book

Index 4

~~ Part-( 4 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


""သမီး! မနေ့ကလုပ်ရပ် အရမ်းလွန်တာသိရဲ့လား

ပိုးတုအပေါ်အဲ့လောက် မာမာထန်ထန်မဆက်ဆံဖို့မေမေပြောထားတယ်လေ...သမီးဘာကြောင့်နားမဝင်ဖြစ်နေရတာလဲ??""


မေမေ့ကိုတော့ ခွန်းတုံ့စကားတို့မပြန်မိပါ။ မနေ့ကကိစ္စကြောင့် ဒီလိုစကားတွေကြားရတော့မယ်မှန်း မေ ကြိုသိပြီးသား။ အခုမှလည်းမဟုတ်ပါဘူး...ပိုးရတုနဲ့မေ ထိပ်တိုက်ဖြစ်ကြတဲ့ပြသာနာတိုင်းမှာ မေမေက တစ်ခြားသူဘက်ကပဲဝင်ပြောပေးခဲ့တာ ထုံးစံလိုပင်။ ဟိုကလေးမရဲ့ ပျောတိပျော့ညံ့ပုံစံကြောင့် တော်ရုံဘာမှမကြီးမားသည့်ပြသာနာမျိုးမှာလည်း မေကသာ လူဆိုး...မေ့ဘက်ကသာအလွန်။ ကိုယ့်အမေကိုယ်တိုင်ကိုက သူ့ဘက်ပါနေရသည့်အဖြစ်...။


""သမီးလည်းပြောပြီးသားပဲ မေမေ

ပိုးရတုနဲ့ အကျွမ်းတဝင်ပတ်သက်ဖို့ကမဖြစ်နိုင်ပါဘူး...သမီးက မေမေ့လောက်သဘာမကောင်းဘူး""


""သမီး!

ဘယ်လိုပဲဖြစ်ဖြစ် ပိုးတုလေးက သမီးရဲ့ညီမလေးအရင်းလေ""


ထိုစကားကြောင့် မေတော်ဝင်ရဲ့မျက်နှာထက် မဲ့ပြုံးလှလှလေးတစ်ခုကနေရာယူသွားကာ...


""ညီမအရင်းလား

မေ တစ်ခါမှအဲ့လိုမတွေးဖူးဘူး

သူက မေတို့မိသားစုကို ပြိုကွဲသွားစေတဲ့ တရားခံ

မေ့ဆီကနေ ဖေဖေ့ကို လုယူသွားတဲ့သူ...

သူ့ကြောင့် အရာအားလုံးကသူ့ကြောင့်...

သူဒီလောကထဲကိုရောက်လာလို့ ဖေဖေက သမီးတို့ကိုပစ်သွားခဲ့တာမလား...အဲ့တော့ ဘယ်လိုပဲသွေးသား ဖြစ်နေပါစေ...သမီးသူ့အပေါ်မကျေနပ်နိုင်တာ အမှားလား?""


""အဲ့ဒါ ကလေးနဲ့မှမဆိုင်တာ သမီးရယ်

သူ့မှာဘာအပြစ်ရှိလို့လဲ...သမီးက အမှန်ကိုသိရဲ့သားနဲ့ တမင်ကိုလက်မခံချင်တာ""


""တော်ပါတော့ မေမေ

သမီး ဒီအကြောင်းတွေမပြောချင်ဘူး""


မေ လက်ကာပြရင်း ပြောလိုက်တော့ မေမေလည်းဆက်မပြောဖြစ်ပေ။ အတိတ်ကိုသာပြန်ကြည့်ရင် ဒီအကြောင်းအရာတွေက မေ့ရင်ထဲက အနက်ရှိုင်းဆုံး ဒဏ်ရာအမှတ်အသားတွေပေါ့။ အခုချိန်မှာ အရာအားလုံးနေသားတကျဖြစ်ခဲ့ပြီလို့ထင်စရာရှိပေမယ့် အဲ့ဒါက မေ သတိမရချင်လွန်းလို့ ဇွတ်မှိတ်မေ့ဖျောက်ထား၍ပါ။ ဒီအသက်ရှိနေသရွေ့တော့ သတိရမိတဲ့နေ့ဆိုတာလည်းရှိဦးမှာပါပဲ...


 မေ တဖြေးဖြေးနဲ့ခြေလှမ်းကိုရွှေ့လိုက်ပြီး ခြံထဲကလျှောက်လမ်းလေးထံလှမ်းကြည့်လိုက်မိ၏။ ရဲရဲနီနေတဲ့နှင်းဆီပန်းတွေအစီအရီ ပျိုးထားတာကြောင့် အပေါ်ထပ်ကနေကြည့်ရင် ထိုလမ်းလေးကအရမ်းကိုလှပနေပါရဲ့ ...။ တစ်အိမ်လုံးရဲ့အပြင်အဆင်ကို မေ သိပ်ဂရုမစိုက်ဖြစ်ပေမယ့် ထိုနေရာလေးတစ်ခုကိုပဲ အလှအပဆုံးဖြစ်အောင် ပြင်ဆင်ထားခဲ့တာ ဟိုးအရင်ကတည်းက...။


ဘာကြောင့်လဲ??

အဲ့ဒီနေရာမှာ တစ်ချိန်က မေ့မျက်ရည်တွေအများကြီးစွန်းထင်ခဲ့ဖူးလို့လေ...။ပြန်ကြည့်မိတိုင်း ထိုနေရာမှာရူးမတတ်အော်ငိုနေတဲ့ ကလေးတစ်ယောက်ရဲ့ပုံရိပ်ကိုပြန်မြင်မိမှာစိုးလို့....မလှပတဲ့အတိတ်ကို လှပတဲ့ပန်းလေးတွေနဲ့ တန်ဆာဆင် ပိတ်ဖုံးထားလိုက်တာ...။အခုတော့လှမ်းကြည့်မိတိုင်း အနီရဲရဲပန်းပွင့်လေးတွေပဲမြင်ရရင် မေ့စိတ်ထဲကျေနပ်တယ်...ပျော်တယ်...။


အနှစ်၂၀! လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်...

အဲ့ဒီနေ့က မိုးတွေလည်းရွာနေခဲ့တယ်...

ပြီးတော့ အဲ့ဒီပန်းနီနီတွေရဲ့နေရာမှာ ဝမ်းနည်းစွာငိုကြွေးနေတဲ့ ကလေးငယ်လေးတစ်ယောက်လည်းရှိခဲ့တယ်...


~~~~~~


""ဖေဖေ! မသွားပါနဲ့...မသွားပါနဲ့!""


""ဖေဖေတောင်းပန်ပါတယ် သမီး

ဖေဖေ့ကိုခွင့်လွှတ်ပါ""


""ဟင့်အင်း! မသွားနဲ့..

သမီးကိုအဲ့လိုထားခဲ့လို့မရဘူးနော်""


အသက်(၆)နှစ်ကျော်ကျော်သာရှိသေးတဲ့ ထိုကလေးမလေးက အဖေကိုလည်းသိပ်ချစ် သိပ်တွယ်တာခဲ့တော့ တခြားပြသာနာတွေကိုထည့်တွက်စဥ်းစားမနေပဲ ကလေးပီပီ ကိုယ်ဖြစ်ချင်တာဖြစ်ဖို့ရန်အတွက် ငိုယိုပြောဆိုနေရင်း...လက်သေးသေးလေးတွေကလည်း အဖေ့ရဲ့အင်္ကျီစလေးကို ကိုင်ဆွဲကာ အပြေးတစ်ပိုင်းလိုက်လာခဲ့မိ၏။ ဘယ်လိုမှမလွှတ်တဲ့အဆုံး ဖေဖေကအနောက်သို့ငဲ့ကြည့်ကာ


""ဖေဖေ သမီးအမေနဲ့ကွာရှင်းခဲ့ပြီ

ဒီနေ့ကစပြီး သမီး မေမေ့ဆီမှာပဲ လိလိမ္မာမ္မာနေခဲ့ပါ""


""ဖေဖေဘာလို့ဒီလိုလုပ်တာလဲ??

ဘာလို့သမီးနဲ့မေမေ့ကိုပစ်သွားရတာလဲ""


""ဖေဖေ ဒီအိမ်ထောင်ရေးနဲ့ဘယ်လိုမှအဆင်မပြေတော့ဘူး...သမီးကအရမ်းငယ်သေးတော့ရှင်းပြလို့မရပေမယ့်...ဖေဖေ့ကိုနားလည်ပေးပါ""


အဖေကထိုသို့ပြောကာ ကလေးမလေးရဲ့လက်တွေကိုလည်းအတင်းလွှတ်ချသွားတာမို့


""မသွားနဲ့! သမီးတောင်းပန်ပါတယ်

သမီးကိုမထားခဲ့ပါနဲ့!""


ငိုယိုလျက် ပြေးထွက်လာတဲ့ခြေလှမ်းတို့က ယိမ်းယိုင်ကာ မိုးရေတွေထဲ ခြေချော်လဲကျခဲ့လေ၏။ ဖေဖေကတော့ အနောက်ကိုပင် တစ်ချက်လေးတောင်လှည့်ကြည့်မလာခဲ့...။ သံယောဇဥ်ဖြတ်နိုင်လွန်းလှချည်လား ဖေဖေရယ်...


ထွက်ခွာသွားတဲ့ လူရဲ့ ကျောပြင်ကိုတခဏတော့ အသက်မဲ့စွာငေးကြည့်နေရင်း...ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ သေချာသွားခြင်းရဲ့နောက် အငိုကိုရပ်လိုက်ပြီး နှုတ်ခမ်းပါးလေးများကိုလည်းပြတ်လုမတတ်ဖိကိုက်ကာ မတ်တပ်ထရပ်ဖို့ကြိုးစားလိုက်တော့သည်။ ခြေထောက်တစ်ဖက်က ပွန်းပဲ့ဒဏ်ရာကြောင့် သွေးများပင်စီးကျခဲ့သော်လည်း ကလေးဆန်စွာမတုန်လှုပ်မိတော့။


 ငိုယိုတောင်းပန်ခြင်းဆိုတာ လက်တွေ့မှာအသုံးမဝင်ခဲ့ပါလေ။ ကိုယ့်မျက်ရည်ကို အရေးမစိုက်တဲ့သူအတွက် ထပ်ပြီးမျက်ရည်ကျဖို့ဆိုတာ အင်မတန်မှရူးမိုက်ခြင်းသက်သက်...။ ရတယ်...သွားပါ...

ဒီနေ့လွှတ်ပေးလိုက်တဲ့ လက်တစ်စုံကို နောင်ဘယ်တော့မှ ပြန်မတွဲတော့ဘူးဆိုတာလည်း မှတ်ထားလိုက်ပါ...ဦး ဘုန်း ထွဋ် မြတ်!


အဲ့ဒီ့နေ့ကစလို့ ဖေဖေနဲ့ပတ်သက်ပြီးချစ်ခဲ့ရခြင်းတွေအားလုံးကို နာကျည်းမှုနဲ့အစားထိုးပစ်ခဲ့ရင်း..မေ့ရဲ့ စိတ်တို့ကတဖြေးဖြေးခက်ထန်မာကျောလာခဲ့တော့၏။ မေမေကလည်း အိမ်ထောင်ကွဲကွာမှုကြောင့် အကြီးအကျယ်စိတ်ထိခိုက်ကာ မေ့အပေါ် ဂရုစိုက်မှုတို့လျော့ပါးခဲ့သည်။ အစကတော့ အသက်ငယ်ရွယ်တာကြောင့်ပြသာနာရဲ့အရင်းအမြစ်ကိုမေ နားမလည်ခဲ့ပေမယ့် နောက်တော့ တရေးရေးပုံပေါ်လာရတဲ့ ခါးသီးမှုက ဖေဖေက မေမေ့ကိုမချစ်ခဲ့ခြင်းပါပဲ။ ဖေဖေထွက်သွားတာက သူ့ရဲ့အချစ်ဦးနဲ့အိမ်ထောင်သစ်တည်ထောင်ဖို့ဖြစ်ပြီး အဲ့ဒီ့မိန်းမဆီမှာလည်း သူ့သွေးသားတစ်ခုကပ်တွယ်နေခဲ့ပြီတဲ့! ဒါကြောင့် အဲ့ဒီ့ကလေးကိုပြုစုစောင့်ရှောက်ဖို့ရွေးချယ်ပြီး ဒီမိသားစုကိုဖြိုခွဲသွားခဲ့တာ...


ဒီအမှန်တရားကိုသိခဲ့ရတော့ မေ့ ရင်ထဲပိုလို့ပင်ခါးသက်သွားခဲ့၏။ လူတစ်ယောက်ရဲ့စွန့်ပယ်ခြင်းကို ခံရတာ ဒါနောက်ဆုံးပဲဖြစ်စေရမယ်လို့လည်း မေ တသမတ်တည်းဆုံးဖြတ်ထားခဲ့သည်။ ဒါကြောင့် ဘယ်အရာမှာမဆို သူများထက်သာအောင်ကြိုးစားခဲ့သည်။တွေဝေမှုမရှိသလို နောင်တလည်းကင်း၏။ဘယ်သူနဲ့ပဲယှဥ်ရပ်ပါစေ...အားလုံးရဲ့ရွေးချယ်ကမ်းလှမ်းမှုက 'မေတော်ဝင်'ရဲ့ခြေရင်းမှာ ဝပ်ဆင်းခဲ့ရသည်ချည်းပင်...။ပြီးတော့ မေ့မှာမျက်ရည်ဆိုတာမရှိ။ အဲ့ဒီ့မိုးသည်းသည်းနေ့ရဲ့နောက်ပိုင်း မေ့မှာ မျက်ရည်တို့ဆိတ်သုဥ်းသွားခဲ့တာ ယနေ့တိုင်။

ဘယ်သူကမှလည်း မေ့ကို ငိုစေအောင်မစွမ်းနိုင်ခဲ့တာလေ...။


""သမီး!

ဘာတွေစဥ်းစားနေတာလဲ""


""အရင်ကအကြောင်း နည်းနည်းပါ""


""သမီးရယ်...ဒါတွေပြန်မတွေးပါနဲ့

အရာအားလုံးကဖြစ်ချိန်တန်လို့ဖြစ်ခဲ့တာပါပဲ

ဒီအတိတ်တွေကြောင့် သမီးရင်ထဲဝန်ထုပ်ဝန်ပိုးတွေအဖြစ်မခံပါနဲ့တော့...အတိတ်ကိုလွှတ်ချပြီး လက်ရှိအနေလေးကိုပဲ တန်ဖိုးထားပါ...ပိုးလေးကသမီးကိုသိပ်ချစ်တာ...ကလေးကဖြူစင်ပါတယ် သမီးသာမြင်အောင်ကြည့်ပေးလိုက်ပါ""


 မေမေကသူစိတ်ချမ်းသာရာ ပြောကာ အခန်းထဲမှထွက်သွားလေ၏။ မေမေက သိပ်ကိုပျော့ညံ့လွန်းတဲ့အမျိုးသမီးလို့ပဲမေ အမြဲတမ်း သတ်မှတ်ထားခဲ့တာမလွန်ပါ။ ဒီလိုပျော့ညံ့ခြင်းမျိုးက မေမေ့သမီးအရင်းဖြစ်တဲ့ မေ့ဆီမှာမရှိဘဲ...ပိုးရတုဆီမှာတော့အသေအချာကိုရှိနေတာပင်။ 


မိဘတွေအိမ်ထောင်ကွဲပြီးနောက် မေ့တို့သားအမိလည်းကိုယ့်ဘဝနဲ့ကိုယ်နေခဲ့ကြရင်း...ခံစားချက်တို့အနည်ထိုင်သလောက်ရှိတဲ့ ဆယ်နှစ်အကြာမှာ ပိုးရတုရဲ့လက်ကို ဆွဲလို့ အရှက်မဲ့စွာအိမ်ပေါ်ပြန်တက်လာခဲ့တဲ့ ခင်ပွန်းဟောင်းကို မေမေအပြုံးနဲ့ကြိုနိုင်ခဲ့တာ မေ့မှာအံ့သြလို့မဆုံးခဲ့။ ဘဝသစ်တခုကိုထူထောင်မယ်လို့ကြွေးကြော်သွားတဲ့သူက ဆယ်နှစ်အတွင်း ဘယ်လောက်တောင်ဆင်းရဲနွံနစ်ခဲ့သလဲမသိ...စုတ်တိစုတ်ပြတ်ဖြစ်လာတဲ့ပုံစံကိုကြည့်ရင်း မေ ဟားတိုက်ရယ်မောခဲ့သေးသည်။ ဦးဘုန်းထွဋ် မြတ်ကတော့ မေ့မျက်နှာကိုကြည့်ကာ ဘာစကားမှမဆိုနိုင်ခဲ့။ပြီးတော့ အဲ့ဒီ့ဆင်းရဲဒဏ်ပိခဲ့တဲ့အခြေအနေကြောင့် အိမ်ပေါ်ပြန်ရောက်ပြီး နှစ်အနည်းငယ်မှာပင် ကွယ်လွန်သွားခဲ့လေ၏။ သူသိပ်ချစ်တဲ့ သမီးငယ်လေးကိုလည်း စောင့်ရှောက်ဖို့တဖွဖွမှာကြားသွားခဲ့ရင်းပေါ့...။အမေကလည်းသေဆုံးခဲ့ပြီးသလို အခုအဖေပါဆုံးတော့ မိဘမဲ့ဖြစ်သွားတဲ့ပိုးရတုကို မေမေကသနားဂရုဏာဖြစ်လို့မဆုံးနိုင်ပြန်။


မေကတော့ အဲ့လိုသဘောမကောင်းနိုင်တာကြောင့် ပိုးရတုအပေါ်ဘယ်တုန်းကမှ အကောင်းမမြင်တတ်ခဲ့။ သူမ မေ့အပေါ် ချစ်တာကိုခံစားလို့ရပေမယ့် လက်ခံပေးနိုင်ဖို့ တွန့်ဆုတ်နေသေးတာကိုလည်း မေ မှားတယ်လို့ မထင်ခဲ့တာအမှန်ပင်။


~~~~💞💞💞💞~~~~


""Hey!""


ချိန်းထားတဲ့ဆိုင်ကိုရောက်တော့ ပိုး ဟိုဒီခေါင်းလေးလှည့်ကာရှာနေမိတုန်း လှမ်းပြီးလက်ပြလာတဲ့သူ့ကိုတွေ့တော့မှ အနားသို့အမြန်လျှောက်သွားကာ   


""Sorry!ပါရှင့်...အကြာကြီးစောင့်လိုက်ရလားမသိဘူး""


""ရပါတယ်...လာရင်ပြီးတာပဲ

ထိုင်လေ...ဘာသောက်မလဲ"" 


""မသောက်တော့ပါဘူး

ဒီမှာ အစ်ကို့ကိုပေးရမယ့်အကြွေး

ပိုး ပြန်လိုက်ပါဦးမယ်""


""ခဏလေးနေပါဦး ချာတိတ်ရဲ့!""


သူမက ပြန်တော့မယ်ပြောကာ လှည့်ထွက်တာကြောင့် မောင် ချက်ချင်းပင်ထရပ်ကာ လက်ကိုလှမ်းဆွဲလိုက်မိ၏။ရုတ်တရက်မို့အံ့သြသွားကာ အလန့်တကြားပုံစံလေးဖြင့်လက်ကိုရုန်းလွှတ်ရင်း သူ့ကိုမော့ကြည့်လာတဲ့ မျက်ဝန်းလေးများက အနည်းငယ်အရောင်ဖျော့နေသလိုပါလား...။မနေ့ကတွေ့ခဲ့တဲ့တုန်းကလို တောက်ပခြင်းလေးတွေ သူမမျက်ဝန်းထဲရှိမနေသည်က ဘာကြောင့်လဲ? အဲ့ဒီအဖြေကိုရော သူကဘာကြောင့်သိချင်နေမိတာလဲ? 


""မင်း ဘာဖြစ်လို့လဲ""


""ရှင်!""


""မင်းကိုကြည့်ရတာမနေ့ကနဲ့မတူဘူး

တစ်ခုခုဖြစ်နေသလိုပဲ""


ပိုးရဲ့မျက်ဝန်းတွေထဲ လေးနက်စွာစိုက်ကြည့်လျက်ပြောလာတဲ့ သူ...။ဘာကြောင့်များ ဒီလိုမေးခွန်းမျိုးကိုတပ်အပ်မေးနိုင်ရတာလဲ...။ဘယ်လိုပဲဖြစ်ဖြစ်ပါလေ...သူကခဏတဖြုတ်တွေ့ဆုံရတဲ့ သူစိမ်းပဲကို။


""ဘာမှမဖြစ်ပါဘူး""


""မဟုတ်သေးဘူး...ကိုယ့်အထင်...""


""ရှင့်အထင်ကဘာဖြစ်လို့လဲ

အကယ်၍ပိုးတစ်ခုခုဖြစ်နေတယ်ဆိုရင်ရော ရှင်နဲ့ဘာဆိုင်လို့လဲ...""


ပြောလိုက်ပုံက နည်းနည်းမှကိုရင်းနှီးမှုရှိမနေသလိုပါ။ သူမ ပြောတာလည်းအမှန်ပဲလေ။ ဘာကြောင့် ဒီလိုမေးခွန်းမျိုးသွားမေးမိတာပါလိမ့်!


""ဟုတ်တယ်...မဆိုင်ဘူး

ကိုယ်နည်းနည်း overဖြစ်သွားတယ် sorry!""


""ဟုတ်! ဒါဆို သွားခွင့်ပြုပါဦး""


""ခဏ! မင်းဘာလို့မနေ့ကဖိနပ်ကိုမစီးခဲ့တာလဲ""


""အော်! ပိုးပြောပြီးသားပဲ...အဲ့ဒီ့ဖိနပ်လေးကတော်ရုံလမ်းသွားလမ်းလာနဲ့မသင့်တော်ဘူးလေ...အဲ့ဒါကြောင့်သိမ်းထားခဲ့တယ်""


""သြော်!""


ပြောပြီးတာနဲ့ ဆိုင်ထဲကထွက်ခွာသွားလေတဲ့ပုံရိပ်လေးကို မောင် လှမ်းကြည့်ရင်း...စိတ်ထဲတစ်ခုခုအလိုမကျသလိုခံစားရပြန်သည်...။မင်းစိတ်ထဲတစ်ခုခုကို ခံစားနေရမှန်း ကိုယ်သိနေတယ်...ဒါပေမယ့် ကိုယ့်မှာမေးခွင့်ကမရှိပြန်ဘူး...


""ဟူးး!""


မောင် သက်ပြင်းကိုချကာ ဆိုင်ထဲမှခပ်မြန်မြန်လေးပြေးထွက်လာခဲ့မိတဲ့ ဦးတည်ရာက သူမဆီ...


~~~~💞💞💞💞

မောင် ကားကို ဖြေးညင်းစွာအရှိန်လျှော့မောင်းရင်းလူသွားလမ်း platformလေးအတိုင်းသွားနေတဲ့ ကောင်မလေးနောက်သို့ တောက်လျှောက်လိုက်ကြည့်နေမိ၏။ ထိုကောင်မလေးကတော့သတိပြုမိပုံမပေါ်ပေ။ ဒါနဲ့ဘယ်ကိုသွားနေတာပါလိမ့်! ခုနဆိုင်ကနေ ဒီအထိဆို တော်တော်တောင်ဝေးနေပြီကို ဘာလို့ ဒီအတိုင်းလမ်းလျှောက်လာတယ်မသိတော့ပါ...။taxiစီးရင်းစီး...မဟုတ်ရင်busကားစီးရောပေါ့ ဒီလိုလည်းမဟုတ်ပြန်။ဒီကောင်မလေးက တကယ့်ကို လူထူးဆန်းလေးပဲ။


""ဟေ့! လမ်းဖယ်!

စက်ဘီးက ဘရိတ်မမိတော့ဘူး!""


""အို! အမလေးး!""


 ပိုးအတွေးလွန်နေရင်းမှ အော်သံကြောင့်ရှောင်တိမ်းလိုက်သော်လည်းအချိန်မမှီတော့ပေ။ ထိုစက်ဘီးသမားရော ပိုးပါလမ်းဘေးသို့ပစ်လဲသွားရလေ၏။


မောင် လည်းသူမကိုကြည့်နေရင်းမှ မျက်စိရှေ့ရုတ်တရက်မြန်ဆန်စွာဖြစ်ပျက်သွားတဲ့အခြေအနေကြောင့် ကားပေါ်မှအမြန်ပြေးဆင်းခဲ့ရင်း


""မင်း ဘာဖြစ်သွားသေးလဲ...ရရဲ့လား""


စိတ်ပူစွာမေးလိုက်သော်လည်း သူမကပြန်မဖြေ။မတုန်မလှုပ်လမ်းပေါ်ထိုင်လျက်သားပင်။ ဘေးနားသို့လည်းလူတစ်ချို့ကဝိုင်းအုံလာကာ စက်ဘီးသမားကလည်းတောင်းပန်ပါသည်။သို့ပေမယ့်သူမကခေါင်းငုံ့ကာနှုတ်ဆိတ်နေပြီး မျက်ရည်တွေသာစီးကျနေဆဲ...။


""ရတယ် ဘာမှမဖြစ်တော့ပါဘူး

သူက ကျွန်တော့်အသိပါ

အကိုတို့သွားလို့ရပါပြီ""


အနားက လူတွေကိုယ်စီထွက်သွားမှ မောင် သူမမျက်နှာလေးကိုပြန်ကြည့်ကာ...


""မင်းကလမ်းပေါ်မှာထိုင်ရတာကြိုက်တယ်နဲ့တူတယ်""


""....""


""မင်းလက်ကသွေးထွက်နေတယ်.

လာ ကိုယ်တို့ဆေးခန်းသွားရအောင်""


""ရတယ် မလိုပါဘူး

ကျေးဇူးပါ""


ပြောပြီး ထိုနေရာမှ ထရပ်ပြန်၏။ ဒီလိုပုံစံနဲ့ ကိုယ်က လွှတ်ပေးနိုင်မယ်လို့ထင်ပြန်တာလား...ကျစ်!


""ရှင်! ဒါဘာလုပ်တာလဲ

ကျမ ကိုအောက်ပြန်ချ""


ပြောရခက်လေးကို စိတ်မရှည်တော့တာကြောင့် သူမ ကိုယ်လေးအားပွေ့ယူကာ ကားထဲထည့်လိုက်တော့၏။ ရုန်းကန်ပြီး ပြန်ဆင်းမယ်မှန်းသိတာကြောင့် တံခါး lockကိုပါပိတ်ချလိုက်ပြီး...ကားကိုမောင်းထွက်လာခဲ့သည်


""ရှင်...ဘာလို့အမြဲတမ်းဇွတ်တရွတ်တွေပဲလုပ်နေရတာလဲ""


""မင်းကရော ဘာလို့ဒီလောက်ပြောမရလဲ""


""ကျမ!...""


ဆက်ပြောမယ့်စကားသံကထွက်မလာတော့ဘဲ မျက်ရည်တွေကျလာသည့် သူမကြောင့် မောင်ရုတ်တရက်အံအားသင့်သွားကာ ရင်ထဲမှာလည်းထိတ်ခနဲ...။သူအသံမာကာအော်လိုက်မိပေမယ့် တကယ်ဒေါသထွက်၍မဟုတ်ပါ။ အခုတော့ ဘယ်လိုပြန်ချော့ရတော့မည်နည်း။ 


""ချာတိတ်! မင်းဘာလို့ငိုတာလဲကွာ

ကိုယ်ကမင်းကိုစိုးရိမ်လို့ပြောတာ

မင်း ခြေထောက်အရမ်းနာနေလို့လား

ဘယ်နေရာဒဏ်ရာရထားသေးလဲ ကိုယ့်ကိုပြော""


လေသံပျော့ကာ မေးမှပဲ ပိုလို့ပင်သည်းသည်းမဲမဲ ရှိုက်ငိုလာသည့် ချာတိတ်ကြောင့် မောင် ဘာဆက်လုပ်ရမှန်းမသိအောင်ပင်။ သူအော်လိုက်တဲ့ကိစ္စနဲ့တော့ ဒီလောက်ငိုမယ့်သူမဟုတ်ပါ။စောစောကတည်းက သူမမျက်နှာလေးညိုးငယ်နေတာမဟုတ်လား..။ငိုချင်ရက်လက်တို့ဆိုသလို နဂိုက ငိုချင်နေရသည့်အထဲ သူ့ကိုပစ်မှတ်ရှာသွားတာပဲဖြစ်နိုင်သည်။ ထိုအတွေးကြောင့် မောင် သူမကိုဘာမှဆက်မမေးတော့ဘဲ ခဏလေးလွှတ်ထားပေးလိုက်ဖို့သာဆုံးဖြတ်လိုက်ရင်း ကားလေးကိုလည်းလမ်းဘေးတစ်နေရာတွင်ရပ်ထားပေးလိုက်၏။


ဘေးနားကနေ သူမ ငိုနေရင် သူလည်းကားဆက်မောင်းနိုင်မည်မဟုတ်ပေ။လက်က ဒဏ်ရာကိုကြည့်တော့ သွေးလေးစို့နေဆဲမို့ လက်ကိုင်ပုဝါလေးကိုထုတ်ကာ သူမလက်ထဲထည့်ပေးပြီး...တစ်ဖက်သို့မျက်နှာလွှဲနေပေးလိုက်သည်...


ပိုးလည်း သူ့ကိုအားနာပေမယ့် ငိုမိတဲ့မျက်ရည်တို့ကိုပြန်မသိမ်းဆည်းနိုင်ခဲ့။သူကရော ပိုး ဒုက္ခဖြစ်ချိန်တိုင်းမှာ ဘာကြောင့်အနားရောက်လာတတ်တာလဲ?ပိုးကပျော့ညံ့တာမှန်ပေမယ့် သူစိမ်းယောကျ်ားတစ်ယောက်ရဲ့ရှေ့မှာမျက်ရည်ကျမိတာမျိုးတော့မဖြစ်ချင်ပါ။ထို့ကြောင့် အတန်တန်ချုပ်တည်းခဲ့ပါသော်လည်း လက်တွေ့မှာတော့ ဒီလိုရုပ်ပျက်ဆင်းပျက်ဖြစ်ရတာ ရှက်စရာပါပဲလား...။


မနက်က ပိုး အိမ်ကမထွက်ခင် မမအခန်းဆီရောက်ဖြစ်ခဲ့ပါ၏။ အပြင်မထွက်ခင်တိုင်း အိမ်မှာမမရှိတဲ့အချိန်ဆို ပိုးက မမကိုခွင့်တောင်း၊ နှုတ်ဆက် လုပ်ပြီးမှအပြင်ထွက်နေကျပါ။ဒီမနက်လည်း ခါတိုင်းလိုပင် ပြောရန် အပေါ်ထပ်သို့တက်လာစဥ် မမပြောလိုက်သော စကားအချို့ကိုမထင်မှတ်စွာကြားခဲ့ရလေ၏။


ပိုးက မမတို့မိသားစုကိုဖြိုခွဲတဲ့တရားခံတဲ့!

ညီမလို့လည်း တစ်ခါမှမတွေးဖူးဘူးတဲ့လား မမရယ်

ပိုးအပေါ်မှာထားတဲ့ မမရဲ့အမုန်းတွေ ဒီလောက်ထိနက်မှန်း မသိခဲ့ရိုးအမှန်ပါ...။တစ်နေ့ အဆင်ပြေသွားမှာပါလို့ပဲ မျှော်လင့်ခဲ့မိသမျှ အခုတော့ အရာအားလုံးဆုံးရှုံးသွားရသလိုပင်...


မမက...မမက...ပိုးကိုမချစ်ဘူး!


(နောက်ဆို မောင်နဲ့ပတ်သက်ရင်ပိုဆိုးဦးမှာပါ ကလေးရေ...😭!)


~~~~💞💞💞💞~~~~

Continue to>>> Part-5


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ 🍋)


rate now: