👑 မာနတို့ဖြင့်... စီရင်အပ်သော 👑
""ကဲ! သားအခုပြန်ရောက်လာပြီဆိုတော့ ဒီကလုပ်ငန်းတွေကို တလှည့်ပြန်ကြည့်ပေးပေါ့""
နံနက်ခင်း breakfastဝိုင်းတွင် ဒယ်ဒီထံမှကြားလိုက်ရသောစကားကြောင့် 'မြတ်သောမောင်' ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ပြီးတော့ စိတ်ရှုပ်ထွေးစွာပင် styleကျကျပုံသွင်းထားသည့်ဆံပင်လေးတွေကို မညှာမတာလက်ဖြင့်ထိုးဖွလိုက်မိ၏။ ဘယ့်နှယ်!! မနေ့ကမှပြန်ရောက်တဲ့သားကို အခုပဲလုပ်ငန်းခွင် ထပ်ဝင်စေချင်ပြန်သတဲ့! နည်းနည်းပါးပါးလေးတောင် နားခွင့်မပေးတော့ဘူးလား...။တကယ်ပဲ လူကိုစက်ရုပ်လို့များထင်နေကြသလား...။
""အမလေး!! အစ်ကိုရယ်...ဟိုမှာရှင့်သားမျက်နှာကိုလည်းကြည့်ဦး...မှိုင်းမှိုင်းညို့နေပြီ""
သူ့မျက်နှာအနေအထားကအတော်ပဲကြည့်ရဆိုးသွားသလားမသိ။ မာမီက ပြုံးစစမျက်နှာပေးဖြင့်လှမ်းပြောလေမှ...
""ကျွန်တော်က အလုပ်မလုပ်ချင်တာမဟုတ်ပါဘူး
ခဏလေးနားချင်တာပါ...ပြီးတော့ဟိုကလုပ်ငန်းတွေလည်း အကုန်အဆင်ပြေအောင်လုပ်လာတာပဲ""
""ကဲ! ဟုတ်ပါပြီ...ဒါဆိုလည်း သားသဘော""
မာမီဝင်ပြောတော့ ဒယ်ဒီကလည်းခေါင်းတငြိမ့်ငြိမ့်ဖြင့် ဘာမှတော့ထပ်မပြောချေ။ ဒီလိုမှပေါ့...
""သား...မာမီ မေးဦးမယ်
သားနဲ့ သမီး မေလေးတို့ဘယ်အခြေအနေထိရောက်နေကြပြီလဲ""
""မာမီ့မေးခွန်းက ဘယ်လိုအဓိပ္ပာယ်ကြီးလဲ""
""သြော်! သားရယ်..မာမီမေးချင်တာကို သားသိပါတယ်
သားနဲ့မေလေးကချစ်သူတွေလား...""
""ဟာ! မဟုတ်ပါဘူး မာမီရယ်
သားနဲ့ မေကသူငယ်ချင်းတွေလေ""
""အခုထိသူငယ်ချင်းပဲလား သားရယ်
ဒါနဲ့မနေ့ကလည်း သားကို သူလာကြိုတယ်ဆို""
""ဟုတ်တယ်လေ""
""မာမီကတော့ အဲ့ဒီ့ကလေးမလေးကိုသဘောကျတယ်
ပုံစံလေးက ရဲရဲရင့်ရင့် ထက်ထက်မြက်မြက်နဲ့...သားနဲ့လည်းအရမ်းလိုက်ဖက်တယ်""
မာမီ့ရဲ့အစွဲအလမ်းကြီးပုံကိုတော့ 'မောင်'လက်ဖျားခါချင်မိသည်။ တကယ်ဆို မေနဲ့ရင်းနှီးပြီးကတည်းက မေ ဒီအိမ်ကိုတစ်ကြိမ်သာလာဖူးတာပါ...သူ မရှိတဲ့နှစ်အတောအတွင်းလည်း မေ တစ်ကြိမ်မှ မလာခဲ့ဖူး...။ဒါနဲ့များတောင် တစ်ခါသာမြင်ဖူးတဲ့ မိန်းကလေးအပေါ် မာမီ ဤမျှအထိသဘောတွေ့သတဲ့!! မေ့အကြောင်းဖြင့်ဘာမှမသိပါဘဲ...။တကယ်သာ 'မေတော်ဝင်'ဆိုတဲ့မိန်းကလေးအကြောင်းကို ဂဃဏနသိခဲ့ပါလျှင် မာမီ ဤသို့ပြောဦးမှာပဲလား...
မေက သိပ်လှသလောက် သိပ်လည်းမာနကြီးသလို တခြားမိန်းကလေးတွေနဲ့မတူဘဲ ရဲရင့်ထက်မြက်လွန်းတာအမှန်ပါ။ဒီလို အကြောင်းအချင်းအရာတွေရဲ့နောက် အနည်းငယ်အတ္တဆန်သည့် စရိုက်ကမဖြစ်မနေကို ကပ်လျက်ရှိနေတာ မောင် အစကတည်းက သတိထားမိခဲ့တာပေါ့။ အချိန်ခဏလေးပဲ ရင်းနှီးခဲ့တယ်ဆိုပေမယ့် မောင် သူမစိတ်ဓာတ်ကို လန့်မိတာတော့အမှန်။သူငယ်ချင်းလို ခင်လားဆိုတော့ ခင်ပါတယ်...သို့ပေမယ့် ချစ်သူလိုအနေအထားမျိုးကိုတော့ ဘယ်တုန်းကမှမတွေးကြည့်ခဲ့ဖူးသလို...ဖြစ်လာမှာလည်းမဟုတ် ။ ကောင်းခြင်းဂုဏ်ပုဒ်တွေအများကြီးနဲ့ပြည့်စုံနေတဲ့ 'မေတော်ဝင်'ဟာ သားရှင်တိုင်းလိုချင်တဲ့ချွေးမမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဲ့ဒီ့သားဘက်ကကြည့်ရင်တော့သိပ်မလွယ်ကူလှ။ အထူးသဖြင့်ကတော့ 'မြတ်သောမောင်'ဆိုသောသူ့အတွက် 'မေတော်ဝင်'ဟာ လုံးဝကို အံဝင်ခွင်ကျမဖြစ်တဲ့ styleမျိုးပါ။ သူအမြဲတမ်းမျှော်လင့်ထားတဲ့ သူ့ရဲ့ ideal typeက ရိုးသားအေးဆေးတဲ့ အိန္ဒြေရှင်မိန်းကလေးမျိုး...။အကြည့်တစ်ချက်နဲ့တင် ရင်ကိုအေးစေတဲ့အဖြူရောင်လှပခြင်းမျိုးပေါ့...။
တစ်နေ့တော့ ကိုယ်မျှော်လင့်တဲ့အဖြူရောင်လေးကို ရှာတွေ့မှာပါ...တစ်နေ့ပေါ့ ။
~~~~💞💞💞💞~~~~
""📲📲📲""
""ပိုး...နင် ဘယ်နားရောက်နေပြီလဲ""
""အင်း...ဘယ်နားလဲဆိုတော့...""
ပိုး လက်တစ်ဖက်ကဖုန်းပြောနေရင်း ဘေးပတ်ဝန်းကျင်ကိုလည်းခေါင်းလေးလည်ကာ လိုက်ကြည့်နေမိသည်။ ပုံမှန်ဆို ကျောင်းနဲ့ကိုယ့်အိမ်ကလွဲရင် ဘယ်မှမသွားတတ်တဲ့ ပိုးက အခုတော့ သူငယ်ချင်းရဲ့အကူအညီတောင်းမှုကို လိုက်လျောမိခဲ့၍ မရောက်ဖူးသောပတ်ဝန်းကျင်မှာ တဝဲလည်လည်ဖြစ်နေရပြီလေ။ ပိုး ကိုယ်တိုင်ကိုက နေရာတကာမှာ ကြောက်တတ်ပြီး တုံးအလွန်းတာပါ...။ အခုလည်း သူငယ်ချင်းရဲ့အိမ်လိပ်စာကို သေချာပြောပြီး taxiစီးလာခဲ့ပေမယ့် လမ်းနာမည်မှားပြောလိုက်မိလို့ တလွဲတွေဖြစ်ရပြန်သည်။ သူက လာခေါ်မယ်ပြောပေမယ့် သူနေမကောင်းလို့ စာကူးထားတာလေးတွေလာပို့ပေးသည်ဆိုကာမှ သူ့ကိုထွက်လာခိုင်းလို့ဖြစ်ပါ့မလား...
""ဟဲ့! ပိုးရေ...ငါပြောတာကြားလား""
""အင်း...ငါက Cherry st. ထဲရောက်နေတာ
အစိမ်းရောင်နှစ်ထပ်တိုက်အိမ်""
""ဒါဆို ရှေ့ကိုဆက်လျှောက်လာခဲ့
ပြီးရင် ဘယ်ဘက်နှစ်လမ်းကျော်ကိုလျှောက်လာခဲ့
အလယ်နားလောက်က No.A 135က ငါတို့ခြံ""
""အော်! အေး..ငါ့ဘာသာရှာပြီးလာခဲ့မယ်
နင်စိတ်မပူနဲ့...မလာခဲ့နဲ့နော်""
ဖုန်းချလိုက်ပြီး ဘေးဘီကိုပင်မကြည့်တော့ဘဲ ခြေလှမ်းခပ်သွက်သွက်လေးလှမ်းလိုက်မိစဥ်...
""ရှပ်! ရှပ်!""
ခြေလှမ်းအရွှေ့မှာ နောက်ပါးဆီကခြေသံတရှပ်ရှပ်ကိုကြားလိုက်ရပြန်သည်။ဒါ ခုန ပိုး ဒီလမ်းထဲကိုစဝင်ကတည်းက သတိထားမိနေသောအသံ....
အစကတော့ သူ့ဘာသူ သွားတာပါလေလို့ထင်ခဲ့ပေမယ့် ဒီအသံက ပိုး ခြေလှမ်းရပ်ရင် ရပ်သွားပြီး...ခြေလှမ်းရွှေ့ရင်ထပ်ကြားရသည်မို့ ပိုး အနောက်ကိုပင်လှည့်မကြည့်ပါဘဲ ခြေလှမ်းတို့က အပြေးတစ်ပိုင်းဖြစ်လာကာ အခုမှဘေးပတ်ဝန်းကျင်ကိုထပ်ကြည့်တော့ လူသွားလူလာသိပ်ရှိမနေချေ။ အားလုံးက ခြံတံခါးတွေပိတ်ထားပြီး ကိုယ့်ဘာကိုယ်သီးသန့်နေကြသည့်ရပ်ကွက်များလားမသိ...
""အ! အမလေး!!""
အတွေးတို့မဆုံးခင်မှာပဲ ထိုသူက ပိုးရဲ့ဘေးချင်းယှဥ်အနေအထားသို့ရောက်လာပြီး ပုခုံးပေါ်လွယ်ထားသည့် အိတ်လေးကိုလည်းအရှိန်ဖြင့်ဆောင့်ဆွဲဖြုတ်ယူကာ ထွက်ပြေးသွားလေ၏။ တွန်းတိုက်သွားသည့်အရှိန်ကြောင့် ပိုး ဟန်ချက်ပျက်ပြီးလဲကျမလိုဖြစ်သွားရပေမယ့်...ဒီလိုအချိန်မျိုးကျ သတ္တိကရှိသွားရပြန်ကာ ထိုလူနောက်မရမကပြေးလိုက်လာမိရင်း...
""ဟိတ်လူ!! ရပ်...ကျမအိတ်ပြန်ပေး...""
""......""
~~~~~~~~
""📲📲📲""
ကားမောင်းလာရင်းမှ ဖုန်းဝင်လာသံကြောင့်လှမ်းကြည့်လိုက်တော့ contact listက 'May'ဖြစ်နေတာမို့ ကားကိုလမ်းဘေးတစ်နေရာသို့ ခဏထိုးရပ်လိုက်ရင်း...ဖုန်းကိုကောက်ကိုင်လိုက်ရသည်...။ အိမ်ကထွက်ကတည်းက ဖုန်းဝင်နေတာနှစ်ခါ သုံးခါမကတော့တာမို့ အခုတခါတော့ ဖြေဖို့သင့်ပြီလေ...
""Hello! မေ...ပြောလေ""
""မောင်...နင်ပြန်ရောက်ပြီးကတည်းက အရိပ်အယောင်တောင်မမြင်ရပါလား...ဖုန်းလည်းမဆက်ဘူး...ငါဆက်တာတောင် အခု၅ကြိမ်ခေါ်မှ ဖုန်းကိုင်တယ်""
""Sorry!ပါကွာ...ငါအခုအပြင်ရောက်နေတာ
ပြီးတော့ ကားမောင်းနေလို့...
မြို့ထဲမရောက်တာကြာတော့ကားလျှောက်မောင်းကြည့်နေတာလေ...အခုကသူငယ်ချင်းတစ်ယောက်အိမ်သွားနေတာ""
""အင်း...ဒါဆိုလည်းပြီးရော
နောက်မှပြန်ဆက်မယ်""
တစ်ဖက်ကဖုန်းချသွားမှပဲ ကားလေးကိုအရှိန်မှန်မှန်လေးဖြင့်မောင်းထွက်လာခဲ့ရင်း...လမ်းကွေ့တစ်နေရာအရောက် ခပ်လှမ်းလှမ်းမှာတွေ့လိုက်ရသောမြင်ကွင်းတစ်ခုကို မောင် အသေအချာလိုက်ကြည့်နေမိ၏။ အိတ်လေးတစ်ခုကိုလက်ကကိုင်ကာ ပြေးလာသည့်လူတစ်ယောက်...သူ့နောက်မှာက မောကြီးပမ်းကြီး ပြေးလိုက်လာတဲ့ အဖြူရောင်ပုံရိပ်လေးတခု...။ မောင် လည်းအခြေအနေကိုချက်ချင်းသဘောပေါက်သွားကာ မြန်မြန်ပဲလှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပြီး...
""ဟေ့လူ! အခုရပ်နော်!""
""ကျွီးး!!""
""အမလေး! သေပါပြီ!!""
ပြေးလိုက်လာရင်းကနေ ပိုးရဲ့ကတ္တီပါခြေညှပ်ဖိနပ်အပါးလေးက ကြိုးပြတ်သွားကာ လူလည်းလမ်းပေါ်လဲကျသွားချိန် နဲ့ ပိုးအိတ်ကိုယူသွားတဲ့ဟိုလူရဲ့ရှေ့ကနေ အနက်ရောင်ကားတစ်စီးက ကန့်လန့်ဖြတ်အနေအထားဖြင့်ပိတ်ရပ်လိုက်ချိန်က တပြိုင်နက် ။ ပြီးတော့ ထိုကားပေါ်မှ လူတစ်ယောက်အမြန်ဆင်းလာကာ ဟိုသူခိုးကိုဖမ်းဆီးချုပ်နှောင်ထားလိုက်လေ၏။ ပိုးလည်း အခုကျမှစိတ်ကိုလျှော့လိုက်တော့ လူကတော်တော်မောနေကာ ဖိနပ်ကလဲပြတ်နေပြီမို့ ထိုနေရာကကိုမထနိုင်တော့ပေ။
""ရော့! ဒီမှာ မင်းအိတ်!
လူရော ဘာဖြစ်သွားသေးလဲ??""
အနားသို့လျှောက်လာကာ ငုံ့ကြည့်လျက်မေးနေရင်းကနေ သူက ပိုးရဲ့ဘေးသို့ဒူးတစ်ဖက်ထောက်လျက် ထိုင်ချလိုက်ပြီး
""ဖိနပ်ပြတ်သွားတာကိုးး
မင်းကတော်တော်အပြေးသန်တာပဲ""
""ကူညီပေးတဲ့အတွက်ကျေးဇူးပါရှင့်
ဒါနဲ့ဟိုလူရော""
""ပြေးပြီ...အဓိကကမင်းပစ္စည်းပြန်ရဖို့ပဲမလား
အခုရပြီလေ...ပြီးပြီပေါ့...ဘာလဲ? မင်းကရဲစခန်းထိပို့ချင်သေးတာလား""
""ဟင်! မဟုတ်ပါဘူး""
""မဟုတ်ရင် လာ...ထ!
ထနိုင်ရဲ့လား??""
ကမ်းပေးလာသည့်လက်တစ်ဖက်အား ပိုး အလိုက်သင့်မဖမ်းဆုပ်မိဘဲ ထိုသူ့မျက်နှာကိုသာ ကြောင်အမ်းအမ်းနဲ့ငေးကြည့်နေမိသည်။ သူက သူစိမ်းတစ်ယောက်ပါ...အခုမိနစ်ပိုင်းအနည်းငယ်လေးအတွင်းမှာမှ စမြင်ဖူးတဲ့ လူစိမ်းတစ်ယောက်...ဒါပေမယ့် သူ့အမူအရာနဲ့မျက်ဝန်းအကြည့်က ပိုးအပေါ် နွေးထွေးလွန်းလှချည်လား...ဒါက သူလူတိုင်းအပေါ်ဆက်ဆံနေကျ ပုံစံပဲလား...။
အို! ငါဘာတွေလျှောက်တွေးနေပါလိမ့်နော်...
ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းကိုခါယမ်းလိုက်တော့ သူကနားမလည်သလိုပြန်ကြည့်ကာ...
""ဒီမှာ...မင်းဒီတနေကုန် လမ်းပေါ်ထိုင်နေမလို့တော့မဟုတ်ပါဘူးနော်""
""ရှင်!!""
သူပြောသမျှကို တရှင်ရှင်နဲ့ အူတိအူကြောင်ပုံစံလေးဖြစ်နေသော ကောင်မလေးကိုကြည့်ရင်း မောင့်နှုတ်ခမ်းတို့က အလိုလိုပြုံးမိလျက်သား...။ကမ်းပေးသည့်လက်ကိုမကိုင်ပဲ သူ့မျက်နှာကို ပြန်မော့ကြည့်နေတဲ့မျက်ဝန်းနက်နက်လေးများက တကယ့်ကိုအပြစ်ကင်းစင်လွန်းတဲ့ ကလေးငယ်လေးပမာ ဖြူစင်လွန်းလိုက်တာ...။ပြီးတော့ ထင်ရှားတဲ့အလှတရားနောက်တခုက ပိုးသားလိုနက်မှောင်ဖြောင့်စင်းနေတဲ့ ဆံနွယ်ရှည်လေးများပင်...။တကယ်ပါ...သူ့တစ်သက်ဒီလောက်ဆံပင်ရှည်တဲ့မိန်းကလေးမျိုး အပြင်မှာမတွေ့ဖူးသေး။
ဒီကောင်မလေးကိုမြင်မြင်ချင်း ဘာကြောင့်များ ဒီရင်ထဲလှုပ်ခတ်နေရတာလဲ...။တစ်သက်နဲ့တစ်ကိုယ် ဒီနှလုံးသားက ဘယ်မိန်းကလေးအတွက်နဲ့မှ အခုန်မမြန်ခဲ့ဖူးတာလေ...။
""ကဲ! လာ...ထ""
ပိုးကို တွဲထူပေးလိုက်ပြီး ဝတ်ထားတဲ့ဂါဝန်အဖြူလေးရဲ့အနားစမှာ ကပ်ငြိနေတဲ့သဲတွေ ဖုန်တွေကိုတောင် ခါပေးလိုက်သေးရဲ့!! ပြီးတော့ ကားအနားထိတွဲခေါ်လာပြီး တံခါးကိုဆွဲဖွင့်လိုက်လေသည်။ပြောချင်တာက ကားပေါ်တက်ဆိုတဲ့သဘော...
""အမ်! ကျမက ဘာလို့ရှင့်ကားပေါ်တက်ရမှာ??""
""မင်းဖိနပ်ပြတ်နေတယ်လေ...
ဘယ်ကိုဆက်သွားဦးမှာလဲ""
""ဒါ ဒါဆို...ဒီနှစ်လမ်းကျော်က ကျမသူငယ်ချင်းအိမ်ကိုပဲလိုက်ပို့ပေးပါလား နော်...ကျေးဇူးတင်ပါတယ်""
""အင်း! Okလေ...ကားပေါ်တက်""
အခက်အခဲဖြစ်နေလို့သာအကူအညီတောင်းရတာ...ပိုးမှာ ရင်'တမမ'...။အခုမှတွေ့ဖူးသော သူစိမ်းယောကျ်ားလေးရဲ့ကားပေါ်တက်လိုက်ရတဲ့အဖြစ်က ဘယ်လောက်ထိများကြောက်ဖို့ကောင်းလိုက်သလဲ...။သူလူဆိုးမှန်းမသိ ကောင်းမှန်းမသိ...။ဒါပေမယ့် ဒီအစ်ကိုက လူကောင်းတော့ဖြစ်ဟန်တူပါသည်။ ဒီလိုပဲစိတ်ချကာ တွေးနေတုန်း သူ့ကားက ပိုးပြောထားသောလမ်းကို ကျော်မောင်းသွားတာကြောင့် ပိုးမျက်လုံးတွေပြူးကျယ်သွားမိရင်း...
""ဟင်!! ရှင်...ရှင်လမ်းကျော်သွားပြီလေ""
ပြောသော်လည်းသူက ဘာမှပြန်မဖြေ။ရှေ့ကိုပဲကြည့်နေတာကြောင့် ပိုး ချွေးတွေတောင်ပြန်လာရသည်။ မှားတယ် မှားတယ်...ပိုး သူတစ်ပါးအပေါ်အယုံလွယ်မိသွားပြီထင်ပါတယ်...
ဘေးမှာ ကြောက်အားလန့်အား မျက်လုံးပြူးမျက်ဆံပြူးနဲ့အမျိုးမျိုးဖြစ်ပျက်နေသောကောင်မလေးကြောင့် 'မောင့်'မှာရယ်ချင်နေရသည်။ အခက်အခဲဖြစ်လို့သာသူ့ထံအကူအညီတောင်းပေမယ့် ဒီကောင်မလေးကြည့်ရတာ အစကတည်းကသူ့ကိုယုံကြည်ပုံမရ။ ခုနကဖြင့် သူ့အိတ်လုသွားတဲ့သူနောက်ပြေးလိုက်နေတာများ တကယ့်သတ္တိခဲမလေး...။အခုတော့ ပတ်ထားပေးတဲ့ ခါးပတ်ကြိုးကိုလက်နှစ်ဖက်နဲ့ကျစ်ကျစ်ပါအောင်ဆုပ်ကာ မျက်စိကိုလည်းစုံမှိတ်ထားလေ၏။
""ကျွီးး!""
တစ်နေရာမှာ ကားကရပ်သွားတော့မှ ပိုးမျက်လုံးလေးကို မဝံ့မရဲခိုးဖွင့်ကြည့်မိတော့...အရင်ဆုံးဘေးနားမှာပြုံးကြည့်နေသည့်မျက်နှာချိုချိုကိုတွေ့လိုက်ရပြန်သည်။ လူကိုရယ်စရာသတ္တဝါများမှတ်နေလားမသိ။ ကြည့်ပြီးပြုံးနေလိုက်တာများ နှစ်နှစ်ကာကာ...။ဒါပေမယ့် သူ့အပြုံးဟာ သိပ်ကြည့်ကောင်းသည်ဆိုတာတော့ ပိုးဝန်ခံချင်ပါသည်။ ဒီအစ်ကိုက သိပ်ကိုချောမောခံ့ညားတဲ့သူပါ...အဓိကကတော့လူကောင်းဖြစ်ဖို့သာလိုတာ...။ဒါနဲ့ သူငါ့ကိုဘယ်ခေါ်လာတာတုန်း!!
ပိုး အခုမှပတ်ဝန်းကျင်ကို လှည့်ပတ်အကဲခတ်ကြည့်လိုက်တော့...လူစည်ကားနေတဲ့လမ်းမတစ်နေရာမှာပါပဲ...
တော်ပါသေးရဲ့!
""ကိုယ်က မင်းကိုဘယ်ခေါ်သွားမယ်ထင်လို့လဲ
ပြီးတော့ မင်းအတွေးထဲမှာ ကိုယ့်ကို လူကောင်းလူဆိုး ခွဲခြမ်းစိတ်ဖြာနေတာရပ်လိုက်တော့...ကိုယ်ကလူဆိုး ဆိုရင်အစကတည်းက မင်းကိုတောင်မကယ်ဘူး...ပစ်ထားလိုက်မှာ""
အတွေးတွေအထိပါ ထိုးဖောက်မြင်နေရသလို ပြောသွားလိုက်တာက အတိအကျဖြစ်နေတာမို့ ပိုးအံ့အားသင့်သွားမိကာ မျက်လုံးပြူးလေးနဲ့ပြန်ကြည့်မိပြန်သည်...
""ဒါဖြင့် ရှင် ကျမပြောတဲ့နေရာကိုဘာကြောင့်မပို့ပေးလဲ""
စကားဆုံးတော့သူက တစ်နေရာကိုလက်ညှိုးထိုးပြတာမို့...ပိုးလိုက်ကြည့်မိတော့ ဖိနပ်ဆိုင်ဖြစ်နေလေ၏။
""ကိုယ်ကကူညီလက်စနဲ့ လမ်းတဝက်မှာမရပ်လိုက်ချင်လို့ပါသဘောပေါက်ပြီလား...လာ ဆင်းခဲ့""
ပိုး ဇဝေဇဝါဖြင့်သာ သူ့နောက်ဆင်းလိုက်ခဲ့ရပြန်သည်။ အခုမှတွေ့ဖူးတဲ့ သူစိမ်းမိန်းကလေးတစ်ယောက်ကို သူဘာကြောင့်များ ဒီလောက်ထိ လိုက်လိုက်လျောလျောတွေကူညီနေပါလိမ့်!မသိရင်ပဲ သူနဲ့ပိုးကအနှစ်နှစ်အလလ ရင်းနှီးနေသလိုပုံစံနဲ့။
ဆိုင်ထဲရောက်တော့လည်း သူပဲရှေ့ကဦးဆောင်ကာ ဟိုကြည့်သည်ကြည့်လုပ်နေလေ၏။ ပြီးတော့ သူဝင်တဲ့ဘက်က တကယ့်brandedဖိနပ်တွေထားတဲ့ဘက်မို့ ပိုးသူ့နောက်ကမလိုက်တော့ဘဲ ရိုးရိုးစျေးသင့်ရုံလောက်သာရှိမည့်ဖိနပ်ကိုရှာနေလိုက်သည်။လိုက်ကြည့်လဲအပိုပဲလေ...ပိုးမှမဝယ်နိုင်တာ။ဒါပေမယ့် မျက်လုံးအကြည့်တို့က ဖိနပ်လေးတစ်ရံအပေါ်ကျရောက်သွားချိန်မှာတော့ ထိုနေရာကနေ အကြည့်လွှဲဖို့ရန်တောင်မလွယ်လောက်အောင် ငေးမိသွားလေသည်။
အနက်ရောင် high heelလှလှလေးကိုမှ အပေါ်မှာ ကြိုးလေးတွေရှုပ်ရှုပ်ယှက်ယှက်ချည်ထားသေးပေမယ့် တစ်မျိုးလေးဆန်းနေကာ ထိုဖိနပ်လေးက ပိုးမျက်လုံးထဲအရမ်းကိုလှနေ၏။
""လှလိုက်တာ!""
""မင်းကြိုက်ရင် ယူလေ!""
""ဟင့်အင်း! မယူပါဘူး
ပိုးနဲ့လိုက်ဖက်မှာမဟုတ်ဘူး
ဒါမျိုးက ပိုးရဲ့မမ စီးမှ လှမှာ""
အပြုံးလေးနဲ့ပြောကာ တစ်ဖက်သို့ထွက်သွားလေတဲ့ကောင်မလေးကိုကြည့်ပြီး 'မောင့်'ရင်ထဲအမည်မသိခံစားချက်တစ်ခုက စီးမြောဝင်ရောက်လာပြန်၏။တကယ်တော့ ဒီခံစားချက်က သူမကိုစတွေ့လိုက်ချိန်ကတည်းက ရင်ထဲဖြစ်တည်နေခဲ့တာ။ ကိုယ်နဲ့လည်းမသိတဲ့မိန်းကလေးတစ်ယောက်ကို ဒီလောက်အထိလိုက်ကူညီပေးနေမိတာက အကြောင်းပြချက်မရှိ။ သူမကို ဒီအတိုင်းပစ်မထားနိုင်ဘူးဆိုတဲ့ခံစားချက်ကတော့ ရင်ထဲအသေအချာကိုရှိနေတာအမှန်။ ဒါပေမယ့် အဲ့ဒါကလည်းဘာကြောင့်မှန်းမသိ။
အခုလည်း သူမငေးကြည့်ရုံသာကြည့်သွားတဲ့ ဖိနပ်လှလှလေးကို တစ်ချက်ပြန်ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်မိပြန်သည်...။....။
(ဝယ်ပေးမလို့တဲ့ ခိုခိုက😅)
~~~~💞💞💞💞~~~~
Continue to >>>Part-3
Readers/writersလေးတွေအားလုံးက VIPပါ
အားလုံးကိုချစ်တယ်နော်
မနက်ဖြန်ကျရင်တော့ ယုန်လေးတို့ကိုစupပါမယ်နော်
😁😁မေတို့ကိုတစ်ရက်နားပါမယ်ရှင့်😘
Writer -WineSatt Cho(🍋Lëmoñ 🍋)