ဧကြည်ဖြူ
" အဝါရောင် ရဲတိုက် "
********************
" ထွဋ်ခေါင်ပါ ... မနက်ဖြန်မှ ကိုယ်တို့ ဆက်ပြောကြမယ် ..သွားတော့..မြန်မြန်သွားတော့ "
ထွဋ်ခေါင်ဆိုသော အမည်ကြောင့် သလင်းဖြူ ဆတ်ခနဲတုန်လှုပ်သွားမိပြီး ထိတ်လန့်ကြောက်ရွံ့စိတ်များအပြင် စိုးရိမ်ပူပန်စိတ်များပါဝင်ရောက်လာမိလေသည်။မတော်တဆ ယခုအချိန်တွင် ရွှေရည်ဝင်းနှင့်တည့်တည့် တိုးမိပါလျှင် သလင်းဖြူ၏ သိက္ခာ တစ်ပြားမှမရှိအောင်ပင် အပြောခံရနိုင်သည်ကို တွေး၍ပူပန်သွားမိလေသည်။ထိုသို့အတွေးဝင်မိသည်နှင့် တစ်ပြိုင်နက်အခန်းရှိရာသို့ တုန်တုန်ယင်ယင်နှင့် ပြန်၍ လာခဲ့သည်။
~~~~~~~~~~~~~~~~~~~
အခန်းထဲသို့ ရောက်သည်နှင့် ခုတင်ပေါ်သို့ သလင်းဖြူ အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိလေသည်။လူတစ်ကိုယ်လုံးမှာလည်း ယခုအချိန် အထိ ချွေးစေးများထွက်နေပြီးတုန်ယင်၍နေလေသည်။ဤအိမ်ကြီးတွင် ဘာတွေဖြစ်နေသနည်း။ခရီးသွားနေသည် ဆိုသော ဒေါ်လေးကို အဘယ်ကြောင့် ဝိဉာဉ်ကဲ့သို့ မြင်နေရပါသနည်း။ပြီးလျှင် ခပ်စောစောက အခန်းထဲတွင် လှုပ်ရှားသွားလာနေသူသည် မည်သူဖြစ်နိုင်ပါသနည်း ။အပေါ်ထပ်တွင် ထွဋ်ခေါင်တို့ ဧည့်သည် နှစ်ယောက်နှင့် သလင်းဖြူတို့ မောင်နှမ လေးယောက်သာရှိသည်။အခန်းထဲမှ လူသည် ကိုစိုင်းရန်နိုင်လား ။ ကိုဇော်ထိုက်လား ။ သို့မဟုတ်လျှင် ရွှေရည်ဝင်းပေပဲလား။ သို့ဆိုလျှင် မည်သည့်အတွက်ကြောင့် ညကြီးအချိန်မတော်တွင် ထိုအခန်းထဲကို ၀င်၍ ဘာလုပ်နေပါသနည်း ။ သလင်းဖြူ စဉ်းစားရင်း ခေါင်းတွေပါ ထိုးကိုက်လာလေသည်။
~~~~~~~~~~~~~~~~~~
ထမင်းစားခန်းထဲရှိ လူများအားလုံး သလင်းဖြူ၏ စကားကြောင့် သလင်းဖြူကို ဝိုင်း၍ ကြည့်ရှုနေကြလေသည်။သလင်းဖြူလည်း ပြောလက်စနှင့် မထူးပြီဖြစ်သောကြောင့် မာန်ကို တင်း၍ ဆက်ပြောလိုက်သည်။
" သမီး ဟိုမှာ အလုပ်အဆင်ပြေသွားတာနဲ့ ကြီးကြီးတို့ ...ဘဘတို့ ထုတ်ပေးထားတဲ့ငွေတွေကို ပြန်ဆပ်မှာပါ "
ထမင်းစားပွဲဝိုင်းသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်၍နေလေသည်။
" အင်း ... သူများနိုင်ငံသွားပြီး ပိုက်ဆံရှာမှာကို ကြီးကြီးတော့ သဘောမကျပေမဲ့ ....အသက်ငယ်ရွယ်တဲ့ အချိန်မှာ ဘ၀တိုးတက်ရေးအတွက် ကြိုးစားချင်တာကိုတော့ ကြီးကြီးအားပေးပါတယ်ကွယ် ...ဒါပေမဲ့ လောလောဆယ် ကြီးကြီးတို့မှာ ငွေတွေက လုပ်ငန်းထဲမြှုပ်နေတော့ အခက်သားလား ...တစ်လတန်သည် နှစ်လတန်သည် စောင့်နေနိုင်ရင်တော့ မဖြစ်ဖြစ်အောင် လုပ်ပေးရမှာပေါ့ကွယ် "
ဒေါ်ကြည်အေးသည် တူမဖြစ်သူ သလင်းဖြူကို ကြည့်၍ ပြောလိုက်လေသည်။
"အင်း ....ထင်တော့ ထင်သားပဲ ... မလာစဖူး အလာထူး ကတည်းက တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာ သိပြီးသား .. နောက်ဆုံးတော့ ရှင်းရှင်းပြောရရင် ငွေချေးတာကို အကြောင်းပြပြီး အမွေတောင်းချင်တာပဲ မဟုတ်လား ...လူတွေလဲ ခက်တော့ခက်သား ... မိဘဘိုးဘွားအမွေကို တိုးတက်အောင် လုပ်ဖို့တော့ စိတ်မဝင်စားကြဘူး ...တောင်းဖို့ရမ်းဖို့ ကျတော့ သတိရကြသားပဲ ......လိုချင်ကြလဲ ခြံတွေသာ ဖဲ့ယူသွားကြ"
ဒေါ်ကြည်အေး ပြောပြီးသွားသော အခါတွင် ဒေါ်ခင်အေးသည် သလင်းဖြူ နှင့်စိုင်းရန်နိုင်ကို တစ်လှည့်စီကြည့်ရှုလျက် ပြော်လေသည်။ထိုအခါ ဦးမြင့်အေးသည် ညီမဖြစ်သူကို လှမ်း၍ ဟန့်လိုက်လေသည်။
" မခင်အေးရယ် နင်ဘယ်လို ပြောလိုက်တာလဲ ... ကလေးတွေ အကူအညီလိုလို့ လာတာကို ဒီလိုပြောရလား ..နိုင်သလောက်ပေးနိုင်ရင်ပေး ... မပေးနိုင်ရင်လဲ တိတ်တိတ်နေ ...ဒီမှာ ဧည့်သည်တွေလဲ ရှိနေတာ မြင်ရဲ့နဲ့ "
ဦးမြင့်အေး ထိုသို့ ပြောနေစဉ်မှာပင် ရွှေရည်ဝင်းသည် သလင်းဖြူကို မျက်နှာတင်းတင်းနှင့် တစ်ချက်လှမ်း၍ ကြည့်ပြီးလျှင် ထွဋ်ခေါင်တို့ကို ခေါ်၍ ထမင်းစားခန်းမှ ထွက်သွားပြီ ဖြစ်လေသည်။
သလင်းဖြူမှာမူ ရွှေရည်ဝင်းနှင့်လည်း သည်ထက်ပို၍ ပြဿနာမဖြစ်ချင်သလို ညအခါများတွင် ကြုံဆုံရသော စိတ်ရှုပ်ထွေးစရာ ကိစ္စများကိုလည်း သည်းမခံနိုင်တော့သောကြောင့် လူစုံချိန်တွင် မိမိလာရင်း အကြောင်းကို ဖွင့်ပြောလိုက်ခြင်းဖြစ်သည။
"ဒါဆိုလဲ ကြုံတုန်းပြောရအုံးမယ် ...အမွကိစ္စဆိုရင်လဲ အချိန်တန်ရင် အားလုံး ရသင့် ရထိုက်သလောက်တော့ ရကြမှာပဲ ...သည်ကြားထဲမှာတော့ လယ်တွေ ခြံတွေကို ထုခွဲပစ်တာမျိုးကို မလုပ်ချင်ဘူး ... နေနိုင်ရင် ဒီအိမ်ကြီးမှာ ကြိုက်သလောက် နေလို့ရတယ် ... အားလုံးဝိုင်းလုပ်ဝိုင်းစားနဲ့ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနေကြတာ ဘယ်လောက် ပျော်စရာကောင်းလဲ "
ဒေါ်ကြည်အေးသည် ထိုစကားများကို ပြောပြီးသည်နှင့် နေရာမှ ထလျက် ထမင်းစားခန်းအပြင်သို့ ထွက်သွားလေသည်။
~~~~~~~~~~~~~~~~
"သလင်းဖြူ "
သလင်းဖြူ တောလမ်းလေးအတိုင်း စက်ဘီးကိုနင်းလာစဉ် လမ်းဘေးတစ်နေရာတွင် ရပ်၍ စောင့်နေသော အစ်ကိုဖြစ်သူ စိုင်းရန်နိုင်ကို တွေ့လိုက်ရသောကြောင့် စက်ဘီးကို ရပ်လိုက်ရလေသည်။
"သလင်းဖြူ ...မင်းကွာ တကယ့် ဇွတ်တရွတ်ပါပဲလား ....ငါ ဒီလောက် ပြောထားတာကိုတောင် ...ပိုက်ဆံကိစ္စကို ရအောင် ပြောသေးတယ်နော် "
စိုင်းရန်နိုင်သည် သလင်းဖြူ စက်ဘီးရပ်လိုက်သည်နှင့် စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်လေသည်။
"လာပြီးမှတော့ ရရမရရ ပြောရမှာပေါ့ ... အပျော်လာခဲ့တဲ့ ခရီးမှ မဟုတ်တာ ...ရန်ကုန်မှာ အလုပ်ပါ ထွက်လာခဲ့တာ ...ဒီအတိုင်းတော့ မပြန်ချင်ဘူး "
သလင်းဖြူလည်း အစ်ကိုဖြစ်သူကို စိတ်တိုတိုနှင့် ပြန်ပြောပစ်လိုက်သည်။
" ပြောလိုက်တာ ဟုတ်ပါပြီ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုရော သိရဲ့လား ....ဒီကိစ္စက မင်းအတွက် အန္တရာယ်ရှိလာနိုင်တာကိုရော သိရဲ့လား "
"ရှင် ..ဘာ...ဘာကို ပြောတာလဲ အစ်ကိုစိုင်းရန်နိင် "
အစ်ကိုဖြစ်သူ စိုင်းရန်နိုင်၏ စကားကြောင့် သလင်းဖြူ အံ့ဩ ထိတ်လန့်သွားမိပြီး အလန့်တကြား ပြန်မေးလိုက်မိလေသည်။
စိုင်းရန်နိုင်သည် သလင်းဖြူ၏ အမေးကြောင့် ဘေးဘီဝဲယာသို့ တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။
"ငါ ဒီမှာ ဘာလို့ လာနေနေတာလဲ သိလား "
စိုင်းရန်နိုင်၏ အမေးကို သလင်းဖြူက ခေါင်းခါပြလိုက်မိလေသည်။
"အေး ပြောရင် ...ငါ့ညီမယုံချင်မှ ယုံလိမ့်မယ် ...ယုံနိုင်စရာလဲ မရှိဘူးပေါ့ ...ဒါပေမဲ့ သေချာတာက ..ဒီကိစ္စတွေကို အဖြစ်မှန်တွေ ပေါ်တဲ့အထိ အစ်ကို စုံစမ်းမှာ ...ဒီလိုစုံစမ်းတဲ့ ကိစ္စမှာ အန္တရာယ်များနိုင်တာကြောင့် ငါ့ညီမကို ဒီမှာ မနေစေချင်တာပဲ "
" ဘာ ..ဘာကိုလဲ အစ်ကိုစိုင်းရန်နိုင် ... ဘာကိစ္စကို ပြောတာလဲ "
အစ်ကိုဖြစ်သူ ပြောသမျှစကားတွေကို ယခုအချိန်အထိ နားမလည်နိုင်သေးတာကြောင့် သလင်းဖြူ ထပ်မံ၍ မေးလိုက်မိသည်။
"အင်း ပြောပြမယ် သေချာနားထောင်... ကြီးကြီးနဲ့အဖေ သေဆုံးသွားတဲ့ ကိစ္စက သွေးရိုးသားရိုး မဟုတ်ဘူး ...အဖေလဲ အဘိုးမဆုံးခင်က တကယ့်ကို ကျန်းကျန်းမာမာရှိနေခဲ့တာ ...အဘိုးဆုံးတော့ အဖေနဲ့အတူ အစ်ကိုလဲ လိုက်လာခဲ့တယ်... ဒါနဲ့ အဘိုး နာရေးကိစ္စ ပြီးစီးလို့ ပြန်ခါနီးရက်မှာ အမွေကိစ္စတွေနဲ့ သူတို့မောင်နှမတွစကားများကြတယ်....အစ်ကိုလဲ သူတို့ လူကြီးတွေကိစ္စမှာ ဝင်မပါဘဲ နေခဲ့တယ် ..ဒီလိုနဲ့ ကိစ္စတွေအားလုံးပြီးလို့ အစ်ကိုတို့ သားအဖ ရှမ်းပြည်ကို ပြန်ခဲ့တယ် ပြန်ရောက်ပြီး သိပ်မကြာခင်မှာဘဲ အဖေကဖျားနာရာကနေ တရှောင်ရှောင်ဖြစ်လာခဲ့တယ် .. ဆေးရုံဆေးခန်းပေါင်းစုံ ဆေးဆရာပေါင်းစုံနဲ့ ပြခဲ့ပေမဲ့ ရောဂါမည်မည်ရရ ရှာမရခဲ့ဘူးလေ "
သလင်းဖြူသည် စိုင်းရန်နိုင် ပြောသောစကားများကို နားထောင်နေမိပြီးလျှင် မိခင်ဖြစ်သူကို သတိရနေမိလေသည်။မိခင်ဖြစ်သူသည်လည်း ထိုကဲ့သို့ ရောဂါဝေဒနာရှာမရဘဲ တမြေ့မြေ့နှင့် အသက်ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလား။
"ဒါပေမဲ့ အမေရော...ဦးကြီးပါ အဘိုးဆုံးပြီး... နှစ်ကြာမှ ဆုံးကြတာလေ အစ်ကိုစိုင်းရန်နိုင် "
အစ်ကိုဖြစ်သူကို သလင်းဖြူ မယုံကြည်နိုင်စွာ ပြောလိုက်မိသည်။
"ဟုတ်တယ် ... ဒီကိစ္စနဲ့ပတ်သက်ပြီး အစ်ကိုတို့ လည်း သံသယမဝင်ခဲ့ကြဘူး .. ဒီတိုင်းပဲ နေခဲ့ကြတာပေါ့ ... ဒါပေမဲ့ အဖေဆုံးခါနီးလေးမှာ အမေရဲ့ အစ်ကိုဝမ်းကွဲ ပယောဂကုတဲ့ ဘကြီးက ရွာကို အလည် ရောက်လာခဲ့ပြီး အဖေ့ကို စမ်းသပ်ခဲ့တယ် .... စမ်းသပ်ပြီးတော့ အောက်လမ်းနည်းနဲ့ လုပ်ထားတာ ကုသဖို့အတွက် အချိန်နှောင်းသွားပြီလို့ ပြောခဲ့တယ် ...အမှန်တိုင်း ပြောရရင် ဘကြီးပြောတုန်းက အစ်ကိုလဲ မယုံခဲ့ဘူး ...ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ အဖေက နေမကောင်းဖြစ်တဲ့ နောက်ပိုင်း မိသားစုအမွေကိစ္စကို လုံးဝမပြောတော့တာကို သတိထားမိလာတယ် ...နေကောင်းစဉ်ကတောင် အမွေကိစ္စကို ပြတ်ပြတ်သားသားလုပ်မယ်လို့ ပြောခဲ့တဲ့ အဖေက မကျန်းမမာဖြစ်ပြီး လက်ထဲငွေမရှိတာတောင် အမွေကိစ္စကို လုံးဝမပြောတော့တာကို ထူးဆန်းခဲ့မိတာတော့အမှန်ပဲ ... ဒါနဲ့ ရလို့ရငြား အဖေ့ကိုကုသပေးဖို့ ဘကြီးဆီမှာ အကူအညီတောင်းလိုက်မိတော့ နောက်တစ်နေ့မှာပဲ အဖေဆုံးသွားခဲ့တယ် ....အဲ့ဒီမှာပဲ အစ်ကို့ဘကြီးရဲ့ စကားကို ယုံချင်သလို ဖြစ်လာတယ် ..ပြီးတော့ ကြီးကြီးအကြောင်းကိုပါ တွေးမိပြီး ...အားလုံးကို သေသေချာချာစုံစမ်းရအောင် မိုးနှဲကို ရောက်လာခဲ့တာပဲ "
" ဟုတ် ...ဟုတ်ပါ့မလား အစ်ကိုစိုင်းရန်နိုင် ....ဒီ ...ဒီလိုကိစ္စမျိုးက ဖြစ်နိုင်ပါ့မလား ... ပြီး ...ပြီးတော့ လုပ်တော့ ရော ဘယ်သူက လုပ်တာလဲ "
" ကိစ္စက ဖြစ်နိုင်လားဆိုတော့ ဖြစ်ကိုဖြစ်ခဲ့တာပဲ ဒါတွေကို သိရဖို့ ဒေါ်သီဆိုတဲ့ အဘွားကြီး ဆီမှာ စုံစမ်းနေတယ်....ဘယ်သူလုပ်တာလဲဆိုတာတော့ အစ်ကိုလဲ မသိဘူး ... မိသားစုတွေထဲက တစ်ယောက်ယောက်ပဲ ဖြစ်မှာပေါ့ ...ဒါမှမဟုတ်လဲ အားလုံက အလိုတူ အလိုပါလားဆိုတာ စုံးစမ်းနေတုန်းပဲ .. ဒါကြောင့်မို့ ဒီကိစ္စက အန္တရာယ်များနိုင်လို့ မင်းကို အမြန်ဆုံးပြန်ခိုင်းတာ ...ပြီးတော့ ဒေါ်လေးနဲ့ ဦးငယ် ခရီးသွားနေတယ်ဆိုပြီး သတင်းအစအနလေးတောင် စုံစမ်းလို့ မရတာလဲ မသင်္ကာစရာကောင်းတယ် ..... ဒီကြားထဲ မင်းက ဒေါ်လေးကို တွေ့တယ် ဆိုတော့ စဉ်းစာမိသလောက်တော့ ဒေါ်လေးဟာ သေသွားတာဖြစ်စေ ...ဒါမှမဟုတ်ရင် ခရီးသွားမယ်လို လိမ်ညာပြီး အိမ်ထဲမှာပုန်းနေပြီး လူတွေကို ဒုက္ခပေးနေတာလားလို့ တွေးနေမိတယ် ... ဒီလိုသာဆိုရင် ဘာပဲဖြစ်ဖြစ် သေချာတာက အန္တရာယ် ဖြစ်လာနိုင်တဲ့သူက မင်နဲ့ အစ်ကိုပဲ "
သလင်းဖြူသည် အစ်ကိုစိုင်းရန်နိုင်ပြောသောစကားများကို မယုံကြည်နိုင်စွာပင် နားထောင်၍နေမိသည်။အစ်ကိုစိုင်းရန်းပြောနေသော စကားများသည် အမှန်တွေပဲလား ဆိုသည်ကိုလည်း သလင်းဖြူ မတွေးတတ်ပါလေတော့။
" ဒီလောက်ဆို အစ်ကို ပြောတာ နားလည်တယ် မဟုတ်လား ...ရန်ကုန်ကို အမြန်ဆုံးပြန်တော့ ကြားလား ...ဖြစ်နိုင်ရင် တစ်ရက် နှစ်ရက်အတွင်းပဲ ပြန်တော့...ခုတော့ အိမ်ပြန်ရောက်ရင် ဟန်မပျက်နေ ... အိမ်မှာဆိုရင် အစ်ကို့ကို စကားလာမပြောနဲ့ ....ခုချိန်မှာ ဘယ်သူ့ကိုမှ ယုံရတာမဟုတ်ဘူး "
~~~~~~~~~~~~~~~~~~~
သလင်းဖြူ အထည်စားရင်းများကူတွက်ပေးနေရင်းမှ ကြီးကြီးကြည်အေးကို မသိမသာ အကဲခတ်နေမိသည်။ အစ်ကိုစိုင်းရန်ပြောသည့်စကားသာ အမှန်ဆိုလျှင် အမေနှင့် ဦးကြီးကိုလုပ်ကြံသူသည် ကြီးကြီးတို့ မောင်နှမတွေထဲကပင် ဖြစ်လိမ့်မည် ထင်သည်။သည်သို့ဆိုလျှင် မည်သူကများ သည်အမှုကို ကျူးလွန်ခဲ့ပါသနည်း။သလင်းဖြူ တွေ့မြင်ရသလာက်တော့ သလင်းဖြူ ရောက်လာခြင်းအတွက် အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုမနေကြသော်လည်း ကြီးကြီးခင်အေးမှအပ ကျန်လူများသည် သလင်းဖြူကို သဘောမကျသည့်ဟန်ပန်မျိုးကို မတွေ့ရဟုထင်မိသည်။ရွှေရည်ဝင်းသည်ပင်လျှင် ထွဋ်ခေါင်ဆိုသူကြောင့်သာ သလင်းဖြူ အပေါ်တွင် အထင်လွှဲပြီး မာမာထန်ထန် ဆက်ဆံနေခြင်းကို သလင်းဖြူ သိပါလေသည်။ထိုသို့ပင် ကြီးကြီးခင်အေးသည်လည်း အပြောအဆို ဆိုးသော်ငြား အပြုအမှုများမှာ ဆိုးဝါးခြင်းသိပ်မရှိဟု စိတ်မှ ခံစား ထင်မြင်နေမိသည်။ကြီးကြီးခင်အေး၏သား အစ်ကိုဇော်ထိုက်သည်လည်း သူ့ဘာသာ ခပ်အေးအေးနေတတ်သူတစ်ယောက်သာဖြစ်လေသည်။
"သလင်းဖြူ ဘာတွေတွေးနေတာလဲ ... ဒီစာရင်းတွေ ပြီးရင် ရွှေရည်ဝင်းကို သွားပေးလိုက်အုံး ..."
" ဪ ... ဟုတ် ... ဟုတ်ကဲ့ ကြီးကြီး "
ကြီးတော်ဖြစ်သူ၏ အသံကို ကြားလိုက်ရသောအခါမှ သလင်းဖြူလည်း သတိဝင်လာပြီး စာရင်း စာအုပ်များကိုယူက ရွှေရည်ဝင်း၏ အခန်းရှိရာဘက်သို့ ထွက်လာခဲ့သည်။
~~~~~~~~~~~~~~~~~~~
" ချောချောက ဘယ်သွားလို့ ..ကိုယ်တိုင်လာရတာလဲ "
"မသိဘူးလေ "
ပြောပုံက မသိလျှင် သလင်းဖြူက သက်သက် လာချင်၍ လာခဲ့သည့်ပုံမျိုးဖြစ်နေလေသည်။သလင်းဖြူလည်း ဘာမျှ ပြောချင်စိတ်မရှိသောကြောင့် စာအုပ်ကို ခုံပေါ်တင်ထားခဲ့ပြီး ချက်ချင်းပြန်ထွက်ခဲ့လိုက်သည်။ထွဋ်ခေါင်ဆိုသောသူကြောင့် သလင်းဖြူအနေကျုံ့လှပါသည်။ သူတို့ကို ကြည့်ရသည်မှာလည်း တော်တော်နှင့် ပြန်မည့်ပုံမပေါ်ပေ။ချည်ထည် ဒီဇိုင်းအသစ်အဆန်းများလုပ်ပြီး ပြပွဲလုပ်ဖို့ဆိုလား ပြောနေကြသည်ကိုတော့ ကြားမိသည်။ထိုထက်ပို၍လည်း သလင်းဖြူ မသိပါ ။ သိလည်းသိချင်စိတ် မရှိပေ။ သူ့ဘာသာ ရုပ်ပဲ ချောချော ငွေပဲ ချမ်းသာ ချမ်းသာ သလင်းဖြူစိတ်မဝင်စားပါ။ သလင်းဖြူ စိတ်ဝင်းစားသည်မှာ လိုအပ်နေသော ငွေအမြန်ရပြီး နိင်ငံခြားထွက်ရန်ပင်ဖြစ်ပါလေသည်။
~~~~~~~~~~~~~~~~~~~~
"ဟေ့ မင်းဘယ်သွားမလို့လဲ "
သလင်းဖြူ စက်ဘီးကို ထုတ်နေစဉ် မေးသံကြောင့် လှည့်ကြည့်လိုက်သောအခါ ထွဋ်ခေါင်ကို တွေ့လိုက်ရသောကြောင့် စိတ်ရှုပ်သွားမိလေသည်။
"အပြင်ခဏ သွားမလို့ပါ ဘာခိုင်းစရာရှိလို့လဲ....ရွှေရည်ခေါ်ခိုင်းလိုက်လို့လား "
သလင်းဖြူ စိတ်ရှုပ်နေသော်လည်း ကောင်းကောင်းမွန်မွန်ပင်မေးလိုက်ပါသည်။
"ဘာခိုင်းစရာရှိရမှာလဲ ...ညက ကိစ္စကို ပြောမလို့လေ ...ဘာလဲ ညတုန်းက ကိစ္စကို အိပ်မက်လို့ထင်နေတာလား .. ဒါမှမဟုတ်ရင် ကြောက်တာနဲ့ ပြန်ပြေးတော့မလို့လား...ဧည့်သည်တွေရှေ့မှာတောင် ငွေကိစ္စပြောတယ်ဆိုတော့ ...ကြည့်ရတာ တကယ်ကြီး ပြေးတော့မယ်ထင်တယ် "
"ဘာလဲ ...ဘာကို ကြောက်ရမှာလဲ ..ပြီးတော့ ...ကျွန်မတို့ မိသားစုကိစ္စက ရှင်နဲ့မဆိုင်ဘူး မဟုတ်လား ဘာလို့ လိုက်စပ်စုနေတာလဲ "
သလင်းဖြူ စိတ်တိုတိုနှင့်ပြောလိုက်မိသည် ။သည်လောက်ထိ ပြောဖို့ ရည်ရွယ်မထားသော်လည်း ရွှေရည်ဝင်း၏ မျက်နှာကို မြင်ယောင်မိသောကြောင့် ဘုကလန့်ပြောလိုက်မိခြင်း ဖြစ်ပါလေသည်။
"ဟာ ... ဘယ်လိုပြောလိုက်တာလဲ ...မင်းတို့မိသားစုကိစ္စကို ကိုယ်လဲ စိတ်မဝင်စားပါဘူး ..ခုက ကိုယ်လဲ သရဲအခြောက်ခံနေရလို့ ပြောနေတာကွ ...ပြီးတော့ ညက ကိုယ်တို့တွေ့ခဲ့တဲ့သူက...စိုင်းရန်နိုင်ဆိုတဲ့လူပဲ ... "
"ရှင် ... ဘာ ...ဘာပြောတယ် ...အစ်ကိုစိုင်းရန်နိုင်ဟုတ်လား ...ရှင် သေချာလို့လား "
" သေချာတာပေါ့ ...မင်းက သူ့ကို မတွေ့လိုက်ပေမဲ့ ကိုယ်သေချာတွေ့ခဲ့တာပဲ "
ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ စိတ်ထဲ ရှုပ်ထွေးသွားမိသည်။အစ်ကိုစိုင်းရန်နိုင်သည် သလင်းဖြူအား မလိုလားသောကြောင့် မဟုတ်တမ်းတရားများကို ပြောနေခြင်းလော။စဉ်းစားရကြပ်လှပါလေသည်။
"ဟေ့ ...ပြောလို့မပြီးသေးဘူးလေ ...မင်းဘယ်သွားမလို့လဲ "
သလင်းဖြူ စက်ဘီးကို အားကုန်းနင်း၍ ထွက်ခဲ့မိစဉ် နောက်ပါးဆီမှ ထွဋ်ခေါင်၏ ခေါ်သံ ကိုကြားမိသော်လည်း လှည့်မကြည့်ဖြစ်တော့ဘဲ စက်ဘီးကို ဆက်ရန်နင်း ထွက်ခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~~
စက်ဘီးဘဲလ်ကို သုံးခါမြောက်နှိပ်ပြီးချိန်မှာတော့ သတင်းဖြူ စိတ်ပျက်လက်ပျက်နှင့် ကုက္ကိုပင်မြစ်ဆုံပေါ်တွင် ထိုင်ချလိုက်မိသည်။ စိုင်းလွှမ်း၏ အရိပ်အယောင်ကိုမူ ရေးရေးမျှပင် မမြင်ရသေးပါချေ။
" ဖြူလေး ...ရောက်နေတာကြာပြီလား ..."
မျှော်နေစဉ်မှာပင် မျှော်နေသူ ရောက်လာခဲ့ပြီဖြစ်သောကြောင့် သလင်းဖြူ ဝမ်းသာသွားမိသည် ။
"အင်း ... မကြာသေးပါဘူးဟာ ...."
" မင်းဘာဖြစ် နေတာလဲ ဖြူလေး ... မျက်နှာလဲ မကောင်းဘူ ...ပိုက်ဆံကိစ္စ အဆင်မပြေဘူးလား "
စိုင်းလွှမ်းသည် မျက်နှာမသာမယာဖြစ်နေသော သလင်းဖြူကို ကြည့်ပြီး မေးလိုက်သည်။
" စိတ်ရှုပ်နေတာပါဟာ...အစ်ကိုစိုင်းရန်နိုင်လေ နင်သိလား...သူကြောင့် စိတ်ရှုပ်နေတာ "
"အင်း ...လွန်ခဲ့တဲ့ တစ်လကျော်က ရောက်နေတဲ့သူလား ...မြင်ဖူးပေမဲ့ လူချင်းသိတော့ မသိဘူး...ဒါနဲ့ ဘာဖြစ်လို့လဲ "
သလင်းဖြူသည် စိတ်ထဲတွင် ညစ်ထွေးနေသော စိတ်များလျော့ပါးသွားရန်အလိုငှာ စိုင်းလွှမ်းကို ပြောပြရန်တွေးလိုက်မိသည။
"ဒီလိုဟာ ...အစ်ကိုစိုင်းရန်နိုင်က ပြောတယ် ... သူ့အဖေနဲ့ ငါ့အမေ သေဆုံးတဲ့ ကိစ္စက ရိုးရိုးသေတာမဟုတ်ဘူးတဲ့လေ ... ဘယ်လိုပြောမလဲဟာ ...တစ်ယောက်ယောက် အောက်လမ်းပညာနဲ့ လုပ်လိုက်တာတဲ့လေ ... ပြီးတော့ ငါ့ကိုလဲ ဒီမှာနေရင် အန္တရာယ်များတယ်ဆိုပြီး ပြန်ခိုင်းနေတယ်.... ဒီကကိစ္စတွေကို သူ့ဘာသာစုံစမ်းမယ်တဲ့လေ ....
ဘာတွေမှန်းမသိတော့ပါဘူးဟာ ....ဒီကြားထဲ ညဘက်တွေဆို အပေါ်ထပ်မှာ သရဲခြောက်သလိုလိုလည်း ကြုံနေရတယ် .."
"ဟင် မင်းပြောတာတွေက ...မယုံနိုင် စရာတွေပါပဲလား ဖြူလေးရာ .... သူပြောတာ ယုံချင်စရာမကောင်းပေမဲ့ ...အန္တရာယ် ဖြစ်နိုင်တယ်ဆိုရင် မင်းပြန်လိုက်ပါလား ဖြူလေးရယ် "
" ငါလဲ ပြန်ချင်နေပါပြီ စိုင်းလွှမ်းရယ် ...ခက်တာက ရန်ကုန်ပြန်ရောက်ရင် အလုပ်လဲမရှိတော့ဘူး ... မိထွေးနဲ့လဲ ရင်မဆိုင်ချင်လို့ လေ "
သလင်းဖြူ စိတ်ပျက်အားလျော့စွာ ပြောလိုက်ရင်းမှ အဝေးသို့ ငေးကြည့်နေမိသည်။
စိုင်းလွှမ်းသည် သလင်းဖြူ၏ ဘေးတွင် ငြိမ်သက်စွာထိုင်လျက် သလင်းဖြူ၏ မျက်နှာကို ငေးမော၍ကြည့်နေသည်။
~~~~~~~~~~~~~~~~~~~~~
လရောင် ဖွေးဖွေး အောက်၌ အုတ်ဂူနှစ်လုံးကို ထင်ထင်ရှားရှားပင်မြင်နေရသည်။
"အူး ..ဝူး ...ဝူး...ဝူး"
ကြောက်မက်ဖွယ်ရာ ခွေးအူသံများကြောင့် သလင်းဖြူ၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေသည်။ကြောက်လွန်း၍ အော်ဟစ်နေသော်လည်း အသံမှာ ပြင်ပသို့ ထွက်မလာဘဲ လည်ချောင်းဝတွင်တစ်ဆို့၍နေသည်။တိုက်ကြီးရှိရာဆီသို့ ပြန်၍ သွားရန် ကြိုးစားနေသော်လည်း ခြေထောက်များသည် မြေပြင်ပေါ်တွင် မလှုပ်မယှက်နိုင်ဘဲ မတ်မတ်ရပ်လျက်ပင် ရှိလေသည်။ဆွဲဆွဲငင်ငင် အူနေသော ခွေးအူသံများသည် အဆက်မပြတ်ထွက်ပေါ်လာပြီးနောက် လူကဲ့သို့သော မည်းမည်းသဏ္ဍာန်အရိပ်သုံးခုသည် အုတ်ဂူများကြားတွင် ရပ်လျက်မှ သလင်းဖြူရပ်နေရာ ကန်ပေါင် လမ်းဆီသို့ လှမ်းမျှော်၍ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။
"အား " သလင်းဖြူ ကြောက်လန့်တကြား အော်လိုက်သော်လည်း အသံသည် ထွက်မလာဘဲရှိလေသည်။ထိုစဉ်မှာပင် မည်းမည်းသဏ္ဍာန်အရိပ်များသည် သလင်းဖြူရှိရာ ကန်ပေါင်ပေါ်သို့ တရွေ့ရွေ့တက်လာကြလေသည်။သလင်းဖြူ ကြောက်လွန်း၍ လှည့်ပြေးရန်ကြိုးစားသော်လည်း အချည်းနှီးသာဖြစ်လေသည်။တဖြည်းဖြည်းနှင့် မည်းမည်းသဏ္ဍာန်များသည် သလင်းဖြူနှင် ပို၍နီးကပ်လာပြီးလျှင် လူသေကောင်ကဲ့သို့ မျက်နှာကြီးများကို တွေ့မြင်ရလေသည်။
"မလာနဲ့ ...သွား ...သွား " သလင်းဖြူ စိတ်ထဲမှကြောက်လန့်တကြားနှင့် အော်ဟစ်မောင်းထုတ်နေစဉ်မှာပင် လူသေကောင်ကဲ့သို့ မျက်နှာများအဖြစ်မှ လူ့အဖြစ်သို့ ပြောင်းသွားကြလေသည်။
"အမေ ...ဦးကြီး ...ဒေါ်လေး "
သလင်းဖြူ အံ့သြတကြီးနှင့် အော်ခေါ်လိုက်ရင်း မိခင်ဖြစ်သူ၏လက်ကို လှမ်းဆွဲလိုက်ရာ လေကိုသာဆုပ်ဖမ်းလိုက်မိပြီး အားလုံး ပျောက်ကွယ် သွားကြလေတော့သည်။
"အမေ "
ပျောက်ကွယ်သွားသော ပုံရိပ်များကိုကြည့်၍ သလင်းဖြူ ရင်ထဲတလှိုက်လှိုက်နှင့် ဝမ်းနည်းလာပြီးနောက် ငိုယိုလျက် မိခင်ဖြစ်သူကို အော်ခေါ်လိုက်မိလေသည်။
သလင်းဖြူ မောပန်းစွာပင် ဖျတ်ခနဲ လန့်နိုးလာပါသည်။သလင်းဖြူ အိပ်မက်မက်နေခြင်းဖြစ်ပါလေသည်။အိပ်မက်မက်နေသည် ဆိုသော်လည်း သလင်းဖြူ၏ ပါးပြင်ထက်တွင် မျက်ရည်များဖြင့် စိုရွှဲနေလေသည်။သလင်းဖြူ အိပ်ရာထက်မှ တုန်ရီမောဟိုက်စွာ ထထိုင်လိုက်မိသည်။
"ရှပ် ...ရှပ် ..ရှပ် "
အိပ်ရာထက်မှ ထထိုင်လိုက်သည့် အချိန်မှာပင် အခန်းပြင်မှ ခြေသံ တရှပ်ရှပ်ကို ကြားလိုက်ရသောကြောင့် သလင်းဖြူတစ်ကိုယ်လုံးဆတ်ခနဲ တုန်တက်သွားရပြီး ကြက်သီးမွှေးညှင်းများပါထလာလေသည်။ခြေသံသည် အခန်းရှေ့တွင် ခေတ္တမျှ ရပ်နေပြီးနောက် ဆက်၍ လျှောက်သွားသံကို ကြားရလေသည်။သလင်းဖြူလည်း တုန်ရီနေသော ခြေထောက်များကို အားယူပြီး အခန်းတံခါးပေါက်ဆီသို့ လျှောက်သွားလိုက်ပြီး တံခါးကို အသံမမြည်အောင် ခပ်ဖြည်းဖြည်း ဖွင့်၍ အပြင်သို့ ချောင်းကြည့်လိုက်သည်။မီးရောင် ခပ်မှိန်မှိန်အောက်တွင် စင်္ကြန်လမ်းမှာရှင်းလင်း တိတ်ဆိတ်၍ နေလေသည်။
~~~~~~~~~~~~~~~~~~
"ဒေါ်ကြီးရေ ...ဒေါ်ကြီးကြည်အေး "
"ဟဲ့ ... ဘာဖြစ်လာတာတုန်း ..အလန့်တကြားနဲ့ "
အတည်ပုံများကြား အလုပ်များနေကြသော သလင်းဖြူတို့ အုပ်စုမှာ အပြင်မှ အော်ကြီးဟစ်ကျယ်နှင့်ခေါ်ပြီး ဝင်လာသော လူတစ်ယောက်ကြောင့် လန့်ဖျပ် ၍သွားမိကြသည်။
ဒေါ်ကြည်အေးသည် လည်း လန့်သွားသောကြောင့် အော်ဟစ်ဝင်လာသူကို လှမ်း၍ မာန်မဲလိုက်လေသည်။
"ဒေါ် ...ဒေါ်ကြီးရဲ့တူ ကိုစိုင်းရန်နိုင်လေ ..ဆိုင်ကယ်မောင်းလာရင်း ရွာအနောက်ဘက်က ချောက်ထဲ ထိုးကျလို့...ဆုံး ...ဆုံးသွားပြီး ဗျ "
ကြားလိုက်ရသော စကားကြောင့် သလင်းဖြူခေါင်းထဲတွင် မိုက်ခနဲ တစ်ချက်ဖြစ်သွားပြီးလျှင် လူမှာ အထည် ပုံပေါ်သို့ လဲကျသွားရလေသည်။
=======================
အပိုင်း ( ၉ ) ဆက်ရန်
ဧကြည်ဖြူ