ဧကြည်ဖြူ
" အဝါရောင် ရဲတိုက် "
***********************
" ဘာသံကြီး တုန်း မီးထွန်းကြလေ"
အားလုံးထိတ်ထိတ်လန့်လန့်နှင့် ဖြစ်ကုန်ကြပြီး တစ်ယောက် နှင့့်တစ်ယောက် မေးမြန်းလိုက်ကြသည်။ဦးစွာ သတိကောင်းသော ဦးရန်နောင်ထွေးက မီးအိမ်ကို ထွန်းညှိလိုက်လေသည် ။အလင်းရောင် အနည်းငယ် ရလာသော အခန်းထဲတွင် တစ်ယောက်မျက်နှာ တစ်ထောက် ကြည့်ပြီး အားလုံးထိတ်လန့် တုန်လှုပ်နေလျက်ရှိကြသည်။
သလင်းဖြူသည် ထိတ်ထိတ်လန့်လန့်နှင့် မိမိလက်ဆွဲထားမိသူမှာ ထွဋ်ခေါင်ဖြစ်နေတာကို တွေ့လိုက်ရသောအခါ အံ့သြတုန်လှုပ်စွာ ထွဋ်ခေါင်၏ လက်ကို ဆတ်ခနဲ ပြန်လွှတ်ပေးလိုက်မိရင်း ရွှေရည်ဝင်းကို အလန့်တကြားဖြင့် ကြည့်လိုက်မိသည် ။ထိုအခါ သလင်းဖြူကို မီးဝင်းဝင်းတောက်လုမတတ် မျက်လုံးများနှင့် ကြည့်နေသော ရွှေရည်ဝင်းအား သလင်းဖြူ တွေ့လိုက်ရသည်။ဒေါသများဖြင့် ခက်ထန် တင်းမာနေသော ရွှေရည်ဝင်း၏ အကြည့်ကို ရှောင်လွှဲလိုက်ရင်း သလင်းဖြူ စိုင်းလွှမ်းကိုရှာကြည့်မိလေသည်။
" ဒုန်း "
" ဂွမ်း"
" အမယ်လေး "
"အား ''
သူတို့ အားလုံးတစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ငြိမ်သက်တိတ်ဆိတ်စွာရှိနေကြစဉ်မှာပင် ပိတ်ထားသော မှန်ပြတင်းတံခါးကို တစ်ခုခုနှင့် ထိမှန်သံကြားလိုက်ရပြီး မှန်ပြတင်းကွဲသံကို ကြားလိုက်ရသောကြောင့် အထိတ်တလန့်နှင့် အော်ဟစ်လိုက်မိကြလေသည်။
"ဝုန်း ... ဝုန်း "
"ဒုန်း ...ဒုန်း "
"ဟဲ့ ...ကလေးတွေ ဘာဖြစ်ကြတာတုန်း "
" ဘာဖြစ်ကြတာလဲ "
အောက်ထပ်တွင် ဝရုန်းသုန်းကား ဖြစ်နေကြစဉ်မှာပင် အပေါ်ထပ်မှ လူကြီးများ အထိတ်တလန့်နှင့်ဆင်းလာကြလေသည်။
"ဖိုးထွေး မင်းတစ်ယောက်လုံး ရှိနေရဲ့နဲ့ ဘာဖြစ်ကြတာလဲ ...ရန်ဖြစ်ကြတာလား "
"ဟာ ..မဟုတ်ပါဘူး မမကြီး ...ဘာတွေဖြစ်မှန်း ကျွန်တော်တို့လဲ မသိဘူး ...မှန်ပြတင်းကို တစ်ယောက်ယောက် ခဲနဲ့ပေါက်ပြီး စတာထင်တယ် ... ပြတင်းပေါက်မှန်ကွဲသွားပြီး "
အစ်မကြီးများ၏ အမေးကို ဦးရန်နောင်ထွေးက ဖြေလိုက်ရင်း မှန်ကွဲသွားသော ပြတင်းပေါက်ကို သေချာသွားကြည့်လိုက်လေသည်။
" ပြတင်းပေါက်မှန် ကွဲသွားတယ် ဟုတ်လား ...ဒါ ရွာထဲက ပေါက်လွတ်ပဲစားတွေ တမင်လာလှန့်တာနေမှာပေါ့ ...အကျင့်ကောင်းတဲ့ဟာတွေမဟုတ်ဘူး .... သူတို့စိတ်တိုင်းကျ ဖဲဝိုင်းမလုပ်ပေးလို တမင် ခြောက်လှန့်တာနေမယ် .... ( XXXX )တွေ "
ဒေါ်ခင်အေးက ပျစ်ပျစ် နှစ်နှစ်ဆဲဆိုလိုက်လေသည်။ဦးမြင့်အေးမှာမူ လက်တွင် ပတ်ထားသော ပုတီးကို စိတ်လျက်မှပင် ပြတင်းပေါက်တွင် ရပ်ကာ စိုင်းရန်နိုင်၏ နာမည်ကို ခေါ်လျက်မေတ္တာပို့ အမျှဝေလေသည်။
"မောင်စိုင်းရန်နိုင် ငါ့တူကြီးရေ ...ဘကြီး ပြုလုပ်ခဲ့ဖူးသမျှ ကောင်းမှုကုသိုလ်တွေကို အမျှဝေပါတယ်ကွယ် ... သာဓုခေါ်ပြီး အားလုံးကို စိတ်ချလက်ချ ထားခဲ့ပါကွယ် ... မောင်စိုင်းရန်နိုင်ရေ အမျှ ...အမျှ ...အမျှ "
"အဖေ .... ဘာတွေပြောနေတာလဲ ..တော်ပါတော့ "
ညဉ့်နက်သန်းခေါင်ချိန်မှာ ဦးမြင့်အေး၏ အမျှဝေသံကို ကြားရသည်မှာ ပို၍ပင် ချောက်ချားစရာကောင်း နေလေသည်။ရွှေရည်ဝင်းသည်ပင်လျှင် ဖခင်ဖြစ်သူ၏ အမျှဝေသံကို ကြောက်ရွံ့ပြီး ဖခင်ကို တားမြစ်လိုက်ပြီးလျှင် မိခင်ကြီး၏ နားသို့ တိုးကပ်၍နေလေသည်။
"အူး ဝူး ...ဝူ ..ဝူး ....စူး "
"အမယ်လေး ..ဘုရား ..ဘုရား "
ထိုအချိန်မှာပင် ခြံ၏ အနောက်ဘက် အုတ်ဂူများရှိရာဆီမှ ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံများကို ထိတ်လန့် ချောက်ချားဖွယ် ကြားလိုက်ကြရလေသည်။ခွေးအူသံများကြောင့် အားလုံး တစ်ယောက်နှင့်တစ်ယောက် စကားမပြောနိုင်ကြဘဲ အကြောင်သားငေးကြည့်နေမိလေသည်။ထိုအခွင့် အရေးကို အသုံးချ၍ သလင်းဖြူ အားလုံး၏ မျက်နှာများကို အကဲခတ်ကြည့်ရှုမိလေသည်။ဦးစွာ ကြီးတော် အပျိုကြီးကို ကြည့်လိုက်မိသည်။တည်တံ့လွန်းသောမျက်နှာထားနှင့် ကြီးတော်အပျိုကြီး၏ မျက်နှာတွင် စိတ်ရှုပ်ထွေးခြင်း အမူအရာများကိုတွေ့ရလေသည်။ထို့အတူ ဘကြီးဖြစ်သူ ဦးမြင့်အေး၏ မျက်နှာတွင်လည်း စိုးရိမ်ပူပန်စိတ်များဖြစပေါ်နေ သည်ကို တွေ့ရလေသည်။ကြီးတော် အငယ်ဆုံးဖြစ်သူ ဒေါ်ခင်အေးသည် ဒေါ်သထွက်၍ နေလေသည်။ဒေါ်ခင်အေးသည် နှုတ်ကြမ်းရုံမျှမက မမြင်ရသော လောကကိုလည်း ယုံကြည်ဟန်မတူပေ။ထို့အတူ ကိုဇော်ထိုက်သည်လည်း မအေတူသားဟုပင် ပြောရလေမည်လားမသိ။ကြောက်ရွံ့ထိတ်လန့်ဟန် မရှိဘဲ တက်တစ်ခေါက်ခေါက်နှင့် ရှိလေသည်။ကျန်ရှိသော ကိုဇော်ထိုက်၏ ဖခင်နှင့် ဒေါ်ကြူကြူ၀င်းတို့သည် အိပ်ချင်မပြေသေးဟန် မျက်လုံးများဖြင့် ကျွန်းစတီခုံများပေါ်တွင်ထိုင်လျက် ရှိကြလေသည်။ဦးငယ်ဦးရန်နောင်ထွေးသည်မှာကား ခွေးအူသံများ ထွက်ပေါ်နေသော အဘိုးအဘွားတို့၏ အုတ်ဂူများရှိရာဆီသို့ ပြတင်းပေါက်မှတဆင့် စူးစူးစိုက်စိုက်လှမ်း၍ကြည့်နေသည်ကို တွေ့ရလေသည်။သလင်းဖြူသည် မိသားစု၀င်များကို အကဲခတ်၍ ကြည့်နေမိပြီးနောက်တွင် ထွဋ်ခေါင်နှင့်သူ၏ မန်နေဂျာဆိုသူထံသို့ အကြည့် ရောက်သွားမိလေသည်။ ထိုအခါတွင် မိမိအား စူးစိုက်၍လှမ်းကြည့်နေသော ထွဋ်ခေါင်နှင့် အကြည့်ချင်းဆုံသွားမိသောကြောသောကြောင့် မျက်လုံး အကြည့်ကို လွှဲလိုက်ရလေသည်။
"ကဲ ..ကဲ ...ဒီညတော့ မအိပ်ကြတော့နဲ့ ... ဖိုးထွေးနဲ့ သာကြီးဖိုးဇော်က အလုပ်သမားတွေကို သွားနှိုးချေ ...ဦးသောင်းကို နိုးပြီး ခွေးနှစ်ကောင်ကို ခြံထဲလွှတ်ထားဖို့ ပြောလိုက်..."
ဒေါ်ကြည်အေးသည် မိသားစု၀င်များထဲတွင် အသက်အကြီးဆုံးနှင့် အာဏာအရှိဆုံးဖြစ်သူ ပီသစွာ လုပ်ဆောင်ရမည့်တာဝန်များကို ချမှတ်လိုက်လေသည်။
~~~~~~~~~~~~~~~~~
ညကတစ်ညလုံး မအိပ်ရဘဲ မိသားစုဝင်များအားလုံး မနက်သုံးနာရီထိုးခါနီးမှပင် အိပ်ရာသို့ဝင်ခဲ့ကြရသောကြောင့် အိမ်ကြီး၏ ထုံးစံဖြစ်သော မနက်စာ အဆာပြေဝိုင်းမှာ ပျက်သွားရလေသည် ။ဒေါ်ကြည်အေး၊ ဦးမြင်အေးနှင့် ဒေါ်ခင်အေးတို့မှာ လူကြီးများ ပီပီ မနက် ငါးနာရီမကျော်ခင်အချိန်တွင် အိပ်ရာမှ နိုးထခဲ့ကြသော်လည်း လူငယ်များမှာမူ အိမ််ကြီး၏ အပေါ်ထပ်တွင်အိပ်၍ ကောင်းနေဆဲပင်ဖြစ်ကြလေသည်။ထိုသို့ လူငယ်များ အိပ်ပျော်နေဆဲကာလတွင် လူတစ်ယောက်သည် အိမ်ကြီး၏ အပေါ်ထပ်တွင် ခြေကို ဖွနင်းလျက် အိပ်ခန်းတစ်ခန်းထဲသို့ဝင်၍ သွားလေသည်။
~~~~~~~~~~~~~~~~~~
သလင်းဖြူသည် အိပ်ပျော်နေရာမှ ဆတ်ခနဲ နိုးလာမိပြီးလျှင် အပေါ့အပါး သွားချင်စိတ်ကြောင့် စားပွဲခုံပေါ်မှ နာရီကို လှမ်း၍ကြည့်လိုက်မိလေသည်။ထိုအခါတွင် မနက် ငါးနာရီထိုးတော့မည်ကို တွေ့လိုက်ရသောကြောင့် စိတ်လက်ပေါ့ပါးစွာပင် သန့်စင်ခန်းရှိရာသို့ ထွက်လာခဲ့လေသည်။
"ရှပ် ...ရှပ် ...ရှပ် "
သလင်းဖြူ လျှောက်လာနေစဉ် ထောင့်ခန်း ရှေ့သို့ အရောက်တွင် ခပ်ဖွဖွနင်းလျှောက်လာသော ခြေသံကို ကြားလိုက်ရသောကြောင့် ခန္ဓာကိုယ်လေးကို ကျုံ့ထားလိုက်မိပြီးလျှင် အသက်ရှူခြင်းကိုပါ အောင့်၍ထားလိုက်မိပြီး ငြိမ်သက်စွာရပ်လျက် နောက်ဘက်စင်္ကြန်လမ်းဘက်ဆီသို့ အသားချောင်းကြည့်မိလေသည်။ထိုသို့ သလင်းဖြူ ကြည့်နေစဉ်အတွင်းမှာပင် အခန်းတစ်ခန်းထဲမှ အမျိုးသမီးတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
" ဟင် ...ကြီးကြီးကြည်အေးပါလား "
အခန်းထဲမှ ထွက်လာသူကို ကြည့်၍ သလင်းဖြူ အံ့ဩသွားမိလေသည်။ကြီးတော်ဖြစ်သူမှာမူ သလင်းဖြူကို မြင်ဟန်မတူဘဲ ဒေါသအမျက်ထွက်နေဟန်မျက်နှာထားဖြင့် အံကိုတင်းတင်းကြိတ်၍ထားသည်ကို တွေ့ရလေသည်။သလင်းဖြူသည် ကြီးတော်ဖြစ်သူကို တွေ့လိုက်ရသောကြောင့် ရှေ့ဆက်၍ မသွားဝံ့ဘဲ အတွေးများစွာပွားနေမိလေသည်။သလင်းဖြူအနေနှင့် ဗေဒင်ကိန်းခန်းနှင့် ရှေ့ဖြစ်ဟောကိန်းများကို သိပ်ပြီးအယုံအကြည်မရှိသော်လည်း ဤနေရာတွင် သလင်း ဖြူ့ကို ကူညီနိုင်မည့်သူမှာ တစ်ယောက်သာရှိပြီး ကျန်လူများမှာ ဒုက္ခပေးနိုင်သူများ ဆိုခြင်းကြောင့် အနည်းငယ်မျှထိတ်လန့်တုန်လှုပ်နေမိသည်မှာ အမှန်ပင်ဖြစ်ပါလေသည်။သလင်းဖြူသည် ဒေါ်ကြည်အေးထွက်သွားပြီးနောက်တွင် စင်္ကြန်လမ်းအတိုင်း ခြေကို ခပ်ဖွဖွနင်းလျက် လျှောက်လာခဲ့သည်။ဒေါ်ကြည်အေးထွက်လာခဲ့သော အခန်းရှေ့သို့ ရောက်သောအခါ တစ်ခါက စိုင်းရန်နိုင်ဝင်သွားခဲ့သော အခန်းဖြစ်နေသည်မှန်းသိလိုက်ရလေသည်။သလင်းဖြူ လှမ်းလက်စခြေလှမ်းများကို မသိမသာ ရပ်လိုက်ပြီးလျှင် အခန်းထဲသို့ နားစွင့် ကြည့်လိုက်မိသည်။
"အဟင့် ..ဟင့် ..ဟင့် ..အီးဟီး "
သလင်းဖြူ တံခါးနားသို့တိုးကပ်ပြီးနားထောင်လိုက်သောအခါ အထဲမှ ငိုသံလိုလို ကြားလိုက်ရသောကြောင့် ကြက်သီးများ ဖြန်းခနဲ ထသွားမိသေးသည်။နောက်မှ မိုးလင်းနေပြီးမှန်း သတိရလိုက်မိသောကြောင့် တံခါးကိုဖွင့်ပြီး အခန်းထဲသို့ ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်မိလေ၏။ သလင်းဖြူသည် ဤအိမ်ကြီးသို့ ရောက်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ မိမိ၏ အခန်းနှင့်ရေးချိုးခန်း၊ အိမ်သာများမှအပ မည်သည့်အခန်းကိုမျှ ၀င်ရောက်ကြည့်ရှုခဲ့ခြင်း မရှိခဲ့ပါချေ။ရောက်ရောက်ချင်းည၌ "အခြားအခန်းများသို့ မဝင်ရ "ဆိုသော ဒေါ်သုန်၏ စကားကြောင့် မည်သည့်အခန်းကိုမျှ ဝင်ရောက်ခဲ့ခြင်းမရှိခဲ့ပါလေ။ယခုအကြိမ် သည် ပထမဆုံးအကြိမ် ဖြစ်ပါလေသည်။
အခန်းသည် သော့ခတ်၍ မထားသောကြောင့် သလင်ဖြူ အခန်းထဲသို့ လွယ်ကူစွာပင် ၀င်ရောက်ခဲ့လေသည်။အခန်းထဲသို့ ရောက်သောအခါ အခန်းသည် လိုတာထက်ပို၍မှောင်မိုက်နေပြီလျှင် အေးစိမ့်၍နေလေသည်။အခန်းမှောင်မှောင်ထဲတွင် သလင်းဖြူလက်နှင့် ဟိုသည် လိုက်၍ စမ်းကြည့်မိလေသည်။
" အ "
မှောင်မှောင်မည်းမည်းထဲတွင် သလင်းဖြူ၏လက်သည် တစ်စုံတစ်ခုနှင့် တိုက်မိပြီးလျှင် လက်တွင်းစူးခနဲ နာကျင်သွားမိလေသည်။မှောင်မှောင်မည်းမည်းထဲတွင် ကြောက်ကြောက်လန့်လန့်နှင့်ပင် အခန်းနံရံသို့လက်နှင့် စမ်းပြီး မီးခလုတ်ကို ရှာကြည့်လိုက်သည်။ မီးခလုတ်ကို ဖမ်းမိလျှင် ခပ်မြန်မြန်ပင် ဖွင့်လိုက်ပြီး လက်နှင့် တိုက်မိသော နေရာသို့ကြည့်လိုက်မိသည်။
"အမယ်လေး "
ဖျတ်ခနဲ့အကြည့်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သလင်းဖြူ ကြောက်လန့်တကြားအော်လိုက်မိသည်။ဖျတ်ခနဲ မြည်လိုက်ရသည်ဆိုသော်လည်း ခုံပေါ်တွင် ထိုင်နေသော လူရိပ်ကို သလင်းဖြူအသေအချာတွေ့လိုက်ရခြင်းဖြစ်ပါသည်။တွေ့ရချိန်မှာ မြန်ဆန်လွန်း၍ မည်သူမည်ဝါဟု တပ်အပ်သေချာ မမြင်လိုက်ရသောငြား အဒေါ်ဖြစ်သူ ဒေါ်ရင်အေးဖြစ်ဖို့ သေချာပါလေသည်။သို့ဆိုလျှင် သည်အခန်းသည် အဒေါ်ဖြစ်သူ၏ အခန်းများ ဖြစ်နေမည်လား ။ သလင်းဖြူ အခန်းထဲ လှည့်ပတ်၍ ကြည့်လိုက်မိသည်။အခန်းထဲတွင် နံရံကပ်ကျွန်းဗီဒိုကြီးနှင့် မှန်တင်ခုံ ရှိသည်။ ခုတင် လည်း ရှိနေသည်။ထိုထက်ပို၍ ထူးထူးခြားခြား မည်သည့်အရာမျှ မရှိချေ။သို့သော ဗီဒိုမှာ ခပ်ဟဟ ပွင့်နေလေသည်။ကြည့်ရသည်မှာ ခပ်စောစောက ကြီးကြီးကြည်အေး ဗီဒိုကို ဖွင့်ပြီး ပြန်ပိတ်ရာတွင် သော့ အံကျသွားပုံမရချေ။သလင်းဖြူ ဗီဒိုနားသို့ကပ်ပြီး ခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်သည်။
" ကျွီ " ဗီဒိုတံခါးပွင့်သံသည် ကြည့်ဖူးသော သရဲဇာတ်ကားများထဲမှာလိုပင် သံရှည်ဆွဲ၍ ထွက်ပေါ်လာလေသည်။
ပွင့်သွားသော ဗီဒိုထဲတွင် ဒေါ်လေး၏ အဝတ်အထည်များကို တွေ့ရလေသည်။အဝတ်များမှာ တန်ဖိုးကြီးလှသော ချည်ထည်များ ဖြစ်လေသည်။ခိုးရာလိုက်သော အမျိုးသမီးတစ်ယောက်သည် အဖိုးတန် အဝတ်အထည်များကို ထားခဲ့ပြီး အဟောင်း အစုတ်များတော့ မယူသွားတန်ရာ ။ သို့မဟုတ်လျှင်လည်း ဒေါ်လေးတွင် အဖိုးတန် အဝတ်အထည်များချည်းသာ ရှိနေသည်လော။ဗီဒိုအနှံ့ရှာဖွေကြည့်နေမိရင်းမှ အံဆွဲကို ဖွင့်ကြည့်လိုက်မိသည်။ အံဆွဲထဲတွင် ထူးထူးခြားခြား ဘာမျှ ရှိမနေပေ။ရှိစရာလဲ အကြောင်းရှိမည်မထင်ပေ။တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ရှာဖွေနေသော အခန်းထဲတွင် မည်သို့သက်သေခံပစ္စည်းက ကျန်ပါမည်နည်း ။သလင်းဖြူ စိတ်ပျက်လက်ပျက်နှင့် ဗီဒိုတံခါးကို ပြန်ပိတ်နေစဉ်မှာပင်
"ဒုန်း "
"နင် ဘာလုပ်နေတာလဲ သလင်းဖြူ "
အခန်းတံခါးမှာ ဒုန်းခနဲ မြည်အောင် ပွင့်သွားပြီးလျှင် ဒေါသတကြီးနှင့့်မေးလိုက်သော ရွှေရည်ဝင်း၏ အသံကို ကြားလိုက်ရလေသည်။ရုတ်တရက်မို့ သလင်းဖြူလန့်သွားရပြီး မည်သို့ ပြန်ဖြေရမည်ကို မသိဖြစ်နေမိစဉ်မှာပင် ရွှေရည်ဝင်းသည် သလင်းဖြူကို ပြောဆို၍ အခန်းထဲသို့ ဝင်လာလေသည်။
" နင်ဘာဝင်လုပ်တာလဲ သလင်းဖြူ...ဘာယူမလို့လဲ .."
"ဘာယူရမှာလဲ ... ဘာမှ မယူဘူး ...အခန်းထဲက ငိုသံကြားလို့ ဝင်ကြည့်တာ "
သလင်းဖြူ ပျာပျာသလဲ ငြင်းဆန်ပြီး ပြန်ဖြေလိုက်သည်။
"တော်စမ်းပါ ... လူမရှိတဲ့ အခန်းက ဘာသံကြားရမှာလဲ ... အဓိပ္ပါယ်မရှိတာတွေလာပြောမနေနဲ့ ...ဒီအခန်းက နင်နဲ့ ဘာဆိုင်လို့ ၀င်ရတာလဲ "
ရှင်းပြပြောပြနေသည့်ကြားမှ ဇွတ်ပင် ပြောဆိုနေသော ရွှေရည်ဝင်းကို ကြည်ပြီး သလင်းဖြူ စိတ်တိုလာမိလေသည်။ထို့ကြောင့် ရွှေရည်ဝင်းကို ပြန်၍ပြောပစ်လိုက်မိသည်။
"နေပါအုံး ....၀င်တော့ ရော ဘာဖြစ်လဲ ...ဒီအခန်းက ဒေါ်လေးရဲ့ အခန်းမဟုတ်လား ...ငါလဲ သူ့တူမပဲဟာ"
"နင်တို့ ဘာဖြစ်နေကြတာလဲ ...ကလေးတွေလဲ မဟုတ်ဘဲ ရန်ဖြစ်နေကြတာလား "
သလင်းဖြူနှင့် ရွှေရည်ဝင်းတို့ တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်နေကြစဉ်မှာပင် ဇော်ထိုက်ရောက်လာပြီး နှစ်ယောက်လုံးကို ဆူလိုက်လေသည်။ဆူဆူညံညံအသံများကြောင့် ဇော်ထိုက်နှင့် မရှေးမနှောင်းမှာပင် ထွဋ်ခေါင်တို့ပါ ရောက်ရှိလာကြလေသည်။ထွဋ်ခေါင်ကို မြင်သောအခါ ရွှေရည်ဝင်းသည် စူပုတ်နေသော သူ၏ မျက်နှာကိုချက်ချင်းပြင်လိုက်ပြီးနောက်
" ရွှေရည်က သူ့ကို စည်းကမ်းလေးနဲ့ နေစေချင်လို့ ပြောတာပါ..."
"ကဲ ...ကဲ တော်ကြတော့ ....လူကြီးတွေ သိကုန်ရင် စိတ်မကောင်း ဖြစ်နေမယ် ... သွားကြ ...ကိုယ့်အလုပ်ကိုယ်လုပ်ကြ "
အစ်ကိုဖြစ်သူ၏ စကားဆုံးသည်နှင့် သလင်းဖြူ ချာခနဲ လှည့် ထွက်လာခဲ့သည်။
~~~~~~~~~~~~~~~~~~~~
အားလုံးအသီးသီး လုပ်ငန်းခွင်ရှိရာများသို့ သွားကြပြီဖြစ်သောကြောင့် သလင်းဖြူလည်း ရက်ကန်းရုံသို့သွားရန်အတွက် ဂိုထောင်ထဲမှာရှိသော စက်ဘီးကိုယူရန် သလင်းဖြူ ဂိုထောင်ရှိရာသို့ လျှောက်လာခဲ့လိုက်သည် ။
ဂိုထောင်နားသို့ ရောက်သောအခါတွင် အထဲမှ စကားသံ အချို့ကိုကြားလိုက်ရသောကြောင့် သလင်းဖြူ ရပ်၍ နားထောင်လိုက်သည် ။
"ဘာဖြစ်လို့ ကိစ္စတိုင်းက အဆင်မပြေဖြစ်နေရတာလဲ ကိုသောင်း ...ဒီတိုင်းသာဆိုရင် အားလုံး ဒုက္ခရောက်ကုန်မှာ ကိုသောင်း သိတယ်မဟုတ်လား "
" သိပါတယ် မမကြည် ....ကျုပ်လဲ တတ်နိုင်သလောက် ကြိုးစားနေပါတယ် ...ပြီးတော့ ဒေါ်သီကလဲ ပြောရဆိုရသိပ်ခက်လွန်းနေတယ် "
သလင်းဖြူသည် ဂိုထောင်ထဲမှ စကားသံများကြောင့် အသက်ရှူဖို့ရန်ပင် မေ့လျော့နေမိလေသည်။ကြီးတော်ဖြစ်သူနှင့် ခြံစောင့်ကြီးဦးသောင်းပြောနေသော စကားများထဲတွင် ဒေါ်သီဆိုသောနာမည်ကိုပါ ကြားလိုက်ရသောကြောင့် သလင်းဖြူ အံကိုခပ်တင်းတင်းကြိတ်ထားမိလေသည်။
"ကဲ သွားတော့ ... ရှင် သူ့ကို သေသေချာချာစောင့်ကြည့်ထားပါ "
စကားသံများနှင့် အတူ ဂိုထောင် အပြင်သို့ ဦးသောင်းထွက်လာသံကို ကြားလိုက်ရသောကြောင့် သလင်ဖြူ ဂိုထောင် ဘေးတွင်ပုန်းကွယ်၍ နေလိုက်သည်။ခဏအတွင်းမှာပင် ဂိုထောင်ထဲမှ ဦးသောင်းထွက်လာသည်ကို တွေ့လိုက်ရလေသည်။ခြံစောင့်ကြီး ဦးသောင်းထွက်လာပြီးနောက် အတန်ကြာသည်အထိ ကြီးတော်ဖြစ်သူ ဒေါ်ကြည်အေး ဂိုထောင်ထဲမှ ထွက်မလာသေးသောကြောင့် သလင်းဖြူ ဂိုထောင် ဘေးတွင် ငြိမ်သက်စွာရပ်နေမိလေသည်။
အချိန်အတန်ကြာသည်အထိ ကြီးတော်ဖြစ်သူ၏ အရိပ်အယောင်ကို မတွေ့ရသောကြောင့် သလင်းဖြူ ခြေသံကို ခပ်ပြင်းပြင်းနင်း၍ အသံပေးပြီး ဂိုထောင်ထဲသို့ ဝင်ခဲ့လိုက်သည်။
"ဟင် "
ထူးဆန်းလှစွာပင် ဂိုထောင်ထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှရှိမနေခဲ့ပါချေ။သလင်းဖြူ စိတ်ရှုပ်ထွေးစွာပင် ဂိုထောင် အနှံ့သို့ ရှာဖွေကြည့်မိလေသည်။သို့သော်လည်း ဂိုထောင်ထဲတွင် တန်းစီထပ်ထားသော ဆန်အိတ်များနှင့်ဆီပုံများကိုသာ တွေ့ရလေသည်။
~~~~~~~~~~~~~~~~~~~~~
ဂိုထောင်ထဲတွင် ပျောက်ချင်းမလှပျောက်သွားသော ကြီးတော်ဖြစ်သူ အကြောင်းကိုတွေးရင်း သလင်းဖြူစက်ဘီးကို နင်းလာခဲ့မိသည်။မည်သို့မျှ မထင်ထားခဲ့မိသော ကြီးတော်ကြီးသည် အစ်ကိုစိုင်း ရန်နိုင် သံသယဝင်ခဲ့သော တရားခံ ပေပဲလား။အစ်မကြီးသည် မောင်ငယ်ညီမငယ်များပေါ်တွင် ဤမျှရက်စက်နိုင်ပါသညလား။ ကြားသိရသလောက်ဆိုလျှင် စိုင်းလွှမ်း၏ မိထွေး ဒေါ်သီနှင့်လည်း အဆက်အသွယ်ရှိသည်။အစ်ကိုဖြစ်သူ စိုင်းရန် နိုင် သေဆုံးမည့်နေ့ကလည်း ကြီးတော်ကြီးမှ မြို့ ဈေးသို့ ခိုင်းခဲ့သည်ပင် ။ အားလုံးကို ဆက်စပ်တွေးကြည့်လိုက်သောအခါ အကြောင်းအရာများအားလုံးသည် ကြီးတော်ကြီးနှင့် ဆက်နွယ်နေသည်။သို့သော်လည်း သက်သေပြစရာမှာ မရှိပါလေ။ တရားခွင်သို့သွား၍ စုန်းကဝေ ပညာဖြင့် သတ်ပါသည်ဟု တိုင်တန်း၍ မရပေ။သေချာဖို့ရန်ဆိုလျှင် စိုင်းရန် နိုင်၏သေဆုံးမှုနှင့် ပျောက်ဆုံးနေသော ဒေါ်လေးတို့၏ သဲလွန်စများကိုရှာရန်သာရှိလေသည်။
မြေသားလမ်းတစ်လျှောက် စက်ဘီးနင်းလာပြီးနောက်တွင် လမ်းသည် အနည်းငယ်မတ်စောက်၍ လာလေသည်။ဤနေရာသည် မိုးနှဲ ရွာ၏ လျှိုချောက်ပင်ဖြစ်ပါလေသည်။သလင်းဖြူတို့ ငယ်စဉ်အခါကတော့ သည်လမ်းကိုသာ အသုံးပြုခဲ့ကြသည်။လမ်းသည် တစ်ဘက်တွင် တောင်ကုန်းသဖွယ် ဖြစ်နေပြီးလျှင် တစ်ဘက်၌ ချောက်ရှိလေသည်။ထိုစဉ်အခါက တော့ လမ်းမှာ စက်ဘီးမှအပ စက်တပ်ယာဉ်များ သွားလေ့မရှိသောကြောင့် လမ်းမှာ ကောင်းမွန်လှပါလေသည်။အချိန်ကြာလာသည်နှင့်အမျှ ရွာတွင် လမ်းသစ်များ ဖောက်လာပြီးလျှင် ဤနေရာကို လမ်းဟောင်းအဖြစ် စွန့်ပယ်ထားကြခြင်းဖြစ်လေသည်။
သလင်းဖြူ စက်ဘီးကို တစ်နေရာတွင် ရပ်ထားလိုက်ပြီး စိုင်းရန်နိုင် ဆိုင်ကယ်မှောက်ခဲ့သောနေရာသို့ လျှောက်လာခဲ့သည်။သလင်းဖြူမှာ လာမည့်သာလာခဲ့ရသော်လည်း ဆိုင်ကယ် အကြောင်းကို မသိသူဖြစ်သောကြောင့် မည်သို့ဖြစ်လျှင် ဆိုင်ကယ်မှောက်နိုင်သည်ကိုလည်း မသိပါ။သို့သော်လည်း လမ်း၏ အခြေအနေကို သေချာလေးကြည့်ရှုရန် ရောက်လာခဲ့ခြင်းဖြစ်သည်။လမ်း၏ အခြေအနေကို ကြည့်ပြီးလျှင် စိုင်းလွှမ်းထံအကူအညီတောင်းရန် စဉ်းစားထားမိသည်။အစ်ကိုဖြစ်သူ ဆုံးပြီးကတည်းက စိုင်းလွှမ်းနှင့်လည်း မတွေ့ရသေးသောကြောင့် သလင်းဖြူထံတွင် ပြောစရာစကားများ ပြည့်နေသည်မှာတော့ အမှန်ပါပင်။
ဆိုင်ကယ် ထိုးကျသွားသည်ဆိုသော နေရာသို့ သလင်းဖြူ သေချာစွာကြည့်နေမိလေသည်။လမ်းသည် ဆိုးဝါးကြမ်းတမ်းသည်မှာ မှန်သော်လည်း ဆိုင်ကယ်တစ်စီးလုံး ချောက်ထဲသို့ အလွယ်တကူ ထိုးကျသွားလောက်အောင်အထိ လမ်းမှာ ကျဉ်းမြောင်း ကြမ်းတမ်းနေခြင်းမျိုးတော့ မဟုတ်ပါချေ။
"ရှပ် ...ရှပ် ...ရှပ် "
သလင်းဖြူ ချောက်ထဲကို သေချာစွာကြည့်ရှုနေစဉ်မှာပင် နောက်ပါးဆီမှ ခြေသံကြားလိုက်ရသောကြောင့် အထိတ်တလန့်နှင့့်နောက်သို့ လှည့်ကြည့်လိုက်မိလေသည်။
===================== = = = = =
အပိုင်း (၁၁ ) ဆက်ရန်
ဧကြည်ဖြူ