book

Index 1

အပိုင်း ( ၁ )

ဧကြည်ဖြူ


"အဝါရောင် ရဲတိုက် "


********************.


   ( နိဒါန်း )


  အဝါရောင်ဆိုတာ ..ပျော်ရွှင်ခြင်း .... ဝမ်းမြောက်ခြင်း ...အနုပညာနဲ့ ထင်ရှားကျော်ကြားခြင်းကို ကိုယ်စားပြုသတဲ့ ...


တစ်နေမှာ ... အဝါရောင် ဆေးသား အပြည့်နဲ့ ခြယ်မှုန်းထားတဲ့ ရဲတိုက်ကြီးသဖွယ် ခမ်းနားကြီးကျယ်လှတဲ့ အိမ်ကြီးဆီသို့ .....သူမရောက်ရှိသွားတဲ့အခါမှာ.....


~~~~~~~~~~~~~~~~~~~~


"အစ်မလေး ထမင်းစားအုံးမလား... တစ်ဗန်းလုံးမှ ထောင့်ငါးရာတည်းပါ ...ငါးကြော်ပါတယ် ... ငရုတ်သီးကြော်နဲ့မြေပဲကြော်အပြင် သရက်ချဉ်သုတ်လဲပါတယ် ...ထမင်းကလဲ ဘူးအပြည့်ထည့်ပေးမှာပါ "


     ဘေးနားမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး အော်နေသော ဈေးသည်၏ အသံစာစာနှင့်စျေးရောင်းသံကြောင့် မအိပ်ချင်ပါဘဲ ဇွတ်မှိတ် ပိတ်ထားမိသော မျက်လုံးများကို အသာဖွင့်ပြီး သလင်းဖြူ ကြည့်လိုက်မိသည်။ထိုအခါ စျေးသည်လေးကိုင်ထားသော စတီးဗန်းအသေးပေါ်ရှိ သရက်ချဉ်သုတ်များနှင့် ငရုတ်သီးတောင့်ကြော်များကို ကြည့်ပြီး တံတွေးကို မျိုချလိုက်မိသည် ။မည်မျှပင် စိတ်ဆင်းရဲသောကဖြစ်နေစေကာမူ ဗိုက်သည် အချိန်တန်ရင် ဆာလာမြဲပင်ဖြစ်သည်။ စျေးသည်ကလည်း သလင်းဖြူ၏ ဆာလောင်နေမှုကို သတိပြုမိပုံရသည်။ဟင်းထည့်ထားသော စတီးဗန်းကို သလင်းဖြူ၏ မျက်နှာရှေ့တည့်တည့်သို့ ဝေ့ကာဝိုက်ကာဖြင့် ဟန်ရေးပြ၍နေလေသည်။ငါးကြော်တုံးများသည်လည်း သလင်း ဖြူ၏ဆာလောင်မှုကို မျက်စပစ်ပြသကဲ့သို့ ရှိနေသောကြောင့် ခံနိုင်မရှိတော့သည့်အဆုံးတွင် သလင်းဖြူကဈေးသည် လေးကို ခေါ်လိုက်လေသည်။


"ဒီကို တစ်ဗန်းပေး " 


"ရမယ် အစ်မလေး ရမယ် "


      ဈေးသည်လေးသည် မသိလျှင် သလင်းဖြူဈေးအ၀ယ်ကို စောင့်နေဘိသကဲ့သို့ပါပင်။ စလွယ်သိုင်းထားသော လွယ်အိတ်ကြီးထဲမှ ဖော့ဘူး နှစ်ဘူးကို ထုတ်လိုက်လေသည်။ပြီးလျှင် ထမင်းထည့်ထားဟန်တူသော ဖော့ဘူးကို သလင်းဖြူဆီသို့ လှမ်း၍ပေးပြီးလျှင် ကျန်ဖော့ဘူးထဲသို့ စတီးဗန်းပေါ်မှ ဟင်းများကို ထည့်လိုက်လေသည်။ကျွမ်းကျင်လှပေစွ။ တဂျိန်းဂျိန်း ခုတ်မောင်းသွားနေသော ရထားပေါ်တွင် မတ်မတ်ရပ်လျက် ဗန်းထဲမှ ဟင်းများကို မြေပဲတစ်စေ့မှ အစ အောက်သို့ ဖိတ်မကျအောင် ဘူးထဲသို့ထည့်၍ သွားလေသည်။အလုံးစုံပြီးသွားသောအခါ ဈေးသည် လေးသည် သူ့နောက် ဘက်ရှိ အဖော်ပါလာသူထံမှ ဘူးတစ်ဘူးကို လှမ်းယူလိုက်ပြီးလျှင် ဗန်းထဲသို့ အစီစဉ်တကျ ပုံလျက် အသံစာစာနှင့် ရထားတွဲတစ်လျှောက်အော်ဟစ်လျက်ထွက်သွားလေသည်။


"ဟင်းသုံးမျိုးနဲ့ထမင်းအ၀စားကို ထောင့်ငါးရာတည်းနော် ... တစ်ဗန်းလုံးမှ ထောင့်ငါးရာနော် "


~~~~~~~~~~~~~~~~~~

     ငါးကြော်လေးကိုက်လိုက်၊ ငရုတ်သီးတောင့်ကြော်လေးကို ထမင်းထဲတို့မြှုပ်စားလိုက်နှင့် စားရသည်မှာ အရသာတွေ့လှပါသည်။ငရုတ်သီးကြောင့် စပ်သွားလျှင် သရက်ချဉ်သုတ်လေးစားလိုက်လျှင်ဖြင့် ရန်ကုန်မြို့မှာ စားခဲ့ရသမျှထမင်းဆိုင်ပေါင်းစုံ၏ အရသာများထက်ပင်ပို၍သာကောင်းနေလေသည်။ယုတ်စွအဆုံး သလင်းဖြူမကြိုက်သော မြေပဲကြော်သည် ပင် ချို၍ စိမ့်၍အရသာရှိလှပေသည်။


"တူမလေး ... အသုတ်လေးစားအုံးမလား...ကြာဆံခေါက်ဆွဲပဲပြားသုတ် အစုံရမယ်နော် ...တစ်ပွဲမှ သုံးရာတည်းရယ် "


     သလင်းဖြူ ထမင်းစားနေစဉ် ရောက်လာသောစျေးသည်ကြောင့် ခေါင်းမော့ကြည့်လိုက်သောအခါ နှီးဖြင့်ရက်လုပ်ထားသော ဇကောထဲတွင် အချဉ်ရည်ဘူးနှင့် အချိုမှုန့် ဘူး၊ ငရုတ်သီးမှုန့်ဘူး၊ ပဲမှုန့်ဘူး၊ ဆီချက်ဘူးလေးများကိုအစီအရီထည့်ထားပြီး ခပ်ရွယ်ရွယ်ကော်ပန်းကန်ပြားတစ်ထပ်နှင့် ဇွန်းများ အပါအဝင် ပုဝါပါးဖြင့်လွှမ်းခြုံထားသော ခေါက်ဆွဲကြာဆံဖက်များကိုလည်း တွေ့ရလေသည်။သည်ကြားထဲ၌ လက်တစ်ဖက်မှလည်း အဖုံးပါသော ခပ်ရွယ်ရွယ်ကော်ရေပုံးတစ်ပုံးကိုဆွဲ၍ထားပြန်လေသေးသည်။အသာအရွယ်အားဖြင့်မူ ခပ်စောစောက ထမင်းရောင်းသူများကဲ့သို့ ငယ်ငယ်ရွယ်ရွယ် မဟုတ်ဘဲ အသက်အရွယ် ငါးဆယ်ကျော်ခန့်ရှိပေလိမ့်မည်ထင်ရလေသည်။သလင်းဖြူသည် စျေးသည် အဒေါ်ကြီးကို ကြည့်နေမိပြီးလျှင် ကိုယ့်အကြောင်းကိုယ်ပြန်တွေးလိုက်မီ ပြီးနောက်သက်ပြင်းချမိပြန်လေသည်။


"စပျစ်သီးတွေချိုမှချို နော် ....ယူအုံးမလား ...လိမ္မော်သီးလဲပါတယ်နော် "


"ကြက်ဥပြုတ်...ငုံးဥပြုတ်တွေရမယ် "


" အိပ်ချင်ပြေ ချဉ်ပေါင်းတွေရမယ်နော် "


"ရထားစီးရင်း ပျင်းနေကြမယ်ဆိုရင် ... စာအုပ်တွေ ငှားဖတ်လို့ရပါတယ် "


      မသိလျှင် ရထားစီး နေသည်နှင့်မတူဘဲ ဘုရားပွဲဈေးထဲ ရောက်နေသကဲ့သို့ပင် ဈေးသည်များ စုံလင်လှပါပေသည်။သို့ကြောင့်မို့ထင်သည်။စာပို့ရထားလက်မှတ်ပဲ ရခဲ့သည်ဟု သူငယ်ချင်းဖြစ်သူကို ပြောပြစဉ်က သူငယ်ချင်းဖြစ်သူက သလင်းဖြူကို ကြည့်လျက် ပြောခဲ့သည်။


"စာပို့ရထားလက်မှတ်ပဲရခဲ့တာပေါ့လေ ...အင်း ... နင်တော့ ပျော်ပွဲစားထွက်ရပြီပေါ့ဟာ...အဲ့ဒီရထားက ဘူတာစေ့ ရပ်တာလေ ... ရထားပေါ်မှာလဲ ဈေးသည်တွေစုံမှစုံ...စဆုံးခရီးစဉ်ကို နှစ်ဆယ့် လေးနာရီကျော်မောင်းတာလေ... ကလေးတစ်သိုက်နဲ့ ပိုက်ဆံများများထည့်ပြီး စာပို့ရထားသာ စီးသွား... ပျော်ပွဲစားထွက်နေရသလိုပဲ ပျော်စရာကြီးလေ " ထိုစဉ်က ထိုသို့ ပြောသော သူငယ်ချင်းဖြစ်သူကို သလင်းဖြူက မျက်စောင်းထိုးခဲ့သေးသည်။ သူပြောပုံက မသိလျှင် သလင်းဖြူက အပျော်ခရီးပဲ ထွက်လာရသလိုလို။အမှန်ဆိုရလျှင်မူ ကိုယ့်ဝမ်းနာ ကိုယ်သာ အသိဆုံးဖြစ်လိမ့်မည်ထင်ပါသည်။မလာချင်သော ဤခရီးကို အဘယ်ကြောင့် လာခဲ့ရသည်ဆိုရသော် သလင်းဖြူ၏အဖြစ်မှာ ဟန်သာရှိပြီး အဆံမရှိသော သင်္ကြန်အမြှောက်ကဲ့သို့ပဖြစ်နေသည်မဟုတ်ပါလား။


~~~~~~~~~~~~~~~~~~~~


"ဘယ် ....ဘယ်လို ... အဖေတကယ်ပြောနေတာလား ... ဘယ်သူနဲ့လဲ ... ဘယ်သူနဲ့ အဖေက လက်ထပ်မှာလဲ "


      သလင်းဖြူသည် အဝတ်များကို မီးပူတိုက်နေရာမှ ဖခင်ကြီးရှိရာဆီသို့ ဝုန်းခနဲ ပြေးသွားကကမေးလိုက်မိလေသည်။


" မတင်နွဲ့နဲ့ ပါ ..သမီးလဲ အိမ်အလုပ်တွေမလုပ်ရဘဲ အလုပ်ကို အေးအေးဆေးဆေးလုပ်နိုင်တာပေါ့ကွယ် ....ပြီးတော့ အဖေလဲ အလုပ်တစ်ဖက်နဲ့ သမီးကို ဂရုမစိုက်ပေးနိုင်ဘူးလေ.ဘာပဲဖြစ်ဖြစ် ...အနွဲ့ ရောက်လာတော့ ငါ့သမီးလဲ တိုင်ပင်ဖော်ရတာပေါ့ကွယ် "


"အဖေက လုပ်ချင်ရာလုပ်တယ်...သမီးကိုတော့ အရင်မတိုင်ပင်ဘူး ... ဒေါ်တင်နွဲ့ဆိုတဲ့ အဲ့ဒီမိန်းမကြီးကိုလဲ ကြည့်လို့မရပါဘူး ... အမေရှိကတည်းက အဖေ့နားမှာ ရစ်သီရစ်သီနဲ့ ...သမီးကတော့ သဘောမတူဘူး "


"ဟာ ...ဒီကောင်မလေးတော့ ''


     သလင်းဖြူ ပြောချင်ရာပြောပြီး ဖခင်ကြီးအနားမှ ထွက်လာခဲ့သည်။မိခင်ဖြစ်သူ ဆုံးပါးသွားသည်မှာ တစ်နှစ်ပင် ရှိသေးသည်ကို ဖခင်ဖြစ်သူက အိမ်ထောင်သစ် ထူထောင်မည်ဆိုသောအခါ သလင်းဖြူ မကျေမနပ်ဖြစ်မိသည်မှာ အမှန်ပါပင်။ယခုဆိုလျှင် ဖခင်ကြီးသည် အသက်အရွယ်အားဖြင့် ငါးဆယ်ကျော်နေပြီဖြစ်သောကြောင့် အိမ်ထောင်သစ်ထူထောင်ရန်ကို သလင်း ဖြူသဘောမတူနိုင်ပါချေ။အထူးသဖြင့် ဖခင်ကြီး၏ အိမ်ထောင်ဖက်မှာ ဒေါ်တင်နွဲ့ဖြစ်နေခြင်းကို သာ၍ပင် မကျေမနပ်ဖြစ်မိပြန်ပါလေသည်။ထိုမိန်းမကြီးသည် မိခင်ရှိစဉ်ကပင် အိမ်သို့အ၀င်အထွက်ရှိခဲ့လေသည်။ထိုစဉ်ကလည်း အသက်အရွယ်နှင့် မလိုက်အောင် ပွင့်လင်းရဲတင်းလှသော ထိုမိန်းမကြီးကို သလင်းဖြူ ကြည့်မရခဲ့ပါချေ။လွန်ခဲ့သော သုံးနှစ်ကျော်က သလင်းဖြူ၏ မိခင်ဖြစ်သူသည် နယ်မှသူ၏ဖခင်ကြီးဆုံးးသဖြင့် သွားရောက်ခဲ့ပြီးနောက် အိမ်သို့ ပြန်အရောက်တွင် တရှောင်ရှောင်နှင့် မကျန်းမမာစ၍ဖြစ်ခဲ့လေသည်။ထိုမှ ဆေးရုံဆေးခန်း ပေါင်းစုံသို့ ပြသခဲ့သော်လည်း မီးယပ်သွေးဆုံးရောဂါလိုလို ၊ တီဘီရောဂါလိုလို နှင့် အိပ်ရာထဲသို့ လဲခဲ့ရလေသည်။မိခင်ကြီးသည် ထိုသို့ ဝေဒနာကို နှစ်ရှည်လများ ခံစားပြီးနောက်တွင် နာတာရှည်ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရခြင်းဖြစ်လေသည်။ 


~~~~~~~~~~~~~~~~~~~


"ယူတော့လဲ ယူပေါ့ ဘာဖြစ်လဲကွာ ...မင်းအဖေလဲ အသက်သိပ်ကြီးသေးတာမှ မဟုတ်တာဖြူရယ် "


"ဘာပြောတယ် ကိုလတ် ...ကိုလတ် မိဘမဟုတ်တော့ ပြောထွက်တာပေါ့ ...ကိုလတ်ကလေ ကိုယ်ချင်းစာစိတ်ကို မရှိဘူး "


       သလင်းဖြူစိတ်တိုတိုနှင့် လက်ထဲမှ မုန့်ထုတ်ကိုပါ လွှင့်ပစ်လိုက်ပြီး ချစ်သူကို ရန်တွေ့လိုက်သည်။


"ကိုယ်ပြောတာ ဘာမှားလို့လဲ ...ဖြူရယ် မင်းလဲကလေးမဟုတ်တော့ဘူးလေ ... မကြာခင်ပဲ အသက်နှစ်ဆယ့်ငါးနှစ် ပြည့်တော့မှာမဟုတ်လား ကလေး မဆန်စမ်းပါနဲ့ကွာ ...ရင့်ကျက်ပါတော့ "


" ကိုယ့်မိဘ အိမ်ထောင်သစ် ထူမှာကို စိတ်တိုတာက ကလေးဆန်တာလား ပြောစမ်းပါအုံး ...တော်ပြိ ကိုလတ်နဲ့ စကားပြောရတာလဲ အဆင်မပြေပါဘူး ...ပြန်တော့မယ် "


       ချစ်သူနှင့် စကားပြောရသည်မှာလဲ အဆင်မပြေသောကြောင့် သလင်းဖြူစိတ်တိုတိုနှင့် ထ၍ပြန်ခဲ့သည်။

~~~~~~~~~~~~~~~~~~~

"သမီး ...နိုင်ငံခြားသွားမို့ အဖေ .. သမီးကို ပိုက်ဆံ နည်းနည်းလောက် ထုတ် ချေးပေးပါလား "


"ဘာပြောတယ် သမီး.....နိုင်ငံခြားသွားမလို့ဟုတ်လား ..ဘာကိစ္စ သွားမှာလဲ ... ဒီမှာလဲ အလုပ်အဆင်ပြေနေတာပဲမဟုတ်လား "


" ဒီမှာက သုံးသိန်းအပြင် ပိုမှမရတာ .. ပြီးတော့ ဒီမှာလဲ မနေချင်တော့ဘူး "


      သလင်းဖြူသည် မိထွေးဖြစ်သူ ဒေါ်တင်နွဲ့ကို တည့်တည့်ကြည့်လျက် ပြောလိုက်သည်။ဒေါ်တင်နွဲ့ကလည်း သလင်းဖြူကို မဲ့ကာရွဲ့ကာနှင့်ကြည့်ပြီးလျှင် မျက်စောင်းတစ်ချက်ထိုး၍ သူတို့၏ အိပ်ခန်းထဲသို့ ခြေဆောင့်၍၀င်သွားလေသည်။


"ဘယ်နိုင်ငံသွားမှာလဲ ...ကုန်ကျစရိတ်က ဘယ်လောက်တဲ့လဲ သမီး "


"ဂျပန်ကို သွားမှာ ... ကုန်ကျစရိတ် လေးငါးခြောက်ဆယ်လောက်ရှိမယ် ...ဒါပေမဲ့ ဟိုရောက်ပြီး လေးငါးလဆို ကုန်ထားတဲ့ ငွေပြန်ရမှာပါ အဖေ "


"လေးငါးခြောက်ဆယ် ဟုတ်လား  ... ခုတော့ အဖေ့ဆီမှာ လေးငါးခြောက်သိန်းတောင် အနိုင်နိုင်ပဲ ... ဒါမှ လိုချင်သပဆိုရင်လဲ ဒီအိမ်ကိုသာ ရောင်းသွားတော့ ... နေစရာမရှိတော့ရင်လဲ လမ်းဘေးမှာနေရုံပေါ့ "


" အဖေပြောပုံက မသိရင် သမီးက လူဆိုးကျနေတာပဲ....ရွဲ့ပြီးပြောနေတယ်အဖေက "


      သလင်းဖြူနှင့် ဖခင်ဖြစ်သူတို့မှာ အမြဲလိုလိုပွင့်ပွင့်လင်းလင်း ပြောဆိုနေကြသူများဖြစ်သောကြောင့် သားအဖနှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် စိတ်တိုတိုနှင့် ပြောလိုက်ကြလေသည်။


"ရွှဲ့တာမဟုတ်ဘူး ...အဖေ့မှာလဲ ပေးစရာ ဒီအိမ်ပဲရှိတာလေ  ... တစ်ခုတော့ ရှိတယ် ... နယ်က သမီးအမေရဲ့ အမျိုးတွေဆီမှာ အမွေသွားတောင်းလေ.... သမီးအမေမကျန်းမာတုန်းကတော့ သမီးဘကြီးနဲ့ ကြီးတော်တွေက အမွေခွဲပေးမလိုလိုနဲ့ ဆေးဖိုးလောက်ပဲ ပေးပြီး ဘာမှမပြောတော့ဘူး ....အမွေရမယ်ဆိုရင် ... သိန်းနှစ်ရာသုံးရာလောက်တော့ရမယ် ထင်တယ် ... အဖေကတော့ အိမ်ထောင်ထပ်ပြုလိုက်တော့ ဒီကိစ္စတွေနဲ့ ဘာမှမဆိုင်တော့ပါဘူးလေ "


"သိန်းနှစ်ရာသုံးရာ ဟုတ်လား အဖေ...တ...တကယ် ဟုတ်လို့လား ....သမီးတို့ သွားတုန်းကဖြင့် ဘာမှလဲ မရှိဘဲနဲ့ "


       သလင်းဖြူ မယုံကြည်နိုင်စွာ တစ်ထစ်ငေါ့ငေါ့နှင့် ဖခင်ကြီးကိုမေးလိုက်မိသည်။မိခင်ဖြစ်သူ၏ ဆွေမျိုးသားချင်းများရှိရာ နယ်မြို့လေးရှိ ရွာကြီးတွင် သလင်းဖြူ ခုနစ်နှစ်သမီးအရွယ်ထိ နေဖူးခဲ့ပြီး အသက်အရွယ်ရလာသောအခါတွင်မူ သုံးလေးခေါက်မျှသာ ရောက်ဖူးသောကြောင့် မိခင်ကြီးဘက်မှ ကြွယ်ဝချမ်းသာမှုကို သလင်းဖြူ သေချာမသိပါလေ။ မိခင်နှင့် ဖခင်က ထိုကိစ္စနှင့် ပတ်သက်၍ အထွေအထူး မပြောသောကြောင့် မသိခြင်းလည်း ဖြစ်ပါလေသည်။


"သမီး အဘွားနဲ့ အဘိုးမှာ သိမ်းထားတဲ့ ရတနာ ပစ္စည်းတွေအပြင် .. သစ်သီးခြံတွေလဲ အများကြီးရှိတယ်လေ  သမီးက ငယ်သေးလို့ မသိတာပါ ....အဖေက သမီး အမေရဲ့ အမျိုးတွေနဲ့ မပတ်သက်ချင်လို့ ဘာမှမပြောတာ ... သူတို့က အဲ့ဒီအိမ်မှာ နေတဲ့သူကိုပဲ အမွေပေးချင်တဲ့သဘော ပြောနေကြတာ ...အဖေကတော့ စည်းကမ်းတွေ တင်းကြပ်လှတဲ့ သူတို့ဆီမှာ မနေနိုင်ဘူး ....ဒါကြောင့်လဲ ဘာအမွေမှ မမက်ဘဲ ထွက်လာခဲ့တာပေါ့"


~~~~~~~~~~~~~~~~~~~

"ကိုယ့်မိဘမှာ ငွေရှိမှန်း မသိ မရှိမှန်းမသိနဲ့ ပြောထွက်တာ အံ့သြပ ....ငယ်တော့တဲ့ အရွယ်လဲမဟုတ်ဘူး ... "


       အိမ်ထဲသို့ဝင်လိုက်စဉ်မှာပင် ကြားလိုက်ရသော ဒေါ်တင်နွဲ့၏ စကားသံကြောင့် သလင်းဖြူ စိတ်ထဲမှ ဒေါသထောင်းခနဲ ထွက်သွားမိသည်။နဂိုကမှ မိမိ၏မိခင်ကြီး မကွယ်လွန်ခင်အချိန်ကတည်းကများ ဖခင်ဖြစ်သူနှင့် ဖောက်ပြားခဲ့ကြလေသည်လားဟု သံသယစိတ်နှင့်အတူ မိထွေးဆိုသော အသိစိတ်ကြောင့်ကြည့်မရသည့်ကြား ဤကဲ့သို့ သားအဖကြားဝင်ပါလေသောအခါ ဒေါသတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာမိလေသည်။


"အဒေါ်ကြီးက ဘာကိစ္စ ကျွန်မတို့ သားအဖကြားကို ဝင်ပါနေရတာလဲ...အဒေါ်ကြီးရဲ့ငွေကို တောင်းနေလို့လား ပြောစမ်းပါအုံး "


     သလင်းဖြူ မီးဖိုးခန်းထဲသို့ ဒုန်းစိုင်းဝင်ချသွားပြီးလျှင် ဒေါ်တင်နွဲ့ကို ရန်တွေ့ပစ်လိုက်သည်။


        ဒေါ်တင်နွဲ့ကလည်း အကျောကြီးသူပီပီ သလင်းဖြူအား အလျှော့မပေးဘဲ ခက်ထန်မာကျောစွာ ပြန်ပြောလေသည်။


"ဝင်ပါရမှာပေါ့ဟဲ့  ...နင်က အလိုက်မသိ ငွေကိုတောင်းနေတာလေ ... ဒီလောက်တောင် နိုင်ငံခြားသွားချင်နေတယ်ဆိုရင်လဲ ... ကိုယ့်ဘာသာ စရိတ်ရှာပြီးသွားလေ ...နင့်စိတ်ထဲမှာ နင့်အဖေဆီမှာ ငွေတွေ အပုံလိုက်ရှိနေတယ်များထင်နေတာလားဟင် ...နင့်မိဘရဲ့ ပိုင်ဆိုင်မှုတွေက နင့်အမေကို ဆေးကုလို့ ကုန်ပြီ သိရဲ့လား ... လောလောဆယ် ငါ့အိမ်ကိုရောင်းလို့ရတဲ့ငွေနဲ့ နေထိုင်စားသောက်နေရတာကိုရော သိရဲ့လား ... တစ်လတစ်လ လစာ သုံးလေးသိန်းရလဲ ... အိမ်ကို ဘယ်နှစ်သိန်း ပြန်ပေးဖူးလို့လဲပြောလေ "


"ဘာ ...ဘာပြောတယ် အဒေါ်ကြီး ....ရှင် ...ရှင် သူများ အိမ်ပေါ်တက်နေပြီး လူပါးဝ စကားတွေပြောနေတာလား ....ကဲဟာ ....ကဲ ...."


"ဂွမ်း "


        ဒေါ်တင်နွဲ့ ၏ စကားကြောင့် သလင်းဖြူ စိတ်မထိန်းနိုင်တော့ဘဲ ရှေ့တွင် ရှိနေသော ပန်းကန်တစ်ချပ်ကို ကောက်ယူပေါက်ခွဲပစ်လိုက်လေသည်။ထိုအခါ ဒေါ်တင်နွဲ့သည် စူးစူးဝါးဝါးအသံဖြင့် ထ၍အော်လေသည်


"အမယ်လေး အစ်ကိုရေ...အစ်ကိုသမီးကိုလာကြည့်ပါအုံး ...လူကြီးကို လူကြီးမှန်းမသိ ရိုင်းစိုင်းနေတာလာကြည့်ပါအုံး "


"ဒုန်း "


"ဝုန်း "


     အမှန်အားဖြင့်မူ သလင်းဖြူသည် ဤမျှလောက်ရိုင်းစိုင်းကြမ်းတမ်းသောသူ မဟုတ်သော်လည်း ဒေါ်တင်နွဲ့၏ အပြုအမူများကို မနှစ်သက်သောကြောင့် စိတ်လိုက်မာန်ပါ ပြုလုပ်လိုက်ခြင်းပင် ဖြစ်ပါလေသည်။


~~~~~~~~~~~~~~~~~~~


"ဟုတ်တယ် သမီး ....သမီးအမေဆုံးပြီး သွားကတည်းက အဖေ့ဆီမှာ စုဆောင်းထားတာ ဘာမှ မကျန်ခဲ့ဘူးလေ...အဖေ့လစာနဲ့လဲ ဘယ်လောက်ငှ မလဲကွယ် ...အဒါကြောင့် မနွဲ့ရဲ့ အကူအညီကိုယူခဲ့ရတာပေါ့ကွယ် "


      ဖခင်ကြီး၏ စကားကြောင့် သလင်းဖြူခေါင်းငိုက်စိုက် ကျသွားမိသည်။မိခင်ဖြစ်သူ ဆုံးပါးသွားပြီးသည့်နောက်တွင် သလင်းဖြူလည်း စိတ်ထဲ နေထိုင်ရ အဆင်မပြေသည်နှင့် အလုပ်အားလပ်ချိန်များတွင် စိတ်ထဲရှိရာ သင်တန်းပေါင်းစုံကို တက်ခဲ့မိသည်။တို့ကြောင့် ဖခင်ဖြစ်သူ အဆင်မပြေဖြစ်နေသည်ကို မသိရှိမရိပ်မိပါဘဲ လုပ်ခလစာကိုလည်း ဖခင်ကြီးထံသို့ ပေးအပ်နှံခြင်းနည်းပါးခဲ့သည်မှာ အမှန်ပင်ဖြစ်ပါလေသည်။


" ဒါမှ သမီးက မဖြစ်မနေ နိုင်ငံခြားကို သွားရမှဖြစ်မယ်ဆိုရင်လဲ ...ဒီအိမ်ကို ပေါင်နှံတာပဲဖြစ်ဖြစ် ...ရောင်းချတာပဲ ဖြစ်ဖြစ် အဖေလုပ်ပေးပါမယ်ကွယ် ...အဖေတို့နှစ်ယောက်  အခန်းကျဉ်းလေးတစ်ခန်းလောက်ငှားနေရင် ဖြစ်ပါတယ် "


           သလင်းဖြူသည် ဖခင်ကြီး၏အပါးမှ နှေးကွေးလေးလံသောခြေလှမ်းများဖြင့် ထ၍ လာခဲ့သည်။


~~~~~~~~~~~~~~~~~~~


"အစ်ကိုတောင်းပန်ပါတယ် အနွဲ့ရယ် ...သမီးလေးက တစ်ဦးတည်းသော သမီးလေးမို့ အလိုလိုက်ထားမိလို့ နည်းနည်း ဆိုးချင်တာပါ ... စိတ်ရင်းကောင်းတဲ့သူဆိုတာ အနွဲ့လဲ သိတယ်မဟုတ်လား "


      သလင်းဖြူ အခန်းနံရံနားတွင် ခြေစုံရပ်လျက် အခန်းထဲမှ အသံများကိုနားထောင်နေမိသည်။အခြားမိန်းမတစ်ယောက်ကို ချော့မော့နေသော ဖခင်ဖြစ်သူကြောင့် သလင်းဖြူ၏ ရင်ထဲတွင် နာကျင်လှပါလေသည်။ ဒေါ်တင်နွဲ့ကို မြင်ရလေတိုင်း မိခင်ဖြစ်သူကို သတိရမိသော စိတ်က ပို၍လာပြန်လေသည်။သည်သို့ အခြေအနေမျိုးမှာဖြင့် သလင်းဖြူအနေနှင့် အိမ်မှ ထွက်ခွါသွားချင်စိတ်များသာဖြစ်ပေါ်၍နေမိလေသည်။


~~~~~~~~~~~~~~~~~~


"မင်းတစ်ယောက်တည်း ဘာတွေဖြစ်နေတာလဲ ဖြူလေးရာ ...ဘာကိစ္စ နိုင်ငံရပ်ခြားကို ဒီလောက်သွားချင်နေရတာလဲ ... မင်းသွားချင်တိုင်း ကိုယ်ကဘယ်လိုလိုက်လို့ရမလဲ ...အိမ်မှာ ကိုယ်က သားအကြီးဆုံးလေ ...မိသားစုကို စောင့်ရှောက်ရမယ့်တာဝန် ကိုယ့်မှာ ရှိတယ် "


" ဒါဆို ကိုလတ်က ဖြူနဲ့ အတူ နိုင်ငံခြားကို ထွက်ဖို့ စိတ်ကူးမရှိဘူးပေါ့လေ "


"အင်း ...မဖြစ်နိုင်လို့ပါကွာ ... ဒီမှာပဲ အလုပ်အတူကြိုးစားလုပ်ကြပြီး ငွေစုကြမယ်လေ ... နောက် သုံးနှစ်လောက်နေရင် လက်ထပ်ကြတာပေါ့ "


     ချစ်သူကိုလတ်၏ စကားကြောင့် သလင်းဖြူစိတ်တိုသွားရပြီးလျှင်


"သိပါတယ် ...ကိုလတ် အတွက် ဖြူက ဘာမှ အရေးပါတာမဟုတ်ဘူး ... ဖြူ့ကို ကိုလတ်ရဲ့မိသားစုလောက် တန်ဖိုးထားတာမှ မဟုတ်တာ... ဒီလို တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းကွဲနေမှတော့ ဘာကိစ္စ ရှေ့ဆက်လက်တွဲနေရအုံးမှာလဲ  "


"ဟာကွာ ...မင်းဘာဖြစ်နေတာလဲ ဖြူရာ ...ဘာကို စိတ်တိုင်းမကျ ဖြစ်နေတာလဲ ... မင်းစိတ်မကြည်တိုင်း ကိုယ့်ကိုပဲ ပြဿနာရှာနေတော့မှာလား ...ကိုယ်လဲ စိတ်မရှည်ချင်တော့ဘူး ...မင်းလုပ်ချင်သလိုသာလုပ် ဟုတ်ပြီလား ... လမ်းခွဲချင်လဲခွဲ မင်းသဘောအတိုင်းပဲ ...."


"ဘာ ..ဘာပြောတယ်ကိုလတ် ...လမ်းခွဲမယ်ဟုတ်လား ...ဒီစကားက အတည်လား ... ဒါဆိုလဲ သဘောပဲလေ "


     သလင်းဖြူသည် စိတ်ထဲမှ နာကျည်းခံပြင်းမှုများနှင့်အတူ နေရာမှ ဆတ်ခနဲ ထ၍ ထွက်ခဲ့ပြီးလျှင် ရုတ်တရက်နောက်သို့ လည်ပြန်ကြည့်လိုက်မိပြီး


"ဒီဦးထုပ်က ကျွန်မ၀ယ်ပေးထားတဲ့ ဦးထုပ် မဟုတ်လား ... ကျွန်မပြန် ယူသွားမယ် "


         သလင်းဖြူ ဒေါသထွက်ထွက်နှင့်ပင် ကိုလတ်၏ ခေါင်းပေါ်တွင် ဆောင်းထားသော ဦးထုပ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး မိမိခေါင်းတွင် ဆောင်းလိုက်ပြီး ခြေကို ဆောင့်နင်း၍ ထွက်ခဲ့လေသည်။


      ကိုလတ်သည်လည်း နေရာတွင်ပင် ငူငူကြီးထိုင်လျက် ကျန်ခဲ့ပါလေသည်။


~~~~~~~~~~~~~~~~~~~


"နင့်မှာ စိတ်ဖိစီးမှုတွေ များနေတယ် ထင်တယ် ဖြူ ... ပြီးတော့ နင်တို့ တွဲလာတာ သုံးနှစ်ကျော်ပြီးမဟုတ်လား .. ဘယ်လိုဖြစ်ရတာလဲ ...နင်ကလဲ စကားပြောဆင်ခြင်တာမဟုတ်ဘူး "


      နွယ်နွယ်ဦးသည် သလင်းဖြူနှင့် အရင်းနှီးဆုံးသူငယ်ချင်းပီပီ  သလင်းဖြူကို ပြောလိုက်လေသည်။


"တော်ပြီဟာ သုံးနှစ်မကလို့ ...အနှစ်သုံးဆယ်ဖြစ်ခဲ့လဲ အချစ်ရေးကို ငါစိတ်မ၀င်စားတော့ဘူးဟာ ... အဓိက,က ငွေရဖို့ပဲ ... ဂျပန်မှာ အလုပ်သွားလုပ်နိုင်ရင် လစာက မနည်းဘူး ... သုံးလေးနှစ်ဆို ငါ့ခြေထောက်ပေါ် ငါ့ဘာသာ ရပ်တည်နိုင်ပြီး ကိုယ်ပိုင်လုပ်ငန်း အသေးလေးတစ်ခုလဲ စနိုင်မှာ သေချာတယ် ....ပြီးရင် ငါတစ်ယောက်တည်းနေဖို့အတွက် အိမ်လေးတစ်လုံးလဲဝယ်ရမယ် " 


          သလင်းဖြူသည် စိတ်ကူးမျှော်လင့်ချက်များဖြင်ပြောနေရင်းမှ စိတ်ပျက်အားငယ်စွာတပ်မံပြောလိုက်မိပြန်သည်။


"စိတ်ညစ်တယ်ဟာ ... ဒီမှာလဲ မနေချင်တော့ဘူး ...အဖေနဲ့ဟိုမိန်းမကြီးကို ကြည့်ရင်း စိတ်ပဲ တိုနေမိတယ် ...တစ်ခါတစ်လေ အိမ်ကို ပေါင်နှံခိုင်းပြီး ဇွတ်မှိတ်ပြီးသာ ထွက်သွားလိုက်ချင်တော့တယ်...မလုပ်ရက်လို့သာ ငြိမ်နေရတာ "


     သလင်းဖြူ မကျေမချမ်းပြောဆိုနေသည်ကို ကြည့်ပြီး နွယ်နွယ်ဦးက တစ်စုံတစ်ရာကို သတိရသွားပြီး ဝင်ပြောလိုက် လေသည်။


"ဒါနဲ့ နင့်အဖေပြောတော့ ....နင့်အမေအမျိုးတွေ ဆီမှာ အမွေရမယ်ဆို ..အဒါနိုင်ငံခြားသွားဖို့ စရိတ်သွားတောင်းကြည့်ပါလား ...နင်ကြီးတော်တွေနဲ့ ဘကြီးတွေ ရှိတယ် မဟုတ်လား "


"ဟယ် ဟုတ်သားပဲ ... နင်ပြောမှ သတိရတယ် ... အကြံကုန်ရင်တော့ ဂဠုန်ဆားချက်ရမှာပေါ့ဟာ ...အလည်သွားသလိုလိုနဲ့ အခြေအနေ သွားကြည့်ရင်ကောင်းမလား "


~~~~~~~~~~~~~~~~~~~


     သံရှည်ဆွဲပြီးနှေးကွေးလေးလံစွာ ရပ်လိုက်သော ရထားကြီးပေါ်မှ သလင်းဖြူဆင်းလိုက်သည်။ကြားဘူတာအသေးလေးဖြစ်သောကြောင့် ရထားပေါ်မှ ဆင်းသူခရီးသည်နည်းပါလှလေသည်။ပြီးလျှင် ထိုခရီးသည်များမှာ လာကြိုသူ အသီးသီးနှင့် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားကြလေသည်။ ဘူတာထဲတွင် ဘူတာရုံပိုင်နှင့် သလင်းဖြူမှလွဲ၍ ကျီးနှင့်ဖုတ်ဖုတ်သာ ကျန်ခဲ့လေသည်။သလင်းဖြူ ကျောပိုးအိတ်ကို ကောက် လွယ်လိုက်ပြီးလျှင် ခရီးဆောင်အိတ်ကို လက်မှဆွဲ၍ ဘူတာဘေးမှလမ်းအတိုင်း လျှောက်ခဲ့သည်။အတန်ကြာလျှောက်မိသောအခါ မီးရထားလမ်းနှင့်ကားလမ်းမတို့ ဆုံရာ လမ်းဆုံသို့ရောက်ခဲ့လေသည်။လမ်းဆုံးဟု ဆိုသော်လည်း မီးရထားသံလမ်းစောင့်သော အဘိုးကြီးတစ်ယောက်မှလွှဲ၍ လူသွားလူလာကျဲပါးလှပေသည်။


"အဘ ... မိုးနှဲရွာကို သွားချင်လို့ ဘယ်က ကားစီးရမလဲ "


      သလင်းဖြူ၏အမေးကို အဘိုးကြီးက မျက်လုံးအပြူးသားနှင့်ကြောင်ကြည့် နေပြီး အတန်ကြာသောအခါမှ 


"ဪ ... တူမကြီးက ဒီဘက် မရောက်ဖြစ်တာကြာပြီထင်တယ် ... ခေတ်တွေတိုးတက်လာတော့ ရွာဘက်တွေကို သွားတဲ့ သုံးဘီးကားတွေ မရှိတော့ဘူးကွဲ့ ..အိမ်တိုင်းဆိုင်ကယ်ကိုယ်စီ ...ကားကိုယ်စီနဲ့ ပဲသွားကြတာလေကွယ် ...တူမကြီးက အိမ်ကို ဖုန်းဆက်ပြီး လာကြိမခိုင်းထားဘူးလားကွဲ့ ...."


      အဘိုးကြီး၏ စကားကြောင့် သလင်းဖြူ ထိုင်ငိုချင်စိတ်ပင်ပေါက်သွားမိလေသည်။


" ဒုက္ခပါပဲ အဘရယ် ... သမီးက လာမယ့်ရက်ကို စောထွက်လာမိတာ ...ပြီးတော့ ဖုန်းတော့ဆက်လိုက်ပေမဲ့ သေချာမပြောလိုက်မိတော့ ဘယ်သူမှ လာမကြိုကြဘူးဖြစ်နေတယ် ... အရေးထဲ ရထားက အချိန်ပိုကြာသွားတော့ ဖုန်းကလဲ အားမရှိတော့ဘူး ..ဖုန်းနံပတ်တွေလဲ တစ်လုံးမှကို မမှတ်မိတာခက်တယ် "


" အေးကွယ် အဲ့ဒါမှ ဒုက္ခ ... ဒီနေ့မှ စာပို့ရထားလဲ အချိန်နောက်ကျလိုက်တာ ...မကြာခင် နေစွယ်တောင်ကျိုးတော့မှာပဲ ...ကဲ ဒီလိုလုပ် အဘအသိ ကလေးတစ်ယောက်ကိုလိုက်ပို့ခိုင်းလိုက်မယ် ...သူ့ကို ဆီဖိုးလေးဘာလေး ပေးလိုက်ပေါ့...ဟုတ်ပြီလား ... ဒီမှာခလာစောင့်နေ "


      အဘိုးကြီးသည် သလင်းဖြူကိုပြောပြီးနောက် ကားလမ်းမကြီးဘေးမှ ရွာလမ်းလေးဆီသို့ ဝင်သွားခဲ့လေသည်။


     အဘိုးကြီး ခေါ်လာသော ဆိုင်ကယ်သမားကောင်လေးကို ကြည့်ပြီး သလင်းဖြူ စိတ်အေးလက်အေး သက်ပြင်းချလိုက်မိလေသည်။ဆိုင်ကယ်သမားသည် ဆယ့်ခွန် ဆယ့်ရှစ်အရွယ်ခပ်ပိန်ပိန်ကောင်လေး ဖြစ်နေသောကြောင့် သလင်းဖြူ၏ စိုးရိမ်ပူပန်နေသောစိတ်များ အနည်းငယ်ပြေလျှော့သွားရလေသည်။


~~~~~~~~~~~~~~~~~-----

    ပန်းဆီရောင်နှင့်လိမ္မော်ရောင်များ ရောယှက်လျက် ပန်းချီကားတစ်ချပ်သဖွယ်လှပလွန်းနေသော နေလုံးကြီးကိုဘေးတိုက်ထား၍ သလင်းဖြူစီးလာသော ဆိုင်ကယ်လေးမှာ တရိပ်ရိပ်ပြေးနေလေသည်။

      ဆိုင်ကယ်၏အရှိန်ဖြင့် တဟူးဟူးတိုက်ခတ်နေသော လေများနှင့်အတူ သလင်းဖြူ၏ ဖိစီးနေသော စိတ်များသည်လည်း လွတ်လပ်ပေါ့ပါး၍လာလေသည်။ရန်ကုန်မြို့တွင် မခံစားရမတွေ့ရှိရသော လတ်ဆတ်သောလေများ ၊ ကျယ်ပြန့်သော လယ်ကွင်းများ ၊ သဘာဝ အလေ့ကျပေါက်နေကြသော သစ်ပင်များ၊တောပန်းများ နှင့် သဲဖြူဖြူလမ်းလေးများကို ဆိုင်ကယ်ပေါ်မှ ငေးမောကြည့်ရှုရင်း သလင်းဖြူ၏ရင်ထဲတွင် ဖော်မပြတတ်အောင် ကြည်နူးကျေနပ်နေမိလေသည်။လေအဝှေ့တွင် လွှင့်ခနဲ လွှင့်ခနဲဖြစ်သွားသော ကျောလယ်ခန့်ရှိ ဆံပင်ရှည်များကြောင့်လည်း လူသည် စိတ်ကူးတည့်ရာ လွင့်မျောနေသကဲ့သို့ ပျော်ရွှင်နေမိလေသည်။လမ်းတစ်လျှောက်တွင် အိမ်ခြေ ခပ်ကျဲကျဲကိုသာတွေ့ရပြီး  ကွင်းပြင်ကျယ်ကြီးများနှင့် ထန်းပင်စုစုများ ၊ မန်းကျည်းပင်အုပ်အုပ်အတန်းများနှင့် အခြား သလင်းဖြူ မသိသောအပင်မြောက်မြားစွာကိုလည်းတွေ့ရလေသည်။


" အစ်မ ... ဒီမှာပဲ ဆင်းလိုက်တော့နော် ... မိုးနှဲရွာ အထိ လိုက်ပို့ပေးရင် ...အပြန်ကျရင် အတော် မှောင်သွားမှာဗျ ဒီမှာပဲဆင်းလိုက်ပြီး ပေါက်ကြီး ရွာထဲမှာ အကူအညီတောင်းကြည့် နော် အစ်မ "


      ဆိုင်ကယ်စီးလို့ကောင်းနေစဉ်မှာပင် ဆိုင်ကယ်ကိုရပ်ပြီးဆင်းခိုင်းလိုက်သော ကောင်လေးကြောင့် သလင်းဖြူ ကြောင်အအဖြစ် သွားမိလေသည် ။ရွာသို့ မရောက်သည်မှာ မည်မျှပင် ကြာစေကာမူ ယခု သလင်း ဖြုရောက်နေသောနေရာသည် ရွာလေးရွာ၏ လမ်းဆုံ ဖြစ်ပြီး မိုးနှဲရွာသို့ ရောက်ရန် ကြားတွင် ပေါက်ကြီးရွာနှင့်ကရင်စုရွာကိုကျော်ရအုံးမည်မှန်း သလင်း ဖြူသိပါလေသည်။


"ဟယ် ...မရောက်သေးဘူးလေ မောင်လေး "


        သလင်းဖြူက ဆိုင်ကယ်သမား ကောင်လေးကို ပြောလိုက်သည်။


"ဟုတ်ကဲ့ အစ်မ ...မိုးနှဲရွာအထိ လိုက်ပို့ရင် ... ကျွန်တော် အပြန်မိုးချုပ်လိမ့်မယ်ဗျ ..ပြီးတော့ ကောင်မလေးနဲ့ချိန်းထားလို့ နောက်ကျလို့မဖြစ်လို့ပါဗျာ .... အစ်မ ပေါက်ကြီး ရွာထဲသွားပြီး အကူအညီတောင်းလိုက်ရင် ...မိုးနှဲရွားကို လိုက်ပို့ပေးကြမှာပါဗျာ .... ဆိုင်ကယ်ဆီဖိုး ပေးချင်လဲပေး... မပေးချင်လဲနေဗျာ ...ဟိုမှာ နေလုံး ပျောက်တော့မယ်ဗျ အစ်မရ "


"ဒုက္ခပါပဲ ...မင်းလိုက်မပို့တော့ အစ်မက ဘယ်လို သွားရမလဲ "


       ကောင်လေးပြောသလိုပါပင်။ နေလုံးကြီးသည် အနောက်ဘက်မိုးကုပ်စက်ဝိုင်းကြီးထဲသို့ တဖြည်းဖြည်း ငုပ်လျှိုးပျောက်ကွယ်စပြုနေပြီဖြစ်လေသည် ။ ထိုအခါမှပင် တစ်လမ်းလုံးကြည်နူးလာသမျှသည် ရုတ်ခြည်း ပျောက်ကွယ်သွားလေသည်။နွားရိုင်းသွင်းချိန်ခေါ်  နေဝင်ရီတရော သည်လိုအချိန်တွင် ရွာလေးရွာ၏ လမ်းဆုံးလမ်းခွ နေရာတွင် ရောက်ရှိနေသောကြောင့် စိတ်ထဲ စိုးရိမ်ထိတ်လန့်မှုများ ၀င်ရောက်၍လာလေသည်။


     ရွာလေးရွာ လမ်းဆုံ ဆိုသော်လည်း လူသူကင်းမဲ့နေသော ဇရပ် လေးလုံးကိုသာ တွေ့ရလေသည်။လူနေအိမ်ခြေများသည် အနည်းငယ် လှမ်း၍ နေသေးသောကြောင့် လူရိပ်လူယောင်ဟူ၍လည်း မတွေ့ရဘဲ ရှိလေသည်။သလင်းဖြူသည် မိုးနှဲ ရွာဘက်သို့သွားသော လမ်းလေးကိုကြည့်လိုက်မိသည်။ထိုလမ်းမှ ဝင်သွားပြီး ပေါက်ကြီးရွာတွင် အကူအညီဝင်တောင်းလျှင်တော့ ရနိုင်လောက်မည်ထင်ပါလေသည်။သလင်းဖြူ ရပ်နေစဉ်မှာပင် နေလုံးကြီးသည် ပုန်းလျှိုးပျောက်ကွယ်သွားပြီးဖြစ်သောကြောင့် မှောင်ရိပ်များသန်းလာလေသည်။နေ၀င်သွားသည်နှင့် တစ်ပြိုင်နက် မိုးနှဲရွာဘက်သို့ သွားသော လမ်းလေးသည် ဘေးတစ်ဖက်တစ်ချက်တွင် သစ်ပင်ကြီးများ ရှိနေသောကြောင့် သာ၍ပင် မှောင်နေလေသည်။သလင်းဖြူသည် အမှောင်ရိပ်လွှမ်းနေပြီဖြစ်သော လမ်းလေးကို ကြည့်လိုက် ၊ လူသူကင်းနေသော ဇရပ်များကိုကြည့်လိုလ်နှင့် ထိတ်လန့်ကြောက်ရွံ့သောစိတ်များ ဝင်ရောက်လာသောကြောင့် ခရီးဆောင် အိတ်ကို လက်နှင့် ခပ်မြန်မြန်ကောက်ယူဆွဲလိုက်ပြီးလျှင် ဇရပ်ဘေးမှ ဖြတ်၍ ရွာလမ်းအတိုင်းဝင်ရန်ပြင်လိုက်သောအခါ


"ဂျွတ် "


"အမယ်လေး "

   

       သစ်ကိုင်းခြောက်ကို နင်းချေလိုက်သံနှင့် အတူ ဇရပ်ဘေး သစ်ပင်ကြီးနားတွင် မြင်လိုက်ရသော မည်းမည်း သဏ္ဍာန်ကြောင့် သလင်းဖြူ ကြောက်လန့်တကြားအော်လိုက်မိလေသည်။


====================


အပိုင်း ( ၂ ) ဆက်ရန်


ဧကြည်ဖြူ

4.4.2022 (တနင်္လာနေ့ )


" အဝါရောင် ရဲတိုက် "

အခန်းဆက် ဝတ္ထု အစမှအဆုံး အတွက် ၃၀၀ Ks မှ ၅ဝဝ Ksအတွင်း Wave /kpay နဲ့ ပေးပြီး ဖတ်ရှုနိုင်ပါတယ်


ပေးဖို့အတွက် အဆင်မပြေမှုတွေ ရှိရင်လဲ 

မပေးဘဲနဲ့

မည်သူမဆို ဖတ်ရှု/မျှဝေလို့ရပါတယ် 

အခုလိုရှားပါးနေချိန်မှာ ငွေကောက်ခံရတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်


Wave | Kpay ph 

094470 75937


 ၀တ္ထုအတွက် ဝေဖန်သုံးသပ်ချက်များကို လက်ခံပါတယ်


ရေးသမျှကို ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙏🙏🙏


rate now: