book

Index 13

~~ Part-( 13 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


""ငါ တကယ်ပြောနေတာ ပိုးရဲ့

ဒီကိစ္စနဲ့ပတ်သက်ပြီး မမလေးက အရမ်းအေးတိအေးစက်ကြီး တုံ့ပြန်နေတာမဟုတ်ဘူးလား...နင်တကယ်ယုံလို့လား?""


အိသူကတော့ ထုံးစံအတိုင်းပါပဲ။ မမကိုကြောက်သလောက် သံသယလည်းများတတ်သူပါ။ မမကသာ အိမ်အကူရယ်လို့ အဆင့်အတန်းခွဲခြားစွာဆက်ဆံပေမယ့် ပိုးကတော့ တရင်းတနှီး သူငယ်ချင်းလို ညီအမလိုချစ်ခင်ခဲ့တာမို့ သူက အရာရာမှာ ပိုးဘက်ပဲသာနေခဲ့တာလေ။ အခုလည်း သူက အိမ်မှာအမြဲရှိနေသဖြင့် အခြေအနေအားလုံးကို သိနေ၍ မမဘက်က တုံ့ပြန်မှုအေးနေတယ်ဟုဆိုကာ မယုံနိုင်စွာ သံသယတွေထားနေခြင်းပင်။ သူပြောပုံအရတော့ မမက အိမ်ကိုပြန်လာပြီး တော်တော်လေးကိုအော်ဟစ်သောင်းကျန်းခဲ့ပုံပါ။ ဆိုလိုတာ ပိုးရှေ့မှာတည်ငြိမ်ပြနေသည်က မုန်တိုင်းကို ဖုံးကွယ်ထားသည့် မာယာလေညှင်းပေါ့။


""မမက အစပိုင်းတော့စိတ်ဆိုးသွားလို့နေမှာပါ""


""ဒါပေမယ့် နင်သတိတော့ထားနော် ပိုး

မမလေးအကြောင်း နင်သိပါတယ်...ဘယ်အချိန်မှာ ဘယ်လိုဖြစ်မယ်မမှန်းနိုင်ဘူး""


""နင် အစိုးရိမ်လွန်နေပြီ အိသူရယ်

မမက ငါ့ရဲ့ အစ်မအရင်းပါ...ဘယ်လိုပဲ မချစ်ပေးဘူးဆိုဆို ရက်ရက်စက်စက်တော့မမုန်းတန်ပါဘူး""


ဒီထက်ပို၍ဆက်ပြောလို့မဖြစ်တော့တာကြောင့် အိသူလည်းငြိမ်နေလိုက်ရတော့၏။ ပိုးကသာ အစ်မအပေါ်ချစ်တဲ့စိတ်ကြောင့် အယုံလွန်နေပေမယ့် သူမတို့ကတော့ ဘေးကသူစိမ်းမို့အားလုံးမြင်နေရတာပင်။ အဲ့ဒီ့နေ့ကဆို မမလေး အရမ်းကိုဒေါသမာန်ကြီးနေခဲ့တာ တကယ့်ကိုမှကြောက်စရာပါ။ ပိုးကိုလည်း 'မရှိမှဖြစ်မယ်'လို့ကျိန်းသေကြုံးဝါးနေခဲ့တာ...တခုခုလုပ်ပစ်မည့်ပုံစံနှင့်။မျက်လုံးစူးစူးတွေမှာလည်း ကြက်သီးထဖွယ်ပင်။ ပိုး ရှေ့မှာစကားပြာတော့ နောက်တစ်ယောက်လိုပင်ပြောင်းလဲသွားကာ တည်ငြိမ်မှုအပြည့်။ စောစောက အော်ဟစ်သောင်းကျန်နေသူမှ ဟုတ်ပါလေစ ဟုတောင် အိသူ တအံ့တသြငေးကြည့်နေခဲ့မိတာ။သို့သော် ကိုယ်က အစေခံအဆင့်မို့ သခင်တို့ရဲ့အရေးကိစ္စတွေမှာ လိုအပ်တာထက်ပိုပြီး ဝင်ပြော၍မရ။သိတာကို မသိသလိုနေရကာ...ကြားခဲ့ရင်လည်း ထို့နည်းတူပါ။ ပြီးတော့ ပိုးနဲ့ မမလေးက ညီအစ်မအရင်းတွေလေ ကိုယ်က မဆိုင်တာကို လိုတာထက်ပိုပြောရင် ပိုးကတောင် တစ်မျိုးတစ်မည်ထင်သွားနိုင်သည်မို့ နှုတ်ဆိတ်ရုံမှတပါး အခြားမရှိတော့ပါ။


""အင်းလေ! နင်ယုံကြည်ရင်ပြီးတာပါပဲ

နင့်အတွက်လည်းဝမ်းသာပါတယ်...အဲ့ဒီ့ အကိုကြည့်ရတာ နင့်ကိုတော်တော်ချစ်ပုံပဲ...ဒါနဲ့လေ

ဒီရက်ပိုင်း ငါခွင့်ယူထားတယ် ပိုး""


""ဟင်! နင်ဘယ်သွားမလို့?""


""ငါက မိဘမဲ့ဆိုပေမယ့် ဒီအိမ်ကိုအလုပ်မဝင်ခင် ငါ့ကို ကျွေးမွေးခဲ့တဲ့ အဒေါ်တစ်ယောက်ရှိတယ်..ဘာမှတော့မတော်ပေမယ့် ကျွေးကျေးဇူးရှိတယ်လေ...အခုသူ့ကျန်းမာရေးကတော်တော်ဆိုးနေလို့ ငါသွားပြီးပြုစုပေးချင်တယ်...သူ့သားသမီးတွေကလည်း အဝေးမှာဆိုတော့""


""အင်း..နင် မမကိုပြောပြီးပြီလား""


""ပြောပြီးပါပြီ...မမလေးခွင့်ပြုထားတယ်

ငါမရှိတဲ့ရက်ပိုင်း နင်ဂရုစိုက်နော် ပိုး""


""အင်းပါ နင်ကသာ အဝေးသွားရမယ့်သူ

နင် ဂရုစိုက်ရမှာ""


""ငါ နင့်ကိုစိတ်ချမယ်နော်

တကယ်ပါ ပိုးရယ်..ငါလေ ဒီအိမ်မှာရှိခဲ့တဲ့တစ်လျှောက် နင့်ကိုတကယ့်ညီအမအရင်းလိုအရမ်းချစ်ခဲ့တာပါ...""


""ကဲ! ငါသိပါတယ်

နင်ကလည်း ခရီးသွားခါနီး ဘယ်လိုဖြစ်နေတာလဲ""


""မသိပါဘူးဟာ..ငါက နင်အန္တရာယ်တခုခုဖြစ်မှာစိုးရိမ်လို့""


စိတ်မချသလို ပြောနေတဲ့စကားသံတို့ကြောင့် ပိုးမှာ ဝမ်းတောင်နည်းလာရ၏။ ပိုးလည်း သူ့ကိုတကယ့်ဆွေမျိုးတစ်ယောက်လိုချစ်ခဲ့တာပါ။ စိတ်ရင်းစစ်မှန်မှုကြောင့်ပဲထင်ပါရဲ့...သူစိမ်းတွေဆိုသော်ငြား ပိုးတို့က အရမ်းကိုသံယောဇဥ်ကြီးကြ၏။ ဒါဆို မမကရော...သူစိမ်းတစ်ယောက်နဲ့တောင် ဒီလိုချစ်ခင်လို့ရပါလျက် မမက သွေးသားအရင်းဖြစ်တဲ့ ပိုးကို နည်းနည်းလေးလောက်တောင် သံယောဇဥ်မရှိတာ ဘာကြောင့်လဲ?


""နင်ဘယ်နေ့သွားမှာလဲ""


""မနက်ဖြန်""


""အင်း...ဒါဆို စောစောအိပ်တော့လေ

ပြန်လာရင် ငါ့အတွက်မုန့်ဝယ်ခဲ့နော်""


""အင်းပါ စိတ်ချ""


""ကဲ! ငါလည်းသွားအိပ်တော့မယ်""


~~~~💞💞💞💞~~~~


""ဒေါက်! ဒေါက်! ဒေါက်!""


""ဝင်ခဲ့ပါ""


မောင် အလုပ်လုပ်နေရင်းမှ တံခါးခေါက်သံကြောင့် မော့မကြည့်ဘဲ ဝင်ခဲ့လို့သာဖြေရင်း အလုပ်ဆက်လုပ်နေမိ၏။ တံခါးက ပွင့်ရုံသာ ပွင့်လာပေမယ့် လူကတော့ ဝင်လာတာမတွေ့သည်မို့ နောက်တစ်ခေါက်ပြန်ကြည့်မှပဲ ပြုံးစစမျက်နှာလေးဖြင့် ရပ်နေသည့် ပုံရိပ်လေးကြောင့် အံ့သြဝမ်းသာသွားရ၏။


""ကလေး! ဘယ်လိုလုပ် ကိုယ့်companyထိရောက်လာတာလဲ?""


တကယ့်ကိုပျော်ရွှင်သွားခဲ့ရတာပါ။ အမြဲတမ်း သူမကို တွေ့ချင်နေသူက ကိုယ်ပဲမို့...အမြဲတမ်း သူမ ရှိရာဆီ သွားရှာနေရတာလည်း ကိုယ်ပဲမဟုတ်လား။အခုတော့ဖြင့် သူမလေးကအရင် သူ့ဆီလာရှာသည်တဲ့! မောင်တော့ ပျော်လွန်းလို့ ခြေထောက်နှင့် ကြမ်းပြင်တောင် မထိတော့သလိုနှယ်...။သူမလေးဆီ အမြန်ပြေးသွားကာ ဆွဲခေါ်လိုက်တော့ ခပ်ပြုံးပြုံးမျက်နှာလေးဖြင့် လက်လေးကလည်း တစ်စုံတစ်ခုကို သူ့မျက်နှာရှေ့ မြှောက်ပြလိုက်သည်မို့ မောင် အသေအချာကြည့်လိုက်တော့ သူမနဲ့စတွေ့စဥ်က ပေးခဲ့ဖူးသော သူ့ရဲ့လိပ်စာကဒ်လေး။ဒါလေးကို အခုထိသိမ်းထားတာပဲကိုး...


""ဒီထဲကအတိုင်းကြည့်ပြီးလာခဲ့တာ

အကို့companyကို မရောက်ဖူးလို့""


""ဒါနဲ့များကွာ...ကိုယ့်ကိုပြောတာမဟုတ်ဘူး

ကိုယ်လာခေါ်မှာပေါ့""


""အကို့ ဒဏ်ရာကသက်သာရဲ့လား

ချက်ချင်းအလုပ်ပြန်ဝင်နေတယ်...နည်းနည်းလောက်နားတာမဟုတ်ဘူး""


""ကလေးက ကိုယ့် ဒဏ်ရာကိုစိုးရိမ်လို့လာကြည့်တာလား""


""ဟုတ်""


""ကိုယ်ဘာမှမဖြစ်တော့ဘူး စိတ်မပူနဲ့

နေစမ်းပါဦး! အရင်ရက်တွေတုန်းကကျ အိမ်ထဲကအိမ်ပြင်မထွက်လို့ ကိုယ့်မှာတွေ့ဖို့မနည်းကြိုးစားရတာ...အခုတော့ အိမ်ပြင်ထွက်တယ်ပေါ့""


""ဟုတ်ဖူး...ကိစ္စလည်းရှိလို့ပါ

ပိုးက ကျောင်းပြန်ဖွင့်တော့မှာလေ...အဲ့ဒါကြောင့် ကျောင်းသွားအပ်တာ...နောက်တော့ အကို့ကိုသတိရလို့ ခဏလာတာ...အခုပြန်တော့မယ်နော်""


""ဟမ်!""


သူမက ပြောပြီးတာနဲ့တကယ်ပဲပြန်တော့မည့်ဟန်နှင့် လှည့်ထွက်လိုက်စဥ် မောင်က သူမလက်ဖျားလေးကို အရှိန်ဖြင့်လှမ်းဆွဲလိုက်တော့ သူမ ကိုယ်လေးက သူ့ရင်ခွင်ထဲပြိုဆင်းလာသည်မို့ သဘောတကျလေးပြုံးလျက် အလိုက်သင့်ဖမ်းထိန်းထားရင်း အနောက်က ဆိုဖာခုံပေါ်သို့ သူအရင်ထိုင်လိုက်ပြီးမှ သူမကိုတော့ သူ့ပေါင်ပေါ်၌ ထိုင်စေကာ ကလေးလေးလို ပွေ့ချီထားလိုက်တော့ သူမမှာ တအံ့တသြမျက်နှာလေးဖြင့်...


""အကို! ဘာလုပ်တာလဲ""


""ပြန်မယ်ဆိုလို့ ဖမ်းထားတာ""


""ဟင်! လာပြီးရင် ပြန်မှာပေါ့...အခု ရှင်ဘာမှမဖြစ်တော့တာလည်း မြင်ပြီးပြီပဲကို""


""အဲ့ဒါ မင်းမြင်တာလေ...

မင်းကကိုယ့်ကို အချိန်ဒီလောက်လေးပဲတွေ့ချင်ပေမယ့်..ကိုယ်ကတော့မရဘူး...လောဘကြီးတယ်""


""ဟယ်တော်! ဒါဆို ဘယ်လောက်ဆက်နေရမှာလဲ""


""အင်း...ကိုယ့်ရုံးဆင်းချိန်ထိ""


""ဘုရားရေ! အခုမှ နေ့ခင်းပဲရှိသေးတယ်လေ

ညနေထိ ပိုးကဒီမှာဘာလုပ်ရမှာလဲ""


""မသိဘူး...လုပ်ချင်တာလုပ်

ကိုယ့်ကိုစကားပြော""


""ကဲ! ဒါဆိုလည်း ပိုးကို ခဏလွှတ်ပေးနော်""


""အဲ့ဒါလည်းမရဘူး...ဒီအတိုင်းပဲထိုင်နေ""


""တကယ်ပဲနော်...ပြောရခက်နေလိုက်တာများ ကလေးဆိုးကြီးကျလို့...အရင်က ဒီလိုပုံစံမဟုတ်ပါဘူး...တည်တည်ငြိမ်ငြိမ်လေးမှတ်လို့ ချစ်သူတော်ကာမှ ပိုးတော့ အညာမိပြီနဲ့တူပါတယ် ဟင့် ဟင့်!""


မျက်ရည်မကျပါဘဲ တဟင့်ဟင့်လုပ်ကာ မျက်နှာငယ်လေးနဲ့ပြောလိုက်သည်က ချစ်စနိုးစနောက်ချင်ရုံသက်သက်ပါ။ ဒါကိုပင် သူက နားမလည်၍လော...ချက်ချင်းကိုမျက်နှာတည်သွားကာ တစ်ဖက်လှည့်သွားသည်မို့ ပိုးလည်းလန့်သွားရပြီး သူ့မျက်နှာကို အတင်းလိုက်ကြည့်ကာ ချော့ရတော့သည်လေ..


""အကို! တကယ်စိတ်ဆိုးသွားတာလား

ပိုးက 'စ'နေတာပါ အကိုရဲ့...တကယ်ဘာသဘောမှမဟုတ်ဘူးနော်...ပိုးကိုစိတ်မဆိုးပါနဲ့...နော် နော်လို့""


သူမရဲ့ တိုးလျလျစကားသံလေးကို နားထောင်ရင်း တစ်ဖက်လှည့်ထားသော မျက်နှာမှာ အပြုံးပန်းတွေပွင့်နေတာပါ။ ဒါကိုသူမလေးကတော့ မရိပ်မိရှာပဲ သူစိတ်ဆိုးသွားပြီအထင်နှင့် ဇွတ်ကိုချော့နေတော့တာ...။တကယ်ကို အသည်းယားစရာလေးပါလား...မင်းကလေ...အစစ်အမှန်နဲ့အတုအယောင်ကို ဘယ်တော့မှ မခွဲခြားတတ်ဘူး။မျက်စိရှေ့မြင်သမျှကို ယုံလိုက်တာပဲနော်...။ဒီလိုရိုးသားလွန်းနေလို့လည်း မင်းကို ကိုယ်စိတ်မချနိုင်တာ။ မင်းဘေးမှာ ကိုယ်ရှိနေမှဖြစ်မှာ...


""အကို! ပိုးကို စကားပြောဦးလေ""


သူမက သူ့ပေါင်ပေါ်ထိုင်လျက်အနေအထားပဲမို့ မျက်နှာအနားသို့မော့ကပ်ကာ ပြောလိုက်စဥ် သူမနှုတ်ခမ်းလေးက မောင့်ရဲ့ပါးပြင်ဆီသို့ ထိလုလု ဖြစ်သွားလေ၏။ စိတ်ဆိုးယောင်လေးကိုတောင် ကြာကြာမပြနိုင်သူကလည်း ချက်ချင်းကိုမျက်နှာလှည့်လိုက်ပြီး သူမနှုတ်ခမ်းပါးလေးအားသိမ်းပိုက်ကာ အခွင့်အရေးယူမိ၏။ 


သူမကတော့ ရိုးရာမပျက် ရုန်းထွက်ပြန်သည်။ အထိတ်တလန့်မျက်ဝန်းလေးတွေဖြင့် လက်လေးတွေကလည်း သူ့ရင်ဘတ်ကို တွန်းကာရုန်းဖယ်နေပေမယ့် မောင်ကတော့ ထိုလက်လေးကိုပါ ဖမ်းချုပ်ထားလိုက်ပြီး သူမကိုယ်လေးကိုလည်း ဘေးတစ်ဖက်သို့ လှဲချကာ အပေါ်စီးမှငုံ့မိုးကြည့်၍...နှုတ်ခမ်းနုနုလေးကိုတော့ သက်ညှာစွာလွှတ်ပေးလိုက်ပါသည်။


""မင်းက အရမ်းဆိုးတာပဲကွာ""


ရီဝေဝေကြည့်ကာ ဆိုလာသည့်စကားသံ...။ ပိုးရဲ့ကိုယ်ပေါ်မှ အုပ်မိုးကာ နီးကပ်စွာရှိနေသည့်အနေအထားတို့ကြောင့် ရင်ခုန်နှုန်းတို့မှာလည်း ဒယိမ်းဒယိုင်။ သူကတော့ ပိုးရဲ့ အပေါ်မှ လုံးဝကိုဖယ်ခွာမပေးဘဲ ပြုံးလျက်သာကြည့်နေလေ၏။ ပြုစားတယ်နော်...ပိုး ရှင့်ကို မချစ်ဘဲမနေနိုင်လောက်အောင်...ရှင့်ဆီကနေ ရုန်းမထွက်နိုင်အောင်...အရမ်းကို ညို့တတ်လွန်းပါလား အကိုရယ်...


မောင်လည်း သူ့မျက်နှာကို မျက်လုံးဝိုင်းလေးတွေဖြင့် ငေးကြည့်နေသည့် သူမကြောင့် ရင်ခုန်နှုန်းတို့က အဆမတန်မြန်ဆန်လို့နေ၏။ နှစ်ဦးသားကြား တိတ်ဆိတ်လွန်းစွာ မျက်ဝန်းချင်း မခွာနိုင်အောင်စိုက်ကြည့်မိသည့်ခဏတာမှာ...အသေအချာနားထောင်ကြည့်မည်ဆိုပါလျှင် နှစ်ယောက်သားရဲ့ ရင်ခုန်သံတွေကို အဆူညံဆုံးပြန်ကြားနေရမည်သာ...


""တော်ပြီ! မကြည့်နဲ့တော့

မင်းကို ညနေရောက်တောင် ပြန်မလွှတ်ပဲနေလိုက်မှာနော်""


""ဘယ်သူကကြည့်လို့လဲ...ရှင်သာ အပေါ်ကနေဖယ်""


ဒီတစ်ခါတော့ သူမက ရန်စွာသံလေးနဲ့ပြောကာ မျက်စောင်းကလည်းထိုးသေးသည်။ ဘာလို့များ ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲကွာ...မင်းကတော့ တကယ့်ကိုကလေးဆိုးလေးအတိုင်းပဲနော်...ကိုယ့်အပေါ်ပဲ သီးသန့်ဆိုးနေတဲ့ ဗိုလ်မလေး ။ သူ့အမကိုကျကြောက်တတ်လိုက်တာများ မျက်နှာလေးကို ငယ်နေတာလေ...


""မင်းနော်! ကိုယ့်ကိုအသည်းယားအောင်မလုပ်နဲ့ 

တခါတည်း အပိုင်သိမ်းပစ်လိုက်မှာ..ဘာမှတ်!""


""မသိဘူး ဖယ်!""


""ကဲ! လာ..ထ""


ပြောကာ ထူပေးလိုက်တော့ သူမက ထပြီးတာနဲ့ လှစ်ခနဲဆို တစ်ဖက်ခုံသို့ ရွှေ့ကာသွားထိုင်လေ၏။


""အမ်! အဲ့ဒါဘာလုပ်တာ""


""ရှင့်ကို ကြောက်လို့""


""အော်! ဟုတ်ပါပြီကွာ...အဟက်!""


မောင်ကတော့ သူမဘာပြောပြောဘာလုပ်လုပ် အကုန်လုံးကို ချစ်စနိုးဖြစ်နေမိခြင်းက သူများတွေသိရင် ပိုတယ်များထင်ကြမလားပဲ။ အမှန်တော့ အဲ့ဒါတကယ်ပါ...'ပိုးရတု'ဆိုသော အဲ့ဒီ့ကောင်မလေးကို ရင်ထဲနင့်အောင်ချစ်နေမိသည့် မြတ်နိုးမှုမှာ အတိုင်းအဆကိုမဲ့နေခဲ့ပါ၏။ အရမ်းချစ်တယ်...ပြောပြလို့တောင် မတတ်ပါဘူး ကလေးရယ်...မင်းကိုထုတ်ပြောနေကျ 'ချစ်တယ်'ဆိုတဲ့စကားလေးရဲ့ အတိုင်းအတာထက်ကို ပိုပါတယ်...။


တွေးနေရင်းကပင် မောင် ထိုမြတ်နိုးရာလေးအနားသို့လျှောက်သွားကာ သူမအရှေ့ ဒူးတစ်ဖက်ထောက်လျက် ထိုင်လိုက်ပြီး...သူမမျက်နှာလေးအား မြတ်နိုးစွာကြည့်ကာ 


""ပိုးလေး...ကိုယ်တို့လက်ထပ်ကြရအောင် ကလေးရယ်""


""ရှင်!""


""ဟုတ်တယ်... ဒီလိုပြောတာ နည်းနည်းစောနေသေးမှန်း ကိုယ်သိတယ်...ဒါပေမယ့် ကိုယ့်ရင်ထဲကလာတဲ့ လေးနက်တဲ့စကားမို့ ယုံပေးစေချင်ပါတယ်""


""ပိုးက အကို့ကိုယုံပြီးသားပါ

ဒါပေမယ့်...ပိုးတို့နည်းနည်းလောက်ထပ်ပြီးအချိန်ယူရအောင်နော်...ချစ်သူတွေဖြစ်တာ ရက်ပိုင်းပဲရှိသေးတာလေ""


""ဒါပေမယ့် တစ်နေ့ကျရင် ကိုယ်တို့ကလက်ထပ်ကြမှာပဲလေ...စောတာနဲ့နောက်ကျတာ ဘာများကွာခြားလို့လဲ""


""ကွာတယ်...ကွာတယ်

ပိုးက အခုမှငယ်ငယ်လေးပဲရှိသေးတာကို""


""ကလေးကငယ်ပေမယ့် ကိုယ် မငယ်တော့ဘူးလေကွာ""


""အဲ့ဒါဘာဖြစ်လဲ...မေးမယ်နော် မှန်မှန်ဖြေ""


""အင်း...မေးစေဗျာ""


""အရင်က အကို ချစ်သူဘယ်နှယောက်ထားခဲ့လဲ""


""အဲ! ဒါကတော့ မေးခွန်းသတ်ပြီ

နေဦး! တော်တော်စဥ်းစားရမယ်ထင်တယ်""


မောင်က နားထင်ကိုလက်ညိုးလေးဖြင့်ဖိထောက်ကာ စဥ်းစားဟန်ပြုလိုက်တော့ သူမကလည်း ပြောလာမည့် အဖြေကို စိတ်ဝင်တစားပုံစံလေးဖြင့်လိုက်ကြည့်နေတာမို့ ဘာမှမပြောဘဲနေတော့ သူမနှုတ်ခမ်းလေးကစူထော်လာကာ...ခပ်တည်တည်ဖြင့်ကြည့်လာလေ၏။


""ကြည့်စမ်း! စဥ်းစားလို့မထွက်လောက်အောင်ထားခဲ့တယ်ပေါ့""


""မဟုတ်ရပါ ခင်ဗျာ!

စဥ်းစားလို့မထွက်တာက တစ်ယောက်မှမရှိခဲ့လို့ပါဗျ...""


""ဟုတ်ဘဲနဲ့!""


""တကယ်ပါ...ပိုးလေးရဲ့

ကိုယ်က တမင်စချင်လို့ မပြောပဲနေနေတာ

ကိုယ့်တစ်သက်မှာ ပထမဆုံးချစ်ခဲ့တဲ့သူက မင်းပဲ နောက်ဆုံးချစ်ရသူလည်း...""


""ဟိုးး!ရပါပြီရှင့်...အဲ့ဒါကတော့ပြောဖို့စောပါသေးတယ်...နောက်ဆိုရင် တစ်မျိုးတစ်မည်ပြောင်းလဲနိုင်သေးတယ်လေ""


""No! ကိုယ့်ဘက်ကအသေအချာပဲမို့ ဆက်ဆက်ပြောလိုက်မယ်...မင်းက ကိုယ့်ဘဝရဲ့ပထမဆုံးအချစ်ဦးဖြစ်သလို နောက်ဆုံးသော ချစ်ရသူပဲ...ကိုယ့်ဘဝမှာ မင်းမဟုတ်တဲ့ နောက်ထပ်တစ်ယောက်ဆိုတာ ဘယ်တော့မှမရှိနိုင်တော့ဘူး""


လေးနက်စွာ ပြောနေသည့် သူ့စကားတို့က အလိမ်အညာမဟုတ်မှန်း ပိုး အကြွင်းမဲ့ယုံပါသည်။ ကျေးဇူးတင်ပါတယ်...လူအများကြီးထဲမှာ...ထက်မြက်လှပတဲ့ ရောင်စုံအလှတွေကြားထဲမှာ ပိုးလို အညတရပန်းလေးတစ်ပွင့်ကိုမှ ရွေးချယ်မြတ်နိုးပေးခြင်းအတွက် အကို့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်...


အရမ်းချစ်တယ်...အကို!


မောင်လည်း သူ့ရင်ခွင်ထဲသို့ တိုးဝင်လာကာ ဘာစကားတစ်လုံးမှမပြောတော့ဘဲ ငြိမ်သက်နေသည့် သူမလေးအား အလိုက်သင့်လေးပြန်ဖက်ထားကာ နဖူးလေးကို ခပ်ဖွဖွနမ်းရှိုက်လိုက်လေ၏။


""ဒေါက်! ဒေါက်!""


""Boss! လက်မှတ်ထိုးဖို့ စာရွက်...အမ်!

ဟို! ကျွန်တော်...ပြန်ထွက်!...""


""ကဲ! ဝင်မှာရှိ ဝင်လာ

ဘာကိစ်စလဲ?""


ဇော်ထက်က သူ့မန်နေဂျာလည်းဖြစ်သလို သူငယ်ချင်းဆိုလည်းဟုတ်တာမို့ ခပ်တည်တည်ဖြင့်လှမ်းပြောလိုက်သော်လည်း ရယ်ကျဲကျဲမျက်နှာကြီးဖြင့်


""Boss...အလုပ်ရှုပ်နေမှန်းမသိလို့ပါ

နောက်မှ လာခဲ့မယ်""


""ဟေ့ကောင်! လာပေး...ဒီကို""


""အော်! ဟုတ်ကဲ့

ဒါနဲ့ ညီမလေးက ပိုးရတုထင်တယ်""


""ထင်တယ် လုပ်မနေနဲ့...ဟုတ်တယ် ငါ့ချစ်သူ""


ကောင်မလေးကိုလှမ်းမေးလိုက်ပေမယ့် တစ်ဖက်က စာရွက်တွေကိုလက်မှတ်ထိုးရင်း ဝင်ဖြေလိုက်သူက မြတ်သောမောင် ဖြစ်နေတာမို့ ဇော်ထက် မျက်နှာကို မဲ့ရွဲ့လိုက်ပြီးမှ...


""အမလေးကွာ! ငါ မင်းကိုမမေးပါဘူး

မဆီမဆိုင် ကြော်ငြာကဝင်နေသေး""


""....""


""သူနဲ့အကိုက အလုပ်မှာသာ ရာထူးအဆင့်တွေနဲ့မို့ရိုသေနေရတာ အပြင်မှာက တကယ့်ငယ်ပေါင်းသူငယ်ချင်းတွေလေ...အကို့နာမည်ကဇော်ထက်ပါ...""


""အော်! ဟုတ်""


""ဒါနဲ့ ငါ့ညီမ သူ့ကိုပြန်ကြိုက်လိုက်ပြီလား""


""ဟေ့ကောင်! ဘာတွေလာမေးနေတာလဲ""


""နေစမ်းကွာ! ငါမင်းကို မပြောဘူးဆို""


""ဟို...ဟုတ်ကဲ့ အဲ့လိုပါပဲ""


""ဟာ...တော်သေးတာပေါ့ကွာ ကျေးဇူးတင်တယ်သိလား ညီမလေး""


""ရှင်...ဘာ..ဘာဖြစ်လို့""


""အော်! ဒီကောင်ကလေ...သူ့ရင်ထဲကခံစားချက်တွေကို အကို့ကိုအမြဲရင်ဖွင့်နေတာမှ အလဲအကွဲပဲ..ညီမလေးပြန်ချစ်လိုက်လို့ပေါ့ မဟုတ်ရင်လေ အကိုလည်းနားကန်းမယ်..တကယ်..စိတ်ဆင်းရဲတာမပြောနဲ့...မတွေ့ရရင်လည်းမတွေ့ရလို့...ပြန်မချစ်လို့... ရှောင်နေလို့ အစုံပဲကွာ...အဲ့ဒါနဲ့ပဲ ညီမလေးကိုမမြင်ဖူးသေးပေမယ့် ရင်းနှီးနေတာ""


""ပြောလို့ပြီးပြီလား...ပြီးရင် ကြွ!

ရော့! ဒီမှာ စာရွက်တွေလာယူ""


ပြောလိုက်တော့မှ စပ်ဖြီးဖြီးမျက်နှာဖြင့် အပြင်သို့ထွက်သွားလေတဲ့ မန်နေဂျာလူတော်ကြီး။ ကလေးရှေ့မှာအကုန်လုံးကို ဖော်ကောင်လုပ်သွားတာ...နည်းနည်းမှကိုယုံစားလို့မရဘူး။ ဟိုကောင်မလေးကလည်း သူများခံစားခဲ့ရတာတွေပြောသွားတာကို ဘာများသဘောကျတယ်မသိ...။တခစ်ခစ်ရယ်နေတော့၏။


""အင်းပါ! ရယ်နေနော်

အဲ့ဒါအကုန်လုံး မင်းကြောင့်ချည်းပဲ...""


မောင်ကလှမ်းပြောလိုက်တော့ သူမက လျှာလေးထုတ်ကာ ပြောင်ပြလိုက်သေးရဲ့ ။ဒီနေ့ကတော့ သူ့ရုံးခန်းလေးထဲမှာ ရယ်သံလွင်လွင်လေးတွေဖြင့် သာယာလို့ နေခဲ့သည်ပေါ့။


~~~~💞💞💞💞~~~~


""အဲ့ကောင်မလေးက တကယ်ပဲbossရဲ့ချစ်သူလား""


""ဟယ်! ဒါဆို မမမေတော်ဝင်တော့ ကျန်ရစ်ဖြစ်ပြီပေါ့""


""ကောင်းတယ်...ငါကတော့ ဒီမမလေးကိုပဲ ချစ်တယ်...သူ့ပုံစံလေးကအရမ်းဖြူစင်တယ် ဘယ်လိုလေးမှန်းမသိဘူး...ချစ်စရာလေး""


""နင်ကသေချာရော တွေ့လိုက်လို့လား""


""တွေ့ပါ့...မနေ့က ရုံးဆင်းချိန်အထိbossအခန်းမှာရှိနေတာကို...ငါ ကော်ဖီသွားပို့တုန်းက ငါ့ကိုတောင် ပြုံးပြလိုက်သေးတယ်...bossဆိုလေ သူ့ကိုပြုံးပြီးကြည့်နေလိုက်တာများ မျက်လုံးထဲမှာ အချစ်ရောင်တွေလက်နေတာပဲ...ကြည့်လွန်းလို့လေ bossရဲ့ကောင်မလေးတောင် လူစင်စစ်ကနေအရည်ပျော်သွားမလားပဲ""


""အင်း...ဘယ်လိုပဲဖြစ်ဖြစ်ဝမ်းသာစရာပါ

အဲ့ဒီ့မေတော်ဝင်ဆို အလကားနေ အခြောက်တိုက်ဘဝင်မြင့်နေတာ...""


""ဟုတ်ပါ့...ငါတို့bossနဲ့သူငယ်ချင်းလောက်ပဲ အဆင့်ရှိတာကို လာရင် သူကပိုင်စိုးပိုင်နက်နဲ့ ငါတို့ကိုလည်း အရမ်းဖိဟောက်တတ်သေးတာ...သူ့ဝန်ထမ်းလည်းမဟုတ်ဘဲ""


""ငါတို့ကတော့ ဒီမမလေးကိုပဲထောက်ခံမယ် နော့""


""ဒါပေါ့""


နေ့လည်အားလပ်ချိန်မှာ ဝန်ထမ်းတွေအားလုံးစုရုံးလျက် တစ်ယောက်တစ်ပေါက်ပြောနေကြသောစကားများသည် မနေ့က သူတို့companyသို့ ရောက်လာခဲ့သော bossရဲ့ချစ်သူအကြောင်းတွေချည်းသာ။အားလုံးက ထောက်ခံမဲပေးကာ ဝမ်းသာနေကြပေမယ့် ထိုလူစုရဲ့တစ်ထောင့်တစ်နေရာမှာတော့ သူတို့ပြောစကားများကို ဝင်မစွက်ပါဘဲ တိတ်ဆိတ်စွာနားထောင်နေသူတစ်ယောက် ရှိခဲ့လေ၏။

~~~~💞💞💞💞~~~~

Continue to>>> Part-14


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: