book

Index 4

(အပိုင်း ၄ )

ဧကြည်ဖြူ


" အဝါရောင်ရဲတိုက် "


*******************


"ဘုတ် "


"အမယ်လေး "


" ဟဲ့ ...ဟဲ့ ဘယ်လိုများ ဖြစ်လာရတာလဲ သလင်း ဖြူ ... ဧည့်သည်ကို အားနားစရာ ..."


 "ဘာဖြစ်လာတာလဲ  သလင်းဖြူ "


       သလင်းဖြူ ရုတ်တရက် ထိတ်လန့်သွားမိပြီး ဇွတ်ပြေးချလာမိရာ လူတစ်ယောက်နှင့် တိုက်မိသွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်လဲကျသွားရာမှ ကြီးတော်ဖြစ်သူဒေါ်ကြည်အေးနှင့် ရွှေရည်ဝင်း၏ အသံကိုကြားလိုက်ရသောကြောင့် ဝမ်းသာပျော်ရွှင်သွားမိလေသည်။


"မကြီးမငယ်နဲ့ ဘာလို့ ပြေးလွှားနေရတာလဲ သလင်းဖြူ ...ဒီမှာ ဧည့်သည်ကို တောင်းပန်လိုက် အုံး "


"ဟို ... ဟိုလေ  ..ကန်နားမှာ အုတ်ဂူတွေ တွေ့လို့ .... ရုတ်တရက်ဆိုတော့ လန့်သွားပြီး ပြေးလာမိတာ ...တောင်း ...တောင်းပန်ပါတယ်ရှင် "


" ဘာများဖြစ်လို့များလဲလို့အေ...အုတ်ဂူတောင် မမြင်ဖူးဘူးလား...နင့် အဘိုးနဲ့အဘွားရဲ့ အုတ်ဂူတွေလေ ... တကယ်ပါပဲ ....သူ့ကိုယ်စား ဒေါ်ဒေါ်တို့ပဲ တောင်းပန်ပါတယ် မောင်ထွဋ်ခေါင်ရယ် "


         ရွှေရည်ဝင်း၏ မိခင်ဖြစ်သူ ဒေါ်ကြူကြူဝင်း စကားကြောင့် သလင်းဖြူမှာ ရှက်ရွံ့သွားမိပြီး မိမိနှင့်ဝင်တိုက်မိသူကို မော့၍ကြည့်လိုက်မိကာတောင်းပန်လိုက်သည်။ထိုအခါ ရှုတည်တည် မျက်နှာထားနှင့် ကြည့်နေသော ထွဋ်ခေါင်ဆိုသောသူကို တွေ့လိုက်ရလေသည်။ထိုသူ၏ အသက်အရွယ်မှာ သလင်းဖြူတို့နှင့် အသက်အရွယ် သိပ်ကွာလှမည့်ပုံမပေါ်သော်လည်း ယောကျာ်းပီသပြီး ချောမောကြည့်ကောင်းသော ရုပ်ရည်ကြောင့် မာနကြီး ဟန် ရှိလေသည် ။ သလင်းဖြူ တောင်းပန်နေသည်ကို မျက်နှာထားတင်းတင်းနှင့် ကြည့်၍ နေလေသည်။ထိုသူ၏ ဘေးတွင် ရပ်နေသောနောက်ထပ် အမျိုးသားမှာမူ ရယ်ချင်နေသော စိတ်ကို မနည်းမျိုသိပ်ထားရပုံရလေသည်။


"ဟို ...တောင်းပန်ပါတယ်ရှင် "


      သလင်းဖြူသည် လူကြီးများ၏ ရှေ့တွင်ဖြစ်နေသော ထွဋ်ခေါင်ဆိုသောထိုလူချောအား အမြင်ကပ် စိတ်ကို ဘေးသို့ တွန်းဖယ်၍ ထပ်မံတောင်းပန်လိုက်ပြီးလျှင် မြေပြင်ပေါ်တွင် ကျနေသော ပိုက်ဆံအိတ်ကို ကောက်ယူလိုက်ပြီး ထိုသူထံသို့ ကမ်းပေးလိုက်သည်။ထိုအခါ ကိုလူချောက သလင်းဖြူ လက်ထဲမှ သူ့ပိုက်ဆံအိတ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီးလျှင် ရွှေရည်ဝင်းဘက်သို့ ချက်ချင်း လှည့်၍သွားလေသည်။


"လာပါ ကိုထွဋ်ခေါင် ...သူက ရွှေရည်နဲ့ ညီမတစ်ဝမ်းကွဲပါ ... မနေ့ကမှ ဒီကိုရောက်လာတာလေ ... "


      ရွှေရည်ဝင်းသည် ထွဋ်ခေါင်ကို ပြောဆိုလျက်တိုက်ကြီးထဲသို့ ရှေ့မှ ဦးဆောင်၍၀င်သွားလေသည်။သူတို့၏ နောက်မှ ဒေါ်ကြည်အေးနှင့် ဒေါ်ကြူကြူဝင်းတို့သည်လည်း ဝင်လိုက်သွားကြလေသည်။


" ဟွန်း နှာဘူး ''


     တိုက်ထဲသို့ဝင်သွားသော သူတို့၏ နောက်ကျောပြင်ကို ကြည့်၍ သလင်းဖြူ နှာခေါင်းကိုရှုံ့လိုက်ပြီး မကျေမနပ်နှင့် ခပ်တိုးတိုးပြောလိုက်မိသည်။ပြီးလျှင် ဖိုသီဖတ်သီပုံစံနှင့်ဖြစ်နေသော ကိုယ့်ပုံစံကို ပြန်ကြည့်လိုက်မိပြီး ရှက်သလိုလိုဖြစ်သွားမိသည်။တီရှပ် အဖြူရောင်လက်တို ခပ်ပွပွနှင့်အနက်ရောင် ဆွဲသားဘောင်းဘီရှည်ကို ဝတ်ထားသော သလင်းဖြူ၏ပုံစံမှာ ကိုယ့်ဟာနှင့်ကိုယ်ဆိုလျှင် ကြည့်၍ သိပ်မဆိုးလှသော်လည်း မြန်မာဆန်ဆန်နှင့် ကျက်သရေရှိရှိ လှပနေသော ရွှေရည်ဝင်းနှင့် ယှဉ်လိုက်သောအခါ နတ်သမီးနှင့် မျောက်အိုမကဲ့သို့ ကွာခြားနေသည်ဟု ထွဋ်ခေါင်ဆိုသူ၏ မျက်ဝန်းထဲတွင် မြင်သွားလိမ့်မည်ထင်ပါလေသည်။


    သလင်းဖြူ တိုက်ထဲသို့ ပြန်ဝင်ချင်စိတ် မရှိသောကြောင့် ခြံတံခါးဝနားတွင် ရပ်နေသော ယမန်နေ့ညက သလင်းဖြူ၏အိတ်ကို အပေါ်ထပ်သို့ သယ်ပို့ပေးခဲ့သော မောင်လုံး ဆိုသူ၏ အနားသို့ လျှောက်သွားလိုက်လေသည်။


" ဒီမှာရှင့် ...ဒီအိမ်မှာ စက်ဘီး မရှိဘူးလားဟင် ...ရွာထဲလျှောက်ကြည့်ချင်လို့ပါ "


" ဟုတ်ကဲ့ စက်ဘီးရှိပါတယ် အစ်မလေး .. တိုက်ခြေရင်းက ဂိုထောင်ထဲမှာပါ "


"ကျေးဇူးပါပဲနော် "


       မောင်လုံးကို ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် ဂိုထောင်ရှိရာဆီသို့ သလင်းဖြူ လျှောက်လာခဲ့လိုက်သည်။


~~~~~~~~~~~~~~~~~~


        ဂိုထောင်ဟုဆိုသော်လည်း ရန်ကုန်မြို့ရှိ အိမ်များထက်ပင် ကြီးမားခမ်းနားစွာဆောက်ထားသော အဆောက်အဦးကြီးကို ကြည့်ပြီး သလင်းဖြူ ပခုံးနှစ်ဘက်ကို တွန့်လိုက်မိသည်။လူနေသော တိုက်အိမ်ကြီးကိုပင် မဆိုလေနှင့် ဂိုထောင် ဆောက်လုပ်သော ကုန်ကျစရိတ်သည်ပင် နည်းလှမည် မဟုတ်ပေ။နိုင်ငံရပ်ခြားသို့ သာသာယာယာသွားနိုင်သော ကုန်ကျ စရိတ်ထက်ပင် ပို၍ ကုန်ကျမည့် ပုံရလေသည်။သလင်းဖြူတို့နေစဉ်ကတော့ ခြေတံရှည် သစ်သားအိမ်ကြီးထဲတွင် စုနေကြပြီး အဘိုးနှင့် အဘွားမှာ ဤမျှလောက် ချမ်းသာသည်ဟု သလင်းဖြူမသိခဲ့ပါ။ အသက်အလွန်ငယ်သေးသောကြောင့်လည်းဖြစ်လိမ့်မည်ထင်ပါသည်။ယခုသည်ကို လာခါနီးမှပင် အဘိုးနှင့် အဘွားမှာ မြေဧကပေါင်းများစွာ ပိုင်ဆိုင်ခဲ့ပြီး သိမ်းဆည်းထားသော ရတနာများပါ ရှိသည်ကို ဖခင်ဖြစ်သူက ပြောပြခဲ့သည်။သို့သော်လည်း ဖခင်ဖြစ်သူသည် မိခင်ကြီး၏ ဆွေမျိုးသားချင်းများနှင့် မပတ်သက်ချင်သကဲ့သို့ စကားဆိုခဲ့သေးသည်။


"သမီးရယ် အမွေဆိုတာ စားထိုက်မှ စားရတာမျိုးပါ ...သမီး အမေရဲ့ အမျိုးတွေက မောက်မာလွန်းတယ် ...အဖေကတော့ မသွားစေချင်ဘူးကွယ် ...သမီး အဖေတို့နဲ့ မနေချင်ဘူးဆိုရင် ...သမီး အတွက် အခန်းတစ်ခန်း အဖေငှားပေးပါ့မယ်ကွယ် ... ဘယ်နိုင်ငံကိုမှလဲ မသွားပါနဲ့ သမီးရယ် ... သမီးဆီက လစာကိုလဲ အဖေမယူပါဘူး ...အဲ့ဒါဆို အဆင်မပြေဘူးလားသမီးရယ် "


"ဟာ ...အဖေကလဲ အမွေ ဆိုတာ စားထိုက်မှ စားရတာမျိုးမဟုတ်ဘူး ...တောင်းမှရတာမျိုး အဖေရ ...သမီးလဲ လောဘတကြီး သွားတောင်းမှာမဟုတ်ပါဘူး ... နိုင်ငံခြားသွားလို့ရရုံ ငွေချေးမှာပါ ... ဟိုဘက်မှာ အဆင်ပြေတာနဲ့ ပြန်ဆပ်မှာပါ "ထိုသို့ ဖခင်ဖြစ်သူ သဘောမကျသည့်ကြားမှ သလင်းဖြူ ဇွတ်ထွက်လာခဲ့ခြင်းဖြစ်ပါလေသည်။


       ပွင့်ဟ နေသော ဂိုထောင် တံခါးပေါက်မှ ဝင်လိုက်သည်နှင့် သွပ် အကြည်သားမှ ထွင်းဖောက်လာသော အလင်းရောင်ကြောင့် ဂိုထောင်ထဲရှိ ပစ္စည်းများကို ရှင်းရှင်းလင်းလင်းမြင်နေရလေသည်။ဂိုထောင်၏ အဝင်တံခါးနားတွင် မိန်းမစီးစက်ဘီးတစ်စီးကို တွေ့ရပြီး ဆိုင်ကယ်တစ်စီးကိုလဲတွေ့ရသည်။ဂိုထောင်အတွင်းဘက်၌ ဆန်အိတ်များနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူအိတ်များကိုလည်း တွေ့ရသည်။ပြီးလျှင် ထပ်ခိုးသဖွယ် အထပ်တစ်ထပ်ပါရှိပြီး ထပ်ခိုးအောက် အတွင်းဘက်၌မူ အနည်းငယ် မှောင်မိုက်၍နေလေသည်။


"ဘုတ် ... ဘုတ် "


"အမေ့ "


      သလင်းဖြူ ဂိုထောင်အတွင်းဘက်သို့ စူးစူးစမ်းစမ်းကြည့်နေမိစဉ်မှာပင် ဆန်အိတ်များကို လူတစ်ယောက်လက်နှင့် ပုတ်လိုက်သကဲ့သို့ အသံကြားလိုက်ရသောကြောင့် စက်ဘီးကို တွန်း၍ ဂိုထောင် အပြင်သို့ ကမန်းကတန်း ပြန်၍ထွက်ခဲ့လိုက်သည်။


"ဘုရား ..ဘုရား အဘိုး များမကျွတ်သေးလို့လား " သလင်းဖြူ ကိုယ့်ဘာသာ တစ်ယောက်တည်း ပြောဆိုရင်းမှ ကြောက်စိတ်ဝင်လာသောကြောင့် စက်ဘီးပေါ်တက်နင်းပြီး ခြံတံခါးဝနားသို့ စီးလာခဲ့လိုက်သည်။တံခါးဝသို့ ရောက်သောအခါ မောင်လုံး ရပ်နေမြဲရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် 


"အစ်ကိုရေ သော့ရှိတယ် မဟုတ်လား ...တံခါးလေး ခဏလောက်ဖွင့်ပေးပါလားဟင် "


~~~~~~~~~~~~~~~~

     ရွာလမ်းတစ်လျှောက် စက်ဘီးနင်းလာခဲ့ရင်းမှ သလင်းဖြူ အံ့သြပြီးရင်းအံ့သြနေမိသည်။ယခင် သလင်းဖြူ ငယ်စဉ်က အိတ်စုတ်ကလေးများသာရှိခဲ့သော ရွာကြီးသည် ယခုအခါ တိုက်ခံအိမ်များဖြင့် ပြည့်၍ နေလေသည်။သလင်းဖြူတို့နေသော ဘက်မှ အခြမ်းသည် တိတ်ဆိတ်ခြောက်ကပ် နေသော်လည်း ရွာထဲတွင်မူ ရန်ကုန်မြို့မှ ရပ်ကွက်ကြီး တစ်ခုကဲ့သို့ စည်ကား၍နေလေသည်။လမ်းဘေးတွင် စတိုးဆိုင်များ၊ ကုန်စုံဆိုင်ကြီးများနှင့် ရွှေဆိုင်မှအစရှိ လေသည်။ စျေးလမ်းလေးသဖွယ် ဖြစ်နေသော လမ်းမထက်တွင် မုန့်ဆိုင် ၊ လက်ဖက်ရည်ဆိုင်များကိုလည်း တွေ့ရ၏။ကြည့်ရသည်မှာ ရွာ၏ ဈေးတန်းသဖွယ် လမ်းမသည် တောင်ဘက်သရက်ချိုရွာအထိ လမ်းပေါက်နေပုံရသည်။သလင်းဖြူတို့ဘိုးဘွားပိုင်ခြံကြီးတည်ရှိရာ ရွာ၏အရှေ့ဘက်နှင့်တော့ လားလား မဆိုင်အောင် စည်ကား၍ နေလေသည်။ထို့ပြင် ရွာလမ်းများမှာလည်း ဟိုယခင်ကကဲ့သို့ သဲလမ်းများ မဟုတ်ဘဲ ကွန်ကရစ်လမ်းများဖြစ်သောကြောင့် စက်ဘီးစီး၍ ကောင်းလှပေသည်။သလင်းဖြူ စက်ဘီးနင်းလာရင်းမှ ငယ်သူငယ်ချင်း တစ်ယောက်တစ်လေကို တွေ့လို့ တွေ့ငြား လိုက်ကြည့်မိသော်လည်း မတွေ့ရပေ။ငယ်သူငယ်ချင်းများရွာတွင် မရှိတော့၍ပဲလား သို့မဟုတ် ရုပ်များ ပြောင်းသွားကြ၍ သူ့မမှတ်မိ၊ ကိုယ့်မမှတ်ဖြစ်နေကြသည်လား မသိ မြင်မြင်သမျှလူများသည် သလင်းဖြူအတွက် မျက်နှာစိမ်းများသာဖြစ်နေလေသည်။သို့နှင့် သလင်းဖြူ စက်ဘီးကို စာသင်ကျောင်းရှိရာလမ်းဘက်ဆီသို့ မှန်းဆ၍နင်းလာခဲ့သည်းရှစ်နှစ်ဆိုသော အချိန်အတွင်း၌ မိုးနှဲ ရွာကြီးသည် မမှတ်မိချင်စရာကောင်းလောက်အောင် ပြောင်းလဲ၍နေခဲ့သည် ...။


~~~~~~~~~~~~~~~~~~

    မုန်းဆ၍ နင်းလာခဲ့သော လမ်းမသည် စာသင်ကျောင်းသို့သွားသော လမ်းမှန်ဖြစ်နေသောကြောင့် သလင်းဖြူကျေနပ်သွားမိသည်။ပြီးနောက် စက်ဘီးကို စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများကြားရှိ လမ်းဘက်သို့ ချိုးကွေ့၍နင်းလာခဲ့သည်။ထိုအခါ သလင်းဖြူတို့ ငယ်စဉ်က သစ်ပင်ဝါးပင်ကြီးများနှင့် ကြောက်စရာကောင်းလှသော တောလမ်းကြားသည် ယခုအခါ၌မူ သူငယ်ချင်းဖြစ်သူ စိုင်းလွှမ်း ပြောသကဲ့သို့ပင် မုန့်ဆိုင်တန်းလေးများဖြင့် စည်ကားနေသည်ကို တွေ့ရလေသည်။သလင်းဖြူ စက်ဘီးကို ဆက်၍ နင်းခဲ့ပြီးလျှင် မိုးနှဲရွာ၏ ဆုတောင်းပြည့်ဘုရားကြီး ဘေးမှ လမ်းအတိုင်း ဆက်၍ နင်းခဲ့သည်။ဘုရားကြီးကိုကျော်လွန်လာသည်စျေးဆိုင်တန်းများမှာ မရှိတော့ဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ၏ အနောက်ဘက်ရှိ ကုက္ကိုစုကွင်းသို့ရောက်ရှိလာခဲ့လေသည်။


  "ကလင် ...ကလင် ...ကလင် "


     အကြီးဆုံး ကုက္ကိုပင် ကြီးအောက်တွင် စက်ဘီးကို ရပ်လိုက်ပြီး သလင်းဖြူ စက်ဘီးဘဲလ်ကို နှိပ်လိုက်သည်။ပြီးလျှင် တောင်မြောက်အရပ်လေးပါးသို့ ကြည့်လိုက်သော်လည်း သူငယ်ချင်းစိုင်းလွှမ်း၏အရိပ်အယောင်သော်ကိုမျှမတွေ့ရသောကြောင့် သလင်ဖြူ ကန်မောင်နှမရှိရာသို့ ငေးကြည့်လိုက်မိပြီး ငယ်စဉ်က အဖြစ်အပျက် အချို့ကို သတိရလိုက်မိလေသည်။


~~~~~~~~~~~~~~~~~~


  "ဖိုးသက်ပြင်းလေး အနောက်ဘက် တောအုပ်ထဲ ရောက်သွားပြန်ပြီးတဲ့ "


" ဟာ  ဒုက္ခပါပဲ ..အတန်းကြီးက ကောင်လေးတွေကို ဖိုးသက်ပြင်းကို သွားခေါ် ဖို့ လွှတ်ကြပါအုံး "


      ဖိုးသက်ပြင်းတစ်ယောက် ကျောင်းနောက် ဘက်ရှိ ကုက္ကုစုကွင်း နောက်မှ တောအုပ်ထဲသို့ ရောက်နေပြန်ပြီ ဆိုသော သတင်းမှာ တစ်ကျောင်းလုံးသို့ပျံ့နှံ့သွားသည်။


      ဆိုရလျှင် အသက်ခုနစ်နှစ်ဆိုသောအရွယ်သည် အပူအပင်ကင်းကင်းနှင့်ရှိနေရမည့် အရွယ်သာ ဖြစ်လေသည်။သို့သော်လည်း ဖိုးသက်ပြင်းခေါ် စိုင်းလွှမ်း၏ ဘ၀မှာမူ အရွယ်နှင့်မမျှအောင် ဒုက္ခမျိုးစုံ ကြုံခဲ့ရလေသည်။အမှန်အားဖြင့် စိုင်းလွှမ်းသည် ပစ္စည်းဥစ္စာကြွယ်ဝသော မိဘနှစ်ပါး၏ တစ်ဦးတည်းသော သားလေး ဖြစ်သော်လည်း ရုပ်ရည်ချောမောသလောက် ရှုပ်ပွေ့လှသော ဖခင်ဖြစ် သူ့ကြောင့် စိတ်ဆင်းရဲသောကများ နှင့်ပြည့်နေခဲ့ရသော ကလေးဖြစ်ခဲ့သည်။မိခင်ဖြစ်သူမှာလည်း ရှုပ်ပွေလှသော ယောကျာ်းဖြစ်သူကို မကွာရှင်းဘဲ သည်းခံ၍ပေါင်းခဲ့သူဖြစ်သည်။စိုင်းလွှမ်း၏ ဖခင်သည် စိုင်းလွှမ်း၏မိခင်အပေါ် အင်မတန်မှ အနိုင်နိုင့်ဗိုလ်ကျသူ ဖြစ်လေသည်။စိုင်းလွှမ်း၏ မိခင်မှာ အမြဲလိုလိုအရိုက်အနှက် ခံနေရသည်ကို တစ်ရွာလုံးကို သိသော်လည်း ကိုယ်နှင့် မဆိုင်ဟုဆိုလျက် ဥပေက္ခာပြုခဲ့ကြလေသည်။သည်သို့နှင့် စိုင်းလွှမ်း၏ ဖခင်သည် ရွာထဲတွင် အောက်လမ်း စုန်းအတတ်ပညာများ တတ်ကျွမ်းသည်ဟုနာမည်ထွက်နေသော ဒေါ် မှဲ့ကြီး၏သမီး မယ်သီဆိုသောအမျိုးသမီးနှင့် ရပ်သိရွာသိ တွဲခဲ့ပြီးလျှင် ဇနီးဖြစ်သူကို မောင်းထုတ်ဖို့ရန် ကြိုးပမ်းခဲ့သည်။ထို့အတောအတွင်း၌ စိုင်းလွှမ်းသည် ထိုဝေဒနာများကို မခံစားနိုင်သည့်အလား ကျန်းမာရေးချူချာလာပြီးလျှင် တစ်နေ့သော အခါတွင် သေဆုံးသွားခဲ့လေသည်။ထိုစဉ်က စိုင်းလွှမ်းမှာ အသက်ခြောက်နှစ်မျှသာ ရှိပေသေးသည်။

    စိုင်းလွှမ်း၏ မိခင်သည် သေဆုံးသွားပြီဖြစ်သော စိုင်းလွှမ်း၏ သက်မဲ့ ခန္ဓာကိုယ်ကို သင်္ဂြိုဟ်ခွင့်မပေးဘဲ သုံးရက်လုံးလုံး မျက်နှာကို တစိမ့်စိမ့်ကြည့်လျက် ငူငူချည်းပင် ထိုင်၍ ကြည့်နေသည်ကို တစ်ရွာလုံး သိရှိကြလေ၏။   


     သုံးရက်မြောက်သောနေ့တွင် စိုင်းလွှမ်း၏ ခန္ဓာကိုယ်ကို မြေမြှုပ်သင်္ဂြိုဟ်ရန်အတွက် စိုင်းလွမ်း၏မိခင်ကို ရွာဦးဘုန်းကြီးကပင် တရားချ၍တောင်းခဲ့ရလေသည်။သည်သို့နှင့် မြေချရန်အတွက် အခေါင်းဖုံးကို ပိတ်ဖို့လုပ်နေစဉ်တွင် စိုင်းလွှမ်းမှာ မျက်လုံးဖွင့်ကြည့်လာပြီးလျှင် "အမေ ''ဟု ခေါ်လိုက်သည်ကို အားလုံး တွေ့မြင်ကြားသိခဲ့ရလေသည်။ထိုနေ့မှစ၍ စိုင်းလွှမ်းဆိုသော နာမည်အစား "ဖိုးသက်ပြင်း "ဟု၍ အများက ခေါ်ခဲ့ကြလေသည်။သို့သော်လည်း ဖိုးသက်ပြင်းခေါ် စိုင်းလွှမ်း၏ ကံကောင်းခြင်းသည် ကြာရှည်ခြင်းမရှိခဲ့ပါလေ။စိုင်းလွှမ်း တစ်ယောက် ပြန်၍ကျန်းမာသန်စွမ်းလာပြီး မကြာခင်မှာပင် သူ၏မိခင်ဖြစ်သူသည် ရောဂါ မည်မည်ရရ မရှိပါဘဲ သေဆုံး၍သွားခဲ့လေသည်။ရောဂါရှာမရဟု ဆိုသော်လည်း ရွာသူရွာသားအချို့၏ စိတ်တွင်း၌ ကိုယ့်မိသားစုအရေးမဟုတ်၍  မသိဟန်ပြု၍နေခဲ့ကြသော်လည်း ဒေါ်မှဲ့ကြီးတို့သားအမိက အောက်လမ်းပညာဖြင့် သတ်လိုက်သည်ဟု ယုံကြည်ကြလေသည်။


ထိုအချိန်မှစ၍ စိုင်းလွှမ်းသည် "ကုက္ကို စုကွင်း နောက်ရှိ တောအုပ်ထဲမှ သူ၏ အမေက သူ့ကို လှမ်းခေါ်နေတယ် "

ဟုဆိုသော စကားကို မကြာခဏပြော၍ လာလေသည်။


~~~~~~~~~~~~~~~~~~~~


" လူကောင်းကြီးတဲ့ သူတွေပဲ ထွက်ကြ .... ဟေ့ အငယ်တွေ မလိုက်သွားနဲ့ ... သူ့အဖေရော လာပြီလား .."   


       လက်ငါးချောင်း ပင်မပြည့်သော ဆရာ၊ ဆရာများမှာ ကျောင်းသားကြီး အချို့ကို ခေါ်ဆောင်လျက် ကုက္ကိုစုကွင်း အနောက်ဘက်တောအုပ်ရှိရာသို့ ထွက်သွားကြလေသည်။


       ထိုသို့အချိန်မျိုး၌ သလင်းဖြူသည် ကြောက်လွန်း၍ ငိုနေမိသော်လည်း သူငယ်ချင်းဖြစ်သူကို စိုးရိမ်လွန်း၍ ကျောင်း နောက်ဘက်ရှိ ပြတင်းပေါက်မှ တို့ဝှေ့၍ ကြည့်ခဲ့မိသလို နှုတ်မှလဲ အများနည်းတူ သူငယ်ချင်း၏နာမည်ကို အာခေါင်ခြစ်၍ ခေါ်ခဲ့ပါလေသည်။


" စိုင်းလွှမ်းရေ ....ဒီကို ပြန်လာခဲ့လေ ...အဲ့ဒါနင့်အမေမဟုတ်ဘူး "


"ဖိုးသက်ပြင်းရေ ...ပြန်လာခဲ့လေ ...ငါတို့နဲ့ အတူ ဆော့ရအောင် "


"ဟယ် ... ဟိုမှာ တွေ့လား တောအုပ်ထဲမှာ အစိမ်းရောင် ဝမ်းဆက်နဲ့မမတွေလှမှလှပဲ "


" ဘယ်မှာလဲ ... မတွေ့ဘူး "


"ဟုတ်တယ် ...ငါလဲ တွေ့တယ်ဟ "


     ကျောင်းသားများ၏ တစ်ယောက်တစ်ပေါက် အော်သံများကြားတွင် သလင်းဖြူလည်း မျက်လုံးအစုံကို ပြူးကျယ်လျက် ကြည့်ရှုခဲ့ပါသည်။ သို့သော် တောအုပ် အစာမှနေ၍ စိုင်းလွှမ်းကိုလှမ်းခေါ် ဖို့ ကြိုးစားနေကြသော ဆရာဆရာမများ၊ ကျောင်းသားကြီးများနှင့် တောအုပ်လေး၏ အ၀င်နားရှိသစ်ပင်ကြီးအောက်တွင် အသိမဲ့သူကဲ့သို့ ရပ်နေသော သူငယ်ချင်းဖြစ်သူကို စိုင်းလွှမ်းကိုသာ တွေ့မြင်ရပါလေသည်။ထိုသို့လူခေါ်ပွဲသည် တစ်ခါတစ်ရံတွင် ဟိုဘက်သည်ဘက် ခဲလုံးများ၊ တုတ်ကျိုးများနှင့် ပစ်ပေါက်သည့်အခြေအနေသို့ပင် ရောက်ရှိတတ်ပါလေသည်။ထူးဆန်းသည်မှာ ကျောင်းသားများ ဘက်မှ ပစ်လိုက်သော ခဲ၊ တုတ်များဖြင့်ပင် တောအုပ်ဘက်မှ ပစ်သူကို မတွေ့ရပါဘဲ ပြန်၍ ဝဲပျံလာသည်ကိုမူ သလင်းဖြူ တွေ့မြင်ခဲ့ရပါလေသည်။ကံကောင်းသည်မှာ ခဲများ ဘယ်လောက် ပစ်ပစ်စိုင်းလွှမ်းကို ခဲတစ်လုံးတစ်လေမျှ မထိခြင်းပင်ဖြစ်ပါလေသည်။ပြီးလျှင် ထိုသို့ အဖြစ်အပျက်များမှာ အမြဲတစေဖြစ်နေခြင်းမျိုး မဟုတ်ဘဲ တစ်လတစ်ခါလောက်မှ ဖြစ်ခြင်းမျိုးဖြစ်လေသည်။နောက်ပိုင်း၌မူ စိုင်းလွှမ်း တစ်ယောက်တည်း မဟုတ်တော့ဘဲ .ကျောင်းသူကျောင်းသားအချို့လည်း စိုင်းလွှမ်းကဲ့သို့ တော့အုပ်အဝင်ဝသို့ ရောက်သွားတတ်ပြီး လူအုပ်စုနှင့် မနည်း ပြန်၍ ခေါ်ခဲ့ကြရလေသည်။သလင်းဖြူကဖြင့်မူ ထိုသို့ အဖြစ်မျိုးကို မကြုံဖူးပါလေ။ ကြုံစရာလဲ အကြောင်းရှိမည်မဟုတ်ပေ။အဘယ့်ကြောင့်ဆိုသော် သလင်းဖြူသည် ကျောင်း ရောက်လျှင် အိမ်သာလည်း မသွားသလို ကုက္ကိုစု ကွင်းသို့လည်း သွား၍ ဆော့ကစားခြင်း မရှိသောကြောင့်ပါပင်။ယုတ်စွအဆုံး ရွာထဲမှ ဥစ္စာစောင့် ဝင်စားသူ ရှိသည်ဆိုသော အိမ်ရှေ့မှပင် လမ်းလျှောက်လေ့မရှိသောကြောင့် ဖြစ်ပါလေသည်။


" ဟိတ်..ဘာတွေးငေးနေတာလဲ  "


"အမယ်လေး "


       သလင်းဖြူ ကိုယ့်အတွေးနှင့်ကိုယ် ငေးမောနေမိစဉ်မှာပင် နောက်ပါးဆီမှ ရုတ်တရက် အသံကြားလိုက်ရသောကြောင့် လန့်ဖျပ်၍ အော်လိုက်မိပြီး နောက်သို့ လှည့်ကြည့်လိုက်မိလေသည်။ထိုအခါ ကုက္ကိုပင်ကြီး ဘေးတွင် ရပ်နေသော ဦးထုပ်ဆောင်းထားသော ဖြူဖြူသွယ်သွယ်နှင့် ကြည့်ကောင်းသော ဟန်ပန်ရှိသည့် အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသောကြောင့် သလင်းဖြူ မဝံ့မရဲနှင့်မေးလိုက်မိသည်။


"ရှင် ...ရှင်က ဘယ်သူလဲ ...စိုင်းလွှမ်းလားဟင် 

"


"ဟာ ...တကယ်ကြီး မမှတ်မိတာလား ဖြူလေးရာ"


"ဟယ် ....ဆောရီ သူငယ်ချင်းရာ ...မနေ့ညက နင့်မျက်နှာကို ငါသေချာမမြင်လိုက်ရဘူးလေဟာ ...ဒါနဲ့ နင်တကယ် ရောက်လာတာပဲနော် ... နင်ဘယ်မှာနေတာလဲ ..ဘုန်းကြီးကျောင်းမှာနေတာလား "


     သလင်းဖြူက စိုင်းလွှမ်းကိုကြည့်ပြီး သိချင် စိတ်ဖြင့် မေးလိုက်သည်။


"ဒါတော့ မမေးနဲ့ လေ ဖြူလေးရာ ....တော်ကြာ ငါက ဟိုတောအုပ်ထဲက ငါ့အမေဆီမှာနေတာလို့ ပြောရင် မင်းလန့် ပြေးသွားမှာစိုးလို့ " 


" ဟာ ...နင်ကလဲ ပေါက်ကရ ... ခြောက်ဖို့ လှန့်ဖို့ဆို ရှေ့ဆုံးကပဲ ..ဘာလဲ ငါ့ကို ငယ်ငယ်တုန်းကလို ကြောက်မှာမဟုတ်တော့ဘူးလို့ ထင်နေတာလား "


       စိုင်းလွှမ်း၏ပြုံးစစနှင့်မျက်နှာသွင်ပြင်ကို ကြည့်ပြီး သလင်းဖြူကလည်း ပြန်၍စနောက်လိုက်သည်။


" အင်း ငါလဲ မင်းနဲ့တွေ့မှပဲ ပျော်သလိုလိုရှိလာတော့တယ် ဖြူလေးရယ် "


 "ငါလဲ တူတူပါပဲဟာ ... စိတ်တွေရှုပ်နေတာ... နင်နဲ့တွေ့မှပဲ ပြုံးနိုင်တာ "


       သလင်းဖြူ၏ စကားကြောင့် စိုင်းလွှမ်းက သလင်းဖြူ၏ မျက်နှာကို စူးစိုက်၍ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်လေသည်။


"ဒါနဲ့  မင်းတို့အဘိုးဆုံးတုန်းကတောင် မင်းများလာမလားဆိုပြီး ငါက မျှော်နေသေးတာ ...အဲ့ဒီတုန်းကတောင် မလာဘဲ ... အခုမှ တစ်ယောက်တည်း ရောက်လာတာ ထူးဆန်းတယ်နော် ...ဧကန္တ မြို့မှာ အသည်းကွဲလာတာလား "


"အမယ်လေး ပေါက်ကရတွေ ပြောတတ်ပ သူငယ်ချင်းရယ် ...ငါဘာလို့လာလဲ အမှန်တိုင်းပြောရမလား "


"အင်း ... ပြောလေ "


"အမွေ လာတောင်းတာဟ ''


"ဘယ် ...ဘယ်လို ဖြူလေး ...အမွေလာတောင်းတာ ဟုတ်လား "


     စိုင်းလွှမ်းက အံ့ဩသွားဟန်ဖြင့် မေးလိုက်လေသည်။


"တကယ်ပြောတာ...ငါ့အဖေလဲ နောက်အိမ်ထောင်ပြုလိုက်ပြီလေ ... ငါ့အမေရဲ့ နေရာမှာ တခြားမိန်းမတစ်ယောက် ရောက်နေတာကို မကြည့်ချင်ဘူးဟာ ....အဲ့ဒါကြောင့် သတိရရင်တောင် ချက်ချင်းပြန်လို့မရတဲ့ နိုင်ငံရပ်ခြားကို ထွက်သွားမလို့လေ ...အဲ့ဒီအတွက်ငွေလိုနေလို့ အမွေတောင်းမယ်ဆိုပြီး ရောက်လာခဲ့တာပဲ "


"ဟူး ... မင်းအဖြစ်က လွယ်ပါ့မလား ဖြူလေးရယ် "


"မသိပါဘူးဟာ ... လွယ်တော့ လွယ်မယ် မထင်ဘူး ... ကြီးကြီးက ငါ့ကို ရွှေရည်ဝင်းနဲ့ အလုပ် လိုက်လုပ်ဖို့ ပြောနေတယ် ...ဒါနဲ့ ရွှေရည်ဝင်း က ဘာလုပ်တာလဲ သိလား...ကျန်တဲ့သူတွေရော ဘာအလုပ်တွေလုပ် ကြာတာလဲ နင်သိလားဟင် စိုင်းလွှမ်း "


       သလင်းဖြူက စိုင်းလွှမ်းကို မေးလိုက်သည်။


"ဘယ်လို ... သူတို့ ဘာအလုပ်တွေ လုပ်ကြလဲ တကယ်မသိဘူးလင်း "


"အင်း ...မသိပါဘူးဆို "


        စိုင်းလွှမ်း၏ အမေးကို သလင်းဖြူက ခေါင်းခါပြလိုက်ပြီး ပြန်ဖြေလိုက်သည်။


"ရွှေရည်ဝင်းတို့ သားအမိနဲ့ မင်းတို့ ကြီးတော်အပျိုကြီးက ရက်ကန်းရုံကြီး ထောင်ထားတယ်လေ....မင်းဘကြီး ဦးမြင့်အေးနဲ့ အစ်ကိုဇော်ထိုက်က ခြံလုပ်ငန်း လုပ်တယ် သစ်သီး ခြံတွေမှ အများကြီးပဲ ...ပြီးတော့ ဒေါ်ကြီးခင်အေးနဲ့ သူ့ယောကျာ်းက ရွာလယ်မှာ ကုန်ခြောက်ဆိုင်ကြီး ဖွင့်ထားတယ်လေ ... "


"ဟုတ်လား ... ဘာမှကို မသိဘူး "


"ဒါနဲ့   အစ်ကိုစိုင်းရန်နိုင်က ဘယ်မှာလုပ်နေလဲ မသိဘူးနော် "


"သလင်းဖြူ ...သလင်းဖြူ မဟုတ်လား ....မင်းဒီမှာဘာလုပ်နေတာလဲ "


" ဟင် အစ်ကိုစိုင်းရန်နိုင် "


       သလင်းဖြူသည် ရုတ်တရက် ခေါ်သံကြားလိုက်ရသောကြောင့် ကြည့်လိုက်သောအခါ အစ်ကိုဝမ်းကွဲဖြစ်သူစိုင်းရန်နိုင်ကို တွေ့လိုက်ရသဖြင့် ဘေးနားမှ သူငယ်ချင်းစိုင်းလွှမ်းကို ငဲ့ကြည့်လိုက်မိသောအခါ စိုင်းလွှမ်းတစ်ယောက် နေရာမှာ မရှိတော့သည်ကို တွေ့လိုက်ရလေသည်။


=====================


 အပိုင်း ( ၅ ) ဆက်ရန်


ဧကြည်ဖြူ


rate now: