book

Index 3

အပိုင်း ( ၃ )

ဧကြည်ဖြူ


" အဝါရောင် ရဲတိုက် "


********************


" ဒေါက် ... ဒေါက် ..."


  

       ခြေသံကို နားစိုက်ထောင်နေစဉ်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသောကြောင့် သလင်းဖြူ အိပ်ရာပေါ်မှ လူးလဲထလိုက်ပြီး အခန်းတံခါးဝနားဆီသို့ လျှောက်သွားလိုက်ပြီး တံခါးကိုဖွင့်ပေးလိုက်သည်။


"ကြီးကြီးကြည်အေး "


  

       သလင်းဖြူ အခန်းတံခါးကိုဖွင့်လိုက်သောအခါ ကြီးတော် အပျိုကြီးကို တွေ့လိုက်ရသောကြောင့် ရွံ့တွန့်တွန့်ဖြစ်သွားမိလေသည်။


"ခဏ ထိုင်အုံး ပြောစရာရှိလို့ "


      ဒေါ်ကြည်အေးသည် ကိုယ်တိုင်က မှန်တင်ခုံရှေ့ရှိ ဖင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် သလင်းဖြူကို ခုတင်ထက်တွင် ထိုင်ခိုင်းလိုက်လေသည်။


"ပွင့်ပွင့် လင်းလင်းပဲပြောမယ် ... အဘိုးဖြစ်သူဆုံးတုန်းကတောင် မင်းမလိုက်လာခဲ့ဘဲနဲ့ ခုမှလာတယ်ဆိုတော့ ....မင်းလဲ လိုချင်တာရှိလို့ လာခဲ့တယ်ဆိုတာကြီးကြီးသိတယ် ... အေး ... ခုချိန်မှာတော့ မင်းလိုချင်တာကို မရနိုင်သေးဘူး....ဒါပေမဲ့ မပူပါနဲ့ အချိန်တန်ရင် ပေးမှာပါ ...မင်းသိထားဖို့က မရခင်စပ်ကြားမှာ မလိုအပ်တဲ့နေရာတွေမှာ ဝင်မပါဘဲ နေပါ ... မင်းရဲ့ အကူအညီ လိုအပ်တဲ့ အခါမျိုးမှာ လူရောစိတ်ပါ တက်တက်ကြွကြွပါဝင်ပေးပါ ... အေး ဘာမှမလုပ်ရင်တော့ ဘာမှ ရမှာမဟုတ်ဘူးပေါ့ ...ကဲ ...ကဲ ဒါပဲ..ကိုယ့်အခန်းထဲမှာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေနော် .... ရှုပ်ရှုပ်ယှက်ယှက်လုပ်တာမျိုးကို ကြီးကြီး မကြိုက်ဘူး ဟုတ်ပြီး လား ...ကဲ ရေချိုးဖို့ပြင်တော့ ...."


"ဟုတ် ...ဟုတ်ကဲ့ပါ ကြီးကြီး "


       ကြီးတော်ဖြစ်သူပြန်ထွက်သွားသည်နှင့် သလင်းဖြူအိပ်ရာပေါ်ကို ဝုန်းခန် ပြန်လှဲချပစ်လိုက်သည် ။လာတုန်းကတော့ မျှော်လင့်ချက် အပြည့်နှင့် အားခဲပြီး လာခဲ့ခြင်းဖြစ်သည်။ပြောမည်ဟု စီစဉ်စိတ်ကူးထားခဲ့သော စကားလုံးများသည်လည်း မည်သည့အရပ်သို့ လွှင့်ပျောက်သွားသည်မသိပါလေတော့။ကိုယ်တိုင် မပြောရဲလျှင် အဒေါ်ဖြစ်သူနှင့် ဦးလေးဖြစ်သူကို အကူအညီတောင်းမည်ဟု ထွေးထားခဲ့သော်လည်း စိတ်ကူးနှင့်လက်တွေ့ လွဲချော်ခဲ့လေပြီ။ယခုပုံအတိုင်းဆိုလျှင် ဤအရပ်တွင် အချိန်အတာတစ်ခုအထိနေရမည့် သဘောမှာရှိလေသည်။


~~~~~~~~~~~~~~~~~~~~

    အခန်းထဲတွင် အသင့်ထားပေးထားသော တဘက်ကို ခန္ဓာကိုယ်ပေါ်တွင် ခြုံလွှမ်းလိုက်ပြီးနောက် အိတ်ထဲမှ ဆပ်ပြာနှင့် သွားတိုက်ဆေးကို ယူထုတ်ကာ ရေချိုးခန်းရှိရာဆီသို့ သလင်းဖြူလျှောက်လာခဲ့သည်။


     ရေချိုးခန်းဆီသို့ သွားရာ စင်္ကြန်တစ်လျှောက်၌ မီးများဖြဲင့် ထိန်ထိန်လင်းနေသော်လည်း တိတ်ဆိတ်ခြောက်ကပ်၍ နေလေသည်။ဤအထပ်ရှိ အခန်းတစ်ခန်းခန်းတွင် ညီမ၀မ်းကွဲဖြစ်သူရှိသော်လည်း ဘယ်အခန်းမှန်း မသိရဘဲ လူမရှိသကဲ့သို့ပင် တိတ်ဆိတ်၍နေလေသည်။သလင်းဖြူ စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့ရင်းမှ အခန်းများကိုရေတွက် လာခဲ့သည်။သလင်း ဖြူ အတွက် အခန်းသည် တိုက်၏ အနောက်ဘက်ခြမ်းသို့ သွားသော စင်္ကြန်လမ်း၏ ထောင့် ကွေ့ တစ်ခန်းကျော်တွင် ရှိသည်။အရှေ့ဘက်တွင်လည်း အခန်းများရှိသေးလေသည်။ခန့်မှန်းခြေအရ အခန်းဆယ်ခန်းနီးပါးခန့် ရှိလိမ့်မည်ထင်သည်။

     စင်္ကြန် လမ်းဆုံး၍ ရေချိုးခန်းနှင့် အိမ်သာခန်းများဆီသို့ ရောက်သောအခါ သလင်းဖြူ အံ့ဩချီးကျူးလိုက်မိလေသည်။ရေချိုးခန်းလေးခန်းနှင့် အိမ်သာလေးခန်းကိုတွေ့ရလေသည်။အခန်းများသည် သန့်ရှင်းပြောင်လက်နေရုံမျှမကဘဲ ယောကျာ်းမိန်းမသီးသန့်အခန်များခွဲထားလေသည်။သလင်းဖြူ ရေချိုးခန်းတစ်ခန်းထဲသို့ဝင်လိုက်သည်။အခန်းထဲသို့ရောက်သောအခါ မွှေးပျံ့သောရနံ့တစ်မျိုးကို ရလိုက်သည်။ရေတစ်ခွက်ကိုခပ်ပြီး ခြေဖဝါးမှ စ၍လောင်းချလိုက်သည်။ပြီးနောက် ဒူးခေါင်းမှနေ၍ ရေများကို တစ်ခွက်ပြီးတစ်ခွက်ခပ်ပြီး လောင်းချလိုက်သည်။ခန္ဓာကိုယ်တစ်ခုလုံးအေးမြ၍သွားလေသည်။


"ပတောက် .... ပတောက် ...ပတောက် "


      သလင်းဖြူ ဆပ်ပြာတိုက်နေစဉ်မှာ ဘုံဘိုင်ခေါင်းမှ ရေကျသံလိုကြားလိုက်ရသောကြောင့် ခေါင်းကို မတ်ပြီး နားစွင့် ကြည့်လိုက်မိသည်။အသံသည်ဘေးအခန်းမှလိုလို ၊ ပြတင်းနံရံကို တစ်ခုခုက လာကုတ်ခြစ်နေသကဲ့သို့ အသံမျိုး ဖြစ်လေသည်။နားစိုက် ထောင်လိုက်သောအခါ အသံက ပျောက်သွားလေသည်။သလင်းဖြူ ရေကို ခေါင်းပေါ်မှ တဝုန်းဝုန်းလောင်းချိုးပစ်လိုက်သည်။ 

     ရေချိုး၍ပြီးသွားသောအခါ ခေါင်းကို တဘက်နှင့် ခေါင်းပေါင်းလိုက်ပြီး ထွက်ခဲ့လိုက်သည်။


"ဖြန်း....ဖြန်း "


     သလင်းဖြူ ရေချိုးခန်းထဲမှ ထွက်လာစဉ် ဘေးအခန်ဆီမှ ရေချိုးသံကို ကြားလိုက်ရသည်။ကြည့်ရသည်မှာ  သလင်းဖြူ၏ ညီမတစ်ဝမ်းကွဲဖြစ်သူ ရေချိုးနေခြင်းဖြစ်မည်ထင်သည်။


~~~~~~~~~~~~~~~

 " ကျွီ "


"အမေ့ "


      ကိုယ့်အခန်းရှိရာသို့ သလင်းဖြူလျှောက်လာစဉ် ရုတ်တရက်ဆိုသလို  သံရှည်ဆွဲပြီး ပွင့်လာသော အခန်းတံခါးပွင့်သံကြားလိုက်ရသောကြောင့် လန့်ဖျပ်သွားမိလေသည်။


"ဘယ်တုန်းက ရောက်နေတာလဲ " 


       အသံကြားလိုက်ရသောအခါမှ ဘဘမြင့်၏ သမီးဖြစ်သူ ရွှေရည်ဝင်းမှန်းသိလိုက်ရသောကြောင့် ထိတ်လန့်နေသော  စိတ်များ ပြေလျော့သွားရလေသည်။


" ခုနမှ ရောက်တာ ရွှေရည် ... ရောက်ကတည်းက ရွှေရည် ကိုရှာနေတာ ...ဒါနဲ့ ရွှေရည် ရေချိုးနေတာမဟုတ်ဘူးလား "


      မတွေ့ရသည်မှာ ကြာပြီဖြစ်သော်လည်း သက်ရွယ်တူ ညီမ၀မ်းကွဲများ ဖြစ်သောကြောင့် သလင်းဖြူက ခင်မင်ရင်းနှီးစွာပင် ပြောလိုက်သည်။


"မချိုးပါဘူး ...အိပ်နေတာလေ ...ခုမှ လန့်နိုးလာတာ "


"ဟုတ်လား ...ဒါဆို ရေချိုးနေတော ဘယ်သူလဲ မသိဘူး...အပေါ်ထပ်ကို လူကြီးတွေ တက်လေ့မရှိဘူးဆို .."


  " ဪ ...အစ်ကိုတို့နေမှာပေါ့ "


         သလင်းဖြူ သိချင်စိတ်ကြောင့် မေးလိုက်သောအခါ ရွှေရည်ဝင်းကအေးဆေးစွာပင် ပြန်ပြောလေသည်။ရွှေရည်ဝင်း၏ အဖြေစကားကြောင့် သလင်းဖြူ စိတ်ထဲ ဘ၀င်မကျ ဖြစ်သွားမိလေသည်။ အစ်ကိုတွေက ယောကျာ်းလေးရေချိုးခန်းမှာ မချိုးဘဲ ဘာကြောင့်များ မိန်းခလေးခန်းထဲ ဝင်ချိုးနေရသည်ကို နားမလည်နိုင်ဖြစ်သွားမိလေသည်။ကိုယ့်အိမ်ကိုယ့်ရာနှင့် မောင်နှမသားချင်းများ ဖြစ်သောကြောင့် အလွယ်တကူဝင်ချိုးနေသည်ပင်ဖြစ်လိမ့်မည်ထင်ပါသည်။


"ဒါဆို ...မနက်မှ တွေ့မယ်နော် ...ရွှေရည်တအားအိပ်ချင်နေလို့  အိပ်တော့မယ် "


~~~~~~~~~~~~~~~~~~

"ဒေါက် ...ဒေါက် "


"ကလေးမ ...ကလေးမ ထတော့လေ ... မနက်စာ စားဖို့အချိန် ရောက်နေပြီ  ....မမကြီး ခေါ်နေပြီ ထတော့ "


        အိပ်ကောင်းနေစဉ်မှာပင် တံခါးခေါက်သံနှင့်အတူအခန်းအပြင်မှ ခေါ်သံကြောင့် သလင်းဖြူ အိပ်ချင်မူးတူးနှင့် ဖုန်းကိုကြည့်လိုက်မိသည်။ခုနှစ်နာရီ ဆိုသော အချိန်ကြောင့် သလင်းဖြူ စိတ်ထဲ ကသိကအောက် ဖြစ်သွားမိသည်။အခန်းပြင်မှ တံခါးခေါက်သံမှာလည်း တဒုန်းဒုန်းထုနေဆဲပင်ဖြစ်သည်။


"ဒုန်း ...ဒုန်း "


"ကလေးမ ... မထသေးဘူးလား "


          သလင်းဖြူ မျက်လုံးကို အားယူဖွင့်ပြီး အခန်းတံခါးဝဆီသို့ လျှောက်သွားလိုက်ပြီးလျှင် တံခါးကို ဖွင့်လိုက်သည်။


"ဟို ... ကျွန်မ မနက်စာ မစားတော့ဘူးရှင့် ...ခဏလောက် ထပ်အိပ်လို့ရမလာ ဒေါ်ကြီး "


      ဒေါ်သုန် ဆိုသော အဘွားကြီးကို မျက်နာချိုသွေးပြီး သလင်းဖြူ မေးလိုက်သည်။


"မရဘူး ကလေးမ ...ဒါက မမကြီးရဲ့ အမိန့် ဒီအိမ်ရဲ့စည်းကမ်းပဲ ...မင်းကို စောစောကတည်းက ပူစူးမကို နှိုးခိုင်းလိုက်တာ မင်းမနှိုးလို့  ငါကိုယ်တိုင် လာနှိုးတာ ...မျက်နှာမြန်မြန်သစ်ပြီး အောက်ကို ဆင်းလာခဲ့ စောစောစီးစီး မမကြီး ဒေါသထွက်ရင် မလွယ်ဘူး "


-~~~~~~~~~~~~~~~


"မြန်မြန်လာ သလင်းဖြူ ...မင်းကို စောင့်နေတဲ့သူတွေကို အားနာမှ ပေါ့ကွယ် ...အားလုံးက အလုပ်သွားကြရအုံးမှာ ''


       ထမင်းစားခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် ကြီးကြီးကြည်အေး၏ အသံနှင့်အတူ ထမင်းစားခန်းထဲတွင် ထိုင်နေကြသူများကို ကြည့်ပြီး သလင်းဖြူ၏ ခြေလှမ်းများတွန့် ဆုတ်သွားမိလေသည်။ကြီးကြီးကြည်အေးမှစ၍ ထမင်းစားခန်းတွင် ထိုင်နေကြသူများသည်  အဝတ်အစားသပ်သပ်ရပ်ရပ်သားသားနားနားနှင့့်ရှိကြလေသည်။ရွှေရည်ဝင်းဆိုလျှင် မျက်နှာတွင် သနပ်ခါး အဖွေးသားနှင့် ထက်အောက်ဆင်တူ ပန်းဆီရောင်ဝတ်စုံနှင့် အလှကြီးလှနေလေသည်။ထို့အတူ အစ်ကိုဝမ်းကွဲများဖြစ်သော ကြီးကြီးခင်အေး၏သားဖြစ်သူ ကိုဇော်ထိုက်နှင့် ဦးလေးထွန်းအေး၏သားဖြစ်သူစိုင်းရန်နိုင်တို့မှာလည်း သပ်သပ်ရပ်ရပ်ဖြင့် ဝတ်စား ပြင်ဆင်ထားသည်ကို တွေ့ရလေသည်။သလင်းဖြူမှာသာ ခါးလယ်ခန့်ရှိသော ဆံပင်များကို ဖြစ်သလို စည်းနှောင်ထားပြီးလျှင် ညဝတ်အင်္ကျီအပွနှင့် ဘောင်းဘီ ခပ်ပွပွကို တစ်ဆင်ထားပြီး ဖရိုဖရဲ ပုံစံဖြစ်နေလေသည်။


"မိန်းခလေးဖြစ်ပြီး ဒီလောက်တောင် အိပ်ရလားကွယ် ...ဒီအိမ်ရဲ့စည်းကမ်းက မနက် ခြောက်နာရီမှာ အိပ်ရာက ထကြရပြီး ... မနက်ခုနှစ်နာရီထိုးတာနဲ့ ထမင်းစားခန်းမှာ အားလုံးဆုံကြရမယ်ဆိုတာကို မှတ်ထားအုံး ..... သူ့ကို အိမ်ရဲ့ စည်းကမ်းတွေပြောပြလိုက်အုံးလေ မသုန် ....ရှင်မလဲ မမကြည်ပြောမှပဲလုပ်မှာလား ... ခုတော့ သူ့ကြောင့် အားလုံး အချိန်တွေ နောက်ကျကုန်ပြီး "


"မင်းကလဲကွာ....  သူ့ခမျာ ...မနေ့ကမှ ရောက်တာပဲ အိမ်ရဲ့ စည်းကမ်းတွေကို ဘယ်သိပါ့မလဲ "


"ယောက်ဖ ပြောတာမှန်တယ် ... ငါ့တို့ တူမလေးခမျာ မနေ့ညကမှ ရောက်တာလေ ခင်အေးရယ်...နင့်စည်းကမ်းတွေကို ဘေးဖယ်ထားစမ်း... တော်ကြာ ကလေးက မနေနိုင်ဘဲ ပြန်ပြေးသွားပါအုံးမယ် ...ကဲပါ  တူမလေး ထိုင် ... မနက် အဆာပြေဝိုင်းမှာ ဆုံရမယ်ဆိုတာ စည်းကမ်း ဆိုတာထက် တစ်နေ့လုံးမှာမှ ဒီတစ်ချိန်ပဲ မိသားစုတွေ တွေ့ဆုံစကားပြောနိုင်တဲ့အချိန်မို့ပါကွယ် ...ကျန်တဲ့အချိန်တွေကတော့ ကိုယ့်အလုပ်နဲ့ကိုယ် မဆုံဖြစ်ကြတော့လိုလေကွယ် ... ငါ့တူမလဲ နေ့လယ်စာနဲ့ ညစာကို ဗိုက်ဆာတဲ့အချိန်မှ စားလို့ရတယ် ဟုတ်ပြီလား "


     မကျေမချမ်းနှင့်ပြောဆိုနေသော ဒေါ်ခင်အေးကို သူမ၏ဖခင်ပွန်းဖြစ်သူက ၀င်ရောက်ပြောဆို လိုက်လေသည်။ထို့အတူ ဦးမြင့်အေးသည်လည်း ယောက်ဖဖြစ်သူ၏ စကားကို ထောက်ခံပြောဆိုလိုက်ပြီးလျှင် နှမဖြစ်သူကို ဟန့်တားလိုက်လေသည်။


"သမီး ရွှေရည်  အစားနည်းလှချည်လားကွယ် ... ဒီလိုသာ စားနေရင် သူများထက် နောက်ကောက်ကျတော့မှာပဲ "


     သလင်းဖြူမှာ ဟင်းပန်းကန်ဆီသို့ လက်လှမ်းရန် ဟန်ရွယ်လိုက်စဉ်မှာ ကြီးတော်ဖြစ်သူဒေါ်ခင်အေး၏ စကားသံကြောင့် လက်ကို မသိမသာ ပြုတ်ရုတ်လိုက်မိလေသည်။


      ထိုအခါသလင်းဖြူ၏ အခြေအနေကို တွေ့မြင်သွားသော ဇော်ထိုက်က မိခင်ဖြစ်သူကို တစ်ချက်မျှ မော့ကြည့်လိုက်ပြီးလျှင် သလင်းဖြူ၏ ပန်းကန်ထဲသို့ ဟင်းကိုခပ်၍ ထည့်ပေးလိုက်လေသည်။


"စားစမ်းပါ ငါ့ညီမရဲ့ ..ဘာလဲ မနက်စောစော ထမင်းစားကျင့်မရှိလို့လား ...ဒါမှမဟုတ် ရှက်နေလို့လား ...ကိုယ်မောင်နှမတွေ အချင်းချင်း ဘာရှက်စရာလိုလဲ အားရပါးရစားစမ်းပါဟာ "


      လက်ရှိ မောင်နှမဝမ်းကွဲသုံးယောက်တွင် ဇော်ထိုက်သည် အသက်အကြီးဆုံးပီပီ သလင်းဖြူကို ဝင်၍ ပြောဆိုလိုက်လေသည်။


"သားကြီး ဖိုးဇော်ပြောတာမှန်တယ် ...အားလုံးက တ၀မ်းပဲကွဲကြသေးတဲ့ မောင်နှမတွေပဲ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနေကြပါ ...ဒါပေမဲ့ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေကြပါ ... ရှုပ်ရှုပ်ယှက်ယှက်နဲ့ ပြဿနာဖြစ်တာမျိုးတွေကို ကြီးကြီး မကြိုက်ဘူးဆိုတာ အားလုံးသိကြတယ်မဟုတ်လား ...သားကြီး ဖိုးဇော်က အငယ်တွေ မသိတာကို သင်ပြပေးပါ ... ပြီးတော့ သလင်းဖြူလဲ တစ်ရက် နှစ်ရက်နားပြီးတာနဲ့ ရွှေရည်နဲ့အတူ အလုပ်ရုံကို လိုက်သွားပါ "


      ကြီးတော်ဖြစ်သူ ဒေါ်ကြည်အေး၏ စကားကြောင့် သလင်းဖြူမှာ စားနေသော ထမင်းပင် လည်ချောင်းဝတွင် တစ်ဆို့သွားသလို ဖြစ်သွားရလေသည်။ 


~~~~~~~~~~~~~~~~~~

       မနက်စာ စားပြီးကြ သည်နှင့် အားလုံးမှာ အသီးသီးထွက်သွားကြသောကြောင့် သလင်းဖြူတစ်ယောက်တည်း ပျင်းရိငြီးငွေ့စွာ အိပ်ခန်းရှိရာဆီသို့ ပြန်တက်လာခဲ့မိလေသည်။

      အပေါ်ထပ်သို့ရောက်သောအခါ အိပ်ရာပေါ်သို့ စိတ်ပျက်လက်ပျက် နင့်လှဲချလိုက်မိသည် ။ သလင်းဖြူ မိုးနှဲရွာကို လာခဲ့သည့် အစီအစဉ်ထဲတွင် ရောက်ပြီး နှစ်ရက်အတွင် နိုင်ငံခြားသွားဖို့အတွက် ငွေထုတ်ချေးပေးရန်ပြောမည်။ပြီးလျှင် အမြန်ဆုံး ရန်ကုန်သို့ ပြန်မည်ဟု အစီအစဉ်ဆွဲထားခဲ့သည်။ယခုမူ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဆိုသည်ကဲ့သို့ပင် ကြီးတော်များ၏ အမူအရာများကို ကြည့်ပြီး နှုတ်မှ ပြောထွက်ဖို့ရန် ဝန်လေးနေမိသည်။ဘကြီးဖြစ်သူမှာ ပြောရဆိုရ လွယ်မည့်ပုံပေါ်သော်လည်း ဘကြီး၏ဇနီးဖြစ်သူမှာ မျက်နှာထားတင်းတင်းကြီးနှင့် ဘကြီးနားတွင် ရှိနေတတ်သည်ကို တွေ့ရသောကြောင့် ပြောဖို့ရန်အတွက် သလင်းဖြူ ဝန်လေးမိလေသည်။ရန်ကုန်မှ ထွက်လာစဉ်က စစ်ကူတောင်းမည်ဟု စိတ်ကူးထားခဲ့မိသော ဦးလေးဖြစ်သူနှင့် အဒေါ် သည်လည်း ဘယ်အချိန်ဘယ်အခါမှ ပြန်လာလိမ့်မည် မသိရပေ။စီစဉ်ထားသမျှသည် အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရပေပြီ။အလုပ်ကို ထွက်စာတင်၍ ထွက်ခဲ့ပြီးပြီ ဖြစ်သောကြောင့် လာမောကြီးဘ၀မျိုးဖြင့် တပ်ခေါက်ပြန်၍တော့ ဖြစ်မည်မထင်ပေ။ငွေထုတ်ပိုက်၍ ပြန်နိုင်ရန်အထိ လူကြီးများ မျက်စိကျအောင် ကြိုးစားနေထိုင်ရလိမ့်မည်ထင်သည်။


~~~~~~~~~~~~~~~~~~~~


       ပျင်းပျင်းရှိသည်နှင့် သလင်းဖြူ ခြံထဲသို့ ဆင်းလာခဲ့သည်။ခြံထဲသို့ ရောက်သောအခါမှ မနေ့က ကြုံဆုံခဲ့ရသော ခွေးကြီးနှစ်ကောင်ကို သတိရလိုက်မိသောကြောင့် တိုက်ကြီးထဲသို့ ကမန်းကတန်း ပြန်ဝင်ခဲ့မိသည်။ပြီးနောက် တိတ်ဆိတ်နေသော အိမ်ကြီးတဲတွင် တစ်ယောက်ယောက်ကို တွေ့လိုတွေ့ငြား ရှာဖွေကြည့်လိုက်မိသည်။အောက်ထပ်တစ်ခန်းလုံးတွင် ဧည့်ခန်းကျယ်ကြီးနှင့် အိမ်ထောင်ပစ္စည်းများဖြင့် ပြည့်နေသောအခန်းများ၊ သော့ခတ်ထားသော အခန်းအချို့ကိုတွေ့ရလေသည်။


"ဖျပ်....ဖျပ် "


     ပိတ်ထားသော အခန်းတစ်ခန်းရှေ့သို့ အရောက်တွင် စာရွက်လှန်သံကဲ့သို့အသံမျိုးကို ကြားလိုက်ရသောကြောင့် သလင်းဖြူ အခန်းတံခါးနားသို့ နားကိုကပ်၍ နားထောင်လိုက်သည်။ နားစိုက်၍ ထောင်လိုက်သောအခါ အသံမှာ ပြန်လည် တိတ်ဆိတ်သွားလေသည်။အထဲမှ ဘာသံမှ မကြားရတော့သောကြောင့် သလင်းဖြူလှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင်


"ဖျပ် ...ဖျပ်...ဖျပ် "


        ဖျတ်ခနဲ ကြားလိုက်ရသော အသံကြောင့် သလင်းဖြူ တစ်ကိုယ်လုံး ဆတ်ခနဲတုန်သွားမိပြီး အခန်းတံခါးနားသို့ နားကပ်၍ နားထောင်လိုက်ကာ ခပ်တိုးတိုး အသံပြုလိုက်မိသည်။


"အထဲမှာ လူရှိလား ... ဘဘကြီးလား ...ကြီးကြီးလားဟင် "


"ဟိတ် ... မင်းဒီမှာ ဘာလုပ်နေတာလဲ ... ကိုယ်နဲ့ မဆိုင်တဲ့ အခန်းတွေကို မဝင်ရဘူးလို့ မနေ့ညက ပြောခဲ့တယ်လေ မမှတ်မိတော့ဘူးလား ...တော်ကြာ မမကြီးသိရင် အဆူခံနေရမယ် "


    

"ရှင်  ဟုတ် ..ဟုတ်ကဲ့ပါ ဒေါ်သုန် ... ဟိုလေ အထဲက အသံကြားလို့ပါ .... အိမ်ထဲမှာလဲ ဘယ်သူ့ကိုမှ မတွေ့တာနဲ့ ခေါ်ကြည့်နေတာပါ "


          အသံနှင့်အတူ ရုတ်တရက် ရောက်လာသော ဒေါ်သုန်ကို သလင်းဖြူရှင်းပြလိုက်သည်။


"အိုကွယ် ..ပေါက်ပေါက်ရှာရှာ ...ဒီအချိန်ဆို တိုက်ကြီးထဲမှာ ...ကျုပ်ရယ် ထမင်းချက်မိပွားရယ် ...ပူစူးမရယ်ကလွဲလို့ ဘယ်သူမှ မရှိဘူး...ပြီးတော့ ဒီအခန်းကလဲ ပစ္စည်းဟောင်းတွေထားတဲ့ စတိုခန်းပဲ ...အထဲမှာ ကြွက်ပဲ ရှိမှာပေါ့ ...ဒါနဲ့ မင်းက ဘာလုပ်မလို့လဲ "

    


"ဘာမှ မလုပ်ပါဘူး ... ခြံထဲ ဆင်းမလို့ ...ခွေးကြီးနှစ်ကောင် လွှတ်ထားလားလို့... တစ်ယောက်ယောက်ကို မေးမလို့ လိုက်ရှာနေတာ ဘာမှ မလုပ်ဘူး "


      အိမ်အကူနှင့်မတူဘဲ မာရေကျောရေနိုင်လှသော ဒေါ်သုန်ကို အမြင်ကပ်ကပ်နှင့် သလင်းဖြူအသံမာမာနှင့် ပြန်ဖြေ ပစ်လိုက်သည်။


" ဪ ..ခွေးကြီးတွေက  ခုချိန်ဆို ခြံစောင့်ကိုသောင်းနဲ့အတူ ယာထဲ ရောက်နေလောက်ပြီ ... ညနေမှပြန်လာမှာ ....ရွာတဲသွားချင်ရင်တော့  ခြံတံခါးသော့ လိုက်ဖွင့်ပေးမယ် "


"ဟုတ်ကဲ့  ရပါတယ် ... ခြံထဲမှာပဲလမ်းလျှောက်မှာပါ "


      ပြောပြီးသည်နှင့် ဒေါ်သုန့်် အနားမှ သလင်းဖြူထွက်လာခဲ့လိုက်သည်။


~~~~~~~~~~~~~~~~~

     တိုက်ကြီး၏ အပြင်ဘက်သို့ ရောက်သောအခါမှ သလင်း ဖြူ့အသက်ရှူချောင်သွားသလို ခံစားလိုက်ရသည်။ထိုမှ တိုက်ကြီးကို မော့ကြည့်လိုက်မိသောအခါ ဆေးအဝါရောင်များဖြင့် ခြယ်မှုန်းထားသော တိုက်အိမ်ကြီးသည် မနေ့ညက မြင်ရသည်ထက်ပင် ပို၍ ခမ်းနားထည်ဝါနေသည်ကို တွေ့လိုက်ရလေသည်။သို့သော်လည်း သလင်းဖြူအနေနှင့် ယခုလက်ရှိ မြင်နေရသော တိုက်အိမ်ကြီးထက် ငယ်စဉ်ကနေခဲ့ရသော ခြေတံရှည် သစ်သားအိမ်ကြီးကို ပို၍ သဘောကျမိသည်။လွမ်းမောမိသည်။


       သလင်းဖြူ ခြံကြီးထဲသို့ လျှောက်လာခဲ့ရင်း မှ ခြံ၏ အနောက်ဘက်ဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာခဲ့ရင်း ငယ်စဉ်က အမှတ်တရများကို အောက်မေ့နေမိလေသည်။ခြံကြီးသည် ကြီးမားကျယ်ဝန်းစွာ ရှိနေသော်လည်း ငယ်စဉ်ကလေးဘဝကထက်စာလျှင် အနည်းငယ်ကျဉ်းမြောင်းသွားသလို ထင်မိလေသည်။  အထူးသဖြင့် ခြံ၏ အနောက် ဘက်ရှိ လဲမှို့ပင်ကြီးများ ဝန်းရံထားသော ကန်ကြီးသည်ပင် သေးငယ်သွားသကဲ့သို့ ထင်မိလေသည်။နှစ်ပေခန့်ကျယ်ဝန်းသော ကန်ပေါင်ပတ်လမ်းပေါ်သို့ သလင်း ဖြုတက်ခဲ့လိုက်သည်။ ကန်၏ နောက်ဘက် ခပ်လှမ်းလှမ်းတွင် လူတစ်ရပ်ကျော် အမြင့်ရှိသော အုတ်တံတိုင်းခြံစည်းရိုးကြီးကို မြင်ရလေသည်။

     ခြံကြီးထဲသို့ လျှောက်ကြည့်နေရင်းမှ မိခင်ဖြစ်သူကို သတိရလိုက်မိသောကြောင့် သလင်းဖြူ၏ မျက်လုံးအိမ်အတွင်း၌ မျက်ရည်များ ဝေ့ဝဲစိုတက်လာလေသည်။ဝေ့ဝဲကျလာသော မျက်ရည်စများကို သလင်းဖြူ လက်ခုံနှင့် သုတ်ဖယ်လိုက်ပြီးနောက် ကန်၏ အခြားတစ်ဖက်ဖြစ်သော ခြံ၏ ခေါင်းရင်းထောင့်ဘက်ကျသောနေရာမှ ဆင်းရန် ပြင်လိုက်သောအခါ


" အမယ်လေး "


      သလင်းဖြူသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် အထိတ်တလန့် အော်ဟစ်လိုက်မိပြီးလျှင် ကန်ပေါင်ပေါ်မှ တချိုးတည်း ဆင်း၍ ပြေးခဲ့မိလေသည်။


=======================


( အပိုင်း ၄ ဆက်ရန် )


ဧကြည်ဖြူ


rate now: