book

Index 5

အပိုင်း ( ၅ )

ဧကြည်ဖြူ


" အဝါရောင်ရဲတိုက် "


***********************

" ဒီမှာ ဘာထိုင်လုပ်နေတာလဲ ... ဒီလောက်လူပြတ်တဲ့နေရာကို "


       စိုင်းရန်နိုင်သည် ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီးလျှင် သလင်းဖြူ ရှိရာသို့ လျှောက်၍ လာပြီး မေးလိုက်လေသည်။


"ဟို ... ပျင်းနေတာနဲ့ ...ငယ်ငယ်က ဆော့ခဲ့တဲ့နေရာကို သတိရလို့လာကြည့်တာ အစ်ကို "


      သလင်းဖြူလည်း စိတ်ထဲဖျတ်ခနဲပေါ်လာသည့်အတိုင်းဖြေလိုက်သည်။


" ဒီနေရာက မိန်းခလေးတစ်ယောက်တည်း လာလို့ကောင်းတဲ့ နေရာမဟုတ်ဘူး ... ရွာကြီးက စည်ကားလာသ လို အရက်သမား... ဖဲသမားတွေလဲ ပေါလာပြီ ... တစ်ယောက်တည်း စိတ်ထင်တိုင်း လျှောက်သွားမနေနဲ့ ...ထ ..ထ ...ပြန်ရအောင် "


"ဟုတ်... ဟုတ်ကဲ့ ...အစ်ကို "


      သလင်းဖြူသည် အစ်ကိုဖြစ်သူ စိုင်းရန်နိုင်၏စကားအတိုင်း ထိုင်နေရာမှ ထလိုက်သည်။ထို့နောက် စက်ဘီးကိုတွန်းယူလာပြီးလျှင် အစ်ကိုဖြစ်သူကို မေးလိုက်မိသည်။


"ဦးငယ်နဲ့ဒေါ်လေး ဘယ်ကို ခရီးထွက်သွားကြတာလဲ ဆိုတာကို ....အစ်ကို သိလားဟင် "


      သလင်းဖြူ၏ မေးခွန်းကြောင့် စိုင်းရန်နိုင်သည် သလင်းဖြူကို ကြည့်လိုက်ပြီး 


" သေချာတော့ မသိဘူး ...သူတို့အချင်းချင်းပြောနေတာကို ကြားရသလောက်တော့ ...ဒေါ်လေးက သူတို့သဘောမတူတဲ့ လူတစ်ယောက်နဲ့ လိုက်သွားပုံပဲ ....အဲ့ဒါကြောင့် ဦးငယ်က ဒေါ်လေးကိုလိုက်ရှာနေတယ် ထင်တယ် ....မင်းဒီအကြောင်းကို လိုက်လျှောက်ပြီးမေးမနေနဲ့နော် .. ကြီးကြီးတို့က  ဒေါ်လေးနဲ့ ပတ်သက်ပြီး စိတ်ဆိုးနေကြပုံရတယ် "


"ဟုတ် ... ဟုတ်ကဲ့ပါ အစ်ကို ...ဒါနဲ့ အစ်ကို့အလုပ်က ဘယ်မှာလဲ "


     သလင်းဖြူသည် အစ်ကိုဖြသူကို ကြည်လျက် သိချင်တာကို မေးလိုက်သည်။


" အလုပ်နေရာကတော့ အစုံပဲ ... ရက်ကန်းရုံက ခေါ်လဲ သွားတယ် ..ကုန်ခြောက်ဆိုင်က ခေါ်ခိုင်းလဲသွားတယ် ... ဘကြီးမြင့်အေးတို့ခြံထဲက  လူလိုတယ်ဆိုလဲ သွားလိုက်တာပဲ .. ဒါနဲ့ မင်းကိုလဲ မေးရအုံးမယ် ...မင်းဒီရွာကို ဘာလာလုပ်တာလဲ "


" ရှင် "


      သလင်းဖြူသည် အစ်ကိုဖြစ်သူ၏ မေးခွန်းကြောင့် ရုတ်တရက် မည်သို့ပြန်ပြောရမည်မှန်းမသိဖြစ်သွားမိလေသည်။


" ငါ့အထင်ပြောရရင်တော့ ...မင်းလိုချင်တာရှိလို့ လာခဲ့တာပဲ ဖြစ်မယ်....အဲ့ဒီလိုသာဆိုရင်တော့ မင်းပြန်သွားတာ ပိုကောင်းမယ် ... ဒီမှာ အလကားရတာ ဘာမှမရှိဘူး ...ပြီးတော့ မင်းလိုမြို့ပေါ်မှာ နေတဲ့သူက ဒီက အလုပ်တွေကို လုပ်နိုင်မှာ မဟုတ်ဘူး " 


        ထိုစကားများကို မျက်နှာထားခပ်တင်းတင်းနှင့် ပြောနေသော အစ်ကိုဖြစ်သူကို ကြည့်ပြီး သလင်းဖြူနားမလည်ဖြစ်နေမိသည်။အစ်ကိုစိုင်းရန်နိုင်သည်လည်း သည်အိမ်ကြီး၏ ဆွေမျိုးရင်းချာ တစ်ယောက်ဖြစ်သကဲ့သို့ သလင်းဖြူသည်လည်း ဆွေမျိုးရင်းချာ တစ်ယောက်ပင်မဟုတ်ပါလား ။ သူတောင်နေလို့ရပါလျက်နှင့် သလင်းဖြူကရော ဘာကြောင့် နေ၍မဖြစ်ပါသနည်း။သလင်းဖြူသည် စိတ်ထဲမှ မကျေမနပ်တွေးလိုက်မိပြီးလျှင် မသိမသာ မျက်မှောင်ကို ကြုတ်လိုက်မိလေသည်။


" လွယ်လွယ်လေးတွေးပြီး လွယ်လွယ်ပဲ ရောက်လာခဲ့တာ မဟုတ်လား ...လိုချင်စိတ်ပဲ ရှိပြီး လုပ်ချင်စိတ်မရှိရင်တော့ ဒီအိမ်ကနေ ငွေတစ်ကျပ်တောင် ရမှာမဟုတ်တာ သေချာတယ် ...အဲ့ဒါကြောင် အချိန်တွေအလကား အကုန်မခံဘဲ  အမြန်ဆုံးပြန်တော့ ...ဒါပဲ ....ငါသွားပြီး "


      ပြောပြောဆိုဆိုနှင့် ဆိုင်ကယ်ကို မောင်းထွက်သွားသော အစ်ကို ၀မ်းကွဲဖြစ်သူ စိုင်းရန်နိုင်၏ နောက်ကျောပြင်ကို ကြည့်ပြီး သလင်းဖြူစီတ်တိုသွားမိသည်။အသက်အရွယ် သိပ်မကွာသော မောင်နှများဖြစ်သောကြောင့် ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နေရမည်လား ထင်မိပါသည်။သူ့ဘက်မှ သလင်းဖြူကို မလိုလားသော သဘောကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောသွားခဲ့လေသည်။


~~~~~~~~~~~~~~~~~~~~


      အိမ်သို့ ပြန်ရောက်သောအခါ ထုံးစံအတိုင်း ခြံတံခါးကြီးမှာ သော့ခတ်ပိတ်ထားသောကြောင့် ခြံစည်းရိုးအုတ် ဘောင်မှ လူခေါ်ဘဲလ်ကိုနှိပ်လိုက်သည်။ယခင်နေ့ညကမူ လူခေါ်ဘဲလ်ရှိသည်ကို မသိသောကြောင့် အာပြဲအောင် အော်ခဲ့ရသည်လေ။

     ဘဲကိုနှိပ်လိုက်ပြီး သိပ်မကြာခင်မှာပင် ခြံ၀ဆီသို့ လူတစ်ယောက် ခပ်သုတ်သုတ် လျှောက်လာသည်ကို တွေ့လိုက်ရလေသည် ။ ထိုလူမှာ မောင်လုံးဆို သူတော့ မဟုတ်ပါချေ။နောက်ထပ် အလုပ်သမားတစ်ယောက်ပင် ဖြစ်ပုံရလေသည်။


~~~~~~~~~~~~~~~~~~~


"သလင်းဖြူ ...ဒီကို ခဏလာအုံး "


        အိမ်ရှေ့ ပေါက်မှ နေ၍ တိုက်ကြီးထဲသို့ သလင်းဖြူ ၀င်လိုက်သည်နှင့် တစ်ပြိုင်နက် ဧည့်ခန်းထဲတွင် ထိုင်နေကြသော ကြီးကြီးတို့လူစုကို တွေ့လိုက်ရပြီးလျှင် ကြီးကြီးကြည်အေးက လှမ်းခေါ်လိုက်သောကြောင့် သလင်းဖြူမျက်လွှာကို ချလျက် ဧည့်ခန်းကျယ်ကြီးရှိရာဆီသို့လျှောက်သွားလိုက်လေသည်။


"လာ ...ဒီမှာ ထိုင်အုံး ..ဘယ်ကို ထွက်သွားလိုက်တာလဲ "


"ဟို ပျင်းလို့ ... စာသင်ကျောင်းဘက်သွားကြည့်တာ ကြီးကြီး "


     ကြီးတော်ဖြစ်သူ၏ အမေးကို ပြန်ဖြေလိုက်ရင်း ထိုင်နေကြသူများကို သလင်းဖြူ အကဲခပ်လိုက်မိသည်။ထိုအခါမှ ခပ်စောစောက တွေ့ခဲ့ရသော ထွဋ်ခေါင်ဆိုသူမှာ မိမိ၏ မျက်နှာချင်းဆိုင်တည့်တည့်တွင်ထိုင်နေမှန်းကို တွေ့ရှိလိုက်ရလေသည်။ထိုသို့ သူ့ကို အမှတ်တမဲ့ကြည့်လိုက်မိသည်ကို သူကလည်း သလင်းဖြူကို မျက်နှာထားတည်တည်နှင့် တစ်ချက် ပြန်ကြည့်ပြီးလျှင် ရွှေရည်ဝင်းနှင့် စကားဆက်၍ပြောနေလေသည်။


" ငါ့တူမလဲ ပျင်းနေပြီဆို တော့ မနက်ဖြန်ပဲ ရက်ကန်းရုံကို လိုက်ခဲ့ပါလား ... ရန်ကုန်မြို့က လာတာဆိုတော့ မြို့သူတွေ ကြိုက်လောက်မဲ့ အဆင်ဒီဇိုင်းတွေကို ငါ့တူမက ပိုသိမှာပေါ့ "


" ရှင် .. "


      ကြီးတော်ဖြစ်သူ၏ စကားကြောင့် သလင်းဖြူ ဘာပြောလို့ ပြောရမည်မသိ ဖြစ်သွားမိသည်။ဖြစ်နိုင်လျှင် မိမိလာရင်း အကြောင်းကို ဖွင့်ပြောပစ်လိုက်ချင်သော်လည်း တခြားသူစိမ်းများပါ ရှိနေသောကြောင့် သလင်းဖြူနှုတ်ဆိတ်၍နေမိလေသည်။


"ဖြူလေးကို စာရင်းတွေနဲ့ ... ပစ္စည်းပို့တာတွေပဲ အရင်း စမ်းခိုင်းကြည့်ပါလားကြီးကြီး  ...ဒီဇိုင်းအထိတော့ သူမလုပ်နိုင်လောက်သေးဘူးထင်တယ် "


" အင်း ..ဟုတ်ပါတယ် ..အဲ့ဒီလိုပဲ စခိုင်းကြည့်ရတာပေါ့  သမီး ရွှေရည် "


      ကြီးတော်ဖြစ်သူ၏ စကားကို ရွှေရည်ဝင်းက ဝင်၍ပြောဆိုလိုက်ပြန်လေသည်။


"ဒါနဲ့ ...မောင်ထွဋ်ခေါင်တို့လည်း အလုပ်ရှုပ်ခံပြီး တခြားနေရာ ရှာမနေပါနဲ့ကွယ် .. ကြီးကြီးတို့ ဆီမှာပဲ တည်းပါ ... မန္တလေးနဲ့ဒီကို သွားလိုက်လာလိုက်လုပ်နေရမှာဆိုတော့ ...အိမ်တစ်လုံးငှားရင် အလုပ်တွေရှုပ်ပါတယ် ..အပေါ်ထပ်မှာ သူတို့မောင်နှမလေးယောက်ပဲ နေတာလေ ..အခန်းတွေ အများချည်းပဲဟာ ဘာမှအားနာနေစရာမလိုဘူးနော် "


"ဟုတ်ကဲ့ ကြီးကြီး ...ဒီလိုဆိုရင်လဲ နေပါ့မယ် .. ကျွန်တော်တို့ကြောင့် ကြီးကြီးတို့ အလုပ်ရှုပ်မှာ စိုးမိလို့ပါ "


" အိုကွယ် ....မရှုပ်ပါဘူး ....အားနာစရာမလိုဘူး ....လွတ်လွတ်လပ်လပ်သာနေကြပါ "


"ဟုတ်တယ်ကွဲ ...မောင်ထွဋ်ခေါင်တို့ ဘာမှ အားနာစရာမလိုဘူး "


      ထွဋ်ခေါင်ဆိုသူကို လှိုက်လှိုက်လှဲလှဲပျူပျူငှာဌာနှင့် ဖိတ်ခေါ်နေသော ကြိတော်ဖြစ်သူနှင့် ဒေါ်ကြူကြူ၀င်းကို ကြည့်ပြီး သလင်းဖြူဘဝင်မကျသလို ဖြစ်သွားမိသည်။မိမိရောက်စဉ်အခါတုန်းကတော့ မကြည်သလိုကြည်သလို မျက်နှာနှင့် ကြည့်နေခဲ့သော ဒေါ်ကြူကြူဝင်းသည် ယခုအခါ သူမ၏မျက်နှာမှာ ပုရွက်ဆိတ်များ အုံခဲချင်စရာကောင်းလောက်အောင် ချိုမြကြည်လင်နေလေသည်။ထို့အတူ ရွှေရည်ဝင်း၏ မျက်နှာသည်လည်း မပြုံးတုံ့တုံ့ ပြုံးတုံ့တို့နှင့်ရှိနေသည်ကို တွေ့ရလေသည်။


~~~~~~~~~~~~~~~


"လုံးစုံများစွာ သတ္တဝါ ကျန်းမာကြပါစေ ...."


      သလင်းဖြူ အပေါ်ထပ်သို့တက်လာခဲ့စဉ်  ဒုတိယထပ်ရှိ ဘုရားခန်းဆီမှ ဘကြီး မြင့်အေး၏ မေတ္တာပို့အမျှဝေသံ ခပ်ကျယ်ကျယ်ကို ကြားလိုက်ရသောကြောင့် သလင်းဖြူ ခြေကို အသာဖော့နင်းလိုက်သည် ။ သလင်း ဖြုရောက်သည့်နေ့မှစ၍ ယနေ့သုံးရက် မြောက်သည်နေ့အထိ အကြီးမြင့်အေးတစ်ယောက်မှလွဲ၍ မည်သူမျှ ဘုရားရှိခိုးသည်ကို တွေ့ရခြင်းမရှိပေ။ဘကြီးမြင့်အေးကမူ မနက်အိပ်ရာမှနိုးသည်နှင့် ဘုရားရှိခိုး အမျှဝေနေတတ်သည်။မနက်ဘက်ခြံထဲသို့ မသွားမီ တွင်လည်း ရဟန်းသံဃာများကို ဆွမ်းများလောင်းလေ့ရှိလေသည်။ထိုမှ ညနေသို့ရောက်သော အခါ၌လည်း ဘုရားရှိခိုးပုတီးစိပ်ခြင်း အမျှဝေခြင်းများကို ပြုလုပ်လေ့ရှိလေသည် ။ ကြီးကြီးကြည်အေးမှာမူ ထိုသို့မဟုတ်ဘဲ အလုပ်မှ ပြန်ရောက်သည်နှင့် မီးဖိုချောင်ကိစ္စ ၊ အိမ်ကိစ္စများတွင် ဝင်ပါလေ့ရှိသည်။ကြီးကြီးခင်အေးတို့ ဇနီးမောင်နှံမှာမူ မနက်စာစားပြီးသည်နှင့် စျေးဆိုင်သို့ထွက်သွားပြီးလျှင် ည( ၇ ) နာရီတွင် အိမ်သို့ ပြန်ရောက်လေသည်။ထိုမှ စားသောက်ပြီးလျှင် သူတို့၏ အခန်းထဲသို့ဝင်သွားကြလေတော့သည်သာ။


~~~~~~~~~~~~~~~~~~

    သလင်းဖြူ လက်တော့ကို ပိတ်လိုက်ပြီး ခါးကို အညောင်းဆန်လိုက်သည်။သလင်းဖြူက အွန်လိုင်းမှ ဂျပန်စာ သင်ယူနေခြင်းဖြစ်သည်။ ရန်ကုန်မှာတုန်းကတော့ နေစဉ်လိုလို သင်ယူခဲ့သော်လည်း မိုးနှဲရွာသို့ လာရန်ပြင်စဉ်ကပင် နားထားခဲ့ခြင်းဖြစ်သည်။ယခုရွာသို့ရောက်သောအခါ ဒေတာနှင့်ဝယ်သုံးရခြင်းကြောင့် မလုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ယနေ့ညမှ ပြန်၍စလုပ်ခြင်းဖြစ်သည်။သလင်းဖြူတို့လို စောစောမအိပ်တတ်သူအတွက် ညဦးပိုင်းသည် အင်မတန်မှ ပျင်းရိငြီးငွေ့စရာကောင်းလှပါလေသည်။ညဆိုလျှင် တော်တော်နှင့် မအိပ်ဘဲ မနက်လင်းလျှင် မထချင်သော သလင်းဖြူအတွက် ရွာဓလေ့မှာ အသားမကျသေးသည်မှာ အမှန်ပင်ဖြစ်ပါလေသည်။  


      သလင်းဖြူ အညောင်းဆန့်လိုက်ပြီးလျှင် ပြတင်းပေါက်နားတွင် ရပ်လိုက်ပြီး လေကို တစ်ဝရှူသွင်းလိုက်သောအခါ တစ်ကိုယ်လုံးလန်းဆန်းသွားလေသည်။


"ဟင် "


     သလင်းဖြူ လေကိုရှူသွင်းရှူထုတ်လုပ်နေရင်းမှ ခြံထဲတွင် လှုပ်ရှားသွားလာနေသော လူရိပ်ကို မြင်လိုက်ရသောကြောင့် ရုတ်တရက် လန့်သွားမိသည်။ခြံကြီးထဲတွင် မီးများကို ထွန်းထားသော်လည်း သစ်ပင်ကြီးများကြောင့် မှောင်ရိပ်ကျနေသော နေရာများ ရှိနေလေသည်။ကြည့်ရသည့်ပုံမှာ လူရိပ်သည် မှောင်ရိပ်ကျနေသော နေရာများမှ ရွေး၍ သွားနေခြင်း ဖြစ်ပုံရလေသည်။အချိန်သည်မနည်းလှတော့ ညဆယ့်နှစ်နာရီပင်ထိုးပေတော့မည်။သလင်းဖြူမှာ စောစောအိပ်ကျင့်မရှိသောကြောင့်သာ မအိပ်သေးခြင်းဖြစ်သည်။ယခုအချိန်၌ တစ်တိုက်လုံးရှိ လူများမှာအိပ်မောကျ၍နေကြပေလိမ့်မည်။ထိုသို့ဆိုလျှင် ခြံထဲမှ မြင်နေရသောသူသည် မည်သူနည်း။ဦးသောင်းလား။မောင်လုံးလား ၊ အခြားအလုပ်သမားတစ်ယောက်ယောက်များ ခြံကို လှည့်ပတ်ကြည့်နေခြင်းလော ။ သလင်းဖြူ ၏ အခန်းမှ နေ၍ တိုက်၏ ခြေရင်းဘက်ကို လှမ်း၍ မြင်နေရသလို  ဂိုထောင်ကိုလဲ မြင်နေရသည်။ထို့ပြင် နောက်ဖေးကန်ဘက်သို့ပတ်သွားသော လမ်းလေးကိုလဲ မြင်နေရသည် ။လူရိပ်သည် ကန်ဘက်သို့ မှောင်ရိပ်ထဲမှ သွားနေခြင်းဖြစ်ပုံရလေသည်။သလင်းဖြူက အခန်းမီးကို ပိတ်ထားသောကြောင့် ထိုသူမှာ သလင်းဖြူကို မြင်ပုံမရပေ။သို့သော်လည်း တစ်ချက်တစ်ချက်၌ ထိုသူသည် တိုက်ကြီးဆီသို့ လှမ်း၍ ကြည့်နေသည်ကို မြင်ရလေသည်။


"ဟင် ...အစ်ကို စိုင်းရန်နိုင်ပါလား "


       သလင်းဖြူသည် လူရိပ်ကို မျက်တော်မခတ်တမ်းလိုက်ကြည့်နေမိရာမှ အမှောင်ရိပ်မှ အလင်း ထဲသို့ ဖြတ်အကူးတွင် မျက်နှာသွင်ပြင်ကို ဖျတ်ခနဲ မြင်လိုက်ရသောကြောင့် အစ်ကို စိုင်းရန်နိုင်မှန်းသိလိုက်ရခြင်းဖြစ်လေသည်။သည်အချိန်ကြီး အစ်ကိုစိုင်းရန်နိုင် ဘာကိစ္စများ ရှိနေသည်ကို သလင်းဖြူ မတွေးတတ်ဘဲရှိသည်။ ထိုသို့ကြည့်နေစဉ်မှာပင် အစ်ကိုစိုင်းရန်နိုင်သည် ကန်ပေါင် ဆီသို့ သွားရာလမ်းအတိုင်း ဆက်၍ သွားနေသည်ကို တွေ့လိုက်ရလေသည်။သလင်းဖြူ စိတ်ရှုပ်ရှူပ်နှင့် ပြတင်းတံခါးကို အသာပိတ်ပြီး အိပ်ရာပေါ်သို့ လှဲချလိုက်သည် ။မိမိကို လိုလားပုံမရသော အစ်ကိုစိုင်းရန်နိုင်နှင့် ခပ်ခွါခွါနေရန် သလင်းဖြူဆုံးဖြတ်ချက်ချထားပြီးပြီ ဖြစ်လေသည်။


~~~~~~~~~~~~~~~~~~~~~


        ကိုယ်လဲနားမလည်သော၊ စိတ်လည်းမ၀င်စားသော အလုပ်များကို လုပ်ရသည်မှာ ပျင်းစရာကောင်းလှပေသည်။နဂိုကမှ အဝတ်အထည်ကို စိတ်မ၀င်စားသူ သလင်းဖြူအတွက် နားအူလောက်အောင် သံစုံထွက်နေသော ရက်ကန်းစင်များနားမှ ခွါလာပြီးလျှင် စက်သံများနှင့်ဝေးရာ ရွှေရည်ဝင်း၏ ရုံခန်းအနားရှိ ခုံတွင် ထိုင်ချလိုက်မိသည။ အထဲတွင် ရွှေရည်ဝင်းနှင့်ထွဋ်ခေါင်ဆိုသူတို့ လက်တော့များဖြင့် အလုပ်များနေကြသည်ကို အမှတ်တမဲ့ ငေးကြည့်နေမိရင်း လမ်းပျောက်နေသကဲ့သို့ ဖြစ်နေသော ကိုယ့်အကြောင်း ကိုယ်ပြန်တွေးမိသည်။တက္ကသိုလ်မှ ရိုရိုးသာမန် ဘွဲ့တစ်ခုရပြီးလျှင် ထိုဘွဲ့နှင့်အလုပ်မရနိုင်သောကြောင့် သင်တန်းပေါင်းစုံတက်ခဲ့သည်။သို့သော်လည်း အလုပ်ရသောအခါ လစာမှာ မိမိတစ်ယောက်စာလောက်ငှရုံပင်ရှိသောကြောင့် စိတ်ဓါတ်တွေကျခဲ့မိသည်။သည်ကြားထဲ မိခင်ကဆုံးပြီး မကြာမီပင် ဖခင်ဖြစ်သူ၏ လုပ်ရပ်ကြောင့် သည်နိုင်ငံမှ အဝေးဆုံးသို့သာ ထွက်ပြေးသွားချင်မိသည်။အဘက်ဘက်မှ အားမကိုးရသော ချစ်သူကိုလည်း သံယောစဉ် မတွယ်ချင်တော့ပါ။ငွေသာရှိလျှင် ပျော်ရွှင်စရာကောင်းသော ဘဝတစ်ခုကို ရှာဖွေနိုင်လိမ့်မည်ဟုတွေးနေမိသည်။


"ဖြူလေး ဘာလုပ်နေတာလဲ ...ဒါတွေကို နင်နားလည်မှာ မဟုတ်သေးဘူး ...ဟိုဘက်မှာ အမေနဲ့ အမှာစာ စာရင်းတွေ ကူလုပ်ပေးလိုက်နော် "


" ဟင် "


       သလင်းဖြူ အတွေးလွန်နေရာမှ ရွှေရည်ဝင်း၏ အသံကြောင့် ကြည့်လိုက်မိသောအခါ ထွဋ်ခေါင်ဆိုသူနှင့် အကြည့်ချင်းဆုံသွားမိလေသည်။ထိုအခါမှပင် သလင်းဖြူ ငေးမိငေးရာ ငေးနေမိခြင်းမှာ ထွဋ်ခေါင်ဆိုသူ၏ မျက်နှာနှင့် တည့်တည့်ဖြစ်နေသောကြောင့် ချက်ချင်းမျက်နှာကို လွှဲပစ်လိုက်မိသည်။ဒါသည်ပင် သလင်းဖြူမှာ ထွဋ်ခေါင်ဆိုသူကို ခိုးကြည့်နေမိရာမှ လူမိ၍ ရှက်သွားသည့်ပုံနှင့်တူ၍ သွားလေသည်။နှစ်ယောက်လုံးက သလင်းဖြူကို မျက်နှာထားခပ်တင်းတင်း လှမ်း၍ ကြည့်နေကြလေသည်။အထူးသဖြင့် ရွှေရည်ဝင်း၏ မျက်လုံးများသည် စိတ်ရှုပ်စိတ်ပျက်ဟန်ပေါက်နေသည်ကို မြင်လိုက်ရလေသည်။သလင်းဖြူ နှစ်ယောက်လုံးကို ကျောခိုင်းပြီးထွက်ခဲ့လိုက်သည်။


~~~~~~~~~~~~~~~~~~~~


        သလင်းဖြူ စိတ်ရှုပ်ရှုပ်နှင့်  စက်ဘီးကို နင်းလာခဲ့မိရာမှ ကုက္ကိုစုကွင်းဘက်သို့ ရောက်မှန်းမသိ ရောက်လာခဲ့မိလေသည်။ရောက်လာပြီးမှမထူးပြီမို့ ကုက္ကိုပင်အောက်မှာထိုင်ချလိုက်မိသည်။


" ဖြူလေး ငါ့ဆီလာတာလား "


"ဟင် စိုင်းလွှမ်း ... နင်ကလဲ သရဲလိုပဲ ဘယ်ကပေါ်ပေါ်လာတာလဲ " 


      ရုတ်တရက် အနားသို့ ရောက်ချလာသော စိုင်းလွှမ်းကို ကြည့်ပြီး သလင်းဖြူ အံ့သြစွာ မေးလိုက်မိသည်။


" မင်း စာသင်ကျောင်း ဘေးက ဖြတ်လာကတည်းက မြင်လို့ လိုက်လာခဲ့တာလေ... ဒါနဲ့ ငါနောက်က ပါလာမှန်းမသိအောင် ဘာတွေများအတွေးလွန်နေတာလဲ "


"အတွေးလွန်တာထက် စိတ်ရှုပ်လို့ပါ...ဘာပဲဖြစ်ဖြစ် ညကျရင်တော့ ငွေကိစ္စကို ပြောလိုက်တော့မယ်ဟာ "


"ဟင် ...ဒါဆို မင်းပြန်တော့မှာပေါ့ ....ငါတို့ ပြန်တွေ့တာတောင် မကြာသေးဘူး ခွဲရတော့မှာပေါ့ "


       စိုင်းလွှမ်းက ပြောရင်း သက်ပြင်းကိုချ၍ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ခေါင်းကို အောက်သို့ငုံ့ချလိုက်သည်။ပြီးနောက် မြေပြင်ပေါ်တွင် တုတ်တစ်ချောင်းနှင့် ရေးခြစ်နေလေသည်။


        သလင်းဖြူမှာ စိုင်းလွှမ်း၏ အပြုအမူကို ငေးကြည့်နေမိပြီးလျှင် နှုတ်မှလွှတ်ခနဲ ပြောလိုက်မိသည်။


"နင် ဒီမှာ အလုပ်မရှိဘူး မဟုတ်လား စိုင်းလွှမ်း ... ရန်ကုန်ကို လိုက်မလား ...အဆောင်မှာ နေပြီး အလုပ်လုပ်လို့ရတယ် ...."


"လိုက်ချင်တာပေါ့...ဒါပေမဲ့ ရန်ကုန်မှာ ငါမနေဖူးဘူးလေ.... ပြီးတော့ မင်းက နိုင်ငံခြားသွားမှာဆို .. တစ်ယောက်တည်း အဆင်ပြေမယ်မထင်ဘူး "


       စိုင်းလွှမ်းစကားမှာ မှန်နေသောကြောင့် သလင်းဖြူ ဘာမှမပြောတော့ဘဲနှုတ်ဆိတ်နေမိသည်။


"တော်ပါပြီကွာ ... စိတ်ညစ်စရာတွေ တွေးမနေနဲ့တော့ ...ပျော်ပျော်ပဲ နေကြအောင်နော် ဖြူလေး "


~~~~~~~~~~~~~~~


" နေ့လယ်က နင့်ပုံစံက ရုပ်ပျက်လွန်းတယ် သလင်းဖြူ ....ကိုယ့်ကိုယ်ကို မိန်းခလေးဆိုတာလဲ သတိထားအုံး "


"ဘာ ... နင် ဘာပြောတာလဲ ရွှေရည် "


      သလင်းဖြူ ရေချိုးရန်ထွက်လာစဉ် ရွှေရည်ဝင်းက သလင်းဖြူကို သူ့အခန်းထဲသို့ ဆွဲခေါ်လာပြီးလျှင် ထိုစကားကို ပြောခြင်းဖြစ်လေသည်။သလင်းဖြူမှာ ဖြုန်းခနဲ ရွှေရည်ဝင်း၏ စကားကို နားမလည်နိုင်ဘဲ ပြန်၍မေးလိုက်မိလေသည်။


"နင်အခုမှ ရူးချင်ယောင် ဆောင် မနေနဲ့...နေ့လယ်က ကိုထွဋ်ခေါင်ကို နင်ကြည့်နေခဲ့တာလေ ... ဘယ်လိုပဲ ဖြစ်ဖြစ်...နင်ကိုယ့်ကိုယ်ကို ထိန်းသင့်တယ် ... နင့်ကြောင့် ငါတို့ မျိုးရိုးကို အထင်သေးမခံနိုင်ဘူး ...နောက်ဆိုဆင်ခြင်ဟာ "


     ရွှေရည်ဝင်း၏ စကားကို ကြားလိုက်ရသောအခါ သလင်းဖြူ ရှက်လွန်းသဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်အောင် ဒေါသထွက်သွားမိလေသည်။


"မဟုတ်ဘူး ရွှေရည် ...နင်မှားနေပြီ ...ငါ သူ့ကို ကြည့်နေတာမဟုတ်ဘူးနော် ...ကြည့်နေမိသလို ဖြစ်သွားတာ "


"ဘာပဲဖြစ်ဖြစ် ညီမချင်းမို့ ပြောလိုက်မယ် ...ဒီကိစ္စကို ကြီးကြီးမသိစေနဲ့နော် ...မဟုတ်ရင် နင့်ကို နှင်ထုတ်လိုက်မယ် ...ဒါပဲ  သွားတော့ ....နင် ရေချိုးမလို့မဟုတ်လား သွားချိုးတော့ "


~~~~~~~~~~~~~~~~~~~


      ရေချိုးခန်းထဲသို့ ရောက်သောအခါ သလင်းဖြူစိတ်တိုတိုနှင့် ရေတွေကို တဝုန်းဝုန်းလောင်းချိုးပစ်လိုက်သည်။


" ဒေါက် ...ဒေါက် ...."


" ဖြူလေး ... သလင်ဖြူ "


" ရှင် "


      သလင်းဖြူ ရေချိုးနေစဉ်မှာ တံခါးခေါက်သံနှင့်အတူ တစ်ယောက်ယောက်၏ ခေါ်သံကို ကြားလိုက်ရသောကြောင့် လှမ်းထူးလိုက်ပြီး တံခါးကို ဖွင့့်ကြည့်လိုက်သည်။ထိုအခါ အခန်းအပြင်တွင် တိတ်ဆိတ်၍ နေပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။ကြားလိုက်ရသည်မှာ မိန်းမသံဖြစ်သောကြောင့် ကြီးကြီးကြည်အေးသို့မဟုတ် ကြီးကြီးခင်အေးပင် ဖြစ်လိမ့်မည်ထင်သည်။သလ င်းဖြူစိတ်ရှုပ်ရှုပ်နှင့် ရေချိုးခန်းထဲသို့ပြန်ဝင်လိုက်ပြီး ရေချိုးခြင်းကို လက်စသပ်လိုက်သည်။


~~~~~~~~~~~~~~~~~~~


       ညခုနှစ်နာရီဆိုသော အချိန်သည် ရန်ကုန်မြို့မှာဆိုလျှင် အစည်းကားဆုံးနှင့် ဆူညံပွက်လောရိုက်နေသေးသော အချိန်ဖြစ်သည်။ယခုမူ တိတ်ဆိတ်နေသော ခြံဝန်းကျယ်ကြီးထဲရှိ သစ်သား ကွပ်ပျစ်တွင် သလင်းဖြူ ငေါင်စင်းစင်းနှင့် ထိုင်နေမိသည်။ယခင်ရက်များကဆိုလျှင် ညရောက်လျှင် ခြံထဲသို့ဆင်းရန် အခွင့်အရေးပင် ရခဲ့သည်မဟုတ်ပေ။ညမိုးချုပ်သည်နှင့် ဦးသောင်း၏ ခွေးနှစ်ကောင်က ခြံထဲတွင် ရောက်နေပြီဖြစ်သောကြောင့် ဖြစ်ပါလေသည်။ကျန်လူများနှင့် ခွေးကြီးနှစ်ကောင်မှာ ရင်းနှီးနေသော်လည်း သလင်းဖြူနှင့်မူ စိမ်းသက်လွန်းလှပါလေသည်။ယခုတောင် ဧည့်သည် နှစ်ယောက် ရောက်နေခြင်းကြောင့် ခွေးကြီးနှစ်ကောင်ကို ပိတ်လှောင်ထား၍သာ ဤကဲ့သို့ ခြံထဲဆင်းနေနိုင်ခြင်းဖြစ်သည်။

 

  " ဖြူလေး ....ဖြူလေး "


             သလင်းဖြူ ကွပ်ပျစ်ပေါ်တွင် စိတ်ပျက်လက်ပျက်နှင့် ထိုင်နေစဉ်မှာပင် ခြံပြင် ဘက်ဆီမှ သလင်းဖြူ၏နာမည်ကို ခေါ်လိုက်သံကို ကြားလိုက်ရသောကြောင့် သလင်းဖြူထိုင်နေရာမှ ဆတ်ခနဲ ထရပ်လိုက်မိပြီး ခြံ၀ဆီသို့ လှမ်း၍ ကြည့်လိုက်မိသော်လည်း ခြံဝတွင် လူရိပ်လူယောင်ကိုမျှ မတွေ့ရဘဲရှိလေသည်။ 


"ဖြူလေး ...ဖြူလေး "


" အမေ့ "


      ဒုတိယအကြိမ်မြောက် ခေါ်လိုက်သောအသံသည် သလင်းဖြူ၏နားနားသို့ကပ်၍ခေါ်လိုက်သကဲ့သို့ သို့ ခံစားလိုက်ရသောကြောင့် သလင်းဖြူလန့်ပြီး အော်မိမလိုပင်ဖြစ်သွားရလေသည ။


=======================


အပိုင်း  ( ၆ ) ဆက်ရန်


ဧကြည်ဖြူ


rate now: