ဧကြည်ဖြူ
"အဝါရောင်ရဲတိုက် "
********************
ရွာ၏သုသာန်ထဲတွင် မစည်ကားသင့်ပါပဲ စည်ကား၍နေလေသည် ။စိုင်းရန်နိုင်၏အဖြစ် သည် ရွာ၏အနေအထားအရဆိုလျှင် ထူးထူးခြားခြားသေဆုံးသွားရသည်ဟု ဆိုရလေမည်လား။ရွာနောက်ဘက်မှ ချောက်ဆိုသည်မှာ ရွာနှင့် အလှမ်းကွာလွန်းလှသည်။ ထိုချောက်ဘေးလမ်းမှသွားလျှင် ခရီးလမ်းတိုသည်မှာမှန်သော် လည်း လမ်းဆိုးလွန်းသောကြောင့် မည်သူမျှ သွားလေးမရှိကြပေ။တစ်ခါတစ်ရံတွင် ငှက်ပစ်သူများ သွားလေ့ရှိသည်မှအပ တော်ရုံနှင့့်မည်သူမျှ မသွားသောလမ်းဖြစ်ပါလေသည်။ထိုသို့သော လမ်းမှ စိုင်း ရန်နိုင်သွားခြင်းအတွက် ရွာသူရွားသားများမှာလည်း အံ့ဩ၍နေကြလေသည်။
"ဘယ်လိုဖြစ်လို့ ဒီလမ်းက သွားရတာလဲ မသိပါဘူး .."
"အင်းလေ ... စွန့်ပစ်ထားတဲ့လမ်းမှန်းသိသိနဲ့ သွားရလား ...လမ်းကောင်းက သွားလဲ ဘယ်လောက်မှ ကြာတာလဲမဟုတ်ဘူး "
" ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်မကောင်းစရာ "
အသုဘပို့လာသူများထံမှ တီးတိုးစကားသံများ ထွက်ပေါ်၍နေလေသည်။
~~~~~~~~~~~~~~~~~~
အသက်ကင်းမဲ့နေပြီဖြစ်သော သားဖြစ်သူ၏ မျက်နှာကို မျက်ရည်များပြည့်လျှံနေသော မျက်ဝန်းများဖြင့် ငြိမ်သက်စွာ စူးစိုက်ကြည့်နေသော ဒေါ်နန်းမူ။သူမ၏ မျက်နှာသည် ညှိုးငယ် နွမ်းလျနေသော်လည်း မျက်ဝန်းအကြည့်များသည် ခက်ထန် တင်းမာနေသယောင် ရှိလေသည်။ဒေါ်နန်းမူသည် သားဖြစ်သူ၏ နာရေးသို့ အစ်ကိုတစ်ဝမ်းကွဲ ပယောဂဆရာနှင့် အတူလာခဲ့ခြင်းဖြစ်လေသည်။ဒေါ်နန်းမူတွင် စိုင်းရန်နိုင်၏အောက်၌ အသက်နှစ်ဆယ်ကျော်စအရွယ်သမီးငယ်လေးတစ်ယောက်ရှိသော်လည်း ခေါ်ဆောင်လာခဲ့ခြင်းမရှိပေ။
"ကျွန်မသားက ဆိုင်ကယ်စီး သိပ်ကျွမ်းတာ ...တောင်ပေါ်လမ်းတွေကိုတောင် အေးအေးဆေးဆေး စီးနိုင်တဲ့သူပဲ "
သားဖြစ်သူ၏ အလောင်းကိုတွေ့ပြီးသည့်နောက်တွင် သည်စကားတစ်ခွန်းမှ လွဲ၍ ဒေါ်နန်းမူ မည်သူနှင့်မျှ မည်သည့် စကားတစ်ခွန်းမျှ ပြောင်ဆိုခြင်းမရှိတော့ပေ။
သလင်းဖြူသည် အစ်ကိုဖြစ်သူ စိုင်းရန်နိုင်၏ အဖြစ်ကို ယနေ့အချိန်ထိ မယုံကြည်နိုင်သေးဘဲ ဖြစ်နေမိသည်။အခင်းဖြစ်မည့်မနက်ခင်းက စိုင်းရန်နိုင်ကို ကြီးတော်ဖြစ်သူ ဒေါ်ကြည်အေးက မြို့စျေးကို သွားခိုင်းခဲ့သည်။ ယခင်ကလည်း ထိုသို့သွားနေကြဖြစ်သည်။ထိုနေ့မှ စိုင်းရန်နိုင်သည် လမ်းဟောင်းမှ သွားပြီး ထိုသို့အဖြစ်ဆိုးနှင့် ကြုံရခြင်းဖြစ်လေသည်။ အစ်ကိုဖြစ်သူစိုင်းရန်နိုင် သေဆုံးရခြင်းသည်သွေးရိုးသားရိုးမှ ဟုတ်ပါရဲ့လားဟု သလင်းဖြူတွေးမိပြန်သည်။အကယ်၍ သွေးရိုးသားရိုးမဟုတ်ခဲ့လျှင် တရားခံက မည်သူများ ဖြစ်မည်နည်း။သေချာသည်မှာ စိုင်းရန်နိုင် သေဆုံးသွားရုံနှင့် အမွေကိစ္စက ပြီးဆုံးသွားမည်မဟုတ်ပေ။ဦးကြီး ဦးထွန်းအေးတွင် သားနှင့် သမီးရှိသည် ။သားဖြစ်သူမရှိတော့လျှင် သမီး အငယ်ဖြစ်သူသည် ဖခင်ဖြစ်သူ၏အမွေကိုဆက်ခံရမည်သာဖြစ်သည်။သည်သို့ အကြောင်းအရာကို တရားခံသည် မသိစရာအကြောင်းရှိမည် မဟုတ်ပေ။အကယ်၍များ သေဆုံးသူသည် သလင်းဖြူသာဖြစ်နေခဲ့မည်ဆိုလျှင်တော့ အမွေဆက်ခံပိုင်ခွင့်ရှိသူတစ်ယောက် လျှော့သွားမည်မှာ အမှန်ပင်ဖြစ်လေသည်။ ထိုသို့ တွေးမိလိုက်သောအခါ သလင်းဖြူတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထ၍ သွားလေသည်။
"သမီး ...သလင်းဖြူ "
သလင်းဖြူ အတွေးပေါင်းစုံနှင့် ခပ်ငိုင်ငိုင်ရှိနေစဉ်မှာပင် ခေါ်သံကြားရသောကြောင့် ကြည့်လိုက်သောအခါ ဦးလေးအငယ်ဆုံးဖြစ်သော ဦးရန်နောင်ထွေးကိုတွေ့လိုက်ရလေသည်။
" ဦး....ဦးငယ် ဘယ်တုန်းက ပြန်ရောက်တာလဲ "
ဦးလေးဖြစ်သူကို သလင်းဖြူ အံ့သြဝမ်းသာစွာ မေးလိုက်မိလေသည်။
"ခုခုမှ ရောက်တာ သမီး .ဦးငယ်လဲ သတင်းကြားကြားခြင်း ပြန်လာခဲ့တာ "
~~~~~~~~~~~~~~~~~~~~~
ခုနှစ်ရက်ဆိုသော အချိန်သည် သိပ်မကြာလိုက်သလိုပါပင်။ယနေ့သည် စိုင်းရန်နိုင်၏ ရက်လည်ဆွမ်းသွပ်ပြီးသောနေ့ဖြစ်ပါသည်။ ဒေါ်နန်းမူသည် ငွေတစ်ထပ်ကို ထုတ်၍ မိသားစုဝင်များ၏ ရှေ့တွင် ချလိုက်ပါလေသည်။မိသားဝင်များအားလုံးသည် ဒေါ်နန်းမူ၏ အပြုအမူကြောင့် အံ့သြမင်သက်နေကြလေသည်။
" ဒါက ဘာသဘောလဲ နန်းမူ ...ငါတို့တူလေးရဲ့ နောက်ဆုံးခရီးအတွက် ငါတို့ ကုန်ကျခံနိုင်ပါတယ် ... နင့်ပိုက်ဆံတွေကို ပြန်ယူသွားပါ "
ဒေါ်ကြည်အေးက လေသံမာမာနှင့်ပြောလေသည်။
"ဟုတ်သားပဲ နန်းမူ .... ကုန်ကျစရိတ်ကို အစ်ကိုကြီးတို့ပဲ အကုန်ခံလိုက်ပါမယ်....ကူငွေတွေလဲ မနည်း ရထားတယ်မဟုတ်လား...ငါ့ခယ်မပိုက်ဆံကို ပြန်ယူသွားပါ "
ဦးမြင့်အေးကပါ ၀င်၍ ပြောလေသည်။
"လုပ်မနေနဲ့နန်းမူ နင်ငွေလေး တစ်ပဲခြောက်ပြားနဲ့ ပေးမနေနဲ့ ... လူကြားလို့မှမကောင်း ဆင်ကောင်ကြီး အမြီးကျမှတစ်တဲ့ အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူး ....နင့် ပိုက်ဆံ နင်ဘာသာပြန်ယူသွား "
ထုံးစုံအတိုင်း ဒေါ်ခင်အေးသည် လေသံမာမာနှင့် ဝင်ရောက်ပြောဆိုလေသည်။
အားလုံး၏ စကားဆုံးသောအခါ ဒေါ်နန်းမူသည် အံကိုကြိတ်လိုက်၍ ငွေထုတ်ကို ရှေသို့ဆတ်ခနဲ တွန်းပို့လိုက်ပြီးလျှင် လေသံခပ်မာမာနှင့် ပြောဆိုလေသည်။
"မှန်ပါတယ်ရှင် မမခင်အေး ပြောသလိုပါပဲ ...ကျွန်မမှာပါလာတဲ ငွေက တစ်ပဲ ခြောက်ပြားလောက်ပါပဲ ...ကျွန်မတို့မှာ ငွေပိုငွေလျှံလဲ မရှိပါဘူး ....ကိုထွန်းအေးကလဲ အိပ်ရာထဲလဲနေပြီးမှ ဆုံးသွားတာ ဆို့တော့ အပိုငွေလဲ မချန်ခဲ့ပါဘူး ... အခုပါလာတဲ့ ငွေကလဲ ဝိုင်းကိုပေါင်နှံပြီးတော့ ယူလာတာပါ ... သားလေးရဲ့နောက်ဘ၀ကို ဝဋ်ကြွေးတွေ မပါရအောင်ယူထားလိုက်ကြပါရှင် ... နောက်နောင်လဲ ကျွန်မတို့ မိသားစုက မိုးနှဲ ရွာကို လာပြီး မပတ်သက်တော့ပါဘူးရှင် "
" ဘာ ..ဘာပြောတယ် နန်းမူ ...နင့်စကားက ဘာစကားလဲ ဟင် ... နင်ပြောပုံက ငါတို့အကြီးတွေကို စော်ကားနေသလိုပဲ "
ဒေါ်နန်းမူ၏ စကားကြောင့် ဒေါ်ကြည်အေးက ဒေါသတကြီးနှင့်ပြောလိုက်လေသည်။
" ဟုတ်သားပဲ နန်းမူရယ် ... ငါ့ခယ်မ ဘာတွေ မကျေနပ်တာရှိလဲ အစ်ကိုကြီးတို့ကို ပြောလေဟာ ...အဆင်ပြေအောင် စီစဉ်ပေးမှာပေါ့ ...ခုလို ဆွေခန်းမျိုးခန်းပြတ်မယ့် စကားမျိုးတွေ မပြောပါနဲ့ကွယ် ...တူမလေးလဲ ရှိသေးတယ်လေ ...ငါ့ညီထွန်းအေး မရှိတော့ပေမဲ့ ... နင်လဲ ငါတို့ညီမ ပဲလေ နန်းမူ "
ဒေါ်သထွက်ဟန်ရှိနေကြသော အစ်မဖြစ်သူနှင့် ညီမဖြစ်သူကို ဟန့်တားလိုက်ပြီး ဦးမြင့် အေးက ပြေရာပြေကြောင်း ဝင်ရောက်ပြောဆို လိုက်လေသည်။
"တော်ပါပြီ အစ်ကိုကြီးမြင့်အေး ... ကျွန်မသမီးလေးကိုတော့ ဒီမိသားစုထဲ ဆွဲမသွင်းကြပါနဲ့ရှင် ... သူ့ဘဝကို ကျွန်မ စောင့်ရှောက်ပေးနိုင်ပါတယ် .... သူ့အဖေရဲ့ ဘာခံစားခွင့်ကိုမှ လဲ မရချင်နေပါစေ နောက်ထပ် သမီးကို အဆုံးရှုံး မခံနိုင်ပါဘူး .အားလုံးပဲ ကျွန်မကို ခွင်ပြုကြပါအုံး ...ကျွန်မအခုပဲ ပြန်ပါတော့မယ် "
ဒေါ်နန်းမူသည် ပြောပြောဆိုဆိုနှင့် သားဖြစ်သူ စိုင်းရန်နိုင်ကျန်ခဲ့သော ပစ္စည်းထုတ်ကိုပါ ဆွဲ၍ ထွက်သွားလေသည်။မိသားစုဝင်များမှာ ဒေါ်နန်းမူ၏ ပြောစကားများနှင့့် အပြုအမူများကြောင့် အံ့အားသင့်၍နေကြလေသည်။
" မမကြည် ... အစ်ကိုမြင့်အေး ကြားလား ...နန်းမူပြောသွားတာတွေကိုကြားလား ...သူဘာအဓိပ္ပါယ်နဲ့ ပြောသွားတာလဲ ... သူပြောပုံက ကျွန်မတို့ကပဲ အမွေခွဲပေးရမှာစိုးလို့ သူ့သားကို သတ်လိုက်သလို ပြောသွားတာ မဟုတ်လား "
ဒေါ်နန်းမူ ထွက်သွားသောအခါမှ ဒေါ်ခင်အေးက ပွဲထကြမ်းလေသည်။
"ခင်အေး တိတ်စမ်း ကလေးတွေ ရှေ့မှာ ...နင်ဘာတွေပြောနေတာလဲ ..သွား .. သွားကြတော့ ... ကလေးတွေ သွားနားကြတော့ ညကျရင် ဆယ်နာနာရီကျော်မှ အိပ်ရမှာ ခုသွားအိပ်ကြတော့ "
ဒေါ်ကြည်အေးသည် ညီမဖြစ်သူ ဒေါ်ခင်အေးကို ဆူပူငေါက်ငမ်းလိုက်ပြီးလျှင် သလင်းဖြူတို့ကို နေရာမှ ထွက်သွားရန်ပါ ပြောလေ၏။
သလင်းဖြူလည်း ကြီးတော်ဖြစ်သူက ထွက်သွားခိုင်းသည်နှင့် တစ်ပြိုင်နက် တိုက်ကြီးထဲမှ ပြေးထွက်ခဲ့ပြီး ဒေါ်နန်းမူတို့ နောက်သို့ ပြေးလိုက်ခဲ့သည်။
"ဒေါ်လေး .... ဒေါ်လေးနေပါအုံး "
ခြံပြင်သို့ ရောက်နေပြီဖြစ်သော ဒေါ်နန်းမူကို အပြေးလိုက်၍ သလင်းဖြူ ခေါ်လိုက်သည်။သလင်းဖြူ အနေနှင့် ဒေါ်နန်းမူနှင့် ငယ်စဉ်ကသာတွေ့ဖူးခဲ့ပြီး ယခုတစ်ကြိမ်မှသာ ထပ်မံတွေ့ဆုံရခြင်းဖြစ်ပါလေသည်။အသုဘဖြစ်နေစဉ် တစ်လျှောက်၌လည်း အေးအေးဆေးဆေး တွေ့ဆုံခဲ့ရခြင်းမရှိခဲ့ပါချေ။ရက်လည်ပြီးသွားသော အခါမှ စကားပြောရန် သလင်းဖြူက တွေးထားခဲ့ခြင်းဖြစ်ပါလေသည်။ယခုလိုမျိုး ဖြုန်းစားကြီး ပြန်သွားလိမ့်မည်ဟု မထင်ခဲ့မိသည်မှာ အမှန်ပါပင် ။
"ဒေါ်လေးရဲ့ ဖုန်းနံပတ် သမီးကို ပေးခဲ့ပါနော် ... ဒေါ်လေးနဲ့ စကား အေးအေးဆေးဆေး ပြောချင်ပါတယ် ...သမီးကို အစ်ကိုစိုင်းရန်နိုင် ပြောခဲ့တာတွေလဲ ရှိပါတယ်ရှင်...သမီး အဲ့ဒီအကြောင်းတွေကို သေချာ သိချင်ပါတယ် "
သလင်းဖြူ ပြောလိုက် သောအခါ ဒေါ်နန်းမူသည် သလင်းဖြူ၏ လက်ကလေးကို ဆွဲကိုင်လိုက်ပြီးလျှင်
"သမီးလေး ...သမီးက မနွဲ့အေးရဲ့သမီးမို့ ဒေါ်လေး စေတနာနဲ့ မှာခဲ့ပါရစေကွယ် ...သမီး ဒီကနေ အမြန်ပြန်တော့နော် ဒီမှာ နေရင် သမီးရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်ကွဲ့ ...ဒေါ်လေးရဲ့သားလေးက ဆိုင်ကယ်စီးတာ ကျွမ်းကျင်သလို ... ကိုယ့်ကိုယ်ကို အန္တရာယ်ဖြစ်အောင် မလုပ်တတ်ဘူးဆိုတာ ဒေါ်လေး အသိဆုံးပါ ...ဒီကိစ္စက မရိုးသားဘူးလို့ သက်သေပြစရာ မရှိတော့ ဒေါ်လေးလက်လျှော့လိုက်ပါပြီ ....နောက်ထပ် ဒေါ်လေးရဲ့ သမီးငယ်လေးကို အန္တရာယ်ဖြစ်မှာကို မလိုလားဘူး ဒါကြောင့် ဒီမိသားစုက ဘယ်သူနဲ့မှ မပတ်သက်ချင်တော့ဘူး ... ဒေါ်လေးကို နားလည်ပေးပါနော် ...သမီးလဲ ဒီကနေ အမြန်ပြန်ပါတော့ကွယ် "
"ဟုတ် ...ဟုတ်ကဲ့ပါရှင် ဒေါ်လေး "
ဒေါ်နန်းမူသည် နှုတ်ဆက်၍ ကျောခိုင်းသွားလေသည်။ကျောခိုင်းသွားသော ဒေါ်နန်းမူ၏ကျောပြင်ကို သလင်းဖြူငိုင်တွေစွာ ကြည့်နေမိစဉ်မှာပင်
"ဒီမှာ ... မိန်းခလေး မင်းကတော့ စိတ်ထားဖြူစင် ပုံရလို့ သတိလေးပေးခဲ့ပါရစေကွယ် ...ဒီအိမ်ကြီးမှာ မကျွတ်မလွတ်ဖြစ်နေတဲ့ ဝိညဉ်တွေရှိနေတယ် .... တတ်နိုင်ရင် သူတို့အတွက် မင်းက ကုသိုလ်ကောင်းမှု လုပ်ပေးနိုင်အောင်ကြိုးစားပါ ....သူတို့က တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် သေဆုံးခဲ့ကြရတာပဲ ...သူဘယ်သူလဲဆိုတာတော့ ဘကြီး ပညာနဲ့ မမှီလို့ မပြောပြနိုင်ဘူးပေါ့ကွယ် .. ဒါပေမဲ့ တူမကြီးရဲ့ကံတရားအရ တူမကြီးကို ကူညီပေးနိုင်မယ့်သူ တစ်ယောက်တော့ ရှိတယ် ..အဲ့ဒီလူက ယောကျာ်းတစ်ယောက်ပဲ သူကလွဲရင်ကျန်တဲ့သူတွေက ငါ့တူမကို အန္တရယ်ပေးနိုင်လို့ သတိထားနေပါ "
"ရှင် ... ဟုတ် ..ဟုတ်ကဲ့ "
ဒေါ်နန်းမူနှင့် အတူလာသော အမျိုးသားကြီးသည် သလင်းဖြူကို ပြောဆိုပြီးနောက် ဒေါ်နန်းမူနှင့်အတူ ထွက်သွားလေသည်။သလင်းဖြူမှာ ထိုလူကြီး ပြောသွားသော စကားများကို နားထဲ၌ ကြားယောင်နေမိပြီး ကျောထဲ၌ စိမ့်ခနဲ အေးလာသလိုပင် ခံစားလိုက်ရလေသည်။သလင်းဖြူ ထိတ်လန့် တုန်လှုပ်စွာပင် ခြံကြီးထဲသို့ ပြန်ရန်ဝင်ခဲ့လေသည်။
"ဟင် "
သလင်းဖြူ ခြံထဲသို့ ၀င်အလာတွင် တိုက်ကြီးအပေါ်ဆုံးထပ်ဆီမှ မိမိရှိရာသို့ စူးစူးရဲရဲ လှမ်းကြည့်နေသော အစ်ကိုဝမ်းကွဲဖြစ်သူ ဇော်ထိုက်ကို တွေ့လိုက်ရသောကြောင့် ဘာရယ်မဟုတ် ရင်ထဲထိတ်ခနဲ ခုန်သွားမိလေသည်။
~~~~~~~~~~~~~~~~
"ဒေါ်လေးကို တွေ့ခဲ့လား ဦးငယ် ...."
သလင်းဖြူသည် ယခုမှပင် အေးအေးဆေးဆေး တွေ့ရသော ဦးလေးဖြစ်သူကို မေးလိုက်သည်။
"မတွေ့ပါဘူး တူမကြီးရယ် ... သမီးဒေါ်လေးနဲ့ ကြိုက်နေတဲ့သူက မန္တလေးကဆိုလို့ ... မန္တလေး တစ်မြို့လုံး နေရာအနှံ့ရာခဲ့တာပဲ ...သတင်းအစအနတောင် မရပါဘူးကွယ် ..."
"ဒါနဲ့ ဒေါ်လေးထွက်သွားတာကြာပြီလား ဦးငယ် "
" သုံးလပြည့်တော့မယ် ...ဦးငယ်လည်း မရှာနိုင်တော့ဘူး ..သူလဲ ကလေးမှ မဟုတ်တာ ...မမကြည်ကလဲ ခက်ပါတယ် ဒီလောက်ဖြစ်နေတာတောင် သဘောမတူဘူး ဆိုတာ ချည်းပဲ .."
ဦးလေးဖြစ်သူကိုကြည့်၍ သလင်းဖြူ သက်ပြင်းကို ချလိုက်မိပြီးလျှင် မရဲတရဲဖြင့် မေးလိုက်မိသည်။
"ဟို ... ဟို ...ဒါနဲ့ လေ ... ဒေါ်လေးက တစ်ခုခု အန္တရာယ်ဖြစ်နေတာတော့ မဟုတ်ပါဘူးနော် ဦးငယ် "
သလင်းဖြူ၏ အမေးကြောင့် ဦးရန်နောင်ထွေးသည် သလင်းဖြူကို ကြည့်လိုက်ပြီးလျှင်
"မဟုတ်တာကွယ် ...တစ်ခုခုဖြစ်နေရင် သိရမှာပေါ့ကွယ် ..သူ့မှာ မှတ်ပုံတင်လဲ ပါသွားတာပဲ ..ခက်တာက သူနဲ့ တွဲနေတဲ့သူရဲ့ လိပ်စာကို အတိအကျ မသိတာခက်တယ် ...ရွာကို အထည်တွေ လာဝယ်ရင် တွေ့ကြတယ်ဆိုလားပဲ ...ဒါတောင် ရွှေရည်ဝင်း ပြောလို့သိတာ ...မငယ်က သူ့တူမ ရွှေရည်ဝင်းနဲ့ တတွဲတွဲပဲလေ "
"အဲ့ဒီလိုဆိုတော့ ...ရှာရခက်မှာပေါ့ ဦးငယ် ... ဒေါ်လေးကိုယ်တိုင်က မဆက်သွယ်မချင်း တွေ့ရ မယ်မထင်ဘူး "
~~~~~~~~~~~~~~~~~~~
တိုက်ကြီးတစ်တိုက်လုံး မီးရောင်များဖြင့် ထိန်ထိန်လင်းနေသော်လည်း သလင်းဖြူတို့ အုပ်စုထိုင်နေသော ဧည့်ခန်းမှ လွဲ၍ တစ်တိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေလေသည်။အမှန်အားဖြင့် အုပ်စုဟုဆိုသော်လည်း ဦးငယ် ၊ ကိုဇော်ထိုက်၊ ရွှေရည်ဝင်း၊ ထွဋ်ခေါင်တို့ ဧည့်သည် နှစ်ယောက်နှင့်သလင်းဖြူတို့ပဲရှိကြသည်။ လူကြီးများမှာ သူတို့၏ အခန်းအသီးသီးသို့ ဝင်သွားကြပြီ ဖြစ်လေသည်။အလုပ်သမားများမှာလည်း ယခင်နေ့များ က ပင်ပန်းခဲ့ကြသောကြောင့် အနောက်ဘက် အလုပ်သမား တန်းလျားသို့ အသီးသီး ပြန်သွားကြပြီဖြစ်လေသည်။ညဉ့် ဆယ်နှစ်နာရီထိုးခါနီးပြီဖြစ်၍ ဦးမြင့်အေး၏ ဘုရားရှိခိုး အမျှဝေသံ သည်လည်း တိတ်ဆိတ်သွားပြီ ဖြစ်လေသည်။
အောက်ထပ် ဧည့်ခန်းထဲတွင် သလင်းဖြူတို့ ခြောက်ယောက်သားမှာ ထွေရာလေးပါး စကားပြောနေကြခြင်းဖြင့် အချိန်ကို ကုန်ဆုံးသွားအောင် စောင့်နေကြရခြင်းဖြစ်လေသည်။မစောင့်၍လည်းမဖြစ် ရက်လည်ညဖြစ်သောကြောင့် မြန်မာလူမျိုးတို့၏ ထုံးစံအတိုင်း အိမ်တံခါးများကို ဖွင့်ထားရသည် မဟုတ်ပါလား ။
ကြာတော့ သလင်းဖြူ ငိုက်လာသလိုပင် ဖြစ်လာမိသည်။ဦးလေးဖြစ်သူနှင့် အစ်ကိုဖြစ်သူကလည်း သလင်းဖြူ စိတ်မဝင်စားသော ဆိုင်ကယ်များအကြောင်းကို ပြောနေကြသလို ရွှေရည်ဝင်းနှင့် ထွဋ်ခေါင်တို့သုံးယောက်သားမှာလဲ ခေါင်းချင်ဆိုင်လျက် သူတို့ လုပ်ငန်းအကြောင်းများကို ပြောနေကြသည်။သလင်းဖြူမှာ တစ်ယောက်တည်း ငေါင်စင်းစင်းဖြစ်နေသောကြောင့် ဒေါ်နန်းမူ၏ အစ်ကိုဖြစ်သူ ပြောသွားသော စကားများကို ပြန်၍ ကြားယောင်နေမိပြီး ပြတင်းပေါက်ရှိရာသို့ ထလာပြီးလျှင် ခြံ၀ဆီသို့ လှမ်း၍ မျှော်ကြည့်လိုက်မိသည်။
" ဟင် "
သလင်းဖြူ ခြံဝဆီသို့ ကြည်နေမိစဉ်မှာပင် ခြံဝတွင် ရပ်နေသော လူတစ်ယောက်ကို မြင်လိုက်ရသောကြောင့် ကြက်သီတွေ ဖြန်းခနဲထသွားပြီးလျှင် ခေါင်းနပန်းတွေပါ ကြီးသွားမိသည် ။ ထိုလူသည် သလင်းဖြူ ရှိရာဆီသို့ လှမ်း၍ ကြည့်နေပြီးလျှင် လက်ကို ဝှေ့ယမ်းပြလေသည်။ထိုအဖြစ်ကို သလင်းဖြူ ကြက်သေသေလျက် ကြည့်နေမိသည်။ သလင်းဖြူ ရပ်နေသော နေရာနှင့် ခြံတံခါး၀သည် ဝေးသည်ဆိုသော်ငြားလည်း ခြံဝမှ မီးအလင်းရောင်ကြောင့် လူရိပ်ကို ကောင်းစွာမြင်လိုက်ရသည်။သို့သော်လည်း ထိုသူသည် အစ်ကိုစိုင်းရန်နိုင် ၏ဝိညဉ် ပုံရိပ်မဟုတ်သည်မှာ သေချာပါလေသည်။ထို့အတူ သလင်းဖြူ ရင်းနှီးသိကျွမ်းဖူးသူများထဲမှလည်း မဟုတ်ပါချေ။
"ဟိတ် .မင်းဘာတွေ ကြည့်နေတာလဲ ..သရဲမြင်လို့လား "
"အမယ်လေး `
သလင်းဖြူမှာ ခြံဝမှ လူကို ကြည့်နေစဉ်မှာပင် ထွဋ်ခေါင်၏ အနီးကပ်မေးလိုက်သော အသံကြောင့်လန့်ဖျပ်သွားပြီး အော်လိုက်မိလေသည်။
" အော်လိုက်တာဟယ် ... နင်ကလဲ ပိုကို ပိုလွန်းတယ်သလင်းဖြူ "
သလင်းဖြူ လန့်သွားမိပြီး ထွဋ်ခေါင်ကို မျက်စောင်းထိုး ကြည့်လိုက်မိစဉ်မှာပင် ရွှေရည်ဝင်း၏ အသံကထွက်ပေါ်လာခြင်း ဖြစ်လေသည်။
"ဒေါင် ..ဒေါင်...ဒေါင်...ဒေါင်...... "
ထိုသို့ဖြစ်နေစဉ် အချိန်မှာပင် တိုင်ကပ်နာရီဆီမှ ဆယ်နှစ်နာရီထိုးသံကိုကြားလိုက်ကြရပြီးလျှင် တိုက်ကြီးတစ်တိုက်လုံးမှာ ဖျက်ခနဲ မှောင်အတိကျသွားလေသည်။
"ဟာ ...မီးပျက်သွားပြီ "
" လုပ်ပါအုံး ...မီးအိမ်ထွန်းကြပါအုံး "
"ဖြူလေး .... နင်ပြန်တော့.... ဒီကနေ အမြန်ဆုံးပြန်တော့ "
"စိုင်း ...စိုင်းလွှမ်းလားဟင် "
မှောင်အတိကျသွားသောအခါ ရွှေရည်ဝင်းနှင့် ကျန်သူများ၏ အသံများနှင့် အတူ သလင်းဖြူ၏နားတွင် စိုင်းလွှမ်း ၏ အသံကိုပါ ကြားလိုက်ရသောကြောင်း အံ့သြစွာ နှုတ်မှ မေးလိုက်ပြီးလျှင် အသံလာရာဆီသို့ လက်နှင့် စမ်းကြည့်လိုက်မိလေသည်။ ထိုအခါ လူတစ်ယောက်၏လက်ကို စမ်းလိုက်မိသောကြောင့် ဝမ်းသာစိတ်ဖြင့်မေးလိုက်မိလေ၏။
"စိုင်းလွှမ်း ..နင်ဘယ်လိုရောက်လာတာလဲ "
"ဟိတ် မင်းဘာဖြစ်နေတာလဲ ..ဘာလို့ ကိုယ်လက်ကို ဆွဲထားရတာလဲ ... မင်း အရမ်းကြောက်နေတာလား "
သလင်းဖြူမှာ ထွဋ်ခေါင်၏ အသံကို ကြားလိုက်ရသော အခါမှ ဆွဲထားသော လက်ကို ဖျတ်ခနဲ လွှတ်ချလိုက်မိလေသည်။
"တောက် "
ထိုသို့ အားလုံး ရုတ်ရုတ်သဲသဲဖြစ်နေကြစဉ်မှာပင် တစ်တိုက်လုံး တုန်ဟီးသွားသလားထင်ရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော တက်ခေါက်သံကြီးကိုကြားလိုက်ကြရလေသည်။
"ဘာ ...ဘာဖြစ်တာလဲ "
" ဘယ်.... ဘယ်သူတောက်ခေါက်တာလဲ "
==================
အပိုင်း ( ၁၀ ) ဆက်ရန်
ဧကြည်ဖြူ