book

Index 7

အပိုင်း ( ၇ )

ဧကြည်ဖြူ


" အဝါရောင် ရဲတိုက် "


***********************

"ဘာလို့ မေးတာလဲ "


        သလင်းဖြူ နားမလည်နိုင်စွာပြန်မေးလိုက်မိသည်။


" အသက်ငယ်ငယ်နဲ့ ဆုံးသွားတော့ သိချင်လို့မေးတာ ... မပြောချင်လဲ မင်းသဘောပဲ "


       စိတ်တိုသွားပုံရသော အစ်ကိုဖြစ်သူကို ကြည့်ပြီး သလင်းဖြူ ကိုယ်စိတ်ကိုယ်လျှော့လိုက်သည်။


" အရင်ကဆို အမေ့လောက်ကျန်းမာတာ အမေပဲလေ ...ဒါပေမဲ့ အဘိုးရဲ့နာရေးက ပြန်လာပြီး သိပ်မကြာဘူး ခရီးပန်းပြီး စဖျားတာပဲ ... အဲ့ဒီကတည်းက ပြောရမှာပဲ တရှောင်ရှောင်ဖြစ်ပြီး အိပ်ရာထဲလဲတော့တာ....ပြန်သက်သာလဲ တစ်ရက် နှစ်ရက်ပဲ ... ဆေးရုံဆေးခန်းတွေလဲ စုံအောင် ပြတာပေါ့...မြန်မာဆရာတွေနဲ့ လည်းကုတယ် ... မီးယပ်သွေးဆုံးကိုင်တယ်ဆိုလို့ ဆရာပေါင်းစုံနဲ့ ကုခဲ့တာပဲ .... ဒီလိုနဲ့ သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ အချိန် တစ်နှစ်ကျော်လာခဲ့တယ် ... နောက်ဆုံး အသိမိတ်ဆွေတွေက ပယောဂဆရာနဲ့ ကုဖို့အကြံပေးလို့ ဖြူလေးနဲ့ အဖေလဲ အယုံအကြည် သိပ်မရှိကြပေမဲ့ နယ်ဘက်မှာရှိတဲ့ ပယောဂဆရာတစ်ယောက်ကိုပါ သွားပင့်ခဲ့ကြတယ် ... ဖြစ်ချင်တော့ လမ်းမှာ ကားပျက်လို့ ဆိုပြီး ညမိုးချုပ်မှ ဆရာကအိမ်ကို ရောက်လာခဲ့တယ်....အဲ့ဒီညရောက်ရောက်ချင်းမှာ ဆရာက အမေ့ကို ကြည်ပြီး ..မင်းကိုလုပ်ထားတဲ့သူရှိရင် လက်ထောင်လို့ပြောခဲ့လို့ အမေက သူ့လက်တွေကို ထောင်ပြခဲ့သေးတယ် ... ဒါနဲ့အဲ့ဒီညကတော့ ဆရာက မိုးချုပ်နေလို့ ဆိုပြီး မနက်မှ ကုသပေးမယ်ဆိုပြီး စောစောအိပ်ရာဝင်ခကြတာပေါ့ .... မနက်လင်းလို့   ခုနှစ်နာရီကျော်ကျော်လေးမှာပဲ  အမေဆုံးသွားခဲ့တာလေ "


      သလင်းဖြူသည် အစ်ကိုဖြစ်သူအား မိခင်ဖြစ်သူ၏ အကြောင်းကို အစမှ အဆုံးတိုင် ရှည်လျားစွာရှင်းပြလိုက်သည်။


       စိုင်းရန်နိုင်သည် သလင်းဖြူပြောသမျှကို သေချာစွာ နားစိုက်ထောင်၍ နေလေသည်။ပြီးလျှင် သလင်းဖြူ၏ စကားဆုံးသွားသော အခါ၌ ပြန်ရန် ပြင်လိုက်ရင်း သလင်းဖြူကို စေ့စေ့ကြည့်လိုက်ပြီးလျှင် အသံခပ်ပြတ်ပြတ်နှင့် ပြောလိုက်လေ၏။


"မင်းကို ပြောထားတယ်နော် ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကိုယ့်အလုပ် ကိုယ် ပြန်လုပ်ဖို့...အဓိပ္ပါယ်မရှိဒီမှာနေပြီး ဘာလုပ်နေမှာလဲ ...ဆွေမျိုးသားချင်းတွေကြားမှာ.. မင်း ငွေစကားပြောလိုက်လို့ အားလုံး သွေးကွဲသွားကြမှာမျိုးကို ငါမလိုချင်ဘူး "

       အစ်ကိုဖြစ်သူ စိုင်းရန်နိုင်၏စကားကြောင့် သလင်းဖြူ စိတ်ရှုပ်ထွေးသွားမိသည်။ကိုယ့်ကြောင့်ဆွေမျိုးတစ်စုလုံး ပြဿနာဖြစ်မည်ကိုတော့ သလင်း ဖြူလည်းမလိုလားပါချေ။


~~~~~~~~~~~~----------


"အဆင်မပြေသေးပါဘူးဟာ .... ငွေကိစ္စပြောဖို့အရေးကို ပြောလို့မထွက်ဘူးဖြစ်နေတာ ... နင်အားတဲ့အချိန်လေး ငါ့အဖေကို သွားကြည့်ပေးပါအုံးဟယ် .. အိမကို ဖုန်းမဆက်ချင်လို့ဟ ... တော်ကြာ ငွေအဆင်ပြေလားလို့ အဖေ မေးရင် ငါမဖြေချင်ဘူး ..."


   "အေးပါဟာ ...ဒါနဲ့ နင်လဲ အဆင်မပြေဘူးထင်ရင် ပြန်လာခဲ့တော့လေ ... ဒီမှာပဲ အလုပ်သစ်ရှာပြီး နင့်အဖေ ပြောသလို အခန်းငှါးနေလိုက်လေ "


"အင်းပါ ... အဆင်မပြေတာထက် ...ခုထိ ငွေလာရှာတဲ့အကြောင်းကို ပြောမထွက်သေးလို့ပါ ...ပြောရင် အဆင်ပြေလောက်မယ်ထင်ပါတယ် "


     သလင်းဖြူသည် စက်သံများနှင့် ဝေးရာ ရက်ကန်းရုံ၏ အနောက်ဘက် ခြံစပ်တွင် ရပ်လျက် ရန်ကုန်မှသူငယ်ချင်းဖြစ်သူထံသို့ ဖုန်းဆက်၍ အကျိုးအကြောင်းများကိုပြောနေမိသည်။


" ဒါနဲ့ ဖြူလေ နင့်ကို ပြောစရာရှိသေးတယ် ... နင်စိတ်တော့ မတို့နဲ့နော်"


"ဘာလဲဟ ပြောလေ "


'' ကိုလတ်လေ  အိမ်ထောင်ပြုတော့ မလို့တဲ့ ... သတိုးသမီးလောင်းက ပိုက်ဆံတော့ရှိပုံရတယ် ...ကြည့်ရတာ နင်နဲ့ တွဲနေကတည်းကများ ဖြစ်နေကြတာလား မသိဘူး "


" ဪ ... ကောင်းပါတယ်ဟာ ... ငါနဲ့သာဆိုရင် နှုတ်ခမ်းပဲ့ ချင်း မီးမှုတ်တဲ့ဘ၀မျိုးပဲဖြစ်နေမှာလေ "


      ချစ်သူဟောင်း၏ မင်္ဂလာသတင်းကို ကြားရသောအခါ သလင်းဖြူရင်ထဲမှာ ဗလာဖြစ်၍နေသည်။ငွေကြေးမပြည့် စုံသည့် ဘ၀တွင် ဝမ်းနည်းဝမ်းသာခံစားချက်တွေ ပျောက်ဆုံးကုန်ပြီ ထင်သည်။


" မင်းနဲ့ စကားခဏလောက် ပြောချင်လို့ရမလား "


"ရှင် "

        သလင်းဖြူ စိတ်ရှုပ်ထွေးစွာ ထိုင်နေမိစဉ်မှာပင် နောက်ပါးဆီမှ ရုတ်တရက် အသံထွက်ပေါ်လာသောကြောင့် မော့ကြည့်လိုက်မိရာ ထွဋ်ခေါင်ဆိုသူကို တွေ့လိုက်ရလေသည်။မာန်မာနကြီး ပုံရသောသူက သလင်းဖြူနှင့် စကားပြောချင်သည်ဆိုသောကြောင့် သလင်းဖြူအံ့ဩသွားမိသည်။ 


"ဟုတ်ကဲ့ ...ရပါတယ် ပြောလေ ..."


"ဒီလိုပါ ...မင်း တစ်နေ့က မင်းအဒေါ်ကို အိပ်မက်မက်တယ်ဆို တလေ အဲ့ဒါ ဘယ်လိုမက်တာလဲ ပြောပြလို့ရမလား "


" ဘာလို မေးတာလဲ ..ပြီးတော့ ကျွန်မအိပ်မက် မက်တာမဟုတ်ပါဘူး ...တကယ်တွေ့ခဲ့တာ "


     ထွဋ်ခေါင်၏ အမေးစကားကြောင့် သလင်းဖြူ စိတ်တို သွားမိပြီး ဘုပြောလိုက်မိသည်။ပြီးလျှင် လူပုံစံနှင့် ကွဲပြားလှစွာ ကိုယ်နှင့်မဆိုင်သော ကိစ္စများကိုပါ စိတ်ဝင်စားနေသော သူ့ကို နားမလည်နိုင်သလို မော့ကြည့်လိုက်မိသည်။


"ဟိတ် ...မင်း ကိုယ့်ကို ထူးဆန်းတဲ့ သတ္တဝါကို တွေ့သလို ကြည့်မနေနဲ့ .... ကိုယ်က သရဲတစ္ဆေ အကြောင်းတွေကို စိတ်ဝင်စားလို့ မေးကြည့်မိတာ .... တကယ်လို့ကွာ မင်းတွေခဲ့တာ ဝိဉာဉ် ရောမဖြစ်နိုင်ဘူးလား "


"ဘာ .. ဘာရှင့် ...ရှင် ပြောပုံက ....ဖွ ...ဖွ မပြောကောင်းမဆိုကောင်း ...ကျွန်မ ဒေါ်လေးက တစ်ခုခုဖြစ်နေတဲ့ပုံမျိုး ပြောစရာလား "


       ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ စိတ်တိုစွာ ပြန်ပြောလိုက်မိလေသည်။


 "ဟာ မင်းမှားနေပြီ ....ကိုယ်က မင်းအဒေါ်ရယ်လို့ ပြောတာမဟုတ်ဘူးနော် ... ဒီမှာ ကိုယ်ပြောမယ်  မင်း သရဲကြောက်တတ်လား ...ကိုယ့်စိတ်ထင် ညဘက်တွေ အခန်းပြင်ကို ထွက်မိရင် စင်္ကြန်လမ်းမှာ တစ်ယောက်ယောက်ကို မြင်ရတတ်တယ် ... စတွေ့တွေ့ချင်းတုန်းကတော့ မင်းနဲ့ ရွှေရည် တစ်ယောက်ယောက်လို့ ထင်ခဲ့မိတာ ဒါပေမဲ့ နောက်ကျတော့ မဟုတ်မှန်းသိလာမိတယ် ... ဘာလို့လဲ ဆိုတော့ ရေချိုခန်းနားရောက်ရင် ပျောက်ပျောက်သွားတတ်လို့ပဲ "


"ရှင် "


       ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ ထိတ်လန့်တုန်လှုပ်စွာပင် မော့ကြည့်လိုက်မိသည်။


" သရဲတစ္ဆေ ဝိဉာဉ်တွေကို ...ကံနိမ့်နေမှသာ မြင်ရတာတဲ့ ...ဒီလိုသာဆိုရင် ဒီအိမ်ကြီးထဲမှာ မင်းနဲ့ ကိုယ်က ကံနိမ့်နေလို့ မြင်ရတာများလား  "


" ရှင် ...ရှင် ဘာတွေပြောနေတာလဲ မဟုတ်တာတွ ပြောမနေနဲ့ "


       သလင်းဖြူ အလန့်တကြားနှင့် ပြန်ပြောလိုက်မိသည်။


"မင်းကလဲ ကြောက်တတ်လိုက်တာ ....တကယ်ဟုတ်မဟုတ်တောင် မသေချာသေးဘူး ...အဲ့ဒါကြောင့် မင်း ကြုံခဲ့ရတာကို ပြောပြပါလား ...."


         


"ကိုထွဋ်ခေါင်က ဒီကိုရောက်နေတာလား ...ရွှေရည်က ကိုထွဋ်ခေါင် အိမ်ဘက်ကို ပြန်သွားတယ်ထင်နေတယ် "


      ဇွတ်တရွတ်မေးနေသော ထွဋ်ခေါင်ကြောင့် သလင်းဖြူ အကြပ်ရိုက်နေစဉ်မှာပင် ရုတ်တရက် ရွှေရည်ဝင်းရောက်လာသောကြောင့် သလင်း ဖြူဝမ်းသာသွားမိလေသည်။


~~-~~~~~~~~~~~~~~


"သလင်းဖြူ ခဏလောက် "


      အဆင် သင့်ထုတ်ပိုးပြီးသား အထည်ထုတ်တွေကို သလင်းဖြူ စာရင်း လုပ်ပေးနေစဉ် ရွှေရည်ဝင်း၏ ခေါ်သံကြောင့် သလင်းဖြူထသွားလိုက်သည်။


"ဘာခိုင်းမလို့လဲ ရွှေရည် "


"ငါနဲ့ ခဏလိုက်ခဲ့ "ထိုမျှသာ ပြောပြီး ရွှေရည်ဝင်းကရှေ့မှ ထွက်သွားသောကြောင့် နောက်မှ သလင်းဖြူ လိုက်သွားခဲ့လိုက်သည်။


~~~~~~~~~~~~~~~~~~~~~


      လူရှင်းသောနေရာသို့ ရောက်သောအခါ ရွှေရည်ဝင်းသည် လှမ်းနေသော ခြေအစုံကို ရပ်တနဲ့လိုက်ပြီး သလင်းဖြူကို လှည့်ကြည့်လိုက်သည်။


"ဒီမှာ သလင်းဖြူ ...နင် အနေအထိုင် ဆင်ခြင်သင့်တယ် .. ဘာလို့ ကိုထွဋ်ခေါင် နောက်ကို လိုက်ကပ်နေရတာလဲ ...ဟိုက သူဌေးသား တော်ရုံ မိန်းမမျိုးကို စိတ်မ၀င်စားဘူး သိရဲ့လား....နင် ကိုယ့်အခြေအနေကိုယ်သိမှ ပေါ့ ...နင်မှာ ငွေရေးကြေးရေး အခက်အခဲရှိနေလို့ ရောက်လာခဲ့တာကို ငါတို့ မသိဘူး များထင်နေတာလား "   


      ရွှေရည်ဝင်း၏ စကားကြောင့်သလင်းဖြူ ဒေါသထောင်းခနဲ ထွက်သွားမိသော်လည်း စိတ်ကိုထိန်းမနည်းပင် ပြန်ထိန်းလိုက်ရသည်။


"မဟုတ်တာတွေ မပြောပါနဲ့ ရွှေရည် ....နင့် ဧည့်သည်ကို ငါက ဘာလိုလိုက်ကပ်နေရမှာလဲ ...အဲ့ဒီလို ကိစ္စတွေကို ငါစိတ်မဝင်စားဘူး....ဟုတ်တယ် နင်ပြောသလိုပဲ ငါက ငွေလိုနေလို့ မိုးနှဲကိုလာခဲ့တာ ...အဲ့ဒါကြောင့် ငွေကိစ္စကလွဲရင် ဘာကိုစိ မ၀င်စားဘူး "


" ငါကလဲ နင့်ကို စေတနာနဲ့ သတိပေးနေတာ ...နောက် ကိုဆင်ခြေပေါ့"


     သူပြောချင်ရာကို ပြောပြီးသည်နှင့် ရွှေရည်ဝင်းက ပြန်၍ လှည့်ထွက်သွားလေသည်။ သလင်းဖြူမှာသာ ရှက်စိတ် ဒေါသစိတ်များကြောင့် အံကိုတင်းတင်းကြိတ်၍ထားမိလေသည်။


~~~~~~~~~~~ ~~~~~~~


        ညဉ့်နက်လာပြီ ဖြစ်သော်လည်း ဒေါသကြောင့် လူက အိပ်မပျော်နိုင်ဘဲရှိလေသည်။သလင်းဖြူ အိပ်ရာထဲတွင် တလူးလူးတလိမ့်လိမ့် လုပ်နေမိပြီးနောက် သန့်စင်ခန်းရှိရာဘက်သို့ ထ၍လာခဲ့သည်။


~~~~~~~~~~~~~~~~~~

      စင်္ကြန်လမ်းတစ်လျှောက်သည် ယခင်နေ့များကကဲ့သို့ပင် မီးရောင်များဖြင့် လင်း၍ နေပါလေသည်။ သို့သော်လည်း သလင်းဖြူမှာ ယခင်နေ့များက လို အေးအေးဆေးဆေး မဟုတ်တော့ဘဲ ကြောက်ရွံ့ထိတ်လန့်နေမိလေသည်။စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့စဉ် ထွဋ်ခေါင်၏ ပြောစကားများကို ကြားယောင်လာမိပြီး ကြက်သီးများထလာမိလေသည်။မသိလျှင့် ကိုယ့်ကို တစ်ယောက်ယောက်က  စောင့်ကြည့်နေသကဲ့သို့ပင်ခံစားနေရလေသည်။ရှေ့ဆက်သွားဖို့ရန်အတွက်ပင် သလင်းဖြူ ခြေထောက်တွေ အားမရှိ ချင်သလို ဖြစ်လာမိလေသည်။


"ဘုတ် "


 "အမယ်လေး "ဟုအော်မိမလိုဖြစ်ပြီးမှ သလင်းဖြူ ကိုယ့်ပါးစပ်ကိုယ် လက်ဝါးနှင့် ခပ်တင်းတင်းဖိပိတ်ထားလိုက်ရသည်။ ကြားလိုက်ရသော အသံမှာ အခန်းတစ်ခန်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သေချာသည်မှာ အနောက်ဘကရှိ အခန်းများတွင် လူမနေသည်မှာ သေချာသည်။ နေမည်သူလည်းမရှိဘူး ဟုတ်လား ။ ဧည့်သည့်နှစ်ယောက် အပါအဝင် အိမ်ရှိ ယောကျာ်းလေးနှစ်ယောက်မှာ အိမ်ရှေ့ ၀ရံတာအနီးမှ အခန်းများတွင် နေကြသည်။ရွှေရ ည် ဝင်းနှင့် သလင်းဖြူမှာ အိမ်၏ အလယ်ရှိ အခန်းများတွင် နေခြင်းဖြစ်သည်။ ပြောရလျှင် ခ အပေါ်ထပ်ဝယ် လူမနေသော အခန်းလေးခန်း ရှိသည်။ယခုထိုအသံမှာ လူမနေသော အခန်းများမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။သလင်းဖြူ ကြောက်ကလဲ ကြောက် ' သိကလဲ သိချင်နေသောကြောင့် ခြေကို အသာဖော့ နင်းလျက် အသံကြားရာ အခန်းဆီသို့ တိုးကပ်၍ သွားမိလေသည်။ထိုစဉ်မှာပင် သလင်းဖြူ၏ နောက်မှ အရိပ်တစ်ခုကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ၏ ကိုယ်ထဲရှိသွေးများခဲတောင့်သွားသလို အေးခနဲဖြစ်သွားမိလေသည်။တစ်ကိုယ်လုံးကြက်သီးမွှေ့ညှင်းများ ထောင်ထသွားပြီးလျှင် လူမှာ သတိလစ်လဲကျမလို ယိုင်ခနဲ ဖြစ်သွားမိလေသည်။ထိုအခါ သလင်းဖြူ နောက်ကျောဘက်မှ နေ၍ တစ်စုံတစ်ယောက်က သလင်းဖြူ၏ ခန္ဓာကိုယ်ကို လက်နှင့် အသာဖမ်းထိန်းလိုက်ရုံမျှမကဘဲ လူကိုပါအခန်းထဲသို့ ဆွဲသွင်းလိုက်သောကြောင့် သလင်းဖြူဆောင့်၍ရုန်းလိုက်သည်။ ထိုအခါ ထိုသူသည် သလင်းဖြူ နားသို့ တိုးကပ်လာပြီးနောက် လေသံမျှနှင့် ပြောလေသည်။


" ရှူး ...တိတ်တိတ်နေ ... ဟိုအခန်းထဲမှာ လူရှိနေတယ် "


         ထိုသူ၏ စကားကြောင့် သလင်းဖြူလည်း တုပ်တုပ်မျှ မလုပ်ရဲဘဲ ငြိမ်သက် ၍နေမိလေသည်။ထိုမှ မကြာမီအချိန်အတွင်းမှာပင် တိုးတိုးဖွဖွနင်းလျှောက်လာသော ခြေသံကို ကြားရလေသည်။သလင်းဖြူသည် ကြောက်လွန်း၍ ဒူးများပင် တဆတ်ဆတ်တုန်လာမိလေသည်။


"သတိထားအုံးလေ ... သွားရအောင် ...ဟိုလူထွက်သွားပြီး "


      ကြောက်စိတ်ကြောင့် သလင်းဖြူ သတိကင်းမဲ့ ချင်သလို ဖြစ်နေမိစဉ်မှာပင် နားနားသို့ တိုးကပ်၍ ပြောလိုက်သော အသံ ခပ်တိုးတိုးကြောင့် သတိဝင်လာပြီးလျှင် ထိုသူ၏ လက်မှ ရုန်းထွက်လိုက်ပြီး ခပ်တိုးတိုးမေးလိုက်မိသည်။


" ဘယ်... ဘယ်သူလဲဟင် "

===================


အပိုင်း ( ၈ ) ဆက်ရန်


ဧကြည်ဖြူ


rate now: