book

Index 12

~~ Part-( 12 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


မောင့်ရဲ့ Accidentသတင်းကိုကြားရသည်နှင့် မေ့မှာတော့ စိုးရိမ်စိတ်တို့ကြီးစိုးလျက် ဆေးရုံကိုအပြေးရောက်လာခဲ့ရတာပါ။ ဒီရောက်တော့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် စိုးရိမ်စိတ်တွေကနေ ခံပြင်းဒေါသစိတ်တို့သာ အစားထိုးနေရာယူလျက် ထိုအခန်းရှေ့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ရပ်နေမိသည်က အချိန်အတော်ကြာ။ အထဲမှ ပြောစကားများကို အသေအချာကြားနေရသည့်အပြင် မောင့် ရင်ခွင်ထဲမှာ တရှုံ့ရှုံ့ငိုကြွေးနေတဲ့ ပိုးရတုကို မေ ချက်ချင်းဆွဲထုတ်ပြီး တခုခုလုပ်ပစ်ချင်တာပါ။ သူမ ငိုတိုင်း ထိတ်ထိတ်ပျာပျာနဲ့ချော့နေတဲ့ မောင်...။တယုတယ ပြောနေသည့် အကြင်နာစကားများကလည်း နားထောင်ကောင်းလွန်းပါရဲ့ ။


ဘာပဲဖြစ်ဖြစ် မေက အရှုံးပေးလှည့်ပြန်မယ့်သူမျိုးမဟုတ်တာကြောင့် ခြေလှမ်းကိုတော့ ရှေ့သို့သာဆက်ဦးတည်လိုက်ပြီး


""ဒေါက်! ဒေါက်""


""ဟင်! မမ""


အခန်းဝမှာ မေတော်ဝင် ပေါ်လာသည်နှင့် ပိုးက ချက်ချင်းကို သူ့ရင်ခွင်ထဲမှ ရုန်းကာထရန်ပြင်လိုက်တာကြောင့် မောင်က သူမ ကိုယ်လေးကိုပြန်ဆွဲချကာ ဖက်ထားလိုက်ပြီး လက်လေးကိုဆုပ်ကိုင်ထားလိုက်လေ၏။ဒါကိုတောင် အင်အားသေးသေးလေးနဲ့ရုန်းထွက်ချင်နေသေးတဲ့ ကလေးမကို မောင်ကတော့ လုံးဝလွှတ်မပေးချေ။


""မေ...နင်ဘယ်လိုလုပ်ရောက်လာတာလဲ""


""နင့်ဖုန်းကိုဆက်မရလို့ companyကိုဆက်ကြည့်တော့ နင့်staffတစ်ယောက်ကပြောလို့""


""သြော်!""


""ပိုးရတု...နင်ကဒီကိုဘယ်လိုရောက်နေတာလဲ

ငါ့ကိုမပြောဘဲ အပြင်ကိုထွက်ဖို့ ဘယ်သူကခွင့်ပြုတာလဲ""


""မမ...ပိုးကအပြင်ကိုခဏလေးထွက်မိတာ သူငယ်ချင်းဆီသွားမလို့...အဲ့ဒါလမ်းမှာမတော်တဆ!""


""ဒဏ်ရာကသက်သာရဲ့လား မောင်""


သတိပင်မထားမိလိုက်ပဲ ခေါ်နေကျနာမ်စားကိုသုံးလိုက်မိပြန်၏။ သတိထားမိသွားသူကတော့ ချက်ချင်းပင် မျက်နှာတည်တည်နှင့်ကြည့်လာပုံက မကြိုက်ဘူး ဆိုသည့်သဘော။ မေ စဝင်လာကတည်းက ပိုးရတုရဲ့လက်ကိုလည်း မလွှတ်တမ်းဆွဲထားကာ ကြည့်တဲ့အကြည့်တွေမှာလည်း နူးညံ့ချိုသာသော ချစ်ခြင်းတွေအပြည့်နှင့်...။သူ့အကြောင်းကို မေသိတာပေါ့။ မောင်က သူအလေးအနက်ထားသည့်အရာကိုတွေ့ပြီဆိုရင် တခြားဘာကိုမှ ဂရုမစိုက်တော့ဘဲ အဲ့ဒီတစ်ခုတည်းကိုသာ အာရုံစိုက်တတ်သည်လေ။ ဒီအခြေအနေမှာ ပိုးရတုက သူ့ရဲ့အလေးအထားရဆုံးဖြစ်နေတာဆိုတော့ မေက ဇာတ်ကြမ်းဝင်ခဲ့ရင် သူပိုဆိုးမှာပါ။ အဲ့လိုဆို မိပိုးကပဲ သနားစရာသတ္တဝါလေးဖြစ်ကာ မောင့် အနောက်ကနေ အကာအကွယ်ခံနေဦးမှာ အသေအချာ။ မေ ဒီလောက်တော့တွက်ဆတတ်ပါသည်။ ဒါကြောင့် မောင့်ဘေးကနေ ပိုးရတုကိုဆွဲထုတ်ချင်ရင် အသေအချာအကွက်ချစီစဥ်မှဖြစ်မှာ။ ဒေါသကိုရှေ့တန်းတင်ပြီး ထိပ်တိုက်ဖြေရှင်းခဲ့ရင် မောင့်အနားကလွင့်ထွက်သွားမယ့်သူက 'ပိုးရတု'မဟုတ်ဘဲ 'မေတော်ဝင်'ဖြစ်သွားမှာပေါ့။ 


""ပိုး...လာခဲ့

အိမ်ပြန်ရအောင်""


ခေါ်လိုက်တော့ ပိုးရတုက ပြန်လိုက်မည့်ပုံစံဖြင့် ထရန်ပြင်ပေမယ့် မောင်က တွဲထားသောလက်ကိုမလွှတ်ပေးဘဲ ဒီအတိုင်းပဲရှိနေကာ မျက်လုံးတို့ကတော့ ပိုးရတုကို မပြန်ရဘူးဆိုသည့်ပုံစံဖြင့်ကြည့်နေလေ၏။


""မခေါ်သွားနဲ့

ငါ့ဆီမှာထားခဲ့လိုက်...ပြီးမှငါလိုက်ပို့ပေးမယ်""


""နင်က ဒီတစ်ညဆေးရုံမှာဆက်နေရဦးမှာလေ

ခဏနေဆို နင့်အမေလာလိမ့်မယ် ငါဖုန်းဆက်ထားတယ်""


""ဒါပေမယ့် ငါ့ချစ်သူလေးနဲ့စကားနည်းနည်းပြောချင်သေးတယ်""


မောင်က ပိုးရတုဆီသို့ လှမ်းကြည့်ကာ ပြုံးစစ မျက်နှာပေးနှင့်ပင်ပြောလာလေ၏။


မေ့ အရှေ့မှာတမင်သုံးနှုန်းပြလိုက်သော ချစ်သူဆိုသည့်နာမ်စားက မောင့်နှုတ်ဖျားမှ ချိုသာစွာပြောထွက်လာပေမယ့် ကြားလိုက်ရတဲ့ မေ့နားထဲမှာတော့ ခါးသက်ခြင်းအတိ။ နောက်ဆုံးတော့ စိန်ခေါ်မှုမှာ မေရှုံးနိမ့်ခဲ့တာပဲ။ ပိုးရတုကို လျှော့တွက်လိုက်မိတာ မေ မှားသွားခဲ့သည်။ ရိုးပုံအပုံနဲ့ ချစ်သူတော့ထားတတ်သေးတာပဲ။ နုံအ မလိုလိုနဲ့ အဲ့လိုအရိုးခံရုပ်လေးနဲ့ပဲ မောင့်ကို မြှူဆွယ်ဖြားယောင်းခဲ့တာ...သိပ်ကို ဆရာကျလှပါလား ပိုးရတု...။ ပါးစပ်ကသာ မမ မကြိုက်တာကို မလုပ်ဖူးလို့ပြောနေပေမယ့် လက်တွေ့မှာကျ မောင့်ကို မျက်ရည်ခံထိုးပြီး သနားစရာကောင်းအောင်လုပ်ပြတယ်။ ငါက ချစ်နေပါတယ်လို့ အတိအကျပြောခဲ့လျက်နဲ့တောင် နင်ကလုယူရဲတဲ့အထိ သတ္တိကောင်းနေတယ်ပေါ့။


""ရတယ်...ဒါဆိုလည်း နေခဲ့လိုက် ပိုးရတု

ငါ အရင်ပြန်နှင့်မယ်""


စိတ်ထဲပေါက်ကွဲထွက်နေသည့် ဒေါသစိတ်တို့က မကြာခင်မှာ သည်းခံနိုင်စွမ်းမဲ့လို့ အပြင်ကိုခုန်ထွက်လာတော့မှာပါ။ အဲ့ဒီနေရာမှာသာ ဆက်နေရင် တကယ်မလွယ်လှသည့်အခြေအနေမို့ မေ ရင်ထဲတနုံ့နုံ့ဖြင့် ရှောင်ထွက်လာခဲ့ရခြင်းပါ။


ဘာလုပ်ရမလဲ?

ပိုးရတုကို မောင့်ဘဝထဲကနေ အပြီးအပိုင်ဆွဲထုတ်ချင်တယ်...မောင့်အနားကနေ အပြီးတိုင်ပျောက်ကွယ်သွားစေချင်တယ်...


တစ်ခုခုတော့ လုပ်ရမယ်...


~~~~💞💞💞💞~~~~


""အား!...ခွမ်း!""


""သမီး..မေ ဘာဖြစ်လို့လဲ?""


""မုန်းတယ်...သွားကြ...ဘယ်သူမှမလာနဲ့""


""ခွမ်း!!""


""မုန်းတယ်...သူ့ကို တခုခုလုပ်ပစ်မှရမယ်

သူမရှိမှ ဖြစ်မယ်...အား!!""


အိမ်ပြန်ရောက်သည်နှင့် အခန်းထဲဝင်ကာ မြင်သမျှအကုန် ချခွဲပစ်နေသည့် မေတော်ဝင်ကို အိမ်စေတွေလည်း အလန့်တကြားရပ်ကြည့်နေကာ မိခင်ဖြစ်သူကိုယ်တိုင်ပင် တားမရနိုင်သည့်အဖြစ်။ ဘယ်မှာ ဘယ်လို ဒေါသတွေ ပေါက်ကွဲလာမှန်း မသိရသေးပေမယ့် ကြုံးဝါးနေသော စကားများနှင့် မျက်လုံးအကြည့်များက စူးရဲနေသည်မှာ ကြောက်မက်ဖွယ်။


""သမီး...ဘာဖြစ်လို့လဲ မေမေ့ကိုပြောပါဦး""


မိခင်ဖြစ်သူက အတင်းဝင်လာကာမေးတော့မှ မေ ခဏမျှစိတ်ထိန်းလိုက်ပြီး အခန်းတံခါးကိုဆွဲပိတ်လိုက်၏။ အခန်းထဲမှာ မေမေနဲ့နှစ်ယောက်ထဲရှိမှပဲ မေ သက်ပြင်းကိုချလိုက်ပြီး


""မောင်နဲ့ပိုးရတု ချစ်သူတွေဖြစ်နေကြတယ်""


""ဘယ်လို!""


""မေ လုံးဝမကျေနပ်ဘူး

ဒါကြောင့် ပိုးရတုကို မောင့်အနားကနေရှင်းပစ်ချင်တယ်""


""သမီး! အဲ့လိုမပြောရဘူးလေ

ဘယ်လိုပဲဖြစ်ဖြစ် ပိုးလေးကသမီးရဲ့ညီမ...ဒီလိုကိစ္စကြောင့်နဲ့ကလေးအပေါ်ထပ်ပြီး အငြိုးမထားပါနဲ့သမီးရယ်""


""မေမေဘယ်လိုပြောလိုက်တာလဲ

အရင်က အဖေဆိုတဲ့ဟိုလူကြီးလည်း ပိုးရတုကိုပဲရွေးချယ်လို့ မေ့ ကိုပစ်ခဲ့တယ်...အခု မောင်ကလည်း ပိုးရတုကိုပဲချစ်တယ်တဲ့...ဘာလို့လဲ?အားလုံးကဘာလို့ မေနဲ့ယှဥ်ရင် သူ့ကိုပဲရွေးကြတာလဲ""


""အဲ့ဒါက အရွေးခံတဲ့သူထက် ရွေးချယ်တဲ့သူအပေါ်မှာပဲ မူတည်တာလေ သမီးရယ်""


""ဘယ်အပေါ်မှ မမူတည်ဘူး

အစမှာဘယ်လိုပဲဖြစ်ဖြစ် ပိုအရေးကြီးတာက အဆုံးသတ်ပဲ...မေ အစကတည်းကပြောခဲ့တယ် မေက မေမေ့လို သဘောမကောင်းဘူး...ခွင့်လွှတ်သည်းခံခြင်းလည်းမရှိဘူး...သေချာတာကတော့ မေ ဒီကိစ္စကို ဒီအတိုင်းလွှတ်မထားဘူး""


ဒေါသစိတ်ကြောင့် ပြောနေသောစကားသံတွေမှာ ကွဲရှတုန်ယင်နေ၏။ စူးရဲနေသည့်မျက်ဝန်းတို့မှာ မျက်ရည်ကြည်ကြည်တို့ရစ်ဝိုင်းနေသော်လည်း အရှုံးကို သက်သေမထူလိုသောကြောင့် မျက်ရည်တစ်စက်တောင်အကျမခံပဲ အံကိုတင်းတင်းကျိတ်ထားမိသည်။ မေက အရာရာမှာသူများထက်သာလွန်အောင် ကြိုးစားခဲ့လို့ ဘယ်သူနဲ့ပဲယှဥ်ယှဥ် မေအမြဲအနိုင်ရခဲ့တာပါပဲ။ဒါပေမယ့် ချွင်းချက်အဖြစ် ပိုးရတုနဲ့ယှဥ်လိုက်တိုင်း မေအမြဲဘေးရောက်ရသည်က ဘာကြောင့်ပါလဲ..ထပ်ပြီးအဖြစ်မခံနိုင်ဘူး...မောင်ကတော့ တကယ်မဖြစ်ဘူး...


ဟုတ်တယ် မောင်

မောင့်ရဲ့အချစ်ကို ဘယ်သူနဲ့ပဲစခဲ့ပါစေ...အဆုံးသတ်မှာ မောင့်ကို ပိုင်ဆိုင်မယ့်သူဟာ ကျမပဲဖြစ်ရမယ်။ မောင် ကျမကိုမချစ်ဘူးလား...ရပါတယ်...။ဒါ မောင့်ရဲ့အခွင့်အရေးပဲ။ ပြီးတော့ မောင့်ကိုချစ်လို့ ပိုင်ဆိုင်ဖို့ ကြိုးစားခြင်းဟာလည်း ကျမရဲ့ အခွင့်အရေးပဲလေ...ညီမျှပါတယ်....။


~~~~💞💞💞💞~~~~


ပိုး အိမ်ပြန်ရောက်တော့ ရင်ထဲတဒိတ်ဒိတ်နဲ့လန့်နေမိပါ၏။ မမ တော်တော်လေးစိတ်ဆိုးနေလောက်သည်။ ဒီအခြေအနေကို ပိုးလည်း ဘယ်နားကဘယ်လို အစရှာ၍ ရှင်းပြရမည်ပင်မသိတော့။ တကယ်တော့ ဒီကိစ္စအတွက် ပိုးအပြစ်မကင်းသလို အပြစ်လည်းမရှိပါ။ မမဆီကနေ ပိုး အကို့ကိုလုယူခဲ့တာမဟုတ်ဘူးလေ...။အကို ကိုယ်တိုင်က ပိုးကိုရွေးချယ်ခဲ့တာ...ဒါကို ပိုးဘက်ကလက်ခံခဲ့တာလည်း မဟုတ်ဘဲ မငြင်းနိုင်ခဲ့ရုံလေးနဲ့ အလွယ်ရခဲ့တဲ့နားလည်မှုကြောင့် သူသတ်မှတ်ပေးလိုက်တာသည် ပိုးနဲ့သူက ချစ်သူတွေပါတဲ့!


""ပြန်လာပြီလား ပိုး""


""ရှင်! ဟုတ်ကဲ့ မမ""


""နင်တော်တော် သွက်ပါလား

ပြောတော့ ငါမကြိုက်တာမလုပ်ဘူးဆို""


""ပိုး မလုပ်ခဲ့ပါဘူး မမ

သူ့ကိုလည်း ပိုး ဘာအဖြေမှမပေးဘူး

ဒါပေမယ့် သူကနားလည်ပေးတယ်ဆိုပြီး...ဟို!""


""ဒါပေမယ့် နင်က သူရိပ်မိအောင် နေပြတယ်လေ ဟုတ်တယ်မလား...""


""ဘယ်လိုပဲဖြစ်ဖြစ် ပိုး သူ့ကိုအတိအလင်းအဖြေမပေးခဲ့တဲ့အတွက် ပိုးကတိမပျက်ပါဘူး မမ""


ကောင်းလိုက်တဲ့ စကား! သွယ်ဝိုက်သောနည်းလမ်းတွေနဲ့ မေ့စကားကို ချေပနေတာ အရင်က ပိုးရတုမှ ဟုတ်ပါရဲ့လား။ သူ့လေသံနဲ့အမူအရာတွေက အရင်လို ပျော့ညံ့ညံ့ဖြစ်နေဆဲပေမယ့် စကားလုံးတွေကတော့ အသွားထက်လာသည်ပဲ။ ချစ်သူဆိုတဲ့ အကာအကွယ်ရသွားသည်နှင့် စကားတွေက တတ်လာတယ်ပေါ့..။တယ်ဟုတ်ပါလား မောင်...ရှင်က ရှင့်ကလေးလေးကို ဘာတွေများသင်ကြားပေးလိုက်ပါလိမ့်။ 


သူ့ရှေ့မှာကာကွယ်ပေးမယ့် သူရှိနေတယ်ဆိုပြီး ရဲရဲယုံစားနေပုံရတဲ့ ကလေးမ...။ဟင်း! မာယာပညာဆိုတာကို နင်နားမလည်သေးပါဘူး။ အခုနင်ပိုင်ဆိုင်နေရတဲ့ ပျော်ရွှင်မှုဆိုတာက ငါ မနင်းချေသေးသ၍သာ တည်မြဲမယ်ဆိုတာ မှတ်ထား ပိုးရတု! နင့်ထက် ငါ ပိုပြီး စာတတ်တယ်...နင့်ထက်ငါ အရာရာမှာသာသလို နင့်ထက်လည်း ပိုအဆိပ်ပြင်းတယ်...ပြီးတော့ သွေးအေးတယ်...လိုချင်တာကို မရရအောင် ယူတတ်တယ်...ဒီတော့ နည်းနည်းလောက် ကစားကြည့်ကြမလား...


ဘာတခွန်းမှ ဆက်မပြောတော့ဘဲ ပိုး မျက်နှာကိုသာ စူးစိုက်ကြည့်နေတဲ့ မမကြောင့် ပိုး ခြေဖျားလက်ဖျားတွေတောင် အေးစက်လာမိပါ၏။ မမ ပိုးကို ရိုက်နှက်ပေါက်ကွဲပစ်လိုက်ရင်တောင် နေသာဦးမည်။ ဒီလိုကြီး ခွင့်လွှတ်သလိုလို နားလည်ပေးသလိုလို...စိတ်ပဲဆိုးနေသလိုလိုနဲ့ ခန့်မှန်းရခက်တဲ့အမူအရာကြောင့် ပိုးမှာ နေရခက်လာ၏။


""မမ...ပိုးကို စိတ်ဆိုးနေရင်...""


""စိတ်မဆိုးပါဘူး ပိုးရယ်

ဒါက စိတ်ဆိုးစရာမှမဟုတ်တာ...ပိုးနဲ့လည်းမဆိုင်ဘူးလေ... သူရွေးချယ်ခဲ့တာ ပိုးပဲဆိုတော့ ဘာတတ်နိုင်မှာလဲ""


""ရှင်""


တကယ်ပဲ မမ ဒီလိုပြောလိမ့်မယ်လို့ ပိုး ထင်မထားခဲ့ပါ။ မမ မျက်နှာကလည်း တကယ်ကိုအေးချမ်းနေကာ စိတ်ဆိုးဒေါသဖြစ်နေပုံအလျဥ်းမရှိ။ ဒီလောက်လွယ်လွယ်ပဲ လက်လျှော့ပေးလိုက်နိုင်သည်တဲ့! တကယ်ပဲလား? 


""ဟုတ်တယ်လေ...တကယ်ဆို မမက တောင်းပန်ရမှာ ...အလကားနေရင်း အကျိုးမရှိ ပိုးအထင်လွဲစေမယ့်စကားကိုပြောခဲ့သေးတယ် အဲ့ဒါ...""


""သြော်! ကိစ္စမရှိပါဘူး မမရဲ့

အဲ့ဒါကို...အကိုက ရှင်းပြခဲ့ပြီးပြီ""


""အင်း...ဒါဆို ပိုးသွားနားလိုက်တော့နော်

ဟို...သူရော သက်သာရဲ့လား""


""ဟုတ်! ကံကောင်းလို့အရမ်းဒဏ်ရာမပြင်းခဲ့တာ

မနက်ဖြန်ဆေးရုံကဆင်းမှာ...မမ ပိုးသွားမယ်နော်""


""သွားလေ...သွားရမှာပေါ့

နောက်ဆို ပိုး သူ့ကိုအချိန်ပေးလို့ရပါတယ်

မမကိုခွင့်မတောင်းနဲ့...ပိုးတို့က ချစ်သူတွေပဲ""


""မမ...ပိုး သူ့ကိုမငြင်းနိုင်ခဲ့တာ...အဲ့အတွက်လေ ပိုးတောင်းပန်ပါတယ်...သူနဲ့ပိုးက မသင့်တော်မှန်းလည်းသိပါတယ်...ဒါပေမယ့် ""


""သူ ပျော်သလောက်နေပေးလိုက်ပေါ့

ဟုတ်တယ်မလား...အချိန်တန်ရင်တော့ တမျိုးပြောင်းချင်ပြောင်းလဲသွားနိုင်တာပဲလေ""


""ရှင်!""


""ကဲပါ...အများကြီးတွေးမနေနဲ့

မမကိစ္စကိုလည်း ခေါင်းထဲကထုတ်လိုက်

လက်ရှိအချိန်ကိုပဲ ပျော်ပျော်လေးဖမ်းဆုပ်ထား 

နောက်ဆိုဘယ်လိုဆက်ဖြစ်မယ်မှန်း ဘယ်သူမှကြိုမသိနိုင်ဘူးလေ""


""......""


""သွားတော့!""


မမ ပြောတဲ့စကားတွေက အဓိပ္ပါယ်တစ်မျိုးတွေပါဝင်နေမှန်း ပိုး သိပါ၏။ ဟုတ်တယ်...နောက်မှာဘာတွေဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှကြိုမမြင်နိုင်ပါဘူး...ဒါပေမယ့် အခုခဏလေးတော့ အကို့ရဲ့ချစ်သူဖြစ်ခွင့်ရခြင်းမှာ ပိုး ပျော်ဝင်ရှင်သန်ချင်မိ၏။ ဒီအတွက် အရမ်းသတိထားဂရုစိုက်ရမယ့်အရာက မမ ဟုလည်း ပိုးထင်မှတ်ထားခဲ့သည်။သို့သော်  မမဘက်က ထင်သလောက်ကြီး ပြင်းပြင်းထန်ထန်မတုံ့ပြန်ခဲ့တာကြောင့် ပိုး နားလည်ရခက်ပေမယ့် ဘာမှအများကြီး သိပ်စဥ်းစားမနေတော့ဘဲ လက်ရှိအချိန်လေးကိုသာ တန်ဖိုးရှိရှိ နေသွားချင်ပါသည်။ သူချစ်ပေးနေသလောက်...အခွင့်အရေးရှိသလောက်တော့ ပိုး သူ့အနားမှာနေချင်သည် ။ နောက်တော့...နောက်တော့...အခြေအနေတွေပြောင်းလဲခဲ့သည်ရှိရင်လည်း ဒါဟာ ပိုးရဲ့ကံကြမ္မာပဲပေါ့


ဒီလိုတွေးတာက ပိုး အကို့ရဲ့အချစ်ကို မယုံနိုင်လို့မဟုတ်ရပါဘူး အကို! မမြင်နိုင်တဲ့ ကံကြမ္မာဆိုတာကို မယုံရဲ၍ပါ။ 


'ပိုးလေ အကို့ကို သိပ်ချစ်တယ်'

မမ ရည်မှန်းထားတဲ့အရာကို ပိုး ဘက်ကအတ္တဆန်ဆန် ဖမ်းဆုပ်မိခဲ့ခြင်းက 'အကို' ပထမဆုံးပါပဲ...


ဖြစ်နိုင်ရင်တော့ အဆုံးသတ်အထိ အကို့ဘေးနားမှာရှိချင်ပါတယ်...ဒါပေမယ့်...


ကဲပါလေ! ဒါပေမယ့်ဆိုတာတွေကို ကြိုမတွေးတာက ကောင်းမှာပါ။ 


ချစ်ခြင်းရဲ့အဆုံးသတ်ဆိုတာ ကံကြမ္မာရဲ့ အဆုံးအဖြတ်ပဲ မဟုတ်လား...။


~~~~💞💞💞💞~~~~

Continue to>>>Part-13


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: