ်""


ပိုးရတု ဝင်သွားတဲ့အခန်းဘက်ဆီလှမ်းကြည့်ရင်း ပြုံးစစနဲ့ဆိုလိုက်သည့်စကားက မေ့အတွက်တော့ အနည်းငယ်နားထောင်ရခက်နေ၏။ စိတ်ထဲမှာလည်း ဒေါသစိတ်တို့ဆူဝေနေပြီဖြစ်ကာ ချက်ချင်းကို ပိုးရတုဆီပြေးသွားပြီး တခုခုလုပ်ပစ်လိုက်ချင်ပြီ...သို့သော်လည်း လက်တွေ့မှာတော့ စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ


""နင်နဲ့သူက ဘယ်လိုဆုံကြတာလဲ""


""သူအခက်အခဲဖြစ်တုန်းက ကူညီဖူးတာပါ""


""အော်! ဟုတ်လား?""


""သူက နင်နဲ့ညီအမလား...

ချာတိတ်ကနင့်ကို မမလို့ခေါ်တယ်ဆိုတော့""


""ဒီလိုပါပဲ...ပတ်သက်မှုကနက်နဲတယ်

မောင် မသိချင်ပါနဲ့...

မေလည်း မပြောချင်ဘူး""


ချက်ချင်းပင်အေးစက်စက်ဖြစ်သွားသောစကားသံက သူမတို့နှစ်ယောက်ကြား ကောင်းမွန်တဲ့ဆက်စပ်မှုရှိမနေဘူးဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ညွှန်းနေခြင်းပင်။ ဒီလိုဆိုတော့ မောင်လည်း ဆက်မမေးဖို့ရန်ဆုံးဖြတ်လိုက်ပြီး


""ဒါဆို ငါပြန်တော့မယ်""


""အင်း...ကားကိုဂရုစိုက်မောင်းဦးနော်""


ထိုနေရာမှလှည့်မထွက်ခင်အချိန်ထိ ချာတိတ်ရဲ့အခန်းကို မောင်လှမ်းကြည့်မိနေသည်မှာ အကြိမ်ကြိမ် အခါခါ။ သို့သော် ဟိုကလေးမကဖြင့် အရိပ်အယောင်တောင်မမြင်ရတော့ပေ။ ကိစ္စတော့မရှိပါဘူးလေ...။သူမ ဒီမှာရှိမှန်းသိရပြီဆိုမှတော့ နောက်ထပ်တွေ့ရန် မခဲယဥ်းတော့ဘူးပဲမဟုတ်လား...။ ကိုယ်ဖုန်းဆက်တာတောင် မကိုင်ပဲ လျစ်လျူရှုပြီး ရှောင်ပြေးချင်နေတဲ့ ကောင်မလေးရေ... ကိုယ်တို့ထပ်ဆုံကြပါစို့။ မင်းဘယ်လိုပဲ ကိုယ်နဲ့မတွေ့အောင်နေပါစေ...မင်းဆန္ဒအတိုင်းဖြစ်ခွင့်မပေးနိုင်တာကိုတော့ ကြိုပြီးတောင်းပန်ခဲ့တယ်နော်...။


~~~~💞💞💞💞~~~~


""ဒေါက်! ဒေါက်""


ပိုး အခန်းရှေ့မှတံခါးခေါက်သံကြောင့် ဖွင့်ပေးလိုက်တော့ အခန်းဘေးနံရံကိုနောက်ကျောလှည့်မှီကာ လက်ပိုက်လျက်ရပ်နေသူက မမ...။ ခါတိုင်းဆို မမ ပိုးအခန်းဆီတခါမှမလာခဲ့ဖူးပေမယ့် အခုတော့ တစ်ခုခုပြောစရာရှိနေပြီထင်ပါ့။ တကယ်တော့ ပိုးလည်းအခြေအနေအားလုံးကို နားလည်ပြီးသားပါ။ ပိုးဘယ်လိုပဲ နုံအတယ်ဆိုဆို ဒီလောက်ကိုတော့ စဥ်းစားတွေးခေါ်တတ်ပါတယ်..။မမရဲ့နှုတ်ဖျားကနေ မချစတမ်းခေါ်နေခဲ့တဲ့ 'မောင်'ဆိုတာ အဲ့ဒီ့အကိုပဲပေါ့။ မကြာသေးခင်ကမှ နိုင်ငံခြားက ပြန်လာတယ်ဆိုတဲ့ မမရဲ့ချစ်သူ...။


""မောင်နဲ့ဘယ်လိုသိတာလဲ""


""ဟိုရက်တုန်းက ပိုး မမကိုပြောပြဖူးတယ်လေ

ပိုက်ဆံအိတ်လုတဲ့ကိစ္စ...ဟို ဖိနပ်ပြတ်သွားလို့ ကူညီပေးတယ်ဆိုတာ အဲ့ဒီ့အကိုပါ...မမဖြတ်လိုက်တဲ့ ဟိုဖိနပ်လေးလေ""


မေ မှတ်မိပါသည်။ တကယ်ပဲ တိုက်ဆိုင်လွန်းနေတဲ့ ကံတရားက မေ့အတွက်ဆို အမြဲခါးသက်လွန်းပါလား...။ တကယ်တော့အဲ့ဒီ့နေ့တုန်းက သူမ ဖိနပ်နဲ့တစ်ပုံစံတည်းတူတဲ့ ဖိနပ်ကို မေလည်းဝယ်ခဲ့မိသည်။ နှစ်ကြိမ်မြောက်ပါ...တစ်ပုံစံတည်းတူတဲ့ပစ္စည်းကိုရပေမယ့် မေ့အတွက်ကတော့ ကိုယ်တိုင်ကြိုးစားယူရတာဖြစ်ပြီး ပိုးရတုအတွက်ကိုတော့ တစ်စုံတစ်ယောက်ကအမြဲတမ်း ရည်ညွှန်းဖြည့်ဆည်းပေး နေပြီးသား။ ငယ်ငယ်ကလည်း ပိုးရတုနဲ့ဆင်တူ ဖိနပ်လေးတစ်ရံကို မေရခဲ့ဖူးသည်။ မိပိုးအတွက်ကိုတော့ ဖေဖေကချစ်ခြင်းမေတ္တာအပြည့်နဲ့ဝယ်ပေးခဲ့တာဖြစ်ပြီး မေ့အတွက်ကတော့ size no.မသိ၍ဟုဆိုကာ နောက်တရက်မှထပ်ဝယ်ပေးခဲ့သည်။ တစ်ပုံစံတည်းတူတာကိုရပေမယ့် ပေးတဲ့သူရဲ့စေတနာချင်းကတော့ ကွာခြားတာပင်။ရတာချင်း အတူတူ ကိုယ်ကနောက်ကျရတဲ့အဖြစ်ကိုလက်မခံလို၍ ထိုဖိနပ်လေးကို ပိုးရတုရှေ့မှာတင် မေ ဖျက်စီးပစ်ခဲ့သေးသည်။ဒါက လက်ရှိမှာ မေ ဖိနပ်တွေကိုရာချီအောင်ဝယ်ထားဖြစ်သည့်အကြောင်းအရင်းထဲကတစ်ခုဆိုလည်း မမှား။ အဲ့ဒီ့နေ့က ပုံစံတူဖြစ်နေတဲ့ဖိနပ်ကိုလည်း မေမှမစီးရသေးခင် သူအရင်ရခဲ့တာမဟုတ်လား...ပြီးတော့ ဝယ်ပေးသူကလည်း မောင်တဲ့!

ဘယ်လိုတောင် မုန်းစရာကောင်းလိုက်တဲ့ဖြစ်ခြင်းတွေလဲ?? မေချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုကို ဘာလို့သူကပဲ ရနေတာလဲ??


""မမ...ပိုးနဲ့အဲ့ဒီ့အကိုသိတာက ရိုးရိုးသားသားပါ

သူက ပိုးဒုက္ခရောက်တဲ့အချိန် ကူညီပေးခဲ့ရုံပဲ

အဲ့ဒီ့ထက်ဘာမှမပိုပါဘူး...""


""ဘာပဲဖြစ်ဖြစ် ခုနလိုမြင်ကွင်းမျိုးကိုငါထပ်မမြင်ချင်ဘူး...အရင်ကငါပြောဖူးပါတယ် နင်နဲ့မသင့်တော်တဲ့အရာတစ်ခုကို ဝေးဝေးကလှမ်းကြည့်ဖို့တောင်မကြိုးစားနဲ့ ...မောင်နဲ့ငါကသတ်မှတ်ထားပြီးသား ကံကြမ္မာပဲ...ဒီလောက်ဆိုသိပြီမဟုတ်လား""


""ဟုတ်...ဟုတ်ကဲ့ပါ မမ

မမ မကြိုက်တာကို ပိုးမလုပ်ပါဘူး""


ရင်ထဲ ဒေါသစိတ်တို့တောက်လောင်နေခြင်းကြောင့် မေ့မျက်လုံးအကြည့်တွေကလည်း စူးရဲနေမှာအမှန်ပင်။ မျက်စိရှေ့က ကလေးမကတော့ အတော်လေးကို ကြောက်အားလန့်အားနဲ့ပြန်ကြည့်နေပုံမှာ သနားစရာတောင်ကောင်းနေပါရဲ့။ အဟင်း! ကြည့်လိုက်ရင်တော့ နင့်လောက်သနားစရာကောင်းတဲ့သူ ကမ္ဘာမှာ မရှိသလိုပါပဲလား ပိုးရတုရယ်...။တကယ်တော့ နင်ကသာ ငါပိုင်တဲ့အရာတွေကိုလုယူဖို့ကြိုးစားနေတာ...။ ပထမက ဖေဖေ...ပြီးတော့ အခုငါချစ်ရတဲ့သူအထိပဲလေ...။


""နင့်စကားကိုမှတ်ထားနော်!""


ပြောပြီးတာနဲ့ မေ သူမအရှေ့ကနေလှည့်ထွက်လာခဲ့သည်။ မေတော်ဝင်ရဲ့ဘဝမှာ အစကတည်းကကိုယ့်အတွက်လို့ ရည်ရွယ်မထားတဲ့အရာတစ်ခုကို သူများလက်ထဲကလုယူရိုးထုံးစံမရှိသလို ကိုယ့်အတွက်လို့ရည်ရွယ်သတ်မှတ်ထားပြီးရင်လည်း ဘယ်သူ့လက်ထဲမှအရောက်မခံတတ်တာက စွဲမြဲနေသော အကျင့်တစ်ခု ။ လက်ရှိမှာသာဒီလိုအခြေအနေနဲ့ယှဥ်ပြောရရင်...သေချာသည်က...မောင်ဟာ..ဒုတိယမြောက်သတ်မှတ်ချက်...။


~~~~💞💞💞💞~~~~


ညဘက်ရောက်တော့ မောင် သူမလေးဆီဖုန်းဆက်ကြည့်သေးပေမယ့် ထုံးစံအတိုင်း ချာတိတ်က ဖုန်းမကိုင်ပြန်။ တော်တော်နေနိုင်တဲ့ ကောင်မလေး။

သူမနဲ့ မေတော်ဝင်ကဘယ်လိုပတ်သက်မှန်း မောင်အခုထိစဥ်းစားလို့မရသေးပါ။ ညီအစ်မလို့ပြောရအောင်လည်း မေတော်ဝင်ကတစ်ဦးတည်းသောသမီးမှန်းသူသိပြီးသား။ တစ်ဝမ်းကွဲဆိုတာမျိုးလိုလည်း ထင်သလောက်ရိုးရှင်းပုံမရ။ အထူးသဖြင့် မေတော်ဝင်ရဲ့ သူမအပေါ် အပြောအဆိုနဲ့အကြည့်တွေက သာမန်ထက်ကို ခက်ထန်တင်းမာနေကာ ချာတိတ်ကလည်း မေ့ကိုအတော်ကြောက်ပုံရသည်။ အရင်က သူမပါးစပ်ကနေတဖွဖွပြောနေတဲ့ မမဆိုတဲ့ နာမ်စားကိုတော့ မောင်မကြာခဏကြားဖူးနေသား။ 


ဘယ်လိုပဲဖြစ်ဖြစ်ပါ...မင်းကိုတွေ့ရတော့ကိုယ်ဘယ်လောက်ဝမ်းသာသွားရလဲဆိုတာ မင်းသိမှာမဟုတ်ဘူးကောင်မလေး...။ မင်းဘာလို့ ကိုယ့်ကိုရှောင်ချင်နေတာလဲ...။ကိုယ်ကတော့ မင်းဆီကိုပဲ တည့်တည့်မတ်မတ်လျှောက်လာချင်ပြီ...။သေချာတယ် ကိုယ်မင်းဆီမှာ ကျရှုံးပြီ။ တစ်သက်လုံးထိန်းသိမ်းလာခဲ့တဲ့ ရင်ခုန်သံတွေကို မင်းက ပြုစားသွားတာပဲ...အဆိုးလေးရဲ့ ...။မေတော်ဝင်လို ရဲရင့်တောက်ပနေတဲ့တော်ဝင်နှင်းဆီတစ်ပွင့်ကိုတောင် ရင်မခုန်တတ်ခဲ့တဲ့ ကိုယ့်အတွက်...နူးညံ့ဖြူစင်တဲ့ စံပယ်ပွင့်လေး'မင်း'ကမှ မဟာကျရှုံးခန်းဖြစ်နေတာပဲ...


""အဟက်!!""


တစ်ယောက်တည်းတွေးနေရင်းမှ သဘောတကျရယ်နေမိပြန်၏။သူ ဒီလိုတွေပြုံးမိနေတာ ချာတိတ်နဲ့ ဆုံပြီးကတည်းကပါ...။အာရုံမှာစွဲငြိနေသောပုံရိပ်လေးက မျက်လုံးမှိတ်လိုက်တိုင်းပေါ်လာတတ်ပြီး အိပ်မက်ကမ္ဘာအထိတောင် သူမကိုမြင်မက်မိသည်အထိ...။ အကြောင်းမရှိ ရယ်တယ်...စိတ်ကူးယဥ်တယ် စိတ်အာရုံမှာလုံးဝဖယ်ထုတ်လို့မရအောင် သူမပုံရိပ်လေးကိုစွဲလမ်းနေပြီး...ညအိပ်မက်တွေအထိပါ ...သူမ ရောက်နေခဲ့တယ်...။ထို ထိုသော အချင်းအရာတွေက သာမန်သဘောကျမှုလေးထက်ပိုနေပြီလို့ သတ်မှတ်ခဲ့ပါလျှင်...


သေချာတယ်...ကိုယ်မင်းကို ချစ်နေမိပြီ...

ကောင်မလေး...။...။

~~~~💞💞💞💞~~~~

Continue to>>> Part-7


ပိုးဆီကို ဇွတ်အတင်းဝင်တိုးတော့မယ့်အကိုကြီးနဲ့

မောင့်ကို ဇွတ်အတင်းလုယူတော့မယ့် မေ...ကြားထဲကပိုးလေးပဲသနားစရာကောင်းတော့မှာ😁😁ဒါပေမယ့် အရမ်းကြီးလက်မလွန်စေရပါဘူးနော်😁😁အားလုံးကိုမျှတအောင်လုပ်ပေးပါမယ်😁😁


Writer-WineSatt Cho(🍋Lëmoñ 🍋)


rate now: