book

Index 6

အပိုင်း (၆)

ဧကြည်ဖြူ


" အဝါရောင် ရဲတိုက် "


*********************


"ဘယ်သူလဲ  "


      သလင်းဖြူ ခြံတံခါးမကြီးနားသို့ လျှောက်သွားလိုက်ပြီး သံတိုင်များကြားမှ ကြည့်လိုက်မိသည်။သို့သော်လည်း ခြံတံခါးရှေ့ရှိ မီးရောင် အောက်တွင် လူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရဘဲရှိလေသည်။


"ဖြူလေး ...ငါပါ "


         သလင်းဖြူ ခြံရှေ့လမ်းမပေါ်သို့ ဟိုသည် ဝေ့ဝဲရှာနေမိစဉ် မှောင်ရိပ်ကျနေသော အုတ်တံတိုင်း ဘေးနားမှအသံကိုကြားလိုက်ရသောကြောင့် ဘေးအုတ်နံရံဘက်သို့ သံတိုင်းများ ကြားမှ စောင်းငဲ့၍ လှမ်းကြည့်လိုက်မိသည်။ထိုအခါ မှောင်ရိပ်ခပ်ကျကျ နေရာတွင် ရပ်နေသော မည်းမည်း သဏ္ဍာန်လူရိပ်ကို တွေ့လိုက်ရလေသည်။


"ဘယ်သူလဲ "


      သလင်းဖြူ မဝံ့မရဲနှင့် လှမ်းမေးလိုက်မိသည်။


"ငါပါ ...စိုင်းလွှမ်း "

     

          မှောင်ရိပ်ထဲမှ ဖြေသံကြောင့် သလင်းဖြူ အံ့သြသွားမိလေသည်။စိုင်းလွှမ်း၏ အသံမှာ အနည်းငယ် ပြောင်းနေသလိုဖြစ်နေသောကြောင့် သလင်းဖြူမမှတ်မိနိုင်ဘဲဖြစ်နေခြင်းဖြစ်သည်။


"စိုင်းလွှမ်းလား ...ဘာဖြစ်လို့လဲ..ဘာဖြစ်လာတာလဲ သူငယ်ချင်း "


        စိုင်းလွှမ်း၏ အက်ကွဲကွဲ တုန်တုန်ယင်ယင်နှင့် ဖြစ်နေသော အသံကြောင့် သလင်းဖြူ စိုးရိမ်စွာမေးလိုက်မိသည်။


"ငါ ...ငါ ဘာမှ မဖြစ်ဘူး ....နင် ...နင်ပြန်တော့ ဖြူလေး ... မြို့ကို အမြန်ဆုံးပြန်တော့နော် ... ငါသွားပြီး ဖြူလေး "


"ဟင် ...စိုင်းလွှမ်း  နေအုံးလေ ... ဘာဖြစ်လို့လဲ ...နင်ကလဲ ဘာမှန်း မသိဘူး...စိုင်းလွှမ်း ...စိုင်းလွှမ်း "


 " ဒီမှာ ...မင်း ဘာလုပ်နေတာလဲ ... ငါဖုန်းပြောနေတာကို လာနားထောင်နေတာလား ..."


      သလင်းဖြူသည် စိုင်းလွှမ်းရှိနေသော အုတ်တံတိုင်းဘက်ဆီသို့ တိုးကပ်ရွေ့လျားသွားနေရင်းမှ အနီးအနားမှ မေးလိုက်သော အသံကို ကြားလိုက်ရသောကြောင့် ကြည့်လိုက်မိသောအခါ ထွဋ်ခေါင်ဆိုသူကိုတွေ့လိုက်ရလေသည်။ထွဋ်ခေါင်ကို မြင်လိုက်ရသည်နှင့် သလင်းဖြူလည်း မျက်နှာထားကို တင်းပစ်လိုက်ပြီး


" ဘာကိစ္စ ရှင်ဖုန်းပြောတာကို နားထောင်ရမှာလဲ ... ကျွန်မသူငယ်ချင်း နဲ့ စကားပြောနေတာ မမြင်ဘူးလား "


      ထွဋ်ခေါင်သည် သလင်းဖြူကို သေချာကြည့်လိုက်မိပြီး နားမလည်နိုင်စွာ မေးလိုက်သည်။


"ဘယ်မှာလဲ မင်းသူငယ်ချင်း ... လက်ထဲမှာ ဖုန်းလဲ မရှိဘဲနဲ့ "


"အို ...ဖုန်းနဲ့ပြောနေတာမှ မဟုတ်တာ ... သူကအပြင်မှာ ...ခုန သူပြောတာရှင် မကြားဘူးလား "


       သလင်းဖြူ အသံမာမာနှင့် ပြောလိုက်သည်။


" ဘာသံမှ မကြားပါဘူး ...မင်းတစ်ယောက်တည်း ပြူးတူးပြဲတဲနဲ့လိုက်ကြည့်နေတာပဲ တွေ့တယ် "


"မကြားလဲနေ ...အရူး ....ဘ၀င်ရူးရူးနေတော့ ဘယ်ကြားမလဲ"


"ဘာ ... ဘာကွ ...မင်းဘာပြောသွားတာလဲ "


      သလင်းဖြူ ပြောပြီးသည်နှင့် ပြေးထွက်လာခဲ့သည်။ထွဋ်ခေါင်ဆိုသူ၏ ဒေါသတကြီးနှင့်ပြောသံကို ကြားလိုက်ရသောအခါ သလင်းဖြူကျေကျေနပ်နပ် ပင်ပြုံးလိုက်မိလေသည်။


~~~~~~~~~~~~~~~~~~


       နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်၍ဘဲလား သို့မဟုတ်လျှင် ညအိပ်ခါနီးမှ ရေများသောက်လိုက်မိသောကြောင့်လားမသိ သလင်းဖြူ အိပ်ပျော်နေရာမှ ဖျတ်ခနဲ လန့် နိုးလာမိသည်။နိုးနိုးချင်းမှာပင် အပေါ့အပါးသွားချင်စိတ်ကြောင့် အိပ်ချင်မူးတူးနှင့် အိမ်သာဘက်သို့ ထွက်လာခဲ့မိသည်။


"ရှပ် ...ရှပ်..ရှပ် "


       သလင်းဖြူ အခန်းထဲမှ ထွက်လိုက်စဉ်မှာပင် စင်္ကြန်လမ်းဆီးမှ ခြေသံကို ကြားလိုက်ရသောကြောင့် နားစွင့် ကြက်လိုက်မိသည် ။ခြေသံပိုင်ရှင်မှာ မောင်နှမတွေထဲမှ တစ်ယောက်ယောက်ဖြစ်နေလျှင် ဘာမှ မဖြစ်သော်လည်း ထွဋ်ခေါင်ဆိုသူနှင့် ဧည့်သည် ဖြစ်နေမှာကို စိုးရိမ်နေမိသသည်။ တော်ကြာ မတော်တဆ တိုက်ဆိုင်စွာဆုံမိလျှင် ရွှေရည်ဝင်းတစ်ယောက် စိတ်ပူ၍မဆုံး ဖြနေပြီး ပေါက်ကရတွေပြောမှာကို ကြောက်မိသည်။

      အခန်းထောင့်ကွယ်ဆီမှ နေ၍ စင်္ကြန် လမ်းဆီသို့ သလင်းဖြူချောင်းကြည့်လိုက်မိသည်။ထိုအခါ စင်္ကြန်လမ်းမီးရောင်မှိန်မှိန်အောက်တွင် ကျောခိုင်းသွားသော မိန်းမတယောက်ကို မြင်လိုက်ရလေသည်။တင်ပါးပေါ်သို့ ဝဲကျနေသော ကျစ်ဆံမြီးကြီးကို မြင်လိုက်ရသောကြောင့် ရွှေရည်းဝင်မှန်း သိလိုက်ရသည်။သို့သော်လည်း ညကြီးသန်းခေါင်တွင် ပါတိတ်ဝမ်းဆက်ကို ဝတ်ဆင်ထားသောကြောင့် အံ့ဩသွားမိလေသည်။ရွှေရည်ဝင်းကို မြင်သောအခါ သလင်းဖြူ၏ စိတ်တွင်းမှ မကျေမနပ်စိတ်ကလေးက ပြန်ပေါ်လာသောကြောင့် ရွှေရည်ဝင်းနောက်သို့ ဆက်မလိုက်ဘဲ ထောင့်ချိုးကွေ့တွင် သလင်းဖြူ ခေတ္တမျှရပ်နေလိုက်မိသည်။ထူးဆန်းစွာပင် သလင်းဖြူ ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှေရည်ဝင်း၏ ခြေလှမ်းများလည်း ရပ်တန့် ၍သွားသည်ကိုတွေ့လိုက်ရလေသည်။အချိန်ခဏမျှ ကြာလျှင် ရွှေရည်ဝင်င်း သည်ရှေ့သို့ ဆက်လျှောက်၍သွားသည်ကို တွေ့လိုက်ရလေသည်။


      သလင်းဖြူလည်း ရွှေရည်ဝင်းထွက်သွားပြီး အချိန်အနည်းငယ် အကြာတွင် အိမ်သာဘက်ဆီသို့ လျှောက်လာခဲ့လိုက်သည်။


     အိမ်သာဆီသို့ ရောက်သောအခါ မိန်းမအိမ်သာနှစ်ခန်းလုံးမှာ အပြင်မှ ချစ်ပိတ်ထားသောကြောင့် ရွှေရည်ဝင်း တစ်ယောက် အိမ်သာထဲမှာမဟုတ်မှန်းသိလိုက်ရသည်။သို့နှင့် ရွှေရည်ဝင်းကို တွေ့လိုတွေ့ငြား ဟိုဟိုသည် သည်လိုက်ရှာကြည့်နေမိစဉ်မှာပင်


"ဖြန်း ...ဖြန်း....ဖြန်း "


   

      ရေချိုးခန်းတစ်ခန်းထဲမှ ရေလောင်းသံများ ကြားလိုက်ရသောကြောင့် အံ့ဩ၍ သွားမိသည်။ညဉ့်နက်သန်းခေါင်ကြီး ရေထချိုးနေသော ရွှေရည်ဝင်းကို နားမလည်နိုင်စွာတွေးရင်း သလင်းဖြူ အိပ်သာထဲသို့ဝင်ခဲ့လိုက်သည်။


~~~~~~~~~~~~~~~~~~~


"ဒေါက် ...ဒေါက် ...ဒေါက် "


"ဖြူလေး ...သမီးလေး "


      အိပ်ပျော်မည်မှ မကြံသေး ခေါ်သံနှင့် အတူတံခါးခေါက်သံကြောင့် သလင်းဖြူအိပ်ရာထဲမှ လူးလဲထလိုက်ပြီး အခန်းတံခါးဆီသို့လျှောက်လာခဲ့လိုက်သည်။ပြီးလျှင် အိပ်ချင်မူးတူးနှင့် အခန်းတံခါကို ဖွင့်ကြည့်လိုက်ရာ 


"ဟင် ..ဒေါ်လေး ...ဒေါ်လေး ဘယ်တုန်းက ပြန်ရောက်တာလဲ "


     တံခါးအပြင်တွင် ဒေါ် လေးကိုတွေ့လိုက်ရသောကြောင့် သလင်းဖြူ ဝမ်းသားအားရနှင့် ဒေါ်လေးကို ခေါ်လိုက်မိသည်။သို့သော် ဒေါ်လေးသည် ညှိုးငယ်သော မျက်ဝန်းများဖြင့် သလင်းဖြူကို ကြည့်၍နေသောကြောင့် သလင်းဖြူစိုးရိမ်တကြီး မေးလိုက်မိသည်။


"ဘာ ...ဘာဖြစ်လို့လဲဟင် ဒေါ်လေး...ကြီးကြီးတို့ဆူလို့လား ...ဒါနဲ့ ဦးငယ်နဲ့ရော တွေ့လားဟင် "


      သလင်းဖြူမှာ အဆက်မပြတ် မေးခွန်းတွေမေးနေမိသော်လည်း ဒေါ်လေးသည် တစ်ခွန်း မျှပြန်၍မပြောဘဲ သလင်းဖြူကို အတန်ကြာမျှ စူးစိုက်ကြည့်နေပြီးနောက် ကျော်ခိုင်းထွက်သွားလေသည်။


"ဟင် "


     သလင်းဖြူသည် ကျောခိုင်း၍ ထွက်သွားသော ဒေါ်လေး၏နောက်ကျောပြင်ကို ငေးမောကြည့်နေမိရာ ဒေါ် လေး ဝတ်ဆင်ထားသော ပါတိတ်ဝမ်းဆက်ကို မှတ်မိ၍သွားမိပြီး ခပ်စောစောက ရေချိုးခန်းထဲတွင် ရေချဉ်းနေသူမှာ ရွှေရည်ဝင်းမဟုတ်ဘဲ ဒေါ်လေး ဖြစ်နေမှန်းသိလိုက်ရလေသည် ။


~~~~~~~~~~~~~~~~~~~~~


"ဒေါ်လေးရော ...ဒေါ်လေး မနိုးသေးတာလဲ ဒေါ်ကြီးသုန် "


     ထွဋ်ခေါင်တို့ ဧည့်သည် နှစ်ယောက် အပါ လူစုံတက်စုံရှိနေသော ထမင်းစားခန်းထဲမှ လူများသည် သလင်း ဖြူ၏ မေးခွန်းကြောင့် သလင်းဖြူကို မော့ကြည့်လိုက်ကြလေသည်။ဒေါ်ကြည်အေးသည် ပါးစပ်ထဲသို့သွင်းရန်ပြင်နေသော ထမင်းလုတ်ကို အောက်သို့ပြန်ချလိုက်ပြီး


"ဘယ်လို သလင်းဖြူ ... နင့် ဒေါ်လေး ခရီးထွက်သွားတယ်လေ.....နင် ဘာတွေ မေးနေတာလဲ "


" ဟုတ်  ဒေါ် လေး ခရီးထွက်သွားတာသိတယ်လေ ...ဒါပေမဲ့ မနေ့ညက ဒေါ် လေး ပြန်လာပြီလေ ...ညက သမီး ဒေါ်လေးလာနှုတ်ဆက်တယ်လေ .."


"ဘာ .. ဘာပြောတယ် ... နင့် ဒေါ်လေး ပြန်ရောက်လာပြီး ဟုတ်လား ... ဒေါ်သုန် ဖြူလေး ပြောတာဟုလား ... ရင်အေးပြန်လာပြီလား "


     ဒေါ်ကြည်အေးသည် သလင်းဖြူ၏ စကားကြောင့် အိမ်၏ လက်စွဲတော်ကြီး ဒေါ်သုန်ကို အထိတ်တလန့် မေးလိုက်လေသည်။


"မဟုတ်တာ မမကြီးရယ် ...ညက ရင်အေးပြန်မလာပါဘူး...ကျွန်မလဲ ဘယ်သူ့ကိုမှ တံခါးထ မဖွင့်ပေးရပါ ရှင် ...တကယ်လို့ ကျွန်မအိပ်ပျော်နေလို့ မသိလိုက်ရင်တောင် တစ်ယောက်ယောက်တော့ တံခါးဖွင့်ပေးရမှာပေါ့ "


" အင်း ဒေါ်သုန် ပြောတာလဲ ဟုတ်တာပဲ မမကြည်... ဒါဆို ဘယ်သူက ရင်အေးကို တံခါးဖွင့်ပေးလိုက်တာလဲ ....ကျွန်မတော့ မသိဘူးနော် "


      ဒေါ်သုန်၏ စကားဆုံးသောအခါ ဒေါ်ခင်အေးက ဝင်၍ပြောလေသည်။


" ကျွန်တော့်အထင်တော့ ဖြူလေးက အိပ်မက်မက်ခဲ့တာကို တကယ်လို့ ထင်နေတာဖြစ်မယ် ..."


      အမှတ်မထင်ဝင်ရောက်ပြောဆိုလိုက်သော စိုင်းရန်နိုင်၏ စကားကြောင့် ထမင်းစားခန်းထဲရှိ လူများမှာ သလင်းဖြူကို ပြုံးစေ့မေ့မျက်နှာများဖြင့် ကြည့်ရှုကြလေသည်။


"ဟား....ဟား ငါ့တူမလေးကတော့ကွာ ....သူ့အစ်ကို ပြောသလိုပဲ ... အဒေါ်နဲ့ ဦးလေးကို သတိရနေတာနဲ့ အိပ်မက်မက်ခဲ့တာကို တကယ်လို့ထင်နေမိတာ ဖြစ်မယ် ..."


       ဦးမြင့်အေးသည် သဘောကျစွာ တဟားဟားရယ်လျက် ဝင်၍ပြောလေသည်။ဦးမြင့်အေး၏ ရယ်ရယ်မောမော စစနောက်နောက်နှင့် ပြောလိုက်သော စကားသံထွက်ပေါ်လာသောအခါမှပင် တိတ်ဆိတ်ငြိမ်နေသော ထမင်းဝိုင်းမှာ ပြန်၍ အသက်ဝင်စည်းကားလာလေသည်။


     သလင်းဖြူမှာတော့ ညတုန်းက အဒေါ်ဖြစ်သူကို မြင်လိုက်ရသော အဖြစ်သည် အိပ်မက်မဟုတ်မှန်း သေချာနေသောကြောင့် အစ်ကိုဖြစ်သူ စိုင်းရန်းနိုင်ကို ဘုကြည့် ကြည့်၍ မျက်စောင်းဖြင့်ထိုးမိလေသည်။ထိုအခါ စိုင်းရန်နိုင်သည် သလင်းဖြူကို စူးစူးရဲရဲမျက်လုံးပြူးကြီးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ အလန့်တကြားနှင့် အကြည့်ကိုလွှဲဖယ်လိုက်ရာ စူးရှတောက်ပသော အကြည့်များဖြင့် ကြည့်နေသော ထွဋ်ခေါင်ဆိုသူနှင့် သလင်းဖြူအကြည့်ချင်းဆုံလိုက်ရလေသည်။ထွဋ်ခေါင်၏ အကြည့်စူးစူးကြောင့် သလင်းဖြူ မျက်လွှာကိုချလိုက်ပြီး စိတ်တိုတိုနှင့် ထမင်းကြော်များကို တစ်ဇွန်းပြီး တစ်ဇွန်း အဆက်မပြတ် ခပ်စားပစ်လိုက်သည်။


~~~~~~~~~~~~~~~~~~


"လူစိတ်ဝင်စားအောင်လုပ်တာလဲ တော်ရုံလုပ်ပါ သလင်းဖြူရယ် ... တော်ကြာ ခရီးသွားနေတဲ့ ငါ့ဒေါ်လေး နင့်ကြောင့် မနာမကျန်း ဖြစ်နေပါအုံးမယ် "


      စားသောက်ပြီးကြ၍ ထမင်းစားခန်းထဲမှ အသီးသီးထွက်လာကြစဉ် ရွှေရည်ဝင်းက သလင်းဖြူနားသို့ ကပ်၍ ဤသို့ မခံချင်အောင် ပြောသွားလေခြင်း ဖြစ်လေသည်။


~~~~~~~~~~~~~~~~~~~~


"တကယ်ပါဆို  အိပ်မက်မဟုတ်ပါဘူးဟာ ...ထင်ထင်ရှားရှားမှ တကယ့် ထင်ထင်ရှားရှားကြီးပါ ...လုံး၀အိပ်မက်မဟုတ်ဘူး "


 "အင်းဟာ .. မင်းပြောတာကို နားထောင်ပြီး ငါတောင် ခေါင်းခြောက်လာပြီ ဖြူလေးရာ "


     သလင်းဖြူသည် ရင်ဖွင့် ပြောပြစရာလူ မရှိသည့်အဆုံးတွင် ထုံးစံအတိုင်း ကုက္ကိုစု ကွင်းဆီသို့ ရောက်လာခဲ့ပြီးလျှင် သူငယ်ချင်းဖြစ်သူ စိုင်းလွှမ်းကို ပြောပြနေမိလေ သည်။


"ဒါနဲ့ နေပါအုံး ...မင်း မေးလိုက်တော့ရော ဒေါ် လေးက ဘာမှ မပြောဘူးလား "


"အင်း ဟုတ်တယ် ..ဘာမှတော့ မပြောဘူး ...ဒါနဲ့ နင်ရော ငါပြောတာကို ယုံရဲ့လားဟင် "


    သလင်းဖြူက စိုင်းလွှမ်းကို သေချာအောင် ထပ်မံ၍မေးလိုက်သည်။


"ဘယ်လို ပြောရမလဲ ဖြူလေးရယ် ... အိပ်မက်မဟုတ်ရင်တောင် တကယ့် အဖြစ်အပျက်တော့ မဟုတ်ဘူးထင်တယ် ...ပြောရမယ်ဆိုရင် ရုပ်ရှင်တွေထဲကလို တစ်ယောက်နဲ့တစ်ယောက် သတိရနေကြပြီး စိတ်ချင်း ဆက်သွယ်မိကြတာမဟုတ်ဘူးလား "


"ဟင် နင်ကလဲ မဖြစ်နိုင်တာတွေ .. ငါ့ စိတ်ထင် ...ဖွ ...ဖွ ... ဟို .. ဒေါ် လေးများ တစ်ခုခုဖြစ်နေပြီလားမသိဘူးနော် "


" မဟုတ်တာတွေ မတွေးစမ်းပါနဲ့ ဖြူလေးရယ် "


"မသိတော့ ပါဘူးဟာ ...စိတ်ရှုပ်လိုက်တာ `


     စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူလည်း စိတ်ရှုပ်ရှုပ်နှင့် ခေါင်းပေါ်မှ ဆံပင်ရှည်များကို လက်နှင့်စုံကုတ်လိုက်လေသည်။


      စိုင်းလွှမ်းသည် စိတ်ညစ်စိတ်ရှုပ်နေသော သလင်းဖြူ၏ မျက်နှာလေးကို ငေးကြည့်၍နေပြီးလျှင် သူ၏ လက်ချောင်းများကို ဆုပ်လိုက်ဖြန့်လိုက် နှင့်လုပ်နေလေသည်။


~~~~~~~~~~~~~~~~~~

      သလင်းဖြူ ကုက္ကိုစု ကွင်းမှ ပြန်၍ လာခဲ့ပြီး မှ ညက စိုင်းလွှမ်းလာခဲ့သော အကြောင်းကို မေးရန် မေ့သွားခဲ့သည်ကို အမှတ်ရလိုက်မိလေ၏။ စက်ဘီးကို နင်းလာခဲ့ရင်း မှ အစ်ကိုစိုင်းရန်နိုင်နိုင့်လမ်းတွင် မတော်တဆ ဆုံမည်စိုးသောကြောင့် ရွာလမ်းမဘက်မှ မပြန်ဘဲ လမ်းကြိုလမ်းကြားလေးများဆီမှ စက်ဘီးကို ပတ်နင်း၍ ပြန်ခဲ့လေသည်။


" ဟင် "


      ဆုံမိမည်စိုး၍ ရှောင်ကာမှ ဆုံရသော အဖြစ်မျိုးပါပင်။ သို့သော် ကံအားလျော်စွာပင် အစ်ကိုဖြစ်သူ စိုင်းရန်နိုင်ကို သလင်းဖြူက ဦးစွာ မြင်လိုက်ရခြင်းဖြစ်ပါလေသည်။စိုင်းရန်နိုင်မှာမူ သလင်းဖြူကို မမြင်ဘဲ အမျိုးသမီးကြီးတစ်ယောက်နှင့် စကားပြောနေခြင်းဖြစ်ပါလေသည်။သလင်းဖြူလည်း စက်ဘီးကို ရပ်တန့်လိုက်ပြီး စိုင်းရန်နိုင်မမြင်အောင် လမ်းဘေးရှိသစ်ပင်ကြီးတစ်ပင်နှင့် ကွယ်၍ရပ်နေလိုက်သည်။စိုင်းရန်နိုင်သည် အမျိုးသမီးကြီးနှင့် စကားရပ်ပြောနေရာမှ ခြံကျယ်ကြီးထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရလေသည်။ စိုင်းရန်နိုင် ဝင်သွားသောခြံကြီးကို သလင်းဖြူကြည့်နေမိရင်းမှ စိုင်းရန်နိုင်နှင့်အတူ စကားပြောနေသော အမျိုးသမီးကြီးကို မှတ်မိသလိုလိုဖြစ်လာမိသည်။


"ဟုတ်တယ် ... သူက ဒေါ်သီပဲ ...စိုင်းလွှမ်းရဲ့ မိထွေး ဒေါ်သီပဲ .... သူတို့ဝင်သွားတာ စိုင်းလွှမ်းတို့အိမ်ပဲဟာ "


         သလင်းဖြူ အံ့သြစွာပင် တစ်ယောက်တည်း ရေရွတ်ပြောဆိုနေမိရင်းမှ အစ်ကိုဖြစ်သူ စိုင်းရန်နိင်သည်  အောက်လမ်းပညာသည်လိုလို၊ စုန်းကဝေလိုလို နာမည်ကြီးခဲ့သော ဒေါ်သီနှင့် အဘယ်အတွက်ကြောင့် ပတ်သက်နေသည်ကို စဉ်းစား၍ မရနိုင်အောင် ဖြစ်နေမိလေသည်။


~~~~~~~~~~~~~~~~~~~


        သလင်းဖြူ တိုက်ကြီးထဲသို့ ၀င်လိုက်သောအခါ ဧည့်ခန်းကျယ်ကြီးထဲတွင် ဘကြီးဖြစ်သူ ထိုင်နေသည်ကို မြင်လိုက်ရသောကြောင့် နှုတ်ဆက်စကား ဆိုလိုက်သည်။


"ဘဘ ဒီနေ့ အစောကြီး ပြန်လာတာလား "


"ဟုတ်တယ် သမီးရေ ... ဘဘကြီးသိပ်နေလို့မကောင်းလို့ပါကွယ် ...ပြီးတော့ ညက သမီးရဲ့ အိပ်မက်ကိုလဲ ဘဘစဉ်းစားနေမိတာ ... ဘဘလဲ ခုတလော အိပ်မက်တွေမကောင်းလို သမီး ဒေါ်လေးကို စိတ်ပူနေတာ ...ဘဘသဘောအရတော့ သမီး ဒေါ်လေးလဲ မငယ်တော့ဘူးမဟုတ်လား...သူ့အိမ်ထောင်ရေးကို သူ့ဘာသာ ရွေးချယ်သင့်တယ်လို့ထင်တာပဲ ...ဒါပေမဲ့ ခက်တာက သမီးတို့ရဲ့ကြီးတော်ပဲကွယ် ...စည်းမျဉ်းစည်းကမ်းတွေကလဲများသလား မမေ့နဲ့ .... ဖြစ်နိုင်ရင် အားလုံးကို သူ့လိုပဲ တစ်ကိုယ်တည်းအရိုးထုတ်စေချင်တာထင်တာပဲ ....ဒါကြောင့်လဲ သမီး ဒေါ်လေးက မကြီးမငယ်နဲ့ ထွက်ပြေးသွားတာပေါ့ ... ဘဘကတော့ ဒါတွေအတွက် စိတ်သောက အဖြစ်မခံနိုင်ဘူး ...ကိုယ့်ဘာသာ အေးအေးဆေးဆေးပဲ နေချင်တယ် ..ဘဘရဲ့ သားသမီးတွေလဲ သူတို့ချစ်တဲ့သူနဲ့ ယူကြပါစေ ... အိမ်ထောင်သည် မဟုတ်ရင် ပြီးတာပဲ "


    ဘကြီးဖြစ်သူ၏ စိတ်သဘောထားကြောင့် သလင်းဖြူ ရင်ထဲတွင်ကျေနပ်သဘောကျသွားမိလေသည်။ဤသို့ဆိုလျှင် သလင်းဖြူ၏ အခက်အခဲကိုလည်း ဘကြီးဖြစ်သူအား အကျိုးအကြောင်း ပြောပြမည်ဆိုလျှင် အဆင်ပြေနိုင်လောက်မည်ဟု သလင်းဖြူ ထင်မိလေသည်။သို့မဟုတ်လျှင် ဤအိမ်ကြီးတွင် နေရသည်မှာ သလင်းဖြူကို လိုလားဟန်မပြကြသော ကြီးကြီးခင်အေး၊ ရွှေရည်ဝင်းနှင့် သူ့မိခင် ဒေါ်ကြူကြူဝင်း၊စိုင်းရန်နိုင်တို့ကြောင့် သလင်းဖြူမှာအနေရခက်လှပါသည်။သည်ကြားထဲ၌အိမ်၏ လက်စွဲတော်ဖြစ်သော ဒေါ်သုန်သည်ပင်လျှင် သလင်းဖြူကို မချေမငံ ပြောဆိုဆက်ဆံတတ်သောကြောင့် သလင်းဖြူမှာ အနေရ ကြပ်သည်မှာတော့ အမှန်ပါပင်။ကျန်သော ကြီးကြီးကြည်အေး၊ ဘဘမြင့်အေးနှင့် အစ်ကိုဇော်ထိုက်တို့မှာမူ ဖော်ဖော်ရွေရွေရှိကြသော်လည်း တစ်နေ့မှ တစ်ခါလောက်သာ မျက်နှာချင်းဆိုင်ဆုံရသူများ ဖြစ်ကြသည် မဟုတ်ပါလား ။ မည်သို့ ဖြစ်စေ သလင်းဖြူသည် ဤအိမ်ကြီးတွင် နေထိုင်ရသည်မှာ ရန်ကုန်မှာနေစဉ်ကကဲ့သို့ပင် ပျော်ရွှင်မှုမရှိ ဖြစ်နေမိလေသည်။


"ဟို...ဟိုလေ ဘဘကြီး ...သမီး ပြောစရာရှိလို့ "

  


       သလင်းဖြူ ဘကြီးဖြစ်သူကို မဝံ့မရဲနှင့် ပြောလိုက်သည်။


" အေး ... ပြော...ပြောလ သမီးရဲ့ ..ဘာပြောချင်လို့လဲ "


" အယ် .. ဟို ... ဟို "


"သလင်းဖြူ  မင်းကို ကြီးကြီး ရှာနေတယ် ... "


    သလင်းဖြူ အားတင်း၍ ပြောရန် ပြင်လိုက်စဉ်မှာပင် စိုင်း ရန်နိုင်၏ အသံကျယ်ကျယ်ကို ကြားလိုက်ရသော ပြောရန် စကားလုံးများမှာ လည်ချောင်းဝတွင် တစ်ဆို့၍သွားလေသည်။


~~~~~~~~~~~~~~~~~~~~

" ကြီးကြီးမဆုံးခင် ..ဘယ်လို ဝေဒနာတွေ ခံစားခဲ့ရလဲ မင်းမှတ်မိလား သလင်းဖြူ "


       စိုင်းရန်နိုင်သည် သလင်းဖြူနှင့်အတူ ရက်ကန်းရုံသို့ ဆိုင်ကယ်စီးလာခဲ့ပြီးလျှင် လူရှင်းသော လမ်းတစ်နေရာအရောက်တွင် ဆိုင်ကယ်ကို ရပ်တန့်လိုက်ပြီးလျှင် သလင်းဖြူကို မေးလိုက်ခြင်းဖြစ်လေသည်။


      သလင်းဖြူမှာ အစ်ကိုဖြစ်သူစိုင်းရန်နိုင်ထံမှ မထင်မှတ်သောမေးခွန်းကို ကြားလိုက်ရသောကြောင့် အံ့ဩသွားမိလေသည်။


=======================


အပိုင်း ( ၇ ) ဆက်ရန်


ဧကြည်ဖြူ


rate now: