book

Index 11

အပိုင်း ( ၁၁ )

ဧကြည်ဖြူ


" အဝါရောင် ရဲတိုက် "



************************


       ခြေသံကြောင့် သလင်းဖြူလန့်ဖျပ်ပြီး နောက်သို့ လှည့်ကြည့်လိုက်မိရာ ခန္ဓာကိုယ်မှာ ယိမ်းယိုင်၍ သွားလေသည်။


" အမေ့"


" ဟေ့ ...ဟေ့ သတိထားလေ "


         နောက်မှ လူကအဆွဲ မြန်၍သာ သလင်းဖြူ ကံကောင်းသွားခြင်းဖြစ်ပါလေသည်၊ မဟုတ်လျှင် သလင်းဖြူ ချောက်ထဲသို့ကျရောက်သွားလိမ့်မည်ထင်ပါလေသည်။


"ကျေး...ကျေးဇူးတင်ပါတယ်ရှင် .... ဟင် ...ရှင် ...ရှင် ကိုထွဋ်ခေါင် "


       သလင်းဖြူ ကျေးဇူးတင်စကားပြောပြီး မော့ကြည့်လိုက်မိသောအခါ မိမိကို ကူညီလိုက်သူမှာ ထွဋ်ခေါင်ဖြစ်နေမှန်း သိလိုက်ရသောကြောင့် အံ့သြသွားမိလေသည်။


"ရှင်က ...ဒီကို ဘာလာလုပ်တာလဲ "


" လမ်းလျှောက်ရင်း ရောက်လာတာပါ ...မင်းကရော ဘာလာလုပ်တာလဲ ` 


     ထွဋ်ခေါင်၏ အမေးကို မဖြေချင်သောကြောင့် သလင်းဖြူ စကားကို လွှဲလိုက်သည်။


"ဒုက္ခပါပဲ လမ်းလျှောက်ရင်းလာဆုံကြတာ အရေးမကြီး ... ရွှေရည်ဝင်းသိရင်  အလကားသက်သက် စကားတွေပြောရအုံးမယ် ... စိတ်ညစ်ပါတယ် "


      သလင်းဖြူ၏ စကားကြောင့် ထွဋ်ခေါင်းနားမလည်နိုင်ဘဲ ပြန်၍မေးလိုက်လေသည်။


"ဘာစကားတွေပြောရမှာလဲ ..."


        သလင်းဖြူသည် ထွဋ်ခေါင်ကိုကြည့်လိုက်ပြီး


"ဘာစကားပြောရမှာလဲ ...ရှင့်ရည်စားက အထင်လွဲပြီး ပေါက်ကရတွေ လျှောက်ပြောတာလေ ... စိတ်ညစ်ရတဲ့ ကြားထဲ အဲ့ဒီပြဿနာတွေကို မဖြေရှင်းချင်ဘူး ...အေးအေးဆေးဆေးပဲ နေချင်တာ "


    သတင်းဖြူက ပြန်ဖြေလိုက်ရင်းမှ ပြန်ရန် ပြင်လိုက်သည်။


"ဘယ်သူက ကိုယ့်ရည်းစားလဲ ... မင်းပြောတာကို မရှင်းဘူး "


        ထွဋ်ခေါင်က နားမလည်ဟန်ဖြင့် ထပ်၍ မေးလိုက်သည်။


"ကိုယ့်ရည်းစားကို တောင် မသိဘူးလား ..ရွှေရည်ဝင်းလေ ...ကျွန်မ သူနဲ့ပြဿနာမဖြစ်ချင်ဘူးရှင် "


" ဘယ်လို ရွှေရည်ဝင်းက ကိုယ့်ရည်းစား ဟုတ်လား ...မင်းထင်ရာ လျှောက်ပြောမနေနဲ့ .. တစ်ဖက်သားကို အားနာစရာ .... ကိုယ်တို့က စီးပွားရေး အတူတူ တွဲလုပ်နေကြတာကွ ... မြန်မာရိုးရာ ချည်ထည်တွေ အရောင်းတွင်ကျယ်လာဖို့က ကိုယ်တို့ရဲ့ရည်မှန်းချက်ပဲ ...အဲ့ဒါကြောင့် အရည်အသွေးကောင်းပြီး ဒီဇိုင်းဆန်းတဲ့ ရိုးရာချည်ထည်တွေပဲ သီးသန့်ပြတဲ့ ပွဲတစ်ခုလုပ်ဖို့ ကြိုးစားနေကြတာကွ "


" ဒါဆိုလဲ ဆောရီးပါရှင် ...မသိလို့ ပြောမိတာ ...ကျွန်မစိတ်ထဲ ရှင်နဲ့ရွှေရည်ဝင်းကို ချစ်သူတွေလို့ ထင်နေခဲ့တာ `


"ရပါတယ် .... အခုသိ သွားပြီ ဆိုတော့ မထင်တော့ နဲ့ပေါ့ ...ဒါနဲ့ မင်းရော မိန်းခလေးဖြစ်ပြီး ဒီလုပ်ငန်းကို စိတ်မ၀င်စားဘူးလား "


        ထွဋ်ခေါင်၏ အမေးကို သလင်းဖြူက ခေါင်းခါပြလိုက်သည်။


"ဟင့်အင်း ... ကျွန်မ နိုင်ငံခြားပဲ သွားချင်တာ ...ဟိုတစ်လောက ကြီးကြီးတို့ဆီကနေ ငွေချေးနေတာ ရှင်လဲမြင်တယ်မဟုတ်လား ....အဲ့ဒီငွေရတာနဲ့ ဒီကနေ ပြန်တော့မှာ ..."


" ဘာလို့ နိုင်ငံခြားကို သွားချင်နေရတာလဲ "


"ငွေများများလိုချင်လို့ပေါ့ရှင် ...ဒါပဲနော် သွားတော့မယ် ...ဘာပဲဖြစ်ဖြစ် ... အပြောလွတ်အောင် နေတာ အကောင်းဆုံးပါပဲ "


"ဟေ့ ...ဟေ့ နေအုံးလေ ...အတူတူသွားကြမယ်လေ "


       ထွဋ်ခေါင်က တားမြစ်လိုက်သော်လည်း သလင်းဖြူ စက်ဘီးကိုနင်း၍ ထွက်ခဲ့လေသည်။


~~~~~~~~~~~~~~~~~~    


       သလင်းဖြူ ထွက်သွားသည်နှင့် ထွဋ်ခေါင်လည်း လျှိုချောက်ရှိရာသို့ ပြန်၍ လျှောက်သွားလိုက်ပြီး ချောက်ထဲသို့ တစ်ခဏမျှ ငုံ့၍ ကြည့်လိုက်သည်။ပြီးလျှင် ဘေးဘီဝဲယာသို့ အကဲခတ်လိုက်ပြီး အိတ်ထဲမှ ချိတ်ကြိုးကို အသင့်ပြင်လိုက်ပြီး ချောက်ထဲသို့ ဆင်းခဲ့လိုက်လေသည်။


~~~~~~~~~~~~~~~~~~~


"နင်ကလဲ အစ်ကိုစိုင်းရန်နိုင်ရဲ့ အသုဘကိုတောင် မလာဘူး "


       သလင်းဖြူက စိုင်းလွှမ်းကိုကြည့်ပြီး ပြောလိုက်သည်။


"လာချင်တာပေါ့...ဒါပေမဲ့  ငါ့အဖေနဲ့ ဆုံမှာစိုးလို့ လေ "


       သလင်းဖြူ၏ အပြောကို စိုင်းလွှမ်းကပြန်ဖြေလိုက်သည်။


"အင်းပါ ... ငါ့မှာတော့ နင့်ကို သတိရလို့ ရက်လည်ညတုန်းကတောင်  အခြားသူရဲ့ အသံကို နင့်အသံလို့ထင်ပြီး...နင်ရောက်လာတယ်ထင်ခဲ့တာ "


"တောင်းပန်ပါတယ် ဖြူလေးရယ် ... လူမြင်ကွင်းမှာကလွဲရင် မင်းလိုသမျှ အကူအညီ အကုန်လုံးကို ငါကူညီပါ့မယ် "


      စိုင်းလွှမ်းက သလင်းဖြူကို တောင်းပန်စကားဆိုလိုက်သည်။


"တကယ်နော် စိုင်းလွှမ်း ...ငါလဲ နင့်ဆီက အကူအညီတောင်းမလို့ဟ ...နင် ဆိုင်ကယ် အကြောင်း နားလည်တယ်မဟုတ်လား ... အစ်ကို စိုင်းရန်နိုင် ဆိုင်ကယ်မှောက်ခဲ့တဲ့ နေရာကို သွားပြီး လေ့လာချင်လို့ နင်ကူညီပါလား "


" ဘာကို လေ့လာမှာလဲ ဖြူလေး `


"ဒီလိုဟာ ... အစ်ကိုစိုင်း ရန်နိုင်ဆိုင်ကယ်မှောက်ခဲ့တာက တကယ်ပဲမတော်တဆလား ... လုပ်ကြံခံရတာလား သိချင်တာ ... နင်ကူညီပေးမယ်မဟုတ်လားဟင် " 


        သလင်းဖြူ၏ စကားကြောင့် စိုင်းလွှမ်းတစ်ချက်တွေ ခနဲဖြစ်သွားသည်။


"ဒီကိစ္စကို မသင်္ကာလို့လား ဖြူလေး "


"အင်း ... အဲ့ဒီလို ထင်နေမိလို့ .အမေနဲ့ ဦးကြီး သေဆုံးခဲ့တဲ့ ကိစ္စကိုရောပဲ .. ပြီးတော့ ဒေါ်လေး ပျောက်နေတဲ့ကိစ္စကိုလဲ မသင်္ကာဘူးဟာ ...အားလုံးက သူ့ချစ်သူနဲ့ ခိုးရာလိုက်သွားတယ်ဆိုပြီး ဥပေက္ခာပြုထားကြတယ် ...ရှင်းရှင်းပြောရရင် ... မိုးနှဲ ရွာမှာ နင်ကလွဲပြီး ဘယ်သူ့ကိုမှ ငါမယုံဘူး ...ဒါကြောင့်မို့ နင့်ကို တိုင်ပင်တာ  ငါ့ကို ကူညီပါနော် ... အမေနဲ့ ဦးကြီးကိစ္စမှာ နင့်မိထွေးလဲ ပတ်သက်နေတယ်ထင်တယ် စိုင်းလွှမ်း "


"ဘယ်လို ငါ့မိထွေးရော ဟုတ်လား ဖြူလေး "


"ဟုတ်တယ် ...နင်လဲ သူ့အကြောင်း သိတယ်မဟုတ်လား ... လူတစ်ယောက်ရဲ့ ဆံပင်နဲ့ အဝတ်အစားကို ရတာနဲ့ အဲ့ဒီလူ ဒုက္ခရောက်အောင် လုပ်နိုင်တယ်ဆိုတာကို "


       သလင်းဖြူ၏စကားဆုံးသောအခါ စိုင်းလွှမ်းက ခေါင်းကို ခါယမ်းလိုက်ပြီး 


"ဒီကိစ္စက ဟုတ်နေရတောင် ...တရားဥပဒေနဲ့ ဘာမှလုပ်လို့မရဘူး ဖြူလေး ..အဲ့ဒီတော့ ဒီကိစ္စတွေသာ တကယ်ဖြစ်မယ်ဆိုရင် ဒါတွေကို ဘယ်သူလုပ်နေတယ်လို့ ထင်လဲ "


"အခုထိတော့ မသိသေးဘူး စိုင်းလွှမ်း ...ကြီးကြီးကြည်အေး ကြည့်ရတာတော့ မသင်္ကာစရာအကောင်းဆုံပဲ ...ဒါပေမဲ့ တပ်အပ်မပြောနိုင်သေးဘူး...အားလုံးပေါင်းကြံတာလဲ ဖြစ်နိုင်တယ်လို့ အစ်ကိုစိုင်းရန်နိုင်က ပြောဖူးတယ် .အဲ့ဒါကြောင့် ဒီကိစ္စတွေကို ငါစုံစမ်းချင်တယ် နင် ငါ့ကို ကူညီမှာလား စိုင်းလွမ်း "


       မျှော်လင့်တကြီးနှင့် မေးနေသော သလင်းဖြူကို စိုင်းလွှမ်း သေချာစွာ စူးစိုက်၍ကြည့်လိုက်သည်။ ပြီးလျှင် သလင်းဖြူ၏ လက်ဖဝါးလေးကို သူ့လက်နှင့် ဆွဲယူဆုပ်ကိုင်လိုက်ပြီး


" ဒီလောက် ပြဿနာတွေ များနေတာ ရန်ကုန်ကို ပြန်လိုက်ပါတော့လား ဖြူလေးရာ ...ဒီမှာ ဆက်နေရင် မင်းအတွက် အန္တရာယ်များနိုင်တယ် မဟုတ်လား...ပြန်ပါတော့နော် ဖြူလေး "


      စိုင်းလွှမ်း၏ အပြုအမူကြောင့် သလင်းဖြူခေါင်းလေးကိုခါယမ်းလိုက်ပြီး


"အစကတော့ ပြန်တော့မလို့ပဲ ...ဒါပေမဲ့ အစ်ကိုစိုင်းရန်နိုင်ဆုံးသွားတော့ စိတ်ကူးတွေပြောင်းသွားမိတယ် ..တကယ်လို့သာ အားလုံးက အစ်ကို စိုင်းရန်နိုင် ပြောသလိုပဲ ဆိုရင် .. အဖြစ်မှန်တွေ ပေါ်ပေါက်ဖို့ ငါရှာဖွေမှ ရမှာ စိုင်းလွှမ်း...မတရား ခံရပြီး သေသွားရတဲ့ ငါ့အမေအတွက် ငါကိုယ်တိုင် ကြိုးစားမှရမှာ ..."


       သလင်းဖြူက စိုင်းလွှမ်း၏ လက်ကလေးက ခပ်ဖွဖွပြန်၍ဆုပ်ကိုင်ပြီး ပြောလိုက်သည်။


"အေးပါ ဒါဆိုလဲ ...သတိတော့ထားနော် ဖြူလေး .. တစ်ခုခုလုပ်မယ်ဆိုရင် ငါ့ကို တိုင်ပင်ပါ ..."


 "အင်းပါ ...ငါ့မှာတိုင်ပင်စရာဆိုလို့ နင်ပဲရှိတာကို... ငါသွားတော့မယ်နော် စိုင်းလွှမ်း "


      သလင်းဖြူစက်ဘီးကို နင်းထွက်လာရင်းမှ စိုင်းလွှမံကို လည်ပြန်ကြည့်လိုက်မိသည်။ပိုးဟပ်ဖြူလေးကဲ့သို့ ဖြူဖြူနွဲ့နွဲ့နှင့် စိုင်းလွှမ်းသည် သလင်းဖြူအတွက်တော့  အားကိုးချင်စရာ လူသားတစ်ယောက် ဖြစ်ခဲ့လေသည်။


~~~~~~~~~~~~~~~~~~


      တိတ်ဆိတ် မှောင်မိုက်နေသော ညသန်းခေါင်ယံ အချိန်တွင် လူတစ်ရပ်ကျော် အမြင့်ရှိသော အုတ်တံတိုင်းများဖြင့် ကာရံထားသော ခြံကျယ်ကြီးထဲတွင် ဖြူဖြူ ပုံရိပ်တစ်ခုသည် လျှပ်စစ်မီး အလင်းရောင်ကို ကွယ်၍ တရွေ့ရွေ့သွားနေလေသည်။သလင်းဖြူသည် အခန်းပြတင်း၏ လိုက်ကာစနောက်တွင် တုန်တုန်ယင်ယင်နှင့် ရပ်နေမိပြီး ထိုလူရိပ်ကိုကြည့်နေ့မိသည်။ထိုသို့ သလင်းဖြူကြည့်နေစဉ်မှာပင် လူရိပ်သည် မှောင်ရိပ်ကျသော ခြံထောင့်တစ်နေရာတွင် ရပ်တန့်လိုက်ပြီနောက် ဗန်း တစ်ဗန်းကို လက်မှ ကိုင်မြှောက်၍ အတန်ကြာရပ်တန့်နေလေသည်။ပြီးနောက် ဗန်းကို မြေပြင်ပေါ်သို့ ပြန်ချလိုက်ပြီး ခြံနောက်ဘက်သို့ တရွေ့ရွေ့ ပြန်၍ လျှောက်သွားလေသည်။


"ဟင် ...ဒေါ်ဒီ ...ဒေါ်သီဆိုတဲ့ အဘွားကြီးပါလား "


      သလင်းဖြူသည် အလင်းရောင်အောက်မှ ထိုလူရိပ်ဖြ တ်လျှောက်သွားချိန်တွင် ဖျတ်ခနဲ မြင်လိုက်ရသော မျက်နှာကို ကြည့်ပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ထိုစဉ်မှာပင် ဒေါ်သီဆိုသော အဘွားကြီးနှင့် ခပ်လှမ်းလှမ်းတွင် တစ်ကိုယ်လုံးအနက်ရောင် ပိတ်စခြုံလွှမ်းထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံးအနက်ရောင်မှလွဲ၍ မမြင်ရသောထိုလူရိပ်သည် ယောကျာ်း၊ မိန်းမ မကွဲပြားနိုင်အောင်ပင် ရှိလေသည်။


" သူက ဘယ်သူများလဲ ... ညတိုင်း ခွေးတွေ လွှတ်ထားရဲ့သားနဲ့ အခု ခွေးဟောင်သံတွေ မကြားရဘူးဆိုတော့ ...ဧကန္တ ဦးသောင်းများ ဖြစ်နေမလား "


      သလင်းဖြူ လိုက်ကာနောက်မှ နေ၍ လူရိပ်များကို ကြည့်ရင်း စဉ်းစားနေမိသည်။လူရိပ်များမှာ ခြံနောက်ဘက်ဆီသို့ လျှောက်သွားသောကြောင့် သလင်းဖြူ မမြင်ရတော့ဘဲ ဖြစ်သွားသည်။


     သလင်းဖြူ ခြေကို အသာဖော့နင်းလျက် အခန်းပြင်သို့ ထွက်ခဲ့သည်။ တစ်အိမ်လုံးအိပ်မောကျနေကြသည် အလား တိတ်ဆိတ်နေကြသည်။သလင်းဖြူ စင်္ကြန်လမ်းအတိုင်း လျှောက်လာခဲ့ရင်း ခြံအနောက်ဘက်သို့မြင်နိုင်သော ရေချိုးခန်းအိမ်သာများရှိရာသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ရေချိုးခန်းဘေးရှိ နောက်ဖေး ဝရံတာမှ ကြည့်လျှင် ခြံအနောက်ဘက်သို့ အတိုင်းသာတွေ့မြင်ရမည် ဖြစ်သည်။ နောက်ဘက် ဝရံတာတွင် မီးပိတ်ထားလေ့ရှိသောကြောင့် ခြံထဲသို့ ကြည်ရှုနိုင်ပေသည်။


     နောက်ဘက် ၀ရံတာ တံခါးကို ဖွင့်၍ ဝရံတာသို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် ဝရံတာ တံခါးမှာ စေ့ရုံစေ့ထားသည်ကို တွေ့လိုက်ရသောကြောင့် သလင်းဖြူထိတ်လန့်တုန်လှုပ်သွားမိလေသည်။


" ရှပ် ...ရှပ် ...ရှပ် "


          ထိုစဉ်မှာပင် စင်္ကြန်လမ်းမှ လျှောက်လာသော ခြေသံ တရှပ်ရှပ်ကို  ကြားလိုက်ရသောကြောင့် သလင်းဖြူ ခေါင်းနပန်းကြီး သွားမိလေသည်။နောက်ဖေး ဝရံတာတွင်လည်း တစ်ယောက်ယောက်ရှိနေသည်။စင်္ကြန်လမ်းမှ လျှောက်လာနေသော ခြေသံကိုလည်းကြားနေရသောကြော့ သလင်းဖြူ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင်မသိအောင် ဖြစ်သွားမိလေသည်။ထိုစဉ်မှာပင် ဝရံတာ တံခါးမှာ ဖျက်ခနဲ ပွင့်လာပြီး သလင်းဖြူကို ဝရံတာဘက်ဆီသို့ ဆွဲခေါ်ယူ လိုက်သည်ကို ခံလိုက်ရလေသည်။


       သလင်းဖြူမှာ အထိတ်ထိတ်အလနဲ့လန့်နှင့် ဝရံတာသို့ရောက်ရှိသွားရလေသည်။သလင်းဖြူလည်း မိမိကို ဆွဲခေါ်ယူလိုက်သောသူကို ရုန်းကန် တိုက်ခိုက်လိုက်လေသည် ။ထိုအခါ တစ်ဖက်မှ လူသည်


"ရှူး ငြိမ်ငြိမ်နေ ... ကိုယ်က ထွဋ်ခေါင်ပါ ....မင်း ခြံထဲက လူတွေကို ကြည့်ဖို့ လာတာ မဟုတ်လား ..တိတ်တိတ်နေ ...ဒီဘက်ကို လာနေတဲ့ ခြေသံကို ကြားတယ် မဟုတ်လား "


       ထွဋ်ခေါင် ပြောသလိုပါပင် ခြေသံသည် ဝရံတာနားသို့ ရောက်လာပြီးလျှင် ရေချိုးခန်းတံခါးများနှင့် အိမ်သာတံခါးများကို ခပ်ဖြည်းဖြည်းလိုက် ဖွင့်နေသံကိုကြားရလေသည်။ပြီးနောက် ခြေသံသည် ဝရံတာ တံခါးရှေ့တွင် အတန်ကြာ ရပ်နေသောကြောင့် သလင်းဖြူနှင့် ထွဋ်ခေါင်မှာ တံခါး၏ဘေးထောင့်တွင် နှစ်ယောက်သားငြိမ်သက်စွာရပ်နေမိကြလေသည်။နီးကပ်လွန်းသော အနေအထားကြောင့် နှစ်ယောက်သားမှာ တစ်ယောက်၏ အသက်ရှူသံကိုပင် တစ်ယောက် ကြားနေရသကဲ့သို့ ရှိလေသည်။


        ထိုသို့ဖြစ်နေရာမှ အတန်ကြာသောအခါ ဝရံတာတံခါးဝမှ ခြေသံသည်စင်္ကြန် လမ်းဘက်ဆီသို့ ပြန်၍ လျှောက်သွားသံကို ကြားလိုက်ရလေသည်။

       ခြေသံ တိတ်ဆိတ်သွားသော အခါမှပင် သလင်းဖြူလည်း ထွဋ်ခေါင်၏ဘေးမှ ဖျတ်ခနဲ ခွါလိုက်ပြီး 


"ကိုထွဋ်ခေါင် ရှင်ဒီမှာ ဘာလုပ်နေတာလဲ...ရှင်ကဘယ်သူလဲ ..ဘာအကြံနဲ့ ဒီကိုရောက်နေတာလဲ ပြော "


       သလင်းဖြူ၏ မေးခွန်းကြောင့် ထွဋ်ခေါင်သည် သလင်းဖြူကို ခပ်တိုးတိုးပြန်ဖြေလိုက်သည်။


"မင်းသိချင်တယ်ဆိုရင် ပြောပြမယ် ... ခုတော့ မဟုတ်ဘူး ... မနက်ဖြန်ကျရင် တွေ့ဖို့ နေရာကို ဖုန်းဆက်ပြီး ပြောမယ် .. .. မနက်ကျမှ မင်းရဲ့ဖုန်းနံပတ်ကို ယူမယ်... အခုတော့ ကိုယ့်အခန်း ကိုယ်ပြန်ကြစို့ ...တော်ကြာ တစ်ယောက်ယောက်တွေ့သွားလိမ့်မယ် ...မင်းအရင်သွားတော့ "


~~~~~~~~~~--~~~~~~~~~~


     ရွှေရည်ဝင်းသည် အခန်းတံခါးနောက်တွင် ငြိမ်သက်စ္စာရပ်နေပြီး စင်္ကြန်လမ်းတစ်လျှောက် လျှောက်သွားသော သလင်းဖြူနှင့် ထွဋ်ခေါင်တို့၏ ခြေသံများကို နားစွင့်၍ အံကိုတင်းတင်းကြိတ်ထားမိလေသည်။


~~~~~~~~~~~~~~~~~~~


" ဖျောက် ... ဖျောက် "


      သလင်းဖြူ စက်ဘီးကို ဂိုထောင်ထဲမှ ထုတ်နေစဉ် ဂိုထောင်အတွင်းဘက်ဆီမှ အသံကြားလိုက်ရသောကြောင့် အသံကြားရာဆီသို့ မဝံ့မရဲ လျှောက်သွားပြီး ကြည့်လိုက်မိသည်။ဂိုထောင်၏ အတွင်းထဲ၌ ဆန်အိတ်များ ၊ ပစ္စည်းမျိုးစုံနှင့် ပြည့်နေသည်ကို တွေ့ရလေသည်။တော်တန်ရုံဆို လူတစ်ယောက်ယောက် ဂိုထောင်ထဲတွင် အသားလေး ပုန်းနေနိုင်သော အနေအထားမျိုး ဖြစ်လေသည်။

    

"ဘယ်သူရှိလဲ "


        သလင်းဖြူ အသံပေးလိုက်ပြီး ဟိုသည် ဝေ့ဝဲ၍ ရှာကြည့်လိုက်ရာ 


"အမယ်လေး "


          ရုတ်တရက် အတွင်းဘက် ဆန်အိတ်များကြားတွင် ကုန်ကုန်းကွကွနှင့် ရှိနေသော လူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် သလင်းဖြူလန့်ပြီး အော်လိုက်မိလေသည်။


"ဟေ့ ...ဟေ့ သူမကြီး ဦးငယ်လေ ...ဦးငယ်ပါ ....လန့်သွားတာလား "


       ဦးငယ်ဆိုသော အသံကို ကြားလိုက်ရသောအခါမှပင် သလင်းဖြူမှာ ကြောက်စိတ်များ ပြေလျော့သွားရပြီး တုန်တုန်လှုပ်လှုပ်နှင့် မေးလိုက်မိလေသည်။


"ဦး ...ဦးငယ်က ဘာလုပ်နေတာလဲ "


"ဘာမှ မဟုတ်ပါဘူးကွယ် ... ဂိုထောင် နောက်တံခါး ပျက်နေတယ်ဆိုလို့ ပြင်ဖို့လုပ်နေတာ "


"နောက်မှာ တံခါးပေါက်ရှိသေးတာလား ဦးငယ် "


       ဦးလေးဖြစ်သူ၏ စကားကြောင့် သလင်းဖြူကမေးလိုက်သည်။


"ရှိတယ်လေ တူမကြီး ...အရေးအကြောင်းဆို အသက်ကယ်ပေါက်ပေါ့ကွယ် "


" ဪ ...ဒါကြောင့်ကို ...ဒါဆို ခြံနောက်ဘက်မှာရော ....တံခါးပေါက်ရှိလား ဦးငယ် "


       သလင်းဖြူ၏ အမေးကြောင့် ဦးရန်နောင်ထွေးသည် သလင်းဖြူကို စေ့စေ့ကြည့်လိုက်ပြီးလျှင် 


" ရှိတယ်လေ ...ဒါပေမဲ့ နောက်တံခါးကို ဘယ်သူမှ အသုံးမပြုကြပါဘူးကွယ် ... ဒါနဲ့ တူမကြီး ရက်ကန်းရုံကို သွားတော့ မလို့လား ..... စက်ဘီးကို ဂရုစိုက်စီးသွားနော် "


"ဟုတ်ကဲ့ ဦးငယ် "


        သလင်းဖြူ စက်ဘီးကို ဂိုတောင်ထဲမှ ထုတ်ယူလာခဲ့ရင်း ဦးလေးဖြစ်သူကို မသိမသာ စောင်းငဲ့၍ ကြည့်လိုက်သောအခါ မားမားကြီး ရပ်လျက် ကြည့်နေဆဲဖြစ်သော ဦးလေးဖြစ်သူကို တွေ့လိုက်ရသောကြောင့် ရင်မှာ ဒုန်းခနဲပင် ဆောင့်ခုန်သွားမိလေသည်။


~~~~~~~~~~~~~~~---

" ဖုန်းနံပတ်ပေး "


          သလင်းဖြူ အထည်ပုံများကြား အလုပ်များနေစဉ် ဘေးနားသို့ကပ်၍ ပြောလိုက်သော ထွဋ်ခေါင်ကြောင့် စာရွက်တစ်ရွက်တွင် ဖုန်းနံပတ်ရေးလိုက်ပြီး လူမမြင်အောင် ကွယ်ဝှက်၍ ပေးလိုက်သည်။ကြီးတော်ကြီးဖြစ်သူမှ စ၍ အလုပ်သမားမောင်း လုံးအထိပင် မယုံကြည်ရသော ဤအိမ်ကြီးတွင် ထွဋ်ခေါင်သည် မည်သို့ ပတ်သက်ပါဝင်နေသည်မှန်း သလင်းဖြူ မတွေးတတ်ပါချေ။ရှေ့လျှောက် မီးစင်ကြည့် က ရန်သာ ရှိပါလေသည်။


~~~~~~~~~~~~~~~~~~~~~


       စက်ဘီးကို ပေါက်ကြီးရွာဘက်သို့ သွားသော လမ်းအတိုင်း သလင်းဖြူ နင်းလာခဲ့သည်။စက်ဘီးနင်းလာရင်းမှ ဘောင်းဘီအိတ်ထဲရှိ အိတ်ဆောင် ဓါးလေးကို လက်နှင့် အသာစမ်း ကြည့်မိပြန်သည်။ဓါးရှိနေမှန်း သေချာသောအခါမှ ရွာလမ်းနံဘေးရှိ ဆုတောင်းပြည့် ဘုရားနားသို့စက်ဘီးကိုနင်းခဲ့လိုက်သည်။မိုးနှဲရွာနှင့် ပေါက်ကြီးရွာသို့သွားသောလမ်းသည် လူရှင်းသည်။ခရိုးလမ်းရှည်သောကြောင့် လူသွားလူလာနည်းသည်။ထို့ကြောင့်ပင် သလင်းဖြူမှာ ပို၍ သတိထားနေမိခြင်းဖြစ်သည်။


       ဆုတောင်းပြည့် စေတီနားသို့ရောက်လျှင် သလင်းဖြူ စက်ဘီးကိုရပ်လိုက်သည်။စေတီ ဆိုသော်လည်း လူသူသိပ်မနီးသော နေရာတွင် တည်ထားသော ကိုးတောင်ပြည့်စေတီလေးသာ ဖြစ်သောကြောင့် လူအသွားအလာ မရှိသလောက်ပင် နည်းပါးလှလေသည်။


       စက်ဘီး ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သလင်းဖြူသည် လူမမြင်အောင် ခိုးရိုက်ထားသော ထွဋ်ခေါင်၏ပုံနှင့် ချိန်းထားသော အကြောင်းများကို သူငယ်ချင်းဖြစ်သူထံကို မက်ဆင်ဂျာမှ ပို့ထားသည်ကို ရောက်ရဲ့လားဟု စစ်ကြည့်လိုက်သည်။ စာရော ပုံပါ ရောက်သွားသောကြောင့် သူငယ်ချင်းဖြစ်သူထံမှ "ဘယ်သူလဲ ...ချောလိုက်တာဟယ် ... ဆွဲစိလိုက်တော့ ဟဲ့" ဆိုသော ပြန်စာလေး ပို့ထားသည်ကို တွေ့လိုက်ရလေသည်။


"မင်းစက်ဘီးနင်းတာ မြန်သားပဲ ..."


        သလင်းဖြူ ဖုန်းကိုကြည့်နေစဉ်မှာပင် အသံနှင့် အတူ ထွဋ်ခေါင်ရောက်လာလေသည်။


" ဘုရားရော ရှိခိုးပြီးပြီလား `


       ထွဋ်ခေါင်က သလင်းဖြူကို မေးလိုက်ရင်း ကိုယ်တိုင်ပင် ဖိနပ်ကို ချွတ်၍ ဘုရားကန်တော့လိုက်လေသည်။


     သလင်းဖြူလည်း ထွ ဋ်ခေါင်နှင့် မနီးမဝေးတွင် ဘုရားထိုင်ကန်တော့လိုက်ရလေသည်။


~~~~ ~~~~~~~~~~~~~~~~


"ဒီမှာ ... ပြောစရာရှိတာ မြန်မြန်ပြော ..ရှင်နဲ့ ကျွန်မ ဘုရားဖူးဖို့လာတာမဟုတ်ဘူးနော် "


      ဘုရားကိုကန်တော့ပြီးသွားသောအခါ သလင်းဖြူက ထွဋ်ခေါင်ကို လှမ်းပြောလိုက်သည်။


"ပြောမှာပေါ့ကွာ .....တစ်ခုတော့ ရှိတယ် ... အခုပြောမယ့်စကားတွေက မင်းကို ယုံကြည်လို့ပြောမှာ ...အဲ့ဒါကြောင့် မင်းလဲ ငါ့ကို ယုံကြည်ဖို့လိုတယ် "


"ပြောစရာရှိတာသာ အမြန်ပြော ...ယုံကြည်ဖို့ကောင်းရင် ယုံကြည်မှာပေါ့ "


" တကယ်တော့ ဘာမှတော့ မဟုတ်ပါဘူးကွာ ...ကိုယ်က ပရလောကသားတွေကို စိတ်ဝင်စားတယ်လေ ... အဲ့ဒီမှာ မင်းတို့အိမ်ကြီးမှာ မမြင်ရတဲ့ ဝိဉာဉ်တွေရှိနေတာကို သိလိုက်ရလို့ လေ့လာဖို့ လုပ်နေခဲ့တာပဲ ...ဒီကြားထဲမှာ မင်းတို့အိမ်ကြီးမှာ ထူးဆန်းတာတွေပါ ကြုံလာခဲ့ရတော့ ပိုပြီး စိတ်ဝင်စားလာခဲ့မိတယ် ဒါပဲ ... ဒီထက်မပိုဘူး...မင်းကရော ဘာကိုစုံစမ်းနေတာလဲပြော....ကိုယ်ကူညီနိုင်ရင် ကူညီမယ်လေ "


       ထွဋ်ခေါင်၏ အဖြေကြောင့် သလင်းဖြူစိတ်တိုသွားမိသည်။


" ရှင်က လူလိမ်ပဲ ..ဘာအကြောင်းမှ မရှိဘူး ဟုတ်လား ...ရှင့်ကို ဘယ်သူခိုင်းထားလဲတော့ မသိပေမဲ့ အဲ့ဒီလူကို ပြောလိုက်စမ်းပါ ... အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့မရဘူးလို့ ... ပြီးတော့ ကျွန်မ အသက်ကို ရန်ရှာလဲ လုံးဝမကြောက်ဘူးဆိုတာ ပြောပြလိုက်ပါ "


      သလင်းဖြူ စိတ်တိုတိုနှင့့်ပြောပြီး ပြန်ရန်စက်ဘီးကိုယူလိုက်လေသည်။ထိုအခါ ထွဋ်ခေါင်သည် သလင်းဖြူရှေ့မှ ပိတ်ရပ်လိုက်ပြီး 


" ဒီမှာ အမိ ...မင်း ကိုယ့်ကို မယုံလဲ မတတ်နိုင်ဘူး ... သေချာတာက ကိုယ်က ဘယ်သူ့လူမှ မဟုတ်ဘူး ...မင်းလိုပဲ အမှန်တရားတစ်ခု ပေါ်ပေါက်လာဖို့ မျှော်လင့်နေတဲ့သူပဲ ...မင်းပြောသလိုပဲ မင်းတို့ဆွေမျိုးတွေရဲ့ ပြဿနာက ကိုယ်နဲ့မဆိုင်ပါဘူး ...ဒါပေမဲ့  အဲ့ဒီအိမ်မှာ ရှိတဲ့ လူသတ်သမားက မင်းထင်တာထက် ပိုပြီး ကြောက်ဖို့ ကောင်းတယ်ဆိုတာသိရဲ့လား "


      ထွဋ်ခေါင်က အသံမာ မာနှင့် ပြောလိုက်သည်။


" ဘာ ..ဘာပြောတယ် လူသတ်သမားဟုတ်လား ....ရှင် ...ရှင် ဘာတွေ သိထားတာလဲ "


       သလင်းဖြူသည် စက်ဘီးကို နင်းရန် ပြင်ပြီးခါမှ  ထွဋ်ခေါင်ကို အလောတကြီးနှင့် မေးလိုက်မိသည်။


"နေပါအုံး ... မင်းပြောတော့ ကိုယ့်ကို မယုံဘူးဆို "


        ထွဋ်ခေါင်က ခနဲ့တဲ့တဲ့နှင့် မေးလိုက်သည်။


" ရှင်ပြောမှာလား ... မပြောဘူးလား  ... ကျွန်မ စိတ်မရှည်တော့ဘူး "


" ကောင်းပြီလေ ...ဒီလိုလုပ် မင်းနံ့ ကိုယ် နှစ်ယောက်ပေါင်းပြီး ...ဒီကိစ္စတွေကို စုံစမ်းကြမလား ... တစ်ယောက်နဲ့ တစ်ယောက် သိသမျှကို  ပြောကြမယ် ဘယ်လိုလဲ "


" ဒါဆို ...ရှင်ဘာသိထားလဲ အရင်ပြော "


       သလင်းဖြူက ဦးစွာမေးလိုက်သည်။


" ကိုယ်သိသလောက် ပြောရရင်တော့ စိုင်းရန်နိုင်ဆိုတဲ့လူက မတော်တဆ သေဆုံးသွားခဲ့တာ မဟုတ်ဘူး ...စနစ်တကျ လုပ်ကြံခံခဲ့ရတာပဲ ဒါပေမဲ့ သက်သေပြစရာရှိဘူး....အဲ့ဒီသက်သေကို ရဖို့ ကြိုးစားရှာရမှာပဲ "


"ဘာ ...ဘာပြောတယ် ...ဒါတကယ်လား ...ရှင့်စကားကို ကျွန်မဘယ်လို ယုံရမလဲ ''


"ယုံတာ မယုံတာ မင်းသဘောပဲ ... ညှိလို့မရဘူးဆိုလဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြရုံပေါ့  ..."


       ထွဋ်ခေါင်က ပြောပြီးသည်နှင့်  ပြန်ဖို့ ပြင်လိုက်သည်။


" ဒီလိုဆိုရင်လဲ ကောင်းပြီးလေ ... ရှင်ပြောတာတွေကို ယုံကြည်လိုက်မယ် ... ဒီကိစ္စတွေ အမြန်ဆုံး ပေါ်ပေါက်လာဖို့ ကြိုးစားကြတာပေါ့ "


      သလင်းဖြူသည် မယုံရဲရဲနှင့်ပင် ထွဋ်ခေါင်နှင့် လမ်းခွဲခဲ့ပြီး စက်ဘီးကို နင်း၍ ရွာထဲသို့ ပြန်လာခဲ့သည်။


~~~~~~~~~~~~~~~~~~


"ဘဘမြင့်က မမလေးကို ပြောစရာရှိလို့ ... ဒုတိယထပ်က ဧည့်ခန်းကို လာခဲ့ပါတဲ့ "


"ဟင် ...ဘဘမြင်က  ခြံထဲမသွားသေးဘူးလား "


       တစ်အိမ်လုံး အသီးသီး အလုပ်သွားကြပြီထင်သောကြောင့် သလင်းဖြူ စိတ်အေးလက်အေးနှင့် အောက်ထပ်သို့ ဆင်းလာစဉ် ပူစူးမ၏ စကားကြောင့် သလင်းဖြူ ဒုတိယထပ်သို့ ပြန်တက်လာခဲ့သည်။


~~~~~~~~~~~~~~~~~~~

      သလင်းဖြူအနေနှင့် တတိယလပ်တွင် နေသော်လည်း လူကြီးများနေသော ဒုတိယထပ်သို့ ယနေ့ အချိန်ထိ ရောက်ဖူးခြင့်မရှိခဲ့ပါချေ။


       လှေကားထစ်တွေကို တထစ်ချင်း ကျော်ဖြတ်လာခံပြီးသည့်နောက်တွင် ဒုတိယထပ်၏ တံခါး၀သို့ ရောက်ရှိလာခဲ့သည်။သလင်းဖြူ တံခါးကို တွန်းဖွင့်၍ဝင်လိုက်သည်။


" ကျွီ '


        သံရှည်ဆွဲ၍ ပွင့်သွားသော တံခါးသံကြောင့် သလင်းဖြူ ကိုယ်လေး ဆတ်ခနဲ တုန်သွားမိသည်။တံခါးပွင့်သွားပြီးနောက်တွင် တိတ်ဆိတ်ငြိမ်သက်နေသော သီးသန့် ကမ္ဘာထဲသို့ ရောက်ရှိသွားသကဲ့သို့ ထင်ရလေသည်။နေ့ခင်းကြီးမှာပင် ချောက်ချားစရာကောင်းအောင် တိတ်ဆိတ်နေသော အခန်းများကိုကျော်ဖြတ်၍ ဧည့်ခန်းကို သလင်းဖြူ ရှာကြည့်လိုက်သည် ။


=======================


အပိုင်း ( ၁၂ ) ဆက်ရန်


ဧကြည်ဖြူ


rate now: