ဧကြည်ဖြူ
'' အဝါရောင် ရဲတိုက် "
********************
"ဦး...ဦးငယ် "
"မင်း ဒီနေရာမှာ ဘာလုပ်နေတာလဲ"
" ဟို .... ဟို ....ဓါတ်ပုံရိုက်ပြီး ဖေ့ ...ဖေ့ဘုတ်ပေါ်တင်မလို့ပါ ဦးငယ်"
ဒေါသတကြီးနှင့် မေးလာသော ဦးလေးဖြစ်သူကြောင့် သလင်းဖြူ တုန်တုန်ယင်ယင်နှင့် ဖြေလိုက်မိသည်။
"ဓါတ်ပုံ ရိုက်စရာနေရာ ဒီလောက်ပဲ ရှားနေတာလား ... တစ်ခြံလုံး ကြိုက်တဲ့နေရာ ရိုက်ပါလား ... နေရာတွေ ဒီလောက်ပေါ်နေတာကို...ဒါက အဘိုးအဘွားတွေရဲ့ နေရာလေ ....မင်းဒါလေးတောင် နားမလည်ဘူးလား "
"ဟို ... ဟို ...သ...သမီးက ... အဘိုးနဲ့ အဘွားရဲ့ အုတ်ဂူကို ...သူ ... သူငယ်ချင်းကို ပြချင်လို့ပါ "
မကြုံစဖူး ဒေါသအကြိအကျယ်ထွက်နေသော ဦးလေးဖြစ်သူ ကြောင့် သလင်းဖြူ အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်မိသည်။
" ကဲ ...ကဲ တော်ပြီ ...နောက်ဆို ဒီနေရာကို မလာပါနဲ့ ကြားလား ... မြွေပါးကင်းပါးနဲ့ ...မတော် တစ်ခုခုဖြစ်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး "
သလင်းဖြူ၏ အသံမှာ တုန်ယင်၍ ငိုသံများပါ ပါနေသောကြောင့်ထင်သည်။ ဦးမျိုးအောင်က လေသံကို လျှော့၍ ပြောလိုက်လေသည်။
သလင်းဖြူလည်း ဦးလေးဖြစ်သူ၏ မယုံကြည်နိုင်ဖွယ် အပြုအမူများကြောင့် အထိတ်ထိတ် အလန့်လန့်နှင့် ပင် နေရာမှ ထွက်ခွါရန်ပြင်လိုက်သောအခါ ဦးလေးဖြစ်သူ၏ စကားသံကို ကြားလိုက်ရလေသည်။
"တူမကြီး နိုင်ငံခြားသွားဖို့ ငွေလိုလို့ ဆို ..မမကြီး ပြောတာပဲ ဟုတ်လား "
"ဟုတ် ...ဟုတ်ကဲ့ ဦးငယ် "
ဦးလေးဖြစ်သူ၏ အမေးကြောင့် သလင်းဖြူ မရဲတရဲနှင့် ခေါင်းငြိမ့်ပြရင်း ပြန်ဖြေလိုက်သည်။
"ဘယ်လောက်လိုတာလဲ "
" ကုန်ကျစရိတ်တင် လေးငါးခြောက်ဆယ်လောက်ကုန်မယ် ...ဒါပေမဲ့ အဲ့ဒီငွေက သုံးလေးလအတွင်း ပြန်ရမှာပါ ဦးငယ် "
သလင်းဖြူ၏ အဖြေကြောင့် ဦးရန်နောင်ထွေး တစ်ယောက် သက်ပြင်းကို ချလိုက်သည်။
"အင်း နည်းတော့မနည်းဘူးပဲ ...ဦးငယ်လဲ ပြောကြည့်ပေးပါ့မယ် ဟုတ်ပြီလား "
"ဟုတ် ... ဟုတ်ကဲ့ပါ ဦးငယ် "
သလင်းဖြူသည် ဦးလေးဖြစ်သူ၏ ပြောင်းလဲသွားသော အမူအရာနှင့် စကားများကြောင့် ခပ်စောစောက ဦးလေးဖြစ်သူအပေါ် သံသယဝင်မိသောစိတ်များမှာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားရလေသည်။
~~~~~~~~~~~~~~~~~~~~
"မင်းပြောသလိုဆိုရင် ... မင်းရဲ့ဦးငယ်ကိုလဲ မသင်္ကာတဲ့ စာရင်းထဲမှာ ထည့်ရမှာပဲ "
"ဘာပြောတယ် ရှင်ရူးနေတာလား ..တစ်လောကလုံးကလူတွေ အကုန် လူသတ်သမားတွေ ဖြစ်ချင်ဖြစ်မယ် ...ဦးငယ်ကတော့ အဲ့ဒီလိုလူမျိုး မဟုတ်ဘူး သိရဲ့လား ...တစ်မျိုးလုံးက ကျွန်မတို့ မိသားစုကို အဖက်မတန်သလို ဆက်ဆံခဲ့ပေမဲ့ ဦးငယ်တစ်ယောက်ပဲ ကျွန်မတို့မိသားကို အဖက်လုပ်ခဲ့တာ သိရဲ့လား "
" ဒီမှာ ...မင်းနဲ့ငါက မသင်္ကာစရာလူကို ရှာနေတာနော်.....ဒီလို အချိန်မှာ ကိုယ်နဲ့အဆင်ပြေတဲ့သူက လူကောင်း ...အဆင်မပြေတဲ့သူက လူဆိုးလို သက်မှတ်လို့မရဘူးနော် "
" ဖြူလေး ... ဖြူလေး "
" ဟင် ...စိုင်းလွှမ်း ..စိုင်းလွှမ်းလား "
သလင်းဖြူသည် အိမ်ရှေ့ခြံတံခါးအနီးမှ သစ်ပင်ကြီးကို ဝိုင်းပတ်ခွေပြီးဆောက်လုပ်ထားသော ကွပ်ပျစ်ပေါ်တွင်ထိုင်လျက် ထွဋ်ခေါင်နှင့် မက်ဆင်ဂျာမှ စကားပြောနေခြင်းဖြစ်ပါလေသည်။ထိုစဉ်မှာပင် ခြံဝမှ သလင်းဖြူ၏နာမည်ကို ခေါ်သံကြားလိုက်ရသောကြောင့် သလင်းဖြူ ကွပ်ပျစ်ပေါ်တွင် ထိုင်နေရာမှ ခြံတံခါးနားဆီသို့ လျှောက်သွားကြည့်လိုက်သည်။ အချိန်က ညခုနစ်နာရီခန့်ရှိပြီဖြစ်သောကြောင့် လမ်းပေါ်တွင် လူရှင်း၍နေသလို ခြံထဲမှာလဲ သလင်းဖြူတစ်ယောက်သာရှိလေသည်။ခြံစောင့်အလုပ်သမားများ၏ ထမင်းစားချိန် ဖြစ်သောကြောင့် ခြံထဲမှာ သလင်းဖြူတစ်ယောက်သာ ရှိခြင်း ဖြစ်လေသည်။သည်အချိန်ဆိုလျှင် သလင်းဖြူက ရန်ကုန်မှ သူငယ်ချင်းဖြစ်သူနှင့် ဖုန်းပြောလေ့ရှိသလို တစ်ခါတစ်ရံ ဖခင်ကြီးဆီ ဖုန်းဆက်နေကြဖြစ်သောကြောင့် ဤသို့ ခြံထဲသို့ ဆင်းနေကြပင်ဖြစ်လေသည်။ သလင်းဖြူသည် စိုင်းလွှမ်း၏အသံကို ကြားလိုက်ရသောကြောင့် ခြံပြင်သို့ ထွက်ရန်အတွက် တံခါးသော့ထားရာနေရာသို့ သွား၍သော့ကိုယူလိုက်လေသည်။
~~~~~~~~~~~~---------
ထွဋ်ခေါင်သည် အပေါ်ထပ် ၀ရံတာတွင် ရပ်လျက်မှ သလင်းဖြူနှင့် မက်ဆင်ဂျာတွင် စကားပြောနေရာမှ ခြံဝမှ သလင်းဖြူ၏ အဖြစ်အပျက်များကို လှမ်းမြင်လိုက်သောကြောင့် အထိတ်တလန့်နှင့် အောက်ထပ်သို့လျှင်မြန်စွာ ပြေးဆင်းခဲ့လိုက်လေသည်။
"ဟာ ...ဒီအရူးမလေး ဘာတွေ အရူးထပြန်တာလဲ မသိဘူး .... သေတော့မှာပဲ "
" ဟာ ...ဘာ ဘာဖြစ်တာလဲ "
ဝေထွန်းသည် ဝရုန်းသုန်းကားနှင့် ပြေးဆင်းသွားသော ထွဋ်ခေါင်ကို အလန့်တကြား လှမ်းမေးရင်း သူပါ နောက်မှ ပြေး၍လိုက်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~
"စိုင်းလွှမ်း...မိုးချုပ်မှ ဘာလို့လဲ ...ဘာအရေးကြီးလို့လဲ "
သလင်းဖြူသည် သော့ကို ပြေးသွားယူလာခဲ့ပြီးနောက် ခြံတံခါးကို ဖွင့်ဖို့ လုပ်နေရင်းမှ ခြံရှေ့ ပိတောက်ပင်ရိပ်အောက်တွင် ရပ်နေသော စိုင်းလွှမ်းကို လှမ်းမေးလိုက်သည်။
"နင့်ကို ပြန်ခိုင်းနေတာ ဘာလို့ မပြန်သေးတာပဲ ဖြူလေး "
" နင့်အသံကတစ်မျိုး ကြီးပဲ စိုင်းလွှမ်း ... နင်နေမကောင်းဘူးလား ..ခဏနော် ...ငါအပြင်ထွက်ခဲ့မယ် ... ဒီမှာ သော့တွေက အများကြီးမို့ သော့ရှာမရဘူးဖြစ်နေ့တာ"
" ချောက် "
" ဟော ..ရပြီးဟ ...မှန်သွားပြီး "
ပြောနေစဉ်မှာပင် သော့မှာ မှန်သွားသောကြောင့် သော့ခလောက်မှာ ချောက်ခနဲ ပွင့်သွားလေသည်။သော့ပွင့်သွားသည်နှင့် သလင်းဖြူ သံပန်းတံခါးကိုဖွင့်ရန် ပြင်လိုက်စဉ်မှာပင် နောက်မှ လုတစ်ယောက်၏ ဖမ်းဆွဲချုပ်နှောင်ခြင်းကိုခံလိုက်ရလေသည်။
" ဟေ့ ...ဒီမှာ မင်းဘာလုပ်နေတာလဲ ...မင်းရူးနေတာလား ... မင်းသေချင်လို့လား ပြောလေ "
" ကိုထွဋ်ခေါင် ရှင် .. ရှင် ....ဒါဘာလုပ်တာလဲ ... လွှတ် .. အခုချက်ချင်းလွှတ်....ဟိုမှာ ကျွန်မသူငယ်ချင်းဆီ သွားမလို့ "
သလင်းဖြူသည် မိမိအား ဖမ်းဆွဲချုပ်နှောင်ထားသူမှာ ထွဋ်ခေါင်မှန်းသိလိုက်ရသောအခါ အတင်းဆောင့်ရုန်း၍ ရန်တွေ့လိုက်လေသည်။
"ဒီမှာ ... မင်း ဘာတွေ ပြောနေတာလဲ ..ဘယ်မှာလဲ မင်းသူငယ်ချင်း ... ခုနကတည်းက အပေါ်က လှမ်းကြည့်နေတာ ခွေးနက်ကြီးတစ်ကောင်ပဲ တွေ့တယ် ...ဟိုမှာ တွေ့လား ခွေးကို ...ခွေးရဲ့မျက်လုံးတွေကို ကြည်စမ်း..ခွေးကရူးနေတာလား မသိဘူး ...ခုချိန်သာ မင်းအပြင်ကို ရောက်သွားကြည့်ပါလား ... မင်း ခန္ဓာကိုယ်က အရိုးတစ်ခြား အသား တစ်ခြားဖြစ်သွားမယ်သိရဲ့လား "
"ဘာလဲ ..ဘာတွေ ပြောနေတာလဲ ..ဘယ်မှာလဲခွေးနက်ကြီး ... ဟင် "
သလင်းဖြူ ထွဋ်ခေါင်ကို တွန်းတိုက်ရန်တွေ့လိုက်ပြီး ခြံဝရှိ ခိုင်လွှမ်း ရပ်နေသော နေရာသို့ လှမ်းကြည့်လိုက်သောအခါ သလင်းဖြူ အံ့သြလွန်း၍ ကြက်သေသေသွားမိလေသည်။ထွဋ်ခေါင် ပြောသလိုပင် ။ခပ်စောစောက စိုင်းလွှမ်း ရပ်နေသော နေရာတွင် ခွေးနက်ကြီးတစ်ကောင် ရှိနေသည်ကိုတွေ့လိုက်ရလေသည်။သလင်းဖြူ ထိတ်လန့် တုန်လှုပ်လျက် စိုင်းလွှမ်းကို လိုက်လံ ရှာကြည့်လိုက်မိလေသည်။ထိုသို့ သလင်းဖြူ စိုင်းလွှမ်းကို ရှာဖွေနေစဉ်မှာပင် ခွေးနက်ကြီးသည် ရွာထိပ်ဘက်သို့ တစ်ဟုန်ထိုးပြေးထွက်ပျောက်ကွယ်သွားလေသည်။သလင်းဖြူ နားမလည်နိုင်စွာပင် ထွဋ်ခေါင်ကို ပြောလိုက်သည်။
" ခုန ပိတောက်ပင်အောက်မှာ ကျွန်မသူငယ်ချင်း ရပ်နေတာရှင့် ... ကျွန်မ အကြည့် မှားတာ မဟုတ်ဘူး သေချာတယ် ..သူ့အသံကိုပါ ကျွန်မကြားလိုက်ရတာ "
" မဖြစ်နိုင်တာကွာ အပေါ်ကနေ လှမ်းမြင်နေရတာပဲ ...ကိုယ်တော့ ခွေးတစ်ကောင်ကလွဲရင် ဘာကိုမှ မမြင်ဘူး ....မင်းက တံခါးဖွင့်ပြီး အဲ့ဒီခွေးဆီသွားဖို့ လုပ်နေတာမြင်လို့ ကိုယ်ပြေးဆင်းလာခဲ့တာပဲ ...ခွေးကိုကြည့်ရတာလဲ ခွေးကောင်းပုံစံမဟုတ်ဘူး "
သလင်းဖြူ စိတ်ရှုပ်ထွေးစွာ တံခါး၀ဆီမှ ခွါလိုက်ပြီးလျှင် ကွပ်ပျစ်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိသည်။
ထွဋ်ခေါင်သည် ခြံတံခါးကို သော့ပြန်ခတ်နေရင်းမှ စိတ်ရှုပ်ထွေးစွာ ခေါင်းကို ခါယမ်းလိုက်မိလေသည်။
"ဘာဖြစ်နေကြတာလဲ "
ထိုစဉ်မှာပင် တိုက်ကြီးထဲမှ ရွှေရည်ဝင်းထွက်လာပြီး လှမ်းမေးလေသည်။
"ဘာမှ မဟုတ်ပါဘူး ရွှေရည် ....ခွေးရူးတစ်ကောင် တွေ့လို့ပါ ''
ထွဋ်ခေါင်က ရွှေရည်ဝင်း၏ အမေးကို ဖြေလိုက်သည်။
"ဪ ... ဟုတ်လား ..... ဘာများဖြစ်တာလဲလို့ ရွှေရည်က စိုးရိမ်သွားမိတာ ...ကိုထွဋ်ခေါင် အပေါ်တက်ချင် တက်တော့လေ ...ရွှေရည်တို့ ညီအစ်မ လေးညှင်းခံးရင်းစကားပြောလိုက်အုံးမယ် "
" ဒါဆို ...ကိုယ့်ကို ခွင့်ပြုပါအုံး ရွှေရည် "
ထွဋ်ခေါင်နှင့် ဝေထွန်းတိုက်ကြီးထဲသို့ ဝင်သွားကြသည်နှင့် ရွှေရည်ဝင်းက သလင်းဖြူကို ကြည့်လိုက်ပြီး ခပ်ထေ့ထေ့ ပြောလိုက်သည်။
" ဘာဇာတ်လမ်းတွေ ထွင် ပြန်ပြီလဲ သလင်းဖြူ ..."
"ဘာဇာတ်လမ်းထွင်ရမှာလဲ ...မဟုတ်တာတွေ စွပ်စွဲအုံးမလို့လား "
" မဟုတ်တာတွေ ဟုတ်လား ... နှစ်ယောက်သား တံခါးနားမှာ ပူးကပ်ပြီး လူမြင်လို့ မကောင်းဖြစ်နေတာလေ ... "
" နင်မှားနေပြီ ရွှေရည် ...အဲ့ဒါ မတော်တဆ ဖြစ်တာ ... နင်စိတ်ထင်တာ လျှောက်ပြောမနေနဲ့ "
" ဒါဆိုလဲ ပြီးတာပဲလေ ... လာမဲ့ တစ်ရက်နှစ်ရက်အတွင်းမှာ ကိုထွဋ်ခေါင်ရဲ့ အမေလာလိမ့်မယ် ..အဲ့ဒီကျရင် ငါနဲ့ ကိုထွဋ်ခေါင် ကိစ္စကို လူကြီးတွေ ဆွေးနွေးကြမှာ ..နင့်ကြောင့် တော့ အပျက်စီး မခံနိုင်ဘူးနော် ...သတိပေးပြီးပြီမို့ ထပ်မပြောတော့ဘူး "
ပြောချင်ရာပြောပြီး ထွက်သွားသော ရွှေရည်ဝင်းကို ကြည့်ပြီး သလင်းဖြူ သက်ပြင်းကိုချရင်း ခေါင်းကို ခါယမ်းလိုက်မိသည်။
~~~~~~~~~~~~~~~~~~
"ဟင် ... မင်းဆီကို ငါမလာပါဘူး ဖြူလေးရယ် .ဘာဖြစ်လို့လဲဟင် "
စိုင်းလွှမ်းက သလင်းဖြူ အမေးကို ပြန်ဖြေလိုက်ရင်း နားမလည်နိုင်စွာ မေးလိုက်လေသည်။
သလင်းဖြူမှာ စိုင်းလွှမ်း၏ အမေးကြောင့် ဘာမျှ ပြန်မပြောနိုင်ဘဲ သက်ပြင်းကို အခါခါ ချလိုက်မိလေသည်။
"ငါတော့ တစ်ခုခုဖြစ်နေပြီထင်တယ်ဟာ ...မကြာခဏဆိုသလို နင့်အသံနဲ့ နင့်ကို မြင်နေမိတယ်...ငါဘာများ ဖြစ်နေတာလဲ မသိပါဘူး စိုင်းလွှမ်းရယ် "
သလင်းဖြူ ပြောလိုက်သောအခါ စိုင်းလွှမ်းလည်း မြေပြင်ပေါ်မှ သဲများကို လက်နှင့် ထိုးဖွလိုက်ပြီး ခပ်တိုးတိုးပြောလိုက်လေသည်။
"ငါလည်း မင်းကို အမြဲသတိရပြီး ...မြင်ယောင်နေမိတာ "
စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူမျက်လွှာကိုချပြီး ခဏတာမျှငြိမ်သက်နေမိသည်။အတန်ကြာမှ သလင်းဖြူ ထိုင်နေရာမှ ထရပ်လိုက်ပြီး စိုင်းလွှမ်းကို နှုတ်ဆက်လိုက်သည်။
"ငါပြန်လိုက်အုံးမယ် ...ခုချိန်လောက်ဆို ကြီးကြီးတို့ ထမင်းစားလို့ ပြီး လောက်ပြီ ...တော်ကြာခိုင်းစရာရှိလို့ ငါ့ကို ရှာနေမှာစိုးလို့ "
သလင်းဖြူ ပြောပြီးသည်နှင့် စက်ဘီးကို တွန်း၍ ပြန်ရန် ပြင်လိုက်သည်။ထိုအခါ စိုင်းလွှမ်းသည် သလင်းဖြူကို လှမ်း၍ မေးလိုက်သည်။
"သူတို့တွေနဲ့ ပတ်သက်ပြီး မင်းရင်ထဲက သံသယတွေရော ရှင်းသွားပြီလား "
"ဟင့်အင်း ...အခုမှ စရှာတုန်းလေ ... သံသယရှင်းတဲ့နေ့က မိုးနှဲကနေ ပြန်တဲ့နေ့ပဲ "
~~~~~~~~~~~~~~~~~~~~
နေ့ခင်း နှစ်ချက်တီးဆိုသည်မှာ လူတွေသွားလာလှုပ်ရှားနေကြသောအချိန်ပင်။သို့သော်လည်း သလင်းဖြူတို့၏ ဆွေးမျိုးတစ်စုပိုင် အဝါရောင်တိုက်ကြီးထဲမှာတော့ လူသူလေးပါး ကင်းရှင်းပြီး တိတ်ဆိတ်၍နေလေသည်။သည်လို အချိန်ဆို ခြံကြီးထဲမှာရော တိုက်ကြီးထဲမှာပါ ဒေါ်သုန် နှင့်အတူ ထမင်းချက် အမျိုးသမီးနှင့် ပူစူးမတို့သာရှိသည်။သည်လိုအချိန်သည် ညဘက်များထက်ပင် ပို၍ ရှာလို့ အဆင်ပြသောအချိန်ဖြစ်သည်။သည်နေ့အဖို့တွင် ဦးငယ်အပါအဝင် ကျန်လူများ၏ အသွားအလာကို သိထားသောကြောင့် သလင်းဖြူ အိမ်ထဲတွင်ရှာဖွေရန် ရက်ကန်းရုံမှ အသာလစ်ထွက်လာခဲ့ခြင်းဖြစ်လေသည်။
~~~~~~~~~~~~~~~~~~~
နေ့ခင်ကြီးမှာပင် ဒေါ်လေး၏ အခန်းထဲသို့ဝင်လိုက်သည်နှင့် သလင်းဖြူ တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်သွားပြီးလျှင် ချမ်းစိမ့်စိမ့်ဖြစ်သွားသလိုပင် ခံစားလို က်ရလေသည်။သည်ကြားထဲ နံရံတွင် ချိတ်ထားသော ဒေါ်လေး၏ ဓါတ်ပုံကိုကြည့်ရင်း သလင်းဖြူ ကျောချမ်းမိသောကြောင့် မနည်းပင် အားတင်းထားရလေသည်။
" ဒေါ်လေးသေပြီလို့ ဘယ်သူက ပြောလို့ ငါက ကြောက်နေရမှာလဲ ... ဒီနေ့ တော့ ဒီအခန်းထဲကနေ သဲလွန်စတစ်ခုခုရအောင် ရှာရမယ် ..."
သလင်းဖြူ ဒေါ်လေး အခန်းထဲ အနှံ့ ရှာကြည့်လိုက်သည်။ စင်ပေါ်တွင် တင်ထားသော စာအုပ်များကိုလည်းလှန်လှောရှာကြည့်လိုက်သည်။မတွေ့ ။ဘာဆိုဘာမျှမတွေ့ပါချေ။မိနစ် အတော်ကြာ အခန်းထဲတွင် ရှာပြီးသည့်နောက်တွင် သလင်းဖြူ စိတ်ပျက်လက်ပျက်နှင့် ခုတင်ပေါ်ထိုင်ချလိုက်သည်။ထိုအခါ ဒေါ်လေး ၏ ဓါတ်ပုံနှင့် မျက်နှာချင်းဆိုင် ထိုင်ကြည့်နေကြသလို ဖြစ်သွားလေရာ သလင်းဖြူ တစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းခနဲ ထလာသည်။အာခေါင်တွေ ခြောက်ပြီး ရေပါငတ်သလိုဖြစ်လာသည်။သလင်းဖြူ ထိုင်နေရာမှ ဆတ်ခနဲ ထလိုက်ပြီး ဓါတ်ပုံကို ဖြုတ်ကြည့်လိုက်သည် ။ရုပ်ရှင်တွေ စာအုပ်တွေထဲမှာတော့ ပစ္စည်းတစ်ခုခုဖွက်ချင်လျှင် ဓါတ်ပုံ၏ နောက်ကျောတွင် ဖွက်ထားတတ်ကြသည်ကို မြင်ဖူးသည်ပင်။ သလင်း ဖြူ မျှော်လင့်တကြီးနှင့် ဓါတ်ပုံကို ဖြုတ်ကြည့်လိုက်သော်လည်း မျှော်လင့်ချက် များပျက်စီးသွားရလေသည်။ဟိုရှာ သည်ရှာ ရှာနေရင်းရင်းမှ သလင်းဖြူ ကိုယ့်အဖြစ်ကိုယ်တွေးမိပြီ စိတ်ပျက်လာမိသည်။ သလင်းဖြူ အဖြစ်က ရန်ကုန်ပြန်ဖို့လည်း အဆင်မပြေ ။ သည်မှာ ဆက်နေတော့လည်း လိုအပ်သည့် ငွေမရရှိခြင်းကြောင့် လူမှာ ရူးသလိုနှမ်းသလိုနှင့် သံသယ၀င်သောရောဂါများ ရနေပြီလေလားဟု ထင်လာမိလေသည်။ယခုလည်း သလင်းဖြူသည် အဒေါ်ဖြစ်သူ၏ အခန်းထဲသို့ဝင်ကာ ဘာကို ရှာလို့ရှာနေမိမှန်း မသိဖြစ်လာသည်။ကျယ်ဝန်းလှသော ဤခြံကြီးနှင့် ကြီးမားသော ဤတိုက်ကြီးထဲတွင် သလင်းဖြူ ဘာကို ရှာနေမိမှန်း ကိုယ့်ကိုယ်ကိုပင် မသိတော့လောက် အောင် ဖြစ်လာမိလေသည်။
သလင်းဖြူ စိတ်ဓါတ်ကျကျနှင့် ဒေါ်လေး အိပ်ရာပေါ်သို့ ခန္ဓာကိုယ်ကို လှဲချလိုက်မိလေ သည်။
" ထလေ...ထလို့ ..."
အိပ်ချင်လွန်းသောစိတ်ကြောင့် မျက်လုံးများမဖွင့်နိုင်လောက်အောင် ကျိန်းစက်ဖန်တွ နေသည့်ကြားမှပင် အမိန့်ပေးသံလိုလို အသံကြောင့် သလင်းဖြူ အိပ်ချင်မူးတူးနှင့် အသံပိုင်ရှင်ကို မော့ကြည့်မိလိုက်သည်။
"ဟင် ....ဒေါ်...ဒေါ်လေး ... ဒေါ်လေး မသေဘူးနော် "
သလင်းဖြူက ဝမ်းသာအားရပြောလိုက်သော်လည်း ဒေါ်လေးသည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ သလင်းဖြူကို စူးစူးရဲရဲ တစ်ချက်ကြည့်ပြီးနောက် ချာခနဲ ကျောခိုင်းသွားပြီးလျှင် နံရံဘေးတွင် ကပ်ထားသော ဗီရိုကို တွန်းလှဲပစ်လိုက်လေသည်။
"မ ....မလုပ်နဲ့ ဒေါ်လေး "
"ဝုန်း "
"အား "
သလင်းဖြူအော်ဟစ် တားမြစ်နေသည့်ကြားမှပင် ဗီရိုကြီးသည် ဝုန်းခနဲ ပြိုလဲကျလာသောကြောင့် သလင်းဖြူ အထိတ်တလန့် အော်ဟစ်လိုက်မိလေသည်။ထို့နောက် အသံများ ပြန်လည် တိတ်ဆိတ်၍သွားသည်။
" ကျွီ....ကျွီ "
တိတ်ဆိ ငြိမ်သက်သွားသော အချိန်တွင် သလင်းဖြူ၏ နားထဲတွင် တံခါးဖွင့်သံလိုလို ခပ်တိုးတိုး အသံတစ်သံကို ကြားလိုက်ရသောကြောင့် သလင်းဖြင့် ငေါက်ခနဲ ထထိုင်လိုက်မိသည်။ ထိုအခါမှပင် သလင်းဖြူ အိပ်ပျော်သွားပြီးနောက် အိပ်မက်မက်နေမှန်း သိလိုက်ရလေသည်။အိပ်မက်ဟု ဆိုသော်လည်း တကယ်ဖြစ်နေသကဲ့သို့ပင် ခံစားနေရလေသည်။သလင်းဖြူ မဝံ့မရဲနှင့် ဗီရိုကို လှမ်း၍ ကြည့်လိုက်မိလေသည်။ထိုအခါ ခပ်ဟဟ ပွင့်နေသော ဗီရိုတံခါးကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ ကြောင်ငေးငေးနှင့် ကြည့်နေမိသည်။ သေချာသည်မှာ ခပ်စောစောတုန်းက သလင်းဖြူ ဗီရိုတံခါးကို သေသေချာချာပင် ပြန်ပိတ်ထားခဲ့သည်လေ။သလင်းဖြူ တုန်တုန်ယင်ယင်နှင့် ဗီရိုနားသို့ လျှောက်သွားလိုက်သည် ။ပြီးလျှင် ဗီရို၏နေရာအနှံ့သို့ လက်နှင့် အသေအချာ စမ်း၍ရှာကြည့်လိုက်မိသည်။
" ဟင် ... ဒါဘာလဲ "
ဗီရို၏အောက်ခြေပြား အလယ်လောက်တွင် တိတ်နှင့်ကပ်ထားပုံရသော စာအုပ်လိုလို ၊ စာအိပ်လိုလို အရာတစ်ခုကိုစမ်းမိလိုက်သောကြောင့် သလင်းဖြူ လက်ကို ဆန့်တန်း၍ အားနှင့်ဆွဲယူလိုက်သည်။သို့သော်လည်း ထိုအရာမှာ တော်တော်နှင့် ပါမလာဘဲ သလင်းဖြူ၏ လက်တစ်ခုလုံး နာကျင်သွားရလေသည်။ခန္ဓာကိုယ်မှာလည်း ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်အောင်မှောက်ထားရသောကြောင့် မတော် ဗီရိုကြီးများလဲကျလျှင်ဟု တွေးမိပြီး ရင်ခုန်သံတွေ တဒိန်းဒိန်းမြည်အောင်ပင် ခုန်လှုပ်၍ နေလေသည်။အတန်ကြာအောင် ကြိုးစားအားထုတ်ပြီးချိန်မှာတော့ ဗီရိုအောက်ခြေမှ အရာသည် သလင်းဖြူလက်ထဲသို့ ပါ့လာလေသည်။သလင်း ဖြူ မျှော်လင့်တကြီးနှင့် ကြည့်လိုက် မိသောအခါ သာရေး အဖုံးလေးနှင့် သေသပ်စွာချုပ် လုပ်ထားသော လက်တစ်ဝါးစာ အရွယ် ခပ်ပြားပြား စအုပ်လေးတစ်အုပ်ကို တွေ့လိုက်ရလေသည်။
"ဟင် ... စာအုပ်လေးပဲ "
သလင်းဖြူ နှုတ်မှ ရေရွတ်လိုက်မိပြီး စာအုပ်လေးကို လှန်လော ကြည့်လိုက်လေသည်။ထိုအခါ စာအုပ်ကြားထဲမှ စာရွက်ခေါက်လေးတစ်ရွက် ညှပ်ထားသည်ကို တွေ့လိုက်ရလေသည်။ သလင်း ဖြူလည်း စာရွက်ခေါက်လေးကို ခပ်မြန်မြန်ပင် ဖွင့်၍ဖတ်ကြည့်လိုက်သည်။
" သို့ ....
အေးရေ ... လဆန်းတစ်ရက်နေ့ အစ်ကို လာခဲ့မယ် ... နေ့ခင်းလောက်မှာ အိမ်ကိုပဲ အစ်ကိုလာခဲ့မယ်နော် ... ခြံနောက်ဖက်က ပဲဝင်ပြီး နောက်ဖေးလှေကားကပဲ တက်လာခဲ့မယ်လေ ....အဲ့ဒီနေ့ကျရင် အေးက နေမကောင်းဘူးလို့ အကြောင်းပြပြီး ရက်ကန်းရုံကို လိုက်မသွားနဲ့နော် ..
ချစ်တဲ့
အစ်ကို "
သလင်းဖြူ စာကို ဖတ်ပြီး စဉ်းစားနေမိသည် ။စာက လွန်ခဲ့သော သုံးလခန့်က ရေးထားခဲ့သော စာဖြစ်သည်။စာအရဆိုလျှင် ထိုနေ့က ဒေါ်လေးသည် အိမ်ကြီးထဲမှာပင် ချစ်သူနှင့် ချိန်းတွေ့ခဲ့သည်မှာ သေချာသည် ။ သည်သို့ဆိုလျှင် ဒေါ်လေးသည် အမှန်တကယ်ပင် ချစ်သူနှင့် လိုက်ပြေးသွားခဲ့လေ သည်လား။စဉ်းစားရင်းနှင့်ပင် သလင်းဖြူ ခေါင်းထဲမူနောက်လာမိသည်။စာရွက်ကလေးကို ပြန်ခေါက်လိုက်ပြီး စာအုပ်ကြားထဲသို့ ညှပ်လိုက်သည်။ထို့သို့ စာရွက်ကို ညှပ်လိုက်စဉ်မှာပင် မြင်လိုက်ရသော စာကြောင်းလေးကြောင့် သလင်းဖြူ မင်သက် အံ့ဩမိသွားလေသည်။ထိုစာကြောင်းလေးမှာတော့
" ဒေါ်သီက ငါတို့အိမ်ကို ဘာလာလုပ်တာလဲ ... အဝတ်နက်ကြီးခြုံပြီး ဒေါ်သီနဲ့ စကားပြောနေတာ ဘယ်သူလဲ "
စာကြောင်းများကို ဖတ်နေရင်းမှ သလင်းဖြူ၏ လက်တွေ တဆတ်ဆတ် တုန်ယင်လာမိလေသည်။
"သလင်းဖြူ ..သလင်းဖြူရှိလား "
ထိုသို့ရှိစဉ်မှာပင် လှေကားထစ်များမှ သလင်းဖြူ၏ နာမည်ကို အော်ဟစ်ခေါ်လိုက်သော အသံကြောင့် သလင်းဖြူမှာ ဆတ်ခနဲ တုန်လှုပ်သွားမိပြီးလျှင် စာအုပ်ကို ခါးကြားထဲသို့ထိုးထည့်လိုက်ပြီး အခန်းထဲမှ ထွက်ကာ အိမ်သာခန်းဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်လေသည်။
"သလင်းဖြူ ...သလင်းဖြူ ဘယ်မှာလဲ ...အခန်းထဲမှာလဲ မရှိဘူးမမကြီး "
" ကျွန်မ အိမ်သာတက်မှာပါ ဒေါ်ကြီးသုန် ...ဘာကိစ္စရှိလို့လဲ "
ဒေါ်သုန်၏ တကြော်ကြော် အော်ဟစ်ခေါ်သကို သလင်းဖြူက ခပ်တည်တည်နှင့်ပင် လှမ်း၍ ထူးလိုက်လေသည်။
"မင်းကို ...မမကြီးတို့ခေါ် နေတယ် ...အောက်ထပ်ကို မြန်မြန်ဆင်းလာခဲ့ "
မာမာထန်ထန်နှင့် ပြောလာသော ဒေါ်သုန်၏ စကားကြောင့် သလင်းဖြူ ရင်တထိတ်ထိတ်နှင့်ပင် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~~
"သလင်းဖြူ လာအုံး ...ဒီမှာလာထိုင်စမ်း ... ပြီးရင် မှန်မှန်ပြောနော် ...လိမ်ဖို့ မစဉ်းစားနဲ့ ... ကြီးကြီးက လိမ်တာကို အမုန်းဆုံးပဲနော် "
"ဟုတ် ...ဟုတ်ကဲ့ ကြီးကြီး "
သလင်းဖြူ အောက်ထပ် ဧည့်ခန်းထဲသို့ ရောက်သောအခါ ဧည့်ခန်းထဲတွင် ကြီးကြီးကြည်အေး၊ ကြီးကြီးခင်အေးနှင့် ရွှေရည်ဝင်းတို့ သားအမိကို တွေ့ရလေသည်။ပြီးလျှင် ထွဋ်ခေါင်နှင့် အတူထိုင်နေသော ခန့်ခန့် ချောချော အမျိုးသမီးကြီး တစ်ယောက်ကိုလည်း တွေ့ရလေသည်။သလင်းဖြူမှာ ဧည့်ခန်းထဲသို့ ရောက်သည်နှင့် ကြီးတော်ဖြစ်သူ၏ ဒေါသသံနှင့် ပြောလိုက်ခြင်းကို ခံလိုက်ရသောကြောင့် ဘုမသိဘမသိနှင့် ခေါင်းငြိမ့် အဖြေပေးလိုက်ရလေသည်။
" သေချာလဲ ရှာကြပါအုံးရှင်.... သူစိမ်းဆိုလို့ ကျွန်မတို့ သားအမိပဲရှိတော့ နေရခက်လို့ပါရှင် "
မျက်နှာစိမ်းအမျိုးသမီးကြီးက သလင်းဖြူကို မသိမသာ အကဲခတ်၍ ပြောလိုက်လေသည်။
" အို ..မဟုတ်တာရှင် ... ဒီလိုမပြောပါနဲ့ ...တရားခံကို သိပြီးသားပါ ...ဒါကြောင့်မို့လဲ အစ်မကြီးတို့ စိတ်ရှင်းသွားအောင် အားလုံးရှေ့မှာ မေးမလို့ပါ "
ဒေါ်ကြူကြူဝင်းသည် မျက်နှာစိမ်း အမျိုးသမီးကို ကြည့်၍ ပျာပျာသလဲပင် ပြောဆိုလိုက်လေသည်။
" သလင်းဖြူ ..မင်း ဘယ်သူ့ကိုမှ မပြောဘဲ ဘာလို့ ရက်ကန်းရုံက ပြန်လာတာလဲ ... မဟုတ်မှ ရုံးခန်း အံဆွဲထဲက ရွှေရည်ဝင်းရဲ့ ဘယက်ကို ယူလာတာလား ... ဒီတစ်မနက်လုံး ရုံခန်းထဲကို ကြီးကြီးတို့ လေးယောက်ကလွဲပြီး ဘယ်သူ့ကိုမှ အဝင်ခံခဲ့တာ မဟုတ်ဘူးနော် ..အဲဒါကြောင့် မှန်မှန်ပြော "
"ရှင် "
ကြီးတော်ဖြစ်သူ၏ အမေးကြောင့် သလင်းဖြူ ကြောင်အမ်းအမ်းနှင့်ကြီးတော်ဖြစ်သူကို မော့ကြည့်လိုက်မိလေသည်။
====================
အပိုင်း ( ၁၄ ) ဆက်ရန်
ဧကြည်ဖြူ