ဧကြည်ဖြူ
"အဝါရောင် ရဲတိုက် "
*********************
"ဘုတ် "
မည်းမည်း သဏ္ဍာန်ကို ကြည့်၍ သလင်းဖြူ နှုတ်မှ အမှတ်တမဲ့ လွှတ်ခနဲ အော်မိရုံမျှမကဘဲ လက်ထဲမှ ခရီးဆောင် အိတ်ကြီးပါ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျ၍သွားလေသည်။သေချာသည်မှာ ခပ်စောစောကထိုနေရာတွင် မည်သည့်အရာကိုမျှ သလင်းဖြူ မတွေ့ခဲ့သည်မှာ သေချာလှပါလေသည်။
" ဖြူလေး ... နင် ဖြူလေးမဟုတ်လား "
သလင်းဖြူ ထိတ်လန့် တုန်လှုပ်စွာ ကြည့်နေမိစဉ်မှာပင် မည်းမည်း သဏ္ဍာန်ဆီမှ သလင်းဖြူ၏ နာမည်ကိုခေါ်လိုက်သံကြားရသောကြောင့် ကြောက်လန့်နေသည့်ကြားမှ သလင်းဖြူ ဝမ်းသာပျော်ရွှင်သွားမိပြီး မရဲတရဲနှင့် လှမ်းမေးလိုက်လေသည်။
"ဟုတ်.... ဟုတ်ကဲ့ ....ကျွန်မကို သိတာလား.. ဘယ် ... ဘယ်သူလဲဟင် "
"ငါပါ ...နင့်သူငယ်ချင်း စိုင်းလွှမ်းလေ မှတ်မိလား "
"ဟယ် ...စိုင်းလွှမ်းဟုတ်လား ...မှတ်မိတာပေါ့ ...ငါတို့ ငယ်သူချင်းတွေပဲဟာ "
စိုင်းလွှမ်း ဆိုသော နာမည်ကို ကြားရသောအခါ သလင်းဖြူချက်ချင်းပင်မှတ်မိလိုက်ပါလေသည်။တစ်ရွာလုံးမှ မည်သူကိုမျှမမှတ်မိချင်နေမည် ။စိုင်းလွှမ်းကိုတော့မူ မှတ်မှတ်ရရရှိပါလေသည်။ထိုသို့ မှတ်မှတ်ရရ ရှိနေခြင်းမှာ သလင်းဖြူတစ်ယောက်တည်းမဟုတ်ဘဲ တစ်ရွာလုံးပင်ဖြစ်လိမ့်မည် ထင်ပါလေသည်။ဤသို့ ဖြစ်ရလောက်အောင်လည်း စိုင်းလွှမ်း၏ ဘ၀မှာ ထူးခြားဆန်းကြယ်ဖြစ်နေသလို သနားစဖွယ်လည်း ကောင်းလှပါလေသည်။
"နင် ဘယ်သွားမလို့လဲ ....ငါ့ကို လာကြိုတလား စိုင်းလွှမ်း "
မတွေ့ဆုံကြသည်မှာ ကြာနေပြီဖြစ်သောလည်း ငယ်ပေါင်းသူငယ်ချင်းများဖြစ်သောကြောင့် သလင်းဖြူ မျှော်လင့်တကြီးနှင့် မေးလိုက်မိသည်။
"အင်း ဟုတ်တယ်.... ဒီရက်ပိုင်း နင်လာမယ်သတင်းကြားလို့လေ ..ရက်အတိအကျလဲ မသိတော့...မတော် ရထားနောက်ကျပြီး မိုးချုပ်မှ ရောက်လာမှာစိုးလို့ ညနေတိုင်း လာစောင့်နေတာ သုံးလေးရက်ရှိပေါ့ဟ "
စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူမှာ အံ့သြစွာ ဝမ်းသာစွာ မေးလိုက်မိလေသည်။
"ဟုတ်လား ... ရောက်ကတည်းက ရွာလမ်းကို ကြည့်နေတာ နင့်ကို မမြင်ပါဘူးဟယ် "
"ဟို ..အဲ ... အဲ့ဒါက ... ဟိုလေဟာ ...ကိစ္စရှိလို့ ဟိုသစ်ပင်နောက်မှာ ရောက်နေတာဟ "
စိုင်းလွှမ်း၏ ရယ်ကျဲကျဲနှင့် ပြောသံကြောင့် သလင်းဖြူ သဘောပေါက်မိသွားပြီး ဘာမှ ဆက်မမေးဘဲနေလိုက်သည်။
"ကဲပါ ...သွားကြစို့ ... တော်ကြာ မှောင်လာတော့မယ် ... ရွာလမ်းတွေက မီးလုံးတွေပဲ ရှိတာ မီးထွန်းကြတာမဟုတ်ဘူး "
စိုင်းလွှမ်းက ပြောလိုက်ရင်း သစ်ပင်ဘေးတွင် ရပ်ထားသော သူ၏ ဆိုင်ကယ်လေးကို ထုတ်လာလေသည်။
"အမယ် ရွာမှာ မီးတွေ ရနေပြီပေါ့လေ ဟုတ်လား "
"အင်း ဟုတ်တယ် ... ဒီနားက ရွာတွေ အကုန် မီးရနေပြီလေ ...ဒါပေမဲ့ သိတဲ့အတိုင်းပဲ ရွာတွေက ရွာအတွင်းဘက်မှာပဲ စည်ပြီး တခြားရွာကို သွားတဲ့လမ်းတွေက ရွာပြင်မှာပဲ ရှိတာမို့ လမ်းမကြီးတွေမှာတော့ လူပြတ်ပြီး မှောင်တယ်လေ ... ပေး ... ပေး နင့်အထုတ်တွေ "
စိုင်းလွှမ်းက ပြောပြောဆိုဆိုနှင့် သလင်းဖြူ၏ လက်ထဲမှ ခရီးဆောင်အိတ်ကို လှမ်းယူလိုက်လေသည်။
သလင်းဖြူမှာ ယခုအချိန်ထိ သဲသဲကွဲကွဲမမြင်ရသေးသော သူငယ်ချင်းစိုင်းလွှမ်း၏မျက်နှာကို အမှောင်ရိပ်ထဲမှာ သေချာလိုက်ကြည့်နေမိသည်။ မှတ်မှတ်ရရ လွန်ခဲ့သော ရှစ်နှစ်ခန့်က နောက်ဆုံး တွေ့ဆုံခဲ့ရသောကြောင့် မျက်နှာသွင်ပြင်ပုံစံအနည်းငယ်မျှ ပြောင်းလဲနေမည် ထင်ပါလေသည်။အရပ်အမောင်းကဖြင့် ငယ်စဉ်ကကဲ့သို့ပင် ပိန်ပိန်သွယ်သွယ်သာ ဖြစ်နေသောကြောင့် သိပ်ပြီး ပြောင်းလဲသွားခြင်းရှိဟန်မတူပါလေ။
~~~~~~~~~~~~~~~~~~~~~~~~~
"ဒါနဲ့ ဖြူလေး ..ရွာရောက်ရင်... နင့်ကို ငါ လာကြိုတဲ့ အကြောင်းကို မပြောနဲ့နော် "
"ဟင် ...ဘာလို့လဲ "
ဆိုင်ကယ်မှာ အရှိန်မပြင်းဘဲ ခပ်မှန်မှန်သာ မောင်းနေခြင်းကြောင့် စိုင်းလွှမ်း၏ စကားသံကို သလင်းဖြူ သေချာစွာကြားလိုက်ရပြီးလျှင် ပြန်၍ မေးလိုက်မိလေသည်။
"ငါ အိမ်ကနေဆင်းလာတာကြာပြီဟ ... နင်လဲ ငါ့မိထွေးနဲ့ ငါ့အဖေအကြောင်းကို မှတ်မိတယ်မဟုတ်လား ... ငါဘယ်မှာနေလဲဆိုတာ မိုးနှဲရွာက ဘယ်သူမှ မသိကြဘူးဟ ....တော်ကြာ အဖေလိုက်လာမှာစိုးလို့ ...အဲ့ဒါကြောင့် ငါ့အကြောင်းကို ရွာမှာလုံးဝမပြောနဲ့နော်... ဘယ်သူ့ကိုမှလဲ မမေးနဲ့ ... "
စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူမှာ စိတ်မကောင်းဖြစ်သွားရပြီးလျှင်
"အေး ..အေးပါဟာ ... ဘယ်သူ့ကိုမှလဲ ပြောလဲ
မင်ပြောဘူး ..မေးလဲ မမေးဘူး ဟုတ်ပြီး လား ... ဒါနဲ့ နင့်ကို တွေ့ချင်ရင် ဘယ်ကို လာရမှာလဲ "
သလင်းဖြူ၏ အမေးကြောင့် စိုင်းလွှမ်းသည် သက်ပြင်းကို မသိမသာချလိုက်ပြီးနောက်
" နင် ..ငါ့ကို တွေ့ချင်ရင် ငါတို့ငယ်ငယ်က ဆော့နေကျ ...ဘုရားကုန်းဘေးက ကုက္ကိုစုကွင်းကို လာခဲ့...တကယ်လို့ ငါ့ကို မတွေ့ရင်လဲ စာရေးပြီး အကြီးဆုံး သစ်ပင်ရဲ့ မြစ်ဆုံဘေးက သဲထဲမှာ ထည့်ထားခဲ့လေ "
" ဟာ ...အဲ့ဒီနေရာကို မလာရဲပါဘူးဟာ ...သရဲခြောက်ကခြောက်နဲ့ ..မေ့နေတာ နင့်ဖုန်းနံပတ်ပေးထားလေဟာ ငါဖုန်းဆက်မှာပေါ့ "
သလင်းဖြူက ကုက္ကိုစုကွင်း နာမည်ကိုကြားသည်နှင့် အထိတ်တလန့်နှင့် ငြင်းဆန်လိုက်မိလေသည်။ကုက္ကိုစုကွင်းဆိုသည်မှာ စာသင်ကျောင်း၏ အနောက်ဘက်နှင့် ရွာဘုရားကုန်းနားတွင်ရှိသော ကုက္ကိုပင်များ အများအပြား ပေါက်ရောက်နေသော နေရာကိုခေါ်ခြင်းဖြစ်လေသည် ။အနီးအနားတွင် ကန်မောင်နှမဟုခေါ်သော ရေကန်ကြီးနှစ်ကန်လည်းရှိသည်။ပြီးလျှင် သစ်ပင်ဝါးပင်ကြီးများ ထူထပ်စွာပေါက်ရောက်နေသော တောအုပ်လေးတစ်ခုလည်းရှိသည်။ သလင်းဖြူတို့ ငယ်စဉ်က ဆိုလျှင် ထိုတောအုပ်မှာ သရဲ အလွန်ခြောက်သော နေရာဖြစ်သည်။ ပို၍ဆိုးသည်မှာ ဥစ္စာစောင့်များလဲရှိလေသည်။သလင်းဖြူကတော့ ကိုယ်တိုင် မမြင်ဖူး မကြုံဖူးသဖြင့် ဥစ္စာစောင့်ဆိုသည်မှာ မည်သို့မည်ပုံရှိသည်မှန်းမသိသော်လည်း အချို့မှာ မြင်ဖူးကြသဖြင့် ချောမောလှပသည်ဟုလည်း ပြောကြသလို ကြောက်စရာကောင်းသည်ဟုလည်း ပြောကြလေသည်။ ထိုအချို့ထဲတွင် စိုင်းလွှမ်းလည်းပါဝင်ပေသည်။စိုင်းလွှမ်းသည် ဆော့နေရင်းဖြစ်စေ ၊ ကျောင်းအိမ်သာသွားရင်းဖြစ်စေ ထိုတောအုပ် အစပ်သို့ မကြာခဏရောက်ရှိသွားတတ်လေသည်။ သူ့အပြောမှာမူ ထိုတောအုပ်ထဲမှနေ၍ သူ့အမေက လှမ်းခေါ်နေသောကြောင့်ဟုပြောတတ်လေသည်။ အမှန်တကယ်မူ စိုင်းလွှမ်း၏ မိခင်သည် စိုင်းလွှမ်း ပထမတန်း တက်နေသောနှစ်မှာပင် သေဆုံးသွားခဲ့သူ ဖြစ်လေသည်။ထိုသေဆုံးပြီးသော မိခင်ဖြစ်သူကို မြင်သည်ဟုဆိုကာ စိုင်းလွှမ်းသည် ထိုတောအုပ် ထဲသို့ မကြာခဏဆိုသလိုသွားတတ်လေသည်။သလင်းဖြူသည် ရွာမှာနေခဲ့စဉ်က အဖြစ်အပျက်များကို အကုန်မမှတ်မိတော့သော်လည်း ကုက္ကိုစု ကွင်း အနောက်ဘက်ရှိ ထိုတောအုပ်နှင့် စိုင်းလွှမ်းကိုမူ အမှတ်တရရှိလှပါလေသည်။
" အရင်လို မဟုတ်တော့ပါဘူး ဖြူလေးရာ ...ဘုရားကုန်းဒီဘက်မှာလဲ ...စျေးဆိုင်တွေရှိနေပါပြီ ...တောအုပ်ထဲက အပင်တော်တော်များများကိုလဲ ရှင်းပစ်လိုက်လို့ ကြောက်စရာမကောင်းတော့ပါဘူး ...ပြီးတော့ ငါ့ရဲ့ဖုန်းပျက်သွားလို့ အသစ် မဝယ်နိုင်သေးလို့ပါ "
စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူ စိတ်မကောင်းဖြစ်သွားမိလေသည်။အမှန်အားဖြင့် စိုင်းလွှမ်းသည် ဤမျှလောက် ဘ၀ဆင်းရဲနုံချာသူမဟုတ်ပါချေ။သူ၏ ဖခင်နှင့် မိထွေးကြောင့်သာလျှင် သူ့ဘဝ ဤသို့ဒုက္ခများနေရခြင်းဖြစ်မည်ထင်ပါလေသည်။
"ကဲ ရောက်ပြီ ဖြူလေး...နင်တို့နေခဲ့တဲ့ ခြံကို မှတ်မိတယ်မဟုတ်လား ...ဟိုရှေ့မှာ မြင်နေရတဲ့ တိုက်ကြီးပဲ ...ငါမလိုက်တော့ဘူး ...နင့်ကို မေးရင် ဆိုင်ကယ်ငှားစီးလာတာလို့ ပြောလိုက်နော် ..."
အရှိန်ခပ်မှန်မှန်နှင့် မောင်းနေသော ဆိုင်ကယ်လေးသည် ရွာထိပ်မှောင်ရိပ်ကျသော နေရာတွင် ထိုးရပ်လိုက်ပြီးလျှင် စိုင်းလွှမ်းသည် သလင်းဖြူကို လှည့်၍ မကြည့်ဘဲ ပြောလေသည်။
"အေးပါဟာ ...နင်မျက်နှာကို သေချာမမြင်ရတော့ ....နေ့ဘက်တွေ့ရင် မှတ်မိပါ့မလားတောင် မသိဘူး "
သလင်းဖြူက ယခုချိန်အထိ သေချာမမြင်ရသေးသော စိုင်းလွှမ်းကို ပြောလိုက်လေသည်။
"နင် မမှတ်မိလဲ ငါမှတ်မိတာမို့ ငါကခေါ်လိုက်မှာပေါ့ဟာ ..ကဲ ..ငါသွားတော့မယ်နော် ...ငါ မှာတာလဲ မမေ့နဲ့အုံး "
"အင်းပါ ... စိတ်ချပါ ..နောက်နေ့ နင့်ကို လာတွေ့မယ်နော်
သလင်းဖြူသည် မောင်းထွက်သွားသော ဆိုင်ကယ်ကို မျက်စိတစ်ဆုံး ကြည့်လိုက်ပြီးနောက် ရွာလမ်းမကြီးအတိုင်း တည့်တည့်ဝင်ခဲ့လေသည်။ည ခုနှစ်နာရီကျော် ရှစ်နာရီခန့်ပင် ရှိသေးမည်ဖြစ်သော်လည်း ရွာလမ်းတစ်လျှောက်တွင် လူသူကင်းရှင်းလျက် ရှိလေသည်။သလင်းဖြူ ရောက်နေသော ရွာလမ်းသည် ရွာထိပ်ဖြစ်သလို ရွာ၏ အစွန်အဖျား အစဖြစ်၍ လူသူကင်းရှင်းနေခြင်းလဲဖြစ်မည် ထင်ပါလေသည်။ရွာလမ်းတစ်လျှောက် လမ်းမီးများ ထိန်ထိန်လင်းနေသည်ကိုပင် ကျေးဇူးတင်ရအုံးမည်ဖြစ်ပေသည်။ခရွာလမ်းမ၏ တစ်ဖက်တစ်ချက်စီတွင် လူတစ်ရပ်နီးပါးမြင်သော ဝါးကပ်များ ၊ ဆူးရိုးသစ်ကိုင်းများဖြင့် ကာရံထားကြသော ခြံကျယ်ကြီးများလည်းရှိကြလေသည် ။ ထိုခြံကျယ်ကြီးများထဲရှိ အိမ်ဂေဟာများထဲမှ ဗီဒီယိုဇာတ်ကားသံများနှင့် ဆူသံပူသံများကိုလည်း တစ်ချက်တစ်ချက်ကြားရလေသည်။
သလင်းဖြူသည် ခရီးဆောင်အိတ်ကိုဆွဲလျက် မြင်နေရသော တိုက်ကြီးဆီသို့ လျှောက်လှမ်းခဲ့လေသည်။မြင်၍သာမြင်နေရသော်လည်း ကျယ်ဝန်းလှသော ခြံကျယ်ကြီးများကြောင့် ထိုတိုက်အိမ်ကြီးဆီသို့ ရောက်ရန်မှာ ဝေးကွာလွန်းလှပေသည်။
~~~~~~~~~~~~~~~~~~~
"ကြီးကြီးရေ ..ဘဘ ..... ဒေါ်လေး.....ဦးငယ် "
ရှိသမျှ ဆွေမျိုးစုံအောင် ခေါ်နေသော်လည်း တိုက်ထဲမှ ကြားဟန်မတူသောကြောင့် သလင်းဖြူစိတ်ဓါတ်ကျလာမိလေသည်။တိုက်ကြီးသည် လမ်းမ နှင့် ဝေးကွာလွန်းမျှမကဘဲ မြို့ကြီးပြကြီးထက်ပင် သာလွန်စွာ လူတစ်ရပ်ကျော်မြင့်သော အုတ်တံတိုင်းကြီးများ၊သံတံခါးများနှင့် ခိုင်ခန့် စွာတည်ဆောက်ထားသော ခြံစည်းရိုးကြီးကို ကြည့်ပြီး ခြံတခါးဝတွင် သလင်းဖြူ စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်မိလေသည်။ခြံကြီးနှင့် တိုက်ကြီးသည် ဟိုယခင် သလင်းဖြူတို့ နေစဉ်တုန်းကနှင့် ကွာခြားလွန်းလှစွာ ခမ်းနားထည်ဝါလှလေသည်။ ခြံကြီးသည် ရွာစွန်တွင် တသီးတသန့် တည်ရှိနေသောကြောင့် လူနေအိမ်များနှင့် အလှမ်းဝေးလှဖြင့် အနီးအပါးတွင်လည်း လူသူကင်းမဲ့လျက် ရှိလေသည်။
"ဂျုန်း ... ဂျုန်း...ဂျုန်း "
" ဦးငယ်ရေ...ဦးငယ် "
" ဝုတ် ...ဝုတ် ... ဝုတ် "
"ဝုတ် ...ဝုတ် ... ဝုတ် "
"အမယ်လေး "
"ဟေ့ ဘယ်သူလဲ ...လာပြီ ခဏစောင့် ...ခြံတံခါးနားသိပ်မကပ်နဲ့ ...ခွေးတွေ လှမ်းဆွဲနေမယ် "
သလင်းဖြူစိတ်မရှည်နိုင်စွာ ခြံတံခါးမှ သော့ခလောက်ကြီးကို သံတိုင်နှင့် ရိုက်ခတ်ပြီးခေါ်လိုက်သောအခါ ခြံအနောက်ဘက်ဆီမှ ဝုန်းခနဲ ပြေးထွက်လာပြီး မာန်ဖီထိုးဟောင်လိုက်သော ခွေးများကြောင့် အထိတ်တလန့်နှင့် နောက်သို့ဆုတ်လိုက်ရာ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်လဲကျသွားရလေသည်။ထိုအခါမှပင် ယောကျာ်းတစ်ယောက်၏အသံကို ကြားလိုက်ရပြီး ခြံတံခါးနားသို့ လျှောက်လာနေသည်ကို မြင်လိုက်ရလေသည်။
"ဟေ့ ..မင်းဘယ်သူလဲ ...ဖြူလေးဆိုတာလား "
"ဟုတ်.... ဟုတ်ကဲ့ ... ဟုတ်ပါတယ်ရှင် ..ဦးလေးကြီးရဲ့ ခွေးတွေကို အရင် ထိန်းပါအုံး "
သလင်းဖြူ တုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နှင့် လှမ်း၍ပြောလိုက်မိသည်။
"ဦးသောင်း ဘာလဲဗျ... ဘယ်သူလဲ "
သလင်းဖြူ မေးနေစဉ်မှာပင် တိုက်ကြီး၏ အပေါ်ထပ် ဝရံတာဆီမှ လှမ်း၍မေးလိုက်သောအသံကြီး ထွက်ပေါ်လာလေသည်။
" ဆရာကြီးတို့ရဲ့ တူမပါ ... ရထားနောက်ကျလို့ အခုမှ ရောက်လာတာပါ "
"ဟေ ... ဟုတ်လား ...အိမ်ထဲကို ခေါ်ခဲ့ဟေ့ "
~~~~~~~~~~~~~~~~~~~~
"ဘယ်လိုဖြစ်တာလဲ တူမကြီးရယ် ...လာမယ်ဆိုလဲ ... ဖုန်း သေချာဆက်မှပေါ့ကွယ် ... တော်သေးတာပေါ့ အိမ်ကို ချောချောမောမော ရောက်လာလို့ "
သလင်းဖြူ တိုက်ကြီးထဲသို့ ရောက်သည်နှင့် ဒုတိယအကြီးဆုံးဖြစ်သောဘကြီးမြင့်အေးက စိုးရိမ်ပူပန်စွာ ပြောလေသည်။
"မင်းနှယ် ပေါ့တိပေါ့ဆ လုပ်ပုံကတော့... မအေနဲ့တစ်ထေရာတည်းပါပဲလားကွယ် "
တတိယမြောက် ကြီးတော်ဖြစ်သူ ဒေါ်ခင်အေး၏ စကားသံဖြစ်ပါလေသည်။အကြီးဆုံးဖြစ်သော ကြီးတော်ကြီး ဒေါ်ကြည်အေးကမူ စကားတစ်ခွန်းမျှ ဝင်၍ မပြောဘဲ နှုတ်ဆိတ်လျက် အကြည့်စူးစူးများနှင့် ကြည့်နေသည်ကို သလင်းဖြူ သတိထားလိုက်မိလေသည်။ကြီးတော်ကြီး၏ အကြည့်များကြောင့် သလင်းဖြူ ဆတ်ခနဲ တုန်လှုပ်သွားမိပြီးလျှင် ကိုယ်လေးကိုကျုံ့လိုက်မိလေသည်။အမေ၏ညီကိုမောင်နှမများထဲတွင် ကြီးကြီးကြည်အေးကို သလင်းဖြူ အကြောက် ဆုံးဖြစ်ပါလေသည်။ကြီးကြီးကြည်အေးသည် သလင်းဖြူ ကြုံဖူးသလောက် စကားနည်းသည်။မိန်းမတန်မဲ့ ယောကျာ်းရင့်မာများနှင့် ရင်ပေါင်တန်း၍ အလုပ်လုပ်နိုင်သူဖြစ်သည် ။ ဘကြီးမြင့်အေးမှာမူ ရိုးရိုးအေးအေးပုံစံသာဖြစ်လေသည်။ကြီးကြီးခင်အေးမှာ သလင်းဖြူ သိသလောက် ဟိုစပ်စပ် သည်စပ်စပ်နှင့် ပါတတ်ပြီး အပြောအဆိုကြမ်းသူ တစ်ယောက်ဖြစ်လေသည်။ကြီးကြီးခင်အေးပြီးလျှင် သလင်းဖြူ၏ မိခင်ဖြစ်လေသည်။ပြီးလျှင် ဦးကြီးထွန်းအေးဖြစ်သည် ။ဦးကြီးထွန်းအေးသည်လည်း ယမန်နှစ်ကပင် ကွယ်လွန်သွားပြီဟု ကြားသိရလေသည်။ဦးကြီးထွန်းအေးမှာ ရွာတွင်လည်း မနေဘဲ ရှမ်းပြည်ဘက်တွင် နေသောကြောင့် ဦးကြီးထွန်းအေးအကြောင်းကို သလင်းဖြူ သိပ်မသိပါ။ ဦးကြီးပြီးလျှင် ဒေါ်လေး ရင်အေး ဖြစ်သည်။ဒေါ်လေး
ရင်အေးပြီးလျှင် သလင်းဖြူတို့ရှိရာ ရန်ကုန်သို့ မကြာခဏ လာလေ့ရှိသော ဦးလေးအငယ်ဆုံးဖြစ်သူ ဦးရန်နောင်ထွေး ဖြစ်သည်။အမေတို့ မောင်နှမခုနှစ်ယောက်တွင် အမေနှင့် ဦးကြီးထွန်းအေးသာ အဝေးတွင် နေထိုင်ကြပြီး ကျန်သောမောင်နှမငါးယောက်မှာ ဤအိမ်ကြီးထဲတွင်ပင် အတူတကွနေထိုင်ကြလေသည်။အမေတို့ မောင်နှမများသည် တစ်ယောက်နှင့် တစ်ယောက် အသက် နှစ်နှစ်စီသာ ကွာကြပြီး ယခုလက်ရှိ ကြီးကြီးကြည်အေးမှာ အသက်ငါးဆယ့် ခြောက်နှစ်ခန့်ရှိပြီးလျှင် ဦးလေးအငယ်ဆုံးမှာ လေးဆယ့် လေးနှစ်ခန့်ရှိလေသည်။သက်တမ်းအရဆိုရလျှင် မူ သူတို့၏ အသက်များမှာ သိပ်ပြီး မကြီးကြသေးသူများဟုဆို၍ရပေသည်။ သို့သော်လည်း သလင်းဖြူ၏ မိခင်နှင့် ဦးလေးထွန်းအေးမှာမူ အသက်ငါးဆယ် မပြည့်မီမှာပင် လူ့လောကကြီးကို စွန့်ခွါသွားကြရလေသည်။သူတို့ မောင်နှမများတွင် ကြီးကြီးကြည်အေး၊ဒေါ်လေးရင်အေးနှင့် ဦးငယ်တို့မှာ အိမ်ထောင်မကျသေးသော လူပျိုကြီး ၊ အပျိုကြီးများဖြစ်ကြလေသည်။
" ဒါနဲ့ ညည်းဖအေက မယားသစ် ရနေပြီဆို တော့ သမီးတစ်ယောက်ကိုတောင်တာဝန်မယူနိုင်တော့ဘူးပေါ့လေ... သေသွားတဲ့ မိန်းမရဲ့ အုတ်ဂူတောင်ခြောက်အောင် မစောင့်နိုင်တဲ့ လူမျိုး...ပေါ့သေးသေးတော့ မဟုတ်ဘူး "
" ဟာ ....ခင်အေးရယ် ကလေးရှေ့မှာ.... နင်ဘာတွေပြောနေတာလဲ ... သူလဲ အရွယ်ရှိသေးတာပဲဟာ ...."
ဦးမြင့်အေးသည် သလင်းဖြူကို လှမ်း၍ ကြည့်လိုက်ပြီးလျှင် ညီမဖြစ်သူ ဒေါ်ခင်အေးကို ဟန့်လိုက်လေသည်။
" ဟို .... ဟို ...ဦးငယ်နဲ့ ဒေါ်လေးရောဟင် "
သလင်းဖြူမှာ ကြီးတော်ဖြစ်သူဒေါ်ခင်အေး၏ စကားစပြတ်သွားစေရန် အဒေါ်နှင့် ဦးလေးအကြောင်းကို မေးလိုက်သောအခါ သုံးယောက်သားမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးလျှင်
" သူတို့ မရှိကြဘူး ...ခရီးသွားနေကြတယ် ...ကဲ ...ကဲ ... မိုးလဲချုပ်နေပြီ .. ရေမိုးချိုးပြီး ထမင်းစားဖို့ပြင်တော့ ... ဒေါ်သုန်ရေ သူ့အတွက် အခန်းအရင်လိုက်ပြလိုက်အုံး "
ဒေါ်ကြည်အေး၏ လေးနက်သော စကားသံ ထွက်လာသောကြောင့် သလင်းဖြူမှာ ပါးစပ်ကို ပိတ်ပြီး ဒေါ်သုန် ၏နောက်မှလိုက်ပါခဲ့ရလေသည်။
~~~~~~~~~~~~~~~~
~~
"မောင်လုံး ကလေးမလေးရဲ့အိတ်ကို သယ်ခဲ့ပေးလိုက် "
အိမ်တော်ထိန်း ဒေါ်သုန်က အလုပ်သမားတစ်ယောက်ကို ခေါ်ပြီး သလင်းဖြူ၏အိတ်ကို သယ်ခိုင်းလိုက်လေသည်။သလင်းဖြူသည် ဒေါ်သုန်တို့နောက်မှလိုက်ပါခဲ့ရင်း အိမ်၏ အပေါ်ထပ်သို့ တက်ခဲ့လေသည်။
မီးရောင် ထိန်ထိန်လင်းနေသော တိုက်ကြီးထဲတွင် ပရိဘောဂများမှာ ခေတ်မှီ လှပသလို တိုက်ကြီးထဲတွင်လည်း အခန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရလေသည်။သလင်းဖြူတို့ သုံးယောက်သား တိုက်ကြီး၏ အလယ်တည့်တည့်ရှိ လှေကားထစ်များမှ အပေါ်သို့တက်ခဲ့ကြသည်။တိုက်သစ်ဆောက်ပြီးမှ တစ်ခါမျှ မရောက်ဖူးသေးသော တိုက်ကြီးထဲတွင် သလင်းဖြူ ယောင်နနနှင့် လိုက်၍ ကြည့်နေမိလေသည်။ဘကြီး မြင့်အေးနှင့် ကြီးကြီးခင်အေး၏သားသမီးများကို အရိပ်အယောင်ပင် မတွေ့ရသောကြောင့်လည်း သလင်းဖြူ နားမလည်နိုင်သလို ဖြစ်နေမိလေသည်။
ဒေါ်သုန်သည် တိုက်ကြီး၏ တတိယထပ်ဖြစ်သော အပေါ်ဆုံးအထပ်ထိတက်သွားသောကြောင့် သလင်းဖြူမှာ နှားခေါင်းကိုရှုံ့လိုက်ပြီး နောက်မှ တိတ်တိတ်ဆိတ်ဆိတ်ပင်လိုက်ခဲ့မိလေသည်။
အပေါ်ဆုံးထပ်သို့ ရောက်သော အခါ ဒေါ်သုန်သည် ပိတ်ထားသော အခန်းများကို ကျော်လျက် စင်္ကြန်တစ်လျှောက် လျှောက်လာခဲ့ရင်းမှ ထောင့်ချိုးကွေ့အခန်းဘေးမှ အခန်းရှေ့သို့ အရောက်တွင် ရပ်လိုက်ပြီး တံခါးကို ဖွင့်လိုက်လေသည်။
"ဒါ မင်းနေရမယ့်အခန်းပဲ .... ကိုယ်နဲ့ မဆိုင်တဲ့ အခန်းတွေကို လိုက်မ၀င်ဖို့ မမကြီးက မှာလိုက်တယ် .... ဒီစင်္ကြန်လမ်းရဲ့ အဆုံးမှာ အိမ်သာနဲ့ ရေချိုးခန်းတွေ ရှိတယ် ... အောက်ထပ်ဆင်းသုံးဖို့မလိုဘူး ....မင်းရေချိုးပြီးရင် အောက်ထပ်မှာ ထမင်းလာစားပါ ...ထမင်းပွဲပြင်ပေးထားမယ် "
" ဟုတ်ကဲ့ ဒေါ်ကြီး ...ဒါနဲ့ ကျန်တဲ့မောင်နှမတွေ တစ်ယောက်မှ မတွေ့ဘူးနော် ဘယ်သွားကြလဲဟင် "
သလင်းဖြူက ဘကြီးမြင့်အေး၏ သားသမီးသုံးယောက်နှင့် ကြီးကြီးခင်အေး၏ သားသမီး နစ်ယောက်ကို ရည်ရွယ်၍ မေးလိုက်ခြင်းဖြစ်လေသည်။
" မရှိကြဘူးလေ ... အစ်ကိုကြီးမြင့်အေးရဲ့ သားနှစ်ယောက်လုံးက နိုင်ငံခြားမှာလေ ...ဒီမှာ က အလတ်မလေးပဲ ကျန်ခဲ့တာ ခုချိန်ဆို အခန်းထဲက မထွက်တော့ဘူးလေ...မခင်အေးရဲ့သမီးကြီးကလဲ နိုင်ငံခြားရောက်နေတာပဲ ဒီမှာ အကြီးကောင်ပဲ ရှိတယ်...ပြီးတော့ ရှမ်းပြည်ဘက်က မင်းဦးလေးရဲ့ သားဆိုတာလဲ ရောက်နေတယ် ... သူတို့ကတော့ ဒီအချိန်ဆို ရွာလယ်က ပြုံးချို လက်ဖက်ရည်ဆိုင်မှာရှိမှာပေါ့ ...သူတို့အားလုံးဒီအပေါ်ထပ်မှာပဲ နေကြတာလေ ... မနက်ဖြန်ကျရင်တော့ သူတို့နဲ့ မင်း တွေ့ရမှာပါ "
~~~~~~~~~~~~~~~~~~~
သလင်းဖြူအခန်းထဲသို့ ရောက်သောအခါ သပ်ရပ်လှပစ္စာပြင်ဆင်ထားသော ခုတင်နှင့်အိပ်ရာကို တွေ့ရပြီး ဘေးတွင် မှန်တင်ခုံတစ်ခုံလည်း ရှိလေသည်။ ဘီဒို အလွတ်တစ်လုံးလည်းထားပေးထားသောကြောင့် သလင်းဖြူကျေနပ်သွားမိလေသည်။သလင်းဖြူသည် ဦးစွာ အိပ်ရာပေါ်သို့ ခြေပစ်လက်ပစ်လှဲ၍အိပ်ချလိုက်သည်။ထိုစဉ်မှာပင် အခန်းအပြင်မှ ခြေသံတရှပ်ရှပ်ကို ကြားလိုက်ရလေသည်။
=====================
အပိုင်း ( ၃ ) ဆက်ရန်
ဧကြည်ဖြူ