book

Index 14

အပိုင်း ( ၁၄ )

ဧကြည်ဖြူ


" အဝါရောင် ရဲတိုက် "


**********************


"ရှင် ...ကြီးကြီး.... ဘာ..ဘာကို ပြောတာလဲ ...သမီး နားမလည်ဘူး "


  "ကဲ မင်းသမီးလိုအမူအရာကောင်းမနေနဲ့  မမ....ရွှေရည်ဝင်းရဲ့ လည်ဆွဲကို ယူလာတယ် မဟုတ်လား ... မနက်က ရွှေရည်ဝင်းက လည်ဆွဲကို ယူသွားပြီး ရုံးခန်းအံဆွဲထဲမှာ သိမ်းထားတာတဲ့ ... ဧည့်သည်တွေရောက်လာလို့ ထုတ်ဝတ်ဖို့လုပ်တော့ မရှိတော့ဘူးတဲ့လေ.... တစ်မနက်လုံးလည်း ရုံးခန်းထဲ၀င်ထွက်နေတဲ့သူက မမကြီးရယ် ...မကြူ နဲ့ ရွှေရည်ဝင်းရယ် ...မင်းပဲရှိတာဆို ...ကဲ အမှန်းတိုင်းပြောပြီး လည်ဆွဲကို ပြန်ပေးလိုက် ...."


       ကြီးတော်ဖြစ်သူ ဒေါ်ခင်အေး၏ စကားကြောင့် သလင်းဖြူ မျက်လုံးအစုံ ပြူးကျယ်သွားရပြီးလျှင်  ငြင်းဆန်လိုက်မိသည်။


"ဘာ ...ဘာတွေ ပြောနေကြတာလဲ ... သမီးမယူပါဘူး ... ဘာလည်ဆွဲလဲ  မြင်တောင် မမြင်ဖူးဘူး "


" အမှန်တိုင်း ဝန်ခံလိုက်ပါ  တူမရယ် ... ကြီးကြီးတို့က နားလည်ပါတယ် ... ငါ့တူမလည်း နိုင်ငံခြားထွက်ဖို့ ငွေလိုနေလို့ ယူမီတာမဟုတ်လား ...ကြီးကြီးက နားလည်ပါတယ် ...မမကြည်တို ....မမခင်တို့လည်း မဆူကြမပြောကြပါနဲ့တော့ရှင်  ...ဧည့်သည်တွေရှေ့မှာ မကောင်းပါဘူး ... ကျွန်မကပဲ ချော့ပြီး ပြန်တောင်းလိုက်ပါ့မယ် "


     ဒေါ်ကြူကြူ၀င်း၏ စကားသည် သလင်းဖြူအား ဧကန်မုချပင် တရားခံဟု စွပ်စွဲလိုက်သော စကားမျိုးပင်ဖြစ်ပါလေသည်။ရွှေရည်ဝင်းကမူ နေရာတွင်ထိုင်လျက် မျက်ရည် အဝဲသားဟန်နှင့် ရှိလေသည်။


        ထွဋ်ခေါင်၏ မိခင်မှာမူ သလင်းဖြူကို အထင်အမြင်သေးသော အကြည့်များဖြင့် ကြည့်၍နေလေသည်။


     ထွဋ်ခေါင်သည်လည်း မိခင်ကို သွားကြိုပြီးနောက် ရွှေရည်ဝင်း၏ ရုံးခန်းထဲသို့ နောက်ဆုံး ဝင်ခဲ့သူဖြစ်သောကြောင့် ဧည့်ခန်းထဲတွင် စိတ်ရှုပ်ထွေးစွာ ထိုင်နေရလေသည်။


"ရွှေရည် တောင်းပန်ပါတယ်နော် သလင်းဖြူ ...အဲ့ဒီလည်ဆွဲလေးက အဖေနဲ့ အမေ လက်ဆောင်ပေးထားတာမို့ တန်ဖိုးထားရတဲ့ ပစ္စည်းလေးမို့ ပြန်ပေးပါနော် "


      ရွှေရည်ဝင်းက ငိုသံပါနှင့် ပြောလေသည်။


" ငါမယူဘူး ရွှေရည်း ...ရုံးခန်းထဲကို ၀င်လိုက်ထွက်လိုက်လုပ်ခဲ့ပေမဲ့ အံဆွဲကိုလဲဖွင့်မကြည့်ဘူး ...ယူလဲ မယူဘူး ...မယုံရင် ရှာကြည့်လို့ရတယ်  "


" ကဲ .. ဒေါ်သုန် .. သူ့ကို စတိုခန်းထဲခေါ်သွားပြီး သူ့ကိုယ်မှာ ရှာကြည့်စမ်း "


"ဟုတ်ကဲ့ပါ ..မခင်အေး .. ကျွန်မ ရှာကြည့်လိုက်ပါ့မယ် "


  " ဟင့်အင်း ..မရှာနဲ့ ...ရှာတယ်ဆိုတာ သမီးကို သူခိုးလို့ စွပ်စွဲတာပဲ ...သမီး မယူဘူး ကြီးကြီးကြည်အေး .."


       သလင်းဖြူသည် မိမိကိုယ်တွင် ရှာကြည့်ရန် ပြောပြီးဘောအခါမှ ခါးကြားတွင် ဖွက်ထားသော စာအုပ်ကို သတိရလိုက်သောကြောင့် ကမန်းကတန်း ငြင်းဆန်လိုက်မိလေသည်။

      ထိုသို့ သလင်းဖြူ၏ အပြုအမူကြောင့် ထွဋ်ခေါင် အပါအဝင် ကျန်လူများသည် သလင်းဖြူကို မသင်္ကာသော မျက်ဝန်းများဖြင့် မော့၍ ကြည့်လာကြလေသည်။


     သလင်းဖြူသည် ထိုအခြေအနေကို ရိပ်မိလိုက်ပြီး ဖြေရှင်းနိုင်ရန်နည်းလမ်းကို အမြန်ဆုံးစဉ်းစားလိုက်သည်။


"ဟုတ်ပြီးလေ ... ရှာချင် တယ်ဆိုရင်လဲ ... ပူစူးကို ရှာခိုင်းပါ ...."


"ဟဲ့ ပူစူး သူ့နဲ့လိုက်သွားပြီး ရှာကြည်စမ်း.... ဒေါ်သုန်က အခန်းပြင်ကစောင့်နေလိုက်  "


          ဒေါ်ခင်အေး၏ စကားဆုံးသည်နှင့် သလင်းဖြူသည် ဆယ့်သုံးလေးနှစ်အရွယ် ပူစူးနှင့်အတူ စတိုခန်းရှိရာကို သွားလိုက်သည်။စိတ်ထဲမှ ဒေါသနှင့်ဝမ်းနည်းမှု များကို ခံစားနေရသော်လည်း မျက်ရည်မကျအောင်ထိန်းရင်း အံကိုကြိတ်ထားမိလေသည်။


      ပူစူးကို အဝတ်အစားများကို သေချာ ခါပြလိုက်ပြီး စာအုပ်လေးကိုပါ ခါချပြလိုက်တယ်။ ပူစူး ကတော့ ကလေးပီပီ စာအုပ်ကို စိတ်၀င်စားဟန် မပြသောကြောင့် သလင်းဖြူ သက်ပြင်းကို မသိမသာ ချလိုက်မိလေသည်။


~~~~~~~~~~~~~~~~


" မတွေ့ပါဘူး ကြီးကြီး "


      ပူစူး၏ စကားကြောင့် အခန်းထဲရှိ လူများမှာ သလင်းဖြူထံသို့ အကြည့်များ ရောက်ရှိ လာကြပြန်လေသည်။


"သမီး ရွှေရည် အထားများမှားသလားကွယ် ... သမီး အခန်းထဲမှာ သွားကြည့်ပါအုံး "


     ဒေါ်ကြည်အေးသည် အခြေအနေကို ကြည့်ပြီး ဝင်၍ ပြောလိုက်လေသည်။


" သမီး စစ်ပြီးပါပြီး ကြီးကြီး ... မနက်က သေသေချာချာကို ထည့်သွားခဲ့တာပါ  "


" ကဲ ...ဒါဆိုလဲ သေချာအောင် သမီးရွှေရည်ရဲ့ အခန်းထဲမှာရော ... သလင်းဖြူ ရဲ့ အခန်းထဲမှာပါ ရှာကြ ကြည့်ကြမလား မမကြည် ..."


"အေး ဟုတ်တယ် .. ယောင်းမပြောသလို ရှာကြတာကောင်းမယ်ထင်တယ် ...ကဲပါ ...မမကြည်ရယ်...ညီမတို့ သွားရှာကြတာပေါ့ "


     ဒေါ်ကြူကြူ၀င်း၏ အပြောကို ဒေါ်ခင်အေးက ထောက်ခံပြီး အပေါ်ထပ်သို့ တက်ရန်ပြင်ကြလေသည်။

       သလင်းဖြူလည်း စိတ်ပျက်လက်ပျက်နှင့် အပေါ်ထပ်သို့ လိုက် တက်ခဲ့ရလေသည်။


      အောက်ထပ် ဧည့်ခန်းထဲမှာတော့ ထွဋ်ခေါင်တို့ သားအမိနှင့် ဒေါ်ကြူကြူဝင်းသာ ကျန်ရစ်ခဲ့လေသည်။


~~~~~~~~~~~~~~~~~~~~~


      ရွှေရည်ဝင်း၏ အခန်းကို ရှာဖွေနေကြစဉ်မှာ သလင်းဖြူလည်း အခန်းပေါက်ဝနားတွင် ရပ်၍နေရလေသည်။


"ကဲ ....ဒီမှာတော့ မရှိဘူး...သလင်းဖြူ အခန်းကို သွားရှာကြည့်ရအောင် မမကြည် "


~~~~~~~~~~~~~~~


     ကြီးတော်နှစ်ယောက်နှင့် ဒေါ်သုန် တို့ သလင်းဖြူ၏ အခန်းထဲသို့ ၀င်ရှာနေချိန်တွင် သလင်းဖြူမှာ အခန်းဝတွင် ရပ်စောင့်နေရလေသည်။သလင်းဖြူအနေနှင့် မိမိ မယူထားသော ပစ္စည်းဖြစ်သောကြောင့် အခန်းပေါက်ဝတွင် စိတ်အေးလက်အေးနှင့် မတ်တတ်ရပ်နေမိလေသည်။


"ဒါ ...ဒါက ဘာလဲ  သလင်းဖြူ..."


       ဒေါ်ကြည်အေးသည် နံရံတွင် ချိတ်ထားသော ဦးထုပ်ထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ပြီးလျှင် သလင်းဖြူကို လှမ်းကြည့်ပြိး  အလန့်တကြားနှင့် မေးလိုက်လေသည်။


" ဟင် ... အဲ့...အဲ့ဒါ ..သမီးရဲ့ လည်ဆွဲပဲ ကြီးကြီး "


" ဟင် ...ဟုတ်သားပဲ  ...အဲ့ဒါက ရွှေရည်ဝင်းရဲ့ လည်ဆဲပဲ ... မင်း ...မင်း... လည်ဆွဲကို တကယ်ယူခဲ့တာလား သလင်းဖြူ "


      သလင်းဖြူသည် အခန်းထဲမှ အသံများကြောင့် အထိတ်တလန့်နှင့် အခန်းထဲသို့လှမ်းကြည့်လိုက်မိလေသည်။


"ဒါ ...ဒါက ... ဘယ် ...ဘယ်လို ရောက်နေတာလဲ ....သမီးမယူဘူးနော် ...သမီးယူတာ မဟုတ်ဘူး "


       သလင်းဖြူ အထိတ်တလန့်နှင့် အော်ဟစ်ငြင်းဆန်လိုက်သည်။


"တိတ်စမ်း  သလင်းဖြူ ..ခိုးတုန်းကခိုးပြီး...ဘာအခုမှ မျက်နှာပြောင်တိုက်ပြီး ငြင်းနေတာလဲ ...ငါတို့ မျိုးရိုးမှာ သူခိုးမရှိဘူး ...နင်က နင့်အဖေလိုပဲအကျင့်စရိုက်မကောင်းဘူးပဲ "


"ကြီးကြီး မဟုတ်တာတွေ မပြောပါနဲ့ ... အဲ့ဒီလည်ဆွဲကို သမီးယူတာမဟုတ်ဘူး ..."


      ကြီးတော်ဖြစ်သူ ဒေါ်ခင်အေးသည် ဖခင်ဖြစ်သူကို ထိခိုက်၍ ပြောလာသောကြောင့် သလင်းဖြူ  ဒေါသတကြီးနှင့် အော်ပစ်လိုက်မိ၏။


"ကဲ  တော်ကြစမ်း ... ခင်အေး နင်လဲတော် .. အားလုံးသွားကြတော့ ...သလင်းဖြူ လာ ...ငါနဲ့လိုက်ခဲ့ "


     ဒေါ်ကြည်အေးသည် အသံမာမာနှင့် အော်လိုက်ပြီးနောက် သလင်းဖြူကို သူ့နောက်ကို လိုက်ခံ့ဖို့ ခေါ်လိုက်ပြီး ဒုတိယထပ်သို့ သွားလေသည်။


~~~~~~~~~~~ ~~~~


"တွေ့လား ...သမီး "


       ဒေါ်ကြူကြူ၀င်းသည် အပေါ်ထပ်မှ ဆင်းလာသော သမီးဖြစ်သူရွှေရည်ဝင်းနှင့် ကျန်လူများကို တွေ့သည်နှင့် အလောတကြီးနှင့် မေးလိုက်လေသည်။


" တွေ့တယ် အမေ .... သလင်းဖြူ အခန်းထဲက တွေ့တာ "


      ရွှေရည်ဝင်းက မိခင်ဖြစ်သူ၏ အမေးကိုခပ်တိုးတိုးဖြေလိုက်လေသည်။


"ဟင် ဟုတ်လား.. တွေ့လို့ တော်သေးတာပေါ့ ...ကြည့်စမ်း ဒီကောင်မလေးနှယ် ...ငွေလိုလဲ ပြောတာမဟုတ်ဘူး "


     ဒေါ်ကြူကြူဝင်းသည် ရင်ဘတ်ကို လက်ဖြင့် အသာဖိ၍ ပြောလိုက်လေသည်။


"တွေ့လို့ တော်သေးတာပေါ့ရှင် ... မဟုတ်ရင် ကျွန်မတို့မှာ နေရခက်နေတာ "


       ထိုအခါ ထွဋ်ခေါင်၏ မိခင်သည် စိတ်အေးသွားဟန်ဖြင့် ဝင်၍ ပြောလိုက်လေသည်။


" ပြန်တွေ့လို့ တော်သေးတာပေါ့ ရွှေရည် ... အမေ လာတဲ့နေ့မှ ဒီလိုဖြစ်တော့ ကျွန်တော်တို့မှာ အနေရခက်မိတယ် ..."


      ထွဋ်ခေါင်သည် ရွှေရည်ဝင်း၏ မျက်လုံးများကို စူးစူးစိုက်စိုက်ကြည့်ရင်း ပြောလိုက်လေသည်။


"အို ...မဟုတ်တာရှင် ...ကိုထွဋ်ခေါင်ကိုရော ...ဒေါ်ဒေါ့ကိုပါ တောင်းပန်ပါတယ်ရှင် "


       ရွှေရည်ဝင်းသည် ထွဋ်ခေါင်၏ အကြည့်စူစူးကို ရှောင်လွှဲလိုက်ပြီး ထွဋ်ခေါင်၏ မိခင်ကိုပဲကြည့်ကာ တောင်းပန်စကားဆိုလိုက်လေသည်။


~~~~~~~~~~~~~~~~~~~


"ကြီးကြီးကို အမှန်တိုင်း ပြောစမ်း ...မင်းတကယ်ပဲ လည်ဆွဲကို ယူခဲ့သလား သလင်းဖြူ "


       ဒေါ်ကြည်အေးက သလင်းဖြူကို မေးလိုက်သည်။


"မယူဘူး ကြီးကြီး ... သမီး မယူဘူး ...အဲ့ဒီလည်ဆွဲကိုလဲ ခုနတုန်းကမှ မြင်ဖူးတာ "


     သလင်းဖြူသည် အံကိုတင်တင်းကြိတ်၍ ကြီးတော်ဖြစ်သူ၏ အမေးကို ဖြေလိုက်သည်။


" ဟုတ်ပြီ ...ဒါဆို မင်းမယူဘဲ ...အဲ့ဒီဆွဲကြိုက မင်းအခန်းထဲကို ဘယ်လို ရောက်နေသလဲ ပြော "


"သမီး မသိဘူး ကြီးကြီး ... သေချာတာက တစ်ယောက်ယောက်က  လည်ဆွဲကို သမီး အခန်းထဲမှာ လာထားသွားတာပဲ "


"ဟုတ်ပြီ ... မင်းက မယူဘူးပြောပေမဲ့ ... လည်ဆွဲကို မင်းအခန်းထဲမှာ တွေ့တာ ဖြစ်တဲ့ အတွက် မင်းကို အပြစ်ပေးရမှာပဲ .. အေး မင်းအတွက် အပြစ်ဒဏ်ကို ညနေ လူစုံမှ ပြောမယ် "


~~~~~~~~~~~~~~~~~~~~


          ဒုတိယ ထပ်၏ ဧည့်ခန်းထဲတွင် ထွဋ်ခေါင်တို့ သုံးယောက်နှင့် အလုပ်သမားများမှလွဲ၍ မိသားစုကုန် ရောက်ရှိနေကြလေသည်။


"ကဲပါ ...ကြီးကြီးရယ် ... ပစ္စည်းလဲ ပြန်ရတာပဲဟာ .. ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါ "


      ဇော်ထိုက်သည် လူကြီးများကို ကြည့်၍ ပြောလိုက်လေသည်။


"တိတ်စမ်း သားကြီး ...မင်း ဝင်မပါစမ်းနဲ့... ပစွည်းက ပြန်ရပေမဲ့ နောက်မလုပ်ရဲအောင် ဆုံးမမှ ရမှာပေါ့ ..."


     ဒေါ်ခင်အေးသည် သားဖြစ်သူကို မာန်မဲလိုက်လေသည်။


"သားကြီး ပြောတာ မှန်ပါတယ် ... ပစ္စည်းလဲ ပြန်ရနေပြီပဲဟာ..ဒီကိစ္စကို ဒီနေရာမှာပဲ တော်ကြရအောင် မမကြည် ....နောက်တစ်ခါဆို ...သမီးရွှေရည်လဲ ကိုယ့်ပစ္စည်းကို သေသေချာချာ သိမ်းပါ "

    

          ဦးမြင့်အေးသည် ပြေရာပြေပြေကြောင်း ဝင်ပြောလိုက်ပြီး သမီးဖြစ်သူကို သတိပေးစကားပြောလိုက်လေသည်။


      အားလုံး၏ အလယ်တွင် သလင်းဖြူသည် အံကို တင်းတင်းကြိတ်၍ ထိုင်နေမိသည်။


"ကဲ ...ဒီလိုလုပ်မယ် ... ပစ္စည်းပြန်ရတယ်ဆိုပေမဲ့ ...ဒီကိစ္စက ဒီတိုင်းကျော်သွားလို့ မရဘူး ....အပြစ်တော့ ပေးမှရမယ် ...အဲ့ဒီတော့ သလင်းဖြူ အနေနဲ့ ကြီးကြီးတို့ ပေးတဲ့ အပြစ်ဒဏ်ကို ခံယူမလား ....ရန်ကုန်ကို ပြန်မလား ရွေးချယ်ပါ " 


     ဒေါ်ကြည်အေးသည် သလင်းဖြူကို ကြည့်၍ ပြတ်သားစွာ မေးလိုက်သည်။ကျန်လူများမှာလည်း သလင်းဖြူ၏ အဖြေကို စောင့်မျှော်နေကြလေသည်။


       သလင်းဖြူသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ ပြီးလျှင် အားလုံးကြားအောင် ပြောလိုက်သည်။


" အားလုံးကို သမီး ပြောပါ့မယ် ...ဒီလည်ဆွဲကို သမီး မယူပါဘူး ...အဲ့ဒီအတွက် အဖြစ်မှန်တွေ မပေါ်မချင်း ရန်ကုန်ကို မပြန်ပါဘူး ... သမီးကို လည်ဆွဲသူခိုး ဖြစ်အောင် လုပ်ကြံတဲ့ သူ့ကို ရအောင် ဖော်ထုတ်ပြီးမှ ပြန်မှာပါ ....ကြီးကြီးတို့ ဘကြီးတို့ စိတ်ထဲက မယုံကြည်နိုင်ရင် ကြိုက်တဲ့အဖြစ်ဒဏ်ကို ပေးပါ "


"ဖြောင်း ... ဖြောင်း ... ဖြောင်း "


"ငါ့ ညီမကတော့ အာဂပဲဟေ့ ... လုပ် ..လုပ် ...ဒီလိုသတ္တိမျိုးကို အားပေးတယ် ... ဟုတ်တယ်မဟုတ်လား  ဦးငယ် "


      ဇော်ထိုက်သည် လက်ခုပ်တဖြောင်းဖြောင်းတီး၍  သလင်းဖြူကို လှမ်းပြောလိုက်သည်။


"မင်း ငြိမ်ငြိမ်နေစမ်း သားကြီး "


     ဒေါ်ခင်အေးက သားဖြစ်သူကို လေသံခပ်မာမာနှင့် ပြောလိုက်လေသည်။


"ကဲ .. အားလုံး တိတ်ကြ ...မနက်ဖြန်ကစပြီး သလင်းဖြူက ဒေါ်သုန် တို့နဲ့ အတူ အိမ်ရဲ့ အောက်ခြေသိမ်းအလုပ်တွေကို သုံးလတိတိလုပ်ရမယ် ... သုံးလပြည့်ရင် သူလိုချင်တဲ့ငွေကို ငါတို့ ထုတ်ပေးလိုက်မယ် ...ဒါမှ မဟုတ် သူပြောသလိုပဲ ... လည်ဆွဲကို သူမယူဘဲ လုပ်ကြံခံရတယ်ဆိုတဲ့ အဖြစ်မှန် ပေါ်ခဲ့ရင်လဲ သူလိုအပ်တဲ့ငွေကို ချက်ချင်းထုတ်ပေး လိုက်မယ် ...ဘယ်လိုလဲ အားလုံး သဘောတူကြလား "


      ဒေါ်ကြည်အေး၏ စကားကြောင့် အားလုံးတအံ့တသြနှင့် ခေါင်းငြိမ့် လက်ခံကြလေသည်။


~~~~~~~~~~~~~~~~~~~


" တူမကြီးရယ် ..ဘာလို့ ဒီလိုလုပ်ရတာလဲ... ငွေလိုတယ်ဆိုပေမဲ့ သူများပစ္စည်းကိုယူတာ မကောင်းဘူးလေ "


      ဦးရန်နောင်ထွေးက တူမဖြစ်သူကို ကရုဏာဒေါသောနှင့် ပြောလိုက်လေသည်။


" ဦးငယ် ပြောပုံက ..မသိရင် သမီးကို သူခိုးလို့ စွပ်စွဲနေသလိုပဲ ...အဲ့ဒီလည်ဆွဲကို သမီးမယူဘူး ဦးငယ် ...စိတ်ချ ဦးငယ် ....မကြာခင် အဖြစ်မှန်တွေပေါ်အောင် သမီးဖော်ထုတ်မှာပါ "


      ဦးရန်နောင်ထွေးသည် သလင်းဖြူကို ကြည့်၍ သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။


"ဒါနဲ့  ဦးငယ် ....ဒေါ်လေးရဲ့သတင်းရော ဘာမှ မကြားဘူးလား "


      ရုတ်တရက် သလင်းဖြူ၏ မေးခွန်းကြောင့် ဦးရန်နောင်ထွေး အံ့သြသွားရပြီး 


" သမီးက  မမငယ်အကြောင်းကို စိတ်ဝင်စားနေတာလား ...တကယ်တော့ ဦးငယ်လဲ စုံးစမ်းနေပေမဲ့ သတင်းက အတိအကျ မရဘူးဖြစ်နေတယ် ...တစ် ချို့လဲ ... အထက်ပိုင်းမှာ တွေ့သလိုလို ပြောကြတယ် ...ပြီးတော့လဲ ...ထားဝယ်ဘက်မှာ တွေ့တယ်ဆိုပြီး သတင်းရပြန်ရော ...တကယ်တမ်းလိုက်သွားကြည့် တော့လဲ မဟုတ်ပြန်ဘူး "


       သလင်းဖြူသည် ဦးလေးဖြစ်သူ၏ စကားများကို ဂရုတစိုက် နားထောင်နေပြီး သိချင်တာကို မေးလိုက်သည်။


"ဒါနဲ့ ဒေါ်လေးရဲ့ချစ်သူက ဘယ်လိုလူမျိုးမို့ ကြီးကြီးတို့က သဘောမတူကြတာလဲ ...တကယ်ဆို ဒေါ်လေးအသက်လဲ လေးဆယ်ကျော်နေပြီလေ ... ကိုယ့်လမ်းကိုယ်လျှောက်တဲ့ အရွယ်ကို တောင်ကျော်နေပြီပဲဟာ "


"ဟုတ်တယ် သမီးပြောတာမှန်တယ် ...ဒါပေမဲ့ သမီး ဒေါ်လေးနဲ့တွဲနေတဲ့သူက ရုပ်ရည်ချောမော ကြည့်ကောင်းပြီး လူရှုပ်လူပွေတစ်ယောက် ဆိုတဲ့ သတင်းကြောင့် သမီးရဲ့ ကြီးတော်တွေက သဘောမတူခဲ့ကြဘူးလေ ...သမီးဒေါ်လေးက သိုသိုသိပ်သိပ်နေခဲ့တော့ အဲ့ဒီလူ အကြောင်းကို ဒီထက်ပိုပြီး မသိခဲ့ဘူးလေ... မန္တလေးသားဆိုတာကလွဲလို့ လိပ်စာလဲမသိ ...မျိုးရိုးလဲ မသိခဲ့ဘူးလေ ... ပြီးတော့ မန္တလေးသားဆိုတာလဲ ဟုတ်ချင်မှဟုတ်မှာလေအဲ့ဒါကြောင့် စုံစမ်းရခက်နေတာပေါ့ ..."


"အင်း တစ်နေ့တော့ တွေ့မှာပါ ဦးငယ် ...သမီးယုံကြည်တယ် "


         သလင်းဖြူ ကိုယ့်အဓိပ္ပါယ်နှင့်ကိုယ်ပြောလိုက်လေသည်။


~~~~~~~~~~~~~~~~~~~


      သလင်းဖြူ အခန်းတံခါးရော ၊ပြတင်းပေါက်တံခါးကိုပါ အသေအချာ ပိတ်လိုက်သည်။ ပြီးနောက် လက်တစ်ဝါးစာအရွယ် စာအုပ်ကလေးကို ဖွင့်ဖတ်လိုက်သည်။


" ညတုန်းက ဒေါ်သီနဲ့အတူ ခြံထဲမှာ ဝတ်ရုံနက် ခြုံထားတဲ့သူကို တွေ့ခဲ့တယ် ..... ဘယ်သူလဲဆိုတာ သေချာမမြင်ရဘူး "


ဒေါ်သီက  ငါ့တို့ ခြံထဲကို ဘာလာလုပ်တာလဲ ...


ဘယ်သူက ဘာအစီအရင်တွေ လုပ်နေတာလဲ ....


      စာရွက်လေးများကို တစ်ရွက်စီလှန်ရင်း သလင်းဖြူ အသက်ပင် မှန်မှန် မရှုမိဘဲ ဖတ်နေမိသည်။


"ဗေဒင်မေးဟန် ဆောင်ပြီး ဒေါ်သီအိမ်ကို သွားကြည့်ရမယ် "


       သလင်းဖြူသည် စာဖတ်နေရင်းမှ ဒေါ်လေး၏ မျက်နှာကိုပါ မြင်ယောင်လာမိလေသည်။


" ငါမယုံနိုင်ဘူး .... ဒေါ်သီက မလတ်နဲ့ ကိုထွန်းကို သူတတ်တဲ့ အောက်လမ်းပညာနဲ့ ဖြည်းဖြည်းချင်းသေအောင်သတ်လိုက်တာတဲ့ ... သူ့ကို ဘယ်သူခိုင်းတာလဲ ဆိုတာကို ငါ စုံစမ်းရမယ် "


    မြင်လိုက်ရသော စာကြောင်းများကြောင့် သလင်းဖြူခေါင်းထဲ မိုက်ခနဲ ဖြစ်သွားမိသည်။အစ်ကိုဖြစ်သူ စိုင်းရန်နိုင် ပြောစဉ်အခါက သလင်းဖြူ မယုံကြည်နိုင်ဖြစ်ခဲ့မိသည်။ယခုလို သိလိုက်ရသောအခါ သလင်းဖြူကိုယ်ထဲရှိသွေးများ ဆူပွက်လာလေသည်။


     

" ဒေါက် ...ဒေါက် ....ဒေါက် "


" အမယ်လေး "


       နောက်ထပ်စာရွက်ကို လှန်လိုက်သော အချိန်မှာပင် ရုတ်တရက် တံခါးခေါက်သံထွက်ပေါ်လာသောကြောင့် သလင်းဖြူလန့်ပြီး အော်လိုက်မိလေသည်။


======================


အပိုင်း (၁၅) ဆက်ရန် 


ဧကြည်ဖြူ


rate now: