book

Index 12

အပိုင်း ( ၁၂)

ဧကြည်ဖြူ


" အဝါရောင် ရဲတိုက် "


*******************


      အပေါ်ဆုံးထပ်ရှိ အခန်းများထက် ပို၍ကျယ်ဝန်းပြီးအသံလုံခန်းများအဖြစ် တည်ဆောက်ထားခြင်းကြောင့် ဒုတိယထပ်တစ်တပ်လုံးတိတ်ဆိတ်၍နေလေသည် ။ဒုတိယထပ်သို့ ပထမဆုံးအကြိမ် ရောက်ရိုခြင်းဖြစ်သောကြောင့် မြင်မြင်သမျှသည် သလင်းဖြူအတွက် အံ့သြစရာအတိဖြစ်နေလေသည်။မနက်ခင်းကြီးမှာပင် တိတ်ဆိတ်နေပုံက တော်ရုံလူတစ်ယောက်ကို သတ်နေလျှင်ပင်  မည်သူမျှ သိနိုင်ကြားနိုင်မည်မထင်ပေ။မနက်အဆာပြောစာစားပြီးသည်နှင့်အိမ်သားများသည်လည်း အလုပ်ကိုယ်စီ သွားနေကြသလို ဒေါ်သုန်တို့ ထမင်းချက်များမှာလည်း အိမ်ကြီး၏ မီးဖိုဆောင်တွင် အလုပ်များနေကြသောကြောင့် အိမ်၏ အပေါ်ထပ်အခန်းများတွင်တစ်စုံတစ်ရာ ဖြစ်နေလျှင်လည်း သိနိုင်ကြမည်မဟုတ်ပေ။ခြံဝန်းတံခါးကို အဖွင့်အပိတ်လုပ်ပေးသူ ခြံစောင့်ဖိုးထူးသည် လည်း အိမ်ကြီးရှင်များ၏ အလုပ်ဌာနများဆီသို့ ထမင်းချိုင့်ပို့ ဘာညာ အလုပ်များနေသောကြောင့် ခြံထဲတွင် အမြဲရှိမနေသည်မဟုတ်ပါလား ။ သလင်းဖြူသည် တွေးမိတွေးရာ တွေးနေမိပြီး ကျောထဲ၌ စိမ့်၍အေးလာသလိုပင် ခံစားလာရလေသည်။


    အခန်း၏ဖွဲ့စည်းပုံ များကို ကြည့်၍ ချမ်းသာကြွယ်ဝမှုကိုသလင်းဖြူ အံ့သြပြီးရင်း အံ့ဩနေမိသည်။သလင်းဖြူ၏ မိခင် အသက်ရှင်စဉ်ကလည်း အမွေကိစ္စနှင့် ပတ်သက်ရန်တစ်လုံးတစ်ပါဒမျှ ပြောဆိုခြင်းမပြုခဲ့သလို အဘိုးဆိုးပြီးသည့်နောက်တွင် သူမ၏ မွေးချင်းများ အကြောင်းကိုလည်း ` ပြောဆိုခြင်းမရှိခဲ့ပါလေ။ မမာမကျန်းဖြစ်နေသည်ကိုပင် ဖခင်ကြီးမှ အကြောင်းကြားပေးလိုက်သောကြောင့် ဆေးကုသစရိတ် ငွေအနည်းအပါးရရှိခဲ့သည်။အမွေခွဲပေးရန်ကိစ္စကိုလည်း ကြီးကြီးတို့ဘက်မှပင် ဦးစွာ ပြောခဲ့ပြီး ခြံ မြေများ ဈေးကျနေသည်ဆိုပြီးလျှင် အမွေကိစ္စကို ပြောဆိုခြင်းမပြုကြတော့ပေ။မိခင်ကြီး ဆုံးပါးသွားသောအခါ၌မူ ကူငွေ အဖြစ် မပြောပလောက်သော ငွေကိုသာ ရရှိခဲ့သည်။သလင်းဖြူ၏ ဖခင်ကြီးမှာမူ ထိုကိစ္စအတွက် ကောင်းသည်ဆိုးသည် ပြောဆိုခြင်းမရှိခဲ့ပါချေ။နဂိုကမှ ဖခင်ဖြစ်သူသည် အနေအေးသူဖြစ်သောကြောင့် မာန်မာနကြီးကြသော မိခင်၏ဆွေမျိုးများနှင့် အတူမနေဘဲ သူ၏ ဇာတိရပ်ရွာဖြစ်သော ရန်ကုန် မြို့သို့ ပြောင်းလာခဲ့ခြင်းဖြစ်သည်။ သလင်းဖြူမှတ်မိသလောက်တော့ ဖခင်ကြီး ရန်ကုန်သို့ပြောင်းရွှေ့ရခြင်းမှာ သလင်းဖြူကြောင့်ဟုပင် ဆိုရပေမည်လား ။စည်းကမ်းတင်းကြပ်လှသော ကြီးတော်များနှင့်အတူနေခဲ့ရစဉ်က သလင်းဖြူမှာ ကလေးဘဝ၏ လွတ်လပ်ခွင့်ကို အပြည့်အဝမရရှိခဲ့ပေ။မောင်နှမဝမ်းကွဲ

များနှင့်လည်း အဆင်ပြေခြင်းမရှိခဲ့ချေ။ အထူးသဖြင့် ရွယ်တူများဖြစ်သော ဘကြီးဖြစ်သူ၏ သမီး ရွှေရည်ဝင်းနှင့် ကြီးတော်ခင်အေး ၏သမီး အငယ်မနှင့် မျက်နှာချင်းဆိုင်သည်နှင့်ရန်ဖြစ်ကြသည်သာ။ ထိုသို့ရန်ဖြစ်သောအခါ တိုင်း အဘို့နှင့်အဘွားအပါအဝင် မိခင်ကြီး၏ မောင်နှမများသည် ငွေကြေးလည်း မပြည်စုံ တစ်နယ်သားလည်းဖြစ်သော သလင်းဖြူ၏ ဖခင်ကို အမည်တပ်၍ရွဲ့စောင်းပြောတတ်ကြသည်။ချိုးနှိမ်ပြောခဲ့ကြသည်။ကြာလာသောအခါ ဖခင်ကြီးသည်ထိုဒဏ်ကိုတွေ ခံနိုင်တော့ဟန် မတူဘဲ ဇနီးနှင့် သမီး၏ လက်ကိုဆွဲ၍ မိုးနှဲ့ ရွာကို ကျောခိုင်းခဲ့ခြင်းဖြစ်သည်။


"သလင်းဖြူ "


 "အမေ့ " 

     သလင်းဖြူ အတွေးလွန်နေရာမှ ရုတ်တရက်ခေါ်လိုက်သံကြောင့် လန်းဖျပ်သွားမိလေသည်။အသံလာရာသို့ သလင်းဖြူ ကြည့်လိုက်သောအခါ အခန်းတစ်ခန်း၏ရှေ့တွင် မားမားကြီးရပ်နေသော ဘကြီးဖြစ်သူကို တွေ့မြင်လိုက်ရလေသည်။


" ဒုတိယထပ်ကို ...တူမကြီး မရောက်ဖူးဘူးလား "


  " ဟုတ်ကဲ့ ဘကြီး ... သမီး ခုမှ ပထမဆုံး ရောက်ဖူးတာပါ "


       ဦးမြင့်အေး၏အမေးကို သလင်းဖြူက ဖြေလိုက်သည်။


"အင်း ခက်တယ်ကွယ် ...မမကြီးနဲ့တော့ ခက်ပါတယ် ...မလိုအပ်ဘဲ စည်းကမ်းတွေ တယ်များတာကို ... ဘကြီးတို့လည်း အပြော မလွတ်ပါဘူးကွယ် ...လာ...လာ သမီး ... သမီးကို ဘကြီး ပြောစရာရှိလို့ ခေါ်ခိုင်းလိုက်တာ "


"ဟုတ်ကဲ့ ဘကြီး ပြောပါ ရှင် "


      သလင်းဖြူက ဘကြီးဖြစ်သူ ညွှန်ပြသော နေရာတွင် ထိုင်ရင်းတရိုတသေပင် ပြန်ပြောလိုက်လေသည်။


"ဒီလိုကွဲ့ သမီးရဲ့ ..ပြောရမယ်ဆိုရင် ဘကြီးက ငါ့တူမ နိုင်းငံခြားသွားဖို့လို တံ့ငွေကို ထုတ်ပေးချင်တာ ...ဒါပေမဲ့ ခုချိန် ဘကြီးလက်ထဲမှာ အဲ့ဒီလောက်ငွေမရှိဘူးကွယ် ... ကျန်တဲ့သူတွေကို ပြောတော့လဲ ငွေတွေက အိမ်ဆောက်တဲ့အထဲမှာ ပါသွားလို့ ခြံတွေကို ရောင်းမှ ရမှာတဲ့ ... အင်း ..ခြံတွေကို ရောင်းရမယ်ဆိုရင်တော့ အားလုံးသဘောတူမှ ရမှာသမီး ... ဖြစ်နိုင်ရင် ဘကြီးလဲ အားလုံးကို ခွဲခြမ်းပြီး ပေးလိုက်ချင်ပြီ ...ဒါပေမဲ့ ခက်တာက မမကြီးပေါ့ ..အားလုံးခေါင်းကွဲသွားလိမ့်မယ်ဆိုပြီး ပြောလို့မရဘူးလေကွယ် "


" ဟုတ် ...ဟုတ်ကဲ့ ဘကြီး "


     သလင်းဖြူ ဘကြီးဖြစ်သူကို မော့ကြည့်နေမိပြီး ယောင်ဝါးဝါးနဲ့ ခေါင်းကို ငြိမ့်ပြလိုက်မိလေသည်။


"အဲ့ဒါ အကြီးက ...ငါ့တူမအတွက် ဘကြီးစုထားတဲ့ငွေဆယ်သိန်းကို ထုတ်ပေးလိုက်မယ် ... ငွေဆယ်သိန်းက နိုင်ငံခြားသွားဖို့ မလုံလောက်ပေမဲ့ ရန်ကုန်မှာ အလုပ်ကောင်း တစ်ခုရှာတာပဲဖြစ်ဖြစ် ဆိုင်သေးသေးလေးဖွင့်တာပဲဖြစ်ဖြစ် အဆင်ပြေတယ် မဟုတ်လား "


        ဘကြီးဖြစ်သူ၏ စကားကြောင့် သလင်းဖြူစိတ်ညစ်သွားမိသည်။ငွေဆယ်သိန်းလောက်နှင့် ရန်ကုန်တွင် မည်သို့ဆိုင်မျိုး ဖွင့်ရပါ မည်နည်း ။သလင်းဖြူ သက်ပြင်းကို ချလိုက်မိပြီး ခေါင်းကိုငုံ့ထားမိလေသည်။ဘကြီးဦးမြင်အေး၏စကားများသည် သလင်းဖြူနားထဲသို့မဝင်တစ်ချက် ဝင်တစ်ချက်ပါပင်။


~~~~~~~~~~~~~~~~~~~


 "ဘယ်လိုလဲ စိုင်းလွှမ်း ....နင်သွားကြည့်ပြီးပြီလားဟင် .. အစ်ကို စိုင်းရန်နိုင်ဆိုင်ကယ်မှောက်တာက တကယ်ပဲ မတော်တဆလား "


         သလင်းဖြူသည် စိုင်းလွှမ်းကို မျှော်လင့်တကြီးနှင့် မေးလိုက်သည်။


" ကြည့်ရသလောက်တော့ ... မသင်္ကာစရာ သိပ်မတွေ့ဘူး ဖြူလေး ... ဖြစ်ပြီးပြီးချင်း ကြည့်ရရင်တော့ ပိုသေချာတာပေါ့ ...ခုက ရက်နည်းနည်း ကြာသွားပြီ မဟုတ်လား ...ဒါနဲ့ ကိုစိုင်းရန်နိုင် သေဆုံးသွားရုံနဲ့ အမွေကိစ္စက ပြီးသွားတာမဟုတ်ဘူး မဟုတ်လား ... သူ့မှာ ညီမတစ်ယောက် ရှိတယ်မဟုတ်လား...ဘာပဲဖြစ်ဖြစ်အမွေက ခွဲပေးရမှာပဲလေ .. ဒါကိုသိသိနဲ့ လုပ်ကြံတာ ဖြစ်ပါ့မလား ဖြူလေးရယ် ...မင်းတို့ စိတ်ထဲက သံသဝင်နေမိတာနဲ့ ကိစ္စတွေက မတော်တဆ တိုက်ဆိုင်နေတာရော  မဖြစ်နိုင်ဘူးလား ..."


    စိုင်းလွှမ်းက သူ့အထင်အား သလင်းဖြူကို ပြောပြလိုက်သည်။


"နင်ပြောတာလဲ မှန်ပါတယ် စိုင်းလွှမ်း ... ဒါပေမဲ့ အမွေပေးရမှာမို့ လုပ်ကြံတာမဟုတ်ဘဲ .. သူတို့ မသိစေချင်တဲ့ အကြောင်းကို အစ်ကိုစိုင်းရန်နိုင်က သိသွားလို့ မသတ်ချင်ဘဲ သတ်လိုက်ကြတာဆိုရင်ရော "


"ဟာ ...ဖြူလေးရာ ပြောပုံက ကြောက်စရာကြီး ...ဒီလိုဆိုပါအုံးတော့ ကိုယ့်တူကိုယ့်သားကို လုပ်ကြံဖို့ က လွယ်တဲ့ကိစ္စ မဟုတ်ဘူး ထင်တယ် ...ဘာပဲဖြစ်ဖြစ် မင်းကို စိတ်ပူတယ် ဖြူလေး ... ဖြစ်နိုင်ရင် ရန်ကုန်ကိုပဲ ပြန်ပါတော့ လားကွာ "


       စိုင်းလွှမ်းသည် စိတ်ပူပန် စွာပင် သလင်းဖြူကို ပြောလိုက်သည်။


"ခုလို သံသယတွေနဲ့ တော့ မပြန်ချင်ဘူးဟာ ...အနည်းဆုံးတော့ ဒေါ်လေးရဲ့သတင်းကိုသိရပြီးမှ ပြန်မယ် "


"ဒုက္ခပါပဲ ဖြူလေးရာ ... ငါဘယ်လို ကူညီပေးရမှန်းတောင် မသိတော့ဘူး ... ဒါနဲ့ ဖြူလေး မင်းနဲ့ ဟိုခပ်ချောချော ဧည့်သည်နဲ့ ရင်းနှီးနေကြတာလား ဆုတောင်းပြည့် ဘုရားကိုတောင် သွားကြတယ်ဆိုတော့ "


     စိုင်းလွှမ်း၏ အမေးကြောင့် သလင်းဖြူ အံ့သြစွာပင် စိုင်းလွှမ်းကို မော့ကြည့်လိုက်ပြီး မေးလိုက်လေးသည်။


"ဟင် ...နင်ဘယ်လိုသိတာလဲ စိုင်းလွှမ်း ...အဲ့ဒီနေ့က ..လမ်းမှာလဲ ဘယ်သူနဲ့မှ မတွေ့ခဲ့ပါဘူး "


" သီတာပေါ့ဟာ မိုးနှဲရွာက ကျဉ်းကျဉ်းလေးပဲ လေကွာ ..ဒါနဲ့  သူနဲ့ ဘယ်လို ပတ်သက်နေတာလဲဟင် ဖြူလေး.."


       သလင်းဖြူ စိတ်အထင် စိုင်းလွှမ်း၏ မေးသံသည် အနည်းငယ်မျှ ဝမ်းနည်းအားငယ်သံပါနေသည်ဟု ထင်မိသောကြောင့် စိုင်းလွှမ်းကို သလင်းဖြူစောင်းငဲ့ကြည့်လိုက် မီလေသည်။ထိုအခါ စိုင်းလွှမ်း၏ ညို့မှိုင်းနေသော မျက်နှာကို တွေ့လိုက်သောကြောင့် သင့်တော်ရာ အကြောင်းကို စဉ်းစား၍ ဖြေရှင်းလိုက်ရလေသည်။


"ဘာမှမဟုတ်ပါဘူးဟာ ...သူနဲ့လဲ မရင်းနှီးပါဘူး ... ဒီလိုပဲ အထင်လွှဲစရာကိစ္စလေးရှိလို့ ဖြေရှင်းကြဖို့ ခဏတွေ့ကြတာပါ ... တော်ကြာ ရွာထဲမှာ တွေ့ရင် လူတွေ အထင်လွှဲမှာစိုးလို့ပါဟာ ...အထူးသဖြင့် ရွှေရည်ဝင်းသိမှာစိုးလို့ လူသွားလူလာ ပါးတဲ့ နေရာမှာ ချိန်းမိတာပါ "


        သလင်းဖြူ ဘာရယ်မဟုတ် အမှန်တိုင်း မပြောဘဲ အဆင်ပြေသလို လွှဲ ပြောလိုက်သည်။ စိုင်းလွှမ်းထံမှ စိတ်ပူပြီး တားမြစ်မည်စိုးသောကြောင့် အဆင်ပြေသလို ပြောလိုက်ခြင်းဖြစ်လေသည်။


"အင်းပါ... ကြည့်ရတာ သူနဲ့ ရွှေရည်ဝင်းရဲ့ ဆက်ဆံရေးက ထူးခြားတုံ့ပုံပေါ်နေလို့ မင်းအတွက် စိုးရိမ်လို့ ပြောတာပါ .."


"တော်ပါ စိုင်းလွှမ်းရယ် ...ပေါက်ကရတွေ မပြောပါနဲ့ ...ဒါနဲ့ လေ  နင့်ကို ပြောစရာရှိတယ် ..တကယ်လို့များ ....ငါတစ်ခုခုဖြစ်ခဲ့ရင် အဖေ့ကို ဒီကိစ္စ ထဲ၀င်မပါအောင်ဘဲ ကူညီပါနော် "


" ဟာ ...ဖြူလေး ...မင်းဘာတွေ ပြောနေတာလဲ ..ဒီလိုတွေ စိတ်က ထင်နေရင်လဲ ...ရန်ကုန်ကို ပြန်တော့လေ ... မဟုတ်တာတွေမပြောနဲ့...မင်းရဲ့ အသက်ကို ဘယ်သူမှရန်ရှာလို့မရစေရဘူး သိလား  "


      စိုင်းလွှမ်းသည် သလင်းဖြူ၏ပခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးလျှင် ဒေါသတကြီးနှင့် ပြောလိုက်လေသည်။


"မ ...မဟုတ်ပါဘူး ....သဘောပြောပြတာပါ စိုင်းလွှမ်းရယ် ... စိတ်မတိုပါနဲ့နော် "


       သလင်းဖြူသည် စိတ်တိုသွားဟန်ရှိသော စိုင်းလွှမ်းကို မနည်းပင် ပြန်၍ချော့မော့ပြောဆိုလိုက်ရလေသည်။


        သလင်းဖြူ ကုက္ကို စုကွင်းမှ ပြန်သည်အထိ မျက်နှာညိုညိုနှင့် ရှိနေသော စိုင်းလွှမ်းကို ကြည့်ပြီး သလင်းဖြူ ရင်ထဲ၌လည်း ရှုပ်ထွေး၍နေမိလေသည်။


~~~~~~~~~~~~~~~~~~


"ဒီမှာ ...မင်း  အရမ်းလွယ်လွယ်ပြောတာပဲနော် .. ညနက်တာနဲ့ ဟိုခွေးကြီးနှစ်ကောင်ကို ခြံထဲကို လွှတ်ထားတာကွ ... မင်းရော အဲ့ဒီအချိန် ခြံထဲဆင်းရဲလား ပြော ....."


"ရှင်ကလဲ ယောကျာ်းတန်မဲ့ ကြောက်တတ်လိုက်တာ ...အဲ့ဒါဆို ဘယ်အချိန်ဘယ်နေရာမှာ ရှာရမလဲပြော "

   

       ထွဋ်ခေါင်နှင့် သလင်းဖြူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငြင်းခုံနေကြသည်။


"အင်း ညဘက်ကတော့ အဆင်မပြေဘူး ... ခြံထဲမှာရှာဖို့တော့ နေ့ဘက်ပဲ အဆင်ပြေမှာ ...မင်းက အဲ့ဒီအိမ်ရဲ့သွေးသားရင်းပဲဟာ ခြံထဲကို ရှာဖို့တော့ မင်းပဲ တာဝန်ယူလိုက် ...ကိုယ်က တိုက်ကြီးနဲ့ ဂိုထောင်ကိုရှာဖို့ ကြိုးစားမယ် "


     သလင်းဖြူသည် ထွဋ်ခေါင် ပြောသမျှကို နားထောင်နေရင်းမှာ နားမလည်နိုင်စွာထမေးလိုက်မိသည်။


"ဒီမှာ နေပါအုံး ... ကျွန်မတို့က ဘာကို ရှာရမှာလဲ ..ရှင်ကရော ဘာလိုချင်လို့ ကျွန်မကို ကူညီနေတာလဲ "


" ဟာ ... မင်းကွာ ဒီလောက် ပြောနေရဲ့နဲ့ နားဝေးလိုက်တာ ... သက်သေရှာရမှာလေ ...မင်း ဒေါ်လေးပျောက်နေတာကိုလဲ သေချာတဲ့သက်သေရှာရမယ် ...ပြီးတော့ မင်းကို အခုမပြောနိုင်သေးပေမဲ့ ကိုယ့်မှာလဲ အကြောင်း ရှိလို့ပေါ့ အဲ့ဒီအကြောင်းကလဲ ...မင်းနဲ့တူညီနေတာမို့ မင်းနဲ့ ပူးပေါင်းရုံပဲ .."


"ဒါဆို ရှင်က စုံထောက်လား ....ဒါမှမဟုတ် ရွှေရည်ဝင်းက ကျွန်မကို စုံစမ်းဖို့ ရှင့်ကို ခိုင်းထားတာလား "


" ဘာ မင်းရူးနေတာလား ... ဘာလို့ ပေါ့ပြတ်ပြတ်ပြောနေရတာလဲ ...ဒီကိစ္စတွေက မင်းထင်ထားတာထက် အန္တရာယ်ပိုများနိုင်တာ သိရဲ့လား ...မင်းဒီလို စိတ်ထင်ရာပြောနေတွေးနေမယ်ဆိုရင် ငါတို့ ပူပေါင်းလို့ဖြစ်မှာမဟုတ်ဘူး "

 

     ထွဋ်ခေါင်းက လေသံမာမာနှင့် ပြောလိုက်လေသည်။


"အို ..ဒါလေး ပြောတာကို ဘာဖြစ်တာလဲ ...ကျွန်မသူငယ်ချင်းက ပြောတယ် ... ကျွန်မတို့ စိတ်ထဲကထင်နေတာလဲ ဖြစ်နိုင်တယ်တဲ့ ..အားလုံးက မတော်တဆ တိုက်ဆိုင်နေတာလဲ ဖြစ်နိုင်တယ်တဲ့ "


"ဘာ ...ဘာပြောတယ် အမိ ...မင်းသူငယ်ချင်းဟုတ်လား .ဘယ်က သူငယ်ချင်းလဲ ...သူ့ကို ဘာတွေ လျှောက် ပြောထားတာလဲ "


      ထွဋ်ခေါင်သည် သလင်းဖြူ၏ ပခုံးနှစ်ဘက်ကို ခပ်တင်းတင်းဆုပ်ကိုင်၍မေးလိုက်လေသည်။


"အို ဘာဖြစ်နေတာလဲ ...ဘယ်က သူငယ်ချင်းဖြစ်ဖြစ် ရှင်နဲ့ ဘာဆိုင်လို့လဲ ....ရှင့်အကြောင်းကိုလဲ ဘာမှမပြောထားပါဘူး ...ရှင့်သာ ကြီးကြီးတို့ကို မျက်နှာလုပ်ပြီး....ကျွန်မက တစ်အိမ်လုံးကို သံသယဝင်နေတယ်ဆိုတာကို မပြောမိစေနဲ့ "


" ဆရာ .. ဆရာ့ကို မရွှေရည်ဝင်းရှာနေတယ် ဆရာ "

  

       ထွဋ်ခေါင်နှင့် သလင်းဖြူတို့ တစ်ယောက်တစ်ခွန်း စကားများနေကြစဉ်မှာပင် ထွဋ်ခေါင်၏ မန်နေဂျာ အနားသို့ ရောက်လာသောကြောင့် နှစ်ယောက်သား တိတ်ဆိသွားကြပြီး ထွဋ်ခေါင်က သလင်းဖြူကို ကြည့်ပြီး ခပ်တိုးတိုး သတိပေး၍ထွက်ခဲ့လေသည်။


"မင်း သတိထားနေနော် "


       သလင်းဖြူသည် အံကိုကြိတ်လိုက်ပြီး ထွဋ်ခေါင်ကို မျက်စောင်းဖြင့် လှမ်းထိုးလိုက်သည်။


~~~~~~~~~~~~~~~~~~


"မင်းဟာမလေးက အဆင်ပြေပါ့မလား ထွဋ်ခေါင် ...တော်ကြာ အစီအစဉ်တွေ တလွဲဖြစ်ကုန်မယ်နော် ...ငါတို့တွေ အချိန်တွေရော ... ငွေတွေရော ရင်းထားရတာနော် "


      နှစ်ယောက်တည်း ဖြစ်သွားသည်နှင့့် တစ်ပြိုင်နက် မန်နေဂျာ တစ်ဖြစ်လဲဝေထွန်းက ထွဋ်ခေါင်ကို ပြောလိုက်သည်။


"စိတ်မပူပါနဲ့ ကွာ.... ငွေတွေ ရင်းထားရတယ်ဆိုပေမဲ့ ...အထည်တွေက ဆိုင်ပေါ်တင်ရောင်းရင် အရှုံးမရှိပါဘူး .... ဒီမိန်းခလေးကလဲ သိပ်ယုံလို့မရပေမဲ့ ဇွဲကြီးတဲ့သူ့အကျင့်က ငါတို့အတွက် အကူအညီ ဖြစ်လာနိုင်တယ်ကွ ... သူ့နေရာမှာ အခြားမိန်းခလေးတစ်ယောက်ဆိုရင် ပြန်ပြေးလောက်ပြီ.. သူ့မို့လို့ ဒုံပေးကက်သပ်နဲ့နေ နေတာ ...ဒါက ငါတို့အတွက် အထောက်အကူရနိုင်တယ် .. ပြီးတော့ သူ့သူငယ်ချင်းဆိုလား ပြောလိုက်တယ် ..အဲ့ဒီလူ အကြောင်းကို သေချာအောင် စုံစမ်းကြည့်ပေးအုံးကွာ"


"အေးပါကွာ ...မင်းလဲ သတိနဲ့ နေအုံး ..ရွှေရည်ဝင်းဆိုတဲ့ မိန်းခလေးကလဲ မင်းကို မျက်စိအောက်ကကို အပျောက်မခံဘူးနော် ..တော်ကြာ အထည်တွေပြီးသွားတဲ့ အထိ ... မအောင်မြင်ဘဲ နေမယ်....ဘာပဲဖြစ်ဖြစ် ကွာ ကိစ္စတွေက ငါတို့ထင်သလို မဟုတ်ရင်တော့ မင်းလဲ တောသူဌေးသားမက်လုပ်လိုက်ပေါ့ကွာ "


      ဝေထွန်းက ရယ်ကျဲကျဲနှင့် ပြောလိုက်သောအခါ ထွဋ်ခေါင်က ခွန်းတုံ့ပြန်ခြင်းမရှိဘဲ ပြုံး၍သာ နေလေသည်။


~~~~~~~~~~~~~~~~~~


     ရွှေရည်ဝင်းသည် ရင်တွင်းမှ ဒေါသများကို လူမမြင်အောင် ဖုံးကွယ်ထားရင်းမှ ဟန်ဆောင်ပြုံးထားရလေသည်။ထွဋ်ခေါင်သည် မိမိအပေါ် ဆက်ဆံနေပုံမှာ လုပ်ဖော်ကိုင်ဖက် အဆင့် ထက်ပိုချင်နေသည်ဟုထင်နေမိသော်လည်း ညီမ၀မ်းကွဲဖြစ်သူ သလင်းဖြူနှင့် ပတ်သက်ချင်နေသောစိတ်ကိုမူ ရွှေရည်ဝင်းမုန်းတီးလှပါလေသည်။ စိတ်ရှိတိုင်းသားဆိုလျှင် သလင်းဖြူကို အိမ်မှ အမြန်ဆုံး ထွက်သွားအောင် လုပ်ပစ်လိုက်ချင်သော်လည်း စိတ်ကို အတတ်နင်ဆုံး ထိန်းချုပ်ထားရလေသည်။မည်သို့ပင်ဖြစ်စေ ထွဋ်ခေါင်လို သူဋ္ဌေးက မိမိလို ဥစ္စာပေါရုပ်ချောသူဌေးသမီးကို လျစ်လျူရှုပြီး အလုပ်အကိုင်လဲမရှိ ရုပ်ရည်အားဖြင့်လဲ   မိမိကို မမှီသော သလင်းဖြူလို လူမျိုးကိုတော့ သဘောမကျတန်ရာဟု တွေး၍ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်တွေးဖြင့် တွေးနေရလေသည်။


"သမီးနဲ့ မောင်ထွဋ်ခေါင်တို့ အခြေအနေက ဘယ်လိုလဲကွယ် ...ခင်မင်တာထက်မပိုသေးဘူးလားကွဲ့ "


      

      ဒေါ်ကြည်အေးက တူမဖြစ်သူကို မေးလိုက် လေသည်။ထိုအခါ ရွှေရည်ဝင်း၏ မိခင်ဖြစ်သူ ဒေါ်ကြူကြူ၀င်းကလဲ သမီးဖြစ်သူ၏ အဖြေကို စိတ်ဝင်စာစားနှင့် စောင့်စား နားထောင်နေလေသည်။


"အို ...သမီးတို့က ...ရိုးရိုးသားသားပါ ကြီးကြီးရယ် ...သူရောသမီးပါ အလုပ်ထဲမှာပဲ စိတ်နှစ်ထားကြတာပါ "


      ရွှေရည်၀င်းက ကြီးတော်ဖြစ်သူနှင့် မိခင်ကြီးကို မပွင့်တပွင့် ပြန်ဖြေလိုက်သည်။


" အလုပ်တော့ အလုပ်ပေါ့ကွယ် ...ကြီးကြီး စုံစမ်းရသလောက်တော့ ... မောင်ထွဋ်ခေါင်က မျိုးကောင်းရိုးကောင်း ပညာတတ် အသိုင်းအဝိုင်းထဲကပဲ .. လက်မလွတ်စေနဲ့ပေါ့ "


"ဟုတ် ...ဟုတ်ကဲ့ပါ ကြီးကြီး "


       ရွှေရည်ဝင်းသည် ကြီးတော်ဖြစ်သူကို ပြန်ဖြေလိုက်ရင်းမှ မိခင်ဖြစ်သူကို လှမ်းကြည့်လိုက်လေသည်။


       ဒေါ်ကြူကြူဝင်းသည် သမီးဖြစ်သူ၏ မျက်နှာကို ကြည့်လိုက်ပြီးလျှင် ယောင်းမဖြစ်သူ ဒေါ်ကြည်အေးကို လှမ်း၍ ပြောလိုက်လေသည်။


"စိတ်တိုင်းကျတော့ ဘယ်ဖြစ်မလဲ မမကြီးရယ် ... အနှောက်အယှက်တွေကလဲ ရှိသေးတယ်လေ "


"ဟဲ့ ... ဘာအနှောက်အယှက်တုန်း "


         ဒေါ်ကြည်အေးက နားမလည်ဟန်ဖြင့် မေးလိုက်လေသည်။


"မမကြီးရဲ့ တူမ သလင်းဖြူပေါ့ ... အကြောင်း မရှိ အကြောင်းရှာပြီး... မောင်ထွဋ်ခေါင်ကို လိုက်ကပ်နေတာလေ...ကြာရင် မောင်ထွဋ်ခေါင် အနေနဲ့ သမီးလေးရွှေ  ရည်ကိုပါ အထင်သေးသွားမှာစိုးရတယ် "


"ဟုတ်လား ...ဒီကောင်မလေးတော့ ဒုက္ခပါပဲ ... ဒီတိုင်းတော့ လွှတ်ထားလို့မဖြစ်တော့ဘူးထင်တယ် "


~~~~~~~~~~~~~~~~~~~~


      မဖြစ်မနေ ဖြစ်၍သာ သလင်းဖြူ လုပ်နေရသော်လည်း ကြောက်စိတ်ကြောင့် လူတစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေမိသည်။ရောက်စ ကတည်းကပင် ထိတ်လန့်နေမိသောအုတ်ဂူများကြား၌ ယခုလို လူသူ တိတ်ဆိတ်နေသော အချိန်တွင် တစ်ယောက်တည်း ရှိနေရခြင်းမှာ ချောက်ချားစရာတော့ ကောင်းလှပေသည်။အဘိုးနှင့် အဘွား၏ အုတ်ဂူများဟု စိတ်ထဲသွင်းလျက် လုပ်စရာရှိသည်များကို ခပ်မြန်မြန်ပင် လုပ်ဆောင်လိုက်လေသည်။


        နေ့ခင်းကြောင် တောင်ကြီး ဖြစ်သော်လည်း တိတ်ဆိတ်နေသော ခြံဝန်းကျယ်ကြီးထဲတွင်  သလင်းဖြူတစ်ယောက်တည်းရှိနေသည်ကဲ့သို့ပင် ထင်ရလေသည်။သစ်ပင်များကြားမှာ သစ်ရွက်များ၏ တရှဲရှဲမြည်နေသော လေတိုးသံများကြောင့် နှလုံးခုန်သံများမှာ ပို၍မြန်ဆန်လာလေသည်။


  "အုတ်ဂူတွေနောက်က ... ဆူးချုံးတောထဲကို နေရာလွတ်မကျန်အောင် ဓါတ်ပုံရိုက်ခဲ့ ...ပြီးရင် အလှဓါတ်ပုံ ရိုက်နေတယ်ထင်အောင် .. အလှဓါတ်ပုံလေးဘာလေးလဲရိုက် ...တစ်ယောက်ယောက်က တစ်နေရာရာက ကြည့်ချင်ကြည်နေနိုင်တယ် '' ဟု ထွဋ်ခေါင် ပြောစဉ်က သလင်းဖြူ ငြင်းဆန်ခဲ့ပါသေးသည်။


"ရှင်ရူးနေတာလား ...ဘယ်သူက အုတ်ဂူတွေကြားမှာ အလှဓါတ်ပုံရိုက်မှာလဲ "


"ဘယ်သူ ရိုက်ရိုက် မရိုက်ရိုက် မင်းရိုက်လေ ... မင်းပြောတော့ အဖြစ် မှန်တွေကို စုံစမ်းမှာဆို ...အဲ့ဒီနေရာကို ကိုယ်သွားလို့ အဆင်မပြေလို့ မင်းကို သွားခိုင်းတာကွ "


        သလင်းဖြူသည် ထွဋ်ခေါင်၏ စကားများကို ပြန်ကြားယောင်လျက် အုတ်ဂူ နှစ်လုံး အနီးတွင် ခြေတုန်လက်တုန်နှင့် ဓါတ်ပုံရိုက်နေမိလေသည်။နေပြောက် ပင်မထိုးနိုင်လောက်အောင် သစ်ပင်ကြီးများဖြင့် အုံဆိုင်းနေသော ပတ်ဝန်းကျင်တွင် သစ်ရွက် လေတိုးသံများနင့်အတူ တစ်ချက်တစ်ချက် တွင် မည်သည့်အသံမှန်း မခွဲခြားနိုင်သည့် ချိုးချိုး ချွတ်ချွတ် မြည်သံများကိုလည်း ကြားရလေသည်။


"ဘယ်လိုပဲဖြစ်ဖြစ် လူကို သတ်ထားရင်တောင် ... ဒီနေမှာတော့ ဘယ်သူကလာထားမှာလဲ ... မသင်္ကာမှုနဲ့ ရှာမယ်ဆိုရင် ဒီနေရာကပဲ စရှာကြမှာကို မသိဘဲ နေပါ့မလား " သလင်းဖြူ စိတ်ထဲမှရေရွတ်ပြောဆိုလိုက်မိရင်း ဓါတ်ပုံများကို တစ်ပုံပြီး တစ်ပုံ ရိုက်နေမိသည်။


"မင်း ဒီမှာ ဘာလုပ်နေတာလဲ သလင်းဖြူ "


"အမယ်လေး "


        သလင်းဖြူ ဓါတ်ပုံရိုက်နေစဉ်မှာပင် ဒေါသတကြီး မေးလိုက်သံနှင့်အတူ ရုတ်တရက် အနားသို့ ရောက်လာသူကြောင့် သလင်းဖြူလန့်ဖျပ်ပြီး အော်လိုက်မိလေသည်။


==================


အပိုင်း (၁၃ ) ဆက်ရန်


ဧကြည်ဖြူ


rate now: