book

Index 1

~~ Part-( 1 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


""ဒေါ်စောရေ...ဒေါ်စော...'မေ့'ဆီခဏလာခဲ့ပါဦး""


""ဟုတ်...လာပါပြီ မမလေး""


""အိသူ...မိပိုး...အကုန်လာခဲ့ကြစမ်း!""


ခေါ်သံကြားသည်နှင့် နာမည်စာရင်းပါသူ သုံးယောက်လုံး ရောက်ရာအရပ်မှ အိမ်ကြီး၏အပေါ်ထပ်သို့အပြေးအလွှားတက်လာခဲ့ကြရသည်။ ထိုအသံရဲ့ ပိုင်ရှင်ကတော့ 'Royal'စံအိမ်ကြီးမှာ အာဏာအရှိဆုံးဖြစ်သည့် မမလေး 'မေတော်ဝင်'

ပင်ဖြစ်လေ၏။ အသက်ငယ်ရွယ်သော်ငြား  လက်ရှိစီးပွားရေးနယ်ပယ်မှာ အောင်မြင်သည့် လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်ပြီး...ထက်မြက် သွက်လက် ရဲရင့်မှုတို့က သူမကို ပို၍ထင်ရှားစေသော အမှတ်အသားပင်...။ လှပမှုမှာ ပြိုင်ဘက်ကင်းပြီး...ဘယ်သူ့မျက်နှာမှမထောက် ၊ အားမနာတတ်တဲ့နေရာမှာလည်း ဆရာတစ်ဆူဖြစ်ကာ...ခက်ထန်လွန်းသော မာနကလည်း စံတင်လောက်ပါ၏။


""ဟာ! ခေါ်နေတာမကြားကြဘူးလား""


""လာပါပြီ...မမလေး""


""ပိုး ရောက်ပါပြီ...မမ""


""ခေါ်နေတာကြာပြီ...

ဘယ်တွေရောက်နေကြတာလဲ?""


""ပိုး...အောက်ထပ်မှာ breakfastပြင်နေလို့ပါ မမရယ်""


သနားစဖွယ်အသံလေးနဲ့ မျက်နှာငယ်ကာ ပြောလာသည့် 

'ပိုးရတု'ကိုကြည့်ပြီး မေ မျက်နှာကိုမဲ့ပစ်လိုက်သည်။ သူ့ကိုပြောရင် အမြဲမျက်နှာငယ်လေးနဲ့ ဆင်ခြေဆင်လက်ကပေးတတ်လွန်းပါရဲ့ ...။ပြီးတော့ ဘာမှဖြင့်မပြောရသေး...အရင်ဆုံး သနားစဖွယ်လုပ်ပြတတ်သော အဲ့ဒီ့အမူအရာကို မေ မုန်းသည် ။သို့ပေမယ့် ဒီအိမ်မှာ အဲဒီ့ကလေးမ မျက်နှာကိုတွေ့နေရတာ ဘယ်နနှစ်တောင်ရှိခဲ့ပြီလဲလေ...

ထားပါ!...ဒါတွေတွေးလို့လည်း ကောင်းကျိုးမရှိပါဘူး။


""ဒေါ်စောနဲ့အိသူ ...လာခဲ့ဦး

ဒီနားမှာ မေ့ နားကပ်တစ်ဖက်ပြုတ်ကျသွားလို့ရှာကြည့်ပေးစမ်းပါ...အဲ့ဒါ ဒီနေ့ဝတ်သွားဖို့ရွေးထားတဲ့ဟာ...အရေးကြီးတယ်""


""ဟုတ်...ဟုတ်...မမလေး""


""ကဲ! မိပိုး...နင်လည်းအဲ့မှာ စုံရပ်မနေနဲ့

နင့်ကို ခိုင်းစရာရှိလို့ခေါ်တာ...

ဒီမှာ... Albumထဲက No.82ကိုထုတ်ထားလိုက်

မမှားစေနဲ့နော်..မျက်စိကသေချာကြည့်""


""ဟုတ်ကဲ့!""


'ပိုး' နှုတ်က ရိုကျိုးစွာနာခံရင်း လက်ကလည်း မမ ပေးသည့် Albumလေးကိုယူကာ အောက်ထပ်သို့ပြေးဆင်းခဲ့ရပြန်၏။

ပြီးနောက် မမရဲ့ ဖိနပ်လှလှလေးတွေ စီထည့်ထားသည့် မှန်ဘီရိုလေးကိုဖွင့်လိုက်ပြီး Albumထဲက no.နဲ့တိုက်ဆိုင်ကာ 82ကိုလိုက်ရှာနေမိသည် ။ မမက ဖိနပ် crazyသမားမို့ high heelလေးတွေ အရောင်စုံ designစုံကို brandedတွေချည်းသာ ဝယ်ထည့်ထားလေ၏။ များလွန်းတော့ မမ ကိုယ်တိုင်လည်း မမှတ်မိလို့ထင်ပါ့...တစ်ခါဝယ်လာပြီးရင် အဲ့တစ်ရံကို ဓာတ်ပုံရိုက်ကာ...albumလေးနဲ့စုထားတာမို့ အပြင်သွားခါနီးတိုင်း...ထိုalbumလေးဖွင့်ကြည့်ပြီး စိတ်ကြိုက်ရွေးချယ်လေ၏။ ပြီးတော့ မမက ဖိနပ်တရံကို အလွန်ဆုံးမှ တစ်လကျော်လောက်သာစီးတာမို့...ထို limitကိုကျော်သွားတဲ့အခါ ပစ်ထားတာတွေလည်းရှိသေး။ ဒါတောင်လက်ရှိ ဘီရိုထဲမှာ ဖိနပ်အရံပေါင်း တစ်ရာကျော်ရှိနေသည်။


""အင်း...82က...ဒီမှာ""


'ပိုး' ထိုဖိနပ်လေးကို အသေအချာလေးထုတ်ယူပြီး ကြည့်လိုက်တော့ အနီရဲရဲ high heelလေးက အတော့်ကိုလှပါ၏။ဘာ accessaryနဲ့မှ မွမ်းမံမထားဘဲ အမြင်ရိုးရှင်းပေမယ့် ပြောင်လက်တောက်ပနေတာက မျက်စိကျိန်းဖွယ်ပင်...။


""လှလိုက်တာ...လက်နေတာပဲ""


သဘောကျစွာကြည့်မိသော်ငြား 'ပိုး' ရင်ထဲမှာ ထိုဖိနပ်ကလေးအပေါ် တပ်မက်သောစိတ် အလျဥ်းမရှိခဲ့ပါ။ အခုမှမဟုတ်ပါဘူး...ပိုး ဘယ်တုန်းကမှ မမ ပိုင်ဆိုင်တဲ့အရာတွေအပေါ်မှာ လိုချင်တပ်မက်စိတ်မျိုးမထားခဲ့ဖူးတာပါ။ မမနဲ့ ပိုးက ဖိနပ်size noချင်းတူသော်လည်း မမ မသိအောင် သူ့ဖိနပ်လှလှလေးတွေကို ပိုး တခါမှ ယူမစီးကြည့်ခဲ့ဖူး...။ မမကလည်း သူ့ပစ္စည်းတွေကို သူခွင့်မပြုဘဲ ထိတာ ကိုင်တာ လုံးဝမကြိုက်ဘူးလေ...။


""သမီး...ပိုးတု..အဲ့မှာဘာလုပ်နေတာလဲ?""


""မမအတွက်ဖိနပ်အဆင်သင့်ပြင်ပေးနေတာပါ မေမေကြီး""


""သြော်! သမီးရယ်...အဲ့လိုအလုပ်တွေကို သမီးကဘာလို့လုပ်ရတာလဲ...အိသူကိုခိုင်းလေ""


""မမက သမီးကို လုပ်စေချင်တာလေ မေမေကြီးရဲ့ ...

ဘာမှမဖြစ်ပါဘူး...ပင်ပန်းတာမှမဟုတ်တာ""


သူမရှေ့မှာ ရပ်ကာ အပြုံးချိုချိုနဲ့ပြောနေသော ထိုကလေးမလေးကြောင့် 'ဒေါ်နန်းကြာဖြူ' မှာ သက်ပြင်းငွေ့ငွေ့လေးသာချမိတော့သည်။ 'Royal'စံအိမ်နဲ့ ဒီကလေးမလေးဖြစ်တည်မှုဇာတ်ကြောင်းက ဆက်နွယ်ပုံမကောင်းလှသော်လည်း ဒါတွေအားလုံးဟာ...ဒီကောင်မလေးနဲ့ဘာမှတိုက်ရိုက်သက်ဆိုင်မနေပါ..။.အရာအားလုံးက ကံစီမံရာဖြစ်သလို...လူကြီးတွေရဲ့ဆင်ခြင်တုံတရားနည်းပါးမှုကြောင့်လည်းပါရဲ့ မဟုတ်လား...။ 

ဒါကို 'ဒေါ်နန်းကြာဖြူ'က အသေအချာနားလည်လက်ခံနိုင်ပေမယ့် သမီးဖြစ်သူ 'မေတော်ဝင်'ကတော့ ဒီကလေးအပေါ်အမုန်းကြီးကြီးထားကာ ငြိုးမျက်နေလေ၏။ဒါကို အမေဖြစ်သူက ဖြောင်းဖျနားချပါသော်လည်း ဘယ်လိုမှနားမဝင်ခဲ့ချေ။


""ကဲ! ထုတ်ပြီးပြီလား""


""ဟုတ်...ဒီမှာပါ မမ""


မေမေကြီးနဲ့စကားပြောနေတုန်း...အနောက်မှ မမအသံလေးကြားလိုက်တာမို့ 'ပိုး'ကပျာကယာပင် မမခြေထောက်ရှေ့သို့ ဖိနပ်လေးအဆင်သင့်ချပေးလိုက်၏။ ပြီးတော့ မမမျက်နှာကိုလည်း တစ်ချက်မော့ကြည့်လိုက်မိစဥ်...


'Woww...မမ လှလိုက်တာ...'

နက်မှောင်ဝိုင်းစက်နေတဲ့ မျက်ဝန်းမှာ ရှည်လျားကော့ညွတ်နေတဲ့ မျက်တောင်တွေကဘောင်ခတ်ထားပုံမှာ ကဗျာဆန်လွန်းပါရဲ့ .။ဒီမျက်ဝန်းရဲ့စူးရှတဲ့အကြည့်တစ်ချက်မှာ ပုရိသဘယ်နှယောက်များ ပစ်ကြွေခဲ့ရပါသလဲ...။ဒါက မှန်းကြည့်စရာတောင်လိုမည်မထင်...။ပြီးတော့စင်ယော်တောင်လို လှပတဲ့မျက်ခုံးလေးများရှိပြီး...ပါးလွှာတဲ့နှုတ်ခမ်းသားလေးတွေကလည်း အသည်းယားစဖွယ်ပင်။ ထိုနှုတ်ခမ်းပါးလေးထက်မှာလည်း အနီရောင်ရင့်ရင့်ကိုသာ အမြဲတင်ထားတတ်လေ၏။ ဖြူနုသော အသားအရည် ၊ သွယ်လျလှပသောကိုယ်ဟန်နဲ့  မြင့်မားတဲ့အရပ်အမောင်းတို့ပါထပ်ပေါင်းလိုက်တော့  ဘာဆိုဘာမှ အပြစ်ဆိုရက်စရာမရှိတဲ့ မမရဲ့အလှက ရဲရဲတောက် 'တော်ဝင်နှင်းဆီ'တစ်ပွင့်နှယ်...ပြည့်စုံလွန်းလှသည်။


'ပိုး' မမရဲ့အလှကိုအမြဲပဲ အံ့သြချီးကျူးခဲ့ရသလို...အရမ်းလည်းအားကျပါသည်။ 'ပိုး'သာ မမရဲ့တစ်ဝက်လောက်လှရင် သေပျော်ရချည်ရဲ့...ဟိ!ဟိ!


""Ok! သမီးသွားတော့မယ်...မေမေ""


'ပိုး'ကိုယ့်အတွေးနဲ့ကိုယ်သဘောကျနေရင်း...ဘေးက မမအသံကြားမှ သတိလေးဝင်လာကာ...မျက်နှာပိုးကိုသတ်လိုက်ရ၏။ ကံမကောင်းလို့ မမမြင်သွားရင် ဆူခံထိဦးမှာ..။


""Breakfastတောင်မစားသွားတော့ဘူးလား သမီး

အရေးကြီးကိစ္စမရှိရင်လည်း ကိုယ့်အိမ်မှာမနက်စာတော့စားဦးပေါ့""


""အရေးကြီးကိစ္စရှိတယ်...

ဒီနေ့ 'မောင်'ပြန်လာမှာလေ မေမေရဲ့

အဲ့ဒါ သမီး airportမှာသွားကြိုမလို့""


""သြော်! ဒီလိုဆိုလည်းပြီးရောလေ""


""ဟုတ်...သွားပြီနော် မေမေ""


""ဟုတ်...အာ့ဆို...မမ တာ့တာ""


'ပိုး'က လက်လေးပြကာ နှုတ်ဆက်ပေမယ့် မမကတော့ခပ်တည်တည်နဲ့တစ်ချက်ပဲစိုက်ကြည့်ပြီး...ကားပေါ်တက်ကာ မောင်းထွက်သွားလေ၏။ အနီရောင်ကိုသာနှစ်ခြိုက်တတ်သောမမက ကားလေးကိုလည်းအနီရောင်သာရွေးချယ်ထားပြီး တခြားသော အသုံးအဆောင်အတော်များများမှာလည်း မမရဲ့ ရွေးချယ်မှုကအနီရောင်ပဲဖြစ်လေသည်။ 'ပိုး'ကတော့ အမြဲလိုလို အဖြူရောင်လေးသာ အရွေးများပြီး 'ပိုး'ရဲ့အဝတ်အစားလေးတွေကအစ အဖြူရောင်သာများသည်။

ပြီးတော့ 'ပိုး'က မမလိုခေတ်ဆန်သည့်ပုံစံမဟုတ်ဘဲ...ပုံတုံးတုံးအပြင်အဆင်ပဲရှိတာပါ...ဒါပေမယ့် ထူးခြားတာလေးတစ်ခုက  တင်ပါးဖုံးအထိရှိသောနက်မှောင်သည့်ဆံနွယ်ရှည်တို့ကိုပိုင်ဆိုင်ခြင်းပင်။ ဒီဆံနွယ်လေးတွေကို ပိုးကသိပ်တန်ဖိုးထားသလို အရမ်းပဲဂရုစိုက်ဖြစ်၏။ သို့သော် မမကတော့ ဒီဆံပင်တွေကို မျက်မုန်းကျိုးပြန်တာမို့...သူထုတ်ထားတဲ့တစ်ချက်လွှတ်အမိန့်က ဆံပင်တွေကိုလုံးဝဖြန့်ချမထားရဘူးတဲ့!...အထူးသဖြင့်ကတော့ သူ့ရှေ့မှာပေါ့...။


'ပိုး' မမရဲ့ကားအနီလေးခြံထဲကထွက်သွားတဲ့အထိ မျက်စိတဆုံးလိုက်ကြည့်နေပြီးမှ အိမ်ထဲပြန်ဝင်လာခဲ့သည်။ ဒီနေ့က ကျောင်းပိတ်ရက်ဆိုတော့ အိမ်မှာဝိုင်းကူလုပ်စရာတွေကူပေးရမည်။ ပြီးတော့ စာလည်းကျက်ရဦးမည်လေ...။


~~~~💞💞💞💞~~~~


လူတွေ ရှုပ်ထွေးစွာသွားလာနေသည့်ကြားထဲမှာ 'မေ'လည်း

ခြေလှမ်းမှန်မှန်လေးဖြင့် smartကျစွာလျှောက်လှမ်းလာခဲ့ပါ၏။ မောင်ရဲ့ flightဆင်းဖို့အချိန်က မိနစ်အနည်းငယ်လိုနေသေးတာမို့ လွတ်နေသည့်ခုံတန်းနေရာမှာသာဝင်ထိုင်နေလိုက်သည်။ ဒီလိုပါပဲ...'မေတော်ဝင်'ဆိုသည့်သူမက အရာရာမှာ ဝီရိယရှိပြီး ဇွဲကောင်းသူလည်းဖြစ်တာမို့...အမြဲတမ်း No.(1)ဆိုတဲ့နေရာကိုသာ ကိုယ်စားပြုသူလေ။ အခုလည်း 'မောင်' ဒီနိုင်ငံကို ခြေချတာနဲ့ အရင်ဆုံးတွေ့ခွင့်ရသူက သူမပဲ ဖြစ်လိုတာကြောင့် တမင်ကိုစောရောက်အောင်လာခြင်းပါ။ ပုံမှန်ဆို စောင့်ဆိုင်းရခြင်းအလုပ်ကို မနှစ်သက်ပေမယ့် 'မောင်'ကတော့ ချွင်းချက်ပါပဲလေ...။


အချိန်ခဏလောက်ကြာပြီးချိန်မှာတော့ မေ့ရဲ့မြင်ကွင်းထဲသို့ အမြင်ချင်ဆုံးပုံရိပ်လေးတစ်ခုဝင်ရောက်လာလေပြီ ။ 

လူတွေအများကြီးကြားထဲမှာ ထင်းနေသောအနက်ရောင်ပုံရိပ်လေးကို မေ တခဏတော့ငေးကြည့်နေမိပါသည်။

မြင့်မားသော အရပ်အမောင်းကြောင့် သူများတွေထက် ထူးကဲ ထင်ရှားနေကာ...အနက်ရောင် shirtလက်ရှည်နဲ့ ဂျင်းဘောင်းဘီအနက်လေးကိုတွဲဖက်ဝတ်ဆင်ထားပြီး မျက်နှာမှာလည်း Maskအနက်ရောင်ပါတပ်ထားသေးတာမို့...တကိုယ်လုံး All blackဖြစ်နေလေ၏။ ဘယ်လိုပဲနေနေ...Maskပဲတပ်ထားထား...သူဟာ 'မောင်'ဆိုတာကို မေတစ်ချက်လှမ်းကြည့်ရုံမျှနဲ့ပင် သိနေပါသည်။ ဒါဟာလည်း အဆန်းတော့မဟုတ်ပါ...သူက မေ့အတွက် သာမန်ဖြစ်တည်မှုမျိုးမှမဟုတ်ခဲ့တာပဲ...။


''"မောင်!""


ခေါ်သံကြားတော့ 'မေ'ရှိရာဆီ ချက်ချင်းလှည့်ကြည့်လာတဲ့မျက်ဝန်းနက်လေးများက စွဲဆောင်မှုရှိလွန်းလေစွ ။ တစ်နည်းပြောရရင် ဒါဟာ 'မေ့'နှလုံးသားကိုသိမ်းပိုက်ခဲ့သော မျက်ဝန်းတစ်စုံပေါ့...


""ဟာ!...မေ...ငါက နင်လာမယ်တောင်မထင်ဘူး""


""ငါက ဘာလို့မလာရမှာလဲ?""


""မသိဘူးလေ...နင်ကအောင်မြင်တဲ့လုပ်ငန်းရှင်ကြီးဖြစ်နေပြီဆိုတော့ အချိန်တွေရှားတယ်မဟုတ်ဘူးလား?""


""သြော်! ငါ့အလုပ်ပဲ မောင်ရယ်...

ငါ အားချင် အားတာပေါ့""


""တရားသားပဲ""


နှစ်ယောက်သားပြိုင်တူလေး ရယ်မိကြ၏။ ကျောင်းပြီးကတည်းက မတွေ့ဖြစ်ကြတာ အခုဆို ငါးနှစ်တောင်ရှိခဲ့ပေမယ့် 'မေ့'အပေါ်မှာစိမ်းသက်မသွားတဲ့ အကြည့်နဲ့အပြောတွေကြောင့် ကျေးဇူးတင်ပါတယ် 'မောင်'


""မောင်...နင့်အိမ်ကတစ်ယောက်ယောက်လာကြိုသေးလား""


""ဟင့်အင်း! ဒယ်ဒီက ဒီနေ့companyမှာmeetingရှိလို့တဲ့! 

မာမီကတော့လာခဲ့မယ်ပြောပါတယ်...ပင်ပန်းမှာစိုးလို့ငါမလာခိုင်းတာ...ငါက ကလေးမှမဟုတ်တာ...ကိုယ့်ဘာသာပြန်မှာပေါ့""


""အမလေး! တစ်ခွန်းလေးမေးမိပါတယ်

ဖြေသွားလိုက်တာ...အရှည်သဖြင့်...""


""မေးလို့လည်းပြောပြရသေးတယ်""


""ကဲ! ကားပေါ်တက် ငါလိုက်ပို့မယ်""


ကားအနီလေးကို အရှိန်မှန်မှန်ဖြင့် ထိုနေရာမှမောင်းထွက်လာခဲ့၏။ မတွေ့ရတဲ့အချိန်တွေမှာ 'မောင်'ကအရင်ထက်ပိုလို့ပင် ချောမောခံ့ညားလာခဲ့သည်ပဲ...။ 'မေ'နဲ့ 'မောင်'က တက္ကသိုလ်နောက်ဆုံးနှစ်မှာမှ ရင်းနှီးခဲ့ကြတာပါ။ကျောင်းတက်စဥ်တုန်းကလည်း တော်ရုံလူနဲ့အခေါ်အပြောမလုပ် ခပ်တန်းတန်းပဲနေတတ်တဲ့ 'မေ့'မှာ ရှားရှားပါးပါး သူငယ်ချင်းမလေးတစ်ယောက်သာရှိခဲ့ပြီး သူကနေတဆင့် မောင်နဲ့ရင်းနှီးသွားခဲ့တာ...။ ကျောင်းပြီးတာနဲ့ မောင်က သူ့မိဘတွေရဲ့companyလုပ်ငန်းတွေကိုလေ့လာဖို့နိုင်ငံခြားရုံးခွဲကိုသွားနေခဲ့ပေမယ့်လည်း  အဆက်အသွယ်တော့မပြတ်ရှိနေခဲ့ကြသည်။ ဘယ်ယောကျ်ားလေးကိုမှ မျက်နှာသာပေး စကားမပြောခဲ့ဖူးတဲ့ 'မေ'က သူ့တစ်ယောက်ကိုဖြင့် မာနတွေမထားနိုင်ခဲ့ဘဲ ကိုယ်တိုင်က ရင်းနှီးသိကျွမ်းခွင့်ရချင်မိသည့်အဖြစ်မှာ ဆန်းကြယ်စွာ..။


အစစအရာရာမှာ ကောင်းမွန်ပြည့်စုံခြင်းတွေနဲ့ပဲတည်ဆောက်ထားတဲ့ 'မေတော်ဝင်'ရဲ့ဘဝအတွက် မှီခိုအားထားစရာ ယောကျ်ားတစ်ယောက်ကို မဖြစ်မနေ မလိုအပ်ခဲ့ဖူးဆိုပေမယ့် သူ့ကိုတော့ 'မေ'ပိုင်ဆိုင်ချင်သည်။

သူ့အချစ်ကို ရချင်သည်။ နောက်ဆုံး သူလက်ထပ်မယ့် သူ့ရဲ့သတို့သမီးဟာလည်း 'မေ'သာဖြစ်ခွင့်ရချင်ပါသည်။


ဒါကလည်း တစ်နေ့တော့ဖြစ်လာရမှာပါ...

သူနဲ့အခုအတိုင်းလေးနီးစပ်နေရင်းကနေ သူလည်း မေ့ကိုချစ်မလာနိုင်စရာအကြောင်း မရှိဘူးပဲမဟုတ်လား...

အခုရော...သူ့ရင်ထဲမှာလည်း မေနဲ့ထပ်တူညီတဲ့ ခံစားချက်မျိုးရှိချင်ရှိနေနိုင်တာပဲ...

မေသိတယ်...တနေ့တော့ သူနဲ့မေ ချစ်သူတွေဖြစ်လာကြမှာပါ...သူ့အနားမှာ 'မေ့'လိုလှပပြည့်စုံတဲ့မိန်းကလေးတစ်ယောက်လုံးရှိနေလျက်နဲ့တောင် သူက တခြားတစ်ယောက်ကို မြင်နိုင်ဦးမှာတဲ့လား...။


~~~~💞💞💞💞~~~~


"""ပိုးရေ...စာကျက်နေတာလား?""


""အင်း...လာလေ အိသူ""


""နင်စာကျက်ပါ...ငါက နင့်မှာလျှော်ဖို့အဝတ်တွေရှိသေးလားလို့လာမေးတာ""


""မရှိပါဘူး...ပိုးကကိုယ့်အဝတ်တွေ ကိုယ်တိုင်ပဲလျှော်တာသိရဲ့သားနဲ့""


""နောက်ဆို ငါ့ကိုပဲပေးပါ...နင်ကစာမေးပွဲနီးနေပြီလေ""


""အမလေး! အဝတ်လေးခဏလျှော်တာဘာများပင်ပန်းတာမှတ်လို့""


""တကယ်ဆို နင်ကဒီအိမ်မှာအောက်ခြေသိမ်းအလုပ်တွေလုပ်နေရမယ့်သူမှမဟုတ်တာ...ဘဘမဆုံးခင်တုန်းကနင့်ကိုသေချာစောင့်ရှောက်ပေးဖို့မှာသွားခဲ့တာ...နင်အခုလိုဒီအိမ်မှာမျက်နှာငယ်ငယ်နဲ့နေရမှန်းသာသိရင် ဘဘတော့စိတ်မချမ်းသာဖြစ်နေတော့မှာပဲ""


""ဟဲ့!အမလေး...အိသူရယ်...

အဲ့လိုမပြောရဘူးလေ...မမကြားရင်နင်တော့အရိုက်ခံရတော့မှာပဲ""


ပြောလိုက်မှပဲ အိသူက ဇက်လေးပုကာပြုံးစိစိလုပ်နေလေ၏။ ဒီကောင်မလေးကအမြဲစိတ်ထဲရှိရင်ရှိသလိုပြောပစ်တတ်တာ ပိုးသိပါသည်။ ဒီအိမ်မှာ ပိုးတစ်ယောက်တည်းအထီးမကျန်ရတာ အိသူလေးရှိနေလို့ပါပဲ...။ပိုးအသက်(10)နှစ်အရွယ်မှာ ဒီစံအိမ်ကိုစရောက်ခဲ့တာဖြစ်ပြီး နောက်3နှစ်ကြာတော့ အိသူရောက်လာခဲ့ခြင်းပင်...။အသက်ရွယ်တူမို့ ပို၍အနေနီးကာ ချစ်လည်းချစ်ကြ၏။ပိုးအနေနဲ့က ဒီအိမ်မှာသွေးသားတော်စပ်မှုရှိနေသော်လည်း အိသူကတော့ခိုကိုးရာမရှိတဲ့ မိဘမဲ့မို့ ပိုးကသနားမိသလို အခိုင်းအစေဆိုပြီးတော့လည်း အဆင့်နှိမ်မထားခဲ့...။ဒါကြောင့် သူကလည်းကိစ္စတော်တော်များများမှာ ပိုးရဲ့ဘက်တော်သားဖြစ်နေခဲ့ပြီး မမကိုသိပ်မခင်တွယ်...။ ကိုယ့်ဘက်ကမခံချင်လို့ပြောတာဖြစ်သော်ငြား...မမကိုမကောင်းပြောမှာကိုတော့ ပိုးလက်မခံချင်ပါ...။ဘယ်လိုပဲဖြစ်ဖြစ် ဒီလောကမှာ မမကသာ ပိုးရဲ့တစ်ဦးတည်းသောသွေးသားမဟုတ်လား...။


""အင်းပါ...ငါကလွှတ်ခနဲထွက်သွားတာ

ဒါနဲ့ နင်ကျောင်းမှာပျော်လား?

ရည်းစားတွေဘာတွေရောရနေပြီလား""


""ဟဲ့! ပေါက်တတ်ကရတွေ!

ငါကကျောင်းမှာရည်းစားရှာနေရမှာလား""


""မသိဘူးလေ...တက္ကသိုလ်ရောက်ရင်ချစ်သူတော့ရှာကြတာပဲ""


'"ငါ့လာမြှောက်ပေးမနေနဲ့...နင်သာရှာ""


""အို!ငါကကျောင်းမနေခဲ့ရတော့ နင့်လိုတက္ကသိုလ်မတက်ရလို့ပါနော်...တက်ရလို့ကတော့ ဟင်း...ဟင်း!""


""အိသူမ...နင်လည်းနော်...မလွယ်ကြော! တကယ်..""


""အိမ်ပြန်ရောက်တာနဲ့ စကားသံတွေကိုဆူညံနေတာပဲ

နင်တို့ကိုအိမ်မှာ စကားဝိုင်းဖွဲ့မပြောရဘူးလို့ငါပြောထားတယ်လေ...တကယ်ပဲ စည်းမရှိကမ်းမရှိတွေ...ပြောနေတဲ့စကားတွေကလည်း...တော်တော်ကောင်းကျိူးရမယ်ဆိုတော့""


နှစ်ယောက်သားရယ်မောပြောဆိုနေရင်းမှ မမအသံကြားတော့ တိတ်သွားရ၏။


""အယ်!...မမဘယ်တုန်းကရောက်?...""


""ငါလည်းမသိဘူးလိုက်ဘူးဟ...သွားပြီ""


အိသူလည်းအခန်းထဲကလှစ်ခနဲပြေးထွက်သွားသလို...ပိုးလည်း မီးဖိုးခန်းသို့ပြေးကာ ရေခဲသေတ္တာထဲမှ orange juiceကို ဖန်ခွက်ထဲထည့်ပြီး မမအခန်းဆီသွားပို့ပေးလိုက်၏။ 


""နင်ကျောင်းတက်နေတာ...စာကိုပဲအာရုံစိုက်ပါ

ခုနလို အကျိုးမရှိတဲ့စကားတွေနောက်မပြောမိစေနဲ့...ကြားလား?""


""ဟုတ်ကဲ့...မမ""


""သွားတော့!""


အခန်းပြင်ရောက်မှပဲ...'ပိုး'မှာသက်ပြင်းလေးဖွဖွချမိတော့သည်။တကယ်ဆို ဒီထက်ပင် ပို၍ဆူငေါက်မည်ဟုထင်မှတ်ထားတာ..။အခုတော့ မမကမဆူဘူးတဲ့! 

ပြီးတော့ ဒီနေ့ မမစိတ်ကြည်နေပုံပဲ...။

နိုင်ငံခြားကပြန်လာတဲ့ မမရဲ့ချစ်သူလား ဘာလား...အဲ့ဒီ့အကိုနဲ့အဆင်ပြေတယ်ထင်ပါရဲ့!...။....။


~~~~💞💞💞💞~~~~

Continue to >>>Part-2


Readers/writetsလေးတွေအားလုံးက VIPပါ

အားလုံးကိုချစ်တယ်နော်😙


Writer- WineSatt Cho(🍋Lëmoñ 🍋)


rate now: