book

Index 10

~~ Part-( 10 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


မေ အခန်းရှေ့၌ရပ်ကာ အထဲမှ ပြောစကားများကို အသေအချာနားစွင့်ခဲ့ပါ၏။ ပြီးမှ အခန်းတံခါးကို စေ့အောင်ပြန်ပိတ်လိုက်ရင်း ကျေနပ်စွာပြုံးလိုက်သည်။ လူတစ်ယောက်ရဲ့ခံစားချက်ကို ကိုယ့်သဘောအတိုင်း ထိန်းချုပ်ခိုင်းစေရတာကို မေ ကျေနပ်နေမိသည်။ ပြီးတော့ မေ အသေအချာသိလိုက်တာက မိပိုးလည်း မောင်နဲ့ပတ်သက်ပြီးခံစားချက်က ရိုးရှင်းမနေဘူးဆိုတာပါပဲ။'ရှင့်ကို မချစ်ပါဘူး'လို့ အတိအကျမှ ထုတ်မပြောနိုင်ခဲ့ဘဲ...။အင်းပေါ့လေ...တစ်သက်လုံး လူတောမတိုးဘဲခပ်အအ နေလာခဲ့တဲ့ သူ့လိုလူကို အရေးလုပ်ပြီး ချစ်ရေးဆိုမယ့်သူ ပေါ်လာတာကိုး။ 


မောင်ကလည်း ကြံကြံဖန်ဖန် ဒီလိုမျိုးကိုမှ သဘောကျနေတယ်တဲ့...။အဟက်! မျက်စိရှေ့မှာ လှပပြည့်စုံတဲ့မိန်းကလေးတွေကို တွေ့ဖန်များတော့ ပိုးရတုလို ချာတိတ်မလေးက သူ့အတွက် အဆန်းလေးဖြစ်သွားတယ်ထင်ရဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ်...တနေ့ကျရင် မောင့်ဘေးမှာယှဥ်ရပ်ပြီး မောင့်လက်ကိုတွဲရမယ့် သတို့သမီးဟာ ကျမ ပဲဖြစ်ရမှာပါ။ 


မဖြစ်ခဲ့ရင်လည်း...ဖြစ်အောင်ဖန်တီးဖို့ ကျမ လုပ်နိုင်တယ် မောင်...။မောင်သာ ခက်ခဲတဲ့လမ်းကို ဆက်မရွေးဘဲ  အချိန်မီနောက်ပြန်လှည့်နိုင်ခဲ့ရင် အကောင်းဆုံးပေါ့။


မေ တစ်ယောက်ထဲအတွေးတို့ ပလုံစီကာ မျက်နှာပေါ်မှာလည်း တစ်စုံတရာကို ရည်ရွယ်သောအပြုံးတို့ကနေရာယူလျက်...။


~~~~💞💞💞💞~~~~


""တီ! တီ! တီ!""


ခြံရှေ့ကားရပ်ပြီး ဟွန်းသံပေးလိုက်တော့ လူတစ်ယောက်က ပြေးထွက်လာပေမယ့် ကြည့်ရုံသာ ကြည့်နေပြီး တံခါးကိုဖွင့်မပေးဘဲ ရပ်နေလေ၏။ မောင် ဒီကိုမလာတာ ၁လကြာနေပြီ။ ချစ်ရတဲ့ ဟိုကလေးမလေးကို မတွေ့တာလည်း ထို့နည်းတူပေါ့။သူမက တကယ်ကိုပဲပြတ်သားနိုင်လွန်းသည်။ ဘယ်လိုနည်းလမ်းနဲ့မှ သူမဆီဆက်သွယ်ဖို့ကြိုးစားမရခဲ့သလို မောင်လည်း သူမကို အချိန်ပေးသည့်သဘောဖြင့်သာ ခဏတဖြုတ် ခြေလှမ်းရပ်ထားပေးခြင်းပါ။ အခုကတော့ လွန်ပြီလေ...စာမလာသတင်းမကြားနဲ့ သံယောဇဥ်ဖြတ်နေနိုင်တဲ့ ကောင်မလေးကို ကိုယ်ကသာ မနေနိုင်စွာလာရှာရပြန်သည်ပေါ့...။ဒီအတောအတွင်း အလုပ်ကိုပဲ ကြိုးစားစိတ်နှစ်ထားခဲ့ပေမယ့် သတိရသောစိတ်ကို ကိုယ် ကိုယ်တိုင်တောင် ထိန်းချုပ်နိုင်စွမ်းမရှိခဲ့။ လွမ်းတယ်ဆိုတာထက်ကို ပိုလွမ်းနေခဲ့တာ မင်းသိရဲ့လား...


""တီ! တီ!""


နောက်ထပ်ဟွန်းသံပေးလည်း အခြေအနေကမထူးသည်မို့ လူကိုယ်တိုင်ပဲ ကားပေါ်ကဆင်းလာလိုက်တော့...


""မမလေး မေတော်ဝင်မရှိဘူး လူလေး""


မြင်နေကျ ခြံစောင့်ဦးလေးကြီးမို့ မောင့်ကိုသိနေပုံပါ။မေ မရှိဘူးလို့လည်း တပ်အပ်ပြောကာ...လူကိုလည်း အိမ်ထဲပေးမဝင်မည့်ပုံစံ။


""ကျွန်တော်တွေ့ချင်တာ ပိုးရတုပါ""


""မမလေးက မှာထားတယ်ကွဲ့

သူမရှိတုန်း ဧည့်သည်လာရင်ဘယ်သူ့ကိုမှအဝင်မခံနဲ့တဲ့! အထူးသဖြင့် သမီး ပိုးလေးကိုရှာရင်...ပေးမဝင်ရဘူးလို့ မှာထားပါတယ်""


""ဒါဆို ပိုးရတုအိမ်ထဲမှာရှိလား?""


""အဲ့ဒါလည်း ပြောလို့မရပါဘူး

ပိုးလေးနဲ့ ပတ်သက်ပြီးဘယ်သူ့ကိုမှ ဘာမှပြောလို့မရဘူး...ပိုးနဲ့တွေ့ဖို့လာတယ်ဆိုရင် လူလေးပြန်ပါ ဒီထက်ပိုဆိုးရင် ဦးအလုပ်ပြုတ်ရပါလိမ့်မယ်""


ထိုဦးလေးကြီးက တောင်းပန်သည့်ပုံစံမျိုးဖြင့်ဆိုလာလေ၏။ဟုတ်မှာပါ။ ဒီအိမ်မှာ မေတော်ဝင်ရဲ့စကားကို လွန်ဆန်နိုင်သူ ဘယ်ရှိပါ့မလဲ။ ဆက်ပြောနေလည်း တူညီတဲ့အဖြေကိုပဲရမှာမို့ မောင် ခြေလှမ်းကိုရွှေ့ဖို့သာပြင်ရတော့သည်။ အိမ်အပေါ်ဘက်သို့ မျက်လုံးအကြည့်တစ်ချက်ရောက်မိစဥ် မှန်ပြတင်းတစ်ခုမှ ခန်းစီးလိုက်ကာစလေး ဖျတ်ခနဲလှုပ်ရှားသွားခြင်းရဲ့အနောက် လှည့်ထွက်သွားသော အရိပ်လေးကိုလည်း အသေအချာမြင်လိုက်ပါ၏။ 


မင်းကိုယ်တိုင်က ကိုယ့်ကိုမတွေ့ချင်တာလား...

ဒါမှမဟုတ် တခြားအကြောင်းအရင်းတစ်ခုက မင်းကို ဟန့်တားနေတာလား...။ကိုယ်သိချင်တယ်...အနည်းဆုံးတော့ အကြောင်းပြချက်လေးပေးဖို့သင့်ပါတယ်ကွာ...။ ဒါပေမယ့် ရပါတယ်...ကိုယ်မြင်နိုင်တဲ့နေရာမှာ ရှိနေရင်ရပြီ...။မင်းရှိနေရင် ရပါပြီ။ 


မမြင်ရတော့တဲ့အရိပ်လေးကို ထပ်ရှာချင်သေးပေမယ့် လက်တွေ့ဆန်တဲ့ဖြေရှင်းနည်းတစ်ခုကိုလည်း အလျင်အမြန်စဥ်းစားကာ ဖုန်းနံပါတ်တွေကိုနှိပ်လိုက်ပြီး


""ငါ နင်နဲ့တွေ့ချင်တယ် မေတော်ဝင်""


"".......""


""Ok! ငါလာခဲ့မယ်""

~~~~💞💞💞💞~~~~


""ထူးထူးဆန်းဆန်းပါလား...

မောင်ကအရင် ကျမကိုရှာတာ""


ထုံးစံအတိုင်း လူတကိုယ်လုံး အနီရဲရဲကာလာတွေခြယ်ကာ နွဲ့နှောင်းသောအမူအရာ၊ စကားသံချိုချိုလေးဖြင့် မောင့်အရှေ့က ထိုင်ခုံလေး၌ ခြေချိတ်လျက်ဝင်ထိုင်လိုက်ပုံက တကယ့်ကိုမှ စမတ်ကျလှပလွန်းနေသူပါ။ ဒါပေမယ့် ဒီအလှကို မောင်ဘယ်တုန်းကမှ ရင်မခုန်တတ်ခဲ့။ လှသလောက် မာနဂုဏ်ကြီးလွန်းလို့ သူငယ်ချင်းဆိုတဲ့ အတိုင်းအတာအောက်မှာတောင် မောင့်ဘက်က ခပ်ခွာခွာပဲနေခဲ့ဖူးတာပါ။ အခု ကိုယ်ချစ်ရတဲ့သူနဲ့ပတ်သက်လာ၍သာ ပြောစရာစကားတွေက ရှိလာခဲ့ပြီမဟုတ်လား...


""ပိုးရတုကို ငါနဲ့မတွေ့ဖို့ပြောထားလား""


""မောင် တွေ့ချင်တယ်လို့ပြောတာ

သူ့အကြောင်းပြောဖို့ပဲလား""


""ငါ နင့်အိမ်ကိုရောက်ခဲ့တယ်...

ပိုးကိုလာရှာတဲ့သူဆိုရင် ဘယ်သူနဲ့မှပေးမတွေ့ရဘူးဆိုတော့ နင်ကဘာသဘောလဲ?""


""ဘာသဘာလဲဆိုတော့ သူနဲ့မောင့်ကိုမတွေ့စေချင်တဲ့သဘောလေ...သူက အရမ်းနုံအတယ် လောကကြီးအကြောင်းဘာမှမသိဘူး...မောင် အပျင်းပြေဆော့ကစားဖို့သက်သက်နဲ့ သူ့ကိုသွားမထိပါနဲ့...သူ့ဘာသူနေပါစေ""


""ဘာ!""


""ဟုတ်တယ် မောင်...အပျော်သက်သက်ဆိုရင် ရပ်လိုက်တော့...ငါသိတယ်...နင်သူ့ကိုချစ်တယ်လို့ပြောတာ တကယ်မဟုတ်ဘူးမလား...သူ့ကို ...သူ့ကို နင်သနားနေတာမဟုတ်လား...""


""ဒါက နင့်ကိစ္စမဟုတ်ဘူး မေတော်ဝင်

ငါသူ့အပေါ်ဘယ်လိုသဘာထားလဲ ငါကိုယ်တိုင်သိတယ်...ပြီးတော့ သူသိဖို့ ငါပြောပြမယ်...တခြားဘယ်သူမှသိစရာမလိုဘူး...ဘာကန့်သတ်ချက်မှလည်းထုတ်စရာမလိုဘူး""


""မောင်!""


""မခေါ်နဲ့!

အရင်က ဒီအခေါ်အဝေါ်နဲ့ပတ်သက်ပြီး ငါ့မှာဘာသဘောထားမှမရှိခဲ့သလို ဘယ်အဓိပ္ပါယ်သက်ရောက်နေမှန်းလည်း ဂရုမစိုက်ခဲ့မိဘူး...ဒီအတိုင်း ငါ့နာမည်လို့ပဲသတ်မှတ်ခဲ့တာ...အခုတော့မတူဘူး...အဲ့ဒီ့အခေါ်ကြောင့် သူငါ့ကိုအထင်လွဲခဲ့ဖူးတယ်...နောက်ဆို ဆင်ခြင်ပေးပါ...ငါတောင်းပန်တယ်""


""တကယ်ပဲလား

တကယ်ကို အဲ့လောက်ထိလုပ်ရမှဖြစ်မှာလား

သူ့လို ဘာမဟုတ်တဲ့ကလေးမလေးကို နင်တကယ်ပဲ....တကယ်ပဲ...""


ရင်ထဲပြည့်တက်လာသော ဝမ်းနည်းစိတ်နဲ့ခံပြင်းဒေါသစိတ်တွေကြောင့် မေ့စကားသံတို့တောင် ရှေ့မဆက်နိုင်သည်အထိ ရင်ထဲတနုံ့နုံ့ခံစားချက်မှာလွန်စွာပြင်းထန်နေသည်။ မောင် ဆက်ပြောမယ့် စကားတွေကိုလည်း မကြားချင်တော့သလို သူ့စကားတစ်ခွန်းတိုင်းကလည်း ခါးသက်ခြင်းတို့သာဖုံးလွှမ်းနေ၏။ 


""နင်နဲ့တော့မဆိုင်ဘူး

ဒါပေမယ့် မဆိုင်တဲ့အမေးကို ဒီတစ်ခါတော့ဖြေပေးလိုက်မယ်...ငါ ပိုးရတုကို သိပ်ချစ်တယ်""


မောင့်ထံမှ အဖြေစကားသည် ရင်ထဲအက်ရှကြေကွဲသွားစေသည့်လက်နက်သဖွယ်...။နှလုံးသားဆီမှ စူးခနဲနာကျင်မှုနဲ့အတူ နှုတ်ခမ်းနီနီမှလည်း မဲ့ပြုံးတစ်ပွင့်ကို နာနာကျင်ကျင် ဖန်ဆင်းလိုက်မိရင်း...


""အဟင်း! ဒါပေမယ့် သူနင့်ကိုငြင်းလိုက်ပြီလေ...နင်တို့နှစ်ယောက်ဇာတ်လမ်းက ပြီးသွားပြီ ဆက်ရန်မရှိ...ဇာတ်သိမ်းနေပြီ""


""အဲ့ဒါက နင့်အထင်လေ

သူ ငါ့ကိုပြောခဲ့တာ ငြင်းတယ်တဲ့

မချစ်ဘူးလို့မှ မပြောခဲ့တာ...ပြီးတော့ သူကသက်ရှိလူတစ်ယောက်...နင်ထိန်းချုပ်ထားရင်လည်း ခဏလောက်ပဲအဆင်ပြေမှာ""


""အဟက်! ငါက ထိန်းချုပ်တယ်?

နင်ဘယ်လိုတွေ တွေးနေတာလဲ မြတ်သောမောင်ရယ်...""


""ငါ့အတွေးမှားလား...မှန်သလားဆိုတာ နင်ကိုယ်တိုင်သိပါတယ် မေတော်ဝင်""


မောင့် နှုတ်ဖျားမှပြောထွက်နေသော စကားသံတွေ၊စူးရဲနေသည့် မျက်လုံးအကြည့်တွေက လူတကိုယ်လုံးကို လောင်မြိုက်စေမယ့် မီးတောက်တွေပမာ ပြင်းထန်လွန်းလှ၏။ 


ဒေါသတွေထွက်နေတာလား မောင်...။ရှင်သိပ်ချစ်တဲ့ အရုပ်မလေးကို ကျမက ဝှက်ထားလို့ အရမ်းစိတ်ဆိုးနေတယ်ပေါ့...။သူနဲ့ပတ်သက်ရင် မောင်ဘာဖြစ်လို့ ဒီလောက်ထိ ခံစားချက်တွေနက်ရှိုင်းနေရတာလဲ...။မလုပ်နဲ့ မောင်!...ရှင်ဒီလိုလုပ်လေ ကျမသူ့ကို ပိုပြီးမုန်းမိလေပဲဆိုတာ မောင်သိရဲ့လား...။


""ဟင်း!အမလေးကြောက်ပါတယ်ရှင်! ဟုတ်ပါတယ်..နင်မှန်တယ် ...ဒါပေမယ့် သူကိုယ်တိုင်က ငါ့ရဲ့ဂရုစိုက်မှု၊အသိအမှတ်ပြုမှုတွေကို လိုချင်ရှာလို့ ငါ့စကားကိုနားထောင်တာ...ငါ့ဆီကအချစ်ကို နင်ပေးတဲ့အချစ်နဲ့ သူကလဲယူလိုက်တာ...အဲ့ဒါသူ့ရဲ့ရွေးချယ်မှုပဲလေ""


""သူက ဖြူစင်တဲ့ကလေးလေးမို့ နင်ရဲ့ဖြားယောင်းမှုအောက်ကို အလွယ်တကူရောက်နေပေမယ့် ငါကတော့ မတူဘူး မေတော်ဝင်...နင်သူ့အပေါ်ကိုဆက်ဆံနေတာ စိတ်ရင်းအမှန်မဟုတ်မှန်း နင့်အပြောနဲ့လုပ်ရပ်တွေကတဆင့် ငါသိနေတယ်""


""သိမနေနဲ့! ငါတခါတည်းသေချာပြောလိုက်မယ်

ငါဘယ်တော့မှ ပိုးရတုအပေါ်စိတ်ရင်းအမှန်နဲ့ကောင်းနိုင်မှာမဟုတ်ဘူး...သူက ငါပိုင်ချင်တဲ့အရာမှန်သမျှကို ငါနဲ့ယှဥ်ပြီးယူဖို့ကြိုးစားနေတာ...ပထမက ဖေဖေ..အခု..အခုတော့ နင်...""


""ဆက်မပြောနဲ့!

အဲ့ဒီ့အကြောင်းတွေ ငါမသိချင်ဘူး""


""နင်သိနေပြီးပြီ မဟုတ်လား""


""ဆိုပါတော့!""


""ဒါနဲ့များတောင် နင်မဖြစ်မနေ သူ့ကိုရွေးချင်နေတဲ့အကြောင်းပြချက်ကဘာလဲ? သူ့မှာ ငါ့ကိုယှဥ်နိုင်တဲ့ အရည်အချင်းတစ်ခုတောင်မရှိဘဲ နင်သူ့ကိုမှ ဘာလို့ချစ်တာလဲ""


""လူတစ်ယောက်ကိုချစ်ဖို့အကြောင်းပြချက်မလိုပါဘူး...ထက်မြက်တဲ့အရည်အချင်းတွေ၊ သူမတူတဲ့လှပမှုတွေ အားလုံးက အဓိကလိုအပ်ချက်လည်းမဟုတ်ဘူး...ဒီအတိုင်း ချစ်နေဖို့ပဲလိုတယ်...ဘယ်လိုသတ်မှတ်ချက်မှမရှိဘူး ငါ ပိုးရတုကိုချစ်တယ်...ငါ့စကားကအတည်ပဲ""


""သူက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ အသက်ရှင်တတ်တာ ငါ့စကားကိုပဲယုံတာ...သူ့ဉာဏ်ရည်က အလှထားတဲ့ အိမ်မွေးတိရိစ္ဆာန်လေးသာသာပဲ...နင်ဘယ်လိုနည်းနဲ့ ငါ့ဆီကနေခေါ်ထုတ်မှာလဲ""


""နင့်စကားတွေက တရားလွန်နေပြီ မေတော်ဝင်

ဘာအပြစ်မှမရှိတဲ့သူအပေါ် နင်သက်သက်အငြိုးထားပြီး အနိုင်ယူနေတာ...နင့်လုပ်ရပ်တွေကမှားနေပြီ""


""မမှားဘူး...ငါလုံးဝမမှားဘူး""


""ကောင်းပြီလေ...ငါကလည်း ငါချစ်ရတဲ့သူကို လုံးဝလက်မလွှတ်ပေးနိုင်ဘူး...နင်ကမတွေ့ဖို့တားရုံနဲ့ မတွေ့နိုင်စရာအကြောင်းလည်းမရှိဘူး...""


""ရမယ်ထင်ရင်လုပ်ကြည့်လေ""


""Ok! နင့်ရဲ့စိန်ခေါ်မှုကို ငါလက်ခံတယ်""


ထိုစကားကိုပြောပြီးသည်နှင့်တပြိုင်နက် ညင်သာခြင်းမရှိလှသောခြေလှမ်းတို့နှင့်အတူ မေ့အနီးကနေ သူထွက်သွားလေ၏။ 'မောင်'ဆိုတဲ့ နာမ်စားလေးကတောင် အနှောက်အယှက်ဖြစ်စေသတဲ့! တကယ်ကို ချစ်တတ်လွန်းပါဘိ။ ဒါပေမယ့် နှမြောစရာက အဲ့ဒီ့အချစ်ရဲ့ ဦးတည်ဘက် မှားယွင်းနေပြီ မောင်...။


~~~~💞💞💞💞~~~~


""မမ! ပိုးကိုခေါ်တယ်ဆို""


""အင်း! ပိုးကို ပြောပြစရာရှိလို့""


""ဘာများလဲဟင် မမ""


""မမ ဒီနေ့ သူနဲ့တွေ့ခဲ့တယ်""


""သြော်! ဟုတ်ကဲ့ မမ

မမတို့အဆင်ပြေကြရင် ကောင်းတာပေါ့""


""မောင့်ကြောင့်တော့လေ..တကယ်ကိုခက်တယ်

သူနဲ့မမက ကျောင်းမှာကတည်းကသူငယ်ချင်းတွေဆိုတော့ သူ့စိတ်ကို မမပဲသိတယ်...သူကအရမ်းသနားတတ်တာ...နေ့လည်ကတွေ့တုန်းကတောင် ပိုးအကြောင်းပြောဖြစ်သေးတယ်...သူက ညီမလေးကို အရမ်းပျော့ညံ့လို့သနားတယ်တဲ့!'""


"".....""


""သူနဲ့ဆုံတိုင်း နင်ကလည်း တစ်ခုမဟုတ်တစ်ခု ပြသာနာတက်နေကျဆို...ဒါကြောင့် သနားလို့ကူညီပေးမိရင်း နင့်အပေါ် ခဏတာစိတ်ယိုင်သွားမိတဲ့ပုံပဲ""


""ဟုတ်...ပိုးလည်းအဲ့လိုပဲထင်ပါတယ် မမ""


ခေါင်းကိုငြိမ့်ကာ ပါးစပ်ကအလိုက်သင့်ဖြေနေသော်လည်း မျက်ဝန်းထဲမှာတော့ မျက်ရည်ကြည်တို့ရစ်ဝိုင်းသွားတာ မေသိတာပေါ့။ ဒီကောင်မလေးက သိပ်ကိုကစားလို့ကောင်းတာပဲ...အဟင်း! 


စိတ်ထဲမှာကျေနပ်စွာတွေးနေသလောက် လက်တွေ့မှာတော့ မျက်နှာကို အတတ်နိုင်ဆုံးထိန်းလိုက်ပြီး


""သူက ဒီနေ့ မမကို proposeလုပ်ခဲ့တယ်""


""ရှင်! အော်! ဟုတ်ကဲ့ မမ

မမတို့က အစကတည်းကလိုက်ဖက်ပြီးသားပါ""


""ပိုးလည်း ဖြစ်နိုင်ရင် သူနဲ့ထပ်မတွေ့တာကောင်းမယ်...အလကားနေရင်း စိတ်ထဲတစ်မျိုးဖြစ်နေမှာစိုးလို့ပါ""


""ဟုတ်...ပိုးတို့က တွေ့စရာအကြောင်းမရှိတော့ပါဘူး မမ""


""သူက တခါတလေဆို အိမ်ကိုရောက်ရောက်လာတတ်တော့...""


""မမ ဘာကိုပြောချင်တာလဲဟင်""


""ပြောချင်တာက နင်သူနဲ့မတွေ့အောင်နေတာကောင်းမယ်တကယ်လို့မျက်နှာချင်းဆိုင်တွေ့ခဲ့ရင်လည်း ရှောင်နေလိုက်...စကားမပြောနဲ့ မနှုတ်ဆက်နဲ့...မမက သဝန်တိုတတ်တယ်...ဘယ်လိုပဲ ခဏတာစိတ်ယိုင်ခဲ့တယ်ဆိုဆိုပေါ့""


""ဟုတ်! မမစိတ်ချပါ""


""အော်! ဒါနဲ့ညီမလေးကျောင်းပြန်ဖွင့်တော့မယ်မလား...လိုအပ်တာတွေလာပြောဦးနော်""


'"ဟုတ်...ဒါဆို ပိုး အိပ်တော့မယ်နော် မမ""


""အင်း..သွားတော့!""


မျက်နှာခပ်ညှိုးညှိုးလေးနဲ့ လှည့်ထွက်သွားပုံမှာသနားစရာပါပဲ။ Sorryပဲမောင်!...ရှင်ချစ်တဲ့သတ္တဝါလေးက ရှင်ထင်တာထက်ကို ပို'အ'တယ်။ကျမ ပြောတဲ့စကားဆို နှစ်ခါမစဥ်းစားပဲယုံတယ်...ရှင်ဘက်ကဘာနည်းလမ်းနဲ့ပဲကြိုးစားပါစေ...ကျမကလည်း မရ ရတဲ့နည်းနဲ့ဟန့်တားထားရမှာပဲ။


~~~~~~~~


ပိုး အခန်းထဲပြန်ရောက်ချိန်အထိ မမ ပြောတဲ့စကားများကိုသာ နားထဲအထပ်ထပ်ကြားယောင်နေမိသည်။ မနက်ကအထိ ပိုးကိုလာရှာနေသေးတဲ့ သူ..။နေ့လည်ကျ မမကိုချစ်ခွင့်ပန်ခဲ့တယ်တဲ့!။အင်း...ဒီလိုဆိုတော့ မနက်ကလာရှာတာ ပိုးကိုအဖြစ်မှန်ပြောပြမလို့နဲ့တူပါတယ်...။ကောင်းတာပါပဲ...အခုလိုကမှ လူမှန် နေရာမှန်မဟုတ်လား...


မကောင်းတာက ပိုး ရင်ထဲမှာ ဝမ်းနည်းသလို ငိုချင်သလိုခံစားချက်ကြီး ဝင်ရောက်နေခြင်းပါပဲ။ ဒီအချိန်လေးအတွင်း ပိုးရော သူ့အပေါ်မှာ တွယ်ငြိခဲ့မိလား...။ချစ်ခဲ့လားဆိုတာတော့ သေချာမပြောတတ်ပေမယ့် ပိုး သူ့ကိုအမြဲသတိရနေခဲ့တယ်။ ပိုးအတွက်လို့ ရည်ရွယ်ခဲ့ဖူးတဲ့ သူ့ရဲ့ဂရုစိုက်မှုနဲ့ကြင်နာခြင်းတွေဟာ တကယ့်ကိုပဲနွေးထွေးခဲ့ပါတယ်...။  အခု သူ မမကို ချစ်တယ်လို့ကြားရတော့ မမအတွက် ဝမ်းသာတယ် ဒါပေမယ့် ရင်ထဲမှာတော့ နာတယ်..။


ထားလိုက်ပါတော့!

အရာအားလုံးက ပုံမှန်အနေအထားပြန်ဖြစ်ခဲ့ပြီ။

မရေမရာခံစားချက်တွေကို အဖြေရှာမိပါမှ မလိုချင်တဲ့ အဖြေတွေရလာခဲ့ရင် ခက်ဦးမယ်လေ...


ဒီအတိုင်းပဲ လက်ခံလိုက်ပါ ပိုးရတုရယ်...

ဒါကမှ နင့်ရဲ့ကံကြမ္မာ...နင့်အတွက်မှန်ကန်တဲ့အဖြေပါ။အနည်းဆုံးတော့ သူ့ဆီက ချစ်တယ်ဆိုတဲ့စကားကို နင်ကြားခဲ့ရတယ်မဟုတ်လား...အတုအယောင်ဖြစ်ဖြစ်...ခဏတာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူကိုယ်တိုင် သူ့နှုတ်ဖျားကပြောခဲ့တယ်လေ


တော်ပြီ! ဒီလောက်ဆိုရင်လုံလောက်ပါပြီ...

ထပ်ပြီး မစဥ်းစားရအောင်...


ဖြေသိမ့်သောအတွေးတို့က အဆင်ပြေစွာထွက်လာပါလျက် အလိုက်မသိသော မျက်ရည်တွေကတော့ ပါးပြင်ပေါ်သို့ တစ်စက်ချင်းကြွေလိမ့်လာလေရဲ့ ...။


~~~~💞💞💞💞~~~~

Continue to>>>Part-11


စိတ်မရှည်ချင်စရာလေးနော်

သူများပြောသမျှယုံ ရေးရင်းနဲ့ကိုယ်ပါစိတ်မရှည်တော့ဘူးရယ်😂နေပါစေ...နောက်အပိုင်းကျမှ မောင့်ကိုအဖြေတောင်းခိုင်းမယ်...ချစ်သူတွေဖြစ်စေပဲ😁😁


Readers/Writerလေးတွေအားလုံးက VIPပါ


Writers-WineSatt Cho(🍋Lëmoñ🍋)


rate now: