👑 မာနတို့ဖြင့်... စီရင်အပ်သော 👑
""📲📲📲""
ဖုန်းမှ ringtoneလေးမြည်လာသံကြောင့် လှမ်းကြည့်လိုက်တော့ သူငယ်ချင်းထံမှဖြစ်နေတာမို့ ပိုး ဖုန်းလေးကို ဖွင့်ကိုင်လိုက်ပါ၏။ပိုးက အမြဲလို အိမ်တွင်းပုန်းနေတတ်တော့ ကျောင်းပိတ်ချိန်ဆို သူငယ်ချင်းတွေနဲ့လည်း သွားသွားလာလာ မတွေ့ဖြစ်ဘဲ ဖုန်းနဲ့ပဲစကားပြောဖြစ်ကြသည်။ သူတို့ကတွေ့ဖို့ခေါ်လည်း ပိုး ကိုယ်တိုင်ကိုက မလိုအပ်ပဲအပြင်တွေလျှောက်သွားရတာမျိုးကို သဘောမကျတာပါ...။ဒါကြောင့်ပဲ ထင်ပါတယ်...ပိုးက လူတောမတိုးဘူး၊ တုံးအတယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို မမဆီကနေအမြဲလိုကြားနေကျလေ...
""အင်း...ငါမလာတော့ဘူး နင်တို့ပဲသွားလိုက်နော်""
"".....""
""နေပါစေ...ငါမလိုက်ချင်ဘူး""
"".....""
""သော်တာ့ မွေးနေ့?
အင်း...ငါမေ့နေတာ ဒါပေမယ့် မမကသူခွင့်မပြုဘဲ အပြင်မထွက်ခိုင်းဘူး...""
""......""
""အင်း ဒါဆို ငါဖုန်းဆက်ပြီး ပြောလိုက်မယ်
မမခွင့်ပြုရင်လာခဲ့မယ်လေ""
"".....""
တစ်ဖက်မှသူငယ်ချင်းကို ပြေလည်အောင်ပြောလိုက်ပြီးမှ ဖုန်းချကာ မမဆီ ဖုန်းခေါ်လိုက်ပေမယ့် ဖုန်းမကိုင်ပါ။ ဒီလိုအချိန် မမဆီဖုန်းခေါ်ရတာလည်း ခပ်လန့်လန့်...။မမက အလုပ်ချိန်ဆို အကြောင်းမရှိ အိမ်ကဖုန်းခေါ်ရင် စိတ်ဆိုးတတ်တာ ပိုးအသိဆုံးလေ။ နှစ်ခါဆက်တိုက်ခေါ်ကြည့်ပေမယ့် အကြောင်းမထူးသည်မို့ ထပ်မခေါ်ဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။
ခဏလေးသွားမယ်ဆိုရင်တော့ မမသိလည်းစိတ်မဆိုးလောက်ပါဘူးလေ...။သူငယ်ချင်းတွေခေါ်တိုင်းလည်း ပိုးအမြဲငြင်းခဲ့တာ...အခုကျ အချစ်ဆုံးသူငယ်ချင်းရဲ့မွေးနေ့မို့ ပိုးလည်း သွားတွေ့ရန်စဥ်းစားလိုက်မိသည်။ ဒီရက်ပိုင်းမှာ အကြောင်းပြပိုင်ခွင့်မရှိတဲ့ ဝမ်းနည်းစိတ်ကထွက်ပေါက်မဲ့နေခဲ့တာကြောင့် အခုခဏလေး အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ဆုံခဲ့ရင် အနည်းငယ်တော့ စိတ်သက်သာတန်ပါရဲ့ ...။
ဒီအတွေးလေးကြောင့်ပဲ...ပိုး ခပ်မြန်မြန်လေးပြင်ဆင်လိုက်ပြီး အပြင်သို့ထွက်လာခဲ့တော့၏။
~~~~💞💞💞💞~~~~
မောင် ဒီ'Royal'စံအိမ်ရှေ့ကို မနက်တိုင်းရောက်ဖြစ်ပါသည်။ အိမ်ထဲကနေခြေတစ်လှမ်းတောင်မထွက်တဲ့ အလိမ္မာလေးကို တွေ့ရဖို့ရန်အခွင့်အရေးက ဘယ်မှာမှရှာမရသေးတာကြောင့် အမြဲလို ဒီအိမ်ရှေ့ပဲရောက်နေရတာပါ။ တွေ့ချင်တဲ့ ပုံရိပ်လေးကို အနည်းငယ်မျှတောင်မမြင်ရပေမယ့် ဒီရပ်ဝန်းမှာ သူမ ရှိနေတယ်ဆိုသည့် စိတ်လေးနဲ့ပဲ တနေ့တွေ့ရနိုးနိုး မျှော်လင့်ချက်ကို ရှင်သန်စေခဲ့တာ...အကြိမ်များစွာ။သို့ပေမယ့် မျှော်လင့်သလိုတော့ ဖြစ်မလာခဲ့သေးပေ။
""ဟင်!""
မောင် အိမ်ဘက်သို့လှမ်းကြည့်နေစဥ်မှာပဲ ရုတ်တရက်မမျှော်လင့်ထားစွာ တွေ့လိုက်ရတာက သူမျှော်လင့်တဲ့ ပုံရိပ်လေး အိမ်အပြင်ရောက်လာခြင်းပါပဲ။ ပန်းနုရောင် ဒူးဖုံးဂါဝန်လေးဝတ်ဆင်ထားကာ ဖြောင့်စင်းနေတဲ့ဆံနွယ်အရှည်ကြီးတွေကလည်း သူမ ခေါင်းလေးယိမ်းလိုက်တိုင်း လေယူရာလွင့်ပါးနေပြီး ကျောပိုးအိတ်သေးသေးလေးကိုလည်းလွယ်ထားသေးတာကြောင့် သူမပုံစံလေးက ကျောင်းသွားမယ့် ကလေးငယ်လေးနှယ် ချစ်စရာကောင်းလှပါ၏။
သူမကတော့ ခြံတံခါးလေးကိုပြန်ပိတ်ကာ လက်တစ်ဖက်မှဖုန်းလေးပြောရင်း လမ်းလျှောက်လာပြီး ဘေးဘီဝဲယာကိုပင် ငဲ့မကြည့်ပါဘဲ သူ့ကားဘေးနားကတောင် ဖြတ်လျှောက်သွားချေပြီ။ သူမ မြင်နေကျ ကားမဟုတ်တော့တာကြောင့် သတိမမူမိတာလည်း ပါမှာပေါ့...။မောင်ကလည်း တမင်တကာကို သတိမထားမိစေချင်၍ ဒီအိမ်ဘက်သို့လာတိုင်း ကားကိုchangeလာခဲ့တာလေ...
သူမကို တွေ့ဖို့ပဲ သူအမြဲစောင့်နေခဲ့တာပါ။ အခု ကိုယ့်မျက်စိရှေ့ရောက်လာခါမှ အသက်မဲ့သွားသည့်အလား ဒီအတိုင်းထိုင်ငေးကြည့်နေမိရင်း စက္ကန့်ပိုင်းလောက်ကြာမှ သတိရသွားကာ သူမခြေလှမ်းရာအနောက်သို့ ကားကိုအရှိန်လျော့လျက် လိုက်လာခဲ့ပြီး နောက်တော့ သူမ အရှေ့ကနေ ကားကိုကျော်ကာ ပိတ်ရပ်လိုက်ပစ်လိုက်သည်။
~~~~~~~
ပိုးလည်း ပုံမှန်လမ်းလျှောက်လာရာမှ ရုတ်တရက်ရှေ့ကနေပိတ်ရပ်လိုက်သော ကားတစ်စီးကြောင့်ခြေလှမ်းတို့ ရပ်သွားရ၏။ ပြီးတော့ ကားပေါ်က ဆင်းလာသူကိုမြင်လိုက်စဥ် ခြေလှမ်းတို့က အလိုလိုနောက်ဆုတ်ကာ နောက်ကြောင်းပြန်လှည့်ပြေးပေမယ့် အချိန်မမီခဲ့တော့ပါ။
""ဒါက ဘယ်ကိုသွားမလို့လဲ""
ဘာမှပြန်မဖြေဖြစ်။ သူ့ကိုတွေ့ရင် ရှောင်ရပါမယ်ဆိုမှပဲ...ပြီးတော့ ရှားရှားပါးပါးလေးအိမ်ပြင်ထွက်တာကို သူနဲ့ဆုံဖြစ်အောင် ဆုံလိုက်ရသည့်ကံကြမ္မာက တကယ်ပဲ သဘောမကောင်းလိုက်တာ...။
""ကိုယ့်ကို စကားတောင်ပြန်မပြောတော့ဘူးလားကွာ!""
""ရှင်...ကိုယ့်လမ်းကိုယ်သွားပါ""
""မင်းတစ်ယောက်ထဲဘယ်ကိုသွားမလို့လဲ အခု""
""ပိုး ဘယ်သွားသွား ရှင်နဲ့မဆိုင်ပါဘူး""
မျက်နှာကိုတောင် တချက်မှမော့မကြည့်ဘဲ ငြင်းပယ်သောစကားများသာ ပြောထွက်လာတဲ့ ကောင်မလေးကို မောင် ရင်ခွင်ထဲထည့်ကာ ခပ်တင်းတင်းဖက်ထားလိုက်မိ၏။ သူမကတော့ ရုန်းသည်။ သို့သော်...မောင်က ပိုလို့ပင်တင်းကြပ်စွာဖက်ထားကာ
""ဆိုင်တယ်...မင်းဘယ်သွားသွား ဘာလုပ်လုပ် ကိုယ်သိရမယ်...ကိုယ်သိချင်တယ်...မင်းကိုချစ်တယ်...ကိုယ်ချစ်တာ မင်းပါလို့ ပြောပြီးပြီလေ...မင်းနားမလည်ဘူးလား...ဘာလို့ကိုယ့်ကိုအတင်းငြင်းနေရတာလဲ?""
""လွှတ်! ကျမကိုလွှတ်လို့ပြောနေတယ်""
ရင်ဘတ်ဆီသို့ အတင်းထုရိုက်ကာ ရုန်းဖယ်နေတာကြောင့် မောင် လက်တို့ကိုဖြေလျော့ပေးလိုက်ရ၏။ဒီလောက်အင်အားလေးနဲ့ရိုက်တာ သူ့အတွက်ကဘာမှမဖြစ်ပေမယ့် ရိုက်နေသည့် သူမရဲ့လက်ဖဝါးလေးတွေက နီရဲလာတာကိုမြင်နေရတာကြောင့်ပါ...။သူမအတွက် ထိခိုက်ဒဏ်ရာလေးနည်းနည်းရမှာကိုတောင် မလိုလားနိုင်သည်အထိ ကိုယ်ကသာ သိပ်ချစ်နေရသူမဟုတ်လား...
""ရှင် ကျမကိုအရူးလုပ်နေတာတွေရပ်သင့်ပါပြီ ပိုးအားလုံးသိပြီးပြီ...အခုအနေအထားကပုံမှန်အတိုင်းပဲရှိနေပြီလေ...ရှင် ဘာတွေထပ်ပြီးလိုချင်တာလဲ""
""မဟုတ်ဘူး...ကလေး
မင်းဘာကိုဆိုလိုတာလဲ""
""ဘာကိုဆိုလိုလဲဆိုတာ ရှင်သိမှာပေါ့
ဟုတ်ပါတယ် ပိုးက အရာရာမှာ နုံအတယ် ဘာမှနားမလည်ဘူး...ဒါပေမယ့် အဲ့လိုဆိုပြီး ပိုးကိုသက်မဲ့အရုပ်လေးလို စိတ်ကြိုက်ခြယ်လှယ်ပိုင်ခွင့်လည်း ရှင့်မှာမရှိဘူး...ရှင် မမကိုရွေးချယ်ခဲ့ပြီးပြီဆိုရင် သူ့ကိုပဲဂရုစိုက်ပါ...ပိုးဆီမလာနဲ့ ပိုးနဲ့မပတ်သက်နဲ့...""
ပြောကာလှည့်ထွက်ရန်ပြင်လိုက်တဲ့ သူမအရှေ့ကနေ မောင် ပိတ်ရပ်လိုက်ပြီး သူမလက်ကိုလည်းလှမ်းဆွဲတော့အတင်းပြန်ရုန်းလွှတ်နေသလို မျက်ဝန်းမှလည်း မျက်ရည်များစီးကျလာလေ၏။ သူမ မျက်ရည်ကျသည်ကို မြင်တော့ မောင့်ရင်ထဲ စိုးရိမ်သွားမိပြီး ဘာဆက်ပြောရမည်ကိုပင်မသိတော့ပေ။
'"မငိုပါနဲ့ကွာ
ကိုယ်ပြောပြမယ် မင်းပြောနေတဲ့စကားတွေကို ကိုယ်နားမလည်ဘူး...ကိုယ်အစကတည်းကပြောခဲ့ပြီးသား ကိုယ်ချစ်တာ မင်းပဲ""
""တော်ပါတော့!
အဲ့ဒါတွေထပ်မပြောနဲ့တော့
ရှင်က ကျမကို အလွယ်ရတဲ့သက်မဲ့ပစ္စည်းတစ်ခုလိုသဘောထားတာ...ရှင် ကျမကိုအရမ်းအထင်သေးလွန်းတာပဲ...ကျမ ရှင့်လိုလူမျိုးကို မုန်းတယ်...အရမ်းမုန်းတယ် သိလား""
""အွန့်!!""
'မုန်းတယ်'ဆိုသည့်စကားကိုပဲ အခါခါပြောနေသော နှုတ်ခမ်းဖျားလေးအား မောင့်နှုတ်ခမ်းတို့နှင့်ဖိကပ်ကာ တိတ်ဆိတ်စေလိုက်သည်။ တကယ်ပဲ သူမဆီက အမုန်းစကားကိုမကြားလို၍ပါ။ မင်းကို ဒီလောက်ထိ အထင်လွဲနာကျင်စေရအောင် ဘယ်လိုစကားတွေကိုများကြားခဲ့တာလဲ ကလေးရယ်...
မုန်းတယ်လို့ပြောနေခါမှပဲ ရုတ်တရက်ဆိုသလို ပိုးရဲ့ ကိုယ်လေးအားသိမ်းဖက်ခံလိုက်ရကာ နှုတ်ခမ်းနုနုဆီသို့လည်း နွေးထွေးသည့်အနမ်းများ တရစပ်ကျရောက်လာခဲ့၏။ သူ့အနမ်းများက ရမ္မက်ဆန်စွာ ကြမ်းရှမနေသော်လည်း စက္ကန့်အတော်ကြာသည်အထိ ပိုးရဲ့နှုတ်ခမ်းလွှာလေးများအား လွှတ်မပေးခဲ့။အနမ်းဦးကို သူနဲ့ပဲစတင်ခဲ့သလို ဒီလိုအတွေ့အကြုံကိုလည်း သူကသာသင်ပေးခဲ့ခြင်းပါ။ သို့သော် သူက ကိုယ်မပိုင်သည့် တမ်းတခြင်းသက်သက်မို့ ဒီလိုအခွင့်အရေးယူမိရင် ပိုးက သစ္စာမဲ့သူပေါ့။ဟင့်အင်း! သူကလည်း ပိုးကိုတကယ်မှမချစ်တာ ...အလွယ်ရလို့...အလွယ်ရလို့ အသုံးချရုံသက်သက်ပဲ...။သူက မမရဲ့ချစ်သူလေ...
အတွေးတို့နှိပ်စက်ကာဝမ်းနည်းနေသည့်စိတ်အစဥ်ဖြင့်အတင်းငြင်းဆန်ရုန်းကန်သော်လည်း အကြောင်းမထူးသည့်အဆုံး ပိုး အခွင့်အရေးရှာလို့ သူ့နှုတ်ခမ်းကို ဖိကိုက်ပစ်လိုက်ပြီး ရင်ဘတ်ကိုလည်း အားကုန်သုံးကာ ဆောင့်တွန်းပစ်လိုက်တော့ သူအနောက်ဘက်သို့ ခြေနှစ်လှမ်းစာလောက်ယိမ်းယိုင်သွားလေ၏။
သူ့နှုတ်ခမ်းဆီမှ ဖြာကျလာတဲ့သွေးတွေကိုမြင်တော့မှ ပိုးရင်ထဲ တုန်လှုပ်စိုးရိမ်သွားကာ ကိုယ့်လုပ်ရပ်လွန်သွားမှန်းလည်းသိလိုက်ပါသည်။ သို့ပေမယ့် ဒီလိုအပြုအမူမျိုးကို ပိုးခွင့်မပြုဘဲ သူထပ်မလုပ်ဘူးလို့ ပြောခဲ့တာပဲမဟုတ်လား...။သူက အရင်ကတိဖျက်လိုက်တာလေ...။ ဘယ်လိုပဲဖြည့်တွေးတွေး ရင်ထဲစိုးထိတ်ကြောက်ရွံနေသောစိတ်ကြောင့် မျက်ရည်တွေလည်း ပိုလို့ပင်စီးကျလာကာ ခြေလှမ်းတို့မှာလည်း ထိုနေရာမှမရွေ့နိုင်ဖြစ်နေလေ၏။
မောင်ကတော့ နှုတ်ခမ်းဆီမှသွေးစတို့ကို လက်ခုံဖြင့်ပွတ်သုတ်လိုက်ပြီး ခြေလှမ်းကိုတော့ သူမလေး ရှိရာဆီသို့သာ ဆက်ဦးတည်မိသည်။ နာကျင်သွားတဲ့ နှုတ်ခမ်းမှ ဒဏ်ရာထက် သူမဆီက ဒီလိုစိမ်းစိမ်းကားကားပြုမူခံရခြင်းကမှ မောင့်ကိုတကယ်ရင်နာစေတာပါ။ သူမလေး တစ်ခုခုကိုနားလည်မှုလွဲနေတာ အသေအချာပဲမို့ ဒီအခြေအနေကို ရှင်းပြရန်ကလွဲရင် မောင် ဘာကိုမှဂရုစိုက်နိုင်တော့...။
""ကလေး!""
တိုးဖွဖွခေါ်ကာ အနားသို့တိုးကပ်လိုက်တော့ သူမကခြေလှမ်းကို အနောက်သို့ဆုတ်ရန်ပြင်လိုက်၏။ သူမကို ကြည့်ရတာတော်တော်လေးလန့်သွားပုံပါ။ မျက်ရည်တွေကျကာ နှုတ်ခမ်းဖျားလေးများမှာလည်း တဆတ်ဆတ်တုန်ယင်နေပြီး...သူ့ကိုတချက်မှတောင်ပြန်မကြည့်။ မောင်က လက်ဖျားလေးကို လှမ်းကိုင်လိုက်တော့မှ မျက်နှာလေးမော့လာကာ တစ်ချက်ကြည့်လိုက်ပြီး
""ပိုး ကိုလွှတ်ပါ
ပိုးသွားတော့မယ်""
သူ့မှာ ဘာတစ်ခွန်းမှတောင်ပြောချိန်မရလိုက်။ ကိုင်ထားသည့်လက်ကို ဆတ်ခနဲရုန်းကာ ပြေးထွက်သွားလေ၏။
""ပိုး...ခဏလေး!!
မပြေးနဲ့...""
သူမအနောက်မှ ပြေးလိုက်ရင်း မောင့်ရင်ထဲစိုးရိမ်စိတ်တို့က မြင့်တက်လာရ၏။အခုက လူရှင်းသည့်လမ်းသွယ်ဖြစ်သော်လည်း သူမ ပြေးနေသည့်ဦးတည်ဘက်က ကားလမ်းမပေါ်သို့ရောက်တော့မည်။ ဒီလောက်ငိုနေတာ ဘေးပတ်ဝန်းကျင်ကို ဘယ်လိုနည်းနဲ့ဂရုစိုက်နိုင်မည်နည်း။
ပြေးရင်းကပဲ လမ်းကွေ့တခုသို့အရောက်မှာ မောင် သူမလက်လေးအား မီအောင် နောက်ပြန်လှမ်းဆွဲလိုက်စဥ် လမ်းတစ်ဖက်မှကွေ့ဝင်လာသော ကားက သူတို့နှစ်ယောက်နှင့်မျက်နှာချင်းဆိုင် အနေအထားသို့ရောက်လာလေ၏။ဒါကို လှမ်းမြင်လိုက်သည့် မောင်က သူမအား အန္တရာယ်ကင်းမည့် ဘေးတစ်ဖက်ဆီသို့ တွန်းပို့ပေးလိုက်ပေမယ့် ကိုယ်တိုင်ကတော့ ရှောင်တိမ်းနိုင်ရန်နောက်ကျသွားခဲ့လေ၏။
""တီ! တီ!""
""ကျွီးး!!""
""အကို!!!""
ရှုပ်ထွေးသွားတဲ့အခြေအနေတွေကြား ပိုးကတော့ လမ်းနံဘေးသို့ အန္တရာယ်မခဘဲရောက်သွားပေမယ့် လမ်းပေါ်လဲကျနေသည့် သူ့ကိုကြည့်ကာ ပိုးမျက်လုံးတို့ ပြာဝေသွားရ၏။
""အကို! အကို!
သတိထားပါဦး! ပိုးကိုကြည့်ပါဦး...အကိုဘာမှမဖြစ်ရဘူးနော်""
ပိုး သူ့ကိုခေါ်ကာ လှုပ်နှိုးနေပေမယ့် သူကတော့လုံးဝကို သတိမလည်တော့ပေ။မတော်တဆမှုဆိုတော့ အနားသို့လည်းလူတွေဝိုင်းအုံကာ သက်ဆိုင်ရာသို့ အသီးသီးဆက်သွယ်ပေးကြရင်း လူတွေများပြားရှုပ်ထွေးနေ၏။ ပိုးကတော့ သူ့ကိုပဲကြည့်ကာ ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံးနိုင်ခဲ့။
အကို! ဘာမှမဖြစ်ပါနဲ့!
ပိုး တောင်းပန်ပါတယ်...
~~~~💞💞💞💞~~~~~
°°°°At the Hospital°°°°
ဒဏ်ရာက သွေးထွက်များခဲ့ပေမယ့် တကယ်ကိုပဲ ကံကောင်း၍သူ့ဒဏ်ရာကအရမ်းမစိုးရိမ်ရဘူး ဆိုတာကြောင့် ပိုး တကယ်ကိုကျေးဇူးတင်မိပါ၏။ ဒါပေမယ့် သူဘာကြောင့်အခုချိန်ထိ သတိမရသေးတာပါလိမ့်!
ဦးခေါင်းထက် ပတ်တီးအဖွေးသားဖြစ်နေလျက် လဲလျောင်းနေသည့် သူ့ကိုကြည့်ကာ ပိုး မျက်ရည်တို့မရပ်နိုင်ခဲ့။ ဒါက ပိုး ကြောင့်ဖြစ်ရတာပါ။ နေရာတကာမှာ စဥ်းစားဆင်ခြင်နိုင်စွမ်းကင်းမဲ့လို့ သူနဲ့တွေ့တိုင်း အမြဲလိုပြသာနာကြုံရတာ အခေါက်ပေါင်းမနည်းခဲ့ဘူးလေ။ အခုဆိုသူ့အသက်အန္တရာယ်အထိပါ ထိခိုက်စေမိတာ...ပိုး တကယ်ကို အသုံးမကျပါဘူး အကိုရယ်...
သူ့လက်လေးအား ဆုပ်ကိုင်လျက် ခေါင်းကိုငုံ့ကာ ငိုကြွေးနေမိစဥ်...ပိုး လက်ကို ပြန်ဆုပ်ကိုင်လိုက်သလို ခံစားချက်ကြောင့် သူ့မျက်နှာဆီ အမြန်မော့ကြည့်တော့ မျက်လုံးလေးတွေဖွင့်လာပြီမို့ ပိုးလည်းဝမ်းသာသွားရကာ...
""အကို! အကို သတိရလာပြီလား""
ခေါင်းထဲ မူးနောက်ကာ အမြင်တွေဝေဝါးနေရင်းပိုးရဲ့ အသံလေးကြားတော့မှ ဖြစ်ခဲ့သောအဖြစ်အပျက်ကို ပြန်သတိရသွားကာ ချက်ချင်းထထိုင်ရန်ပြင်လိုက်၏။ သူ့အမြင်မှာ တွန်းလိုက်သည့်အရှိန်ကြောင့် သူမ လမ်းဘေးတစ်ဖက်သို့လဲကျသွားသည်က နောက်အဆုံးအသိ...။အဲ့ဒီ့နောက် သူမ အန္တရာယ်ကင်းခဲ့ရဲ့လားဆိုတာ မသေချာတာကြောင့် ရင်ထဲစိုးရိမ်သွားမိလျက်...
""ကလေး! မင်း ဘာဖြစ်သွားသေးလဲ
ဒဏ်ရာရသွားလား...ကိုယ့်ကိုပြပါဦး""
သူ ဒီလိုစိတ်ပူစွာမေးမှပဲ ပိုးမှာ ငိုချင်သောစိတ်က ပိုလို့တားမရနိုင်။ တကယ်ဆို အသက်ကို ထိခိုက်သွားနိုင်တာ သူပါ။ ပိုးမှမဟုတ်တာ...အခုသူက သူ့ကိုယ်သူထက် ပိုးကိုပဲ စိတ်ပူပေးနေခြင်းက ထိုက်တန်လို့လား...
""ဟင့်အင်း! ပိုး ဘာမှမဖြစ်ဘူး""
""တကယ်လား?""
""ဟုတ်တယ်...ပိုးကဘာမှမဖြစ်ဘူး
အကို့ဒဏ်ရာက သွေးတွေအရမ်းထွက်ခဲ့တာ အကို သက်သာရဲ့လား...အရမ်းနာနေလား""
""ရတယ်...မင်းဘာမှမဖြစ်ဘူးဆို ရပါပြီ
မင်းကွာ! ဘယ်လိုလုပ်ကားလမ်းကို သတိမထားဘဲပြေးရတာလဲ...ကိုယ်သာအချိန်မမီခဲ့ရင် အခုနေဒဏ်ရာရတာ မင်းဖြစ်သွားလိမ့်မယ်""
""အဲ့လိုပဲ ဖြစ်လိုက်ချင်တာပါ အကိုရယ်
ဘာကြောင့် ပိုးကိုကယ်ရတာလဲ?ဒီအတိုင်းလွှတ်ထားခဲ့ရမှာ""
""လွှတ်ထားစရာလား!!
ကိုယ်ရှိနေရင် မင်းဆီဘာအန္တရာယ်မှမကျရောက်စေရဘူး...ကိုယ်က ဆက်ဆက်ကာကွယ်ပေးမယ်...ဒါပေမယ့် ကိုယ်ကမင်းဘေးနားမှာ အချိန်ပြည့်မရှိနိုင်လို့ မင်းကိုယ့်ကိုကိုယ်ဂရုစိုက်...နောက်ဆို အခုလိုမျိုး အန္တရာယ်များတာတွေ မလုပ်နဲ့!""
""ပိုးက အဲ့လိုဂရုစိုက်မှုမျိုးကိုရဖို့ ထိုက်တန်လို့လား""
""မင်းအတွက်ဆိုရင် အကုန်လုံးထိုက်တန်တယ်""
"".....""
""ဒါနဲ့ ကိုယ် ဆက်ပြီးရှင်းပြရဦးမယ်လေ
မင်းကို ကိုယ်နဲ့ပတ်သက်ပြီးဘယ်သူက ဘာတွေပြောထားလဲ...မင်းကိုယ့်အပေါ် ဘယ်လောက်ထိ အထင်လွဲပြီး ဘာတွေကို မကျေနပ်နေလဲ...ကိုယ့်ကိုပြော...ကိုယ်အားလုံးရှင်းပြမယ်""
""အဲ့ဒါက...""
""အင်း ပြောလေ""
""ဟို...ဖွင့်ပြောတဲ့စကားကိုလေ
အကို...တခြားနောက်တစ်ယောက်ကို ပြောခဲ့သေးတယ်မဟုတ်လား...မမ...မမကိုလေ""
သူမစကားကြောင့် မောင် မျက်ခုံးနှစ်ဖက်ကိုအလိုမကျစွာတွန့်ချိုးလိုက်ပြီးမှ သေချာစဥ်းစားကြည့်မိတော့ အခြေအနေကိုနားလည်သွားရ၏။ ကြည့်စမ်း! မေတော်ဝင်က ဒီလိုစကားအထိပါ ညာပြောလိုက်သည်ပဲ...။ဒါကို ဒီကလေးက ယုံနေတာပေါ့...
""သူက မင်းကို အဲ့လိုပြောလို့လား?""
""ဟုတ်""
""အဲ့တော့ မင်းကယုံတယ်ပေါ့""
""အယ်! မမက ညာပြောမယ့်သူမှမဟုတ်ဘဲ""
""မင်းက သူ့စကားကိုတော့ ယုံပြီး ကိုယ့်အချစ်ကိုကျ မယုံတဲ့သဘောပေါ့ ဟုတ်လား""
""ရှင်!""
""လာခဲ့! ဒီကို""
မောင်က ကုတင်ဘေးနားလေး၌လွတ်နေသောနေရာလေးကို ညွှန်ပြလျက်ပြောတော့ သူမက စကားနားထောင်စွာ နေရာမှထလျက် မောင့်ဘေးနားလေးကို ရွှေ့ထိုင်လိုက်လေ၏။
""ကိုယ်ပြောပြမယ် နားထောင်!
ဒီတစ်သက်မှာ ကိုယ် ချစ်တယ်လို့ ပထမဆုံးဖွင့်ပြောခဲ့တာ မင်းတစ်ယောက်ကိုပဲ...တခြားဘယ်သူမှမရှိဘူး...မင်းကလွဲရင် ကိုယ်ဘယ်သူ့ကိုမှလည်းမချစ်ဘူး""
""ဒါပေမယ့်...""
""နောက်ဆို သူများပြောတဲ့စကားကို လွယ်လွယ်မယုံလိုက်နဲ့! အထူးသဖြင့် ကိုယ်က မင်းမဟုတ်တဲ့တခြားသူကို ချစ်နေပါတယ်လို့ပြောတာ...အဲ့ဒါအကြီးစားလိမ်ညာမှုပဲ...ကိုယ်နဲ့ပတ်သက်ပြီး တခြားသူဘာပြောပြော မယုံနဲ့! မင်းသိချင်ရင် ကိုယ်တစ်ယောက်လုံးရှိတယ်...ကိုယ့်ကိုမေး...အားလုံးကို ကိုယ်ပြောပြမယ်...နားလည်ပြီလား""
""ဟုတ်!""
""ဒါဆို ကိုယ့်ကိုအဖြေပေးတော့""
""ရှင်""
""ကိုယ့်ကိုချစ်တယ်လို့ဖြေ""
""ဟင့်အင်း မဖြေပါဘူး""
""ဘာလို့လဲကွာ ကိုယ်အားလုံးပြောပြပြီးပြီလေ""
""ဒါပေမယ့် အကိုဖြေစေချင်တဲ့အဖြေမျိုးကို ပိုးဖြေလို့မရဘူး...ဟင့်အင်း!မဖြစ်ဘူး""
ခေါင်းလေးတခါခါဖြင့် အတင်းကိုငြင်းဆန်နေရင်း မျက်ရည်တို့ကစီးကျပြန်၏။ အချိန်အကြာကြီးငိုထားခဲ့ပုံရကာ အခုချိန်ထိ ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းတို့က စိုစွတ်နေပြီး မျက်လုံးလေးတွေ နီရဲကာ မျက်ခွံလေးတွေမှာလည်း ဖောင်းအစ်နေလေပြီ။ ဒါကိုတောင် အခုထိမျက်ရည်ကကျနေဆဲ...။မချစ်ဘူးလို့မပြောနိုင်ပဲ...ဖြေလို့မဖြစ်ဘူးတဲ့လား ကလေးရယ်...မင်း သူ့ကိုအဲ့လောက်တောင် ကြောက်တာပဲလား။
""တော်ပြီ! ကိုယ်မမေးတော့ဘူး...နော်
မငိုနဲ့! မင်းမဖြေချင်တာ ကိုယ်မမေးဘူး...ကိုယ်မကြိုက်တာကိုလည်း မလုပ်နဲ့...မငိုနဲ့တော့! မင်းအရမ်းပင်ပန်းနေပြီ""
မောင်က သူမရဲ့မျက်ရည်စလေးများကို လက်ဖြင့်ဖွဖွသုတ်ပေးရင်း သူမ ခေါင်းလေးကို သူ့ရင်ခွင်ဆီဆွဲယူကာ မှီထားလိုက်တော့ သူမက ရုန်းမထွက်ပဲငြိမ်သက်နေလေ၏။
""ကိုယ်သိပါတယ်
မင်း ရင်ထဲကအဖြေကို ထုတ်မပြောလည်း ကိုယ်သိတယ်""
""ဟင်! တကယ်ဟုတ်လို့လား""
""အင်းပေါ့...ပါးစပ်ကထုတ်မပြောပဲ သိနိုင်တဲ့နည်းလမ်းတွေအများကြီးရှိတယ်လေ ကလေးရဲ့ ...ဒါကြောင့် မင်းဘာမှမပြောပေမယ့် မင်း ရင်ထဲက အဖြေကို ကိုယ်ကြားတယ်...မင်းမဖြေနိုင်တဲ့အမေးကို ကိုယ်အတင်းမမေးဘူး...တနေ့နေ့မှာ မင်းကိုယ်တိုင် နှုတ်ဖျားကနေ လိုလိုလားလားဖွင့်ပြောမှာကိုပဲ ကိုယ်စောင့်နေမယ်...ဒါပေမယ့် အဲ့ဒီမတိုင်ခင်တော့ မင်းက ကိုယ့်ချစ်သူလို့သတ်မှတ်တယ်""
""ချစ်သူ?""
""အင်း!""
အဖြေစကားရဲ့အဆုံး မောင် သူမနှုတ်ခမ်းလေးဆီသို့ ဦးတည်ကာ ခေါင်းကိုငုံ့လိုက်စဥ် ရုတ်တရက် အထိတ်တလန့်အမူအရာလေးဖြင့် သူမက ဟန့်တားလိုက်လေ၏။
""ဒီနေရာမှာ ဒဏ်ရာရှိတယ်လေ...နာသွားမှာပေါ့""
မျက်လုံးဝိုင်းလေးဖြင့် မောင့် နှုတ်ခမ်းဆီသို့ လက်ညှိုးလေးဖွဖွထိလျက် ဆိုလာပုံက တကယ့်ကိုကလေးလေးနှယ်ပါ။ မောင်က သဘောတကျလေးပြုံးပြလိုက်ရင်း သူမလက်လေးကိုဖမ်းဆုပ်ထားကာနားရွက်ဖျားလေးသို့ ခပ်တိုးတိုးကပ်လိုက်ပြီး
""အဲ့ဒီ့ဒဏ်ရာရအောင် ကိုယ့်နှုတ်ခမ်းကို ကိုက်လိုက်တာက ဘယ်သူလဲ?""
စနောက်ရုံသက်သက်ပြောလိုက်သော်လည်း သူမမျက်နှာလေးကတော့ တကယ့်ကိုစိတ်မကောင်းဖြစ်သွားပုံဖြင့်မော့ကြည့်လာကာ
""ပိုး တောင်းပန်ပါတယ်နော်
အရမ်းနာသွားလားဟင်""
""ဒီဒဏ်ရာကမနာပါဘူး ကလေးရယ်
အဲ့ဒီ့အချိန်တုန်းက မင်းကိုယ့်ကို ကြည့်နေတဲ့မျက်လုံးစိမ်းစိမ်းတွေကြောင့် ဒီအသည်းထဲက ပိုနာခဲ့တာ""
မောင်က ရင်ဘတ်ဆီသို့ ပြန်ညွှန်ပြရင်းပြောလိုက်တော့ ခေါင်းလေးငုံ့သွားတာကြောင့် သူမ မျက်နှာလေးအားမေးဖျားလေးမှ ပြန်ဆွဲမော့ယူကာ နှုတ်ခမ်းနုနုထက် ဖွဖွငုံ့နမ်းလိုက်ပါ၏။
""ဒီနေ့ကစပြီး ကိုယ်တံဆိပ်ခတ်လိုက်ပြီနော်
ကိုယ်ကလွဲရင် ဒီနေရာကို ဘယ်သူ့ကိုမှပေးမထိရဘူး""
မောင်က သူမနှုတ်ခမ်းလေးကို ဦးတည်ပြီး ပြောလိုက်စဥ် ပါးလေးနှစ်ဖက်မှာ ပန်းသီးလေးတွေလိုနီရဲကာ ပြုံးရုံမျှလေးပြုံးပြနေသည်။တကယ်ပါပဲ! ချစ်မိခဲ့တဲ့သူလေးက အဲ့လိုမျိုး အရှက်လည်း သည်းတတ်သူပါ။ မောင်က အသည်းယားစွာပင် သူမ ခေါင်းကို ဖွဖွလေးပုတ်ကာ ရင်ခွင်ထဲဆွဲဖက်ထားလိုက်ပြန်၏။
ကဲ!အခုမှ သူ့အဖြစ်က ချစ်တယ်လို့အဖြေမရပါဘဲ ချစ်သူရတဲ့အခြေအနေပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကလေးရေ...ကိုယ်က မင်းကိုသိပ်ချစ်တယ်...ဒီလိုပဲ မင်းလည်း ကိုယ့်ကိုချစ်တယ်ဆိုတာ ကိုယ်သိနေပါတယ်...
ဒါဆိုရင်ပဲ လုံလောက်ပါပြီ
တနေ့ကျရင်တော့ မင်းကိုယ့်ကို ချစ်တယ်လို့ပြောတာ ကိုယ်ကြားရမှာပါ...ကိုယ်စောင့်နေမယ်...ကိုယ် စောင့်နိုင်ပါတယ်။
အခုတော့ မင်းလေးက ကိုယ့်ရဲ့ချစ်သူပဲ
~~~~~
ထိုအချိန်မှာတော့ ဆေးရုံအခန်းလေးရဲ့ရှေ့၌ အံကိုကျိတ်လျက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည့် မိန်းကလေးတစ်ဦး၏.မျက်လုံးစူးစူးများများကို မည်သူမျှ သတိမထားမိခဲ့ကြပေ။
လုံအောင်စေ့ပိတ်မထားခဲ့သော တံခါးချပ်လေးကသာ အပြစ်ရှိခဲ့သည်လော...။ထိုမိန်းကလေးကတော့ အရာအားလုံးကို ပျက်သုဥ်းစေမည့်ကံကြမ္မာကို စိန်ခေါ်ဖန်တီးရန် အတွေးရိုင်းတို့က ပိုလို့သာအကျည်းတန်လာခဲ့လျက်...။
~~~~💞💞💞💞~~~~
Continue to >>>Part-12
တစ်ခုတော့ပြေလည်သွားပြီနော်
မောင့်ကို ရှင်းပြခိုင်းတာ လက်လွန်ပြီးကားပါတိုက်သွားတယ်ရော😁တကယ်တော့ အစကမစဥ်းစားထားဘူး ရေးရင်းနဲ့မှအကြံပေါ်😁😁အခန်းရှေ့က ပြသာနာကိုတော့နောက်မှဆက်ရှင်းကြစို့။
Reader/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)